← Chapters

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀-၁၀၂)

Vol. 7 Ch. 100-102

အခန်း (၁၀၀) - စူးစမ်းရေးတပ်ဖွဲ့ စုရုံးခြင်း .. ဂိုဏ်း၏ အသန်မာဆုံး လူစာရင်း

~မွန်းတည့်ချိန်ကာလ။ ကွေ့ယွမ်ဂိုဏ်း၏ ကျောက်ကွင်းပြင်ကျယ်ကြီး၌။

"ဒုစရိုက်မြို့တော်" ဟူသော မြေပုံအသစ်ဆီသို့ သွားခွင့်ရမည့် အဖိုးတန်နေရာ (၂၀) အတွက် လုယက်နေကြသော ကစားသမားများကြောင့်... မူလက အေးချမ်းလှသော ကွင်းပြင်ကြီးသည် ချက်ချင်းပင် ဆူညံပွက်လောရိုက်နေသော ဈေးတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။ စင်မြှင့်အောက်တွင် စုရုံးနေကြသော ကစားသမား (၁၀၀) ကျော်သည် ဂိုဏ်းချုပ်၏ အာရုံစိုက်မှုကို ရရှိရန်အတွက် မိမိတို့၏ "ထူးခြားသော ပါရမီ" များကို အသည်းအသန် ထုတ်ဖော်ပြသနေကြ၏။

“ဂိုဏ်းချုပ်... ကျွန်တော့်ကို ကြည့်ပါ... ကျွန်တော်က ရင်ဘတ်နဲ့ ကျောက်တုံးခွဲပြနိုင်တယ် ခင်ဗျာ... ခံစစ်လည်း အရမ်းမြင့်တော့ အဖွဲ့ရဲ့ အသားဒိုင်း လုပ်ပေးလို့ ရပါတယ်...”

မိမိကိုယ်ကိုယ် သက်သေပြရန်အတွက် သန်မာထွားကြိုင်းသော ကစားသမားတစ်ဦးသည် မြေပြင်ပေါ်မှ ကြိတ်ဆုံကျောက်တုံးအရွယ် ကျောက်တုံးကြီးအား ကောက်ယူကာ သူ၏ရင်ဘတ်ပေါ်သို့ "ဒုန်း" ခနဲ မြည်အောင် ရိုက်ချလိုက်၏။ ကျောက်တုံးကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး ထိုသူမှာလည်း သွေးတစ်လုပ် အန်ထုတ်လိုက်ရသော်လည်း... မျက်နှာတွင်မူ "ကျွန်တော့်ကိုရွေးပါ" ဟူသော အဓိပ္ပာယ်ဖြင့် လက်မထောင်ပြနေဆဲ ဖြစ်ပေသည်။

“ဒါက ဘာပြောစရာ ရှိလို့လဲ... ဂိုဏ်းချုပ်... ကျွန်တော့်ကိုသာ ရွေးလိုက်ပါ... ကျွန်တော်က ဆေးဖော်စပ်သူပါ ခင်ဗျာ...”

ဇီဝဗေဒခွေးပေါက်လေးရဲ့ ဘွဲ့ယူစာတမ်းကလည်း အရှုံးမပေးပေ။ သူသည် စိမ်းပုပ်ပုပ် မီးခိုးများ ထွက်နေသော ဆေးလုံးတစ်လုံးကို မြှောက်ပြရင်း သူ့ကိုယ်သူ ကြော်ငြာလိုက်၏။ “ကျွန်တော် ဖော်စပ်တဲ့ ဆေးလုံးတွေက လူသေတတ်တယ်ဆိုပေမယ့်... အရေးကြီးတဲ့ အချိန်ကျရင် အဆိပ်ဗုံးအဖြစ် သုံးလို့ရတယ် ခင်ဗျာ... တစ်လုံးတည်းနဲ့ နှစ်မျိုးသုံးရတော့ တကယ့်ကို တွက်ခြေကိုက်တာပေါ့... ပြီးတော့ ရန်သူရဲ့ အားနည်းချက်ကိုလည်း အချက်ချင်း ခွဲခြမ်းစိတ်ဖြာပေးနိုင်တယ် ...”

“ကျွန်တော့်ကို ရွေးပါ... ကျွန်တော်က ပရော်ဖက်ရှင်နယ် ဆဲဆရာပါ... ဘာသာစကား (၈) မျိုးတတ်တော့ ရန်သူကို သွေးတက်ပြီး လေဖြတ်သွားအောင် လုပ်နိုင်တယ် ခင်ဗျာ... ရန်သူ့အာရုံကို ဆွဲဆောင်တဲ့နေရာမှာ ဆရာကြီးပါပဲ...”

စင်မြှင့်ထက်တွင် ရပ်နေသော ကျန်းချန်သည် အောက်ဘက်မှ ဖရိုဖရဲဖြစ်နေသော မြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းများ မသိမသာ တွန့်ကွေးသွားရ၏။ နဂါးနှင့် မြွေ ရောပြွမ်းနေသည့် ထိုမှောင်ခိုဈေးကွက်သို့ သွားရန်အတွက် တိုက်ခိုက်တတ်ရုံမျှနှင့် မလုံလောက်ကြောင်း သူ ကောင်းစွာ သိပေသည်။ သူ လိုအပ်သည်မှာ ထူးခြားသော အတွေးအခေါ်ရှိပြီး၊ ရှင်သန်နိုင်စွမ်း မြင့်မားကာ၊ ပြဿနာရှာရာတွင် ပါရမီပါသော "လူရည်ချွန်" များပင် ဖြစ်၏။

“ငြိမ်ကြပါ...”

ကျန်းချန်က ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး အသံကုန် ဟိန်းဟောက်လိုက်ရာ... ကွင်းပြင်တစ်ခုလုံးရှိ ဆူညံသံများမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။ သူ၏ အကြည့်များက စူးရှလာပြီး အမည်စာရင်းများကို စတင် ခေါ်ယူလိုက်၏။

“ပထမဆုံးတစ်ယောက်ကတော့... ကောင်းကင်ခွင်း ဓားတစ်လက်... ရှေ့ကို ထွက်ခဲ့ပါ...”

ဆာဗာတစ်ခုလုံးတွင် ထိပ်တန်း ဓားကျင့်ကြံသူဖြစ်ပြီး လက်ရှိတွင် တိုက်ခိုက်ရေးစွမ်းအား အမြင့်ဆုံးဖြစ်သည့်အတွက် သူ အရွေးခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေသည်။ သူသည် ရင်ကိုကော့ကာ လူအုပ်ကြီး၏ မနာလိုသော အကြည့်များကြားမှ စင်မြှင့်ထက်သို့ တက်လှမ်းသွား၏။

“ဒုတိယ တစ်ယောက်ကတော့... ဒီဖရဲသီး မှည့်ပြီလား (ဝမ်သဲ့ဖာ)... ရှေ့ကို ထွက်ခဲ့ပါ..”

“ဟေး... ငါ ထင်သားပဲ... ဂိုဏ်းချုပ်က ငါ့ကို ခွဲမသွားနိုင်ပါဘူး...”

ဝမ်သဲ့ဖာ တစ်ယောက် ဝမ်းသာအားရဖြင့် ခုန်ပေါက်နေပြီး သူ၏ ဝဖြိုးသော ခန္ဓာကိုယ်ကြီးမှာလည်း တုန်ခါနေ၏။ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ သာမန်မျှသာ ဖြစ်သော်လည်း... သေလူကိုပင် ရှင်အောင် ပြောနိုင်သော သူ၏ ပါးစပ်နှင့်၊ မည်သည့်တိုက်ခိုက်မှုကိုမဆို ခံနိုင်ရည်ရှိသော သူ၏ "အလွှာလိုက် ချပ်ဝတ်" ပညာရပ်များကြောင့် မှောင်ခိုဈေးကွက်အတွက် မရှိမဖြစ် ပြဿနာရှာသူတစ်ဦး ဖြစ်လာပေလိမ့်မည်။

“တတိယတစ်ယောက်ကတော့... ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း..”

ဦးလေးကျန်းသည် ဆေးတံကို ဖွာရင်း တည်ငြိမ်စွာဖြင့် စင်ပေါ်သို့ တက်လာခဲ့၏။ ဆောက်လုပ်ရေးအဖွဲ့၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ထွက်ပြေးရန် လှိုဏ်ဂူတူးခြင်း၊ ထောင်ချောက်ဆင်ခြင်း .. သတ္တုရိုင်းများ၏ တန်ဖိုးကို ခွဲခြားခြင်းတို့တွင် သူ၏ ကျွမ်းကျင်မှုမှာ ပရော်ဖက်ရှင်နယ် အဆင့်ပင် ဖြစ်ပေသည်။

“စတုတ္ထတစ်ယောက်ကတော့... [ကျောက်ကပ်ကြော်]...”

စားဖိုမှူးတစ်ဦးသည်လည်း မရှိမဖြစ် လိုအပ်ပါ၏။ လူတို့အတွက် အစားအသောက်မှာ အဓိက မဟုတ်ပါလော။ ထို့ပြင် သူ၏ ဟင်းချက်ရာတွင် ကျူးလွန်မိသော အမှားများသည် ရံဖန်ရံခါတွင် အဆိပ်ထက်ပင် ပိုမိုထိရောက်ကြောင်း ပြီးခဲ့သော တိုက်ပွဲများတွင် သူ သက်သေပြခဲ့ပြီး ဖြစ်ပေသည်။

ကျန်းချန်၏ နောက်ထပ် ရွေးချယ်မှုများမှာမူ ပိုမို၍ပင် နားလည်ရ ခက်ခဲလာ၏။

“ရင်းနှီး ဖော်ရွေသော အစ်မကြီး... ရှေ့ကို ထွက်ခဲ့...”

လူအုပ်ကြီးမှာ အံ့သြတုန်လှုပ်ကာ ရေရွတ်လိုက်ကြသည်။ ဤသူကား ကျင့်ကြံသူ လီချင်း ကိုပင် စိတ်ဓာတ်ပျက်ပြားအောင် လုပ်နိုင်ခဲ့သည့် အမျိုးသားထု၏ ရန်သူတော်ကြီး မဟုတ်ပါလော။ ကျန်းချန်က သူ့ကို ရွေးချယ်ရခြင်းမှာ မှောင်ခိုဈေးကွက်ကဲ့သို့သော နေရာမျိုးတွင် သူ၏ ထူးခြားဆန်းပြားသော စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများမှာ ဓားထက်ပင် ပိုမို ထိရောက်နိုင်သောကြောင့် ဖြစ်ပေသည်။

“ရှန်နွန် ဆေးမြစ်စမ်းသပ်သူ...” မည်သည့် အဆိပ်ရှိသော ဆေးမြစ်ကိုမဆို ပါးစပ်ထဲ ထည့်ရဲသည့် ထိုရဲရင့်သောသူကိုလည်း ရွေးချယ်လိုက်၏။ သူ့ကို ဘေးတွင် ထားခြင်းဖြင့် မှောင်ခိုဈေးကွက်၌ အဆိပ်မိမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ဤသို့ဖြင့် လူအုပ်ကြီး၏ မနာလိုသော အကြည့်များကြားဝယ် ထူးဆန်းသော လူ (၂၀) ဖြင့် ဖွဲ့စည်းထားသည့် “ကွေ့ယွမ်ဂိုဏ်း၏ မှောင်ခိုဈေးကွက် စူးစမ်းရေးအဖွဲ့” ကို စနစ်တကျ ဖွဲ့စည်းလိုက်လေတော့သည်။

ဤအဖွဲ့တွင် တိုက်ခိုက်ရေးသမားများ၊ ခံစစ်သမားများ၊ အင်ဂျင်နီယာများ၊ စားဖိုမှူးတစ်ဦး၊ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်သူတစ်ဦးနှင့် အဆိပ်ကျွမ်းကျင်သူများ ပါဝင်နေကြသည်။ ထို့ပြင် ပတ်ဝန်းကျင်ကို မြိုင်ဆိုင်စေရန် တေးသံရှင် ကစားသမား နှစ်ဦးကိုလည်း ထည့်သွင်းထား၏။

သူတို့သည် မတူညီသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး အတူတကွ ရပ်နေချိန်တွင်မူ... “သူစိမ်းများ မလာရ၊ ငါတို့က မင်းတို့ထက် ပိုပါးနပ်တယ်” ဟူသော ထူးဆန်းသည့် အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။

“ဒီလူစာရင်းကတော့...” ကျန်းချန်သည် သူ၏ ရှေ့မှ အဖွဲ့ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “တကယ့်ကို တက်ကြွလှချေရဲ့... ငါတို့ ကွေ့ယွမ်ဂိုဏ်းရဲ့ စိတ်ဓာတ်နဲ့လည်း ကွက်တိပဲ...”

ဤကဲ့သို့သော အဖွဲ့မျိုးကို ဒုစရိုက်မြို့တော်သို့ စေလွှတ်ခြင်းဖြင့်... ငြိမ်သက်နေသော မှောင်ခိုဈေးကွက်ကြီးအတွင်းသို့ "စတုတ္ထကပ်ဘေး" တို့၏ တုန်လှုပ်ဖွယ်ရာ ရိုက်ခတ်မှုများကို ယူဆောင်လာနိုင်မည်ဟု သူ ယုံကြည်ပေသည်။

“ကျန်ခဲ့တဲ့သူတွေလည်း စိတ်မပျက်ကြနဲ့ဦး...”

ကျန်းချန်က ကျန်ရစ်ခဲ့သော ကစားသမားများကို ကြည့်ကာ ချော့မော့ပြောဆိုလိုက်၏။ “ဂိုဏ်းမှာ မင်းတို့ ရှိနေဖို့ လိုအပ်တယ်... အခင်းအကျင်းကို ထိန်းသိမ်းဖို့နဲ့ တောင်နောက်ဘက်ကို ဖွံ့ဖြိုးအောင် လုပ်ဖို့က မင်းတို့အပေါ်မှာ မူတည်နေတာ... ငါတို့ မှောင်ခိုဈေးကွက်မှာ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပွင့်သွားလို့ ပိုက်ဆံရလာရင်... အားလုံး သွားခွင့်ရမှာပါ...”

ကစားသမားများသည် စိတ်ပျက်သွားကြသော်လည်း လက်တွေ့ဘဝကို လက်ခံလိုက်ကြပြီး... ဂိုဏ်း၏ အခြေစိုက်စခန်းကို သေချာ စောင့်ကြည့်နေပါမည်ဟု ကတိပေးလိုက်ကြ၏။

အရာအားလုံး အဆင်သင့် ဖြစ်နေပြီပင်။

ကျန်းချန်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ရဲရင့်ပြတ်သားသော အမိန့်ကို ချမှတ်လိုက်၏။

“ပစ်မှတ်က... ဒုစရိုက်မြို့တော်... ချီတက်ကြမယ်... ငါ ..မင်းတို့ကို ခေါ်သွားပြီးတော့ လုထားတဲ့ ပစ္စည်းတွေ ရောင်းခိုင်းမယ်... အဲ... ပစ္စည်းတွေ သွားဝယ်ခိုင်းမယ်...”

ထို့နောက်၊ အလင်းတန်း (၂၁) ခုသည် ကောင်းကင်ယံသို့ ထိုးတက်သွား၏။ မဟာအခင်းအကျင်း၏ အလင်းအကာအကွယ်တွင် အပေါက်ငယ်လေးတစ်ခုကို ဖွင့်ကာ... ကျယ်ပြောလှသော သစ်တောအုပ်ကြီး၏ အထက်မှနေ၍ အရှေ့မြောက်ဘက်ရှိ ဖရိုဖရဲ နယ်မြေဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြလေတော့သည်။

ကျင့်ကြံခြင်း လောက၏ စစ်မှန်သော စင်မြင့်ကြီးသည်... ဤစတုတ္ထကပ်ဘေးတို့အတွက် တံခါးကို စတင် ဖွင့်လှစ်ပေးလိုက်လေပြီ။

အခန်း (၁၀၁) - ဒုစရိုက်မြို့တော်သို့ ပထမဆုံး ခြေလှမ်း .. ဒီအန်ပီစီက ဘာလို့ ဆဲနေတာလဲ

~နာရီပေါင်းများစွာ အရှိန်အဟုန်ပြင်းစွာ ပျံသန်းပြီးနောက် နေမင်းကြီးသည် မိုးကုတ်စက်ဝိုင်းအောက်သို့ ငုပ်လျှိုးတော့မည့် အချိန်ဝယ်... ချန်ဝူတောင်တန်း၏ အရှေ့မြောက်ဘက် တောရိုင်းမြေရိုင်း၏ အဆုံး၌ ဧရာမ မြို့ကြီးတစ်မြို့၏ ပုံရိပ်သည် မှိန်ဖျော့ဖျော့ ပေါ်ထွက်လာ၏။

ထိုနေရာကား ဒဏ္ဍာရီလာ "ဒုစရိုက်မြို့တော်" ပင် ဖြစ်ချေ၏။

အဝေးမှ လှမ်းကြည့်လိုက်လျှင် မြို့တော်ကြီးတစ်ခုလုံးသည် မြေနက်ပိုင်းပေါ်တွင် ဝပ်စင်းနေသော ရှေးဟောင်း သားရဲကြီးတစ်ကောင်နှင့် အလားသဏ္ဍာန် တူညီနေပေသည်။ ပေ (၁၀) ဂဏန်းမျှ မြင့်မားသော မြို့ရိုးကြီးများကို သွေးနီရောင် အရှိန်အဝါများ ထွက်ပေါ်နေသည့် ကျောက်မဲများဖြင့် တည်ဆောက်ထားပြီး... ၎င်းပေါ်တွင် မှိုတက်နေသော သွေးကွက်များနှင့် မရေမတွက်နိုင်သော ဓားချက်၊ လှံချက်ရာများမှာ ဤနေရာ၌ ဖြစ်ပွားခဲ့ဖူးသော သတ်ဖြတ်မှုများကို သက်သေထူနေကြ၏။

မြို့တော်၏ အထက်တွင်မူ အမြဲတမ်း မှိုင်းညို့နေသော မိစ္ဆာတိမ်တိုက်များ ဖုံးလွှမ်းနေပြီး... ရံဖန်ရံခါတွင် လမ်းသွားလမ်းလာများကို အကဲခတ်နေသော ယုတ်မာသည့် နတ်ဘုရားအာရုံ လှိုင်းအချို့ကိုလည်း ခံစားနေရသည်။ မြို့တော်နှင့် မနီးကပ်သေးခင်မှာပင် သွေးညှီနံ့၊ လောဘရနံ့၊ ဆွေးမြေ့နံ့နှင့် ထူးဆန်းသော ဆေးနံ့များ ရောပြွမ်းနေသည့် လေထုကြီးက နှာခေါင်းကို လာရောက် ရိုက်ခတ်လေတော့သည်။

အကယ်၍သာ ဖြောင့်မတ်သောလမ်းစဉ်မှ သာမန်ကျင့်ကြံသူတစ်ဦး ဤနေရာသို့ ရောက်ရှိလာပါက... ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ သတိထားမိမည်ဖြစ်ပြီး မိမိကိုယ်ကို ကာကွယ်ရန် ဝိညာဉ်စွမ်းအင်များကိုပင် လှည့်ပတ်နေမိမည်မှာ အမှန်ပင် ဖြစ်ချေ၏။

သို့သော်လည်း ယခုလေးတင် မြေပြင်သို့ ဆင်းသက်လိုက်ကြသော ကွေ့ယွမ်ဂိုဏ်းမှ ကစားသမား (၂၀) အတွက်မူ... သူတို့၏ ရှေ့မှ မြင်ကွင်းကြီးမှာ ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး မြင်ကွင်းကြီး ဖြစ်နေတော့သည်။

“သောက်ကျိုးနည်း... မြေပုံအသစ် တက်လာပြီဟေ့...”

ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) သည် လေသင်္ဘောပေါ်မှ ခုန်ဆင်းလိုက်ပြီး မိစ္ဆာငွေ့များ ပြည့်နှက်နေသော လေထုကို အားရပါးရ ရှူရှိုက်လိုက်ရင်း ယစ်မူးနေသည့် အမူအရာဖြင့် ပြောလိုက်၏။

“ဒီ အနုပညာ စတိုင်ကို ကြည့်ဦး... ဒီ အလင်းစစ်ထုတ်မှုကြီးကို ကြည့်ဦး... တကယ့်ကို လန်းလွန်းတယ်ကွာ... ဒါမှ ကျင့်ကြံခြင်းလောကရဲ့ ရုပ်ထွက်စစ်စစ်ပေါ့... ငါတို့ရဲ့ ဟို တောက ရွာထက် အဆတစ်သန်းလောက် ပိုမိုက်တယ်...”

“ဟို မြို့ရိုးပေါ်က ကင်းစောင့်ကို ကြည့်စမ်းပါဦး... အစွယ်ကြီးတွေနဲ့ တကယ့် မိစ္ဆာကောင်ကြီးကျနေတာပဲ... တော်တော် မိုက်တာပဲကွာ... သူ ကိုင်ထားတဲ့ ဆူးတုတ်ကြီးကို ငါတို့ လုလို့ရမလား မသိဘူးနော်...”

ကစားသမားများသည် မြို့ကြီးပြကြီး ရောက်လာသည့် တောသားများပမာ ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်၊ စိတ်လှုပ်ရှားစိတ်တို့ဖြင့် ဝေ့ဝဲကြည့်ရှုနေကြ၏။ မတူညီသော ဝတ်စုံများကို ဗရပွ ဝတ်ဆင်ထားကြသည့် သူတို့အုပ်စုမှာ... ဝံပုလွေအုပ်ထဲ ရောက်နေသော ဟတ်စကီး ခွေးအုပ်စုတစ်စုနှင့် တူနေတော့သည်။ ဝတ်ရုံနက်များ ဝတ်ဆင်ကာ မျက်နှာဖုံးစွပ်၍ အလျင်အမြန် သွားလာနေကြသည့် မှောင်ခိုဈေးကွက်သားများကြားတွင် အလွန်ပင် ထင်ရှားနေတော့၏။

ရှေ့ဆုံးမှ လျှောက်လှမ်းလာသော ကျန်းချန်သည် မတတ်သာစွာဖြင့် နားထင်ကို ပွတ်လိုက်မိသည်။ သူသည် မထင်မရှားဖြစ်စေရန် ဝတ်ရုံနက်ကို လဲလှယ်ဝတ်ဆင်ထားပြီး... သူ၏ အရှိန်အဝါကို ဖုံးကွယ်ကာ မျက်နှာကိုလည်း ခမောက်ဖြင့် အုပ်ထားပေသည်။ သူ လိုချင်သည်မှာ တိတ်တဆိတ်ဖြင့် သိုလှောင်ရုံထဲမှ လုယက်ထားသော ပစ္စည်းများကို ရှင်းထုတ်ပစ်ရန်သာ ဖြစ်ပါ၏။

“အားလုံး နားထောင်ကြစမ်း...”

ကျန်းချန်သည် လေသံကို နှိမ့်လိုက်ပြီး စိတ်လှုပ်ရှားနေသော အနောက်မှ လူအုပ်ကို နတ်ဘုရားအာရုံဖြင့် သတိပေးလိုက်၏။

“ဒီနေရာက ငါတို့ဂိုဏ်း မဟုတ်ဘူး... ဒီထဲမှာ ရှိတဲ့လူတွေက တကယ့်ကို ရက်စက်ကြမ်းကြုတ်တဲ့သူတွေချည်းပဲ... အတတ်နိုင်ဆုံး ငြိမ်ငြိမ်နေကြနော်... ပြဿနာ မရှာကြနဲ့... ငါတို့ ဒီကိုလာတာ ပစ္စည်းရောင်းဖို့နဲ့ လိုတာဝယ်ဖို့ပဲ... ရန်သတ်ဖို့ မဟုတ်ဘူး... ဘယ်သူပဲဖြစ်ဖြစ် အစီအစဉ်ကို ဖျက်ဆီးရင်... ရှိသမျှ ဂိုဏ်းအမှတ်တွေ အကုန် အသိမ်းခံရမယ် မှတ်ထား...”

“စိတ်ချပါ ဂိုဏ်းချုပ်ရာ... ကျွန်တော်တို့က စည်းကမ်းဆိုတာ အသိဆုံးပါ... ဘယ်တော့မှ ပြဿနာ မရှာစေရဘူး...”

ဝမ်သဲ့ဖာက ရင်ဘတ်ကို ပုတ်ကာ အာမခံလိုက်ပြီးနောက်... ဘေးမှ ဖြတ်သွားသော ကတုံးပြောင်ပြောင်နှင့် သန်သန်မာမာ ကျင့်ကြံသူ တစ်ဦးကို လှမ်း၍ ရွှီခနဲ..လေချွန်ပြလိုက်၏။

“ဟေး ဘော်ဒါ... မင်း ကတုံးက တော်တော် ပြောင်တာပဲနော်... ဆီတွေ ဘာတွေ သုတ်ထားတာလား... ဘယ်တံဆိပ်လဲ ပြောပါဦး...”

ကတုံးနှင့် ကျင့်ကြံသူသည် ခြေလှမ်းများ ရပ်တန့်သွားပြီး... မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ တစ်ချက်လက်သွားကာ... သူ၏ လက်မှာ ခါးကြားမှ သိုလှောင်အိတ်ဆီသို့ ရောက်သွားလေတော့သည်။

ကျန်းချန် - “...”

ကံကောင်းထောက်မစွာဖြင့် ထိုကတုံးသည် ကျန်းချန်၏ နက်နဲလှသော အရှိန်အဝါ (အတုအယောင်ဖြစ်သော်လည်း) ကို တစ်ချက်ကြည့်လိုက်ပြီး... ထိုလူအုပ်၏ ရူးသွပ်သော အပြုအမူများကိုပါ တွဲဖက်မြင်တွေ့သွားသဖြင့် ထပ်မံ ပြဿနာမရှာတော့ဘဲ... “အရူးတွေ” ဟု တိုးတိုးလေး ဆဲဆိုကာ အမြန်ပင် ထွက်ခွာသွားပါသည်။

အဖွဲ့ကြီးသည် ရှေ့သို့ ဆက်လက်ချီတက်လာပြီး မကြာမီမှာပင် မြို့တံခါးဝသို့ ရောက်ရှိလာခဲ့၏။

သွေးနီရောင် ချပ်ဝတ်အထူကြီးများကို ဝတ်ဆင်ထားပြီး မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသည့် ကင်းစောင့်တပ်သား နှစ်တန်းမှာ မြို့တံခါးဝတွင် ရပ်နေကြ၏။ သူတို့သည် စည်းကမ်းထိန်းသိမ်းရန်ထက် "လမ်းပိတ်ခ" ကောက်ခံရန်အတွက် ရှိနေခြင်း ဖြစ်ပေသည်။

“ရပ်စမ်း...”

အဖွဲ့ကို ဦးဆောင်နေသော မျက်စိတစ်ဖက်လပ် ကင်းစောင့်တပ်သားသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး... သူ၏ ဓားရှည်ဖြင့် လမ်းကို ပိတ်လိုက်၏။ သူသည် ထူးဆန်းသော ပုံစံရှိသည့် ထိုသူများကို အကဲခတ်လိုက်ပြီး... ရင်းနှီး ဖော်ရွေသော အစ်မကြီး၏ အမျိုးသမီးဝတ်စုံနှင့် ဝမ်သဲ့ဖာ၏ ဗိုက်ပူကြီးအပေါ်တွင် အကြည့်များ ခေတ္တရပ်တန့်သွားကာ... ဖုံးကွယ်မထားသော မထီမဲ့မြင်ပြုသည့် အကြည့်မျိုးကို ပြသလိုက်၏။

“လူသစ်တွေလား... စည်းကမ်း မသိဘူးလား...”

မျက်စိတစ်ဖက်လပ် ကင်းစောင့်သည် သူ၏ ဓားမကြီးကို မြေကြီးပေါ်သို့ ဒေါင်ခနဲ မြည်အောင် ဆောင့်ချလိုက်ရာ... မီးပွားများ လွင့်စင်ထွက်သွား၏။ သူက ခြိမ်းခြောက်သော လေသံဖြင့် ဆိုလိုက်၏။

“ဝင်ကြေးက... တစ်ယောက်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးစီ ပေးရမယ်... တစ်ပြား လျော့ရင်တော့... အသက်နဲ့ ရင်းရမယ် မှတ်...”

ဤဈေးနှုန်းမှာ အလွန်ပင် မတရားလှပေ။ သာမန်ဈေးတန်းတစ်ခု၏ ဝင်ကြေးမှာ အများဆုံး ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ဖြစ်သော်လည်း... ဤနေရာတွင်မူ (၁၀) ဆ ဖြစ်နေပြီပင်။

အကယ်၍သာ သာမန်ကျင့်ကြံသူ တစ်ဦးဆိုလျှင်... အသာတကြည် ပေးချင်ပေး... မဟုတ်လျှင်လည်း လှည့်ပြန်သွားမည် ဖြစ်သော်လည်း... ကစားသမားများ၏ အာရုံစိုက်မှုမှာမူ ပိုက်ဆံပေါ်တွင် လုံးဝ ရှိမနေပေ။

'ဝါး... ဒီအန်ပီစီက တော်တော် မိုက်တာပဲ...'

ဝမ်သဲ့ဖာသည် ရှေ့သို့ ပထမဆုံး တိုးသွား၏။ ကင်းစောင့်၏ လက်ထဲမှ အေးစက်လှသော ဓားကြီးကို လုံးဝ ဂရုမစိုက်ဘဲ... သူ၏ ဝဖြိုးသော လက်ဖြင့် ကင်းစောင့်၏ သွေးနီရောင် ချပ်ဝတ်ကို စပ်စုလိုစိတ်ဖြင့် ထိတွေ့ကြည့်ကာ လက်သည်းဖြင့်ပင် ကုတ်ခြစ်ကြည့်နေသေး၏။

“အစ်ကိုကြီး... ခင်ဗျားရဲ့ ရုပ်လုံးဖော်ပုံက နည်းနည်း ကြမ်းတယ်ဗျ... ဒါက သွေးကွက်တွေလား... အရောင်တောင် မလွင့်ဘူးပဲ... အသားကတော့ မဆိုးပါဘူး... သံအစစ်နဲ့ တူသားပဲ...”

မျက်စိတစ်ဖက်လပ် ကင်းစောင့်မှာ ကြောင်အသွားရ၏။ သူ ဤဒုစရိုက်မြို့တော်၏ တံခါးကို စောင့်လာခဲ့သည့် နှစ်ပေါင်းများစွာအတွင်း... အသနားခံသူ၊ အတင်းတိုးဝင်သူနှင့် ဈေးဆစ်သူများကိုသာ မြင်ဖူးခဲ့သည်။ သို့သော်... မိမိ၏ ချပ်ဝတ်ကို လာကိုင်ပြီး "ရုပ်လုံးဖော်ပုံ ညံ့ဖျင်းတယ်" ဟု ဝေဖန်ရဲသည့် အရူးမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။

ဒါက စိန်ခေါ်တာပဲ... ဒါ အတိအလင်းကို စော်ကားလိုက်တာပဲ...

“ ခွေးမသား သေချင်နေတာလား...”

ကင်းစောင့်သည် ဒေါသအမျက် ချောင်းချောင်း ထွက်သွား၏။ ချီစုစည်းမှုအဆင့် (၉) ရှိသော ပညာရှင် တစ်ဦးအနေဖြင့် သူ၏ စိတ်ဓာတ်မှာ အမြဲတမ်း ပေါက်ကွဲလွယ်နေသူ ဖြစ်ပေသည်။ သူသည် လက်ကို မြှောက်လိုက်ပြီး ပြင်းထန်သော လေအဟုန်နှင့်အတူ ဝမ်သဲ့ဖာ၏ ဝဖြိုးသော မျက်နှာကို ရိုက်ချလိုက်လေတော့သည်။

“ဟေး... ဒီ အန်ပီစီက ဘာလို့ ဆဲပြီး လူကို လာရိုက်နေတာလဲ... ဉာဏ်ရည်က တော်တော် မြင့်တာပဲနော်...”

ဝမ်သဲ့ဖာသည် ကျွမ်းကျင်လှသော လှုပ်ရှားမှုဖြင့် အနောက်သို့ ယိမ်းနွဲ့ကာ... ထိုရိုက်ချက်ကို လွယ်ကူစွာပင် ရှောင်တိမ်းနိုင်ခဲ့၏။ ထို့နောက် သူသည် စိတ်လှုပ်ရှားစွာဖြင့် အနောက်မှ ကစားသမားများကို လှည့်၍ အော်ဟစ်လိုက်တော့သည်။

“ညီအစ်ကိုတို့ရေ... ဇာတ်ဝင်ခန်း တက်လာပြီဟေ့... ဒီ တံခါးစောင့်က နာမည်နီ မွန်းစတားဗျ... အဆင့်က အီလိုက်တ် အဆင့်ပဲ ရှိသေးတယ်...”

“မြို့ထဲ မဝင်ခင် တံခါးစောင့် ဘော့စ်ကို အရင် ချရမှာလား... ဒီလို ဂိမ်းပုံစံမျိုးကို ငါ အလွတ်ရနေပြီကွ...”

“ဝုန်း...”

အနောက်မှ ကစားသမား (၁၉) ယောက်လုံးသည် ချက်ချင်းပင် တိုက်ခိုက်ရေး အနေအထားသို့ ပြောင်းလဲသွားကြ၏။

ကျွမ်းကျင်ကစားသမား ကောင်းကင်ခွင်း ဓားတစ်လက် သည် တိတ်ဆိတ်စွာဖြင့် သူ၏ ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး အကြည့်များက စူးရှလာ၏။ ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်းသည်လည်း သူ၏ သံဂေါ်ပြားကို မကာ ရန်သူ၏ အောက်ပိုင်း ဟာကွက်ကို ရှာဖွေနေ၏။ ရှန်နွန် ဆေးမြစ်စမ်းသပ်သူ ကမူ သူ၏ အိတ်ထဲမှ စိမ်းစိုနေသော အဆိပ်မှုန့်များကို လက်တစ်ဆုပ်စာ ထုတ်ယူလိုက်ပြီး အချိန်မရွေး ကြဲပက်ရန် အသင့် ပြင်ထားပြီပင်။

သူတို့ ကင်းစောင့်များကို ကြည့်သည့် အကြည့်များမှာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတို့ မြင်နေရသည်မှာ အန်ပီစီများ မဟုတ်တော့ဘဲ... ခြေထောက်ပေါက်နေသော အတွေ့အကြုံမှတ် အထုပ်ကြီးများနှင့် ပစ္စည်းစာရင်းများသာ ဖြစ်နေတော့သည်။

“ရန်သတ်ချင်တာလား... ဒုစရိုက်မြို့တော်မှာ လာပြီး သောင်းကျန်းချင်တာလား... မင်းတို့ ဆန္ဒကို ငါ ပြည့်ဝစေရမယ်...”

မျက်စိတစ်ဖက်လပ် ကင်းစောင့်က ဟိန်းဟောက်လိုက်၏။ သွေးနီရောင် ချပ်ဝတ် ဝတ်ဆင်ထားသော ကင်းစောင့် ဒါဇင်ပေါင်းများစွာသည် ချက်ချင်းပင် ဝိုင်းရံလာကြပြီး... ဓားချင်းရိုက်ခတ်သံများနှင့်အတူ သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွား၏။

သွေးသံရဲရဲ တိုက်ပွဲကြီးတစ်ခု ပေါက်ကွဲထွက်တော့မည့် ဆဲဆဲ...

ထိုအချိန်၌ပင်... အတိုင်းအဆမရှိသော စွမ်းအားများ ကိန်းဝပ်နေဟန်ရှိသည့် သွယ်လျသန်မာသော လက်တစ်ဖက်သည် မျက်စိတစ်ဖက်လပ် ကင်းစောင့်၏ ပခုံးပေါ်သို့ ညင်သာစွာ ကျရောက်လာခဲ့၏။

ကြောက်မက်ဖွယ်ရာ ဖိအားတစ်ခု (လက်တွေ့တွင်မူ စနစ်က ဖန်တီးပေးထားသော ရွှေအမြုတေအဆင့် အရှိန်အဝါ) သည် ကင်းစောင့်၏ ကိုယ်ပေါ်သို့ ခေတ္တမျှ ထိတွေ့ပြီးနောက် ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွား၏။ ထိုအရာကြောင့် မျက်စိတစ်ဖက်လပ် ကင်းစောင့်မှာ နေရာမှာတင် ကျောက်ရုပ်ကြီးပမာ အေးခဲသွားရပြီး... ချွေးစေးများ ပြန်လာကာ... ရှေးဟောင်း သားရဲကြီးတစ်ကောင်၏ အကြည့်အောက်သို့ ရောက်နေသည့်နှယ် ခံစားလိုက်ရရှာသည်။

ကျန်းချန်သည် အနောက်မှနေ၍ တည်ငြိမ်သော မျက်နှာထားဖြင့် လျှောက်လှမ်းလာပြီး... လေးလံသော ငွေအိတ်တစ်အိတ်ကို ကင်းစောင့်ထံသို့ ပေါ့ပါးစွာ ပစ်ပေးလိုက်ရင်း အေးစက်စွာ ဆိုလိုက်၏။

“ဝိညာဉ်ကျောက်တုံး နှစ်ရာ... အကြွေ ပြန်မအမ်းနဲ့တော့...”

“ငါ့တပည့်တွေက ဦးနှောက် သိပ်မကောင်းကြဘူး... ဒါကြောင့် သူတို့နဲ့ စကားများမနေနဲ့တော့...”

ထိုသို့ပြောပြီးနောက် သူသည် ကင်းစောင့်များကို တစ်ချက်မျှပင် လှည့်မကြည့်တော့ဘဲ... “ဘာလို့ မချရတာလဲ” ၊ “ငါ့ရဲ့ ကျွမ်းကျင်မှုတွေကို ထုတ်သုံးဖို့ အဆင်သင့် ဖြစ်နေပြီဟာကို” ဟု တတွတ်တွတ် ညည်းတွားနေကြသော ကစားသမား အုပ်စုကို ဦးဆောင်ကာ မြို့တံခါးအတွင်းသို့ ဝင်ရောက်သွားလေတော့သည်။

ငွေအိတ်ကို ကိုင်ထားသော မျက်စိတစ်ဖက်လပ် ကင်းစောင့်မှာမူ... ထိုအုပ်စု၏ ကျောပြင်ကို ကြည့်ရင်း... အထူးသဖြင့် သူ့ကို မျက်နှာပြောင်ပြပြီး လက်ခလယ် ထောင်ပြနေဆဲ ဖြစ်သော ဖက်တီးကို ကြည့်ကာ... အချိန်အတော်ကြာ ငိုင်နေမိ၏။

သူသည် ယခုလေးတင် အရူးတစ်သိုက်၏ လက်ထဲမှ အသက်ဘေးက လွတ်မြောက်လာခဲ့သည့်နှယ် ခံစားနေရရှာသည်။

'ဒီလူတွေက... တကယ်ပဲ ဘယ်သူတွေလဲ…’

အခန်း (၁၀၂) - ခိုးရာပါပစ္စည်းများ၏ ဂယက် (အပိုင်း ၁) - ဦးလေး... အမှိုက်တွေ သိမ်းသလားခင်ဗျာ

~မြင့်မားလှသော မြို့တံခါးကြီးကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် ဒုစရိုက်မြို့တော်၏ စစ်မှန်သော မျက်နှာစာသည် လူတိုင်း၏ ရှေ့မှောက်ဝယ် ဘွားခနဲ ပေါ်ထွက်လာလေတော့သည်။

ပြင်ပရှိ သေခြင်းတရား အငွေ့အသက်များ ဖုံးလွှမ်းနေသည့် တောရိုင်းမြေရိုင်းများနှင့် မတူဘဲ မြို့အတွင်း၌မူ မမျှော်လင့်ထားလောက်အောင်ပင် စည်ကားသိုက်မြိုက်နေသည်ကို တွေ့ရ၏။ ကျယ်ပြောလှသော လမ်းမကြီးများ၏ ဘေးတစ်ဖက်တစ်ချက်တွင် မည်းနက်သော ကျောက်တုံးများနှင့် ဧရာမ သားရဲကြီးများ၏ အရိုးစုများကို အသုံးပြု၍ တည်ဆောက်ထားသည့် ထည်ဝါသော အဆောက်အအုံများစွာ ရှိနေပေသည်။ ဆိုင်ခန်းများနှင့် ဈေးဆိုင်တန်းများမှာလည်း တစ်ခုနှင့်တစ်ခု ပူးကပ်နေကြပြီး... ဈေးရောင်းဈေးဝယ်သံများ၊ ဈေးဆစ်သံများ၊ ရံဖန်ရံခါ ထွက်ပေါ်လာသော အော်ဟစ်သံများနှင့် လက်နက်ချင်း ထိတိုက်သံများ ရောပြွမ်းလျက် ထူးခြားဆန်းပြားသော ဆူညံသံအား ဖြစ်ပေါ်စေ၏။

လမ်းမများပေါ်တွင်မူ လူအမျိုးမျိုး၊ အထွေထွေဖြင့် ပြည့်နှက်နေပေသည်။ ဝတ်ရုံနက်ကြီးများကို ဆင်မြန်းထားပြီး အေးစက်ယုတ်မာသော မျက်ဝန်းများသာ မြင်တွေ့ရသည့် မိစ္ဆာကျင့်ကြံသူများလို... ဧရာမ လက်နက်ကြီးများကို ထမ်းပိုးလျက် မိစ္ဆာစွမ်းအင်များ ရစ်သိုင်းနေသည့် ဆိုးသွမ်းစစ်သည်တော်များကိုလည်း တွေ့ရ၏။ ထို့ပြင် တသီးပုဂ္ဂလ ကျင့်ကြံသူများနှင့် လူတစ်ပိုင်း သားရဲတစ်ပိုင်း ဖြစ်နေသော ထူးဆန်းသည့် မျိုးနွယ်စုများစွာကိုလည်း မြင်တွေ့နိုင်၏။

“ဝါး... ရုပ်လုံးဖော်ထားတာကို ကြည့်ဦး... လေထုကလည်း ရှယ်ပဲဗျာ... တကယ့်ကို အံ့မခန်းပါပဲ...”

မြို့ကြီးပြကြီးဆီသို့ ပထမဆုံးအကြိမ် ရောက်ရှိလာကြသော ကစားသမားများသည် မျက်စိပွင့် နားပွင့် ဖြစ်နေကြပြီး... သူတို့၏ စိတ်လှုပ်ရှားမှုမှာ တောသား မြို့တက်လာသည့်နှယ်ပင် ရှိချေ၏။ မူလက ကွေ့ယွမ်ဂိုဏ်း တည်ရှိရာ ဝေးလံခေါင်သီလှသော တောင်ကြားရွာလေးသည်သာ ကျင့်ကြံခြင်းလောက၏ အစအဆုံးဟု ထင်မှတ်ခဲ့သော်လည်း... ယခုကဲ့သို့ ခမ်းနားလှသော မြေပုံကြီး ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

ဝမ်သဲ့ဖာသည် ဦးခေါင်းခွံ တစ်ခု ချိတ်ဆွဲထားသော လမ်းဘေးဆိုင်တန်း တစ်ခုကို လက်ညှိုးထိုးပြရင်း သွားရည်ကျမတတ် ဖြစ်နေ၏။

“ဟို ဆိုင်ကို ကြည့်စမ်းပါဦး... သူ ရောင်းနေတဲ့ အမည်းရောင် လက်သည်းကြီးက ဘာကြီးလဲ မသိဘူးနော်... ကြည့်ရတာ တော်တော်တော့ ယုတ်မာမယ့်ပုံပဲ... ကိုင်ထားရင် စွမ်းအားတွေ တိုးလာမလား မသိဘူး... ကျွန်တော်တော့ ဝယ်ချင်လိုက်တာဗျာ...”

“အားလုံး ပါးစပ်ပိတ်ထားကြစမ်း... အလုပ်ကိုပဲ အာရုံစိုက်ကြ...”

ရှေ့ဆုံးမှ လျှောက်လှမ်းနေသော ကျန်းချန်က အေးစက်စက် လေသံဖြင့် နတ်ဘုရားအာရုံမှတစ်ဆင့် သတိပေးလိုက်ပြီး လူအုပ်၏ ပေါက်ကရ အတွေးများကို ဖြတ်တောက်လိုက်၏။ သူသည် အဖွဲ့ကို ဦးဆောင်ကာ ဖရိုဖရဲ ဖြစ်နေသော ရပ်ကွက်အချို့ကို ဖြတ်ကျော်ခဲ့ပြီးနောက်... မြို့လယ်ခေါင်ရှိ အနည်းငယ် ခေတ်မီဆန်းပြားသော (၃) ထပ် ရှိသည့် အဆောက်အအုံမည်းကြီး တစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်တော့သည်။

ထို အဆောက်အအုံ၏ အဝင်ဝတွင် ဧရာမ ဆိုင်းဘုတ်ကြီးတစ်ခု ချိတ်ဆွဲထားပြီး... ၎င်းပေါ်တွင် "ဝမ်ပေါင်ဆောင်" ဟူသော စာလုံးကြီး (၃) လုံးကို ရွှေမှင်ဖြင့် လက်ရေးမူအတိုင်း ခမ်းနားစွာ ရေးထိုးထား၏။

ဤနေရာကား ဒုစရိုက်မြို့တော်အတွင်းရှိ အကြီးဆုံးသော ကုန်စုံဆိုင်ကြီးများထဲမှ တစ်ခုဖြစ်ပြီး... အလွန်တရာ နက်ရှိုင်းသော နောက်ခံအင်အား ရှိပေသည်။ တန်ဖိုးရှိသော အရာမှန်သမျှကို သူတို့ မဝယ်ရဲသည်ဟူ၍ မရှိဟု ဒဏ္ဍာရီ ထွက်နေသော နေရာပင် ဖြစ်ချေ၏။

“ဒီနေရာပဲ...” ကျန်းချန်က ရပ်တန့်လိုက်ပြီး အနောက်မှ ကစားသမားများကို မျက်စိတစ်ချက် ပစ်ပြလိုက်၏။ “ငါတို့ အထဲဝင်သွားတဲ့အခါ... မလိုအပ်တဲ့ 'အမှိုက်' တွေကို အကုန် ထုတ်ပြလိုက်ကြ... မှတ်ထားရမှာက... ငါတို့က စီးပွားရေး အကြီးကြီး လာလုပ်တာ... အရှိန်အဝါပိုင်းမှာတော့ လုံးဝ အနိမ့်ခံလို့ မရဘူးနော်...”

“နားလည်ပါပြီ ဂိုဏ်းချုပ်... ကျွန်တော်တို့ကိုပဲ ကြည့်နေလိုက်တော့ ခင်ဗျာ...”

ကစားသမားများသည် ချက်ချင်းပင် သဘောပေါက်သွားကြပြီး လက်ဝါးချင်း ပွတ်ကာ... "ငါတို့က လူကြီးလူကောင်းတွေ" ၊ "ငါတို့ကို လာမစနဲ့" ဟူသော မောက်မာသည့် ဟန်ပန်များကို တမင်တကာ လုပ်ယူကာ... ကျန်းချန်၏ အနောက်မှနေ၍ ခန့်ညားစွာ ဝင်ရောက်သွားကြလေတော့သည်။

"ဝမ်ပေါင်ဆောင်" ၏ အတွင်းပိုင်းသည် အလွန်ပင် ကျယ်ဝန်းလှပြီး ခမ်းနားထည်ဝါစွာ ပြင်ဆင်မွမ်းမံထားပေသည်။ ပထမထပ်၏ ဧည့်ခန်းမဆောင် အတွင်း၌မူ မျက်စိကျိန်းမတတ် များပြားလှသော အဆင့်နိမ့် မှော်လက်နက်များနှင့် ကုန်ကြမ်းပစ္စည်းများကို ခင်းကျင်းပြသထားပြီး... ကျင့်ကြံသူ အများအပြားလည်း လှည့်လည် ကြည့်ရှု ရွေးချယ်နေကြသည်ကို တွေ့ရ၏။

ဆိုင်အကူများနှင့် ဝယ်သူများသည်... ထူးဆန်းသော ဝတ်စုံများကို ဗရပွ ဝတ်ဆင်ထားပြီး၊ လေသံများကလည်း မမှန်မကန် ဖြစ်နေကာ... ဒုက္ခသည် စခန်းမှ ထွက်ပြေးလာသူများနှင့် တူနေသည့် ထိုလူအုပ်ကြီး ဝင်လာသည်ကို မြင်သောအခါ အံ့အားသင့်သွားကြ၏။

ပါးနပ်လှသော ရုပ်ရည်ရှိသည့် အလယ်အလတ် အရွယ် ဆိုင်တာဝန်ခံ တစ်ဦးသည် ချက်ချင်းပင် ရှေ့သို့ တိုးလာခဲ့၏။ သူ၏ တြိဂံပုံစံ မျက်လုံးများဖြင့် လူအုပ်ကို တစ်ချက် ဝေ့ဝဲကြည့်လိုက်ပြီးနောက်... အတည်ငြိမ်ဆုံး ဖြစ်နေသော ကျန်းချန်ထံတွင် အကြည့်များ ရပ်တန့်သွားကာ... ပညာရှင်ဆန်သော အပြုံးတစ်ခုကို အတင်းအဓမ္မ လုပ်ယူ၍ ပြုံးလိုက်၏။

“ဒီက လူကြီးမင်းတို့က ကြည့်ရတာ မျက်မှောက်စိမ်းတွေပဲ... ဝမ်ပေါင်ဆောင်ကို ပထမဆုံးအကြိမ် လာတာလား ခင်ဗျာ... တစ်ခုခု ဝယ်ချင်လို့လား... ဒါမှမဟုတ်...”

“ပစ္စည်း လာရောင်းတာ...”

ကျန်းချန်က လိုတိုရှင်းသာ ပြောလိုက်ပြီး သူ၏ အသံမှာ တိုးညှင်းသော်လည်း ခံ့ညားလှပေသည်။ သူသည် ခန်းမအလယ်ရှိ လွတ်နေသော ပရိဘောဂ ခုံအရှည်ကြီးတစ်ခု၏ အနားသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီးနောက်... သူ၏ သွယ်လျသော လက်ချောင်းများဖြင့် ခုံမျက်နှာပြင်ကို ညင်သာစွာ ခေါက်လိုက်၏။

“ခင်ဗျားတို့ ဆိုင်မှာ အတော်ဆုံး ပစ္စည်း စစ်ဆေးသူကို ခေါ်ပေးပါ... မဟုတ်ရင်လည်း ဆိုင်အုပ်ကြီးကိုပဲ ထွက်လာခိုင်းလိုက်... ဒီ စီးပွားရေးကို ခင်ဗျား ဆုံးဖြတ်နိုင်မှာ မဟုတ်ဘူး...”

တာဝန်ခံ၏ အပြုံးမှာ နေရာမှာတင် အေးခဲသွားရပြီး... မျက်လုံးထဲတွင် မကျေနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ ချီစုစည်းမှုအဆင့် သာ ရှိသည့် ဤတောသား ကျင့်ကြံသူ တစ်သိုက်ထံတွင်... ဘာများ အဖိုးတန်တာ ပါနိုင်မှာမို့လို့လဲ။ အများဆုံးရှိလှ (၁) ဆင့်၊ (၂) ဆင့် ဝိညာဉ်ဆေးမြစ် အနည်းငယ် .. မိစ္ဆာသားရဲ အရေခွံ အပိုင်းအစ အချို့သာ ရှိပေလိမ့်မည်။

သို့သော် သူသည် ဤလောကတွင် ဝါရင့်နေသူ ဖြစ်သဖြင့်... ဒုစရိုက်မြို့တော်တွင် လူကို အပြင်ပန်းဖြင့် ဆုံးဖြတ်၍ မရကြောင်း ကောင်းစွာ သိပေသည်။ ထို့ကြောင့် သူက စိတ်ရှည်လက်ရှည်ဖြင့် ပြန်လည် ဆိုလိုက်၏။

“လူကြီးမင်းကလည်း နောက်နေပြန်ပြီ... ကျွန်တော်က ဒီ ဝမ်ပေါင်ဆောင် ပထမထပ်ရဲ့ တာဝန်ခံပါ... သာမန် ရတနာမျိုးဆိုရင် ကျွန်တော် ကိုယ်တိုင် ဆုံးဖြတ်လို့ ရပါတယ်... ပစ္စည်းတွေကို ထုတ်ပြပါဦး... ကျွန်တော် တစ်ချက်လောက် ကြည့်ပါရစေ...”

“ကောင်းပြီလေ... ခင်ဗျားက ဒီလောက်တောင် အတင်းအကျပ် ဖြစ်နေမှတော့...”

ကျန်းချန်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်ပြီးနောက် အနောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ... ကစားသမားများကို လက်ယပ် ခေါ်လိုက်၏။

“ညီအစ်ကိုတို့... ကုန်ပစ္စည်းတွေ ချလိုက်ကြတော့...”

“အေးဟေ့...”

ရှေ့ဆုံးတွင် ရပ်နေသော ဝမ်သဲ့ဖာက တဟီးဟီး ရယ်မောလိုက်ရာ... ပြဿနာတစ်ခုခု ရှာတော့မည့် စိတ်လှုပ်ရှားမှုများမှာ မျက်နှာပေါ်တွင် ပေါ်လွင်နေ၏။ သူသည် ခါးတွင် စပျစ်သီးတွဲများပမာ ချိတ်ဆွဲထားသော သိုလှောင်အိတ် (၄) (၅) လုံးကို ဖြည်ချလိုက်၏ (ထိုအိတ်များမှာ အခြား ကစားသမားများထံမှ ဂိုဏ်းအမှတ်ဖြင့် ငှားရမ်းကာ ပစ္စည်းသယ်ပေးနေခြင်း ဖြစ်သည်)။

သူသည် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး အိတ်များကို ဇောက်ထိုးလှန်ကာ... တောက်ပြောင်နေသော ပရိဘောဂခုံပေါ်သို့ အားရပါးရ သွန်ချလိုက်လေတော့သည်။

“ထန်း..ထန်း..ထန်း...”

ရင်ခုန်သံ မြန်သွားစေမည့် သတ္တုချင်း ရိုက်ခတ်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။

တောက်ပြောင်နေသော အလယ်အလတ်အဆင့် မှော်ဓား (၁၀) လက်ကျော်၊ မျက်စိကျိန်းမတတ် လှပသော ကာကွယ်ရေး ဝတ်ရုံ (၇) (၈) ထည်နှင့်... ကျောက်စိမ်းပြားများ၊ အတွင်းခံ ချပ်ဝတ်များ၊ ဖိနပ်များ စသည့် အထွေထွေ ပစ္စည်းပုံကြီးသည် ခုံမျက်နှာပြင်ပေါ်တွင် အမှိုက်ပုံကြီးသဖွယ် ချက်ချင်း ပြည့်နှက်သွားတော့သည်။

“ဒါ... ဒါက...” တာဝန်ခံ၏ အပြုံးသည် မျက်နှာပေါ်တွင် အေးခဲနေဆဲ ဖြစ်ပြီး မျက်လုံးများမှာလည်း ကျွတ်ထွက်မတတ် ပြူးကျယ်သွားရရှာသည်။

သို့သော်... ဤသည်မှာ အစပျိုးခြင်းမျှသာ ရှိသေးပေသည်။

ချက်ချင်းဆိုသလိုပင် ကျွမ်းကျင်ကစားသမား ကောင်းကင်ခွင်း ဓားတစ်လက် က တည်ငြိမ်သော မျက်နှာထားဖြင့် ရှေ့သို့ တိုးလာခဲ့၏။ သူသည် အိတ်ထဲမှ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည့် အဆင့်မြင့် ဓားပျံ (၃) လက်ကို ထုတ်ယူလိုက်သည်။ ၎င်းတို့မှာ ချင်းယန်ဂိုဏ်း၏ လက်ရွေးစင် တပည့်များသာ ကိုင်ဆောင်ခွင့်ရှိသော အပြာရောင် အလင်းဓားများပင် ဖြစ်၏။ သူသည် ထိုဓားများကို ခုံပေါ်သို့ ညင်သာစွာ တင်လိုက်ရာ "ချွင်" ဟူသော ကြည်လင်သည့် အသံလေး ထွက်ပေါ်လာ၏။

ဆေးတံကို ဖွာနေသော ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်းသည်လည်း သူနှင့် အနည်းငယ် မတော်တဆ ဖြစ်နေသော်လည်း အရည်အသွေး ကောင်းမွန်ကြောင်း သိသာလှသည့် ခရမ်းရွှေရောင် ဝတ်ရုံကြီးကို ဖြည်းညှင်းစွာ ချွတ်လိုက်၏။ ၎င်းမှာ ရှေ့တုန်းက ချွတ်ယူထားခဲ့သော ပြစ်ဒဏ်ခတ်ရေး အကြီးအကဲ၏ ဝတ်ရုံကြီးပင်။ နေရာအချို့တွင် ပြဲအာနေသော်လည်း အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ၏ ဖိနှိပ်မှု အရှိန်အဝါများမှာ ဝတ်ရုံထံမှ တငွေ့ငွေ့ ထွက်ပေါ်နေဆဲ ဖြစ်ပေသည်။ သူသည် ထိုဝတ်ရုံကို အဝတ်စုတ် တစ်ထည်ပမာ ခေါက်ပြီး ခုံပေါ်သို့ ပစ်တင်လိုက်၏။

အချိန်တိုလေး အတွင်းမှာပင်... ဧရာမ ပရိဘောဂခုံကြီးပေါ်ဝယ် မှော်လက်နက်များနှင့် လက်နက်ကိရိယာ ပုံကြီးမှာ တောင်ငယ်လေး တစ်လုံးပမာ မြင့်တက်လာခဲ့ပြီပင်။ ရတနာ အလင်းတန်းများမှာ တဖျတ်ဖျတ် လက်နေပြီး ဆွဲဆောင်မှု ရှိလှသော ဝိညာဉ် အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အံ့အားသင့်လွန်းသဖြင့် ပင့်သက်ရှိုက်မိသွားကြရ၏။ ဤ "တောသား" တစ်သိုက်အပေါ် ထားရှိခဲ့သော သူတို့၏ အမြင်များသည်... တခဏချင်းမှာပင် အံ့သြခြင်း၊ ကြောက်ရွံ့ခြင်းနှင့် နက်ရှိုင်းသော လောဘဇောများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

တာဝန်ခံ၏ မျက်နှာမှာမူ သေလူကဲ့သို့ ဖြူဖျော့နေပြီပင်။ သူ၏ တုန်ယင်နေသော လက်များဖြင့် အပေါ်ဆုံးမှ အပြာရောင် ဝတ်ရုံကို ကောက်ယူကာ ကော်လာကို ဖြန့်ကြည့်လိုက်၏။ ထိုနေရာတွင်... သိမ်မွေ့လှပပြီး ထင်ရှားသော ရွှေရောင် တိမ်တိုက်ပုံစံ ပန်းထိုးမှုနှင့်အတူ "ချင်းယန်" ဟူသော စာလုံးလေး နှစ်လုံး ရှိနေသည်ကို တွေ့လိုက်ရသည်။

ဤစားပွဲပေါ်တွင် ရှိနေသမျှ အရာအားလုံးသည်... ချင်းယန်ဂိုဏ်း၏ ပုံစံတူ လက်နက်ကိရိယာများ တဲ့လား။

အရေအတွက်နှင့် အရည်အသွေးကို ကြည့်ခြင်းအားဖြင့်... ချင်းယန်ဂိုဏ်း၏ လက်ရွေးစင် အဖွဲ့ကြီးတစ်ခုလုံး မျိုးဖြုတ် သုတ်သင်ခံလိုက်ရကြောင်း ထင်ရှားနေပေ၏။

ဒဏ္ဍာရီလာ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် နှောင်းပိုင်း အကြီးအကဲ၏ ကိုယ်ပိုင် ဝတ်ရုံကြီးပင် ဤနေရာ၌ ရှိနေသည် မဟုတ်ပါလော။ ထိုဝတ်ရုံပေါ်တွင် အကြီးအကဲ မသေဆုံးမီ ခံစားခဲ့ရသော နာကြည်းချက်နှင့် ခါးသီးမှု အငွေ့အသက်များပင် ကျန်ရှိနေသေးသည့်နှယ် ရှိ၏။

“မင်း... မင်းတို့က...”

တာဝန်ခံ၏ လက်များမှာ ဆတ်ဆတ်တုန်နေပြီး... သူ ကိုင်ထားသော မှော်ဓားမှာလည်း ခုံပေါ်သို့ "ဒုတ်" ခနဲ မြည်ကာ ပြုတ်ကျသွား၏။ သူသည် မိမိ၏ ရှေ့မှ အေးအေးဆေးဆေး ဖြစ်နေကြသော ထိုလူများကို ထိတ်လန့်တကြား ကြည့်လိုက်မိ၏။ သူ ခံစားနေရသည်မှာ ဧည့်သည်များကို ဧည့်ခံနေရခြင်း မဟုတ်ဘဲ... ငရဲခန်းမှ တွားသွား ထွက်လာကြသော ကြောက်မက်ဖွယ် မိစ္ဆာအုပ်စုကြီးနှင့် တွေ့နေရသည့်နှယ်ပင် ဖြစ်ချေတော့သည်။

ဤ ပစ္စည်းပုံကြီးမှာ... ကိုင်တွယ်ရန် အလွန်ပင် ပူလောင်လွန်းလှပေသည်။ လူတစ်ယောက်ကို အလွယ်တကူပင် အသက်ပျောက်သွားစေနိုင်လောက်အောင် ပူလောင်လှပေသည်တကား။

All Chapters