စိတ်လှုပ်ရှားစရာ အဖြစ်အပျက်များ
Vol. 8 Ch. 783
၁၅ မီတာ အရွယ်အစားနှင့် နှိုင်းယှဥ်လျှင် အရှိန်လျှော့လိုက်သည်က အလွန်သေးငယ်သည်။ တကယ်တမ်းဆိုရလျှင် လူအများစုပင် ကွဲပြားမှုကို သတိပြုမိနိုင်မည်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းက မီးပင်လယ်ကို အလွန်အာရုံစိုက်ထားသဖြင့် ကွဲပြားမှုကို ချက်ချင်းပြောနိုင်၏။
သို့တိုင် ထိုပြောင်းလဲမှုနှင့်ပင် ၁၂ မီတာ မီးပင်လယ် အတွင်းရှိ တလက်လက်တောက်ပနေသော အရောင်များကို နတ်ဘုရားအာရုံဖြင့် ထိုးဖောက်၍ မရနိုင်သေးပေ။ ပိုင်ရှောင်ချန်း၏ မျက်လုံးများမှာ နီမြန်းနေပြီး အားအင်စိုက်ထုတ်ရခြင်းကြောင့် တစ်ကိုယ်လုံး တုန်ရီနေတော့သည်။ ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံ၊ စိတ်စွမ်းအင်နှင့် နတ်ဘုရားအာရုံတို့ကား အဆုံးစွန်ထိ ရောက်နေလေပြီ။
သို့စေကာမူ သူက မီးပင်လယ်ကို ထပ်မံ ချုံ့ရန် မကြိုးစားပေ။ သူက ဆယ့်ရှစ်ရောင်မြောက်ကို တစ်ဖန်ရှာလိုက်သည်။ ထို့နောက် ဒုတိယအကြိမ် ကြိုးစားသည်။ ထို့နောက် တတိယအကြိမ်.... အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းစာ အချိန်တိုလေးအတွင်း စုစုပေါင်းဆယ့်လေးကြိမ် ဖျတ်ခနဲ မြင်နိုင်သွားသည်။
" ဒီတော့ ငါမှန်တာပဲ။ ဒီတစ်ခေါက် ပိုအဆင်ပြေတယ်။ နောက်ဆုံးအခေါက်တုန်းက ကိုးကြိမ်ပဲ ရိပ်ခနဲမြင်နိုင်ခဲ့တာ။ ဒီတစ်ကြိမ်တော့ အရေအတွက်က ဆယ့်လေးအထိ တိုးလာပြီ "
သူ စိတ်ဓာတ် တက်ကြွလာ၏။ သို့သော် ၄င်းကို ရှင်းလင်းပြတ်သားစွာ ရိပ်ခနဲမြင်ရသည့်တိုင် နတ်ဘုရားအာရုံဖြင့် အရောက်မသွားနိုင်သေးပေ။ သူက သက်ပြင်းချလိုက်ပြီးနောက် အံတင်းတင်းကြိတ်ကာ ၁၂ မီတာ မီးပင်လယ်ဖြင့် ဆယ့်ရှစ်ရောင်ခြယ်မီးတောက် ဖြစ်ပေါ်ရန် ကြိုးစားအားထုတ်ခြင်းကို လက်လျှော့လိုက်သည်။ ထိုအစား သူက..... ထပ်မံ ချုံ့ရန် ရွေးချယ်လိုက်သည်။
ယင်းမှာ လက်ကြီးနှစ်ဖက်က မီးပင်လယ်အပေါ်သို့ ဖိချနေသည့်အလား။ ၄င်းထံမှ အခိုးအငွေ့များထွက်လာပြီး မငြိမ်မသက်ဖြစ်ကာ ယိမ်းနွဲ့လာသည်။ ပိုင်ရှောင်ချန်းက သူ၏ထိန်းချုပ်မှုနည်းလမ်းကို ရုတ်ချည်းပြင်လိုက်ပြီး ပြန်လည်တည်ငြိမ်သွားသောအခါ ဖိအားပေး၍ ၁၂ မီတာမှ.... ၉ မီတာ အထိ ကျုံ့သွားစေလိုက်သည်။
သူ့နဖူးတွင် ချွေးသီးချွေးပေါက်များ စီးကျလာသော်လည်း မီးပင်လယ်၏ ပြင်းထန်သော အပူဓာတ်၏ ကျေးဇူးကြောင့် အငွေ့ပျံသွားလေသည်။
ယခုအချိန်တွင် ပိုင်ရှောင်ချန်းမှာ စိတ်လှုပ်ရှားလျက် မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရတော့သည်။ မီးပင်လယ်ကို ၉မီတာအထိ ချုံ့ခြင်းသည် လုံးဝလိုအပ်မှသာ သူဆောင်ရွက်သော အရာတစ်ခုဖြစ်သည်။ ၄င်းက သူ့ကို စိတ်ပင်ပန်းသွားစေပြီး မီးပင်လယ်ကိုလည်း ယခင်ထက်ပို၍ တဟုန်းဟုန်းတောက်လောင်သွားစေသည်။
အားလုံးအထဲ အဆိုးဆုံးမှာ သူ၏မရေမတွက်နိုင်သော လေ့ကျင့်မှုများအရ ၉မီတာက နောက်ဆုံးကန့်သတ်ချက်တစ်ခုဖြစ်ကြောင်း သိရှိသွားသည်။
၆မီတာထိ ချုံ့ရန် ဖြစ်နိုင်သော်လည်း သူသာ လုပ်လိုက်လျှင် အချိန်အနည်းငယ်အတွင်း ဖျက်စီးခံလိုက်ရမည်ဖြစ်သည်။
သူ၏ စမ်းသပ်ချက်များအရ မီးပင်လယ်များကို ၆မီတာ အရွယ်အစားတစ်ခုအထိ ချုံ့နိုင်ပြီး ထိုသို့လုပ်ခြင်းအားဖြင့် တလက်လက်အရောင်များမှာ အလွန်နှေးကွေးသွားမည်ဖြစ်ကာ သူ၏နတ်ဘုရားအာရုံများကို ၎င်းအတွင်း စေလွှတ်လိုက်လျှင် စီမာတာအို၊ စွန်းရီဖန်တို့ရှေ့မှာ မီးတောက်ဖန်တီးခဲ့စဥ်က ဖြစ်ပွားခဲ့သည့်အတိုင်း ဖြစ်လာလိမ့်မည်ဟု သူ ယုံကြည်နေသည်။ သူက မီးတောက်အစစ်မဟုတ်ဘဲ မှိန်ဖျော့ဖျော့မီးတောက်အမျှင်တန်းလေးကိုသာ ဖန်တီးနိုင်မည် ဖြစ်သည်။
သူ့မျက်နှာဖုံး၏ စွမ်းအားများကြောင့်သာ လွန်ခဲ့သောလအနည်းငယ်က ထိုမီးအမျှင်တန်းလေးများကို သူ ဖန်တီးနေချိန်တွင် မည်သူမျှ အာရုံမရခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် အဆုံးသတ်ရလျှင် ပိုင်ရှောင်ချန်း လိုချင်သည်ကား မီးတောက်အမျှင်တန်းမဟုတ်ဘဲ.... လုံးဝပြည့်စုံသော ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တစ်ခု ဖြစ်ပေသည်။
" ၉ အလွန်ဆုံးပဲ "
သူက အားအင်စိုက်ထားသော တွက်ချက်မှုများဖြင့် မျက်လုံးများ စူးရှတောက်ပနေလျက် ရေရွတ်လိုက်သည်။ သိပ်အကြာကြီး သူဆက်သွားနိုင်မည်မဟုတ်ကြောင်း သူသိသည့််အတွက် သူ၏ စိတ်အာရုံကို ထိုမီးပင်လယ်ထဲ မီးေတာက်အရောင်အသစ် ရှာဖွေခြင်းတွင် အားစိုက်လိုက်သည်။
သူက ကမူးရှူးထိုး လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အလွန်စနစ်တကျ လုပ်ဆောင်လိုက်သည်။ ပထမဆုံးကြိုးစားမှု ကျရှုံးပြီးနောက် သူက ဒုတိယအကြိမ်ကြိုးစားသည်။ ထို့နောက် တတိယအကြိမ်.....။ လေးကြိမ်မြောက်တွင် ထိုအသစ်ဖြစ်ပေါ်လာသော မီးတောက်ကို သရုပ်ခွဲခဲ့ပြီးဖြစ်ကြောင်း သေချာသွားသောအခါ တုံ့ဆိုင်းမနေဘဲ သူ၏ နတ်ဘုရားအာရုံများကို စေလွှတ်လိုက်သည်။
သူ့မျက်လုံးများ တလက်လက်တောက်ပလာပြီး သူ၏နတ်ဘုရားအာရုံသည် အမြင်အာရုံနှင့် ပေါင်းစည်းသွားကာ ၉မီတာ မီးပင်လယ်ကို ဖောက်ထွင်း၍.... အသစ်ဖြစ်ပေါ်လာသောအရောင်ကို တွယ်ကပ်လိုက်သည်။
သူ၏ နတ်ဘုရားအာရုံသည် အရောင်အသစ်နှင့် ပေါင်းစပ်သွားစဥ် အရောင်မှာ အခြားအရောင်ဆယ့်ခုနစ်ရောင်နှင့် ရုန့်ရင်းဆန်ခတ်ဖြစ်နေသည့်အလား ပို၍တောက်ပလာတော့သည်။ ၉မီတာ မီးပင်လယ်က အခြားသော ဆယ့်ခုနစ်ရောင်ကို နိုင်ငံတစ်နိုင်ငံက ကျူးကျော်ဝင်ရောက်လာသော ရန်သူများကို ခုခံနေသည့်အလား ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေသည်ဖြစ်ရာ ထစ်ခြုန်းမြည်ဟည်းနေသည်။
သို့သော် ပိုင်ရှောင်ချန်းက အရာရာတိုင်းကို ထိန်းချုပ်နေပြီး အခြားဆယ့်ခုနစ်ရောင်ကို နှောင့်ယှက်ခွင့်မပေးပေ။ အချိန်တိုအတွင်းမှာပင် ဆယ့်ရှစ်ရောင်မြောက်သည် ပို၍တောက်ပလာပြီး ပို၍ အံ့သြဖွယ်ကောင်းလာတော့သည်။
ဆယ့်ရှစ်ရောင်မြောက်သည် ၉မီတာ မီးပင်လယ်အပြည့်တွင် ပေါ်လာသဖြင့်....
အခန်းတစ်ခန်းလုံးမှာ ပြင်းထန်စွာ တသိမ့်သိမ့်တုန်နေတော့သည်။
ထိုအခိုက်အတန့်တွင် မီးပင်လယ်က ဆယ့်ရှစ်ရောင်ခြယ်မီးတောက်အဆင့်သို့ တက်သွားပြီ ဖြစ်သည်မှာ ရှင်းလင်းပြတ်သားလာသည်။
၄င်းသည် မီးပင်လယ်သာ ရှိသေးသော်လည်း ပိုင်ရှောင်ချန်းလုပ်ရမည်မှာ မီးတောက်ဖန်တီးနည်းလမ်းကို အသုံးပြု၍ မီးတောက်သို့ ပြန်သွားရန် ဖြစ်သည့််အတွက် ထိုသည်မှာ မယုံနိုင်စရာကောင်းလောက်အောင် ခက်ခဲသောအရာမဟုတ်ပေ။
စိတ်အားထက်သန်မှုများနှင့် ရည်ရွယ်ထားသည်များအတွက် သူက ယခုတွင် ဆယ့်ရှစ်ရောင်ခြယ်မီးပင်လယ်ကို ကြည့်နေလေသည်။
မီးပင်လယ်ထဲတွင် ဆယ့်ရှစ်ရောင်မြောက်အရောင် ပေါ်လာသည့် အခိုက်အတန့်တွင် ထိုမီးက ကောင်းကင်၊ မြေကြီးတို့နှင့် ပေါင်းစည်းကာ ပြင်းထန်သော ပြောင်းလဲမှုများ ချက်ချင်းဖြစ်သွားစေသည့်အလား။
၎င်းတို့မှာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက် အသက်ဝင်ခဲ့ပြီဆိုသည့်အချက်ကို ညွှန်ပြနေသော သိသာထင်ရှားသည့် နိမိတ်လက္ခဏာများ ဖြစ်ပေသည်။
မည်သည့် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်မဆို လောကတစ်ခွင် တုန်ဟည်းသွားေစပြီး မိုးကောင်းကင်စမ်းသပ်ချက်ကဲ့သို့ အရာတစ်ခု ဖြစ်ပေါ်သွားစေသည်။ ပိုင်ရှောင်ချန်းက မီးတောက်အစစ်ကို ဖန်တီးရန် သူ့လက်သီးကို ဆုပ်လိုက်လျှင်တော့ ထိုနိမိတ်လက္ခဏာများက ကောင်းကင်နှင့် မြေကြီးတွင် သိသာထင်ရှားလာသည်အထိ ပို၍ ပြင်းထန်လာလိမ့်မည်။
ယခု မီးပင်လယ်အဆင့်မှာပင် ပိုင်ရှောင်ချန်း၏ မျက်နှာဖုံးဖြင့် လောလောဆယ် ဖုန်းကွယ်ထားခြင်းခံထားရသည့်တိုင် မယုံကြည်နိုင်ဖွယ် အခိုးအငွေ့များ ရှိနေသေးသည်။
" အလုပ်ဖြစ်ပြီ "
သူက တဆတ်ဆတ်တုန်ရင်း ကြွေးကြော်လိုက်သည်။ ယနေ့ကို သူစောင့်ဆိုင်းနေခဲ့ရသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်ပြီး သူက စမ်းသပ်ချက်များလုပ်ရင်း အချိန်များကုန်လွန်ခဲ့ရသည်။ လက်တွေ့စမ်းသပ်ချက်ပေါင်း မြောက်မြားစွာ လုပ်ခဲ့ရသည်။ ထို့ပြင် ရင်းမြင်းများအား မတန်တဆဖြုန်းတီးခဲ့ရသည်။ ထိုအရာအားလုံးသည်ကား ယခုအခိုက်အတန့်အတွက် ဖြစ်ပေသည်။
သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် တဒိန်းဒိန်းခုန်လာပြီဖြစ်သော်လည်း သူက အနည်းငယ် အသက်ရှူလိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ ထို့နောက် သူက လက်ချောင်းများကို လက်သီးဆုပ်အသွင် ပိတ်လိုက်၏။
၉မီတာ မီးပင်လယ်သည် အတွင်းထဲ၌ အော်ဟစ်နေသည့်အလား အပြင်းအထန် တဟုန်းဟုန်းတောက်လောင်ပြီး လူးလွန့်ကခုန်လာသည်။ ၄င်းက သူ၏ လက်ဖဝါးပေါ်တွင် ကျုံ့လာသော်လည်း အခိုးအငွေ့များက သူ့ကို တုံ့ဆိုင်းသွားစေသည်။
ထိုအခိုးအငွေ့များက သူ၏ မျက်နှာဖုံးမှလာနေခြင်းဖြစ်ပြီး ၄င်း၏စွမ်းအားများမှာ ယိမ်းယိုင်လှုပ်ရှားနေသည်။ ပိုင်ရှောင်ချန်းက သူ၏လက်ဖဝါးပေါ်တွင် ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တစ်ခုကို ဖန်တီးရန် မီးပင်လယ်ကို ဆွဲယူလိုက်လျှင်တော့ ထွက်ပေါ်လာသည့် ပြင်းထန်သော ပြောင်းလဲမှုများက ယခင်တစ်ခါ ဖြစ်ပျက်ခဲ့ဖူးသည့်အတိုင်း ဗဟိုဧကရာဇ်မြို့တော်ရှိ လူတိုင်းကို အသိပေးလိုက်မည်ဖြစ်သည်။
ထိုသည်က သူ၏လာမည့်အစီအစဥ်များအတွက် ပြဿနာများ ဖြစ်စေလိမ့်မည်။ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်က သူ၏ဝှက်ဖဲတစ်ချပ်ဖြစ်ပြီး အဆောတလျင် ဖော်ပြလိုက်လျှင် သူ၏ရန်သူများအတွက် ပြင်ဆင်ရန် အခွင့်အရေးရသွားလိမ့်မည်။
မျက်လုံးများတလက်လက်တောက်ပနေလျက် ပိုင်ရှောင်ချန်းက ထိုမီးတောက်ဖန်တီးခြင်းလမ်းစဥ်ကို ရှုထောင့်တိုင်းမှ မှတ်ဉာဏ်ထဲတွင် မှတ်သားလိုက်သည်။ ဤနည်းအားဖြင့် နောက်တစ်ချိန် ၄င်းကို ပုံတူပွားရာတွင် သူလုံးဝ ယုံကြည်ချက် ရှိမည် ဖြစ်သည်။ အချိန်တိုင်း သူအောင်မြင်မည်မဟုတ်သော်လည်း အနည်းဆုံးတော့ ခြောက်ဆယ်ရာခိုင်နှုန်း အောင်မြင်မှု ရှိမည် ဖြစ်သည်။
သူမည်မျှယုံကြည်ချက်ရှိနေသလဲဆိုလျှင် ထိုအခွင့်အရေးကိုယူကာ မီးတောက်ပေါ်လာသည်အထိ မပြုလုပ်မိဖို့ သူ့ကိုယ်သူ ဖိအားပေးနေရသည်။ သို့သော် ဤအခြေအနေကို အလောင်းအစား မလုပ်လိုပေ။ ဤကဲ့သို့ ဝှက်ဖဲတစ်ချပ်က အလွန့်အလွန် အရေးကြီးလှသည်။
ထို့ကြောင့် သူက စိတ်ညစ်ညစ်နှင့် သက်ပြင်းချလိုက်ပြီးနောက် မီးပင်လယ်ကို ဆွဲယူလိုက်ရာ.....ဆေးလုံးတစ်လုံးအဖြစ် ပြောင်းသွားလေသည်။
၄င်းမှာ ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ထက် မြေရိုင်းဒေသထဲတွင် ပို၍ပင် ရှားပါးသော....... အထွတ်အထိပ်အဆင့် ဝိညာဥ်ဆေး ဖြစ်ပေသည်။
တစ်နည်းအားဖြင့်ဆိုလျှင် ထိုဆေးလုံးသည် ပိုင်ရှောင်ချန်းက လောကဓာတ်အောက်လမ်းဆရာအဆင့်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သက်သေပြနေသောအရာတစ်ခုြဖစ်ပေသည်။
သူက ယခုတွင် ကောင်းကင်မြို့စားများနှင့် နယ်စားများထက် ပို၍ မြင့်မားသောနေရာတွင် ရှိပြီး မဟာကောင်းကင်သခင်ကဲ့သို့သော လူတစ်ယောက်ပင်လျှင် သူ့ကို ရိုရိုသေသေ လေးလေးစားစား ဆက်ဆံရမည် ဖြစ်သည်။ သူကား လောကဓာတ်အောက်လမ်းဆရာလေးဦးအနက် တစ်ဦးပင် ဖြစ်ချေသည်။
" ဆယ့်ရှစ်ရောင်ခြယ်မီးတောက်၊ ချီးတဲ့မှပဲ ငရဲဧကရာဇ်ကျောက်တိုင်ကြောင့်သာ မဟုတ်ရင် အခုချက်ချင်း ငါ့ရဲ့ ယင်ယန်ဝိညာဥ်ကို အဆင့်မြှင့်နိုင်ပြီ။ ငါမလုပ်တာ တော်တော်တောင်ကြာပေါ့။ ဒါက ငါ့ကို နှောင်းပိုင်းယင်ယန်ဝိညာဥ်အဆင့်ထိရောက်သွားစေလိမ့်မယ် "
သို့သော် ထိုသို့ပြုလုပ်ခြင်းသည် အန္တရာယ်များကို ခေါ်ဆောင်လာမည် ဖြစ်သည်။ ထို့ကြောင့် သူက တစ်ချက်တည်းနှင့် တဟုန်ထိုး မြင့်တက်ရန်အတွက် အချိန်ကောင်းကိုသာ စောင့်ဆိုင်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။
မည်သူမှ မသိသည့် အင်အားကြီးလူတစ်ယောက် ဖြစ်လာစေရန် ထင်ရှားကျော်ကြားမှုများကို ဘေးဖယ်ထားရမည်ဖြစ်ရာ ၄င်းက ပိုင်ရှောင်ချန်း၏ လောကဓာတ်အောက်လမ်းဆရာဖြစ်လာသည့်အပေါ် စိတ်လှုပ်ရှားမှုများကို ချက်ချင်း လျော့နည်းသွားစေသည်။
သို့သော် အနည်းဆုံးတော့ သူ့တပည့်ကို သူ ပြောပြနိုင်သည်။ သူ့ကိုယ်သူ အလွန်တရာ ဂုဏ်ယူနေရင်း ပိုင်ဟောက်ကိုခေါ်ရန် စိတ်ချင်းဆက်သွယ်သည့်နည်းကို အသုံးပြုလိုက်သည်။
" တပည့်လေး ဆရာ ဘာဖန်တီးထားလဲ ခန့်မှန်း... "
သို့သော် သူစကားပင်မဆုံးမီ ပိုင်ဟောက်က ကြောက်ရွံ့ထိတ်လန့်နေသော အသံဖြင့် ပြန်ဖြေသည်။
" ဆရာ ကျွန်တော့်ကို ကယ်… "
သူ၏စကားမဆုံးမီ သူတို့နှစ်ယောက်ကြားရှိ ဆက်သွယ်မှု ဖြတ်တောက်ခံလိုက်ရသည့်အတွက် ပိုင်ရှောင်ချန်းမှာ လုံးလုံးလျားလျား တုန်လှုပ်သွားတော့သည်။