← Chapters

ပြိုင်ပွဲတွင်း၌ ရန်စခြင်း

Vol. 7 Ch. 93

ပြိုင်ပွဲတွင်း၌ ရန်စခြင်း

Vol. 7 Ch. 93

ပြိုင်ပွဲစတင်လေပြီ။

ဒိုင်လူကြီးက ဘောလုံးကို လေထဲ ပစ်လိုက်သည်။ ဟဲယွမ်က အံ့ဩစရာ ကောင်းလောက်အောင် လွှားခနဲ ခုန်၍ ဘောလုံးကို အသာ အယာ ယူလိုက်သည်။

ထို့နောက်တွင်မူ သူသည် ဘောလုံးကို တို့ကာပုတ်ကာဖြင့် သယ်သွား ပြီး ကြားဖြတ်ဝင်လိုက်၊ တစ်ပတ်လှည့်လိုက် လုပ်ပြီးနောက် လှမ်းပစ် လိုက်သည်။

အမှတ်ရသွားလေပြီ။

ပွဲစသည်နှင့် အရာအားလုံးက ချောချောမွေ့မွေ့ ဖြစ်နေသည်။ သူ၏ ကြည့်ကောင်းသော လှုပ်ရှားမှုနှင့် အမှတ်ရအောင် စွမ်းဆောင် ပေးမှုတို့က ဟဲယွမ်၏ ပရိသတ်များကို အရူးအမူး ဖြစ်သွားစေသည်။ သူတို့အားလုံး၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲနေ၏။

“ဟဲယွမ် ရှင်က အတော်ဆုံးပဲ၊ ဟဲယွမ်က အချောဆုံးပဲ၊ ဟဲယွမ် နိုင်အောင်လုပ်နော်”

ပွဲကြည့်စင်၌ မလုံ့တလုံ ဝတ်ထားသော ပန်းပွားအကမယ်များက လက်ထဲမှ သိုးမွေးပန်းဖွားကို ခါ၍ အားပေးနေသည်။

“ဒီမိန်းကလေးတွေ ကန်းနေတာလား၊ ဒီလို လူ့အရေခြုံထားတဲ့ တိရစ္ဆာန်ကောင်ကိုမှ ကြိုက်ရတယ်လို့”

ရှန်းက အားကျသောအကြည့်ဖြင့် ပြောလာသည်။

“ဦးနှောက်သေနေတဲ့ ပရိသတ်တွေလေ”

အာလူးလေးက မကျေမနပ် ထပ်ပြောလိုက်သည်။ ပွဲစကတည်းက အခြေအနေက ဆိုးနေလေသည်။ ဂီတဌာန၏ စိတ်ဓာတ်က တစ်ချိန်လုံး အောက်ဆုံးအထိ ထိုးကျနေပြီး အားကစားဌာနက ကြွက်နှင့် ကစားနေသော ကြောင်သဖွယ် ပြိုင်နေကြသည်။ တစ်ခါ တလေ သူတို့ကို လဲကျအောင် တွန်းတိုက်သေးသည်။

ပထမတစ်ပိုင်း နားသောအခါ အမှတ်က ၁၀: ၈၀ ဖြစ်နေသည်။ ဒုတိယ တစ်ပိုင်း ပြီးသောအခါ ၁၆ : ၁၉၂ ဖြစ်နေ၏။

အားကစားဌာနအတွက် အပြတ်အသတ် နိုင်ပွဲကြီးပင်။ နောက်တစ် ပွဲမှာ ဘာသာစကားဌာန ဖြစ်သည်။

“ပွဲစတော့မယ်၊ ငါ အရင်သွားနှင့်ပြီ”

ရှောင်ကမ်းက ပြောလာသည်။

“ရှောင်ကမ်း အကောင်းဆုံး ကြိုးစားထား”

အတန်းထဲမှ ကျောင်းသားများက အားပေးလာ၏။ ကောင်းဝမ်က အသင်းကို အားပေးစကား လာပြောသည်။

“ပွဲမှာ စိတ်မလှုပ်ရှားနဲ့၊ ပုံမှန်အတိုင်း ကစားကြ၊ အကောင်းဆုံး လုပ်နော်”

သွေးပူလေ့ကျင့်ခန်းတစ်ချို့ လုပ်ပြီးနောက် ပြိုင်ပွဲ စလေသည်။

ဘာသာစကားဌာနနှင့် ဇီဝဗေဒဌာနတို့၏ ပြိုင်ပွဲပင်။

“အစ်ကိုနန် အကောင်းဆုံး ကြိုးစားထား”

“သားရဲကြီး သူတို့ကို လုပ်ပြလိုက်စမ်း”

“မျောက်ပိန် ငကြောက်လို လုပ်မနေနဲ့၊ ချစမ်းပါဟ”

“ဖေ့သားလေး ငါ့ကို အရှက်ရအောင် မလုပ်နဲ့ ချပစ်”

ထိုအခိုက်တွင် ပြိုင်ပွဲက အပြင်းအထန် ဖြစ်လာသည်။ ဌာနနှစ်ခုလုံးက အားပါးတရ အော်ဟစ်ကာ စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် အားပေး နေကြသည်။

သို့သော် ထူးဆန်းသော နာမည်ပြောင်များကို တစ်ချိန်လုံး ကြားနေ ရသည်။

ရှောင်ကမ်းက အသန်မာဆုံး မဟုတ်သော်လည်း အရပ်ရှည်သည်။ အရပ်၏ အားသာချက်ကြောင့် သူသည် ပြန်ကန်ဘုရင်ဟု လူသိများ သည်။ သူ၏ အသင်း၏ ခံစစ်သမားဖြစ်ကာ တစ်ဖက်အသင်း၏ ဘောလုံး မဝင်အောင် စောင့်ကြပ်ရသည်။

ကြားဖြတ်ခြင်း၊ ဖြတ်လုခြင်း၊ တို့ပုတ်၍ သယ်ခြင်းနှင့် လှမ်းပစ်ခြင်းတို့ အဆက်မပြတ် ဖြစ်ပေါ်နေသည်။ အားပေးသံများက အားကစားရုံတွင်း ပြည့်လျှံနေကာ လူတိုင်း နှလုံးခုန်သံ မြန်နေ၏။

“ဘောလုံးကိုပေးလိုက်၊ ဒါ တစ်ကိုယ်တော်ပွဲ မဟုတ်ဘူးလေ၊ မြန်မြန် ပေးလိုက်ပါဟ”

“ယီးပဲ၊ သူတို့ ဒါကို ဘယ်လို တားလိုက်တာလဲ”

“သောက်ကျိုးနည်း၊ ဒီလောက် အခွင့်ကောင်းရနေတာ‌တောင် သူ ဝင်အောင် မပြစ်နိုင်ဘူးလား”

“မြတ်စွာဘုရား သုံးမှတ်တန်ကြီးဟ၊ မိုက်တယ်ဟေ့”

“ဒိုင်လူကြီး အဲ့ကောင် လက်နဲ့ထိတယ်လေ၊ ဒါ ဖောင်းတာပဲ”

“ဟားဟားဟား ငါ ရယ်ရလွန်းလို့‌ သေတော့မယ်၊ သူက လမ်းလျှောက် နေတယ် မှတ်နေတာ …”

ပွဲကြည့်စင်တွင် ဆူညံသံမျိုးစုံ ဖြစ်နေပြီး ကျောင်းသား ကျောင်းသူ များ၏ လူငယ်ဘဝ စိတ်အားထက်သန်မှုကို ပြသနေသည်။

တစ်ချိန်တည်းမှာပင် ရဲ့လင်းချန်သည် ဘေးမှ အသာကြည့် နေသော်လည်း မရည်ရွယ်ဘဲ စွမ်းရည် တက်နေ၏။

[ဘတ်စကတ်ဘော ပြိုင်ပွဲ စောင့်ကြည့်ခြင်းမှ ဉာဏ်ကွန့်မြူးခြင်း၊ ဘောလုံး ပညာစွမ်းရည် တစ်မှတ်]

[ဘတ်စကတ်ဘော ပြိုင်ပွဲ စောင့်ကြည့်ခြင်းမှ ဉာဏ်ကွန့်မြူးခြင်း၊ ဘောလုံး ပညာစွမ်းရည် တစ်မှတ်]

[ဘတ်စကတ်ဘော ပြိုင်ပွဲ စောင့်ကြည့်ခြင်းမှ ဉာဏ်ကွန့်မြူးခြင်း၊ ဘောလုံး ပညာစွမ်းရည် တစ်မှတ်]

…

စွမ်းရည်ရရှိနှုန်းက သင်ယူခြင်း၊ သို့မဟုတ် ကိုယ်တိုင် လေ့လာခြင်း ထက် စာလျင် နှေးသော်လည်း ကောက်ကာငင်ကာ ရလာခြင်း ဖြစ်ပြီး တဖြည်းဖြည်း သင့်တင့်သော ပမာဏသို့ ရောက်လာသည်။

ထို့အပြင် ၎င်းက ဘတ်စကတ်ဘော စွမ်းရည်ဟု ကန့်သတ်မထားဘဲ ဘောလုံး ပညာနှင့် ပတ်သက်သောပညာဟု ပေါ်နေသည်။ တစ်နည်း အားဖြင့်ဆိုလျင် ဘောလုံး၊ ပင်ပေါင်စသည့် အားကစားနည်း တို့ ကလည်း ဤဘောလုံး ပညာစွမ်းရည်၌ ပါဝင်လေသည်။

နောက်ဆုံးတွင် ပထမပိုင်း ပြီးသွားလေသည်။ ရလဒ်မှာ ၆၃: ၅၂ ဖြစ်ပြီး ဘာသာစကား ဌာနက ဦးဆောင်နေသည်။

ဘာသာစကားဌာနမှ ကျောင်းသားများ ချက်ချင်း စိတ်အားတက်ကြွ လာပြီး ကစားသမားများအတွက် ကြိုပြင်ထားသော ရေဘူးများကို လိုလို လားလား လှမ်းပေးကြသည်။

“ကောင်းတယ်၊ ဒုတိယပိုင်းကိုလည်း ဒီအတိုင်း ထိန်းထား”

ရဲ့လင်းချန်နှင့် အခြားသူများသည်လည်း ရှောင်ကမ်းထံ လျှောက်သွား ကြသည်။

“ရှောင်ကမ်း မဆိုးဘူးကွ၊ ငါ မင်းအတွက် မှတ်ထားတယ်၊ မင်း ဆယ့်သုံးခါ ပြန်ပုတ်ထုတ်နိုင်တယ်၊ သုံးခါတိတိ အောင်အောင်မြင်မြင် တားနိုင်တယ်၊ ခြောက်မှတ်ရအောင်လည်း လုပ်ပေးခဲ့တယ်”

“ရှောင်ကမ်း ရေနည်းနည်း လာသောက်လိုက်၊ မင်း ဆက်ကစား နိုင်ရဲ့လား”

တစ်ဖက်တွင် ဇီဝဗေဒဌာနမှ ကျောင်းသားများသည်လည်း သူတို့ဌာနမှ အားကစားသမားများကို ဝန်းရံ ထားကြသည်။

“အဆင်ပြေတယ်၊ အမှတ်က ဘယ်လောက်မှမကွာဘူး၊ ငါတို့ ဒုတိယ ပိုင်းမှာ အခွင့်အ‌ရေး ရသေးတယ်”

“ဒီနှစ် ဘာသာစကားဌာနက ကျောင်းသားတွေက အရင်နှစ်ကထက် ပိုကောင်းတယ်၊ သူတို့ ဘတ်စကတ်ဘော စွမ်းရည်က အတော်လေး ကောင်းတာပဲ”

“မင်း အားကျန်သေးရဲ့လား၊ အဆင်မပြေရင် ငါတို့ လူလဲပေးဖို့ တောင်းဆို ပေးမယ်၊ မင်းကိုယ်မင်း အတင်းမဖိနဲ့”

…

ဒုတိယတစ်ပိုင်း စတင်လေပြီ။ ပြိုင်ပွဲ ပြန်စသည်နှင့် အသင်း နှစ်သင်းကြား၌ ပြင်းထန်သော တိုက်ပွဲ ဖြစ်လာလေသည်။

ဇီဝဗေဒဌာနနှင့် ဘာသာစကားဌာနတို့က အားကစားနှင့် ဘာမှမဆိုင် သော်လည်း နှစ်သင်းလုံးက အံ့ဩစရာ ကောင်းလောက်အောင် ဘတ်စ ကတ်ဘောတွင် ကျွမ်းကျင်ကြသည်။ ယင်းက ပြိုင်ပွဲ၏ ဒုတိယ အသုတ်တွင်း၌ ထင်ရှားသွားပြီး အခြားအတန်းများကပင် လာကြည့် ရသည်။

ထိုစဉ် လူအုပ်တွင်း၌ ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ အနက်ရောင် ဂျာစီ ဝတ်ထားသော အားကစားဌာနမှ ကစားသမားများက လူအုပ်ထဲ တဖြည်းဖြည်း တိုးဝင်လာကြသည်။ သူတို့သည်လည်း ပြိုင်ပွဲကို လာကြည့်သည်။ သို့သော် သူတို့၏ မျက်နှာတွင် အထင်သေးဟန်များ ပြည့်နေ၏။

သူတို့ ပေါ်လာခြင်းက ပွဲကြည့်စင်၏ အခြေအနေကို ပြောင်းလဲစေကာ အနေရခက်လာစေသည်။

ဒုတိယပိုင်းလည်း ပြီးဆုံးသွားလေသည်။ ၁၀၂: ၉၃၊ ဘာသာစကား ဌာနအတွက် ကပ်သီးလေး နိုင်သွားခြင်းပင်။

ဘာသာစကားဌာနတစ်ခုလုံး ကျယ်လောင်စွာ အားပေးသံများ ညံ လာကာ အားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားဟန်များ ပေါ်နေသည်။

သို့သော် ဟဲယွမ်သည် ရှေ့မှနေ၍ အားကစားဌာန ကစားသမားများကို ဦးဆောင်ကာ ပြိုင်ကွင်းထဲသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားသည်။

ဘာသာစကားဌာနသည် ပြိုင်ဘက်၏ ရန်စခြင်းကို ချက်ချင်း ခံစားမိသဖြင့် အပြုံးများ ပျောက်ကုန်သည်။ သူတို့အသင်းသည်လည်း ရှေ့ထွက်၍ တစ်ဖက်အသင်းကို ရင်ဆိုင်လိုက်သည်။

“ဟဲဟဲ အံ့ဩမိတာတော့ အမှန်ပဲ၊ မင်းတို့ လူသစ်အသင်းက နိုင်မယ်လို့ ငါ ထင်မထားဘူး”

အားကစားဌာနမှ ကစားသမားက လှောင်ရယ်၍ ပြောလာသည်။

“မင်း ဘာစကားပြောတာလဲ”

တစ်ယောက်က ချက်ချင်း ခွန်းတုံ့ပြန်လိုက်သည်။ သူတို့ဘေးနားမှ ကျောင်းသား တော်တော်များများ၏ မျက်နှာက မည်းမှောင်လာ၏။

“မင်းတို့ ကံကောင်းတယ်မှတ်၊ ငါတို့သာ မင်းတို့ပြိုင်ဘက်ဆိုရင် မင်းတို့ ပိုးဆိုးပက်စက် ရှုံးနေပြီ”

“မြေယိုး၊ ဒါ ဘယ်လိုတောင် အဓိပ္ပာယ်မရှိလိုက်သလဲ၊ ဘယ်သူနိုင်မလဲ ဆိုတာ မဆုံးဖြတ်ရသေးဘူး”

ရှောင်ကမ်းက ဝင်ပြောလေသည်။

“ဟဲဟဲ မင်းတို့လောက်နဲ့လား”

ဟဲယွမ်က မထီသလို ပြောလာသည်။

“မင်းတို့ ကောင်းကောင်းကြီး ဆုတောင်းနေလိုက်၊ ငါတို့နဲ့ တွေ့တဲ့ အချိန်က မင်းတို့ ပြိုင်တာ အဆုံးသတ်တဲ့ အချိန်ပဲ”

“စကားကို ကြည့်ပြော”

ကောင်းဝမ်က မိန်းကလေး ဖြစ်သော်လည်း မကြောက်တတ်ပေ။

“ငါတို့အားလုံးက ကျောင်းသားတွေလေ၊ ခင်မင်ရင်းနှီးမှုကို ရှေ့တန်း တင် သင့်တာ၊ ပြိုင်တာဆိုင်တာက နောက်မှပေါ့၊ နင်တို့ လွန်လာရင် ငါ ကျောင်းအာဏာပိုင်တွေကို တိုင်ရလိမ့်မယ်”

“ခင်မင်ရင်းနှီးမှုဟုတ်လား”

ဟဲယွမ်က ခေါင်းခါသည်။

“ငါတို့က ဘာသာစကားဌာနက အမှိုက်ကောင်တွေနဲ့ မိတ်ဆွေ မဟုတ် ဘူး၊ မင်းတို့ ရှုံးမယ့်အချိန်ကိုသာ စောင့်နေလိုက်”

“ယီးပဲ ဗလကြီးပြီး ဦးနှောက်မပါတဲ့ကောင်တွေ၊ ယီးပဲကွာ”

ဘာသာစကားဌာန၏ ကစားသမားတစ်‌ယောက်က စိတ်မထိန်းနိုင် တော့ဘဲ ထိုးကြိတ်ရန် ကြိုးစားလေသည်။

သူက လူကောင်ကြီးသော်လည်း အားကစားဌာနမှ လူများကဲ့သို့ ကြံ့ခိုင်သူ မဟုတ်ချေ။ သူသည် ဖက်တီး တစ်ယောက်၏ တွန်းထုတ် ခြင်း ခံရကာ ကြမ်းပြင်ပေါ် လဲမတတ် ဖြစ်သွားသည်။

“မင်းတို့ကို အမှိုက်လို့ ခေါ်တော့ ဘာဖြစ်လဲ၊ မင်းက ချချင်တာလား”

“သတ္တိရှိရင် လာလေ”

ကောင်းဝမ်က နှစ်သင်းကြား၌ ဝင်ရပ်၍ တားလေသည်။

“ဟဲ့ အချင်းချင်း စိတ်လျှော့ကြပါဦး၊ နင်တို့တွေ မနက်ဖြန် ပြိုင်ပွဲ ရှိသေးတယ်လေ၊ ကိုယ့်ဘာသာကိုယ် အသင့်ပြင် ထားကြ”

“ဟမ့် ပြိုင်ပွဲကျရင် တွေ့ကြသေးတာပေါ့”

ဟဲယွမ်က ရဲ့လင်းချန်ကို တစ်ချက်ကြည့်သည်။ သူ့မျက်လုံးတွင် ရန်လို ဟန်များ ပြည့်နေ၏။ ထိုစကား ပြောပြီးသည်နှင့် သူ့အသင်းကို ခေါ်၍ ထွက်သွားသည်။

ထိုအဖြစ်အပျက်က ကျောင်းတွင် ရေပန်းစားသော သတင်းဖြစ်သွားပြီး စကားနိုင်လု၍ ဆွေးနွေးရသော ခေါင်းစဉ် ဖြစ်သွားသည်။

“မင်းတို့ ကြားပြီးပြီလား၊ အားကစားဌာနနဲ့ ဘာသာစကားဌာနက ရန်လိုနေပြီ၊ နှစ်ဖက်လုံးက အချင်းချင်း အသေမုန်းပြီး ရန်ဖြစ်တော့ မလို့တဲ့”

“ဒါ ငါတို့တက္ကသိုလ်က သတင်းထူးကြိးလေ၊ အဲ့ဒါ စဖြစ်ရတဲ့ အကြောင်းရင်းက ဘာသာစကားဌာနက တစ်ယောက်က လီမူရွှယ်ကို လုယူသွားလို့တဲ့၊ အဲ့ဒါကြောင့် ဟဲယွမ်က လက်စားချေချင်နေတာ”

“ပြောမနေနဲ့တော့ အဲ့လူက ငါတို့တက္ကသိုလ်မှာ နာမည်ကြီးပဲ၊ သူက လီမူရွှယ်နဲ့ အိပ်တောင် အိပ်ပြီးပြီ”

“ဘယ်လိုလုပ် ဘာသာစကားဌာနက အားစကားဌာနကို ဘတ်စကတ် ဘောမှာ ယှဉ်နိုင်မှာလဲ၊ သူတို့ ပွဲထဲတင် လဲနေလောက်တယ်”

“ဘာပဲဖြစ်ဖြစ်လေ၊ ငါတို့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပေါ့”

…

အားကစားဌာန၏ မခံချင်အောင် မထိတထိ အပြောခံလိုက် ရသော ကြောင့် ဘာသာစကားဌာနတစ်ခုလုံး အခြေအနေ တင်းမာကာ မျက်နှာ မည်းမှောင်နေ၏။

ကောင်းဝမ်က အားတင်း၍ ရယ်မောက အခြေအနေကို ပေါ့ပါးစေရန် ကြိုးစားလေသည်။

“အရမ်း တင်းမနေပါနဲ့ ငါ့လူတွေရယ်၊ ငါတို့ အခုလေးတင် ခြေစမ်းပွဲ နိုင်လာတာလေ၊ ငါတို့ အောင်ပွဲခံ သင့်တာပေါ့၊ ငါတို့ ပြိုင်ပွဲမှာ အားကစားဌာနနဲ့ တွေ့ရင် သူတို့ကို သင်ခန်းစာပေးရမယ်”

“ဟုတ်တယ်၊ ငါတို့ မောက်မာနေတဲ့ ခွေးမသားတွေကို သင်ခန်းစာ ပေးကိုပေးရမယ်”

“ဒီနေ့နေ့လယ် လေ့ကျင့်ဖို့ နေရာသွားရှာရအောင်၊ အားကစားဌာနက အဲ့ခွေးသားတွေကို မနိုင်ရင် ငါ စိတ်မအေးနိုင်ဘူး”

“ငါလည်း ပါတယ်”

“ငါလည်း ပါမယ်ဟေ့”

….

All Chapters