ဘတ်စကတ်ဘော ပြိုင်ပွဲ၏ အဖွင့်ပွဲစဉ်
Vol. 7 Ch. 92
ကျောင်းပိတ်ရက်အချိန် စတင်လေပြီ။ သို့သော် ယနေ့ ကျောင်းပိတ် ရက်က အရင်နေ့များနှင့် အတူချေ။ ကျောင်းသား အများစုသည် ခုတင်ပေါ်၌ လှဲနေခြင်း၊ အခန်းထဲ၌ ဂိမ်းကစားနေခြင်း၊ မုန့်မှာစားခြင်း သို့မဟုတ် သူတို့၏ ကောင်မလေးများနှင့် ချိန်းတွေ့ခြင်း လုပ်မည့် အစား အပြင်သို့ ထွက်နေကြသည်။
အကြောင်းပြချက်မှာ ဘတ်စကတ်ဘော ပြိုင်ပွဲ စတင်ပြီ ဖြစ်သောကြောင့် ပင်တည်း။
“ရှောင်ရဲ့ သွားရအောင်၊ ရှောင်ကမ်းကို အတူတူ သွားအားပေး မယ်လေ”
အာလူးလေးက လှမ်းခေါ်သည်။
“ရှောင်ကမ်းတင် မကဘူး၊ ငါတို့ စာပေဌာနတစ်ခုလုံးကို အားပေးဖို့ လိုတယ်”
ရှန်းက သူ့ကို အမှန်ပြင်ပေးလေသည်။ သူတို့ နှစ်ယောက်လုံး စိတ် လှုပ်ရှား ကာ တက်ကြွနေ၏။
သူတို့၏ စိတ်အခြေအနေက ရဲ့လင်းချန်ကိုပါ ကူးစက်သွားပြီး သူ ပြုံးလိုက်မိသည်။
ပါရမီရှင်စနစ်ကို ရရှိပြီးကတည်းက သူသည် အခြားသူများနှင့် မတူတော့သည့် ကံပါလာခဲ့သည်။ တကယ်လည်း ထိုသို့ ဖြစ်ခဲ့ပါ၏။ သူ လတ်တလော တွေ့ကြုံခဲ့သော အဖြစ်အပျက်များက သာမန်လူ တစ်ယောက် အတွက် မဖြစ်နိုင်ပါ။ သူ့အခန်းဖော်များနှင့် အချိန်ဖြုန်း သည့် အခါမှသာ သူ့ကိုယ်သူ ကျောင်းသားတစ်ယောက်လို ခံစားမိ သည်။
သုံးယောက်သား ရယ်လိုက်မောလိုက်ဖြင့် လူများနှင့် ပြည့်နေသော ကွင်းသို့ ထွက်လာကြသည်။ ယောက်ျားလေးရော မိန်းကလေးပါ တူညီစွာ စိတ်လှုပ်ရှားနေကြပြီး ဘေးမှနေ၍ ပြိုင်ပွဲများကို ကြည့်ကာ ဆွေးနွေးနေကြသည်။
ဘတ်စကတ်ဘော ကစားမည့်နေရာက ခြောက်နေရာရှိသဖြင့် ဆယ့်နှစ်သင်း ပြိုင်တူ ယှဉ်ပြိုင်၍ ရပေသည်။
ယှဉ်ဆော့ရမည့်သူများကို မဲနှိုက်ခြင်းဖြင့် ဆုံးဖြတ်ကြသည်။ ပွဲစဉ်အား နှစ်ပိုင်းခွဲထားသည်။ ပထမပွဲနှင့် ဒုတိယပွဲသည် ကြာချိန် မိနစ်သုံးဆယ်ရှိပြီး ကြားထဲ၌ ဆယ့်ငါးမိနစ် နားချိန်ပေးသည်။
စနေနေ့ မနက် ရှစ်နာရီမှ ကိုးနာရီခွဲသည် ခြေစစ်ပွဲ၏ ပထမပွဲ ကစားမည့်အချိန်ဖြစ်သည်။ ဆယ်နာရီမှ ဆယ့်တစ်နာရီခွဲသည် ဒုတိယပွဲ ဖြစ်သည်။
စနေနေ့ နေ့လယ် တစ်နာရီမှ နှစ်နာရီသည် တတိယပွဲ၊ သုံးနာရီမှ လေးနာရီခွဲက လေးပွဲမြောက် ကစားချိန် ဖြစ်ကာ ငါးနာရီမှ ခြောက်နာရီခွဲသည် ရှုံးထွက်ပွဲစဉ် ဖြစ်သည်။
တနင်္ဂနွေနေ့ မနက်ပိုင်းတွင် နောက်ထပ် ခြေစမ်းပွဲ ကျင်းပမည် ဖြစ်ပြီး နေ့လယ်တွင် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နှင် ဖိုင်နယ်ပွဲစဉ်များ ကျင်းပမည်။
ပြိုင်ပွဲအား နှစ်ရက်တည်းဖြင့် အပြီးလုပ်မည် ဖြစ်သည်။ အချိန်က အလျင်လိုသည်ဟု ထင်ရသော်လည်း စီမံထားပုံက လက်ခံ၍ ရနိုင်သော အခြေအနေ ဖြစ်သည်။
ဘာသာစကား ဌာနသည် များသောအားဖြင့် စာပေအနုပညာဌာနမှ ကျောင်းသားများ ဖြစ်ပြီး ကျောင်းသားလေး အရေအတွက်က သိပ်မများပေ။ ယခုတစ်ခေါက်တွင်မူ သူတို့ ကံကောင်းသွားသည်။ ကျောင်းသား တော်တော်များများက အရပ်ရှည်ပြီး ဘတ်စကတ်ဘော စွမ်းရည် အသင့်အတင့် ရှိကြသည်။
ဤသည်က ဌာနတွင်း၌ ပြိုင်ပွဲအတွက်ခန့်မှန်းမရနိုင်သော စိတ်အား ထက်သန်မှုကို ယူဆောင်လာသည်။
“ရှောင်ရဲ့ မင်းလည်း ရောက်နေတာပဲ”
လူတစ်ချို့က ပွဲထဲ ရောက်နေပြီဖြစ်သည်။ ရှောင်ကမ်းသည်လည်း လူအုပ်ထဲ၌ ရှိနေပြီး အဖြူရောင် ဘတ်စကတ်ဘော ဂျာစီကို ဝတ်ထားသည်။
ရဲ့လင်းချန် ရောက်လာသည်ကိုမြင်သောအခါ ကျောင်းသားအချို့က ခင်မင် ရင်းနှီးသော အပြုံးများဖြင့် နှုတ်ဆက်ကြသည်။ သိုင်းလေ့ကျင့် ရေးမှ အဖြစ်အပျက်ကြောင့် ရဲ့လင်းချန်က သူတို့ထဲ၌ ခိုင်မာသော အထင်ကြီးစိတ်ကို တည်ဆောက်နိုင်သွားသည်။
“ရှောင်ကမ်း မင်း ဘတ်စကတ်ဘော ဂျာစီနဲ့ ကြည့်ကောင်းနေမယ်လို့ ငါ ထင်မထားမိဘူး”
ရဲ့လင်းချန် စနောက်လိုက်သည်။
“မင်း အဆင်သင့်ဖြစ်ပြီလား”
“မဲနှိုက်တာတော့ ပြီးသွားပြီ၊ ငါတို့က ခြေစမ်းပွဲရဲ့ ဒုတိယအသုတ်မှာ ပါတယ်”
ရှောင်ကမ်းက ပြန်ပြောလာသည်။ တစ်ခဏမျှ ငြိမ်သွားပြီးနောက် သူက လေးနက်သော အသံဖြင့် ပြောလာ၏။
“အားကစားဌာနက ပထမအသုတ်မှာ”
“အားကစားဌာနလား”
ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။ အားကစားဌာနမှ လာသူများ ဖြစ်သောကြောင့် သူတို့က အလွန် ကြမ်းသော ပြိုင်ဘက်များ ဖြစ်ကြောင်း ပြောစရာပင် မလိုတော့ပါ။
“အားကစားဌာနက တက္ကသိုလ် ဘတ်စကတ်ဘော ပြိုင်ပွဲတိုင်းနီးပါး အမြဲ ပထမရခဲ့တာ၊ သူတို့ လေ့ကျင့် ပျိုးထောင်ပေးထားတဲ့ သူတိုင်းက ခန္ဓာကိုယ် ကြံ့ခိုင်ပြီး အားကစားမှာ ထူးချွန်တဲ့သူတွေချည်းပဲ”
အာလူးလေးကပါ ဝင်ပြောလာသည်။
“ကျစ် ငါတို့ ဘာသာစကားဌာနကလည်း မဆိုးပါဘူးကွာ၊ သူတို့ တော်တော်များများက အထက်တန်း ကျောင်းတုန်းက ဘတ်စကတ် ဘော ပြိုင်ပွဲတွေမှာ ဝင်ပါဖူးတယ်လို့ ငါ ကြားထားတယ်၊ သူတို့ အရည် အချင်း ကလည်း မဆိုးပါဘူး”
ရှန်းက ကတ်သတ်၍ ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒီတစ်ခါတော့ ငါတို့ ဘာသာစကားဌာနက နာမည်ဆိုးကို ရှင်းပစ်မှာ၊ အနည်းဆုံးတော့ … ဘိတ်ချေးမရောက်လောက်ပါဘူး”
မိန်းကလေးတစ်ယောက်က ကြားဖြတ်ဝင်ပြောလာသည်။ သူမသည် ဆံပင်တိုတိုနှင့် မျက်နှာဝိုင်းကာ ချစ်စရာ ကောင်းသည်။ သူမနာမည်က ကောင်းဝမ်ပင်။
သို့သော် သူမနှင့် ရင်းနှီးသူများဆိုလျင် သူမက extrovert ဖြစ်ကြောင်း သိကြသည်။ သူမက အလွန် တက်ကြွသူ တစ်ယောက် ဖြစ်သည်။ သူမသည် အတန်း၏ အားကစားပွဲစဉ်များတွင် လိုလိုလားလား ဝင်ရောက်ကူညီတတ်၏။
ဘာသာစကားဌာနသည် အားကစား၌ အမြဲ ရလဒ်ဆိုးရွားလေ့ ရှိသည်။ ယခုတစ်ချိန်တွင် သူတို့ အားကစား တော်သူများကို ရွေးနိုင်ခဲ့လေပြီ။ သူတို့ ရလဒ်ကောင်း မထွက်ပါက ရှက်စရာ ကောင်းပေလိမ့်မည်။
“ဟုတ်တယ် ပထမနေရာကို ဘေးဖယ်ထားလိုက်ဦး၊ ငါတို့အတွက် ထိပ်တန်းဆယ်ဖွဲ့အတွင်း ဝင်နိုင်ချေ ရှိတယ်”
စီနီယာတစ်ယောက်က ပြောသည်။ သူသည် မျက်မှန်ကို ပြန်ပင့်တင်၍ အခြေအနေကို သုံးသပ်ပြသည်။
“ပြီးခဲ့တဲ့နှစ်က ငါတို့ဌာနက ဘတ်စကတ်ဘော ပြိုင်ပွဲမှာ အဆင့် ဆယ့်သုံး ရတယ်၊ ဒီတစ်ခါတော့ ငါတို့ လူသစ်တွေထဲက အတော်လေး အားကစား လုပ်တတ်တဲ့သူတွေ ရှိလာပြီ၊ မနှစ်က ဘတ်စကတ်ဘော အသင်းကို ဒီလူတွေနဲ့ လဲလိုက်ရင် ငါတို့ဌာန အတော်လေး တိုးတက် လာမှာပါ”
ကစားသမားကောင်းများအကြောင်း ပြောနေရင်းနှင့် သူက ဆက်ပြောလာသည်။
“ဒီနှစ် မင်းတို့ကျောင်းသားတွေက အတော် ထူးတာပဲ၊ သိုင်းလေ့ ကျင့်ရေး နည်းပြကိုတောင် အနိုင်ယူလိုက်တဲ့ တစ်ယောက် ရှိတယ်လို့ ငါ ကြားဖူးတယ်၊ ဒါ တကယ်ကို ဒဏ္ဍာရီဆန်တာပဲကွ၊ သူက သိုင်းပညာ မိသားစုက လာတာလို့ ငါ ထင်တယ်၊ အဲ့ဒီ ပုန်းကွယ်နေတဲ့ ကွန်ဖူး ပညာရှင်တွေက တကယ် ကြောက်စရာကောင်းတယ်ကွ’
သူ့အတန်းထဲမှ ကျောင်းသားများသည် မရည်ရွယ်ဘဲ ရဲ့လင်းချန်ကို အနေရ ခက်သော အကြည့်ဖြင့် ကြည့်လာသည်။
ထိုအခိုက်တွင် ကွင်းထဲ၌ ကြေငြာသံ ထွက်လာ၏။ ဘတ်စကတ်ဘော ဂျာစီနှင့် ကျောင်းသားအချို့က ကွင်းထဲ ဝင်သွားသည်။ လူအုပ်ကြီးက သူတို့ ဖြတ်လာရန် လမ်းဖယ်ပေးကြသည်။
“ကစားသမားတွေ ကွင်းထဲ ဝင်လာပြီ၊ အခု မနက် ခုနစ်နာရီ ငါးဆယ်၊ ပြိုင်ပွဲ စဖို့ ဆယ်မိနစ် အချိန် ရသေးတယ်”
တစ်စုံတစ်ယောက်က စိတ်လှုပ်ရှားသော လေသံဖြင့် ပြောလာ၏။
“အဲ့ဒီ အနက်ရောင် ဘတ်စကတ်ဘော ဂျာစီနဲ့လူတွေက အားကစား ဌာနကလေ”
ရှောင်ကမ်းက တစ်နေရာကို ကြည့်၍ အလေးအနက်ထားသော လေသံ ဖြင့် ပြောလာသည်။ ရှောင်ကမ်း ကြည့်နေသော ဘက်သို့ လိုက်ကြည့် ပြီးနောက် ရဲ့လင်းချန် မျက်မှောင်ကြုတ်သွားသည်။
အားကစားဌာနက ကြားထားသည့်အတိုင်းပင်။ အားလုံးက အရပ် ရှည်ကာ ခန္ဓာကိုယ် တောင့်သည်။ အားလုံးက အရပ် တစ်ရာ့ရှစ်ဆယ် စင်တီမီတာ ကျော်၏။ သူတို့၏ အနက်ရောင်ဂျာစီကြောင့် ကျစ်လျစ် သော လက်မောင်းသားနှင့် ပခုံးတို့ အထင်းသား ပေါ်နေကာ အခြား သူများကို ရှိန်စေသည်။
ဤခန္ဓာကိုယ်အချိုးအစားက သူတို့ကို မည်သည့် သာမန်အသင်းကိုမဆို ရှင်းလင်းနိုင်စေသည်။ သူတို့ ပထမ ရသည်က မဆန်းပေ။
၎င်းက အဓိကအချက် မဟုတ်သေးပါ။ အဓိက အချက်မှာ ဟဲယွမ်ကို အားကစားဌာန၏ အသင်း၌ ရဲ့လင်းချန် တွေ့လိုက်ရခြင်း ဖြစ်သည်။
သူ့ခန္ဓာကိုယ်က အခြားသူများလောက် မတောင့်တင်းသော်လည်း အချိုးအစား ကျနသည်။ ပါးလျသော ဂျာစီအောက်မှ သူ၏ six packs ကို ခပ်ရေးရေး မြင်နေရသည်။ ချောမောသော မျက်နှာတွင်လည်း နတ်ဆိုးဆန်ဆန် အပြုံးတစ်ခု ရှိနေပြီး အော်ဟစ်နေသော မိန်းကလေး များကို လက်ပြနေ၏။
“အား …. အားကစားဌာနက သူတွေက အရမ်း ချောတာပဲ”
“ငါ အားကစားဌာနကနေ ကောင်လေး လိုချင်လိုက်တာ၊ သူတို့ အားလုံးက တကယ့် boyfriend material တွေပဲ”
“ဟဲယွမ်က အတော်ဆုံးပဲ၊ ငါ သူနဲ့ ကလေးတွေ လိုချင်လိုက်တာ …”
“အားကစားဌာနက အတော်ဆုံးပဲ၊ ချစ်တယ်နော်”
အားကစားဌာနတွင် ပရိသတ်များ ထောင်ချီနေသည်က ပြောစရာပင် မလိုတော့ချေ။ သူတို့၏ အားပေးသံက ကျန်ဌာနများ၏ အားပေးသံကို လွှမ်းသွားသည်။ ထိုအခိုက်တွင် ကွင်းတစ်ခုလုံးကို အားကစားဌာနက လွှမ်းမိုးသွားသလိုပင်။
ဟဲယွမ်က ထိုအခြေအနေကို ကျေနပ်အားရနေပြီး လက်မြှောက်၍ လူအုပ်အား လက်ပြနေသဖြင့် အော်သံများ ထပ်မံ ဆူညံလာပြန်သည်။
လူအုပ်ထဲ၌ ရဲ့လင်းချန်ကို တွေ့လိုက်ရသောအခါ သူ့အကြည့်များ တစ်ခဏမျှ ရပ်သွားသည်။ ထို့နောက် ခနဲ့သလို ပြုံးလာပြီး သူ့မျက်လုံး များက အေးစက်လာသည်။
“ယီးပဲ ထပ်ပြီးတော့ ဟဲယွမ်ပဲ”
အာလူးလေးနှင့် အခြားသူများသည် ဟဲယွမ်ကို သတိထားမိပြီး သူတို့ ၏ ကံဆိုးမှုကို ကျိတ်၍ ကျိန်ဆဲကြ တော့သည်။
“ဟဲယွမ်ရဲ့ အရည်အချင်းက ကောင်းတယ်၊ သူက အရပ်အရှည်ဆုံး မဟုတ်ပင်မယ့် အားကစားဌာနရဲ့ ခေါင်းဆောင် ဖြစ်အောင် လုပ်နိုင်တယ်”
ရှောင်ကမ်း၏ မျက်ခုံးက စိုးရိမ်စိတ်ကြောင့် ကြုတ်နေသည်။
“သူ အရင်က ကစားတာကို ငါ ကြည့်ဖူးတယ်၊ ဘောလုံးကို တို့တာပုတ်တာ၊ ခုန်တာ၊ အကြမ်းခံတာနဲ့ အရှိန်တွေက သေချာ ကျင့်ထားတာကွ”
“ရှောင်ကမ်း မကြောက်နဲ့၊ ငါ မင်းကို ယုံတယ်၊ သူ့ကို နိုင်မှာ”
ရှန်းက ရှောင်ကမ်းကို အားပေးသည်။ ထို့နောက် အားကစားသမားများ ကွင်းထဲ ဝင်လာပြီး သွေးပူလေ့ကျင့်ခန်း လုပ်နေကြလေသည်။
အားကစားဌာနက ဂီတဌာနှင့် သွားကျသည်။ ဌာနနာမည်ကို ကြားရုံ နှင့်တင် ရယ်ချင်လောက်သည်။ ဂီတဌာနက အနင်းခံဖြစ်ရန် ကံပါသွားရှသည်။
ဂီတဌာနကသူများက လိမ္မော်ရောင်ဂျာစီကို ဝတ်ထားကြသည်။ ကစား သမားတိုင်းက ခါးသီး၍ ကူကယ်ရာမဲ့ဟန် ပေါ်နေကာ သူတို့ကိုယ်သူတို့ ယုံကြည်မှု မရှိမှန်း သိသာလှသည်။