အခန်း (၅၄၄-၅၄၆)
Vol. 37 Ch. 544-546
Chapter 544 တိုက်ရိုက်သာ ချလိုက်
"ကဲ... အခုဆိုရင် သူ့ကို စပြီး သတ်လို့ရပြီ"
ကိုးဘုံငရဲရေခဲမီးတောက်မှ နောက်တစ်ကြိမ် ထွက်ပေါ်လာပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
ရှန်မိုမှာ မယုံနိုင်သလို သေချာကြည့်၍
"သူ့ကို ဘယ်လိုသတ်ရမှာလဲ"
ကိုးဘုံငရဲရေခဲမီးတောက်မှ
"တိုက်ရိုက်သာ ရိုက်ချလိုက်တော့… သူ့ရဲ့ အနှစ်သာရ ဗဟိုချက်ကို ပစ်မှတ်ထားပြီး သေအောင်ရိုက်ရုံပဲ"
ထိုသို့ပြောပြီးနောက် ၎င်းသည် ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံ၏ အနှစ်သာရ ဗဟိုချက်ကို လက်ညှိုးထိုးပြလိုက်သည်။
ရှန်မိုမှာ ဇဝေဇဝါဖြစ်သွားသော်လည်း
"ကောင်းပြီလေ"
သူ၏ အစွမ်းထက်လှသော ကိုယ်ခံပညာ နည်းစနစ်များဖြင့် ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံကဲ့သို့ ငြိမ်နေသော ပစ်မှတ်တစ်ခုကို ထိအောင်ရိုက်ရန်မှာ လွယ်ကူလှသည်။
"အဖိုးကြီး... အောင့်ခံထားပါဦး… ပြန်မခုခံနဲ့ဦးနော်"
ကိုးဘုံငရဲရေခဲမီးတောက်မှ တိုးတိုးလေး ပြောလိုက်သည်။
ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံ၏ အလင်းရောင်မှာ အသိအမှတ်ပြုသည့်သဘောဖြင့် အကြိမ်အနည်းငယ် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။
ရှန်မိုသည် သူ၏ 'စစ်သည်တော်ခေါင်းဆောင်' ဓမ္မရုပ်ပွားတော်ကို ချက်ချင်း အသက်သွင်းလိုက်ပြီး အရောင်နှစ်မျိုးပါသော ထာဝရမီးလျှံများ ဝေ့ဝဲနေသည့်ကြားမှ 'မဟာတောရိုင်း ကြယ်ကြွေခြင်း' ကွပ်ကဲမှုကို ထုတ်ဖော်လိုက်သည်။
ဝုန်း!
အရောင်နှစ်မျိုးစပ် ထာဝရမီးလျှံ လှံကြီးမှာ တည့်တည့်စိုက်ဝင်သွားသည်။
မီးလျှံ၏ အလင်းရောင်မှာ အနည်းငယ် မှိန်သွားသော်လည်း ခဏအကြာတွင် ပြန်လည် တောက်ပလာပြန်၏။
ကိုးဘုံငရဲရေခဲမီးတောက်မှ
"ဆက်လုပ် ဆက်လုပ်… အခု သူ့မှာ စွမ်းအင်တွေက အများကြီး ရှိနေသေးတာ… ဒါက အချိန်အတော်ကြာလိမ့်မယ်"
ရှန်မိုမှ အသာအယာ ခေါင်းငြိမ့်ပြီး အစွမ်းထက်သော ကိုယ်ခံပညာရပ်များကို ဆက်တိုက် ထုတ်ဖော်နေတော့သည်။ သူ၏ သွေးစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားမှာ ကြွယ်ဝလှသဖြင့် ပြန်လည် နာလန်ထူရန် နားနေဖို့ပင် မလိုပါချေ။ သို့သော်လည်း ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံ၏ ကျန်ရှိနေသော အသိစိတ်က ပြန်မတိုက်ရန် ထိန်းချုပ်ထားသည့်တိုင်အောင် ဤငြိမ်နေသော ပစ်မှတ်ကို ရိုက်ချရန် တစ်ရက်တိုင်တိုင် အချိန်ပေးရလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
တစ်ရက်တိတိ ကြာပြီးနောက်…
ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံ၏ တောက်ပမှုမှာ နောက်ဆုံးတွင် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားတော့သည်။ ရှန်မိုသည် အသက်ကို ပြင်းပြင်းရှူထုတ်ရင်း ခပ်နွမ်းနွမ်းလေး ပြုံးလိုက်မိသည်။
အလုပ်သမားတစ်ယောက်လို ပင်ပင်ပန်းပန်း လုပ်ခဲ့ရသည်ဟု သူ ပထမဆုံးအကြိမ် ခံစားလိုက်ရခြင်းပင်။
သို့သော် ထိုမီးလျှံကို ကြည့်လိုက်သည့်အခါ သူ၏အပြုံးမှာ ပိုမိုကျယ်ပြန့်လာသည်။ ပင်ပန်းရကျိုး နပ်ပေသည်။ ယခုအခါ ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံမှာ လေထဲတွင် တုန်ရီနေသည့် မီးစာကုန်ခါနီး ဖယောင်းတိုင်တစ်တိုင်ကဲ့သို့ ဖြစ်နေပြီး လေအဝှေ့လေးမှာပင် ငြိမ်းသွားတော့မည့်အလား ထင်ရသည်။ ရှန်မို၏ အလောတကြီး လျှောက်လိုက်သော ခြေသံကပင် ဤကျန်ရှိနေသော မီးပွားလေးကို ငြိမ်းသတ်ပစ်နိုင်လောက်သည်။
ကိုးဘုံငရဲရေခဲမီးတောက်မှ လေးနက်စွာဖြင့်
"ခင်ဗျားက နိဗ္ဗာန်အဆင့်ပဲ… နောက်ထပ်အဆင့်ကတော့ ခင်ဗျားအပေါ်မှာပဲ မူတည်တော့တယ်"
ရှန်မိုမှာ မျက်လုံးလေး ကလယ်ကလယ်ဖြင့်
"အရင်က အဆင့်တွေကျတော့ကော ငါ့အပေါ်မှာ မမူတည်လို့လား"
ကိုးဘုံငရဲရေခဲမီးတောက်မှာ အနေရခက်စွာ ပြုံးပြီး
"ဒီအဆင့်က အရေးအကြီးဆုံးမို့လို့ပါ"
"မကြာခင်မှာ ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံက ငြိမ်းသွားပြီး မီးမျိုးစေ့လေးပဲ ကျန်ခဲ့လိမ့်မယ်… ခင်ဗျားက အဲဒီမီးမျိုးစေ့ကို နတ်ဘုရားနန်းတော်ထဲကို လမ်းညွှန်ခေါ်ဆောင်သွားပြီး ခင်ဗျားရဲ့ များပြားလှတဲ့ နိဗ္ဗာန်အဆင့် သွေးစွမ်းအင်တွေနဲ့ ပြုစုပျိုးထောင်ပေးရမယ်… ဒီဖြစ်စဉ်ကတော့ နာကျင်လိမ့်မယ်"
ကိုးဘုံငရဲရေခဲမီးတောက်မှ အနည်းငယ် ချောင်းဟန့်လိုက်ပြီး
"ဘာလို့လဲဆိုတော့ ခင်ဗျား အဲဒါကို မျိုချရမှာမို့လို့ပဲ"
ရှန်မိုက အသာအယာ ခေါင်းငြိမ့်လိုက်သည်။ ထာဝရမီးလျှံကို မျိုချခြင်းမှာ သူ့အတွက် အသစ်အဆန်း မဟုတ်ပေ။ အရင်တုန်းကလည်း ချင်းရွှမ်ဂိုဏ်း၏ ချင်းရွှမ်ဂူထဲတွင် 'ကြာနီမီးလျှံ' ကို ဤနည်းအတိုင်းပင် လုပ်ဆောင်ခဲ့ဖူးသည်။
လေတစ်ချက် ဝှေ့ယမ်းသွား၏။
ထိုအခါ ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံမှာ လုံးဝ ကွယ်ပျောက်သွားတော့သည်။ ထိုနေရာတွင်မူ သာမန် ကျောက်ခဲသေးသေးလေးနှင့် တူသော မီးမျိုးစေ့လေးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ ပုံမှန်အားဖြင့်ဆိုလျှင် နောက်ထပ် သံသရာစက်ဝန်း တစ်ခုတွင် ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံ ပြန်လည် တောက်လောင်လာစေရန်အတွက် နှစ်ပေါင်းထောင်ချီ သို့မဟုတ် သောင်းချီတိုင်အောင် ကောင်းကင်မိုးကြိုးများကို စုပ်ယူရပေလိမ့်မည်။ သို့သော် ယခုအခါ ရှန်မိုသည် ထိုဖြစ်စဉ်ကို အဆပေါင်းများစွာ မြန်ဆန်အောင် လုပ်ဆောင်ရတော့မည်။
သူသည် ရှေ့သို့ လှမ်းတက်လိုက်ပြီး မီးမျိုးစေ့ကို ကောက်ယူလိုက်သည်။ သူ၏ လက်ချောင်းများမှာ ချက်ချင်းပင် ပြင်းထန်သော လောင်ကျွမ်းမှု ဝေဒနာကို ခံစားလိုက်ရ၏။ ကြာနီမီးလျှံကို ပထမဆုံး ထိတွေ့စဉ်ကထက် အဆပေါင်းများစွာ ပိုမို နာကျင်လှသည်။
သို့သော် ရှန်မိုသည် ထိုကဲ့သို့သော နာကျင်မှုမျိုးကို အကြိမ်ကြိမ် ခံနိုင်ရည်ရှိခဲ့သူ ဖြစ်သည်။
ထို့အပြင် ကိုးဘုံငရဲရေခဲမီးတောက်မှာ ယခုအခါ တစ်နေ့လျှင် ရှစ်နာရီကြာ သူ၏ ဓမ္မရုပ်ပွားတော်ကို လောင်ကျွမ်းပေးနေသည် မဟုတ်ပါလား။
ထိုကဲ့သို့ စဉ်ဆက်မပြတ် နာကျင်ရမှုမှာ ပို၍ပင် နှိပ်စက်ရာ ရောက်သေးသည်။ နာကျင်မှုသည် တဖြည်းဖြည်းနှင့် ပုံမှန်ဖြစ်လာသောအခါ လူသည်လည်း အသားကျသွားတတ်စမြဲပင်။
ရှန်မိုသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မီးမျိုးစေ့ကို မျိုချလိုက်သည်။ သူ၏ ပထမဆုံး တုံ့ပြန်မှုမှာ ရေပူသောက်လိုက်ရသလိုပင်။ သို့သော် အပူရှိန်မှာ ချက်ချင်းပင် ဟုန်ခနဲ တိုးလာတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အစာပြွန်၊ အစာအိမ်နှင့် ရင်ဘတ်တစ်ခုလုံးမှာ မီးလောင်နေသကဲ့သို့ ခံစားလိုက်ရတော့၏။
Chapter 545 မြန်မြန်လုပ် ငါ မစောင့်နိုင်ဘူး
နာကျင်လိုက်တာ… နာကျင်လိုက်တာ… တကယ်ကို နာကျင်လှချည်လား!
ပြင်းထန်လှသော နာကျင်မှုကြောင့် ရှန်မိုမှာ အာရုံစူးစိုက်ရန်ပင် မနည်းကြိုးစားနေရသည်။ သို့သော် ခဏတာမျှ စူးစူးရှရှ နာကျင်ပြီးနောက် သူ၏စိတ်မှာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာသည်။
"ဟုတ်ပြီ... ငါ ဒီမီးမျိုးစေ့ကို နတ်ဘုရားနန်းတော်ဆီ လမ်းညွှန်ခေါ်သွားပြီး ငါ့ရဲ့ နိဗ္ဗာန်အဆင့် သွေးစွမ်းအင်တွေနဲ့ ပြုစုပျိုးထောင်ပေးရမယ်"
ချက်ချင်းပင် ရှန်မိုသည် သူ၏သွေးစွမ်းအင်များကို အသုံးပြုကာ မီးမျိုးစေ့ကို ရစ်ပတ်လိုက်ပြီး နတ်ဘုရားနန်းတော်ဆီသို့ ပို့ဆောင်လိုက်သည်။ နောက်ထပ် နာရီအနည်းငယ် ကြာပြီးနောက်တွင်မူ မီးမျိုးစေ့သည် နတ်ဘုရားနန်းတော်အတွင်းသို့ ချောမွေ့စွာ ရောက်ရှိသွားတော့သည်။
ထိုအခိုက်အတန့်တွင် လောင်ကျွမ်းနေသော ခံစားချက်အားလုံးမှာ အစအနပင်မကျန် ပျောက်ကွယ်သွားသည်။ ရှန်မိုသည် တစ်ကိုယ်လုံးတွင် တစ်ခါမှမခံစားဖူးအောင် သက်သောင့်သက်သာရှိပြီး ပေါ့ပါးမှုကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်ပေါင်း သုံးသောင်းခြောက်ထောင်လုံးမှ အပူရှိန်များကို အပြင်သို့ ထုတ်လွှတ်ပေးနေသကဲ့သို့ပင်။
နတ်ဘုရားနန်းတော်အတွင်း၌မူ 'ကြာနီမီးလျှံ' နှင့် 'နေမင်းအဆီအနှစ်မီးလျှံ' တို့သည် ထိုမီးမျိုးစေ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။ သူတို့၏ ဗီဇကပင် ဤအရာမှာ သူတို့နှင့် အမျိုးအနွယ်တူဖြစ်ကြောင်း ပြောပြနေသည်။
"အခု နောက်ဆုံးအဆင့်ဖြစ်တဲ့ ပြုစုပျိုးထောင်ခြင်း ရောက်ပြီ… ဘယ်လောက်ပဲ သွေးစွမ်းအင်တွေ ကုန်ပါစေ သူပြန်ပြီး မတောက်လောင်မချင်း ရပ်လို့မရဘူး"
ကိုးဘုံငရဲရေခဲမီးတောက်မှ လေးနက်စွာ ပြောလိုက်သည်။
"ကောင်းပြီ"
ရှန်မို ခေါင်းငြိမ့်လိုက်၏။ သူသည် သူ၏သွေးစွမ်းအင်အားလုံးကို နတ်ဘုရားနန်းတော်ဆီသို့ စုပြုံစေလိုက်သည်။
ဝေါကနဲ—
သွေးစွမ်းအင်များသည် အားကောင်းသော မြစ်ကြီးများသဖွယ် နတ်ဘုရားနန်းတော်အတွင်းသို့ စီးဝင်လာပြီး မီးမျိုးစေ့ဆီသို့ ဦးတည်သွားတော့သည်။ သို့သော် မီးမျိုးစေ့မှာမူ ဧရာမ ရေမြှုပ်ကြီးတစ်ခုကဲ့သို့ပင်။
မည်မျှပင် သွေးစွမ်းအင်များ လောင်းထည့်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိသေးချေ။ အောက်ခြေမရှိသော တွင်းနက်ကြီးတစ်ခုနှင့်ပင် တူလှသည်။
ရှန်မိုသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သွေးစွမ်းအင်များကို ဆက်တိုက် ထိုးသွင်းပေးနေသည်။ သွေးစွမ်းအင်များ ကုန်ခမ်းသွားသည့်အခါ ကောင်းကင်ဘုံလက်ဆောင် ပစ္စည်းများ၊ စိတ်ဝိညာဉ်ဆေးလုံးများနှင့် ဆေးရည်များကို သုံးစွဲကာ သွေးစွမ်းအင်ကို အမြန်ဆုံး ပြန်လည်ဖြည့်တင်း၏။
မည်သို့ပင်ဖြစ်စေ 'ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံ' ဆိုသည်မှာ ထာဝရမီးလျှံတစ်ခု၊ ပြိုင်ဘက်ကင်းသော ကောင်းကင်ဘုံရတနာတစ်ခု မဟုတ်ပါလား။ 'ကောင်းကင်တာအို ဘဏ္ဍာတိုက်' မှာပင် ဤကဲ့သို့သော မီးလျှံမျိုးကို လဲလှယ်၍ မရနိုင်ပေ။
၎င်းမှာ မည်မျှအထိ ထူးခြားဆန်းပြားပြီး ပြိုင်စံရှားသည်ကို သက်သေပြနေခြင်းပင်။ ဤကဲ့သို့သော မီးလျှံမျိုးအား သံသရာစက်ဝန်းကို ကျော်လွန်၍ အတင်းအဓမ္မ နိုးထစေကာ ပြန်လည်တောက်လောင်စေဖို့ဆိုလျှင် အင်အားအမြောက်အမြား မရှိဘဲနှင့် လုံးဝ မဖြစ်နိုင်သည့်အရာပင်။
ရှန်မိုသည် ဤအရာများအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
နောက်ထပ် နာရီအနည်းငယ် ထပ်မံကုန်ဆုံးသွား၏။ ရှန်မိုသည် မီးမျိုးစေ့ထဲသို့ သွေးစွမ်းအင်များကို မနားတမ်း ထည့်ပေးနေဆဲဖြစ်သည်။ နောက်ဆုံးတွင်မူ အချိန်တစ်ခု၌ မီးမျိုးစေ့သည် ကြက်ဥခွံတစ်ခုကဲ့သို့ အက်ကွဲသွားတော့သည်။ ထိုအက်ကြောင်း ပေါ်လာခြင်းက ရှန်မိုနှင့် ကိုးဘုံငရဲရေခဲမီးတောက်တို့ နှစ်ဦးစလုံးကို ဝမ်းသာသွားစေသည်။ ရှန်မိုသည် အရှိန်ကို ချက်ချင်း မြှင့်လိုက်၏
သေချာပေါက်ပင်။
အက်ကြောင်းများမှာ ပို၍ များပြားလာသည်။ မကြာမီမှာပင် ထိုအက်ကြောင်းများသည် မီးမျိုးစေ့၏ မျက်နှာပြင်တစ်ခုလုံးတွင် ပင့်ကူအိမ်တစ်ခုကဲ့သို့ ပျံ့နှံ့သွားတော့သည်။ သွေးစွမ်းအင်မှာ အကန့်အသတ်တစ်ခုသို့ ရောက်ရှိသွားပြီး အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ထင်ရှားလှသည်။
"နောက်ဆုံးတစ်ချက်ပဲ!"
ရှန်မိုသည် ကျောက်စိမ်းပုလင်း အတော်များများကို ဆွဲယူကာ ဆေးလုံးအားလုံးကို ပါးစပ်ထဲသို့ ပဲစေ့စားသလို တစ်ပြိုင်နက် သွန်းလောင်းထည့်လိုက်သည်။ သူ၏အစာအိမ်မှာ ဧရာမ မီးဖိုကြီးတစ်ခုသဖွယ် ဖြစ်သွားပြီး ဆေးလုံးများကို သန့်စင်သော သွေးစွမ်းအင်အဖြစ် အမြန်ဆုံး ပြောင်းလဲကာ မီးမျိုးစေ့ထဲသို့ ထိုးသွင်းလိုက်သည်။
ဂျောက်!
ရွှေရောင်အလင်းတန်းများ ပွင့်ထွက်လာသည်။
ဝုန်းခနဲ အသံနှင့်အတူ မီးမျိုးစေ့၏ အပြင်ဘက်အခွံမှာ တစ်စစီ ကွဲကြေသွားတော့၏။ ထိုအတွင်း၌မူ သန့်စင်သော ရွှေရောင်မီးလျှံလေးတစ်ခု တိတ်ဆိတ်စွာ လောင်ကျွမ်းနေသည်။ ၎င်းမှာ ဆန်စေ့တစ်စေ့စာမျှသာ ရှိပြီး သေးငယ်ကာ ချစ်စရာကောင်းလှသည်။ သို့သော် ၎င်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာမူ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ခန့်ညားထည်ဝါလှသည်။ 'ကြာနီမီးလျှံ' နှင့် 'နေမင်းအဆီအနှစ်မီးလျှံ' တို့သည် ရှေးကျသော ဖိအားကို ခံစားလိုက်ရသဖြင့် အလိုအလျောက် အနောက်သို့ ဆုတ်ခွာသွားကြသည်။
ကိုးဘုံငရဲရေခဲမီးတောက် တစ်ခုတည်းသာ ချက်ချင်း ရှေ့သို့ တိုးလာသည်။
"အဖိုးကြီး... နောက်ဆုံးတော့ ပြန်တွေ့ကြပြီပေါ့"
ရှန်မိုလည်း ရင်ထဲတွင် တုန်လှုပ်သွားရသည်။ ကိုးဘုံငရဲရေခဲမီးတောက်နှင့် ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံတို့သည် ထိုစဉ်အခါက သက်ရှိလူသားများနှင့်အတူ နတ်ဆိုးများကို ပခုံးချင်းယှဉ်ကာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့ကြသည့် ရဲဘော်ရဲဘက်များ ဖြစ်ပေလိမ့်မည်။ အချိန်အတော်ကြာ ခွဲခွာပြီးမှ ပြန်လည်ဆုံတွေ့ရခြင်းဖြစ်ရာ ပြောစရာ စကားလုံးပေါင်း ထောင်ချီ၍ ရှိနေပေလိမ့်မည်။ ရှန်မိုပင်လျှင် စိတ်လှုပ်ရှားသွားမိ၏။
ရုတ်တရက် အသစ်ပြန်လည်မွေးဖွားလာသော ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံထံမှ စူးရှသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။
"နင်က ဘယ်သူ့ကို အဖိုးကြီးလို့ ခေါ်နေတာလဲ"
"အခု ငါက မိန်းကလေးငယ်လေး ဖြစ်သွားပြီ… နင်ကမှ အဖိုးကြီးဖြစ်နေတာ"
ကိုးဘုံငရဲရေခဲမီးတောက် : "..."
ရှန်မို : "..."
စောင့်စားခဲ့ရတဲ့ ပြန်လည်ဆုံတွေ့မှုက ဒါပဲလား။ ပြောစရာ စကားလုံးပေါင်း ထောင်ချီဆိုတာရော ဘယ်ရောက်သွားပြီလဲ။
"ဟိုတစ်ယောက်... မြန်မြန် သစ္စာခံပွဲ လုပ်ရအောင်လေ… ငါ အကြာကြီး မစောင့်နိုင်တော့ဘူး"
ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံက ထပ်ပြောလိုက်သည်။
"အဲ... ကောင်းပြီလေ"
ရှန်မို ခဏမျှ ကြောင်သွားသည်။
အဆင့် (၂) ရှိသော ထာဝရမီးလျှံ 'ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံ' က ဘာဖြစ်လို့ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ။
Chapter 546 ရွှေ့ဝူခံတပ်သို့ ပြန်လာခြင်း
"ပြီးသွားပြီလား"
ရှန်မိုသည် သူ၏ စိတ်အာရုံတစ်ဖက်တွင် အသစ်စက်စက် နိုးထလာသော အသိစိတ်ကို ခံစားမိလိုက်ပြီး နက်ရှိုင်းလှသော နတ်ဘုရားနန်းတော်အတွင်းရှိ ရွှေရောင်မီးလျှံသေးသေးလေးကို ကြည့်လိုက်သည်။ အရာအားလုံးမှာ စိတ်ကူးယဉ်ဆန်နေသလိုပင်။
ဖြစ်စဉ်တစ်ခုလုံးက အလွန်အမင်း ချောမွေ့လွန်းနေသည်။ မယုံနိုင်လောက်အောင်ကို ချောမွေ့လွန်းနေခြင်းပင်။
"အဲဒီအဖိုးကြီးက သူ့ရဲ့ဆင်းရဲဒုက္ခတွေထဲကနေ တစ်ယောက်ယောက်က လာကယ်ထုတ်ပေးမှာကို အသည်းအသန် မျှော်လင့်နေတာ… အခု ငါတို့ရောက်လာပြီဆိုတော့ သူ သေချာပေါက် ဝမ်းသာနေမှာပေါ့"
"ဒါ့အပြင် မင်းကလွဲလို့ ဒီအဆင့်ကို ရောက်အောင်လုပ်နိုင်တဲ့သူ နောက်တစ်ယောက်မှ မရှိဘူးလေ"
ကိုးဘုံငရဲရေခဲမီးတောက်မှ ရှန်မို၏ အတွေးကို ရိပ်မိသွားပြီး ချက်ချင်းပင် ပြောလိုက်သည်။
ရှန်မို အသာအယာ ခေါင်းငြိမ့်လိုက်သည်။ ထိုစကားမှာ မှန်ကန်လှပေ၏။
ရွှေ့ဝူခံတပ် ဆယ်ခုနှင့် နတ်ဆိုးနှိမ်နင်းရေးစစ်သည်တော် ရာပေါင်းများစွာ ရှိသည့်အနက် ယခုအချိန်တွင် သူတစ်ယောက်တည်းသာ နိဗ္ဗာန်အဆင့် ပညာရှင် ဖြစ်နေသည်။ သူတစ်ယောက်တည်းသာ သတ်မှတ်ချက်များနှင့် ကိုက်ညီသည်။ အခြေအနေအားလုံး စုံလင်သွားသည့်အခါ ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံကို ယဉ်ပါးအောင်လုပ်ဖို့ဆိုသည်မှာ သဘာဝကျကျပင် ရှောင်လွှဲ၍မရသော ရလဒ်တစ်ခုသာ ဖြစ်ပေသည်။
"သွားကြစို့… ဒါတွေကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ"
"ငါ ရွှေ့ဝူခံတပ်မှာ ပြင်ဆင်ထားတဲ့ နောက်ဆုံးဝှက်ဖဲ တစ်ခု ရှိသေးတယ်"
ရှန်မိုသည် မှောင်မိုက်အုံ့မှိုင်းနေသော ကောင်းကင်ကျွန်းကို နောက်ဆုံးတစ်ချက် ကြည့်လိုက်ပြီးနောက် တယ်လီပို့အစီအရင်ထဲသို့ လှမ်းဝင်ကာ နတ်ဆိုးပင်လယ်ဆီသို့ ပြန်လာခဲ့သည်။
သူ ရွှေ့ဝူခံတပ်သို့ ရောက်လာသည့်အခါ ခံတပ်မှာ ယခင်ကအတိုင်း ပြန်ဖြစ်နေပြီဖြစ်သည်။ သူ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးသော်လည်း နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော်များကြားမှ တိုးတိုးတိုးတိုး ပြောသံများကို ကြားလိုက်ရသည်။
"တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ… ပုံမှန်ဆို ကောင်းကင်ယံမှာ ပစ်ခတ်နေကျ နတ်ဘုရားမိုးကြိုးတွေက ဘာလို့ လျှို့ဝှက်ချက်မရှိ ပျောက်သွားရတာလဲ"
"ဟုတ်ပါ့ဗျာ… ထူးဆန်းလိုက်တာ… နတ်ဘုရားမိုးကြိုးတွေက ရက်အနည်းငယ်ခြားတစ်ခါ ပစ်နေကျလေ… အခု ဘာလို့ ဒီနေ့မှ ရုတ်တရက်ကြီး ရပ်သွားရတာလဲ"
"နတ်ဆိုးတွေ ဆုတ်ခွာသွားလို့ တော်သေးတာပေါ့… မဟုတ်ရင် ဒီမိုးကြိုးတွေ မရှိတော့တဲ့အချိန်မှာ ငါတို့ အထိနာကုန်မှာ"
ထိုစကားသံများကို နားထောင်ရင်း ရှန်မို ခပ်ဖွဖွ ပြုံးလိုက်သည်။
ကိုးမိုးကောင်းကင် နတ်ဘုရားမိုးကြိုးမီးလျှံကို ယဉ်ပါးအောင် လုပ်လိုက်ခြင်းကြောင့် နတ်ဆိုးပင်လယ် အထက်တွင် အမြဲရှိနေတတ်သော နတ်ဘုရားမိုးကြိုးများမှာ အစအနပင်မကျန် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုစဉ် သူ ရောက်ရှိလာမှုမှာ နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော်များ၏ အာရုံကို ဖမ်းစားလိုက်သည်။ သူတို့အားလုံး၏ မျက်နှာတွင် ရိုသေလေးစားမှုများ ပေါ်လွင်နေ၏။ အဝေးကပင် သူတို့ ရိုရိုသေသေ ဦးညွှတ်နှုတ်ဆက်ကြသည်။
"စစ်သူကြီး ရှန်မို!"
"စစ်သူကြီး ရှန်မိုကို ဂါရဝပြုပါတယ်ခင်ဗျာ!"
"စစ်သူကြီး ရှန်မို… ဘာဖြစ်လို့ ခံတပ်ကို ပြန်လာတာလဲခင်ဗျာ"
တပ်မှူးတစ်ဦးမှာ အလောတကြီး ပြေးလာပြီး ရှန်မို၏အနားသို့ ချဉ်းကပ်လိုက်သည်။
ရှန်မို ပြုံးလျက် ခေါင်းငြိမ့်ပြကာ
"စစ်သူကြီး ကျန်းကို လာတွေ့တာပါ"
ထိုတပ်မှူးမှ
"စစ်သူကြီး ကျန်းက အခုတလော လက်နက်တိုက်ထဲမှာပဲ ရှိနေတာပါ… ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
သူ ခေါင်းကို တရစပ် ညိတ်ရင်း ပြောသည်။
ရှန်မိုမှ လက်ကာပြလိုက်ပြီး
"မလိုပါဘူး… ငါ့ဘာသာငါ လမ်းသိပါတယ်"
ခဏအကြာတွင် ရှန်မိုသည် ရွှေ့ဝူခံတပ်၏ လက်နက်တိုက်သို့ ရောက်ရှိလာသည်။
ရှန်မို ဤနေရာတွင် 'တိမ်တိုက်သင်္ဘော' အမြောက်အမြားကို ဖန်တီးပြီး နာမည်ကျော်ကြားခဲ့ကတည်းက လက်နက်တိုက်သည် ခံတပ်အတွင်း အလွန်အချက်အချာကျသော ဌာနတစ်ခု ဖြစ်လာခဲ့သည်။ နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော် အများအပြားမှာ လက်နက်တိုက်ထဲသို့ ဝင်ခွင့်ရရန်ပင် အလုအယက် ကြိုးစားကြရ၏။ ထို့ကြောင့်ပင် လက်နက်တိုက်မှာ အလွန်စည်ကားနေတော့သည်။
တံခါးဝရှိ အစောင့်များမှာပင် အင်အားတောင့်တင်းလှသည်။ လူငယ်အစောင့်နှစ်ဦး ကင်းစောင့်နေကြ၏။ သူတို့၏ အဝါရောင်ဝတ်စုံကို ကြည့်ခြင်းအားဖြင့် သူတို့သည် ခံတပ်၏ နောက်တန်းမြို့တော်မှ အသစ်ရွေးချယ်ထားသူများ ဖြစ်ကြောင်း သိနိုင်သည်။
သူတို့ ရှန်မိုကို မမှတ်မိကြပေ။
သူ ချဉ်းကပ်လာသည်ကို မြင်သောအခါ ချက်ချင်းပင် တားဆီးလိုက်ကြသည်။
ဘယ်ဘက်မှ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်က
"ဟေ့... ဟေ့... ဟေ့... ဒီမှာက လက်နက်တိုက်ဗျ… ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ပေးမဝင်ဘူး"
ရှန်မိုမှာ ပြုံးလျက်
"ငါ ဒီကို ပစ္စည်းတစ်ခု လာယူတာပါ"
ညာဘက်မှ ထွားထွားကြိုင်းကြိုင်း လူငယ်က မျက်မှောင်ကြုတ်ကာ
"ပစ္စည်းလာယူတာ ဟုတ်လား… ဘာပစ္စည်းလဲ… ခွင့်ပြုချက် လက်မှတ်ရော ပါသလား"
လက်နက်တိုက်ဆိုသည်မှာ အရေးကြီးသော စစ်လက်နက်ပစ္စည်းများ ရှိရာနေရာ ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခု လွဲချော်သွားပါက အကျိုးဆက်မှာ ကြီးမားနိုင်ပေသည်။ ကျန်းလုံရှန့်ကလည်း ခွင့်ပြုချက်လက်မှတ်မပါလျှင် မည်သူ့ကိုမျှ ပေးမဝင်ရန် စည်းကမ်းသတ်မှတ်ထားပြီးသား ဖြစ်၏။
ထိုစဉ် သံချေးတက်နေသော သံတံခါးကြီးနောက်ကွယ်မှ လူရိပ်တစ်ခု ခုန်ထွက်လာသည်။ အစောင့်နှစ်ဦးမှာ ချက်ချင်းပင် အလေးပြုလိုက်ကြပြီး
"တပ်ကြပ်ကြီး လီ!"
အသားညိုညိုနှင့် ထိုလူငယ်က ခေါင်းအသာငြိမ့်ပြကာ စကားပြောရန် ပြင်လိုက်စဉ် ရှန်မိုကို လှမ်းမြင်သွားသည်။
သူ ခေတ္တမျှ မှင်တက်သွားပြီးနောက် မျက်နှာတွင် ဝမ်းသာအားရမှုများ ပြည့်လျှံသွားတော့၏။
"အစ်ကို... အစ်ကိုမို”