ငယ်သူငယ်ချင်း
Vol. 5 Ch. 235
မိဘဆရာတွေ့ဆုံပွဲရဲ့အခြားကိစ္စတွေကတော့ အတော်လေး အခြေခံဆန်ပါတယ်။ ကျောင်းသားတွေကို ဘာဝါသနာပါလဲမေးပြီး ကျောင်းပိတ်ချိန်မှာ ကျောင်းပြင်ပသင်ရိုးတွေသင်ဖို့ စာမဟုတ်တဲ့ အခြားအားကစား၊အနုပညာတွေဘက်မှာအားပေးဖို့နဲ့ အနာဂတ်မှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်လာဖို့အတွက် လိုအပ်တဲ့အရာတွေကို ရှင်းပြတာမျိုးပေါ့။
အတန်းပိုင်ဆရာမက ကျောင်းသားတစ်ယောက်ချင်းစီနဲ့ မိဘတွေကို တစ်ဦးချင်းတွေ့ဆုံခဲ့ပြီး စနစ်တကျ အကြံပေးခဲ့တယ်။ မကြာခင်မှာပဲ အိုလီရာနာနဲ့နက်ဆန်အလှည့် ရောက်လာပါလေရောလား။
“ ကျောင်းသားဟောင်းနက်ဆန်ပါလား၊ အခုအရွယ် သမီးလေးတစ်ယောက်ရတဲ့အထိ ဆရာမမျက်စိရှေ့ ကြီးလာတာ ယုံတောင်မယုံနိုင်ဘူး။”
“ မွေးစားထားတာပါ...” အိပ်ချင်နေတဲ့ နက်ဆန်ကတော့ တုံးတိပဲ ပြန်ဖြေတယ်။ ဒီဆရာမက နက်ဆန်ငယ်ငယ်က အတန်းပိုင်ပါ။ အမြဲတမ်းဘေးဖယ်ထုတ်ခံထားရလို့ သူ့ကိုကြင်ကြင်နာနာ ဆက်ဆံဖို့ကြိုးစားခဲ့ပေမဲ့ သိပ္ပံခန်းထဲက ဖားအသေလေးနဲ့ ကစားနေတာမြင်ကတည်းက လန့်အော်ပြေးပြီး သူ့ဆိုရင် လှည့်မကြည့်တော့တာ။
‘သခင်... ဒီအမျိုးသမီးက ဒီကိစ္စတွေ မမှတ်မိဘူး။ သခင် ကျောင်းပြီးသွားကတည်းက EUOCက ဒီကျောင်းမှာ သခင်နဲ့အတူတူကျောင်းတတ်ခဲ့သူတွေကို မှတ်ဉာဏ်ဖျောက်ပစ် ခဲ့ကြတာ။’ နာတာရှာက ပြောလိုက်လေရဲ့။
ဒါပေမဲ့ ‘မှတ်ဉာဏ်ဖျောက်ပစ်လိုက်တယ်’ ဆိုတဲ့စကားကြောင့်ပဲ နဂိုကတည်းက တည်ကြည်နေခဲ့တဲ့သူ့မျက်နှာက ပိုမှောင်မိုက် သွားခဲ့တယ်။
“အရင်တုန်းကတော့ သားက တစ်ယောက်တည်း ပြတင်းပေါက် နားက နောက်ဆုံးခုံမှာထိုင်နေကျ။ ဘယ်သူနဲ့မှ အပေါင်းအသင်းမလုပ်လို့ သူငယ်ချင်းတွေရှိပါ့မလားဆိုပြီး တွေးပူနေခဲ့တာ။”
နက်ဆန်က မျက်နှာကိုတည်ထားပေမဲ့ ခုံအောက်က သူ့လက်က ဘောင်းဘီကို တင်းတင်းဆွဲထားလိုက်တယ်။ ‘ခင်ဗျားက ဘာမှမမှတ်မိဘဲ။' လို့ သူပြောချင်ပေမဲ့ နှုတ်ခမ်းကို မသိမသာ ကိုက်ထားလိုက်တာပေါ့။
“အာရာ့၊ ဒါလင်က ပြတင်းပေါက်နားက နောက်ဆုံးခုံမှာထိုင်တယ်။ ဘယ်လောက်တောင် အဓိကဇာတ်ကောင်ဆန်လိုက်သလဲ။”
တစ်ချိန်လုံးတိတ်ဆိတ်နေပြီး အသက်ရှုသံတိုးတိုးလေးပဲ ကြားရတဲ့ မိုနီကာက ချီးကျူးလိုက်တယ်။ ဒါပေမဲ့သူ့လေသံက တိမ်ဝင်နေလွန်းပြီး ဆေးရုံပေါ်က လူမမာတစ်ယောက်လိုပါပဲ။
“ဟုတ်တယ်ဟုတ်တယ်... အဲဒီလိုပဲ... အခုတော့ ကောင်မလေး နှစ်ယောက်နဲ့သမီးအလှလေးကို တစ်ခါတည်းခေါ်လာပြတော့ ဆရာမတောင် အံ့ဩနေတာ။”
ဆယ်ဗီကလည်း အားကျမခံ အိုလီရာနာကို အတင်းပေါင်ပေါ် ဆွဲတင်လိုက်ပြီး ပါးနှစ်ဖက်ကိုဆွဲညှစ်လိုက်တယ်။
“အား... ဆယ်ဗီမ နာတယ်ဟဲ့...”
“ဒါပေါ့ဒါပေါ့... ကျွန်မတို့နက်ဆန်က ကျွန်မနဲ့တွေ့ပြီးမှ နည်းနည်းပြုံးပြတတ်လာတာလေ။ ဒီကလေးမလေးကို ကျွန်မနဲ့သူပဲ ပြုစုပျိုးထောင်ပေးခဲ့တာ။”
ပွင့်ပွင့်လင်းလင်းကြီး ပြောင်လိမ်နေတဲ့ဆယ်ဗီကြောင့် အိုလီရာနာ့ မျက်နှာက ဒေါသတွေနဲ့နီရဲသွားတော့တာပေါ့။ ဘယ်အချိန် ငရုတ်သီးဗုံး ထပေါက်မလဲမသိဘူး။ နက်ဆန်နဲ့မိုနီကာကလည်း ဆယ်ဗီကို ရိုက်ချင်နေတဲ့အကြည့်နဲ့ ကြည့်လိုက်တာပေါ့။
“ဘာကလေးထိန်းတာလဲ... ကလေးနဲ့ပြိုင်ပြီး မုန့်တွေလုစားတာ မဟုတ်ဘူးလား...” မိုနီကာက နည်းနည်းအားယူပြီးတော့ ပြန်ရန်တွေ့လိုက်တယ်။ ဆယ်ဗီကတော့ ထိုးလိုက်ရဆိုတဲ့သဘောနဲ့ လက်သီးဆုပ်ပြတော့တာပေါ့။
“ဟုတ်ပြီဟုတ်ပြီ။ ကလေးက ဘာစိတ်ဝင်စားလည်း အရင်ပြောရအောင်....”
ဆရာမက ရန်ထသတ်တော့မယ့် သုံးပွင့်ဆိုင်မိသားစုကို ထိန်းသိမ်းဖို့အတွက် စကားလမ်းကြောင်းပြောင်းလိုက်ပြီ။ အိုလီရာနာကတော့ မေးကိုလက်ညိုးနဲ့ထိလိုက်ရင်းနဲ့
“အသီးတွေ... အသီးတွေသီးတဲ့ အပင်တွေအများကြီး စိုက်ချင်တာ။”
“....” နက်ဆန်က အိုလီရာနာရဲ့အိပ်မက်ကြောင့် ပြုံးလိုက်မိတယ်။ အိုလီရာနာက သစ်တောကျောင်းတော်ကလေ။ သစ်ပင်တွေကို မနှစ်သက်ဘဲနေမလား။
“အမယ်... ရှားလိုက်တဲ့ဝါသနာ... ခုခေတ်ကလေးတွေက ဂိမ်းဒီပလော့ပါကြီးလုပ်မယ်တို့ အာကာသယာဥ်မှူးကြီး လုပ်မယ်လို့ပဲ ပြောမယ်ထင်နေတာ။”
“တကယ်တော့လေ... စိုက်ပျိုးရေးလုပ်တာလည်း ကောင်းတယ်သိလား။ တို့ပြင်သစ်နိုင်ငံက တိုးတက်ပြီးနိုင်ငံပေမဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို လစ်လျူရှုလို့မရသေးဘူး။”
ဆရာမက စာအုပ်အထူကြီးကို ခုံအောက်ကနေဆွဲထုတ်လာပြီး အိုလီရာနာရှေ့ချပေးတယ်။ ဆယ်ဗီကတော့ မရယ်မိအောင် ထိန်းနေရတာပေါ့။ ပြင်သစ်ပြည်မှာ လယ်သမားတွေ ထွန်စက်ကြီးတွေနဲ့လမ်းပိတ်ဆန္ဒပြလို့ အစိုးရပြုတ်ကျတာ အခါခါပဲလေ။ ဂရုမစိုက်လို့ရမလား။
“ဆရာမတို့နိုင်ငံက နိုင်ငံဧရိယာရဲ့၅၂ရာခိုင်နှုန်းကို စိုက်ပျိုးမြေအဖြစ်သုံးပြီး ဥရောပသမဂ္ဂရဲ့စိုက်ပျိုးရေး ထုတ်ကုန် ၁၈ရာခိုင်နှုန်းကို ထောက်ပံပေးနေတာလေ။”
ဆရာမက စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို ပြောလိုက်ပြီးနောက် တက္ကသိုလ်တစ်ခုကို ညွန်ပြလိုက်လေရဲ့။
“မာဆေးရေဆင်းစိုက်ပျိုးတက္ကသိုလ်ဆိုရင်ရော... ကမ္ဘာ့အဆင့် ၄၂၈လေ။ အိုလီရာနာလေးက အထက်တန်းတတ်ရဦးမှာပေမဲ့ အခုကတည်းက ဝင်ခွင့်တွေသိထားရင် ကြိုးစားရတာ ပိုမကောင်းဘူးလား။”
“အင်း....” အိုလီရာနာက ခေါင်းညိတ်ပြတယ်။ ဆယ့်ငါးမိနစ် ကြာပြီးတဲ့နောက်မှာတော့ သူတို့အလှည့်ပြီးသွားပြီးတော့ အယ်မာနဲ့ ဒါလီယာတို့အလှည့်ရောက်လာရော။
“နိုင်ငံခြားကနေ ပြောင်းလာတယ်ကြားပေမဲ့ အခုမှပဲ တွေ့ရတော့တယ်။ မဒမ်အယ်မာက တကယ့်ကိုကျက်သရေရှိတဲ့ သူမျိုးပဲ။”
ဆရာမက သူ့ပြားချပ်နေတဲ့ရင်နဲ့ အယ်မာရဲ့တောင်ပို့ကြီးတွေကို ယှဥ်ကြည့်ရင်း မနည်းလုပ်ပြုံးပြုံးပြောတယ်။ နောက်တော့ အချိန်မဖြုန်းဘဲ ဒါလီယာကိုကြည့်လိုက်ပါလေရော။
“ဒါလီယာ... သမီးလေးကရော... ကြီးလာရင် ဘာဖြစ်ချင်တာလဲ။”
“အိုလီရာနာကို လက်ထပ်မယ်။”
“.....” ပထမဆုံးမေးခွန်းမှာတင် ဆရာမရင်ခံသွားတယ်။ ဒါပေမဲ့ စိတ်ကိုရှည်ရှည်ထားရင်း...
“ဒါလီယာ... ဆရာမမေးတာက သမီးရဲ့ပညာရေးအတွက်လေ။ သမီးဝါသနာပါတာ တစ်ခုခုမရှိဘူးလား။ ဂီတတို့ပန်းချီတို့...”
“ဒါလီယာရဲ့ဝါသနာက အိုလီရာနာနဲ့အတူနေချင်တာပဲ။ အဲဒီလို နေရဖို့ဆိုရင် လက်ထပ်ရမယ်လို့ အတန်းဖော်တွေကပြောတယ်။ ဒါကြောင့်ဒါလီယာရဲ့ရည်မှန်းချက်က အိုလီရာနာကို လက်ထပ်ဖို့ပဲ။
“......” ဆရာမမျက်နှာပေါ်က အပြုံးပျောက်သွားပြီ။ ဒီကလေးက အတည်ကြီးပြောနေတာလေ။ ဖြစ်နိုင်ရင် အခန်းပြင် ဆွဲထုတ်ချင်တဲ့အထိ စိတ်ဆိုးလာပေမဲ့ ကလေးအမေက အနားမှာမဟုတ်လား။
“ဒါလီယာ... ဆရာမကို အခက်တွေ့အောင်မလုပ်နဲ့တော့လေ။ သမီးဘာမှမသိရင် အိုလီရာနာသွားမယ့်နေရာကိုသွားမယ်လို့ ပြောလိုက်။”
အယ်မာက ဒါလီယာရဲ့ရှည်လျားလှတဲ့ ကျစ်ဆံမြီးဆံပင်တွေကို လက်နဲ့ဖြီးသင်ပေးလိုက်ရင်း ပြောလိုက်တယ်။ ဒီတော့မှ ဒါလီယာက အတော်ကြီးကိုသေချာနေတဲ့ပုံနဲ့ ပြောလိုက်ရော။
“ဒါလီယာက အိုလီရာနာသွားမယ့်နေရာတိုင်းကို လိုက်မှာ။”
အတန်းပိုင်ဆရာမ သက်ပြင်းချလိုက်ပြီး အိုလီရာနာကို ပြခဲ့တဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ကိုပဲ ပြန်ပြပါတယ်။
“ဒါပေမဲ့ ဒါလီယာရေ... အဲဒီကျောင်းက GPA အမှတ်တွေ အများကြီးလိုတယ်နော်။ အိုလီရာနာအတွက်က မစိုးရိမ်ရပေမဲ့ သမီးက အများကြီးကြိုးစားရဦးမှာ။”
“ သေချာပေါက်ပဲ....” ဒါလီယာနာက ခပ်တည်တည်နဲ့ ဆရာမရဲ့ တက္ကသိုလ်လမ်းညွန်စာအုပ်ထဲက ရေဆင်းတက္ကသိုလ် စာမျက်နှာကိုဆွဲဖြဲလိုက်ပြီး အဖိုးတန်ပစ္စည်းလိုမျိုး သိမ်းထားလိုက်ရော။
....
သူတို့အလှည့်ပြီးသွားတော့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို ကျောင်းဝင်းထဲမှာ ခဏအတူတူနေစေတဲ့ အုပ်ထိန်းမှုအချိန်ရောက်လာတယ်။ ကလေးတွေနဲ့မိဘတွေ ဓာတ်ပုံအတူတူရိုက်ကြ၊ ကစားကျပေါ့။
ဆယ်ဗီနဲ့မိုနီကာက အိုလီရာနာကိုထိန်းဖို့ကြိုးစားနေကြပေမဲ့ အိုလီရာနာက တကယ့်တကယ်တမ်း ရာစုနှစ်နဲ့ချီအသက်ရှင် လာတဲ့သူတစ်ယောက်ဖြစ်တာမလို့ ကလေးလို့သဘောမထားနိုင် ဖြစ်နေတယ်။
အိုလီရာနာကတော့ ကလေးဆန်ဆန်ပဲ ဒါလီယာနဲ့အတူတူ လျှောစီးလို့ရယ်။
“အိုလီရာနာ၊ နင့်ကိုယ်နင် ကလေးဗိုလ်ကြီးလုပ်နေတယ်လို့ မခံစားမိဘူးလား။” ဆယ်ဗီက မနေနိုင်ဘဲမေးတော့အိုလီရာနာက လျှာထုတ်ပြရင်း....
“ငါစတေးမခံခင်တုန်းက ကလေးအရွယ်ပဲလေ။သရဲလိုလို အပင်လိုလိုနှစ်ရာချီဖြစ်နေပြီးမှ လူဖြစ်ခွင့်ရတုန်းလေး ကလေးဆန်ဆန်ကစားပါရစေလား။ လူကြီးလုပ်ရတာ ပျင်းစရာကြီးဟဲ့။”
နက်ဆန်ကတော့ ရန်ဖြစ်နေတဲ့သူတို့တွေကိုကြည့်ရင်း ပြုံးလိုက်တယ်။ မိုနီကာက သူ့ကိုဖက်တွယ်ထားပေမဲ့လို့ ထိုင်ခုံတစ်ခုမှာအတူထိုင်လိုက်ပြီး ခုံနောက်မှီနဲ့မှီထားပေးခဲ့တယ်။
“မိုနီကာ... ကိုယ်ကျောင်းထဲ နည်းနည်းပတ်ကြည့်ချင်လို့။”
“ကျွန်မလိုက်ခဲ့ရမလား....” မိုနီကာက တောင်းဆိုတဲ့အကြည့်နဲ့ လှန်ကြည့်ပေမဲ့နက်ဆန်ကခေါင်းခါတယ်။
“ကိုယ်တက်ခဲ့တဲ့ကျောင်းကို တစ်ယောက်တည်း ခဏလောက်ကြည့်ချင်ရုံပါ။ ကိုယ့်ကို ခဏလောက် စောင့်ပေးလို့ရတယ်မဟုတ်လား။”
“အင်း....” မိုနီကာက ချိနဲ့စွာပြုံးပြလိုက်တယ်။ နက်ဆန်ကတော့ ကျောင်းကြီးကိုတစ်ပတ် စပတ်ပြီးကြည့်ဖြစ်တာပေါ့။
“ကောင်းတဲ့ မှတ်ဉာဏ်တွေမရှိခဲ့ပေမဲ့လို့ လွမ်းမောစရာပဲ။”
နက်ဆန်က ကျောင်းနောက်က သစ်ပင်ကြီးတစ်ပင်နားမှာ ကျောမှီရင်း ကျောင်းပန်းခြံကိုအဝေးကနေ လှမ်းကြည့်မိတယ်။ သူ့ကိုကလေးတွေက လှောင်ကြတယ်၊ ဆရာတွေကလစ်လျူ ရှုထားခဲ့ပြီး သူငယ်ချင်းတောင် မရှိခဲ့ဘူး။
မထားခဲ့ဖူးတာမဟုတ်ပေမဲ့လို့.....
“ဟိုလေ.... ရှင်က....”
ရုတ်တရက် လှမ်းခေါ်လိုက်တဲ့ စကားသံကြောင့် သူအသံလာရာကို လှည့်ကြည့်လိုက်မိတယ်။ထူးထူးခြားခြားမဟုတ်တဲ့ အဖြူရောင် ဂါဝန်အတိုလေးနဲ့ မိန်းမစောင်းဂျုံဦးထုပ်ဝိုင်းကို ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်က သူ့ကိုအရည်လဲ့နေတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တယ်။
“ရှင်က... နယ်ဆင်... အဲ... နက်ဆန်မဟုတ်လား။”
ကောင်မလေးက အနားကိုချက်ချင်းပြေးပြီး ရောက်လာခဲ့တယ်။ နီလွန်းလို့ နက်ဆန့်ကို ဝင်တိုက်မိလို့နီးပါးတယ်။ ဒါပေမဲ့ အဲဒီကောင်မလေးရဲ့ကျစ်ဆီးမြီးကျစ်ထားတဲ့ အညိုရောင် ဆံပင်နဲ့ မျက်နှာပေါက်ကို မြင်ပြီးတဲ့နောက်မှာတော့ နက်ဆန်က နာမည်တစ်ခုကို အလိုလိုနေရင်း ရေရွတ်လိုက်မိလေရဲ့။
“ဂျင်းနီ....”
ဒီနာမည်က သူ့ရဲ့နှလုံးသား နက်ရှိုင်းတဲ့အပိုင်းထဲမှာ အမြစ်တွယ်နေဆဲပဲ။ အဲဒီနာမည်က သူ့အတွက်ကောင်းချီးတစ်ခု ဖြစ်ခဲ့ဖူးသလို ကျိန်စာတစ်ခုလည်းဖြစ်ခဲ့ဖူးတယ်။ သူ့အတွက် မျှော်လင့်ချက်အလင်းတွေကို ယူဆောင်လာခဲ့ပေးသလို အမိုက်မှောင်ကိုလည်း ကျရောက်စေခဲ့ဖူးတယ်။
“ရှင်ကျွန်မကို မှတ်မိနေသေးတာပဲ... မှတ်မိနေသေးတာပေါ့...”
ကောင်မလေးက မယုံနိုင်တဲ့ပုံစံနဲ့ပြောလိုက်တယ်။ အရမ်းကြီး မလှပဘဲ တောသူမလေးတစ်ယောက်လိုဖြစ်နေပြီး နောက်ခံ ဇာတ်ကောင်တစ်ကောင်နဲ့ဆင်လွန်းတာကြောင့် သူမိတ်ဆက်ပြီးတာနဲ့ သူ့ကိုလူတွေမေ့သွားမယ့်သူမျိုးပဲ။
ဒါပေမဲ့ နက်ဆန်ကတော့ မမေ့ခဲ့ပါဘူး။ အပြင်လောကမှာ ပထမဆုံးခံစားရတဲ့ ကြင်နာမှု၊ နှလုံးသားထဲက ပထမဆုံး နွေးထွေးမှု မဟုတ်လား။
“ ကျွန်မက ရှင့်အတွက်သူငယ်ချင်း တစ်ရက်ပဲဖြစ်ခဲ့တာတောင် ရှင်က မှတ်မိနေတုန်းပဲ။ အဲဒီတုန်းက ကျွန်မရှင့်ကို ရက်စက်သလို ဖြစ်သွားတယ်။”
ကောင်မလေးက ချက်ချင်းငိုတော့မလို ပုံစံမျိုးနဲ့ သူ့လက်ကို ဆွဲထားခဲ့တယ်။ နက်ဆန်ကလည်း သက်ပြင်းချလိုက်တယ်။ ဒီနေရာက လူတွေရဲ့မှတ်ဉာဏ်က ပျောက်သွားမှတော့ သူ့ကို ဘယ်သူမှမကောင်းဆိုးဝါးလို့ မမြင်ကြတော့ဘူးလေ။ ဒီအတိုင်း အထီးကျန်နေတဲ့ ကလေးတစ်ယောက်ကို စွန့်ပစ်မိခဲ့တယ်လို့ပဲ ဂျင်းနီတွေးမိတော့မှာ။
“အဲဒီတွေက ကြာလှပါပြီ... ငါစိတ်ထဲမထားပါဘူး။” နက်ဆန်က တတ်နိုင်သမျှ ကြင်နာတဲ့လေသံနဲ့ပြောလိုက်တယ်။ တစ်ဖက် မိန်းကလေးကို သူမနာကျင်စေချင်ဘူး။
“အဲဒီ... အဲဒီတုန်းက... ရှင့်မှာမှော်စွမ်းအားတွေရှိတယ်ဆိုတာ သိပြီးတော့ ကျွန်မလန့်သွားတာ။”
ဒီစကားကို ကြားလိုက်ရတဲ့အခါမှာတော့ အံ့ဩသွားရတဲ့သူက နက်ဆန်ပါပဲ။ ဒီလိုအရာမျိုးကို သူမျှော်လင့်မထားခဲ့မိပါဘူး။
‘နာတာရှာ၊ သူဒီကိစ္စတွေကို မှတ်မိမနေသင့်ဘူးမဟုတ်လား။' အရိပ်ထဲက နာတာရှာကို နက်ဆန်ဆက်သွယ်လိုက်တော့ ‘ကြည့်ရတာ အဲဒီလိုဖြစ်သွားတဲ့ပုံပဲ။' ဆိုတဲ့ ဝေဝေဝါးဝါးအဖြေကလွဲပြီးတော့ သူဘာမှမသိရတော့ဘူး။
“ကျွန်မကလေ တအားတုံးခဲ့တာပဲ... ရှင့်မှာမှော်စွမ်းအား ရှိတယ်ဆိုတာကို သိခဲ့ရင်တောင်မှ ရှင်လူကောင်းဆိုတာ သိနေခဲ့တာပဲလေ။ ကျွန်မထွက်မပြေးခဲ့သင့်ဘူး။”
ကောင်မလေးက သူ့ကိုနှစ်ဖက်လုံးကို ကိုင်ထားဆဲဖြစ်ပြီး ခေါင်းကိုငုံကာငိုကြွေးနေခဲ့တယ်။ ဒါကြောင့်နက်ဆန်လည်း မိန်းကလေးရဲ့မျက်ရည်တွေကို လက်ခုံနဲ့ဖယ်ရှားပေးခဲ့တာပေါ့။
“အဲဒီတုန်းက ကိုယ်တို့နှစ်ယောက်လုံးက ကလေးတွေလေ။”
ဒီတော့မှ ကောင်မလေးက အငိုတိတ်သွားပြီး တစ်ခုခုကို သတိရသွားဟန်နဲ့ သူ့ဘေးလွယ်အိတ်ထဲက ပလက်စတစ်ဘူးထဲ ထည့်ထားတဲ့ဆန်းဝှစ်လေးကို နက်ဆန့်လက်ထဲထည့်ပေးခဲ့တယ်။
“ကျွန်မရှင့်ကို ဆန်းဝှစ်တစ်ခုအကြွေးတင်နေတုန်းပဲ.... အိမ်လက်ရာမဟုတ်ပေမဲ့ စားလိုက်ပါ။”
“အဲဒီတုန်းက ကိုယ့်ဆန်းဝှစ်ကို မင်းမစားခဲ့ဘူးလေ...” နက်ဆန်က ပြောလိုက်တော့ ကောင်မလေးက ရှက်သွားပြီး...
“ဒါဖြင့် ကျွန်မတို့ အတူစားကြမလား... ပြီးတော့... ပြီးတော့... ရှင့်ရဲ့မျှော်ပညာကိုလည်း ကျွန်မမြင်ချင်နေသေးတယ်။”
အဲဒီနောက်တော့ နက်ဆန်နဲ့ဂျင်းနီက အမှောင်ရိပ်ကောင်းကောင်း ရှိတဲ့နေရာကိုသွားပြီး စတိုးဆိုင်ကဝယ်လာတဲ့ဆန်းဝှစ်ကို အတူမျှဝေစားခဲ့တယ်။ အမှောင်ရိပ်ကိုအခွင့်ကောင်းယူပြီး နက်ဆန်က တစ္ဆေစုံတွဲနဲ့တခြားအစေခံတွေကိုခေါ်ထုတ် မိတ်ဆက်ပေးခဲ့တယ်။
“ကျွန်မက ရှင် ငှက်ကလေးတွေကို အသက်သွင်းပြမယ်လို့ ထင်ထားခဲ့တာ။”
“အဲဒီတုန်းကကိုယ့်က အဆင်ခြင်မဲ့ခဲ့တယ်။ သတ္တဝါလေးတွေကို အသက်သွင်းတာက ကြင်နာရရောက်သလိုထင်ရပေမဲ့ ရက်စက်တယ်။ ကိုယ့်ရဲ့အမှောင်မှော်က သေပြီးတဲ့အရာကို မူလအတိုင်းပြန်အသက်ရှင်စေတာမဟုတ်ဘူး။ ဖုတ်ကောင်တွေ ဖြစ်စေခဲ့တာ။
အသိဉာဏ်သိပ်မရှိတဲ့သတ္တဝါလေးတွေကို ကိုယ်အသက်သွင်းတဲ့အခါ သူတို့ကိုယ်သူတို့ ဖုတ်ကောင်ဘဝနဲ့ အသားကျအောင်မနေနိုင်သလို သာမန်ဘဝကိုလည်း ပြန်မသွားနိုင်တော့ဘူး။ နောက်ဆုံးတော့ အများစုက နေရောင်ထဲမှာပဲ သေဆုံးသွားကြဖို့ ရွေးချယ်လိုက်ကြတယ်။”
ဒီအဖြစ်မှန်ကို သူဆယ်ကျော်သက်နှောင်းပိုင်းဝင်လာချိန်မှ မျက်မြင်ကိုယ်တွေ့မြင်ခဲ့ရတာ။ ပထမဆုံးစသိခွင့်ရတုန်းက သူသိပ်ကိုဝမ်းနည်းခဲ့တာ။
“သေပြီးတဲ့အရာတွေကို သေတဲ့အတိုင်းပဲနေပါစေ။ သူတို့ကို အနားယူခွင့်ပေးလိုက်တာက ပိုကောင်းပါတယ်။ ဆန္ဒရှိသူတွေသာ ကိုယ်နဲ့အတူထာဝရတည်ရှိဖို့သင့်တယ်။”
နက်ဆန်ရဲ့လေသံက နှစ်ထောင်ချီအသက်ရှင်လာခဲ့တဲ့ ပညာရှိကြီးလိုဖြစ်နေခဲ့ပြီး ဂျင်းနီသေချာနားလည်ပုံမရဘူး။
အားလုံးပြီးဆုံးတဲ့ အခါမှာတော့ နက်ဆန်က နေရာကနေ ထွက်သွားဖို့လုပ်တယ်။ ဒါပေမဲ့ ဂျင်းနီက နက်ဆန်ရဲ့အင်္ကျီလက်ကို ဆွဲလိုက်ပြီးတော့ အတင့်ရဲတဲ့တောင်းဆိုမှုတစ်ခုကို ပြုလုပ်ခဲ့လေရဲ့။
“ဟိုလေ... ရှင်စိတ်မရှိဘူးဆိုရင် ဒီညနေ ကျွန်မတို့ဆိုင်အတူတူ ထိုင်ကြမလား။”
နက်ဆန်ကတော့ ခေါင်းခါလိုက်ပြီး ဂျင်းနီရဲ့လက်ကို ဖယ်လိုက်တယ်။ ဂျင်းနီရဲ့ခန္ဓာကိုယ်ကတစ်ချက် တောင့်တင်းသွားခဲ့လေရဲ့။ သူအငြင်းခံလိုက်ရတာလား။ ဒါပေမဲ့ ‘ငါက အဲဒါနဲ့ထိုက်တန်ပါတယ်လေ။’
“အားနာပါတယ်... ကိုယ့်ကိုစောင့်နေတဲ့သူတွေ ရှိသေးတာမလို့ အိမ်ကိုပြန်ရဦးမယ်။” နက်ဆန်က ဂျာကင်အင်္ကျီထဲလက်နှိုက်ပြီး နေရာကနေ ထွက်ခွာသွားခဲ့တယ်။ ဂျင်းနီကတော့ နက်ဆန်ရဲ့ ကျောကိုကြည့်နေရင်း ကျန်ရစ်ခဲ့တယ်။
“အတိတ်ကဟာတွေကို အတိတ်မှာပဲထားခဲ့တာ ကောင်းပါတယ်လေ။” ဂျင်းနီ အခုလိုတွေးမိခဲ့ပေမဲ့ သူ့ရဲ့နှလုံးအိမ်ကို ဖိထားမိဆဲပဲ။ တကယ်လို့... တကယ်လို့ အဲဒီတုန်းက နက်ဆန်ကို သူမစွန့်ပစ်ခဲ့မိဘူးဆိုရင်ရော။ ပြန်လည်ကြိုးစားခွင့်လေးသာ ရှိခဲ့မယ်ဆိုရင်။
....
“ကိုယ့်ကို စောင့်လိုက်ရလား....”
နက်ဆန်က မိုနီကာဘေးမှာဝင်ထိုင်လိုက်တယ်။ မိုနီကာက ပျော်ရွှင်စွာပြုံးလိုက်ပြီး နက်ဆန့်ရဲ့ပခုံးကိုမှီလိုက်လေရဲ့။
“ဒါလင်... ကျွန်မရှင့်စကားနားထောင်ပြီး ခိုးမလိုက်လာ....”
မိုနီကာက စကားကိုတစ်ဝက်တစ်ပြတ်နဲ့ရပ်လိုက်ပြီး နက်ဆန်ရဲ့ ဂျာကင်ကိုနှာခေါင်းတရှုံ့ရှုံ့နဲ့နမ်းတယ်။
“ဒါလင်... ဘယ်က ကောင်မနဲ့တွေ့လာတာလဲ...”
“မိတ်ဆွေဟောင်းတစ်ယောက်ပါ။” ဒီလိုပြောလိုက်မှ မိုနီကာက နက်ဆန်ရဲ့ပခုံးကိုမှီပြီး နှစ်ခြိုက်စွာ အိပ်မောကျသွားလေရဲ့။ နက်ဆန်ရဲ့အဖြေကို ပြန်ပြီးမေးခွန်းတောင် မထုတ်ခဲ့ဘူး။ ‘ဒါလင်က မိတ်ဆွေဟောင်းလို့ပြောရင် မိတ်ဆွေဟောင်းမလို့ပဲ။ ဒုတိယဆယ်ဗီမဟုတ်တာ သေချာတယ်။'
အဲဒီမြင်ကွင်းကိုတော့ အယ်မာက ခပ်လှမ်းလှမ်းကနေ ကြည့်လို့ရယ်။ ပျောက်သွားတဲ့မှတ်ဉာဏ်တွေကို အလိုလိုပြန်ရဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။ စွက်ဖက်မှု အနည်းငယ်ပါခဲ့တာပေါ့။
တီတီတီ...
ရုတ်တရက် ဖုန်းဝင်လာတဲ့အတွက် အယ်မာဖုန်းကိုင်လိုက်တယ်။ တစ်ဖက်ကနေ အေးစက်တဲ့စကားသံထွက်ပေါ်လာလေရဲ့။
“နှစ်ပတ်ပဲကျန်တော့တယ်။ မင်းက အရေးမပါတာတွေ လုပ်နေတုန်းပဲလား။ ဘုတ်အဖွဲ့က ငါ့ဆန္ဒကိုလစ်လျူရှုပြီး မင်းကိုဌာနမှူးရာထူးပေးထားရုံနဲ့ အပေးအယူကိစ္စကို မေ့နေပြီလား။ အချိန်ပြည့်လို့မှ မထူးခြားသေးရင် အဲဒီကလေးအသက်ကို ငါလာယူမယ်။”