အခန်း (၁၀၃-၁၀၅)
Vol. 7 Ch. 103-105
အခန်း (၁၀၃) - ခိုးရာပါပစ္စည်းများ၏ ဂယက် (အပိုင်း ၂) - ဈေးဆစ်တာလား... ကျွန်တော်တို့က ပညာရှင်တွေပါ
~ဒုစရိုက်မြို့တော်။ ဝမ်ပေါင်ဆောင် ပထမထပ်၏ ဧည့်ခန်းမဆောင်အတွင်း။
လက်ဖက်ရည် တစ်ဝက်ခန့် သောက်ရသည့် အချိန်အတိုင်းအတာအထိ ခုံတန်းရှည်ကြီး၏ ဘေးတွင် သေဆုံးခြင်း တိတ်ဆိတ်မှုမျိုး လွှမ်းမိုးနေ၏။ ဝိညာဉ်အလင်းတန်းများ တဖျတ်ဖျတ် လက်နေသော်လည်း သွေးညှီနံ့ ပြင်းထန်လှသော ချင်းယန်ဂိုဏ်း၏ လက်နက်ကိရိယာ ပုံကြီးသည် ဝဖြိုးသော ဆိုင်တာဝန်ခံ၏ နှလုံးသားပေါ်သို့ တောင်ကြီးတစ်လုံးပမာ လေးလံစွာ ဖိထားသည့်နှယ် ရှိ၏။
ဝဖြိုးသော တာဝန်ခံသည် ခရမ်းရွှေရောင် အကြီးအကဲ ဝတ်ရုံကြီးကို စိုက်ကြည့်ရင်း သူ၏ လည်သီးမှာ စိုးရိမ်တကြီးဖြင့် လှုပ်ရှားနေ၏။ ဤပစ္စည်းတွေကို သူ ဝယ်ရမည်လော။ အကယ်၍သာ သတင်းပေါက်ကြားသွားပါက ဝမ်ပေါင်ဆောင်သည် ဒုက္ခကြီးစွာ ရောက်ပေလိမ့်မည်။ သို့သော် မဝယ်ဘဲ ထားရမည်လော။ ဤစီးပွားရေးမှ ရရှိမည့် အကျိုးအမြတ်မှာလည်း လက်လွှတ်ရန် အလွန်ပင် နှမြောစရာ ကောင်းလှပေသည်။
နောက်ဆုံးတွင်မူ... ကုန်သည်တစ်ဦး၏ လောဘစိတ်က အသိတရားကို အနိုင်ယူသွားခဲ့လေပြီ။
တာဝန်ခံသည် လေတစ်ချက်ကို အဝရှူလိုက်ပြီး နဖူးပေါ်မှ ချွေးစေးများကို သုတ်လိုက်ကာ ပညာရှင်ဆန်သော အပြုံးတုကြီးကို ပြန်လည် ဆင်မြန်းလိုက်သည်။ သို့သော် ထိုအပြုံးမှာ ယခင်ကထက် ပိုမို တောင့်တင်းနေပြီး စမ်းတဝါးဝါး ဖြစ်နေ၏။
“ဟင်း... လူကြီးမင်းတို့ရဲ့ အရည်အချင်းက တကယ့်ကို အံ့မခန်းပါပဲဗျာ...”
သူက လက်မထောင်ပြလိုက်ရင်း သူ၏ လေသံမှာ အလွန်အမင်း ယဉ်ကျေးလာတော့သည်။
“ဒီ ကုန်ပစ္စည်းတွေက... အရည်အသွေးကတော့ ပြောစရာ မလိုအောင် ကောင်းပါတယ်... ဒါပေမဲ့... သူတို့ရဲ့ ရောက်ရှိလာပုံက နည်းနည်းတော့ ပြဿနာ ရှိနေတယ်... ချင်းယန်ဂိုဏ်းဆိုတာ ဖြောင့်မတ်သော လမ်းစဉ်ရဲ့ အင်အားကြီး ဂိုဏ်းတစ်ဂိုဏ်းလေ... ဒီပစ္စည်းတွေကို လက်ခံဖို့ဆိုတာ ကျွန်တော်တို့ဘက်က ကြီးမားတဲ့ စွန့်စားမှုကို လုပ်ရမှာပါ...”
တာဝန်ခံက ခေါင်းကို တခါခါ ယမ်းပြလိုက်ပြီး မုန်လာဥနီသဖွယ် ဝဖြိုးသော လက်ချောင်း (၃) ချောင်းကို ထောင်ပြလိုက်၏။ သူသည် အံကို ကြိတ်ကာ ဈေးနှုန်းတစ်ခုကို ကြေညာလိုက်၏။
“ဈေးတစ်ဈေးပဲ ပြောမယ်ဗျာ... အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၃၀၀၀) ... ဒါက ကျွန်တော် အသက်နဲ့ရင်းပြီး ပေးနိုင်တဲ့ အမြင့်ဆုံး ဈေးနှုန်းပဲ...”
သုံးထောင် ဟုတ်လား။ ဤကိန်းဂဏန်းကို ကြားလိုက်ရသောအခါ ကျန်းချန်သည် တည်ငြိမ်နေဆဲ ဖြစ်သော်လည်း ရင်ထဲတွင်မူ နှာခေါင်းရှုံ့လိုက်မိသည်။
သို့သော် ကျန်းချန် စကားမပြောရသေးမီမှာပင်...
“ဒေါင်...”
ကျယ်လောင်လှသော အသံကြီးနှင့်အတူ ဝမ်သဲ့ဖာက ခုံမျက်နှာပြင်ကို လက်ဝါးဖြင့် အားကုန် ရိုက်ချလိုက်၏။ သူသည် အမြီး အနင်းခံလိုက်ရသော ကြောင်တစ်ကောင်ပမာ ခုန်ထလိုက်ပြီး သူ၏ ဝဖြိုးသော မျက်နှာကြီးမှာလည်း ပြင်းထန်စွာ တုန်ယင်နေတော့သည်။
“ဘယ်လောက်လဲ... သုံးထောင် ဟုတ်လား...”
ဝမ်သဲ့ဖာ၏ အသံသည် ချက်ချင်းပင် ရှစ်ဆခန့် မြင့်တက်သွားပြီး တာဝန်ခံ၏ မျက်နှာတည့်တည့်သို့ တံတွေးများ စင်သွားသည်အထိ ဟောက်ပစ်လိုက်၏။
“ ဓားပြပဲ တိုက်ပါတော့လား... ဒီပစ္စည်းတွေ ရဖို့ ကျုပ်တို့ ညီအစ်ကိုတွေ ဘယ်လောက်တောင် အသက်ပေးခဲ့ရလဲ ခင်ဗျား သိလား... အလောင်းကောက်ဖို့ ဘယ်နှစ်ခါ ပြန်ပြေးရလဲ... ရှင်သန်ခွင့် အမှတ်တွေ ဘယ်လောက်တောင် ကုန်သွားလဲ ခင်ဗျား သိလား... ဒါတွေက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် ဘော့စ်ဆီက ကျလာတဲ့ ထိပ်တန်း ပစ္စည်းတွေဗျ.. ခင်ဗျားက ကျုပ်တို့ကို သူတောင်းစားတွေလို့ ထင်နေတာလား...”
ကစားသမားများမှာလည်း ချက်ချင်းပင် ပွဲဆူကုန်ကြတော့သည်။
“လူလိမ်... ဒါ အတိအလင်း လူလိမ်ပဲ...”
“မှောင်ခိုဆိုင် ဆိုတာ ဒါမျိုးလားဟ... သူ့ကို တိုင်ပစ်ကြ... ရီဗျူး အဆိုးဆုံးတွေ ပေးပစ်မယ်...”
“ညီအစ်ကိုတို့... ပစ္စည်းတွေ ပြန်သိမ်းကြဟေ့... မရောင်းဘူးကွာ... ဒီလူလိမ် လက်ထဲ အရောက်ခံမယ့်အစား ငါတို့ ဒါတွေကို အရည်ကျိုပြီး အမှိုက်ပုံးထဲပဲ ပစ်လိုက်တော့မယ်...”
ကစားသမား တစ်ဒါဇင်ကျော်သည် ဝဖြိုးသော တာဝန်ခံကို ဝိုင်းရံလိုက်ကြ၏။ သူတို့သည် ချီစုစည်းမှု အဆင့်သာ ရှိကြသော်လည်း... "ခြေဗလာသမားက ဖိနပ်ပါတဲ့သူကို မကြောက်ဘူး" ဟူသော ရဲရင့်သည့် အရှိန်အဝါများကြောင့် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိသည့် တာဝန်ခံမှာ အနောက်သို့ပင် တစ်လှမ်းချင်း ဆုတ်နေရရှာသည်။
“ဈေးတိုးပေး... ဈေးကို သေချာပေါက် တိုးပေးရမယ်...”
ကောင်းကင်ခွင်း ဓားတစ်လက် သည် တည်ငြိမ်သော မျက်နှာထားဖြင့် ရှေ့သို့ တိုးလာခဲ့၏။ သူသည် သူ၏ "ပညာရှင်ဆန်သော ဈေးဆစ်နည်း" ကို စတင် အသုံးချလိုက်၏။ သူသည် မှော်ဓားတစ်လက်ကို ပေါ့ပါးစွာ ကောက်ယူလိုက်ပြီး ဓားပေါ်ရှိ အခင်းအကျင်း လမ်းကြောင်းများကို ညွှန်ပြကာ ဆိုလိုက်၏။
“တာဝန်ခံ... ကျွန်တော်တို့က အတူတူပါပဲ... ဒီဓားကို နက်မှောင် သံမဏိနဲ့ သန့်စင် ရွှေစင်တွေနဲ့ သွန်းလုပ်ထားတာ... အကယ်၍ ဒါကြီးကို အရည်ကျိုလိုက်ရင်တောင် အနည်းဆုံး သန့်စင် ရွှေစင် (၃) ကျင်းလောက် ရဦးမှာ... ကုန်ကြမ်း တန်ဖိုးတင် ဝိညာဉ်ကျောက်တုံး (၅၀၀) ကျော်နေပြီ... ခင်ဗျားက ဒါတွေ အကုန်လုံးကို သုံးထောင်နဲ့ ဝယ်ချင်နေတာလား... ခင်ဗျားရဲ့ ဂုဏိသိက္ခာကော မနာကျင်ဘူးလားဗျာ...”
“ဟုတ်ပဗျာ...”
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်းကလည်း ဆေးတံကို ဖွာရင်း ဝင်၍ ထောက်ခံလိုက်သည်။
“ဒီဝတ်ရုံကို နည်းနည်းပါးပါး ပြန်ပြင်လိုက်ရင် ကိုးဆယ်ရာခိုင်နှုန်းအထိ အသစ်အတိုင်း ဖြစ်သွားမှာ.. ပြန်ရောင်းရင် အနည်းဆုံး (၃) ဆလောက် မြတ်ဦးမှာလေ... စီးပွားရေးဆိုတာ အေးအေးဆေးဆေး အမြတ်စားရတာမျိုး ဖြစ်သင့်တယ်... ဒီလောက်တောင် လောဘကြီးနေရင် နောက်ဆို ဘယ်သူက ခင်ဗျားဆီမှာ ခိုးရာပါပစ္စည်းတွေ လာရောင်းရဲတော့မှာလဲ...”
“ငါးထောင်... တစ်ပြားမှ မလျော့ဘူး...” ဝမ်သဲ့ဖာက ခေါင်းမာစွာဖြင့် ဈေးခေါ်လိုက်၏။
“မရဘူး... မရဘူးဗျာ... ငါးထောင်က အရမ်းများလွန်းတယ်... သုံးထောင် ငါးရာ... ဒါပဲ ပေးနိုင်မယ်...” တာဝန်ခံက ခေါင်းကို ရူးသွပ်စွာ ခါယမ်းရင်း ကစားသမားများနှင့် မျက်နှာချင်းဆိုင်ကာ အားရပါးရ ငြင်းခုံနေတော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ဝမ်ပေါင်ဆောင်၏ ခမ်းနားလှသော ခန်းမဆောင်ကြီးသည် ဆူညံနေသည့် ဈေးတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီပင်။
“သုံးထောင့် ခြောက်ရာ...”
“လေးထောင့် ရှစ်ရာ... ဒီထက် လျော့ရင် ကျွန်တော် ကိုယ့်ကိုယ်ကို သတ်သေပစ်မယ်...”
ကစားသမား တစ်ယောက်က ကျောက်တိုင်ကို ခေါင်းဖြင့် ပြေးတိုက်မည့်ဟန် ပြုလုပ်လိုက်၏။
“သုံးထောင် ရှစ်ရာ... ဒါထက် ပိုတောင်းရင် ကျုပ်.. အလုပ်ပြုတ်ပါပြီဗျာ..“”
“လေးထောင့် ငါးရာ... ဒါ နောက်ဆုံးဈေးပဲ... မဟုတ်ရင် ဟိုဘက်က 'ကျူပေါင်ကျဲ' ဆိုင်ကို သွားမေးတော့မယ်...”
“မလုပ်ပါနဲ့... မလုပ်ပါနဲ့ဗျာ... ဟိုဘက်ဆိုင်ကိုတော့ မသွားပါနဲ့...” ပြိုင်ဘက်ဆိုင်သို့ သွားမည်ဟူသော စကားကြောင့် တာဝန်ခံမှာ အသည်းအသန် ပျာယာခတ်သွားရှာသည်။
နှစ်ဖက်စလုံး အခြေအတင် ဖြစ်နေကြစဉ်မှာပင် အနောက်၌ တိတ်ဆိတ်စွာ ရပ်နေသော ကျန်းချန်သည် နောက်ဆုံး၌ လှုပ်ရှားလိုက်၏။
သူသည် လူအုပ်ကြားမှ တိုးထွက်လာပြီး ခုံတန်းဘေးသို့ လျှောက်သွားလိုက်၏။ ဆူညံနေသော ကစားသမားများသည်လည်း ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။ ကျန်းချန်သည် ချွေးများ ပြန်နေသော ဝဖြိုးသည့် တာဝန်ခံကို ကြည့်လိုက်ပြီး ခုံပေါ်သို့ လက်ချောင်းဖြင့် (၃) ချက် ညင်သာစွာ ခေါက်လိုက်၏။
“အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၄၀၀၀) ...”
ကျန်းချန်၏ အသံမှာ အေးစက်တည်ငြိမ်နေပြီး ငြင်းဆန်၍ မရနိုင်သော ပြတ်သားမှုများ ပါဝင်နေ၏။
“ဒါ့အပြင်... ခင်ဗျားတို့ ဆိုင်မှာ လက်ကျန်ရှိသမျှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးရယ်... သိုလှောင်အိတ် (၂၀) ရယ်... ပြီးတော့ ဒုစရိုက်မြို့တော်ရဲ့ အင်အားစု ဖြန့်ကျက်မှု မြေပုံအသေးစိတ် တစ်ခုရယ်ကို လိုချင်တယ်...”
“ခင်ဗျား သဘောတူရင် အခုချက်ချင်း အရောင်းအဝယ် ဖြစ်မယ်... အကယ်၍ သဘောမတူဘူး ဆိုရင်တော့...”
ကျန်းချန်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ခုံပေါ်ရှိ ရတနာပုံကြီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သူသည် အနောက်သို့ လှည့်ကာ ထွက်ခွာရန် ပြင်လိုက်ရင်း ဆိုလိုက်၏။
“ငါတို့ ဟိုဘက်က 'ကျူပေါင်ကျဲ' ဆိုင်ကို သွားဖျက်ဆီးပြီး... ဒီပစ္စည်းတွေကို သူတို့အတွက် လက်ဆောင်အဖြစ် ပေးလိုက်တော့မယ်...”
ဤ "ဆုတ်ခြင်းဖြင့် တိုက်စစ်ဆင်ခြင်း" နည်းဗျူဟာက တာဝန်ခံ၏ စိတ်ပိုင်းဆိုင်ရာ ခံစစ်စည်းကို အပြီးတိုင် ဖြိုခွင်းပစ်လိုက်လေတော့သည်။
“သဘောတူတယ်... သဘောတူပါတယ်ဗျာ... မသွားပါနဲ့... လူကြီးမင်း ခဏလောက် စောင့်ပါဦး...”
ဝဖြိုးသော တာဝန်ခံသည် ကျန်းချန်၏ ရှေ့သို့ အပြေးအလွှား လာပိတ်ကာ အလိုလိုက် အကြိုက်ဆောင်သော၊ နာကျင်မှုများ ပြည့်နှက်နေသော အပြုံးကြီးဖြင့် မျက်နှာချိုသွေးလိုက်၏။
“လေးထောင်ပဲ ထားလိုက်ပါတော့ဗျာ... မိတ်ဆွေဖွဲ့တယ်လို့ပဲ သဘောထားလိုက်ပါ့မယ်...”
ခေတ္တအကြာတွင် ကျန်းချန်သည် ကျေနပ်နေကြသော ကစားသမား (၂၀) ကို ဦးဆောင်ကာ ဝမ်ပေါင်ဆောင်မှ ထွက်လာခဲ့ကြသည်။ လူတိုင်း၏ အိတ်များမှာ ဖောင်းကားနေကြပြီပင်။
ဝိညာဉ်ကျောက်တုံး (၄၀၀၀) ဆိုသည်မှာ... သူတို့အတွက်တော့ ပထမဆုံးသော ရွှေအိုးကြီးပင် ဖြစ်၏။
ပို၍ အရေးကြီးသည်မှာ... သူတို့ တစ်ဦးချင်းစီတွင် ပိုမို ကြီးမားပြီး လက်ရာမြောက်လှသည့် [အလယ်အလတ်အဆင့် သိုလှောင်အိတ်] ကိုယ်စီ ခါးတွင် ချိတ်ဆွဲထားနိုင်ခဲ့ခြင်းပင်။
“ရှယ်ပဲဗျာ... ဒါက တကယ့်ကို ကောင်းကင်က ကျလာတဲ့ ရတနာပဲ...”
ဝမ်သဲ့ဖာက အိတ်အသစ်လေးကို ပုတ်ရင်း ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးနေ၏။
“ညီအစ်ကိုတို့ရေ... ငါတို့ ချမ်းသာပြီကွ... နောက်ထပ် ဘာလုပ်ကြမလဲ...”
“ဒါ မေးနေစရာ လိုသေးလို့လား...”
ကောင်းကင်ခွင်း ဓားတစ်လက် က ပတ်ဝန်းကျင်ရှိ မျက်စိကျိန်းမတတ် များပြားလှသော ဆိုင်တန်းများကို ကြည့်ကာ ဈေးဝယ်ချင်ဇောများ ပြင်းပြနေသည့် မျက်လုံးများဖြင့် ဟစ်ကြွေးလိုက်၏။
“သေချာတာပေါ့... ဈေးဝယ်ထွက်ကြမယ်လေ... ရှိသမျှ ပိုက်ဆံ အကုန်ဖြုန်းမယ်... ဒီ ဒုစရိုက်မြို့တော်ကြီး တစ်ခုလုံးကို ပြောင်အောင် ဝယ်ပစ်ကြမယ်ဟေး...”
---
[t.n: အလောင်းကောက်ရန် ပြန်ပြေးရခြင်း - ဂိမ်းကစားရာတွင် သေဆုံးသွားသောအခါ ကျန်ရစ်ခဲ့သော ပစ္စည်းများကို ပြန်လည်ယူရန် သေဆုံးသည့်နေရာသို့ ပြန်သွားရခြင်း။
ဆုတ်ခြင်းဖြင့် တိုက်စစ်ဆင်ခြင်း - တစ်ဖက်လူကို အကျပ်ကိုင်ရန်အတွက် မိမိက လက်လျှော့သယောင် ပြုလုပ်ပြီး အလိုရှိရာကို ရယူသည့် နည်းဗျူဟာ ကို ဆိုလိုပါသည်။
အခန်း (၁၀၄) - တောသား မြို့တက်ခြင်း အပိုင်း (၂) .. ဒီလမ်းတစ်လျှောက်လုံးကို ငါတို့ အပိုင်သိမ်းရမယ်
~ဒုစရိုက်မြို့တော်၏ ဗဟိုစီးပွားရေး နယ်မြေအတွင်းဝယ်။
ဝမ်ပေါင်ဆောင်မှ ထွက်လာကြသော အယောက် (၂၀) ပါ စူးစမ်းရေး အဖွဲ့သည်... ဇက်ကြိုးပြတ်သွားသော မြင်းရိုင်းများပမာ စည်ကားလှသော လမ်းမကြီးများပေါ်သို့ ချက်ချင်းပင် ပြန့်နှံ့သွားကြ၏။ လက်ထဲတွင် ဝေစုရရှိထားသော ဝိညာဉ်ကျောက်တုံးများကို ဆုပ်ကိုင်လျက်... ခါးတွင်လည်း အလယ်အလတ်အဆင့် မှော်ဓားအသစ်စက်စက်များနှင့် သိုလှောင်အိတ်များကိုယ်စီ ချိတ်ဆွဲထားကြသဖြင့်... ကစားသမားများ၏ စိတ်ဓာတ်မှာ မြို့ရိုးထက်ပင် ပိုမို မြင့်မားနေပြီပင်။
“ကဲ... လူစုခွဲကြစို့... တစ်နာရီကြာရင် ဒီနေရာမှာ ပြန်ဆုံမယ်...”
ဂိုဏ်းချုပ် ကျန်းချန်၏ အမိန့်ပေးသံအဆုံးတွင် လူတိုင်းက အားရပါးရ အော်ဟစ်လိုက်ကြပြီး ရူးသွပ်ဖွယ်ရာ "ဈေးဝယ်ပွဲတော်" ကြီးကို စတင်လိုက်ကြတော့သည်။
ဝမ်သဲ့ဖာ၏ ရည်မှန်းချက်မှာ ရှင်းလင်းလှပေသည်။ သူသည် လက်တွေ့ဆန်သူ (သေမှာလည်း အလွန်ကြောက်သူ) ဖြစ်သဖြင့် "နတ်ဘုရား လက်နက် သွန်းလုပ်ရေး အလုပ်ရုံ" ဟု ဆိုင်းဘုတ်တပ်ထားသော လက်နက်ဆိုင်ထဲသို့ အရင်ဆုံး ပြေးဝင်သွား၏။
“ဆိုင်ရှင်... ခင်ဗျားဆီမှာ အမာဆုံး... အထူဆုံးနဲ့ အကြမ်းခံဆုံး ချပ်ဝတ်ကို ထုတ်ပေးစမ်းပါဗျာ...”
ဆိုင်ထဲ ရောက်သည်နှင့် ဝမ်သဲ့ဖာက အသံကုန် ဟိန်းဟောက်လိုက်၏။
ဆိုင်အကူလေးမှာလည်း ပျာပျာသလဲဖြင့် မည်းနက်နေသော ချပ်ဝတ် ဝတ်စုံကြီး တစ်ခုကို ထုတ်ပြလိုက်၏။
“လူကြီးမင်းက အမြင်ရှိသားပဲ... ဒါက 'နက်မှောင်သော သံမဏိ နွားရိုင်း ချပ်ဝတ်' လို့ ခေါ်ပါတယ်... အလေးချိန် ပေါင် (၃၀၀) ရှိပြီးတော့ ကာကွယ်ရေး စွမ်းအားကတော့ အံ့မခန်းပါပဲဗျာ... ဝိညာဉ်ကျောက်တုံး (၂၀၀) ပဲ ကျသင့်မှာပါ...”
“အမ်..ပေါင် (၃၀၀) ...”
ဝမ်သဲ့ဖာက မကြည့်စမ်းကြည့်ဖြင့် မကြည့်လိုက်ရာ ခါးပင် ကျိုးသွားမတတ် ဖြစ်သွားရသည်။ သို့သော် သူက မညည်းတွားသည့်အပြင် မျက်လုံးများပါ အရောင်တောက်လာ၏။
“ပစ္စည်းကောင်းပဲဟ... ဒီလောက် လေးမှ ငါ စိတ်ချလက်ချ ရှိမှာပေါ့... ဝယ်မယ်ဗျာ... ပြီးတော့ ဟိုဘက်က တံခါးရွက်လောက် ရှိတဲ့ ဧရာမ ဒိုင်းကာကြီးကိုလည်း ထုပ်ပေးလိုက်... ခေါင်းအစ ခြေအဆုံး ဖုံးတဲ့ ဦးထုပ်ကြီးရောပဲနော်...”
ခေတ္တအကြာတွင် ဆိုင်ထဲမှ ပြန်ထွက်လာသော ဝမ်သဲ့ဖာမှာမူ... လုံးဝကို အသွင်ပြောင်းသွားခဲ့ပြီပင်။ သူသည် သံစည်ပိုင်းကြီးအမည်း တစ်ခုထဲသို့ ဝင်နေသည့်အလား ရှိနေပြီး... ကျောပေါ်တွင်လည်း ဧရာမ ဒိုင်းကာကြီးကို လိပ်ခွံကြီးလို ထမ်းထားသဖြင့် လမ်းလျှောက်လိုက်တိုင်း "ဂျွတ်... ဂျွတ်" ဟူသော သံချည်သံကြီးများ ထွက်ပေါ်နေ၏။
“ဟားဟားဟား... ဒီတစ်ခါတော့ ဘယ်ကောင် ငါ့ကို လာသတ်ရဲမလဲ ကြည့်ကြသေးတာပေါ့...”
ထိုအချိန်တွင် အခြားတစ်ဖက်ရှိ ကုန်ကြမ်းပစ္စည်းများ ရောင်းချရာ အရပ်၌ ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်းသည် သတ္တုရိုင်းများ ရောင်းသော ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် ဆိုင်ရှင်နှင့် အသည်းအသန် ဈေးဆစ်နေ၏။
“ဒီ 'ဥက္ကာခဲ သံမဏိ' က ဘယ်လောက်လဲဗျ...”
ဟု ဦးလေးကျန်းက ထူးခြားမှု မရှိသော ကျောက်တုံးမဲကြီး တစ်တုံးကို မြှောက်ပြရင်း မေးလိုက်၏။
“ဝိညာဉ်ကျောက်တုံး (၅၀) ပေးရမယ်...”
မျက်စိတစ်ဖက်လပ် ဆိုင်ရှင်က အေးစက်စွာ ပြန်ပြောလိုက်သည်။
“ငါးဆယ် ဟုတ်လား... ခင်ဗျား ဓားပြတိုက်နေတာပဲ... ဒီပစ္စည်းက အညစ်အကြေးတွေ အများကြီး ပါနေတာကို... (၂၀) ပဲ တန်တယ်... မရောင်းရင်လည်း သွားတော့ဗျာ...”
ဦးလေးကျန်းက နှာခေါင်းရှုံ့လိုက်သော်လည်း မျက်လုံးကမူ ထိုကုန်ကြမ်းကိုပဲ တစိမ့်စိမ့် ကြည့်နေမိသည် (ဆောက်လက်စ ဂိုဏ်းခန်းမဆောင်ကြီး အတွက် မိုးကြိုးလွှဲ လုပ်ချင်နေသောကြောင့် ဖြစ်သည်)။ နောက်ဆုံးတွင်မူ သူသည် အံကို ကြိတ်ကာ ဝယ်ယူလိုက်လေတော့သည်။ သတ္တုရိုင်းများ ဝယ်ပြီးနောက် ဘေးဆိုင်မှလည်း ထူးခြားသော ဘိလပ်မြေ ကုန်ကြမ်းများကို တစ်ကားလုံးစာ ဝယ်လိုက်ရာ... အသစ်ဝယ်ထားသော အလယ်အလတ်အဆင့် သိုလှောင်အိတ်ကြီးမှာ ပြည့်လျှံသွားတော့သည်။
အတိုင်းအဆမရှိ ယုတ်မာလှသော အဖွဲ့မှာမူ ဇီဝဗေဒခွေးပေါက်လေးရဲ့ ဘွဲ့ယူစာတမ်းနှင့် ရှန်နွန် ဆေးမြစ်စမ်းသပ်သူ တို့ ဖြစ်ကြသည်။ သူတို့သည် စိုစွတ်မှောင်မည်းသော လမ်းကြိုလမ်းကြားများ... မှောင်ခိုဈေးကွက်၏ တားမြစ်ပစ္စည်းများ ရောင်းချရာ နေရာများကိုသာ ရွေးချယ် သွားလာနေကြ၏။
“ဦးလေး... ဒီအိုးထဲမှာ ဘာတွေလဲ... ဘာလို့ အသံတွေ ထွက်နေတာလဲ...”
ဇီဝခွေးလေးက အိုးမည်းကြီး တစ်ခုကို ညွှန်ပြရင်း မေးလိုက်ရာ ဆိုင်ရှင်က ယုတ်မာသော အပြုံးဖြင့် ပြန်ဖြေလိုက်၏။
“ဝိညာဉ်စား ပိုးလောက်လမ်းတွေလေ...”
“သောက်ကျိုးနည်း... မိုက်လှချေရဲ့... ဘယ်လောက်လဲ... အကုန် ယူမယ်ဗျာ...”
သူ့ဘေးရှိ ရှန်နုံမှာမူ အဆိပ်ရှိသော ဆေးမြစ်များ ရောင်းသည့် အဘွားအိုတစ်ဦးနှင့် စကားပြောနေ၏။
“အဘွား... ဒီ 'နှလုံးကြေ ဆေးမြစ်' က တကယ် ရင့်မှည့်ရဲ့လား... စားပြီးရင် ဘယ်လောက်ကြာမှ ပြန်ကောင်းမှာလဲ... ဖြေဆေး မရှိလည်း ရပါတယ်... အထုတ် (၂၀) လောက်သာ ပေးလိုက်ပါ... အိမ်ကျရင် သွားရည်စာ အဖြစ် စားမလို့ပါ...”
ဘေးမှ ဖြတ်သွားသော လမ်းသွားလမ်းလာများသည် ထိုစကားကို ကြားသောအခါ ကြောက်လန့်တကြားဖြင့် သူတို့ကို ရှောင်ကွင်း သွားကြလေတော့သည်။
အလွဲအချော်များလည်း ရှိပေသေးသည်။ [တကယ့် လုံအော်တျန်] အမည်ရှိ လူငယ်လေးမှာမူ "ရှေးဟောင်း အမွေအနှစ်" ဆိုင်တစ်ခုတွင် "စာလုံးမပါသော ကျမ်းစာ" ဟု အမည်ရသည့် စာအုပ်တစ်အုပ်ကို ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးပြီး ဝယ်လိုက်ရာ... တကယ်တမ်းတွင်မူ ဘာစာလုံးမှ မပါသော စက္ကူစုတ်ကြီး ဖြစ်နေသဖြင့် ဒေါသတကြီးဖြင့် မြေကြီးကို ဆောင့်ကန်နေရှာသည်။
တစ်နာရီ ကြာပြီးနောက်၊
အားလုံး ဝမ်ပေါင်ဆောင် အရှေ့တွင် ပြန်လည် ဆုံစည်းကြသောအခါ... သူတို့၏ အသွင်အပြင်များမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဝမ်သဲ့ဖာက သံစည်ပိုင်းကြီး ဖြစ်နေ၏။.. ဦးလေးကျန်းကတော့ သတ္တုရိုင်းအိတ်များကို ထမ်းထားကာ... စားဖိုမှူး ကျောက်ကပ်ကြော်ကမူ သံအိုးမည်းကြီး တစ်လုံးကို လွယ်ထား၏။
အမျိုးသမီး ကစားသမား အချို့ကမူ မှောင်ခိုဈေးကွက်၏ ထူးခြားသော ဝတ်ရုံများကို ဆင်မြန်းထားလေ၏။... အားလုံး၏ မျက်နှာပေါ်တွင် ဝယ်ချင်တာ ဝယ်လိုက်ရသည့် ကျေနပ်မှုများက အထင်းသား ပေါ်လွင်နေပေသည်။
ကျန်းချန်သည် တစ်ယောက်တစ်မျိုး ဖြစ်နေကြသော တပည့်များကို ကြည့်ကာ မတတ်သာစွာဖြင့် သက်ပြင်းချလိုက်မိ၏။ သူကိုယ်တိုင်လည်း ဂိုဏ်းအတွက် အသည်းအသန် လိုအပ်နေသော အခင်းအကျင်း ကုန်ကြမ်းများကို ဝယ်ယူခဲ့ပြီး ဖြစ်ပါသည်။
“အားလုံး ဝယ်လို့ ပြီးကြပြီလား... ပိုက်ဆံတွေ ကုန်ပြီဆိုရင်တော့... အလုပ်စဖို့ အချိန်တန်ပြီ...”
ကျန်းချန်က မှောင်ရီပျိုးလာသော ကောင်းကင်နှင့်အတူ... လမ်းဘေး အမှောင်ရိပ်များထဲမှ ချောင်းမြောင်းကြည့်နေကြသော ယုတ်မာသည့် မျက်လုံးများကို လှမ်းကြည့်ရင်း အေးစက်စွာ ပြုံးလိုက်၏။
“ပိုက်ဆံ ရှိကြောင်းကို ဒီလောက်ကြီး ကြွားမပြနဲ့လေ... ဒုစရိုက်မြို့တော်မှာ ပစ္စည်းကြွားချင်ရင် အဲ့ဒီပစ္စည်းကို ကာကွယ်နိုင်တဲ့ အရည်အချင်း ရှိဖို့ လိုတယ်... ပြင်ထားကြစမ်း... ပိုက်ဆံ မပေးချင်ဘဲ 'အလကား နှိုက်' ချင်နေတဲ့ လူအချို့က ငါတို့ကို စောင့်နေတာ ကြာလှပြီ...”
ကစားသမားများသည် ပတ်ဝန်းကျင်ရှိ လေထု ပြောင်းလဲသွားသည်ကို ချက်ချင်း အာရုံခံမိလိုက်ကြသည်။ လမ်းကြားများထဲမှ မသင်္ကာဖွယ် လူရိပ်အချို့ ပြူထွက်လာကြသည်ကို တွေ့လိုက်ရ၏။
“သောက်ကျိုးနည်း... မွန်းစတားတွေ လာပြီဟေ့...”
“ဒါ အလိုအလျောက် ပွင့်လာတဲ့ ပီဗွီပီ မစ်ရှင် မဟုတ်လားဟ..”
ကစားသမားများသည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ... သွေးမတွေ့ရသေးသော လက်နက်အသစ်စက်စက်များကို စိတ်လှုပ်ရှားစွာ ဆွဲထုတ်လိုက်ကြ၏။
“ရှယ်ပဲဟေး... ငါ့ရဲ့ အင်္ကျီအသစ်က ဘယ်လောက် ခံနိုင်ရည် ရှိလဲဆိုတာ သူတို့နဲ့ စမ်းကြည့်ရမယ်...”
ဝမ်သဲ့ဖာက သူ၏ ဧရာမ ဒိုင်းကာကြီးကို မြေကြီးပေါ်သို့ "ဒုန်း" ခနဲ မြည်အောင် ဆောင့်ချလိုက်ရာ... သံမဏိ တိုင်လုံးကြီး တစ်ခုပမာ ရှေ့ဆုံးမှ ကာရံထားလေတော့သည်။
“ဓားပြတိုက်တာလား... ငါက အဲ့ဒါကိုမှ သဘောကျတာကွ…”
အခန်း (၁၀၅) - နယ်ခံလူမိုက်၏ ရန်စမှု .. ဓားပြတိုက်ခံရခြင်း ဟုတ်လား... ဒီလို အခွင့်အရေးမျိုး တကယ်ရှိတာလား
~ဒုစရိုက်မြို့တော်။ ညမှောင်ရီပျိုးစအချိန်။
လူသူကင်းဝေးသည့် လမ်းကြားတစ်ခု၏ အဝင်ဝ။
နေဝင်ရီတရောအချိန် ရောက်ရှိလာသော်လည်း ဒုစရိုက်မြို့တော်၏ ဆူညံသံများမှာ လျော့ပါးသွားခြင်းမရှိဘဲ... ပိုမို အန္တရာယ်ရှိပြီး ပျက်စီးယိုယွင်းသော အငွေ့အသက်များကိုသာ ထုတ်လွှတ်နေ၏။
ကျန်းချန်သည် လုယက်ရာပစ္စည်းများဖြင့် ပြည့်နှက်နေသော လက်ရွေးစင်တပည့် (၂၀) ကို ဦးဆောင်ကာ တည်းခိုခန်းသို့ ပြန်သည့် တစ်ခုတည်းသော လမ်းဖြစ်သည့် လမ်းကြားလေးအတွင်းသို့ ချိုးဝင်လိုက်စဉ်မှာပင် လမ်းပိတ်ဆို့ခံလိုက်ရလေတော့သည်။
အနက်ရောင်ဝတ်စုံများကို ဆင်တူဝတ်ဆင်ထားပြီး လက်မောင်းတွင် အနီရောင်ပတ်တီးများ စည်းထားသည့်... လက်မရွံ့ မျက်နှာထား ကျင့်ကြံသူ (၁၀) ယောက်ကျော်သည် လက်ပိုက်လျက် လှောင်ပြုံးပြုံးကာ လမ်းကို ပိတ်ထားကြ၏။ သူတို့ထံမှ သွေးညှီနံ့များ ထွက်ပေါ်နေပြီး အနည်းဆုံး ချီစုစည်းမှုအဆင့် (၇)ပင်။... ခေါင်းဆောင်ဖြစ်သော မျက်နှာတွင် အမာရွတ်နှင့်လူမှာမူ အဆင့် (၉) အထိပင် ရောက်ရှိနေ၏။
ထိုစဉ်မှာပင် လမ်းကြား၏ အနောက်ဘက်မှလည်း လူခြေသံများ ဆူညံစွာ ထွက်ပေါ်လာပြီး... ဓားရှည်များကို ကိုင်ဆောင်ထားသည့် အနက်ရောင်ဝတ်လူ (၁၀) ယောက်ကျော်က အနောက်ပိတ်ဆို့လိုက်ကြပြန်သည်။
“အနက်ရောင်ကျားဂိုဏ်းက အလုပ်လုပ်နေတယ်... မသက်ဆိုင်တဲ့သူတွေ ဖယ်ကြစမ်း...”
အမာရွတ်နှင့်လူက တံတွေးတစ်ချက် ထွေးလိုက်ပြီး... ကစားသမားများ၏ ခါးတွင် ဖောင်းကားနေသော အလယ်အလတ်အဆင့် သိုလှောင်အိတ်များကို လောဘတကြီး ကြည့်လိုက်၏။ ထို့နောက်တွင်မူ မည်းနက်သော သံစည်ပိုင်းကြီးအတွင်း လုံးဝ နစ်မြုပ်နေသည့် ဖက်တီးထံတွင် အကြည့်များ ရပ်တန့်သွားပြီး သရော်ပြုံး ပြုံးလိုက်၏။
“မင်းတို့က မျက်မှောက်စိမ်းတွေပဲ... ဒုစရိုက်မြို့တော်ရဲ့ စည်းကမ်းကို မသိဘူးလား... ဒီမှာ ပစ္စည်းကြွားချင်ရင် အကာအကွယ်ခ ပေးရတယ်လေ...”
“အသက်ရှင်ချင်ရင်တော့ မင်းတို့ဆီမှာရှိတဲ့ သိုလှောင်အိတ်တွေကို အကုန် ထားခဲ့ကြစမ်း... ငါ စိတ်ကောင်းရှိရင်တော့ မင်းတို့ကို သတ်မပစ်ဘဲ အိမ်ပြန်လွှတ်ပေးလိုက်မယ်...”
မှိန်ဖျော့သော အလင်းရောင်နှင့် ကျဉ်းမြောင်းသော လမ်းကြားအတွင်းဝယ်... ဤကဲ့သို့သော လူမိုက်ဆန်ဆန် ခြိမ်းခြောက်မှုကြီးက အလွန်ပင် ဖိအားပေးလွန်းလှပေသည်။ အကယ်၍သာ မြို့ထဲသို့ အသစ်ရောက်လာသော သာမန်ကျင့်ကြံသူတစ်ဦးဆိုလျှင် ယခုအချိန်၌ ကြောက်လန့်တကြားဖြင့် အသနားခံနေလောက်ပြီ ဖြစ်၏။
သို့သော်လည်း...
ဝိုင်းရံခံထားရသော ကစားသမားများ၏ တုံ့ပြန်မှုမှာမူ... အလွန်ပင် ထူးဆန်းနေလေတော့သည်။
သူတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်ခြင်း အရိပ်အယောင်မျှပင် မရှိသည့်အပြင်... အသနားခံခြင်းလည်း လုံးဝ မရှိပေ။ တင်းမာနေသည့် အရိပ်အယောင်ပင် မတွေ့ရချေ။
ဆန့်ကျင်ဘက်အားဖြင့်... လေထုထဲတွင် တံတွေးမျိုချသံများသာ အခင်းအကျင်း ထွက်ပေါ်လာ၏။
“ဘုရားရေ... နာမည်နီ မွန်းစတားတွေပါလား... ငါတို့ကို အရင် လာပုတ်တဲ့ နာမည်နီတွေဟေ့...”
ရှေ့ဆုံးတွင် ပိတ်မိနေသော ဝမ်သဲ့ဖာမှာမူ သူ၏ ချပ်ဝတ် ခေါင်းဆောင်းကြီးကို ခက်ခဲစွာ လှည့်ကြည့်ရင်း... မျက်နှာဖုံး အပေါက်ငယ်များမှတစ်ဆင့် အမာရွတ်နှင့်လူကို စိုက်ကြည့်နေမိသည်။ သူ၏ ပဲစေ့မျက်လုံးလေးများထဲမှ တောက်ပနေသော လောဘအရောင်မှာ ထိုလူမိုက်ထက် အဆတစ်ရာမက ပိုမို ပြင်းထန်နေ၏။
“ညီအစ်ကိုတို့... ငါတို့ ကံကောင်းပြီကွ... ပစ္စည်းအသစ်တွေ ဝယ်ပြီးကာစမှာတင် လက်တည့်စမ်းဖို့ မွန်းစတားတွေက အိမ်အရောက် လာပို့တယ်လေ...”
“ဒါ လူသားပုံစံ မွန်းစတားပဲ... ဟို အမာရွတ်နဲ့ကောင် ကိုင်ထားတဲ့ ဓားက တော်တော် တန်ဖိုးရှိမယ့်ပုံပဲ... ပြီးတော့ သူ့ခါးက အိတ်ကလည်း သေးသေးလေး မဟုတ်ဘူးနော်...”
ကောင်းကင်ခွင်း ဓားတစ်လက် က သူ၏ အသစ်ဝယ်ထားသော အလယ်အလတ်အဆင့် မှော်ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။ ဓားသွားမှာ ညအမှောင်ထဲတွင် အေးစက်သော အလင်းများ လက်သွားပြီး သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
“ဒီဇာတ်ကွက်ကို ငါ အလွတ်ရနေပြီ... ဒါကို ပစ္စည်းလာပို့တာ လို့ ခေါ်တယ်လေ...”
အမာရွတ်နှင့်လူမှာ ကြောင်အသွားရ၏။
သူ ဤမှောင်ခိုဈေးကွက်တွင် ဆယ်စုနှစ်ပေါင်းများစွာ ဓားပြတိုက်လာခဲ့ရာ... ဒူးထောက် အသနားခံသူများကိုလည်း မြင်ဖူးသည်... အသေခံ တိုက်ခိုက်သူများကိုလည်း တွေ့ဖူးသည်... သို့သော် ဓားပြကို ကြည့်ပြီး သွားရည်ကျနေသည့် လူမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ချေ။
ဒီလူတွေက ရူးနေတာလား... အခြေအနေကို မမြင်ကြဘူးလား...
“သေချင်နေတာပဲ... စကားကောင်းနဲ့ ပြောတာကို မရရင်တော့ နာကျင်မှုကို ခံစားစေရမှာပေါ့...”
အမာရွတ်နှင့်လူမှာ စော်ကားခံရသည်ဟု ခံစားလိုက်ရသဖြင့် ဒေါသအမျက် ချောင်းချောင်း ထွက်သွား၏။ “ညီအစ်ကိုတို့... ချကြစမ်း... သတ်ပစ်ကြ... ပစ္စည်းတွေက ငါတို့ အပိုင်ပဲ...”
“သတ်ကြ...”
အနက်ရောင်ကျားဂိုဏ်းမှ လူမိုက် (၂၀) ကျော်မှာ ပြိုင်တူ ဟိန်းဟောက်လိုက်ကြပြီး... မှော်လက်နက်မျိုးစုံကို ဝှေ့ယမ်းကာ ကျားရိုင်းများပမာ ခုန်အုပ်လာကြတော့သည်။
“အချိန်ကိုက်ပဲဟေ့...”
ဝမ်သဲ့ဖာက အော်ဟစ်လိုက်ပြီး နောက်ဆုတ်မည့်အစား ရှေ့သို့ အတင်း တိုးဝင်သွား၏။
သူသည် သူ၏ လက်နက်ကိုပင် ဆွဲမထုတ်ချေ။ ထိုအစား တံခါးရွက်အရွယ်အစားရှိသော နက်မှောင်သော သံမဏိ နွားရိုင်း ဒိုင်းကာကို ရှေ့က ကာလိုက်ပြီး... ပေါင် (၃၀၀) လေးသော ချပ်ဝတ်ကြီးကို ဝတ်ဆင်ထားသည့် ကိုယ်ခန္ဓာကို ရွေ့လျားနေသော တောင်ကြီးတစ်လုံးပမာ ပြုလုပ်ကာ... ရှေ့ဆုံးမှ ပြေးဝင်လာသော လူမိုက်များကို တည့်တည့် ဝင်ဆောင့်လိုက်လေတော့သည်။
“ဖက်တီးရဲ့ ရက်စက်တဲ့ တိုက်စစ် .. မြည်းစမ်းကြည့်စမ်း...”
“ဒေါင်... ဒေါင်... ဒေါင်...”
မှော်လက်နက် အချို့မှာ ဝမ်သဲ့ဖာ၏ ချပ်ဝတ်နှင့် ဒိုင်းကာကို ထိမှန်သွားကြပြီး မီးပွားများ လွင့်စင်ကာ နားကွဲမတတ် သံချင်းရိုက်သံများ ထွက်ပေါ်လာ၏။
သို့သော်လည်း လူမိုက်များ ထိတ်လန့်သွားရသည်မှာ... ထိုပြင်းထန်လှသော တိုက်ခိုက်မှုများက သံစည်ပိုင်းကြီးပေါ်တွင် အဖြူစက်လေး အချို့သာ ကျန်ရစ်စေခြင်းပင် ဖြစ်၏။ ဖက်တီးမှာမူ တစ်လက်မမျှပင် နောက်မဆုတ်သည့်အပြင်... အလွန်ပင် ဒေါသထွက်စရာ ကောင်းသော ရယ်သံကြီးကိုပါ ပြုလုပ်နေသေး၏။
“ဟားဟားဟား... မနာဘူးဟ... လုံးဝကို မနာဘူး... ဒီပိုက်ဆံက ပေးရတာ တန်တယ်ကွာ...”
“မင်းတို့မှာ ဒီလောက်ပဲ အားရှိတာလား... ထမင်းမစားလာဘူးလား ညီလေးတို့ရာ...”
လူမိုက်များ ကြောင်အသွားသော ခဏအတွင်းမှာပင်... ဝမ်သဲ့ဖာက ဒိုင်းကာကို ဘေးသို့ ဝှေ့ယမ်းလိုက်ရာ လူမိုက်နှစ်ဦးမှာ ယင်ကောင်များပမာ လွင့်စင်သွားပြီး နံရံတွင် ကပ်သွားလေတော့သည်။
တိုက်ပွဲမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့ပြီပင်။
သို့သော်လည်း ဤသည်မှာ အနက်ရောင်ကျားဂိုဏ်းက မျှော်လင့်ထားသည့်နှယ် တစ်ဖက်သတ် သတ်ဖြတ်မှုမျိုး မဟုတ်ဘဲ... လုံးဝကို တစ်ဖက်သတ် ကစားပွဲကြီးတစ်ခု ဖြစ်နေတော့သည်။
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်းက သူ၏ အသစ်ဝယ်ထားသော ပေါက်ချွန်းကို ကိုင်လျက်... အလွန်ပင် ပါးနပ်လှသော "သတ္တုတူးသမား တိုက်ကွက်" ကို ဖော်ပြနေ၏။ သူသည် ရန်သူ၏ အောက်ပိုင်းကိုသာ တိတိကျကျ ချိန်ရွယ် တိုက်ခိုက်နေပြီး... ပေါက်ချွန်းတစ်ချက် ဝှေ့လိုက်တိုင်း ခြေဖမိုးကို ကုတ်ခြင်း .. ခြေကျင်းဝတ်ကို ချိတ်ဆွဲခြင်းများကို ပြုလုပ်နေ၏။
“အား... ငါ့ခြေထောက်...” “ဒီအဖိုးကြီးက တော်တော် ယုတ်မာတာပဲ... အောက်ပိုင်းကိုပဲ နှိုက်နေတယ်...”
လူမိုက်အချို့မှာ ဦးလေးကျန်းကြောင့် လဲကျကုန်ကြပြီး... သူတို့ ပြန်မထနိုင်မီမှာပင် အနောက်မှ တုတ်များဖြင့် လိုက်လာသော ကစားသမားများ၏ အားရပါးရ ဝိုင်းဝန်း ထုရိုက်ခြင်းကို ခံလိုက်ကြရ၏။
ရှန်နွန် ဆေးမြစ်စမ်းသပ်သူ နှင့် ဇီဝဗေဒခွေးပေါက်လေးရဲ့ ဘွဲ့ယူစာတမ်းတို့မှာမူ မိမိတို့ ကျွမ်းကျင်ရာ နယ်ပယ်တွင် အားရပါးရ ဖြစ်နေကြသည်။
ဤကျဉ်းမြောင်းသော လမ်းကြားများမှာ သူတို့၏ အဆိပ်စစ်ပွဲအတွက် သဘာဝက ပေးထားသော စစ်မြေပြင်ကြီးပင် ဖြစ်၏။
“ငါ့ရဲ့ ထုတ်ကုန်အသစ် 'ပြုံးပျော် တစ်ဝက်ခြေ ရူးသွပ်ဆေး' (အတု) ကို မြည်းစမ်းကြည့်ကြစမ်း...”
ရှန်နုံက စိမ်းစိုသော မီးခိုးများ ထွက်နေသည့် အိုးငယ်လေး အချို့ကို ပစ်ပေါက်လိုက်၏။
လေထုအတွင်း အဆိပ်ငွေ့များ ဖုံးလွှမ်းသွားသည်နှင့်... အနက်ရောင်ကျားဂိုဏ်းမှ လူမိုက်များမှာ အဆိပ်ငွေ့ကို ရှူမိပြီး မျက်နှာများ ချက်ချင်း ပြာနှမ်းသွားကြတော့သည်။ သူတို့၏ ဝိညာဉ်စွမ်းအင်များ တုံ့ဆိုင်းသွားရုံတင်မကဘဲ... ထိန်းချုပ်၍ မရနိုင်လောက်အောင်ပင် တဟားဟား ရယ်မောလာကြ၏။
“ဟားဟားဟား... ကယ်ကြပါဦး... ငါ ဘာလို့ ရယ်နေတာလဲ... ဟားဟားဟား... ဗိုက်တွေ နာကုန်ပြီ...”
သူတို့မှာ ရူးသွပ်စွာ ရယ်မောရင်း အရိုက်ခံနေရသဖြင့် ထိုမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းနေတော့သည်။
အဝေးပစ် မန္တန်များကို အသုံးပြုရန် ကြိုးစားသော လူမိုက်များမှာလည်း... သူတို့၏ ရှေ့မှ အမျိုးသမီးဝတ် ဆင်မြန်းထားသော ရင်းနှီး ဖော်ရွေသော အစ်မကြီး၏ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကြောင့် မျှော်လင့်ချက် ကင်းမဲ့သွားကြရသည်။
သူသည် မန္တန်များကို ကျွမ်းကျင်စွာ ရှောင်တိမ်းရင်း... ကြက်သီးထချင်စရာ ကောင်းသော အသံပျော့ပျော့ကြီးဖြင့် စိတ်ဓာတ်ကို ဖျက်ဆီးနေ၏။
“ဟေး အစ်ကိုကြီး... ကျွန်မကို မရိုက်ပါနဲ့ရှင်... အစ်ကိုကြီးရဲ့ မီးလုံးလေးက သေးလိုက်တာ... အားရော ရှိရဲ့လားဟင်...”
စိတ်ဓာတ်ခွန်အား ပျော့ညံ့သော ကျင့်ကြံသူ အချို့မှာ ထိုအသံကြောင့် တာအိုနှလုံးသား ပင် မတည်မငြိမ် ဖြစ်သွားရပြီး... သူတို့၏ မန္တန်များမှာ လက်ထဲမှာတင် ပေါက်ကွဲမတတ် ဖြစ်ကုန်ကြသည်။
လမ်းကြားဝတွင် ရပ်လျက် တိုက်ပွဲကို အကဲခတ်နေသော ကျန်းချန်မှာမူ... တစ်ဖက်သတ် ဖြစ်နေသော ဤ "ဓားပြကို ပြန်တိုက်သည့်" အခြေအနေကို ကြည့်ကာ စိတ်ပျက်ပျက်.. ခေါင်းယမ်းမိ၏။
သူသည် မူလက ကူညီရန် စဉ်းစားထားသော်လည်း ယခုတော့ လုံးဝ မလိုအပ်တော့ကြောင်း တွေ့ရှိလိုက်ရသည်။ ဂိုဏ်းခုခံကာကွယ်ရေး တိုက်ပွဲတွင် လေ့ကျင့်သား ရထားပြီး ထိပ်တန်း ပစ္စည်းများကိုပါ ဆင်မြန်းထားသော ဤစတုတ္ထကပ်ဘေး အုပ်စုမှာ... ဤ သာမန်လူမိုက်များအတွက်တော့ လုံးဝကို အနိုင်မရနိုင်သော ရန်သူတော်ကြီးများ ဖြစ်နေကြပြီ။
*
အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးချိန်တွင်...
လမ်းကြားလေးအတွင်း၌ တိတ်ဆိတ်သွားခဲ့ပြီပင်။
အနက်ရောင်ကျားဂိုဏ်းမှ လူမိုက် (၂၀) ကျော်မှာ မြေပြင်ပေါ်၌ ပုံလျက်သား လဲကျကုန်ကြသည်။ တချို့က အရူးလို ရယ်မောနေဆဲ ဖြစ်ပြီး... တချို့က ခြေထောက်ကို ဖက်ကာ နာကျင်စွာ အော်ဟစ်နေကြ၏။... တချို့မှာမူ ဝမ်သဲ့ဖာ၏ ဖင်အောက်တွင် ထိုင်ခုံအဖြစ် အသုံးတော်ခံနေရရှာသည်။
အဖွဲ့ခေါင်းဆောင် ဖြစ်သော အမာရွတ်နှင့်လူမှာမူ... ကောင်းကင်ခွင်း ဓားတစ်လက် ၏ ဓားဦးက သူ၏ လည်ပင်းသို့ ချိန်ထားသဖြင့် မြေကြီးပေါ်တွင် တုန်ယင်စွာ ဒူးထောက်နေရ၏။
သူ၏ မျက်လုံးတစ်ဖက်မှာ မက်မွန်သီးပမာ ဖူးယောင်နေပြီး သွားတစ်ဝက်ခန့်မှာလည်း ကျိုးပဲ့ကုန်ပြီပင်။ ယခင်က မောက်မာခဲ့သော အမူအရာများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“မ... မသတ်ပါနဲ့...... ကျွန်တော် မျက်စိမှားသွားလို့ပါ...” အမာရွတ်နှင့်လူက မပီမသဖြင့် အသနားခံနေရှာသည်။
“စကားများမနေနဲ့စမ်း...”
ဝမ်သဲ့ဖာက သူ၏ ခေါင်းဆောင်းကြီးကို ခက်ခဲစွာ ချွတ်လိုက်ရာ... ချွေးများ ရွှဲနစ်နေသော်လည်း စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည့် ဝဖြိုးသော မျက်နှာ ပေါ်ထွက်လာ၏။ သူသည် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အမာရွတ်နှင့်လူ၏ ခါးမှ သိုလှောင်အိတ်ကို ကျွမ်းကျင်စွာ ဖြုတ်ယူလိုက်သည်။ ထို့နောက် ဓားပြထက်ပင် ပိုမို ရက်စက်သော လေသံဖြင့် မေးလိုက်၏။
“ခုနက မင်း ဘာပြောလိုက်တာလဲ... အကာအကွယ်ခ ပေးရမယ် ဟုတ်လား...”
“အခု... စည်းကမ်း ပြောင်းသွားပြီကွ...”
“မင်းတို့ဆီမှာ ရှိသမျှ ဝိညာဉ်ကျောက်တုံးတွေ... မှော်လက်နက်တွေ... ဆေးလုံးတွေ... အတွင်းခံ ဘောင်းဘီကအစ အကုန် ပေးခဲ့ကြစမ်း...”
“တစ်ပြား လျော့ရင်တော့... ဖက်တီးက မင်းကို ဟိုဘက်က အဆိပ်ငွေ့အိုးထဲ အတင်း ထိုးထည့်ပစ်မှာနော်...”
အမာရွတ်နှင့်လူမှာ ငိုချင်စိတ်ကို အတင်း အောင့်ထားရင်း... လောဘဇောများဖြင့် မျက်လုံးများ အရောင်တောက်နေကြသော ထိုအရူးအုပ်စုက သူ၏ တပည့်များကို ကျွမ်းကျင်စွာ လုယက်နေကြသည်ကို ကြည့်နေရရှာသည်။
ထိုအချိန်မှသာ သူသည် မီးရဲနေသော သံပူပြားကို သွားနင်းမိပြီ ဖြစ်ကြောင်း သဘောပေါက်လိုက်တော့သည်။
ဒါက သိုးအုပ် မဟုတ်ဘူး...
ဒါက ရှင်းရှင်းလင်းလင်းကြီး သိုးရေခြုံထားတဲ့ ငတ်မွတ်နေတဲ့ မိစ္ဆာအုပ်စုကြီးပဲ။