← Chapters

သနားစရာကောင်လေး

Vol. 8 Ch. 779

သနားစရာကောင်လေး

Vol. 8 Ch. 779

" စုန့်ချွဲ ဟုတ်လား " ပိုင်ရှောင်ချန်းမှာ ခေတ္တမျှ ဆွံ့အသွားပြီးမှ စုန့်ချွဲအကြောင်း မေ့နေကြောင်း သိသွားတော့သည်။

" ဟုတ်တယ် သူ... "

ကျိုးရီရှင်းက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

" သူက… ။ အမ်...ချန်မျိုးနွယ်စုကနေ သခင် ခေါ်ခဲ့တဲ့ သူ့ကိုယ်သူ ပိုင်ရှောင်ချန်းရဲ့တူပါဆိုပြီး ပြောနေတဲ့ လူလေ။ စုန့်ချွဲ "

ကျိုးရီရှင်းသည် ပိုင်ရှောင်ချန်းကို တစ်ခဏမျှကြည့်လိုက်ပြီး သူ၏အကြည့်ကို အောက်ပြန်စိုက်လိုက်တော့သည်။

" သြော် သူလား၊ အိမ်း... ငါကလည်း တုံးလိုက်တာ။ မင်းသာ သတိမပေးရင် ငါသူ့ကို မေ့နေလောက်ပြီ "

ပိုင်ရှောင်ချန်းမှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားသည်။ စုန့်ချွဲမှာ သူ၏ကံကောင်းစေသော ကြယ်တစ်လုံး ဖြစ်နေရုံသာမက ဝါရင့်ဂိုဏ်းဝင်တစ်ယောက်အနေနှင့် အငယ်များကို စောင့်ရှောက်ရန် သူ့မှာ တာဝန်ရှိသည် မဟုတ်ပါလော။

" မြင့်မြတ်လှသော အရှင်ခင်ဗျား "

ကျိုးရီရှင်းက ချက်ချင်း ဆက်ပြောလိုက်သည်။

" အရှင့်မှာ ဆောင်ရွက်စရာ ပြည်ထဲရေးကိစ္စ အမြောက်အမြားနဲ့ စောင့်ရှောက်ရမဲ့ တိုင်းပြည်တစ်ခုလုံး ရှိနေတာပါ။ အရှင့်ရဲ့ ဆုံးဖြတ်ချက်တိုင်းက ကောင်းကင်နဲ့ ကမ္ဘာမြေအားလုံးကို တုန်ခါသွားနိုင်တဲ့ အရာတွေချည်းပါပဲ။ အရှင်က ဗဟိုဧကရာဇ်မြို့တော်အတွက် လိုလေသေးမရှိ ကြိုးစားနေပြီး တာဝန်ပိုင်းလည်း လစ်ဟင်းမှုမရှိတဲ့ လူတစ်ယောက်ပါ။ ကျွန်တော်မျိုးက အရှင့်ကို ဒီလိုဘာမှမဟုတ်တဲ့ ကိစ္စလေးနဲ့ စိတ်ရှုပ်အောင် မလုပ်ခဲ့သင့်ဘူး။ တောင်းပန်ပါတယ် အရှင်ခဗျား။ ကျေးဇူးပြု၍ အရှင့်ရဲ့ ကျန်းမာရေးကိုသာ ဂရုစိုက်တော်မူပါ။ ကျွန်တော်မျိုး ဒီလိုကိစ္စတွေနဲ့ ထပ်ပြီးစိတ်ရှုပ်အောင်မလုပ်တော့ပါဘူး "

သူ၏ စကားသံများထဲမှ ရိုးသားမှုကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်ကျေနပ်နေပြီး သူကိုယ်တိုင် ထိုသို့စကားပြောခဲ့ပုံများကို ပြန်၍ အမှတ်ရနေတော့သည်။ သူက ကျိုးရီရှင်းအား အသိအမှတ်ပြုသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး အမိန့်ပေးလိုက်လေသည်။

" ကိစ္စမရှိပါဘူးကွ သူ့ကိုငါ့ဆီသာ ခေါ်ခဲ့လိုက် "

" ဟုတ်ကဲ့ပါအရှင် "

ကျိုးရီရှင်းက ကျယ်လောင်စွာပြန်ဖြေလိုက်ပြီး နောက်လှည့်ကာ အလျင်အမြန် ထွက်ခွာသွားလေသည်။ အနည်းငယ်ကြာသောအခါ သူသည် စုန့်ချွဲနှင့်အတူ ပြန်ရောက်လာပြီး သူ့အား ပိုင်ရှောင်ချန်း၏အရှေ့တွင် ပစ်ချလိုက်တော့သည်။

စုန့်ချွဲနှင့် ပိုင်ရှောင်ချန်းတို့အကြားတွင် ဆက်နွယ်မှုတစ်ခုရှိနေကြောင်းကို ကျိုးရီရှင်းက သိသဖြင့် စုန့်ချွဲအား ချန်မျိုးနွယ်စုတွင် ရှိစဥ်က ဝတ်ဆင်ထားခဲ့သည့် စုတ်ပြဲနေသော အဝတ်အစားများအား မဝတ်ဆင်ခိုင်းတော့ပေ။ သူ့အား အပေါစား ချည်ထည်အဝတ်အစားတစ်စုံကို ဝတ်ဆင်ပေးထားပြီး အနည်းငယ် သန့်ရှင်းပေးထားလေသည်။ သို့သော် သူ၏မျက်လုံးများမှာ ယခင်ကအတိုင်း ဒေါသထွက်ကာ ခေါင်းမာနေသည့် အရိပ်အယောင်များ ပေါ်ထွက်နေဆဲ။

မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရပြီးနောက် စုန့်ချွဲသည် ကုန်းရုန်းထလာပြီး မတ်မတ်ရပ်ကာ ပိုင်ရှောင်ချန်းအား စိုက်ကြည့်၍ အော်ဟစ်လိုက်တော့သည်။

" မင်းကိုယ်မင်း စွမ်းတယ်လို့ထင်နေရင် ငါ့ကိုသတ်လိုက်စမ်းပါ။ ငါ့ဦးလေးက မင်းတို့ကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး "

သူ၏ အော်ဟစ်သံကြောင့် ပိုင်ရှောင်ချန်းမှာ အနည်းငယ် အံ့အားသင့်သွားရသော်လည်း သူ၏ စကားများကြောင့် ပိုင်ရှောင်ချန်းမှာ ထရယ်လုမတတ် ဖြစ်သွားရသည်။ သို့သော် သူသည် ထိုခံစားချက်ကို ဖုံးကွယ်ရန် ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်လေသည်။ ထို့နောက် တည်ကြည်သောမျက်နှာထားဖြင့် စုန့်ချွဲ၏ ပတ်ပတ်လည်တွင် စက်ဝိုင်းသဏ္ဍာန် လမ်းလျှောက်၍ သူ့အား အကဲခတ်နေတော့သည်။

သူ၏အကြည့်ကြောင့် စုန့်ချွဲ၏နှလုံးသားမှာ တုန်ရီသွားရသည်။ စုန့်ချွဲ၏ အတွေးထဲတွင် ထိုအကြည့်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းနေသည်။ သို့သော် ပို၍ဆိုးသည့်အချက်မှာ ပိုင်ရှောင်ချန်းသည် သူ့အား ဟိုဟိုသည်သည် ထိုးလိုက်၊ ဆိတ်လိုက်လုပ်နေသဖြင့် စုန့်ချွဲမှာ အသားများတုန်ရီလာရပြီး ပိုင်ရှောင်ချန်းက မည်သို့သော ယုတ်မာရက်စက်သည့် အရာများ တွေးနေသည်ကို သိချင်နေတော့သည်။ ထို့နောက် သူသည် ပြန်၍ မာန်တင်းလိုက်ပြီး အော်ဟစ်ပြောဆိုလိုက်တော့သည်။

" ငါက သေရင်တောင် ဘယ်တော့မှ အရှုံးမပေးနိုင်ဘူးဟေ့ "

" ဟုတ်ပါပြီ။ အော်တာတွေ ရပ်တော့။ ငါမင်းကိုတစ်ခုမေးမယ်။ အဲဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က မင်းအတွက် ဘယ်လိုလူလဲ "

ပိုင်ရှောင်ချန်းမှာ စိတ်ထဲတွင် ပြုံးဖြီးဖြီးဖြစ်နေပါသော်လည်း မှိုင်းညို့နေသည့် အမူအရာကို မပျက်ထိန်းကာ ထိုပိုင်ရှောင်ချန်းဆိုသူအား ကြောက်ရွံ့နေသည့်ပုံစံပင် ဖမ်းလိုက်လေသည်။

အမှန်မှာ သူသည် စုန့်ချွဲ၏အဖြေကို စိတ်အားထက်သန်စွာနှင့် စောင့်ဆိုင်းနေသည်။

စုန့်ချွဲမှာ ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်ရှိ အမူအရာကြောင့် အနည်းငယ် အံ့အားသင့်သွားရသည်။ ဤအခြေအနေမှ အသက်ရှင်လျက် ထွက်လာနိုင်ရန်မှာ သူ့အတွက် အရေးကြီးဆုံး ပစ်မှတ်တစ်ခုဖြစ်၍ စုန့်ချွဲမှာ သူ၏ခေါင်းထဲတွင် အတွေးများကို သေချာစီစဥ်နေတော့သည်။

" ပိုင်ရှောင်ချန်းက ကျုပ်ရဲ့ ဦးလေးပဲ "

ထိုအခါ ပိုင်ရှောင်ချန်းက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူ၏အပြုံးကိုဖုံးကွယ်ထားပြီး မျက်နှာအမူအရာကို ပို၍တည်ကြည်သွားအောင် လုပ်လိုက်သည်။

" မင်းဘာပြောလိုက်တယ်။ ငါသေချာမကြားလိုက်လို့ "

ထိုအခါ စုန့်ချွဲက အရောင်လက်နေသည့် မျက်ဝန်းများဖြင့် ဝင့်ကြွားစွာ ဆိုလိုက်တော့သည်။

" ပိုင်ရှောင်ချန်းက ကျုပ်ရဲ့ ဦးလေးပဲ "

ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုများကြောင့် ကဆုန်ပေါက်နေပြီဖြစ်ပြီး ထမရယ်မိစေရန် နောက်ထပ်တစ်ကြိမ် ခြောက်ကပ်ကပ်ချောင်းဟန့်လိုက်သည်။ သူက အနည်းငယ်ပို၍ ကြောက်ရွံ့သွားသည့် ပုံစံပင် ဖမ်းလိုက်သေးသည်။

" ငရဲဧကရာဇ်ကျောက်တိုင်မှာ နံပါတ်တစ်ယူထားတဲ့လူ၊ ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားတဲ့လူ၊ မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေ အရူးအမူးဖြစ်နေရတဲ့လူ၊ ယောက်ျားသားတွေ အမြောက်အမြား လေးစားအားကျရတဲ့လူ အကြောင်းကို မင်းပြောနေတာလား။ မြေရိုင်းဒေသတစ်ခုလုံးက လိုက်ရှာနေရတဲ့ ပိုင်ရှောင်ချန်းဆိုတဲ့လူလား "

စုန့်ချွဲမှာ ထိုစကားများကြောင့် ဆွံ့အသွားရပြီး ကျိုးရီရှင်းမှာမူ ထိုစကားများက သိသာလွန်းနေပြီး အရှက်မဲ့လွန်းလှသဖြင့် သူ၏မျက်နှာအား လက်ဝါးနှင့်အုပ်လိုက်တော့သည်။

စုန့်ချွဲမှာမူ သူ၏ရှေ့တွင်ရပ်နေသည့်လူမှာ ပိုင်ရှောင်ချန်းဖြစ်နေကြောင်း သိနိုင်ခြေ လုံးဝမရှိပေ။ သို့သော် ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် မြင်လိုက်ရသည့် ကြောက်ရွံ့နေသည့် အမူအရာကြောင့် သူ အနည်းငယ်စိတ်ပူသွားတော့သည်။

" ဟုတ်တယ် အဲဒီပိုင်ရှောင်ချန်းကို ပြောတာ "

ပိုင်ရှောင်ချန်းမှာ ကျေနပ်အားရမှု အပြည့်မရသေးသဖြင့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် မျက်နှာအမူအရာတစ်ခု ပေါ်လာစေရန် ဟန်ဆောင်လိုက်ပြီး ထပ်မေးလိုက်ပြန်သည်။

" ခဏနေဦး။ မင်းရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်။ ဘယ်ပိုင်ရှောင်ချန်းလဲ။ ငါတို့ ပြောနေတဲ့ ပိုင်ရှောင်ချန်းက အတူတူပဲလား "

သူသည် သူ၏ဟန်ဆောင်မှုကို အလွန်အမင်း အားရနေတော့သည်။

စုန့်ချွဲမှာမူ အနည်းငယ်ထူးဆန်းလာသည်ဟု ခံစားနေရသော်လည်း နောက်ထပ်တစ်ခေါက် ရှင်းပြလိုက်လေသည်။

" ငရဲဧကရာဇ်ကျောက်တိုင်မှာ နံပါတ်တစ်ယူထားတဲ့လူ၊ ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားတဲ့လူ၊ မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေ အရူးအမူးဖြစ်နေရတဲ့လူ၊ ယောက်ျားသားတွေ အမြောက်အမြား လေးစားအားကျရတဲ့လူ၊ မြေရိုင်းဒေသတစ်ခုလုံးက လိုက်ရှာနေရတဲ့ ပိုင်ရှောင်ချန်းကို ကျုပ်ပြောနေတာ "

ထိုနေရာအရောက်တွင် သူသည် သူတို့နှစ်ယောက် ပြောနေကြသည့် လူက တစ်ဦးတည်း ဖြစ်နိုင်ပါ့မလားဟုပင် ဇဝေဇဝါဖြစ်လာတော့သည်။

သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ပင့်သက်ရှိုက်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားတော့သည်။ သူသည် မျက်လုံးပြူးကြီးများဖြင့် စုန့်ချွဲအား မယုံကြည်နိုင်သော အမူအရာဖြင့် လက်ညှိုးထိုးလိုက်တော့သည်။

" ဘုရားရေ၊ မင်းက အဲဒီပိုင်ရှောင်ချန်းဆိုတဲ့ ကောင်ရဲ့ တူဖြစ်နေတာ ငါ့ဖြင့်မယုံနိုင်ဘူး "

ကျိုးရီရှင်းမှာမူ မူးလဲမတတ်ဖြစ်နေပြီး ပိုင်ရှောင်ချန်းကို စိုက်ကြည့်နေတော့သည်။ သို့သော် သူသည် ဆက်၍ကြည့်နိုင်စွမ်းမရှိတော့သဖြင့် အလျင်အမြန်ပင် ခေါင်းငုံ့လိုက်တော့သည်။

စုန့်ချွဲမှာမူ အနည်းငယ်စိတ်လှုပ်ရှားစ ပြုလာပြီဖြစ်သည်။

" ဟုတ်တယ်။ ကျုပ်က ပိုင်ရှောင်ချန်းရဲ့တူပဲ။ တစ်ဦးထဲသော တူလေးနော်။ သူက ကျုပ်ကို တကယ်သဘောကျတာ။ ကျုပ်အပေါ်လည်း မျှော်လင့်ချက်အများကြီး ထားထားတာ။ သူက ကျုပ်အဒေါ်ရဲ့ တာအိုလက်တွဲဖော်ဆိုတော့ ကျုပ်ကို လာကယ်မှာ အသေအချာပဲ။ ခင်ဗျား ကျုပ်ရဲ့ခေါင်းပေါ်က ဆံချည်တစ်မျှင်လောက်ကို ထိရဲရင်ထိကြည့်လိုက် ကျုပ်ရဲ့ ဦးလေးက သေချာပေါက် လက်တုံ့ပြန်လိမ့်မယ်။ "

ထိုထက် ပို၍ရှင်းအောင် သူ မပြောနိုင်တော့ချေ။ ထိုစကားကို နားထောင်နေသူတိုင်းမှာ ပိုင်ရှောင်ချန်းသည် သူ့အားအလွန်ဂရုစိုက်ကြောင်း ထင်သွားကြမည်မှာ အမှန်ပင်။ ထို့အပြင် ပိုင်ရှောင်ချန်းအား ဖမ်းဆီးချင်သည့် မည်သူမဆို စုန့်ချွဲကို သတ်ရန် ဆန္ဒမရှိတော့မည်မှာလည်း အမှန်ပင်။

ထို့ကြောင့် သူ့အတွက် ပို၍ အန္တရာယ်ကင်းသွားနိုင်သည်။

ပိုင်ရှောင်ချန်းမှာ စုန့်ချွဲ၏ ပြောစကားများအပေါ် အခြားလူများက မည်သို့ထင်နေမည်ကို မသိနိုင်ပါသော်လည်း သူ့အတွက်မူ ထိုစကားများမှာ အလွန်ပျော်ရွှင်စရာ ကောင်းနေသည်။

" ငါထင်ထားတာတွေနဲ့ တက်တက်စင်လွဲလောက်အောင် မင်းက အမှန်အတိုင်း ပြောလိမ့်မယ်လို့ ငါကဘယ်တွေးမိမလဲ။ မင်းရဲ့ဦးလေးက အနှိုင်းမဲ့ ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်ကိုတုန်ရီစေပြီး ကမ္ဘာမြေကြီးကိုအက်ကွဲစေနိုင်တဲ့ ပိုင်ရှောင်ချန်းဖြစ်နေတာပဲ။ ကောင်းပြီလေ အဲဒါ ဆိုလည်း... ရီရှင်းရေ။ ဒီကောင့်ကို စစ်ဆေးရေးစံအိမ်ထဲမှာပဲ ထားရအောင်။ သူ့ကို အစေခံရာထူးပေးလိုက်။ ကျင့်ကြံနိုင်အောင်လို့လည်း အထောက်အပံ့နည်းနည်း ပေးထားလိုက်ကွာ "

" ဟမ့်၊ ဒီကောင်သာ ငါ့အနားရှိနေရင် မရေမတွက်နိုင်တဲ့ လူပေါင်းများစွာ စွဲမက်နေရတဲ့ ၊ ကမ္ဘာပေါ်က ထိပ်ဆုံးအဆင့်လက်ရွေးစင်ဆိုတဲ့၊ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ ပိုင်ရှောင်ချန်းဆိုတဲ့ကောင်က ငါစီစဥ်ထားတဲ့ ထောင်ခြောက်ထဲကို တန်းတန်းမတ်မတ် ရောက်လာမှာပဲ "

သူ၏ ရိုးသားမှန်ကန်မှုအပြည့်ပါသော စကားများကို ပို၍မာန်ပါစေရန် အင်္ကျီလက်ကိုပင် ခါယမ်းလိုက်သေးသည်။

စုန့်ချွဲမှာ ထိုစကားများကို ကြားလိုက်ရသောအခါ စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်တော့သည်။ ဤအခြေအနေတစ်ခုလုံးကို သူကထူးဆန်းနေသည်ဟု တွေးနေပါသော်လည်း အတိအကျ မပြောနိုင်ပေ။ မည်သည့်အရာမှ ဆက်မဖြစ်ခင်မှာပင် ကျိုးရီရှင်းက သူ့အားဖမ်းချုပ်လိုက်ပြီး အဝေးသို့ ဆွဲခေါ်သွားတော့သည်။

ထို့နောက် ပိုင်ရှောင်ချန်းမှာ သူ၏တံခါးကိုပိတ်လိုက်ပြီး ထိုနေရာတစ်ခုလုံးကို ပိတ်လှောင်ကာ အားပါးတရ ဆက်တိုက်ရယ်မောလိုက်တော့သည်။

" သြော် ချွဲအာရယ်။ ငါသာ ဘယ်သူလဲဆိုတာ မင်းသိလို့ကတော့ မင်းဖြစ်သွားမဲ့ မျက်နှာကို ငါမြင်ယောင်နေတယ် "

ထိုသို့တွေးလိုက်ရုံနှင့် အလွန်စိတ်လှုပ်ရှားစရာကောင်းနေပါသော်လည်း ပိုင်ရှောင်ချန်းမှာ ထိုသို့ဖြစ်ခွင့်မပေးနိုင်ကြောင်း ဆုံးဖြတ်လိုက်တော့သည်။

သူသည် နဂိုထဲက သတိကြီးသောလူတစ်ယောက်ဖြစ်၍ စုန့်ချွဲကိုပါ သတိထားရမည် မဟုတ်ပါလော။ သူသည် ရန်သူ့ဘက်တော်သားအဖြစ်ဟန်ဆောင်ကာ စုံစမ်းနေရသည့်အတွက် အမှန်တရားအား တစ်ယောက်တစ်လေကိုပင် ဖော်ပြ၍မရနိုင်ပေ။ ထို့အပြင် စုန့်ချွဲမှာ ပိုင်ရှောင်ချန်း၏ ကောင်းကြောင်းများကိုသာ ရွှမ်းရွှမ်းဝေအောင်ပြော၍ ချီးကျူးနေသည်ကို နားထောင်ရသည်မှာ အံ့သြဖွယ် ကောင်းလှပေသည်။ ယခုမှစ၍ သူစိတ်မကြည်တိုင်း စုန့်ချွဲအား ခေါ်လိုက်ပြီး သူ့အားအနည်းငယ် ခြောက်လှန့်လိုက်လျှင် ထွက်ပေါ်လာမည့် ချီးကျူးစကားများထဲတွင် သာယာနိုင်ပြီဖြစ်သည်။

ယခုတွင် စုန့်ချွဲမှာ သူ့လက်အောက်ရောက်သွားပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်းမှာ နတ်ဆရာအကြောင်းကို တွေးမိလိုက်တော့သည်။

" သူရော ဘယ်ရောက်နေပါလိမ့်။ မြေရိုင်းဒေသရဲ့ တစ်နေရာရာမှာ ရောက်နေမယ်လို့ ထင်တာပဲ "

သူသည် ပိုင်ရှောင်ချန်း၏ စာရင်းပေါ်ရှိ နောက်ထပ်တာဝန်တစ်ခုဖြစ်သည်။ နတ်ဆရာသည် သူ၏နောက်လိုက်တစ်ယောက်ဖြစ်ပြီး ဆိုးရွားသော အခြေအနေတစ်ခုနှင့် ကြုံတွေ့နေနိုင်သည် မဟုတ်ပါလော။ ထို့ကြောင့် သူ့အား ရှာဖွေပြီး ကယ်တင်ရန်မှာ အလွန်အရေးကြီးသည်။

သို့သော်လည်း သူ့ထံတွင် လမ်းစဖော်ရန် သဲလွန်စတစ်ခုတစ်လေပင် မရှိပေ။ ထိုကိစ္စအကြောင်း အနည်းငယ်တွေးတောလိုက်ပြီးနောက် သူက ထိုအချင်းအရာကို ခဏမျှ မေ့ထားလိုက်ရန်ဆုံးဖြတ်လိုက်တော့သည်။ သူသည် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို စတင်စမ်းသပ်ကြည့်ရန် ပြင်လိုက်စဥ်မှာပင် သူ၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူ၏အိတ်ကို ငုံ့ကြည့်လိုက်တော့သည်။ ထို့နောက် တောက်ပနေသည့်မျက်ဝန်းများဖြင့် ထာဝရထီးကို ထုတ်လိုက်တော့သည်။

ထာဝရထီး၏အမိုးမှာ ချန်ဟောက်စုန့်ကြောင့် ပျက်စီးသွားရသဖြင့် ထီးရိုးသာကျန်တော့သည်။ ကံကောင်းသည်မှာ လီမျိုးနွယ်စုအား ငွေညှစ်ခဲ့စဥ်က ရရှိခဲ့သည့် သားရဲအရေပြားမှာ ထီးတွင်သုံးရန် ကိုက်ညီမှုအပြည့် ရှိနေသည်။

ယခုတွင် ထီးမှာ အကောင်းပတိပြန်ဖြစ်နေပြီဖြစ်သည်။ အပြင်သို့ရောက်လာသည်နှင့် ထီးထဲမှ အနက်ရောင်အလင်းတန်းများ တောက်ပလာတော့သည်။ ထီးအမိုးအသစ်ဖြစ်သော သားရဲအရေပြားကြောင့် ထီးတစ်ချောင်းလုံးထံမှ ယခင်ကထက် အဆပေါင်းများစွာ စွမ်းအားကြီးမားသော အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။ ယခုတွင် ထိုထီးမှာ ယခင်ကနှင့် လုံးဝမတူတော့ပေ။

သူက ထိုထီးကိုကိုင်လိုက်သောအခါ အတွင်းထဲမှ အံ့အားသင့်ဖွယ် စွမ်းအားကြီးတစ်ခုကို ခံစားလိုက်ရသည်။ သူသည် စိတ်လှုပ်ရှားမှုများကို မထိန်းသိမ်းနိုင်တော့သဖြင့် ၎င်းကိုဖွင့်လိုက်တော့သည်။

ထိုအခါ အခန်းထဲတွင် ထစ်ချုန်းသံများ ပြည့်နှက်သွားပြီး တချိန်ထဲမှာပင် ထီးအမိုးပေါ်တွင် ငိုတစ်ဝက်ရယ်တစ်ဝက် မျက်နှာကြီးဖြင့် ပဟေဋိဆန်ဆန် ပြုံးနေသည့် သရဲမျက်နှာကြီး ပေါ်လာတော့သည်။

ထိုသရဲမျက်နှာကြီး၏ပုံရိပ်မှာ ယခင်ကထက်ပင် ပို၍ ကြည်လင်ပြတ်သားလာပြီး ပိုင်ရှောင်ချန်းအတွက်ပင် အနည်းငယ်ကြောက်မက်ဖွယ်ကောင်းနေတော့သည်။ သို့သော် သူ၏ကျင့်ကြံခြင်းအခြေခံကို လည်ပတ်စေလိုက်သောအခါ ထိုခံစားချက်မှာ ပျောက်ကွယ်သွားသည်။

" နောက်ဆုံးတော့ ငါ့ရဲ့ထာဝရထီးက အကောင်းပတိပြန်ဖြစ်သွားပြီဟေ့ "

All Chapters