ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖန်တီးခြင်း
Vol. 8 Ch. 782
မြောင်လင်းအာ၏ မျိုးနွယ်စုတွင် ပေါ်ထွန်းခဲ့သော လောကဓာတ်အောက်လမ်းဆရာက သေဆုံးသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် မသေဆုံးခင်က သူသည် အံသြဖွယ်ကောင်းလောက်အောင် နာမည်ကြီးခဲ့ပြီး အာကာသအောက်လမ်းဆရာအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ သူမသေခင်က သူတို့၏ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းကို အပြင်လူတစ်ယောက်မှ မရစေရန် မျိုးနွယ်စု၏ သွေးမျိုးဆက်များနှင့် ချိတ်ဆက်နေသော မှော်ပစ္စည်းတစ်မျိုး ဖန်တီးနိုင်ခဲ့သည်။ နတ်ဘုရားတစ်ပိုင်းပင်လျှင် သူတို့၏ ခွင့်ပြုချက်မရှိဘဲ ရယူနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် မျိုးနွယ်စု၏ ကံကောင်းခြင်းများက လောကဓာတ်အောက်လမ်းဆရာကွယ်လွန်ပြီးသည့်နောက်မှာပင် ဆက်လက် တည်မြဲခဲ့သည်။ သူတို့၏ ဂုဏ်အရှိန်အဝါ ကျဆင်းလာခဲ့ရသော်လည်း လျှို့ဝှက်ရတနာများ ရှိနေသေးသည်။ ထိုမျှသာမက မြောင်လင်းအာ၏အဘိုးမှာ ကောင်းကင်အဆင့်၏အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
သူ၏ အဓိက ပန်းတိုင်မှာ ကောင်းကင်အဆင့်မှ လောကဓာတ်အောက်လမ်းဆရာအဆင့်သို့ တက်ရန်ဖြစ်ပြီး ထို့နောက်တွင် ယခင်လောကဓာတ်အောက်လမ်းဆရာက မျိုးနွယ်စုဆီသို့ ယူဆောင်ပေးခဲ့သည့် အောင်မြင်မှုဂုဏ်သတင်းကို ပြန်လည် ဆောင်ကျဥ်းေပးနိုင်မည် ဖြစ်သည်။ သူတို့၏ မျိုးနွယ်စုက မြေရိုင်းဒေသကို တုန်လှုပ်သွားစေမည်ဖြစ်ပြီး ကောင်းကင်မြို့စားများ၊ နယ်စားများနှင့် မျိုးနွယ်စုများထက် မြင့်မားသော ရာထူးတစ်ခုကို ရယူနိုင်ပေမည်။ အမှန်တကယ်တော့ သူတို့က မဟာကောင်းကင်သခင်နှင့် တူညီသော အဆင့်သို့ ရောက်သွားမည် ဖြစ်သည်။
ကံဆိုးစွာပင် လောကဓာတ်အောက်လမ်းဆရာအဆင့်ရောက်ရန်အတွက် သူတို့မျိုးနွယ်စု၏ နည်းလမ်းမှာ တမူထူးခြားပြီး အလွန်အသိဉာဏ်ရှိသော ဝိညာဉ်တစ်ကောင်ကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုရန် လိုအပ်လေသည်။ ဤနည်းဖြင့်သာ လိုအပ်သော မီးပွားကို ဖန်တီးနိုင်သည်။ ထိုကိစ္စရပ်ကြောင့်သာမက မျိုးနွယ်စုတစ်ခုလုံးကျင့်ကြံခဲ့သည့် ကျင့်စဉ်ကြောင့် သူတို့က ဝိညာဉ်များ၏အခိုးအငွေ့များနှင့်ပတ်သက်၍ အတော်လေး အာရုံခံနိုင်သည်။
ကံမကောင်းအကြောင်းမလှစွာ အသိဉာဏ်ရှိသော ဝိညာဉ်များမှာ ရှားပါးလှသည်။ သူတို့၏ မျိုးနွယ်စုက နှစ်ပေါင်းများစွာြကာသည်အထိ ဝိညာဥ်အချို့ကို ထုတ်ဖော်နိုင်ခဲ့သည့်တိုင် တစ်ခုမှ မပြီးပြည့်စုံပေ။ စံချိန်စံနှုန်းများအားလုံးနှင့် ကိုက်ညီသော ဝိညာဉ်တစ်ကောင်မျှ မရှိခဲ့ဘဲ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ပြုလုပ်သည့် ကြိုးစားမှုတိုင်း အချည်းနှီးဖြစ်ခဲ့ရသည်။
မြောင်လင်းအာက ဝိညာဉ်သဏ္ဍာန်ပိုင်ဟောက်နှင့်ပတ်သက်၍ ကွဲပြားနေသည့် တစ်စုံတစ်ခုကို သတိထားမိပြီးနောက် သူမ၏အဘိုးကို ချက်ချင်း အသိပေးလိုက်သည်။ ထို့ကြောင့် မျိုးနွယ်စုမှာ စစ်ဆေးမှုများ ချက်ချင်းဆောင်ရွက်လိုက်သည်တွင် ပိုင်ဟောက်သည် မီးပွားပြုလုပ်ရန် လိုအပ်နေသော ဝိညာဥ်အမျိုးအစားအတိအကျဖြစ်ကြောင်း အတည်ပြုလိုက်လေသည်။
ပိုင်ရှောင်ချန်းကြောင့်သာ မဟုတ်လျှင် မြောင်လင်းအာ၏ မျိုးနွယ်စုက ပိုင်ဟောက်ကို ဖမ်းပြီး ဖြစ်သည်။ ထိုအခြေအနေတွင် ပိုင်ရှောင်ချန်းက စစ်ဆေးရေးရာအရာရှိမင်းအဖြစ် တဟုန်ထိုး မြင့်မားလာခဲ့ပြီး မိုးကောင်းကင်အောက်က အရာအားလုံးကို တုန်လှုပ်သွားစေသည်။ ထိုအချိန်က သူတို့မှာ သူ့ကို ရန်မစရဲကြ၍ အချိန်ကောင်းကိုသာ စောင့်နေခဲ့ကြလေသည်။
သို့သော် ယခုတွင် အကောင်းဆုံးအခွင့်အရေးကို မြင်လိုက်ရလေသည်။ သူတို့က ပိုင်ရှောင်ချန်းကို ကြောက်လန့်ဆဲဖြစ်သော်လည်း သူတို့၏ လောကဓာတ်အောက်လမ်းဆရာဖြစ်လိုသော စိတ်ဇောအဟုန်က ဆုံးဖြတ်ချက်ချလိုက်စေသည်။ သူတို့က ဗဟိုဧကရာဇ်မြို့တော်အတွင်းရှိ မျိုးနွယ်စုဆယ်သုံးစုနှင့် မဟာမိတ်ဖွဲ့ရန် မည်သည်ကိုမှ မချွေတာတော့ပေ။ သူတို့သည် မျိုးနွယ်စုများကို လက်ဆောင်ပဏ္ဍာများဖြင့် မျက်နှာလုပ်၍ တာအိုကျမ်းပင် ကျိန်ဆိုရန် ကမ်းလှမ်းလိုက်ကြသည်။ မဟာမိတ်များ၏ အားအင်အပြည့်နှင့် .... ပိုင်ဟောက်ကို သက်သေမြူမှုန်ပင်မကျန်ဘဲ ဖမ်းနိုင်မည်ဟု သေချာနေသည်။
လက်ရှိအချိန် အစည်းအဝေးတွင် မြောင်လင်းအာ မှာ ခါတိုင်းထက်ပို၍ ယုံကြည်ချက်ရှိနေသည်။
အရိပ်ဆယ့်သုံးခု အချိန်ယူပြီး စဥ်းစားနေသည့်အတောအတွင်း အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် တာအိုကျမ်းများ ကျိန်ဆိုလိုက်ကြပြီး ၎င်းတို့ကို အရိုးပေလွှာများထဲထည့်ကာ မဟာမိတ်ပြုလိုက်ကြသည်။
မြောင်လင်းအာက လှပသော အပြုံးကလေးတစ်ခုကို ဆင်မြန်းလိုက်ပြီးနောက် လက်ယှက်၍ အရိုအသေပေးလိုက်သည်။
" အကောင်းဆုံးပါပဲ။ အဲဒီ ဝိညာဥ်နောက်တစ်ခေါက် ပြန်ပေါ်လာရင် ကျွန်မတို့ လှုပ်ရှားမယ်။ ကျွန်မ အဘိုး စီမံပေးထားတဲ့ မဟာဗျူဟာအရ အဆိုးဆုံးအခြေအနေထိ စီစဥ်ရလိမ့်မယ်။ ကျွန်မတို့ ဝိညာဥ်ကို ရယူရင် ကျွန်မတို့မျိုးနွယ်စုက လူစုခွဲပြီး ဆရာကြီးတို့ရဲ့ မျိုးနွယ်စု ဆယ့်သုံးစုမှာ လာပုန်းကြမယ်။ သုံးလကြာပြီးရင် ကျွန်မ အဘိုးက မီးပွားကို ဖန်တီးနိုင်ပါလိမ့်မယ်။ အဲဒါဆို အခု ကျွန်မကို သွားခွင့်ပြုပါဦးရှင့် "
ထို့နောက် သူမက ဒူးညွှတ်အရိုအသေပေးလိုက်ပြီး သီးသန့်အခန်းထဲမှ ရိပ်ခနဲ ထွက်သွားလိုက်သည်။ အမှန်တွင် မြောင်လင်းအာမှာ သူမအဘိုးက ထိုကိစ္စများအားလုံးကို ဂရုစိုက်လွန်းသည်ဟု ထင်နေမိသည်။ မျိုးနွယ်စုက လူစုခွဲလိုက်ပြီးနောက် သူ မည်သည့်နေရာတွင် ပုန်းမည်ကို သူမပင် မသိပေ။ သူမ ယခုလေးတင်စကားပြောခဲ့သည့် မျိုးနွယ်စုဆယ့်သုံးစုမှာ မည်သူများဖြစ်သည်ကိုပင် သူမ မသိပေ။
" ကဲပါ အဲဒီမျိုးနွယ်စုတွေ ငါတို့ နောက်ကျောကို ဓားနဲ့မထိုးအောင် ကာကွယ်ပေးနိုင်ဖို့ အဘိုးယုံကြည်ချက်ရှိရင်တော့ ငါတို့ အဆင်ပြေမယ်လို့ ထင်ပါတယ်လေ "
သူမမှာ သူမအဖိုး ဘာတွေးနေသည်ကို မစဥ်းစားနိုင်သော်လည်း ပိုင်ရှောင်ချန်း၏ နေ့ရက်များ သိပ်မကျန်တော့သည့်အတွက် သူ မကြာမီ သေတော့မည်ဟု သူမ သေချာနေတော့သည်။
လဝက်သည် လျှပ်တပြက်အတွင်း ကုန်ဆုံးသွား၏။ ပိုင်ရှောင်ချန်းသည် ယခုတွင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက် အောင်အောင်မြင်မြင်ဖန်တီးနိုင်ရန် ခြေလှမ်းလေးတစ်လှမ်းသာ လိုတော့သည်။
ရင်းမြစ်များ အလွန်အကျွံဖြုန်းတီးခြင်းနှင့် ဆယ့်ငါးရောင်ခြယ်မီးတောက်နှင့်အထက် မီးတောက်အားလုံး၏ ဖန်တီးနည်းများအထိ ပိုင်ဟောက်၏သဘောတရားများကို ပိုင်ရှောင်ချန်းအသုံးပြုခဲ့ပြီးဖြစ်သောကြောင့် သူ၏အမြန်နှုန်းမှာ တိုးတက်လာလေသည်။ ထိုသည်က အကြောင်းကိစ္စများကို ပို၍ပင် ချောမွေ့သွားစေသည်။
အရေးအကြီးဆုံးမှာ သူသည် စီမာတာအိုနှင့် စွန်းရီဖန်တို့၏ ပြိုင်ပွဲအတောအတွင်းက အလွန်မှိန်ဖျော့သော ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကို အောင်မြင်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့်လည်း အချိန်များစွာသက်သာခြင်း ဖြစ်သည်။
" ဒီတစ်ကြိမ်တော့ ငါသေချာပေါက် အောင်မြင်မှာ"
သူ့ ဆံပင်များ ရှုပ်ပွလျက် သူ့မျက်လုံးများ နီရဲနေကာ စိတ်လှုပ်ရှားစွာ တွေးတောလိုက်သည်။ လွန်ခဲ့သော လပေါင်းများစွာက သူ အနည်းငယ်မျှပင် မနားခဲ့ရသော်လည်း အလွန်စိတ်ဓာတ်တက်ကြွနေသည်။
" အလုပ်ဖြစ်မှ ရမယ်။ မျိုးနွယ်စုတွေဆီကရတဲ့ ရင်းမြစ်အားလုံးလဲ ကုန်တော့မယ်။ ဒီတစ်ခါပြီးရင် ငါ့မှာ နှစ်ခါကြိုးစားဖို့ပဲ ကျန်တော့မှာ "
မကြာသေးမီက သူအပြင်းအထန်လုပ်နေစဥ် ပိုင်ဟောက်နှင့် ကျိုးရီရှင်းမှာ ပိုင်ရှောင်ချန်း၏ အိတ်ထဲက ပစ္စည်းများ ရောင်းချပြီး ဝိညာဥ်များဝယ်ခြင်းဖြင့် အလွန်အလုပ်များခဲ့ရသည်။ အမှန်တွင် ယခုလောလောဆယ် နှစ်ယောက်လုံးမှာ သူ၏နောက်ဆုံးအသုတ်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို စုဆောင်းရန် အပြင်သို့ ရောက်နေသည်။
ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး သူ၏ မျက်လုံးများ မှိတ်ပြီးနောက် ချီများကို တည်ငြိမ်စေရန် စိတ်ကို ရှင်းလိုက်သည်။ အချိန်အတော်ကြာ ကုန်သွားပြီးနောက် သူက အိတ်ကို ပုတ်ကာ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ဆယ်ခုကို ထုတ်လိုက်သည်။
ချက်ချင်းပင် သူ့လက်များက မန္တန်လက်ကွက်များ ထုတ်ဖော်နေသည်။ ယခုအချိန်တွင် သူက ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ဆယ်ခုအပေါ်တွင် စိတ်ရောကိုယ်ပါနှစ်၍ ၎င်းတို့ကို တဖြည်းဖြည်း အတူတကွ ပေါင်းစည်းလိုက်သည်။
သူက ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ကြိမ်ဖန်များစွာ ဖန်တီးနေခဲ့သည်ဖြစ်၍ လုပ်ငန်းစဥ်ကို အတော်ရင်းနှီးနေသည်။ တဖြည်းဖြည်းနှင့် မီးတောက်ဆယ်ခုက မီးပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
အံသြတုန်လှုပ်ဖွယ် အပူလှိုင်းများ တလိပ်လိပ်ထွက်လာသော်လည်း မီတာ ၃၀၀ အကျယ်အဝန်းအတွင်းသာ သက်ရောက်နေပြီး ထိုအကျယ်အဝန်းအလွန်ရှိ မည်သည့်အရာကိုမှ သက်ရောက်ခြင်း မရှိပေ။
ဤသည်က လေ့ကျင်မှုများစွာလုပ်ခဲ့သည့် အတောအတွင်း ပိုင်ရှောင်ချန်းအကြံရခဲ့သော လှည့်ကွက်တစ်ခုဖြစ်သည်။
" အခု ဖိနှိပ်တာ စတင်ရမယ့် အချိန်ပဲ "
သူက သူ့ကျင့်ကြံခြင်းအခြေခံ စွမ်းအားကို ထုတ်ဖော်လိုက်ပြီး သူ၏ နတ်ဘုရားအာရုံကို အားစိုက်လိုက်သည်။ ကမ္ဘာပေါ်ရှိအရာအားလုံးက ယခုအခိုက်အတန့်တွင် သူ့အတွက် အရေးမပါတော့ဘဲ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ဖိနှိပ်ခြင်းမှာသာ လုံးဝအာရုံစိုက်ထားလေသည်။
ဝုန်းးးး
ဆယ့်ခုနစ်ရောင်ခြယ်မီးပင်လယ်အပေါ်သို့ ဖိနှိပ်လိုက်သော စွမ်းအားက ဆယ့်ခုနစ်ရောင်ခြယ်မီးပင်လယ်ကို ကျုံ့သွားစေသဖြင့် သူ၏ တံခါးပိတ်ကျင့်ရာအဆောင်မှာ တုန်ခါလာတော့သည်။ မီတာ ၃၀၀ မှ မီတာ ၂၇၀ ။ ထို့နောက် မီတာ ၂၄၀၊ မီတာ ၂၁၀ ၊ မီတာ ၁၈၀….
ထို့နောက် ဆက်လက် ကျုံ့နေ၏။
ပိုင်ရှောင်ချန်း၏ နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များ ထွက်လာပြီး မောဟိုက်လာတော့သည်။ သူ့ နတ်ဘုရားအာရုံ၏ အခိုးအငွေ့များက ကစဥ့်ကလျား ဖြစ်နေသည့်တိုင် မီးပင်လယ်က ဆက်လက် ကျုံ့လာလေသည်။ မကြာမီ မီတာ ၁၅၀။ ထို့နောက် မီတာ ၁၂၀၊ မီတာ ၉၀.......
"ဒါက ငါအရင်က ခဏခဏ ကျရှုံးခဲ့တဲ့ နေရာပဲ "
သူက အာရုံစူးစိုက်မှုအပြည့်ဖြစ်အောင် အပြင်းအထန်ကြိုးစားထိန်းချုပ်လိုက်ရင်း တွေးလိုက်သည်။ မကြာမီ မီးပင်လယ်က မီတာ ၆၀ အထိ ကျုံ့သွားလေပြီ။
သို့သော် ဤမျှနှင့်မပြီးသေး၊ ၄၅ မီတာ၊ ၃၀ မီတာ ၊ ၁၅ မီတာ။
ယခုအချိန်တွင် ဆယ့်ခုနစ်ရောင်ခြယ်မီးပင်လယ်ကိုကြည့်ရသည်မှာ မီးအမျိုးအစားအားလုံး၏ ဘုရင်အလား။ ပြင်းထန်သော ထစ်ခြုန်းသံများ ပဲ့တင်ထပ်လာပြီး မီးတောက်များမှာ ချုပ်ချယ်မခံလိုသည့်အလား တဖွားဖွားယိမ်းနွဲ့ကခုန်လာတော့သည်။
သို့သော် ပေါက်ကွဲမှုများအားလုံးကို ၁၅ မီတာ အကျယ်အဝန်းမှာသာ ဖြစ်ပေါ်စေရန် ထိန်းချုပ်ထားလေသည်။ မီးပင်လယ်က ဆက်လက် ကျုံ့လာနေစဥ် အံသြဖွယ် ပြောင်းလဲမှုများ စတင်ဖြစ်ပေါ်လာ၏။ မီးသည် ပို၍ ပူလာပြီး ၄င်းအတွင်းရှိ ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်က တစ်ခုနှင့် တစ်ခုထပ်လာသည်။ ၄င်းမှာ အလွန်စူးရှတောက်ပသော မြင်ကွင်းဖြစ်သည့်အတွက် ပိုင်ရှောင်ချန်း၏ နတ်ဘုရားအာရုံပင်လျှင် ပြတ်ပြတ်သားသားမြင်ရအောင် ပြုလုပ်မပေးနိုင်ပေ။
ထိုမျှသာမက ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်၏ မတူညီသော အရောင်များ တလက်လက်ဖြစ်သွားစဥ်.... နောက်ထပ်အရောင်ကို မြင်လာရလေသည်။
" ဒါက နောက်ဆုံးအရေးကြီးဆုံး အခိုက်အတန့်ပဲ " သူက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ ဖန်တီးနည်းအရ ၁၅ မီတာ အကျယ်အဝန်းအတွင်း ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ပေါ်လာမည် ဖြစ်သည်။ ၄င်းမှာ အရေးအကြီးဆုံးအဆင့်ဖြစ်သဖြင့် သူ၏အမြင်များ မည်မျှဝေဝါးနေသည့်တိုင်အောင် နောက်ထပ်အရောင်ကို ရှာရမည်ဖြစ်သည်။
သူ ရှာတွေ့လျှင် ၄င်းအပေါ်တွင် နတ်ဘုရားအာရုံကို ပိတ်လှောင်လိုက်သည်နှင့် ထိုအရောင်က ကျယ်ပြန့်လာပြီး ... ဆယ့်ရှစ်ခုမြောက်အရောင် ဖြစ်လာမည် ဖြစ်သည်။
ထိုအချိန်တွင် သူသည် ဆယ့်ရှစ်ရောင်ခြယ် ဝိညာဥ်ဆေးတစ်လုံးကိုသော်လည်းကောင်း၊ မီးတောက်များကို တောက်လျှောက်ဖိနှိပ်လျှင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ကိုသော်လည်းကောင်း ပြုလုပ်နိုင်မည် ဖြစ်သည်။
သူ့အတွက် အခွင့်အရေးတစ်ခုသာ ရမည်ဖြစ်ပြီး သူမအောင်မြင်လျှင် မီးတောက်ပျောက်ကွယ်သွားမည် ဖြစ်သည်။
မီးပင်လယ် သေးလာသည်နှင့်အမျှ အရောင်များက ပို၍ နှေးကွေးစွာ လင်းလက်လာမည်ဖြစ်ရာ နောက်ထပ်အရောင်အသစ်ကို ရှာပြီးပိတ်လှောင်ရန် ပို၍ လွယ်ကူမည် ဖြစ်သည်။ ကံဆိုးစွာပင် ထိုသို့ပြုလုပ်ရန်အတွက် အင်အားပိုမို စိုက်ထုတ်ရမည်ဖြစ်ရာ ထိုအတောအတွင်း အန္တရာယ်ဖြစ်စေသော မတည်မငြိမ်မှုများ ဖြစ်နိုင်ချေ များလှသည်။
" ငါ နောက်ထပ် ကျရှုံးလို့မရဘူး "
သူက ဝင်လေ၊ထွက်လေများကို ထိန်းချုပ်လိုက်ရင်း ၁၅ မီတာ မီးပင်လယ်ကို စိုက်ကြည့်ကာ နောက်ထပ်အရောင်သစ်ကို ရှာဖွေရန် တတ်နိုင်သမျှ အပြင်းအထန် ကြိုးစားလိုက်သည်။ ကံဆိုးစွာပင် သူ၏နတ်ဘုရားအာရုံများကို မီးထဲသို့ စေလွှတ်လိုက်သည့် အချိန်တိုင်း တားဆီးခြင်း ခံလိုက်ရလေသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာပြီး သူ၏အာရုံစူးစိုက်မှု လျော့နည်းလာတော့သည်။
" ငါထပ်ပြီး ဖိနှိပ်ရမယ် "
သူက အခိုင်အမာအဆုံးအဖြတ် ချထားသည့်လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူက ဆယ့်ရှစ်ခုမြောက်အရောင်အား ရှာဖွေရန် အားထုတ်နေသည်ကို စွန့်လွှတ်လိုက်ပြီး မီးတောက်ကို ပို၍သေးငယ်သော အရွယ်အစားအထိ ဖိနှိပ်လိုက်သည်။ ၄င်းသည် ထောင့်ဖြတ် ၁၂ မီတာရှိလာပြီး အရောင်များက ပို၍နှေးကွေးစွာ လင်းလက်လာတော့သည်။