← Chapters

ယုတ်လျော့လာသော တန်ခိုးအာဏာသက်ရောက်မှု

Vol. 8 Ch. 781

ယုတ်လျော့လာသော တန်ခိုးအာဏာသက်ရောက်မှု

Vol. 8 Ch. 781

" ဒါဆို စစ်ဆေးရေးအရာရှိမင်းပိုင်ဟောက် အကြောင်းကို မင်းလဲ ကြားဖူးတယ်ပေါ့။ သူက မျက်တောင်တစ်ချက်တောင်မခတ်ပဲ လူတွေကို သတ်ခဲ့တယ်။ သူက ရက်စက်ကြမ်းကြုတ်ပြီး စိတ္တဇအရူးတစ်ယောက်ပဲကွ"

" သူက အထက်လူကြီးတွေကို သစ္စာဖောက်၊ လက်အောက်ငယ်သားတွေကို လိမ်လည်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်နေတဲ့ မယားသူခိုးတစ်ယောက်။ သူက သရဲကြီးဘုရင်ကိုတောင် လိမ်လည်နိုင်တဲ့ အရှက်အကြောက်မရှိတဲ့ ငဖားကောင်လို့ လူတိုင်း ပြောကြတယ်"

" သူက နောက်မှာ မြက်ကလေးတစ်မျှင်တောင် မချန်ခဲ့တဲ့အထိ ငွေညှစ်တာ အရမ်းကျွမ်းတယ်။ သူက ဗဟိုဧကရာဇ်မင်းဆက်က မျိုးနွယ်စု ဆယ့်ရှစ်စုကို ငွေညှစ်ခဲ့ပြီး အင်မတန် ယုတ်မာလွန်းလို့ လူတိုင်း သူ့ကို မုန်းကြတယ်"

"သူက သက်စောင့်အားတွေ စုပ်ယူတဲ့ မိစ္ဆာကျင့်စဥ်တစ်ခုကို ကျင့်ကြံနေတဲ့ လူဆိုးတစ်ယောက်ပဲ။ ဗဟိုဧကရာဇ်မြို့တော်ရဲ့ ဘယ်နေရာပဲဖြစ်ဖြစ် သက်စောင့်အားတွေ ထုတ်ယူခံလိုက်ရတဲ့ လူတွေကို ရှာကြည့်လို့ရတယ် "

မြေရိုင်းဒေသတစ်ခွင် ပြဲပြဲစင်အောင် ပျံ့နှံ့နေသည့် ဇာတ်လမ်းများအရ အနှီပိုင်ဟောက်သည် အဖတ်ဆယ်၍မရအောင် ကောက်ကျစ်ယုတ်မာသော လူတစ်ယောက် ဖြစ်နေတော့သည်။ အမှန်အတိုင်းဆိုရလျှင် လူ့ဘီလူးမျိုးနွယ်စုများ၌ သူ့နာမည်က ကလေးဆိုးလေးများကို ခြောက်လှန့်ရန် အလွန်ထိရောက်သောလက်နက်တစ်ခုဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်းမှာမူ ထိုအကြောင်းအရာများအားလုံးကို လုံးဝဂရုမစိုက်ပေ။ သို့သော် သူ့တပည့်က ဂရုစိုက်သည်။ ပိုင်ဟောက်က သရဲကျင့်ကြံသူတစ်ယောက်ဖြစ်ခြင်းနှင့်အတူ အကန့်အသတ်မရှိ ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်သောစွမ်းရည်များ၏ ကျေးဇူးနှင့် ရံဖန်ရံခါ မြို့ထဲသွားလေ့ရှိသည်။ ထိုမျှသာမက ပိုင်ရှောင်ချန်း၏ ဝိညာဥ်ကျွန်တစ်ယောက်အဖြစ် ဟန်ဆောင်စဥ်ကတည်းက သူသည် ပုံပန်းသွင်ပြင် ပြောင်းလဲနိုင်သရွေ့ မည်သည့်အာရုံစူးစိုက်ခြင်းမှမခံရဘဲ လျှောက်သွားနိုင်သည်။ ထို့ပြင် ပိုင်ရှောင်ချန်းက သူသွားသည့်နေရာတိုင်းတွင် အလောင်းတပ်သားများကို စောင့်ရှောက်ပေးရန် စီစဥ်ပေးထားသောကြောင့် ဘယ်သူမှ သူ့ကို ပြဿနာမရှာရဲကြပေ။

ပိုင်ရှောင်ချန်း၏ မီးတောက်ဖန်တီးခြင်းသည် အလွန်စျေးကြီးသော အရာတစ်ခုဖြစ်သည်။ ဘဏ္ဍာသိမ်းရာတွင် သူရရှိခဲ့သော အရာများအားလုံးနှင့်ပင် သူက အချိန်ကြာမြင့်စွာ အလုပ်မလုပ်နိုင်သေးပေ။ ကြိုးစားမှုတစ်ခုစီတိုင်းက ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ဆယ်ခု လိုအပ်သည် မဟုတ်ပါလော။

သို့ဖြစ်လေရာ ပိုင်ဟောက်နှင့် ကျိုးရီရှင်းတို့ နှစ်ယောက်လုံးသည် သူအသုံးပြုရန်အတွက် ဝိညာဥ်များစွာ ရရှိရန် မကြာခဏအပြင်ထွက်ရှာကြသည်။

ထိုသို့ မကြာခဏ ထွက်လည်နေခြင်းကြောင့် ပိုင်ဟောက်သည် သူ့နာမည်ပါနေသည့် ဇာတ်လမ်းများကို ပိုမို၍ ကြားလာရသည်။ သူ့ဆရာသည် အမှန်တကယ်တော့ သူ့နာမည်ကို ဖျက်စီးနေသည်ဟုသာ သူ ပြောနိုင်တော့သည်။

ထိုမျှသာမက ကောလဟလများအရ ပိုင်ဟောက်ကို ဖြစ်လာနိုင်သော အန္တရာယ်များနှင့်ပတ်သက်၍ စိုးရိမ်သွားစေသည်။

ပိုင်ရှောင်ချန်းမှာမူ သူ၏ ရင်းမြစ်များ တစတစကုန်ခမ်းလာသည်နှင့်အမျှ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တွင် ပို၍ ယုံကြည်ချက်ရှိလာသည်။ အမှန်တွင် လေ့ကျင့်မှု အနည်းအကျဥ်းမျှ ထပ်လုပ်လိုက်ရုံနှင့် သူအောင်မြင်မည်ဖြစ်ကြောင်း အတော်အသင့်သေချာနေပြီ ဖြစ်သည်။

ယခုအခါ သူက စိုးရိမ်သောကရောက်လာပြီဖြစ်ပြီး ပိုင်ဟောက် စိုးရိမ်နေခဲ့သည့် ြဖစ်လာနိုင်မည့် အန္တရာယ်များနှင့် ပတ်သက်၍ ပူပန်နေပြီဖြစ်သည်။ ဘိုးဘေးပူဇော်ပွဲနေ့တွင် သူ လုံးဝရူးမိုက်စွာပြုမူခဲ့သည်က သူ့ကို အန္တရာယ်ချောက်ကမ်းပါးသို့ ရောက်သွားစေသည် မဟုတ်ပါလော။

ထိုမတိုင်ခင်က သူသည် မဟာကောင်းကင်သခင်ကိုင်ဆောင်ထားသော ဓားတစ်လက်ဖြစ်ခဲ့သည့်အတွက် သူ၏ကာကွယ်မှုအောက်တွင် အကျိုးအမြတ်ရခဲ့သည်။ သို့သော် ယခုတွင် မဟာကောင်းကင်သခင်က အာဏာအရှိဆုံးဖြစ်နေပြီး လူတိုင်းကို ဖိနှိပ်ခဲ့လေသည်။ သို့နှင့် စစ်ဆေးရေးအရာရှိမင်းရာထူးမှာ အရေးမပါတော့ဘဲ မကြာခင်အချိန်အတွင်း လိုအပ်လာတော့မည် မဟုတ်ပေ။ ကမ္ဘာကြီးငြိမ်းချမ်းသွားချိန်တွင် စူးရှချွန်ထက်သော ဓားများကို မလိုအပ်သည် မဟုတ်ပါလော။

သို့ဖြစ်သောကြောင့် ယခုအခြေအနေတွင် သူ့အတွက် အရေးကြီးဆုံးသည်ကား လောကဓာတ်အောက်လမ်းဆရာဖြစ်လာရေးပင် ဖြစ်သည်။

မှန်ကန်သော အခိုက်အတန့်တွင် လောကဓာတ်အောက်လမ်းဆရာဖြစ်လာခြင်းအားဖြင့် အခက်အခဲဆုံးအခြေအနေသို့ ရောက်နေသည့်တိုင် သူ သေချာပေါက်ရုန်းထွက်နိုင်လိမ့်မည်။

" ဒါပေမဲ့ " သူက တွေးသည်။

" ဟောက်အာနဲ့ ငါ နှစ်ယောက်လုံး မဟာကောင်းကင်သခင် ငါ့ကို ဘယ်အချိန်ဖြစ်ဖြစ် ရှင်းပစ်မှာမဟုတ်လူးလို့သဘောတူထားတာပဲ။ ဒီတိုင်း အတွေးများတာပဲနေမှာပါ။ မဟာကောင်းကင်သခင်က ငါလုပ်ပေးခဲ့သမျှအားလုံးအတွက် ငါ့ကို အသိအမှတ်ပြုလောက်မှာပါ။ ပြီးတော့ ဟောက်အာကတောင် သူ့ရဲ့သဘောထား သိပ်မကြာခင် ပြောင်းတော့မှာလို့တောင် တွေးနေသေးတယ် "

" ဘာပဲပြောပြော ဘဏ္ဍာသိမ်းတုန်းက ငါရခဲ့တာတွေရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို သူ့ဆီ သေချာပို့ခဲ့တာပဲလေ။ ဒါတွေအားလုံးလုပ်တာတောင်မှ သူ့ငါ့ကို သဘောကျမလာဘူးဆိုတာ မယုံဘူး။ အဲဒီ ကောင်းကင်မြို့စားမျိုးနွယ်စုတွေက ပြည်နယ်တစ်ခုလုံးကို ထောက်ပံ့ပေးနိုင်တဲ့အထိမချမ်းသာပေမယ့် သူတို့က လုံးဝအံမခန်းလိလိချမ်းသာသေးတယ် "

ထို့နောက် သူက သူ့လက်ထဲရှိ မီးတောက်ကို ငုံ့ကြည့်လိုက်သည်။

" ဒါတွေအားလုံးကို ငါ့ကိုယ်ငါ ကာကွယ်ဖို့ အားထားရမှာပဲ။ ဘာမှတော့ ဖြစ်မလာနိုင်လောက်ပါဘူး။ ဒါပေမဲ့ အန္တရာယ်နည်းနည်းလေးရှိရင်တောင်မှ ဟောက်အာတွေးထားတဲ့ ရက်စက်တဲ့အစီအစဥ်ကို အားထားနိုင်တယ်။ ဒီအစီအစဥ်က ငါ့ကို အချိန်နည်းနည်း ဆွဲပေးနိုင်ရုံတင်မကဘူး တကယ့်ကို ရက်ရက်စက်စက် အန္တရာယ်များတယ်။ ဒီနေရာမှာ ငါ့ရဲ့နာမည်ဂုဏ်သတင်းကို သိပ်ဂရုမစိုက်ပေမယ့် တတ်နိုင်သမျှရှောင်နေတာ အကောင်းဆုံးဖြစ်မယ် "

" ဒါပေမဲ့ မဟာကောင်းကင်သခင်က ငါ့ကို ဖိအားပေးရင်တော့.... အဲဒါကို လုပ်ဖို့ကလွဲပြီးတခြားနည်းလမ်းမရှိတော့ဘူး "

သူက အတွေးများတည်ငြိမ်သွားစေရန် အသက်ပြင်းပြင်းရှူလိုက်ရင်း မီးတောက်ဆက်လက်ဖန်တီးလိုက်သည်။

ဖြစ်နိုင်ချေရှိသော အန္တရာယ်များကို ပိုင်ရှောင်ချန်း စိုးရိမ်နေပြီး ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို အောင်မြင်ရန် တတ်နိုင်သမျှ အကုန်လုပ်ဆောင်နေစဥ် မြွေတစ်ကောင်၏ မျက်လုံးများကဲ့သို့သော မျက်လုံးတစ်စုံသည် ပိုင်ဟောက်အပေါ် အာရုံစိုက်လာခဲ့သည်။

တချို့သော အင်အားစုများသည် သူ့အကြောင်းနှင့်ပတ်သက်၍ သူတို့တတ်နိုင်သမျှ အချက်အလက်အားလုံးကို စုဆောင်းလာခဲ့ကြပြီး ယခုလောလောဆယ်တွင် ဗဟိုဧကရာဇ်မြို့တော် တစ်နေရာရှိ သီးသန့်အခန်းတစ်ခန်းတွင် အစည်းအဝေးတစ်ခု ကျင်းပနေသည်။

" အဲဒီဝိညာဥ်မှာ နာမည်မရှိပေမယ့် အမြဲတမ်း ပိုင်ဟောက်ဘေးမှာပဲ “

" သရဲကြီးမြို့တော်က စစ်ဆေးမှုတွေအားလုံးကို တွက်ချက်လိုက်ရင်တောင် ဘယ်သူမှ အဲဒီဝိညာဥ်ဘယ်ကလာလဲ မသိဘူး “

" ဘယ်သူမဆို ပထမဆုံးအကြိမ် သူ့ကို မြင်တာက ပိုင်ဟောက်ရဲ့ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်မှာ “

" သူက သာမန်ဝိညာဥ်တွေ အမြဲလိုလို လုပ်တဲ့အတိုင်း ခပ်တောင့်တောင့် ကြောက်တောင်တောင်နဲ့ “

သီးသန့်အခန်း၏ အမှောင်ထုအတွင်း အရိပ်သဏ္ဍာန်ပုံရိပ်များ မျောလွင့်နေသည်။ သူတို့၏ မျက်နှာသွင်ပြင်များကို ရှင်းရှင်းလင်းလင်း မြင်ရန် မဖြစ်နိုင်သော်လည်းအကုန်လုံးက သူတို့၏ အလယ်တွင် ထိုင်နေသည့် လူတစ်ယောက်ကိုသာ မမှိတ်မသုန်ကြည့်နေကြသည်။ သူမက လှပနုနယ်သော မိန်းကလေးတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်တွင် ဝိညာဥ်သဏ္ဍာန်ပိုင်ဟောက်နှင့်ပတ်သက်၍ မကြာသေးမီက စစ်ဆေးချက်များမှ သတင်းအချက်အလက်များအားလုံးကို ဖော်ပြနေလေသည်။

ပိုင်ရှောင်ချန်းသာ ထိုနေရာတွင် ရှိလျှင် အနှီမိန်းကလေးကို ချက်ချင်း မှတ်မိမည် ဖြစ်သည်။ သူမကား မြောင်လင်းအာ။

သူမက ပိုင်ရှောင်ချန်းကို ဝိညာဥ်ရေနွေးအိုးထဲမှာ တိုက်ခိုက်ခဲ့ဖူးပြီး ဗဟိုဧကရာဇ်မြို့တော်သို့ သူရောက်ပြီးနောက်တွင်လည်း သူ့ကို အကောက်ကြံခဲ့သည်။ သို့သော် သူမ၏ အကြံအစည်တစ်ခုမှ အကောင်အထည်မပေါ်လိုက်ပေ။

" ပိုင်ဟောက်က စစ်ဆေးရေးအရာရှိမင်းဖြစ်လာတဲ့နောက် ဒီဝိညာဥ်က လူ့မြင်ကွင်းကနေ ပျောက်သွားပြီး စစ်ဆေးရေးစံအိမ်မှာ တင်းတင်းကြပ်ကြပ် စောင့်ကြပ်ပေးခံရတယ်။ဘယ်သူမှ သူနဲ့ပတ်သက်ပြီး သတင်းတစ်ခုမှ မရနိုင်ခဲ့ဘူး “

" သူ့ကို လွန်ခဲ့တဲ့ သုံးရက်က နောက်ဆုံးတွေ့ခဲ့တာ။ ကျွန်မတို့ရဲ့ တွက်ချက်မှုတွေအရ အဲဒီဝိညာဥ် နောက်နှစ်ပတ်အတွင်း နောက်တစ်ခေါက်ထပ်ပေါ်လာလိမ့်မယ် “

" ဒါပေမဲ့ သူ့ကို အနည်းဆုံး အလောင်းတပ်သား တစ်ရာလောက်က စောင့်ကြပ်နေတာ။ ကျိုးရီရှင်းကိုကောပဲ။ "

မြောင်လင်းအာက တစ်လုံးချင်း ဖြေးညင်းစွာ ပြောနေသည့်အတွက် နားလည်ရအလွန်လွယ်ကူလေသည်။ ထိုမျှသာမက သူမသည် ယခင်ကကဲ့သို့ အဖော်အချွတ် မဝတ်စားတော့ဘဲ ရိုးရိုးယဥ်ယဥ်သာဝတ်ဆင်ထားလေသည်။

" ဒါကြောင့် နောက်တစ်ခေါက် အဲဒီဝိညာဥ် အပြင်ထွက်လာရင်ကျွန်မတို့ လှုပ်ရှားသင့်တယ်လို့ အကြံပေးပါတယ် "

ထို့နောက် သူမက လက်ကိုယှက်၍ အရိပ်ဆယ့်သုံးခုကို အရိုအသေပေးလိုက်သည်။

အရိပ်ဆယ့်သုံးခုက အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက် သူတို့ထဲမှ တစ်ယောက်က ထပြောသည်။

" ဒီဝိညာဥ်က တကယ် အသိဉာဏ်ရှိတယ်ဆိုတာ မင်း သေချာလား။ ဒီလိုဆို ဘယ်လို အသိဉာဏ်ရှိတာလဲ။ အပြင်ကလူတွေကို အရူးလုပ်ဖို့ ဟန်ဆောင်နေတာလား"

တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ မြောင်လင်းအာက ပြောသည်။

" ကျွန်မ အဲဒီဝိညာဥ်ကို အကြိမ်ရေအနည်းငယ်ပဲ ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးပေမယ့် လုံးဝသေချာပါတယ်"

နောက်တစ်ဖန် တိတ်ဆိတ်မှုတို့ ကြီးစိုးသွားပြန်၏။ ထို့နောက် နောက်ထပ်အရိပ်က ခပ်သြသြအသံဖြင့် ပြောသည်။

" ခွေးမသားပိုင်ဟောက်ရဲ့ ဒီ ဝိညာဥ်ကျွန်က သေချာပေါက် သူ့အတွက် အရေးကြီးမှာပဲ။ ဒါကြောင့် သူ့ကို ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးဖို့ အသုံးပြုလို့ရတယ်ဆိုတာ မင်း လုံးဝသေချာဖို့လိုတယ် "

မြောင်လင်းအာက ဘာမှ ပြန်မပြောပေ။ ထိုအစား သူမက အိတ်ထဲမှ အရိုးပေလွှာ ၁၃ခုကို ထုတ်လိုက်ပြီးနောက် အရိပ် ၁၃ခုထံ ပျံသွားစေလိုက်သည်။

အရိုးပေလွှာများကို ဖမ်းယူပြီးနောက် အရိပ်များက ၎င်းထဲမှ အကြောင်းအရာများကို လေ့လာလိုက်ပြီးနောက် မကြာမီ သူတို့၏ မျက်လုံးများ တောက်ပလင်းလက်လာတော့သည်။ သိသာစွာပင် သူတို့မြင်နေရသော အချက်အလက်များက စောစောက ပြောလိုက်သည့် မေးခွန်းအတွက် အဖြေကို အတည်ပြုပေးလိုက်လေသည်။

ထို့နောက် မြောင်လင်းအာက ဆက်ပြောသည်။

“ ကျွန်မတို့ရဲ့ မျိုးနွယ်စုအတွက် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးရာမှာ အရေးအကြီးဆုံးအချက်က မီးပွားပဲ။ မီးပွားနဲ့ဆိုရင် ကျွန်မရဲ့ အဘိုး လောကဓာတ်အောက်လမ်းဆရာအဆင့်ကို တက်နိုင်တယ်။ အဲဒါပြီးတာနဲ့ သူ အဲဒီဝိညာဥ်အမျိုးအစားကို မသုံးဘဲ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်လိမ့်မယ်"

" ဆရာကြီးတို့။ ပြီးရင် ဆရာကြီးတို့အားလုံး ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်း ရစရေမယ်လို့ ကျွန်မအာမခံနိုင်ပါတယ်။ အမှန်က ကျွန်မအဘိုးက အဲဒီအကျိုးဆက်အတွက် တာအိုကျမ်းသစ္စာတောင် ကျိန်ဆိုပေးပါလိမ့်မယ် "

" ဆရာကြီးတို့ မြင်တဲ့အတိုင်းပဲ ပိုင်ဟောက်ရဲ့ နေ့ရက်တွေက ရေတွက်လို့ရတယ်။ သူနဲ့ပတ်သက်ပြီး မဟာကောင်းကင်သခင်တွန့်ဆုတ်နေတဲ့ တစ်ခုတည်းသောအကြောင်းရင်းက အချိန်ကောင်းမတွေ့သေးလို့ပါ။ ဘာပဲဖြစ်ဖြစ် အဲဒါက အရေးမကြီးပါဘူး။ ပိုင်ဟောက်က သွားမရှိတဲ့ကျားဖြစ်နေပြီပဲ။ သူ့ကိုယ်သူ ပြန်လည်မမြှင့်တင်နိုင်ရင် ကျွန်မတို့ ဘာမှ လုပ်စရာမလိုဘူး။ ဒီအတိုင်း လောင်စာလေးနည်းနည်း ထည့်ပေးလိုက်တာနဲ့ မဟာကောင်းကင်သခင်က လူထုကို နှစ်သိမ့်ဖို့ သူ့ကို သေချာပေါက် သတ်ပစ်လိမ့်မယ်။ ဒါဆိုရင် နောက်ဆုံးမှာ ပိုင်ဟောက် သရဖူဆောင်းတဲ့ ကာလက အဆုံးသတ်သွားမယ် "

ခပ်ယဲ့ယဲ့ပြုံးရင်း မြောင်လင်းအာက တိတ်ဆိတ်နေသော အရိပ်များကို ဝေ့ဝိုက်ကြည့်လိုက်ပြီး ပြောသည်။

" မဟာကောင်းကင်သခင် အခုလိုချင်တာက ငြိမ်ဝမ်ပိပြားမှုပဲ။ ဒါ့အပြင် သူက အသုံးမတည့်တဲ့လူတွေကို သေလူတွေလို ရှင်းထုတ်ဖို့ လိုအပ်လာမှာလား "

မြောင်လင်းအာသည် အဖြေကို ရပ်စောင့်နေရင်း စိုးရိမ်နေခြင်းမရှိပေ။ သူမက အလွန်အမင်း ယုံကြည်ချက် ရှိနေပြီး အစီအစဥ်တွင် မခန့်မှန်းထားသော အရာတစ်ခုမှ ဖြစ်လိမ့်မည်မဟုတ်ကြောင်း သေချာနေသည်။ အမှန်က သူမသည် ဝိညာဥ်သဏ္ဍာန်ပိုင်ဟောက်ကို သိပ်အာရုံမစိုက်ခဲ့၍မဟုတ်။ ပိုင်ရှောင်ချန်း၏ မျက်နှာဖုံးစွမ်းအားများကြောင့် ပိုင်ဟောက်သည် အမြဲတမ်း အခြားဝိညာဥ်ကျွန်များနှင့် တူနေခြင်းဖြစ်သည်။ သူနှင့် ပိုင်ရှောင်ချန်း နှစ်ယောက်တည်းအတူရှိနေမှသာလျှင် အသက်ရှိနေသည့် လက္ခဏာများကို ပြသသည်။

သို့သော် စီမာတာအို၊ စွန်းရီဖန်တို့နှင့် မီးတောက်ဖန်တီးခြင်းပြိုင်ပွဲတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့လေသည်။ ပိုင်ရှောင်ချန်းက ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို ဖန်တီးလိုက်သည့် အခိုက်အတန့်တွင် ပိုင်ဟောက်မှာ အလွန်ခံစားလိုက်ရသည့်အသွင်အပြင် ဖြစ်ပေါ်လာရာ ပိုင်ရှောင်ချန်းမျက်နှာဖုံး၏ အကာအကွယ်နှင့်ပင်လျှင် ၄င်းကို ဖုံးကွယ်ရန် မစွမ်းနိုင်ခဲ့ပေ။ ထိုအခိုက်အတန့်တွင် မြောင်လင်းအာက လှမ်းကြည့်လိုက်ပြီး သူ၏မျက်နှာအမူအရာကို သတိပြုမိခဲ့သည်။ ထိုမျှသာမက သူမ ကျင့်ကြံသော ကျင့်စဥ်သည် ဝိညာဥ်များနှင့် ပတ်သက်သည့်အတွက် ထိုအမြင်အာရုံအရာ၌ သာမန် ကျင့်ကြံသူများထက်ပင် ပို၍ ထိုးထွင်း သိမြင်နိုင်သည်။

မြောင်လင်းအာက ကောင်းကင်မြို့စားတစ်ယောက်၏ မျိုးနွယ်စုမှ မဟုတ်ဘဲ ကောင်းကင်နယ်စားတစ်ဦးရှိသော မျိုးနွယ်စုမှဖြစ်သည်။ ထိုမျှသာမက..... သူမ၏ မျိုးနွယ်စုတွင် လောကဓာတ်အောက်လမ်းဆရာတစ်ယောက် တစ်ကြိမ်ပေါ်ထွန်းခဲ့ဖူးလေသည်။

All Chapters