အခန်း (၅၄၇-၅၄၉)
Vol. 37 Ch. 547-549
Chapter 547 အရင်ဓလေ့တွေ ရှိတုန်းပဲမလား
ရှန်မို ခပ်ဖွဖွ ပြုံးလိုက်ပြီး
"ဟေးထန်း... မတွေ့တာ ကြာပြီနော်"
သူ နှုတ်ဆက်လိုက်သည်။
တစ်ဖက်လူမှာ လီဟေးထန်း ဖြစ်ပြီး ရှန်မိုနှင့်အတူ လက်နက်တိုက်တွင် အလုပ်လုပ်ခဲ့ဖူးသူ ဖြစ်သည်။ နောက်ပိုင်းတွင် ရှန်မိုမှာ နတ်ဆိုးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများတွင် တာဝန်ကျနေခဲ့သဖြင့် သူတို့နှစ်ဦး ဆုံဖြစ်ခဲကြသည်။
လီဟေးထန်း၏ မျက်ဝန်းများမှာ ချက်ချင်းပင် နီမြန်းလာပြီး
"အစ်ကိုမို... ဒါ တကယ်ပဲ အစ်ကိုလား… မတွေ့ရတာ တော်တော်ကြာပြီနော်… ကျွန်တော်ဆို အစ်ကို့ရုပ်ကိုတောင် မေ့တော့မလို့!"
ရှန်မိုက ခပ်တိုးတိုးရယ်ရင်း
"ကဲပါ... လာပါ… အထဲဝင်ပြီး စကားပြောရအောင်"
"လက်နက်တိုက်ရဲ့ ထူးခြားတဲ့ ရှေးရိုးစဉ်လာတွေကတော့ အခုထိ ရှိနေတုန်းပဲလား… ပျောက်မသွားသေးဘူးမလား"
လီဟေးထန်းက အားတက်သရော ခေါင်းငြိမ့်ပြကာ
"ဒါပေါ့... ရှိတာပေါ့!"
ထို့နောက် သူတို့နှစ်ဦး ဧရာမ သံတံခါးကြီးကို ကျော်ဖြတ်ဝင်ခဲ့ကြသည်။
တံခါးဝရှိ အစောင့်နှစ်ဦးမှာမူ မယုံနိုင်သလို ငေးကြည့်နေကြတော့၏။
ဘာကြီးလဲ… အစ်ကိုမို ဟုတ်လား။
လီဟေးထန်းက 'အစ်ကိုမို' လို့ ခေါ်နိုင်တဲ့သူက ဘယ်သူရှိဦးမှာလဲ။
ဒါ သေချာပေါက် စစ်သူကြီး ရှန်မိုပဲ ဖြစ်ရမယ်။
အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး လူငယ်မှ
"တကယ်ကြီး စစ်သူကြီး ရှန်မိုပါလား… သွားပြီ... ငါက သူ့ကို လူပြင်ပဆိုပြီး လက်နက်တိုက်ထဲ မဝင်အောင် တားမိလိုက်တယ်!"
သူ နောင်တတကြီး ညည်းတွားနေရှာသည်။
ထွားထွားကြိုင်းကြိုင်း လူငယ်ကမူ
"စစ်သူကြီး ရှန်မိုရဲ့ အဆင့်အတန်းနဲ့ဆိုရင် ငါတို့ကို အခက်တွေ့အောင် လုပ်မှာမဟုတ်ပါဘူး… စိတ်မပူပါနဲ့"
သူ ပြန်နှစ်သိမ့်ပေးလိုက်သည်။
အရပ်ရှည်ရှည် လူငယ်မှာ သက်ပြင်းချရင်း
"ဒါတောင်မှ စစ်သူကြီး ရှန်မိုက ဒီလောက်အထိ ဖော်ရွေလိမ့်မယ်လို့ ငါ မထင်ထားဘူး… ဓမ္မရုပ်ပွားတော်အဆင့် ပညာရှင်တစ်ယောက်ရဲ့ အရှိန်အဝါမျိုး လုံးဝ မပြဘူးပဲ"
"ဟုတ်တယ်… သူက တကယ့်ကို ရိုးရိုးသားသား ရှိလှတယ်… သူ့ရဲ့ အစွမ်းက ငါတို့ထက် အဆပေါင်းများစွာ သာလွန်နေလို့လည်း ဖြစ်မှာပါ"
ထွားထွားကြိုင်းကြိုင်း လူငယ်မှ ခေါင်းငြိမ့်ထောက်ခံလိုက်သည်။
လက်နက်တိုက် အတွင်းပိုင်းရှိ ကြမ်းပြင်မှာမူ ပြောင်လက်တောက်ပကာ ကျယ်ဝန်းလှပြီး ပျက်စီးယိုယွင်းသည့် အငွေ့အသက် လုံးဝမရှိချေ။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် လူများမှာ အလုပ်ရှုပ်လျက် ကူးလူးသွားလာနေကြသည်။ လီဟေးထန်းကို မြင်သည့်အခါတိုင်း လူတိုင်း ရိုသေစွာ ဦးညွှတ်နှုတ်ဆက်ကြ၏။
"တပ်ကြပ်ကြီး လီ!"
တစ်ချိန်တည်းမှာပင် သူနှင့်အတူ ပါလာသော စိမ်းသက်သည့် လူငယ်ကိုလည်း လူအများက စူးစမ်းစွာ ကြည့်နေကြသည်။ တပ်ကြပ်ကြီး လီက ဘယ်လိုဖြစ်ပြီး သူစိမ်းတစ်ယောက်ကို လက်နက်တိုက်ထဲ ခေါ်လာနိုင်ရတာလဲဟု သူတို့ တွေးနေကြသည်။
ဒါက စည်းကမ်းနှင့် မညီညွတ်ပါချေ။
ထိုစဉ် လူငယ်တစ်ဦးမှာ လီဟေးထန်းထံ အပြေးအလွှား ရောက်လာပြီး
"တပ်ကြပ်ကြီး လီ... တပ်ကြပ်ကြီး ဝူက အစ်ကို့ကို အခေါ်ခိုင်းလိုက်ပါတယ်… ပစ္စည်းက အဆင်သင့်ဖြစ်နေပါပြီ… သူက အစ်ကို့ကို လာပြီး စစ်ဆေးပေးစေချင်လို့ပါ"
သူ ရိုသေစွာ ပြောလိုက်သည်။
လီဟေးထန်း ခေါင်းငြိမ့်ပြကာ
"ကောင်းပြီ… ငါ အခုပဲ လာခဲ့မယ်"
ထို့နောက် သူ စိတ်လှုပ်ရှားစွာဖြင့်
"အစ်ကိုမို... လာဗျာ… ကျွန်တော်တို့ ဘာတွေ ဖန်တီးထားသလဲဆိုတာ အစ်ကို့ကို ပြချင်လို့!"
ရှန်မိုမှာ ပြုံးလျက်
"ကောင်းပြီလေ… ငါ့ရဲ့ ညွှန်ကြားချက်တွေကို မှတ်မိနေတာက ကောင်းတဲ့အချက်ပဲ"
လီဟေးထန်း ဂုဏ်ယူစွာဖြင့် တဟားဟားရယ်ကာ
"ဒါပေါ့ဗျာ… အဲဒီ ပစ္စည်း ရဲ့ ပုံစံထုတ်လုပ်နည်းတွေကို အစ်ကိုက ကျွန်တော်နဲ့ အဘိုးကြီးဝူဆီ ပေးခဲ့တာပဲ… အဓိက အစိတ်အပိုင်းတွေကိုလည်း အစ်ကိုကိုယ်တိုင် လုပ်ပြီး ပို့ပေးခဲ့တာ မဟုတ်လား… ကျွန်တော်နဲ့ အဘိုးကြီးဝူက အဲဒီအစိတ်အပိုင်းတွေကို ပေါင်းစပ်လိုက်ရုံပါပဲ… ဒါ့အပြင် ဒီကောင်ကြီးက ကျွန်တော်တို့ အရင်က လုပ်ဖူးသမျှ လက်နက်ကိရိယာတွေထက် အများကြီး ပိုကြီးသလို ပိုလည်း အစွမ်းထက်တယ်… ဒီကောင့်ကို ဖန်တီးတဲ့သူတွေထဲမှာ ပါဝင်ရတာ ကျွန်တော်နဲ့ အဘိုးကြီးဝူအတွက်တော့ တကယ့်ကို ဂုဏ်ယူစရာပဲဗျ”
ရှန်မို အားရပါးရ ရယ်မောလိုက်ပြီး
"ကဲ... လာပါဦး… မင်းတို့နဲ့ မတွေ့ရတဲ့ နှစ်တွေအတွင်းမှာ မင်းရဲ့ လက်နက်ပြုလုပ်တဲ့ ပညာရပ်တွေ ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာ ကြည့်ရသေးတာပေါ့!"
သူတို့နှစ်ဦးသည် တစ်ဦးနောက် တစ်ဦးလိုက်လျက် ခြေလှမ်းကျဲကျဲဖြင့် 'အဆင့်အေ ဂိုဒေါင်' ဆီသို့ ရောက်ရှိလာကြသည်။ ဝမ်ရှင်းအန်း လက်နက်တိုက်ကို မစီမံတော့ကတည်းက ဤဂိုဒေါင်သည် လက်နက်တိုက်အတွင်း အရေးအကြီးဆုံးသော တားမြစ်နယ်မြေ ဖြစ်လာခဲ့သည်။ ကျန်းလုံရှန့်၏ ကိုယ်ပိုင် အမိန့်လက်မှတ်မပါဘဲ မည်သူမျှ မဝင်ရချေ။ ဂိုဒေါင်၏ ပတ်ဝန်းကျင် ပေတစ်ရာခန့် အတွင်းမှာပင် တားမြစ်ဇုန် ဖြစ်နေသည်။
လီဟေးထန်းနှင့် ဝူကျန့်ယွန်းတို့ကမူ ကျန်းလုံရှန့် ကိုယ်တိုင်လက်မှတ်ထိုးပေးထားသော အမိန့်လက်မှတ်ကို ကိုင်ဆောင်ထားကြပြီး အားလပ်ချိန်တိုင်း ထိုဂိုဒေါင်ထဲသို့ ခိုးဝင်လေ့ရှိကြသည်။ လက်နက်တိုက်အတွင်းရှိ နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော်များမှာ အလွန်စူးစမ်းချင်နေကြသော်လည်း သူတို့နှစ်ဦး အထဲမှာ ဘာတွေလုပ်နေကြသလဲဆိုတာကိုတော့ လုံးဝ မသိရှိကြပေ။ လက်နက်တိုက်ရှိ အခြားတပ်ခွဲမှူးများမှာလည်း လီဟေးထန်းနှင့် ဝူကျန့်ယွန်းတို့ ရရှိထားသော အခွင့်အရေးများအပေါ် အတော်လေး မနာလိုဖြစ်နေကြ၏။
ယခုအခါ လီဟေးထန်းနှင့် စိမ်းသက်သော လူငယ်တစ်ဦးတို့သည် 'အဆင့်အေ ဂိုဒေါင်' ၏ တံခါးဝရှေ့တွင် ရပ်နေသဖြင့် အနီးနားရှိ နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော်များ၏ စူးစမ်းသောအကြည့်များကို ချက်ချင်းပင် ဖမ်းစားလိုက်တော့သည်။
ဤမျှ အရေးကြီးသော ဂိုဒေါင်အနီးသို့ ချဉ်းကပ်ခွင့်ရသည့် ဤသူစိမ်းမှာ မည်သူနည်း။ ကြည့်ရသည်မှာ သူလည်း အထဲသို့ပင် ဝင်တော့မည့်ပုံပင်။
Chapter 548 သူ ဘယ်သူလဲ သိလို့လား
မျက်လုံးတစ်ဖက်တည်းရှိသော တပ်ခွဲမှူးတစ်ဦးသည် ထိုမြင်ကွင်းကို အဝေးမှလှမ်းမြင်ကာ ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။
"ဟေ့... လီဟေးထန်း… မင်းနဲ့ ဝူကျန့်ယွန်းတို့ အထဲဝင်တာကိုတော့ ငါတို့ ဘာမှမပြောလိုပါဘူး… ဒါပေမဲ့ စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ဘယ်သူမှန်းမသိတဲ့ လူစိမ်းတစ်ယောက်ကို ဘာလို့ အထဲခေါ်သွားတာလဲ"
အနီးနားရှိ ထွားထွားကြိုင်းကြိုင်း တပ်ခွဲမှူးတစ်ဦးကလည်း
"ဟုတ်တယ်၊ စစ်သူကြီးကျန်းက သူ့ရဲ့ လက်မှတ်ပါတဲ့ အမိန့်စာရှိမှ အထဲဝင်ရမယ်လို့ ကိုယ်တိုင်ပြောထားတာဗျ"
သူ မကျေမနပ် ရေရွတ်သည်။
"ဒီလူ့မှာ အမိန့်စာ မပါဘူး… သူ အထဲဝင်လို့ မရဘူး"
သူတို့သည် အနီးနားရှိ သူတို့၏ လက်အောက်ငယ်သား နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော်များကို လှမ်းကြည့်လိုက်ကြသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် စစ်သည်တော်များက သဘောပေါက်သွားကြပြီး အသံကျယ်ကျယ်ဖြင့် ဝိုင်းအော်ကြတော့၏။
"ဟုတ်တယ် ဟုတ်တယ်… ပြင်ပလူတွေကို လက်နက်တိုက်ထဲ ခေါ်လာတာက စည်းကမ်းဖောက်ဖျက်တာပဲ… အခုကျမှ 'အဆင့်အေ ဂိုဒေါင်' ထဲကိုပါ လူခေါ်ဝင်ချင်တာလား… ဒါက လုံးဝကို တားမြစ်ထားတာဗျ!"
"တပ်ကြပ်ကြီးလီ… မင်းက ပုံမှန်ဆို စည်းကမ်းလိုက်နာတဲ့သူပဲ… ဒီနေ့ကျမှ ဘာလို့ စည်းကမ်းဖောက်ရတာလဲ"
"တပ်ကြပ်ကြီးလီအနေနဲ့ ဒီလုပ်ရပ်ကို ရပ်တန့်ဖို့ ငါတို့ တိုက်တွန်းချင်တယ်… မဟုတ်ရင် စစ်သူကြီးကျန်းဆီ ငါတို့ တိုင်ရလိမ့်မယ်”
ရှန်မိုသည် ရှေ့တန်းက တပ်မှူးများ၏ မျက်နှာအမူအရာများကို အကဲခတ်ပြီး သူတို့၏ စကားများကို နားထောင်ကာ အခြေအနေအတော်များများကို ချက်ချင်း သဘောပေါက်သွားသည်။ သို့သော် သူ ဘာမှမပြောဘဲ တည်ငြိမ်စွာ ပြုံးနေခဲ့၏။ ဤကဲ့သို့ သေးနုပ်သော ကိစ္စရပ်များမှာ သူကိုယ်တိုင် စကားပြောရန် မလိုအပ်ပေ။
လီဟေးထန်းမှာ အံ့အားသင့်သွားပြီး
"သူက ဘယ်သူလဲဆိုတာ မင်းတို့ သိကြလို့လား"
သူ ပြန်မေးလိုက်သည်။
မျက်လုံးတစ်ဖက်တည်းနှင့် တပ်ခွဲမှူးမှ နှာခေါင်းရှုံ့ကာ
"ဘယ်သူပဲဖြစ်ဖြစ် ခွင့်မပြုနိုင်ဘူး… သူက စစ်သူကြီးကျန်းရဲ့ သားဖြစ်နေရင်တောင် ဂရုမစိုက်ဘူး”
ထွားထွားကြိုင်းကြိုင်း တပ်ခွဲမှူးကလည်း လေးနက်စွာဖြင့်
"စည်းကမ်းဆိုတာ စည်းကမ်းပဲ… ဖောက်ဖျက်လို့မရဘူး"
ဂျောက်။
တံခါးကြီးမှာ အနည်းငယ် ပွင့်ဟလာသည်။
ဝူကျန့်ယွန်းမှာ မျက်မှောင်ကြုတ်လျက် အပြင်သို့ ထွက်လာ၏။
"ဘာတွေ ဆူညံနေကြတာလဲ… ငါတို့ အလုပ်လုပ်လို့တောင် မရတော့ဘူး"
လီဟေးထန်းကို မြင်သောအခါ သူ ချက်ချင်းပင်
"ဟေးထန်း၊ မြန်မြန်လာလေ… ဒီမှာ ပစ္စည်းက နောက်ဆုံးအဆင့်ကို ရောက်နေပြီ… မင်းရဲ့ စစ်ဆေးမှုကို စောင့်နေတာ… စစ်သူကြီး ရှန်မို သတ်မှတ်ပေးထားတဲ့ အချိန်မတိုင်ခင် အပြီးသတ်ရမှာ..."
စကားမဆုံးခင်မှာပင် လီဟေးထန်း၏ အနားတွင် ရှိနေသော ရှန်မိုကို သူ မြင်သွားသည်။ နှစ်ပေါင်းများစွာ ကြာမြင့်သွားသော်လည်း ရှန်မို၏ မျက်နှာမှာ လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။ သူ၏ မျက်လုံးများမှာ ချက်ချင်း ပြူးကျယ်သွားတော့သည်။
"စစ်သူကြီး... စစ်သူကြီး ရှန်!"
သူသည် မယုံနိုင်လောက်အောင် ဖြစ်သွားသည့် လေသံဖြင့် အော်ဟစ်လိုက်လေ၏။
သူ၏ အော်သံကြောင့် မျက်လုံးတစ်ဖက်တည်းနှင့် တပ်ခွဲမှူး၊ ထွားထွားကြိုင်းကြိုင်း တပ်ခွဲမှူးနှင့် ဆူညံနေသော နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော်များ အားလုံး တောင့်ခဲသွားကြသည်။
စစ်သူကြီး ရှန် ဟုတ်လား။
ရွှေ့ဝူခံတပ်မှာ စစ်သူကြီး ရှန် ဘယ်နှစ်ယောက် ရှိလို့လဲ။ တစ်ယောက်တည်းပဲ ရှိသည်။
ရှန်မို!
ကျန်းလုံရှန့်သည် သူ့မှာ တစ်ခုခုဖြစ်ခဲ့လျှင် ရှန်မိုသည် ရွှေ့ဝူခံတပ်၏ စစ်သူကြီးအဖြစ် ချက်ချင်း တာဝန်ယူနိုင်ကြောင်း လူသိရှင်ကြား ကြေညာထားပြီးသား ဖြစ်၏။ သို့သော် ရှန်မိုသည် နတ်ဆိုးပင်လယ်၏ အနက်ရှိုင်းဆုံးနေရာများတွင် တာဝန်ကျနေသည်မှာ ကြာပြီဖြစ်ရာ မည်သူမျှ မတွေ့ရတော့ပေ။ လူအများက ရှန်မိုကို မျက်နှာလိုမျက်နှာရ လုပ်ရန် ကြိုးစားကြသော်လည်း သူ၏ အရိပ်အယောင်ကိုပင် မတွေ့ခဲ့ကြရချေ။
ယခုမူ သူတို့ရှေ့တွင် ရှန်မိုကို တကယ်ကြီး မြင်နေရပြီလား။
မျက်လုံးတစ်ဖက်တည်းနှင့် တပ်ခွဲမှူးနှင့် ထွားထွားကြိုင်းကြိုင်း တပ်ခွဲမှူးတို့မှာ နေရာမှာတင် စကားပင် ထစ်ကုန်ကြသည်။
"စစ်... စစ်သူကြီး ရှန်... စစ်သူကြီး ရှန်မို..."
ရှန်မိုမှာ ပြုံးလိုက်ပြီး
"လူကြီးမင်းတို့ခင်ဗျာ… ကျွန်တော့်မှာ စစ်သူကြီးကျန်းရဲ့ လက်မှတ်ပါတဲ့ အမိန့်စာ မရှိပါဘူး… ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမှတ်အသား တံဆိပ်ပြားပဲ ရှိပါတယ်"
သူသည် သူ၏ နတ်ဆိုးနှိမ်နင်းရေး စစ်သူကြီး တံဆိပ်ပြားကို ထုတ်ယူကာ ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းပြလိုက်သည်။
"အခု အထဲဝင်လို့ ရပြီလား"
တပ်ခွဲမှူးနှစ်ဦးမှာ ခေါင်းကို အဆက်မပြတ် ငြိမ့်ကြပြီး
"ရပါတယ် ရပါတယ်… သေချာပေါက် ရတာပေါ့!"
နောင်တစ်ချိန်မှာ ရွှေ့ဝူခံတပ်တစ်ခုလုံးက စစ်သူကြီးပိုင်မှာပဲဟာ… စစ်သူကြီး ဝင်လို့မရတဲ့ နေရာဆိုတာ ဘယ်ရှိပါ့မလဲ။
ရှန်မို၊ လီဟေးထန်းနှင့် ဝူကျန့်ယွန်းတို့ 'အဆင့်အေ ဂိုဒေါင်' အတွင်းသို့ ဝင်သွားသည်ကို ကြည့်ရင်း သူတို့သည် စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်ကြ၏။ အနီးနားရှိ နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော်များမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး
"အိုး... ဒီနေ့ ရာသီဥတုက တကယ်သာယာတာပဲ"
"ဗိုက်ဆာလိုက်တာ… တစ်ခုခု သွားစားရအောင်"
"ရေငတ်လိုက်တာ… ဝိုင်လေး ဘာလေး သောက်ချင်ပြီ"
တစ်ယောက်ပြီးတစ်ယောက် ဆင်ခြေပေးကာ အရိပ်အယောင်ပင် မကျန်အောင် ပျောက်ကွယ်သွားကြတော့သည်။
မျက်လုံးတစ်ဖက်တည်းနှင့် တပ်ခွဲမှူးနှင့် ထွားထွားကြိုင်းကြိုင်း တပ်ခွဲမှူးတို့ နှစ်ဦးတည်းသာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်ဖြင့် ထိုနေရာတွင် ကျန်ရစ်ခဲ့၏။
"အစ်ကိုရာ... စစ်သူကြီး ရှန်မို ပြန်ထွက်လာရင် ငါတို့ တောင်းပန်ကြရအောင်"
မျက်လုံးတစ်ဖက်တည်းနှင့် တပ်ခွဲမှူးမှ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။ ထွားထွားကြိုင်းကြိုင်း တပ်ခွဲမှူးကမူ သူ၏မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး
"ငါတော့ ရွှေ့ဝူခံတပ်မှာ ဆက်နေဖို့ မျက်နှာမရှိတော့ဘူး..."
"ငါကျတော့ရော ရှိနေလို့လား" မျက်လုံးတစ်ဖက်တည်းနှင့် တပ်ခွဲမှူးမှာ ပို၍ပင် ငိုချင်စိတ် ပေါက်သွားတော့သည်။
သူတို့သည် အနာဂတ် ခံတပ်အရှင်သခင်ကို ခုလေးတင်မှ စော်ကားမိထားခြင်း ဖြစ်သည်။ ရွှေ့ဝူခံတပ်မှာ သူတို့အတွက် ခြေချစရာ နေရာ ရှိပါဦးမည်လော။
Chapter 549 – အစ်ကိုမိုက စိတ်ဝိညာဉ်ကျောက်တုံးမရှိဘဲ ဘယ်လိုလုပ်မလဲ
'အဆင့်အေ ဂိုဒေါင်' အတွင်းပိုင်း၌မူ။
ဧရာမ အရာဝတ္ထုကြီးတစ်ခုကို လှမ်းမြင်လိုက်ရသည်။ ၎င်း၏ ပုံပန်းသဏ္ဌာန်မှာ 'မီးလျှံနဂါး တိမ်တိုက်သင်္ဘော' နှင့် 'ဧရာမကျူး တိမ်တိုက်သင်္ဘော' တို့နှင့် ဆင်တူသော်လည်း အရွယ်အစား ကွာခြားချက်မှာမူ အလွန်ပင် ကြီးမားလှသည်။ ၎င်း၏ အလျားမှာ အနည်းဆုံး ပေနှစ်သောင်းကျော်ရှိပြီး အနံမှာလည်း ပေငါးထောင်မက ရှိပေသည်။
လီဟေးထန်းမှာ သွားဖြဲနားဖြဲ ရယ်ပြရင်း
"အစ်ကိုမို... ကျွန်တော်တို့ အစ်ကို့ရဲ့ ညွှန်ကြားချက်တွေကို တစ်ခါမှ မမေ့ခဲ့ပါဘူးဗျာ"
ဝူကျန့်ယွန်းကလည်း ထိုဧရာမ တိမ်တိုက်သင်္ဘောကြီးကို အသာအယာ ပွတ်သပ်ရင်း တိုးတိုးလေး ပြောရှာသည်။
"ကျွန်တော့်တစ်သက်မှာ ဒီလို နတ်ဘုရားလက်နက်မျိုး ဖန်တီးတဲ့နေရာမှာ ပါဝင်ခွင့်ရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ဘူး… စစ်သူကြီးရှန်... ကျွန်တော့်ဘဝကတော့ တန်သွားပါပြီဗျာ”
ရှန်မို ပြုံးလိုက်ပြီး
"ဒါလေးနဲ့တင် ကျေနပ်နေပြီလား… နောင်ကျရင် ဒီထက် ပိုပြီး အစွမ်းထက်တဲ့ လက်နက်ကိရိယာတွေကို မဖန်တီးချင်တော့ဘူးလား"
ဝူကျန့်ယွန်းနှင့် လီဟေးထန်းတို့ မှင်တက်သွားကြပြီး "ဒီထက် ရှိသေးတာလား"
သူတို့ ပြိုင်တူ မေးမိကြသည်။
ရှန်မိုမှာ တဟားဟား ရယ်မောရင်း
"ဒါပေါ့… ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီ 'ပျံလွှားနဂါး တိမ်တိုက်သင်္ဘော'ကိုပဲ အာရုံစိုက်ကြရအောင်"
ဤသည်မှာ 'ပျံလွှားနဂါး တိမ်တိုက်သင်္ဘော' ပင်။
အရင်တုန်းကတော့ ရှားပါးပစ္စည်းများနှင့် ရတနာများစွာ လိုအပ်နေခြင်းကြောင့် လုပ်ငန်း မစတင်နိုင်ခဲ့ပေ။ ဤနှစ်များအတွင်း ရှန်မိုသည် သူ၏ကျင့်ကြံခြင်းမှ အားလပ်သည့် အချိန်တိုင်းတွင် ဤတိမ်တိုက်သင်္ဘော၏ အဓိက အစိတ်အပိုင်းများကို ဖန်တီးခဲ့သည်။ ထို့နောက် သူယုံကြည်ရသော နတ်ဆိုးနှိမ်နင်းရေး စစ်သည်တော်များမှတစ်ဆင့် ရွှေ့ဝူခံတပ်ရှိ လီဟေးထန်းနှင့် ဝူကျန့်ယွန်းတို့ထံသို့ ပေးပို့ခဲ့၏။ သူတို့နှစ်ဦးမှာမူ သင်္ဘော၏ ရိုးရှင်းသော အစိတ်အပိုင်းများကို သွန်းလုပ်ခြင်းအား တာဝန်ယူခဲ့ကြသည်။
စုစုပေါင်း သုံးနှစ်ခန့် အချိန်ယူပြီးမှ ဤစီမံကိန်း ပြီးဆုံးခဲ့ခြင်းဖြစ်လေ၏။
သေချာပါသည်၊ သူတို့ရှေ့ရှိ ပျံလွှားနဂါး တိမ်တိုက်သင်္ဘောကြီးမှာ အခွံသက်သက်သာ ရှိပါသေးသည်။ ၎င်းမှာ ရွေ့လျားခံတပ်ကြီးတစ်ခုနှင့် တူလှသည်။ အမြင်အားဖြင့် ခန့်ညားထည်ဝါသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာမူ အပြည့်အဝ မရှိသေးချေ။ သင်္ဘောသားများ အပြည့်အစုံ ပါဝင်မှသာ ၎င်း၏ တကယ့်အစွမ်းကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
"မီးလျှံနဂါး တိမ်တိုက်သင်္ဘောနဲ့ ဧရာမကျူး တိမ်တိုက်သင်္ဘောတွေ ဘယ်နှစင်း ပြင်ထားပြီးပြီလဲ"
ရှန်မိုမှ မေးလိုက်သည်။
လီဟေးထန်းမှ လက်တစ်ဖက်ကို ထောင်ပြကာ
"တစ်မျိုးကို ငါးစင်းစီ ရှိပါတယ်ဗျ… တခြားခံတပ်တွေကို ရောင်းတဲ့ အညံ့စားတွေ မဟုတ်ဘူးနော်… အစွမ်းအပြည့်ပါတဲ့ အကောင်းစားတွေချည်းပဲ"
ဝူကျန့်ယွန်းကလည်း
"အဆင့်နိမ့် 'လင်းယုန်နက် တိမ်တိုက်သင်္ဘော'နဲ့ 'နှင်းလင်းယုန် တိမ်တိုက်သင်္ဘော' တွေကိုလည်း အများကြီး လုပ်ထားပြီးပါပြီ… ပျံလွှားနဂါး တိမ်တိုက်သင်္ဘောကြီးကို အပြည့်အစုံ တပ်ဆင်ဖို့ လုံလောက်ပါတယ်"
သူ တိုးတိုးလေး ဖြည့်စွက်ပြော၏။
ရှန်မို ပြုံးလိုက်ပြီး
"ကောင်းပြီ… ဒါဆိုရင်တော့ ပျံလွှားနဂါး တိမ်တိုက်သင်္ဘောက ပြည့်စုံသွားပြီပေါ့… မင်းတို့ နတ်ဆိုးတွေရဲ့ လက်ရှိအခြေအနေကို ကြားပြီးပြီမလား"
လီဟေးထန်း ခေါင်းငြိမ့်ပြကာ
"သူတို့ရဲ့ စိတ်ဓာတ်တွေ ပြိုလဲနေပြီလို့ ကြားတယ်ဗျ… သူတို့ကို သတ်ရတာက မြက်ရိတ်ရသလို လွယ်နေတယ်ဆိုပဲ"
ဝူကျန့်ယွန်းကလည်း
"ကျွန်တော်လည်း ကြားပါတယ်… တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ"
ရှန်မိုမှ ခေါင်းငြိမ့်ပြလိုက်ပြီး
"အဲဒါနဲ့ သိပ်မကွာပါဘူး… သူတို့ရဲ့ ခေါင်းဆောင်ဆီမှာ တစ်ခုခုဖြစ်သွားလို့ နတ်ဆိုးတွေရဲ့ စိတ်ဓာတ်တွေ ပြိုလဲကုန်တာပါ… အခြေအနေတွေက ဒီအတိုင်း ဆက်သွားမယ်ဆိုရင် နတ်ဆိုးတွေနဲ့ ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲက မကြာခင် ဖြစ်လာတော့မယ်… ဒါပေမဲ့ အဲဒီတိုက်ပွဲက ပင်လယ်ပြင်မှာ မဟုတ်ဘဲ နတ်ဆိုးပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာ ဖြစ်နိုင်တယ်… ဒါကြောင့် တယ်လီပို့ အစီအရင်တွေကို အဆင်သင့် ပြင်ထားဖို့ လိုတယ်… ပျံလွှားနဂါး တိမ်တိုက်သင်္ဘောကြီးလို ဧရာမ အရာဝတ္ထုကြီး တယ်လီပို့ အစီအရင်ကနေ ဖြတ်သွားဖို့ဆိုရင် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြား လိုလိမ့်မယ်"
ရှန်မိုမှာ သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ယူကာ လှမ်းပစ်ပေးလိုက်သည်။
"မင်းတို့ဆီမှာရှိတဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးတွေက လောက်မှာမဟုတ်ဘူး… ဒီလက်စွပ်ထဲက ကျောက်တုံးတွေဆိုရင်တော့ လုံလောက်မှာပါ"
လီဟေးထန်း လက်စွပ်ကို ဖမ်းယူကာ ဖွင့်ကြည့်လိုက်ရာ အထဲမှ အလင်းရောင်ကြောင့် မျက်စိပင် ကျိန်းသွားတော့သည်။ လက်စွပ်အတွင်း၌ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများမှာ တောင်ငယ်တစ်လုံးသဖွယ် ပုံနေလေသည်။
"မဟုတ်ဘူး မဟုတ်ဘူး… ဒါက အများကြီးပဲဗျ… အစ်ကိုက ဒါတွေအကုန် ကျွန်တော်တို့ကို ပေးလိုက်ရင် အစ်ကိုကျတော့ ဘယ်လိုလုပ်မလဲ"
သူ လက်စွပ်ကို အတင်းပြန်ပေးရန် ကြိုးစားတော့သည်။
ရှန်မိုမှာ ခပ်တိုးတိုးရယ်ရင်း
"ငါ့မှာ ဒီလို သိုလှောင်လက်စွပ် ခြောက်ကွင်းတောင် ရှိသေးတယ်"
လီဟေးထန်းနှင့် ဝူကျန့်ယွန်းတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံ့ဩတကြီးဖြင့် ငေးနေမိ၏။
ခြောက်... ခြောက်ကွင်းတောင်လား။
အစ်ကိုမိုရဲ့ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး လက်ကျန်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ ဤသို့ဆိုလျှင်တော့ ငြင်းဆန်နေဖို့ မလိုတော့ချေ။
"ဒါကို သိမ်းထားလိုက်… ငါ စစ်သူကြီးကျန်းကို သွားတွေ့ဦးမယ်"
ရှန်မိုမှ အမှာစကား အချို့ကို ထပ်မံပြောကြားပြီးနောက် လက်နက်တိုက်မှ ထွက်ခွာကာ ရွှေ့ဝူခံတပ်ရှိ မြင့်မားသော မျှော်စင်ကြီးဆီသို့ ဦးတည်လိုက်သည်။ နောက်ဆုံးတိုက်ပွဲ မတိုင်မီ သူ ကျန်းလုံရှန့်နှင့် ဆွေးနွေးစရာ အချို့ ရှိနေပေသည်။