ဒေါသအမျက်ချောင်းချောင်းထွက်နေသော
Vol. 8 Ch. 784
ထိုကဲ့သို့ ရုတ်တရက် မမျှော်လင့်ဘဲ သူ့တပည့်နှင့် ဆက်သွယ်မှုပြတ်တောက်သွားလိမ့်မည်ဟု ပိုင်ရှောင်ချန်းက လုံးဝထင်မထားခဲ့ပေ။
" ဟောက်အာ "
သူက မကောင်းသောခံစားချက်များဖြင့် ခေါင်းတစ်ခုလုံးချာချာလည်လျက် ထရပ်လိုက်ရင်း အော်ဟစ်လိုက်သည်။
ထိုအခြေအနေကို စဥ်းစားနေရန် အချိန်မရှိပေ။ လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ဖြစ်လာခြင်းနှင့် ပတ်သက်သည့် ပျော်ရွှင်ဝမ်းမြောက်မှုများ သူ၏စိတ်ထဲမှ ပျောက်ကွယ်သွားပြီး ယခုတွင် ပိုင်ဟောက်ဆိုသောအကြောင်းအရာတစ်ခုတည်းနှင့် ပြည့်နှက်နေလေပြီ။
တခဏလေးပင် မရပ်နားဘဲ သူက သူ၏တံခါးပိတ်ကျင့်ရာအခန်းမှ လမ်းလျှောက်ထွက်လိုက်ကာ စစ်ဆေးရေးစံအိမ်အပေါ်ထက် လေထဲ ပျံတက်လိုက်ပြီးနောက် လွန်ခဲ့သောအခိုက်အတန့်က ပိုင်ဟောက်ရှိခဲ့သောအရပ်သို့ လျှပ်စီးလက်သည့်အလား တဟုန်ထိုး ဦးတည်လိုက်သည်။
သူက တည်နေရာရွှေ့ပြောင်းခြင်းများကိုပင် အသုံးပြုပြီး အံ့ဖွယ် အမြန်နှုန်းနှင့် ရွေ့လျားနေသည်ဖြစ်ရာ တဝီဝီမြည်သံများ ပဲ့တင်ထပ်လာတော့သည်။ သူက မျက်စိတစ်မှိတ်တွင်းမှာပင် ပျောက်ကွယ်သွားပြီး သူပြန်ပေါ်လာသောအခါ စစ်ဆေးရေးစံအိမ်ရှိရာ မြို့နယ်၏အစွန်နားက လူသူထူထပ်သောလမ်းပေါ်တွင် ပြန်ပေါ်လာသည်။
၄င်းမှာ စျေးဆိုင်ပေါင်းများစွာနှင့် လမ်းလျှောက်နေကြသည့် မရေမတွက်နိုင်သော လမ်းသွားလမ်းလာများဖြင့် ယောက်ယက်ခတ်နေသော လမ်းတစ်လမ်းဖြစ်ပေသည်။ ထိုနေရာနှင့် ပတ်သက်၍ တမူထူးခြားသော အခြင်းအရာတစ်ခုမှ မရှိသော်လည်း ပြင်းထန်သော ထစ်ခြုန်းသံများနှင့် ရုတ်တရက် ပိုင်ရှောင်ချန်း ပေါ်လာသောအခါ မရေမတွက်နိုင်သောလူများက တအံ့တသြမော့ကြည့်လိုက်ကြသည်။ အများစုမှာ အလိုအလျောက် နောက်သို့ဆုတ်မိသွားကြလေသည်။
" အဲဒါ ပိုင်ဟောက်ပဲ "
" သူ ဒီမှာ ဘာလုပ်နေတာလဲ "
မည်သူဖြစ်သည်ကို လူအများ သတိပြုမိလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့မှာ စိတ်လှုပ်ရှားစပြုလာသည်။ မကြာသေးမီက လူတိုင်း ပိုင်ရှောင်ချန်းအကြောင်းကို ပြောနေခဲ့ကြသည် မဟုတ်ပါလော။
သူ၏တည်ရှိမှုလေးထက် ပို၍ပင် ရင်တုန်စရာကောင်းသည်က သူ၏ တင်းမာခက်ထန်နေသောအမူအရာဖြစ်သည်။ သူက ဒေါသထွက်နေသည့်အလား တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေသည်။ သူရောက်ရောက်ချင်း သူ၏ နတ်ဘုရားအာရုံများ ပျံ့နှံ့လာကာ တစ်နေရာလုံးပြည့်နှက်သွားပြီး ၄င်းအတွင်းမှ သတ်ဖြတ်လိုစိတ်များမှာ အရပ်မျက်နှာအနှံ့ လှဲကျင်းတိုက်ခတ်သွားသော ဒေါသအမျက်ချောင်းချောင်းထွက်နေသည့် လှိုင်းတစ်လုံးအလား။
ထို့ကြောင့် လူအမြောက်အမြား မျက်နှာများရှုံ့မဲ့သွားကြပြီး လူအများစုမှာ ပင့်သက်ရှိုက်လိုက်ကြသည်။
" ပိုင်ဟောက် ဘာဖြစ်နေတာတုံး "
"ဘုရားရေ သူဘာလုပ်မလို့လဲ"
" ဘာဖြစ်နေတာတုံး "
လူတိုင်းမှာ ပိုင်ရှောင်ချန်းထံမှ ထွက်လာနေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများကြောင့် တုန်လှုပ်သွားကြပြီး အများစုမှာ အန္တရာယ်ကျရောက်လာသည့်အလား ချက်ချင်း ခံစားလိုက်ရသည်။
ယခုကဲ့သို့အသွင်အပြင်မျိုးဖြင့် သူ့ကို မြင်ရခဲသည်။ ယခုအခိုက်အတန့်တွင် သူကိုကြည့်ရသည်မှာ မထိန်းချုပ်နိုင်တော့ဟန်တူသည်။ သူ၏ရင်ထဲတွင် စိုးရိမ်ကြောင့်ကြမှုများ၊ ပူပန်သောကများနှင့် ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ခြင်းများဖြင့် ပြည့်ကြပ်နေသည့်အတွက် ၄င်းတို့အားလုံးပေါင်းစပ်သွားသည်တွင် သူ အကြီးအကျယ်ဒေါသထွက်လာတော့သည်။ သူ့အသွင်က သွေးချောင်းစီးစေရန် အဆင်သင့်ဖြစ်နေသည့်အလား။
သူ့မျက်လုံးများ နီရဲနေပြီး လမ်းတစ်လျှောက် စစ်ဆေးလိုက်ကာ မကြာမီ သူ့အကြည့်သည် ဝိညာဥ်များရောင်းချခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော ဆိုင်တစ်ဆိုင်အပေါ် ကျရောက်သွားသည်။ သို့သော် ပတ်ဝန်းကျင်တွင် တိုက်ခိုက်ထားသော သက်သေတစ်စုံတရာသာမက မှော်အတတ်များ၏ အငွေ့အသက်များကိုပင် ရှာမတွေ့ပေ။
သဲလွန်စတစ်ခုမှ မရှိသည့်တိုင် ဤသည်မှာ ပိုင်ဟောက်က သူ့ကို အလောတကြီးသတင်းပို့ခဲ့သော နေရာဖြစ်ကြောင်း ပိုင်ရှောင်ချန်းသေချာနေသည်။ ပိုင်ဟောက်ကို ကာကွယ်ရန် တာဝန်ပေးထားသည် အလောင်းတပ်သားတစ်ရာမှာမူ ထိခိုက်မှူ တစ်စုံတရာမရှိပေ။ သို့သော် သူတို့မှာ မလှုပ်မယှက် ရပ်မြဲရပ်နေသဖြင့် တစ်နည်းနည်းဖြင့် စမ်းသပ်ခံထားရဟန်တူသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ နေရာတစ်ခုလုံး တုန်ခါသွား၏။ ထိုသည်က အမျက်ဒေါသများနှင့် ပြည့်နှက်နေသည့် ရင်ဘတ်ထဲမှလာေသာ အော်ဟစ်သံကြီးဖြစ်ရာ စိတ်ဆိုးဒေါသထွက်နေသည့် မိုးသက်မုန်တိုင်းကြီးအလား လွင့်ပျံသွားတော့သည်။
" အလောင်းတပ်သားတို့ "
ချက်ချင်းပင် စစ်ဆေးရေးစံအိမ်က အလောင်းတပ်သားများအားလုံး တုန်ရီသွားကြပြီးနောက် သူတို့ပတ်လည်တွင် သတ်ဖြတ်လိုသည့် အရှိန်အဝါများ လေပွေကြီးများသဖွယ် တဟုန်းဟုန်းတောက်လောင်လာပြီး အလင်းတန်းများအသွင်ဖြင့် ပိုင်ရှောင်ချန်းထံ တဟုန်ထိုးဦးတည်လာကြသည်။
" ဒီနေရာကို အဝင်အထွက်ပိတ်လိုက်။ လူတိုင်း၊ ဆိုင်တိုင်း၊ လမ်းကြိုလမ်းကြားတိုင်း အကုန်ရှာကွာ။ ငါ့ရဲ့ ဝိညာဥ်ကျွန်ကို ရှာကြစမ်း"
အလောင်းတပ်သား ၃၀၀၀၏ မျက်လုံးများမှာ အနီရောင်အလင်းများ စူးရှတောက်ပလာပြီး သူတို့၏ သတ်ဖြတ်လိုသော အရှိန်အဝါများက ပို၍ ပြင်းထန်လာကာ ပိုင်ရှောင်ချန်း ယခုလေးတင် အမိန့်ထုတ်လိုက်သည့်အတိုင်း အသီးသီးခွဲထွက်သွားကြသည်။
သူတို့က ဝိညာဥ်ကျင့်ကြံသူများအပါအဝင် ထိုသူတို့၏ ကျင့်ကြံခြင်းအခြေခံ၊ သူတို့၏နောက်ခံ သို့မဟုတ် အဆင့်အတန်းများကို လျစ်လျူရှုကာ တစ်နေရာလုံးကို မှော်ပညာဖြင့် ပိတ်လှောင်လိုက်သည်။
သူတို့က ဆိုင်များကို ရှာဖွေကြပြီး ကျင့်ကြံသူများနှင့် သူတို့၏ အိတ်များကိုပင် ရှာဖွေကြသည်။ ပိုင်ဟောက်၏ နောက်ဆုံးသိရသော နေရာအဖြစ် ပိုင်ရှောင်ချန်း ဖော်ထုတ်ခဲ့သော ဆိုင်မှာမူ စစ်ဆေးမှုများ၏ အဓိကအာရုံစိုက်ရာဖြစ်သည်။
အမှန်တကယ်တော့ လူတိုင်း စိတ်တိုသွားကြပြီး အချို့က ဒေါသတကြီး ကန့်ကွက်ကြကာ အချို့က စစ်ဆေးလာသည်ကို ငြင်းဆန်နေကြသည်။
ပိုင်ရှောင်ချန်းက မည်သည့် အရှိန်အဝါမှမရှိဘဲ တစ်နေရာလုံးကို အေးခဲသွားစေနိုင်သည့်အလား ကြောက်မက်ဖွယ် အေးစက်စက်အသွင်ဖြင့် မလှုပ်မယှက် ရပ်နေသည်။
ယခုအခိုက်အတန့်တွင် သူ့မျက်နှာက လူသေအလောင်းတစ်လောင်းအလား ဖြူဆုတ်နေပြီး သူ့မျက်လုံးများက ပိုမိုနီမြန်းလာကာ အနီရင့်ရင့်အရောင်သို့ ကူးပြောင်းသွားတော့သည်။
ရှုပ်ပွနေသော ဆံပင်များနှင့် ပေါင်းစပ်သွားသောအခါ သူ့အသွင်က မကောင်းဆိုးဝါးနတ်ဆိုးတစ်ကောင်အလား။ ထိုမျှသာမက သွေးအေးသော ရက်စက်လိုသည့် အငွေ့အသက်များအရ ထိုလူသာ ရူးသွပ်သွားခဲ့လျှင် ကမ္ဘာတစ်ခုလုံးကို နင်းချေဖျက်ဆီးပစ်မည့်ဟန်ရှိသည်။
သူက အော်ဟစ်သံများကို မကြားဘဲ ဆူညံပွက်လောရိုက်နေသည်များကို လုံးလုံးမေ့နေပုံရသည်။ တကယ်တမ်းဆိုရလျှင် သူက သူ့ပတ်လည်ရှိ မည်သည့်အရာကိုမဆို မမြင်နိုင်တော့ပေ။ သူ့စိတ်ထဲတွင် အမှတ်တရများစွာကို ပြန်လည်တွေးတောနေမိသည်။
ပထမဦးစွာ သူမြေရိုင်းဒေသထဲသို့ တည်နေရာရွှေ့ပြောင်းခံလိုက်ရပြီး ပိုင်ဟောက်၏ အလောင်းကို တွေ့လိုက်ရသော သူ၏ ပုံရိပ်…
ဒုတိယမြောက်က ပိုင်ဟောက်၏ သရုပ်ကို ယူပြီး ပိုင်မျိုးနွယ်စုကို သွားကာ သူ့တဲကလေး၏ ကြမ်းပြင်ပေါ်တွင် ရေးသားထားခဲ့သော ပိုင်ဟောက်၏မှတ်စုကို ရှာတွေ့လိုက်သည့် အချိန်…
တတိယမြောက်မှာ ပိုင်ဟောက်၏ ဝိညာဥ်ကို သူ ရှာဖွေတွေ့ရှိခဲ့သော ဝိညာဥ်ရေနွေးအိုး…
စတုတ္ထမြောက်မှာ ပိုင်ဟောက်နိုးထလာပြီးနောက် သူ့ကို ဒူးထောက်အရိုအသေပေး၍ “ ဆရာ “ ဟုခေါ်သည့်အချိန်.....
ပဥ္စမမြောက်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ရေးဆိုင်တွင် ပိုင်ဟောက်က သူ့ကို အကြံဉာဏ်များ အဆက်မပြတ်ပေးရင်း သူတို့နှစ်ယောက် အသက်ရှင်ရေးအတွက် တစ်ဦးနှင့်တစ်ဦး မှီခိုအားထားခဲ့ရသည့် အချိန်ကာလများ…
ထို့နောက် ဆဋ္ဌမမြောက်၊ သတ္တမမြောက်......
နောက်ဆုံး အမှတ်တရများ၏အဆုံးသတ်သို့ ရောက်သွားချိန်တွင် သူ၏နှလုံးသားက မဟူရာညအလား မည်းမှောင်သွားပြီး ပိုင်ဟောက်၏ အသံက သူ့နားထဲတွင် ပဲ့တင်ထပ်လာသည်။
" ဆရာ ကျွန်တော့်ကို ကယ်…. "
သူက ကြောင်တောင်တောင် မျက်ဝန်းများဖြင့် ရပ်နေစဥ် သူ၏အလောင်းတပ်သားများက နေရာတစ်ခုလုံးကို ရှာဖွေနေသည့်အတွက် ဆူညံပွက်လောရိုက်နေတော့သည်။ ရုန့်ရင်းဆန်ခတ်ဖြစ်နေသည်များ ပို၍ ပြင်းထန်လာ၏။
" မင်း ဘာလုပ်နေတာလဲ။ ငါ ဘယ်သူလဲ မင်းသိလား "
" ချီးလိုပဲ။ မင်းက စစ်ဆေးရေးအရာရှိမင်းဖြစ်နေရင်တောင်မှ ဒီလိုလုပ်ဖို့ မင်းမှာ အာဏာမရှိဘူးကွ။ ငါက ကောင်းကင်နယ်စား စီတုရဲ့ မျိုးနွယ်စုက လာတာ။ ငါ့ကို ရှာရဲတယ်ပေါ့လေ"
တစ်နေရာတွင် အဘိုးကြီးတစ်ယောက်က လူအုပ်ကြီးကို ဖြတ်၍ ပိုင်ရှောင်ချန်းရှေ့တွင် ရပ်လိုက်သည်။
" ပိုင်ဟောက်၊ ငါက မဟာကောင်းကင်သခင်စံအိမ်က အစောင့်ပဲ။ မင်း ရှာချင်လဲ ရတယ်။ ဝိညာဥ်ကျွန်လေးတစ်ကောင်ကြောင့် မင်းရဲ့အလောင်းတပ်သားတွေကို ဒီလိုသုံးနေတာ ငါ့ဖြင့် မယုံနိုင်ဘူး။ ငါ ဒါကို မဟာကောင်းကင်သခင်ဆီ သေချာပေါက် တင်ပြမယ်။ ငါ့ကို အခုချက်ချင်းသွားခွင့်ပေး။ ဒါမှ ငါကောင်းကင်သခင်စံအိမ်ကို ပြန်နိုင်မှာ "
အခြားလူများသည် စစ်ဆေးရေးစံအိမ်ကို ကြောက်သော်လည်း ထိုအဘိုးကြီးက ကောင်းကင်သခင်စံအိမ်၏ အဖွဲ့ဝင်ဖြစ်လေသည်။ သူ့အတွက် စစ်ဆေးရေးစံအိမ်သည် မဟာကောင်းကင်သခင်အသုံးပြုသည့် တိုက်ခိုက်ရေးခွေးတစ်ကောင်ထက် မပိုပေ။
ကောင်းကင်သခင်စံအိမ်သည် အမှန်စင်စစ် အလွန်ထူးကဲသော နေရာတစ်နေရာဖြစ်သည်။ တကယ်တမ်းဆိုရလျှင် ၄င်းက မဟာကောင်းကင်သခင်၏ မျိုးနွယ်စုဖြစ်သည့်အတွက် အထူးသဖြင့် ထိုအစောင့်က မဟာကောင်းကင်သခင်၏ ကိုယ်ရံတော်အစောင့်တစ်ယောက် ဖြစ်ပေသည်။
အဘိုးကြီးက ဒေါသတကြီး အော်ငေါက်နေစဥ် ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်ပြီး စကားတစ်ခွန်းပင်မဆိုဘဲ ရှေ့တက်လိုက်ကာ သူ၏ ရင်ဘတ်တည့်တည်ကို ထိုးချလိုက်သည်။
လျှပ်ပြက်သည့်အလား ရုတ်တရက် ဖြစ်ပျက်လာသည့်အတွက် အဘိုးကြီးမှာ မတုံ့ပြန်နိုင်လိုက်ပေ။ ပိုင်ရှောင်ချန်းတွင် နတ်တစ်ပိုင်းစွမ်းအားနှင့် ညီမျှသော အတိုက်အခိုက်စွမ်းရည် ပိုင်ဆိုင်ထားသည့်အတွက် ကောင်းကင်သခင်ခန်းမမှ ထိုအစောင့်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားတော့သည်။
သူ့ပါးစပ်မှ မချိတင်ကဲအော်သံတစ်ခုနှင့်အတူ သွေးများ ပန်းထွက်လာတော့သည်။ သူက ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်အလား နောက်သို့ လွင့်ထွက်သွားပြီး သူ ပြန်မကျခင်မှာပင် ပြင်းထန်သော လပ်သီးချက်ကြောင့် သူ့တစ်ကိုယ်လုံး ပေါက်ကွဲသွားပြီး မြို့တော်အပေါ်သို့ သွေးနှင့် အသားအစိုင် မိုးများ ရွာကျလာတော့သည်။
လူတိုင်းမှာ ထိုမြင်ကွင်းကြောင့် လုံးဝတုန်လှုပ်သွားကြပြီး ပိုင်ရှောင်ချန်းကို မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ကြသည်။ ထိုအဘိုးကြီးသည် ကောင်းကင်သခင်စံအိမ်မှ မဟုတ်ပါလော။
သို့စေကာမူ ပိုင်ရှောင်ချန်းက သူ့ကို စကားတစ်ခွန်းမဟဘဲ သတ်လိုက်လေသည်။
" ဘယ်သူဖြစ်ဖြစ် ကလန်ကဆန်လုပ်ရင် ချက်ချင်း သတ်ပစ်လိုက် "
သူက လူတိုင်းကြားနိုင်လောက်သည်အထိ အေးစက်ပြတ်သားသောလေသံဖြင့် ဆိုလိုက်ရာ တစ်နေရာလုံး သူ့အသံသာ ပဲ့တင်ထပ်လျက် ကျန်ရစ်ခဲ့လေသည်။
မည်သူမှ နောက်ထပ် မဆန့်ကျင်ရဲကြတော့ပေ။ ထိုစဥ် ကျိုးရီရှင်းက အဘိုးကြီးအသတ်ခံလိုက်ရသည့်အချိန်မှာပင် ရောက်လာလေသည်။ ထို့နောက် သူက အလောင်းတပ်ဖွဲ့ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး နောက်ဆုံး ပိုင်ရှောင်ချန်းကို ကြည့်လိုက်လေသည်။ ပိုင်ရှောင်ချန်း၏မျက်နှာပေါ်ရှိ အမူအရာက သူ့ရင်ထဲတွင် အကြောက်တရားများ ချက်ချင်း ကိန်းအောင်းလာတော့သည်။ ယခင်က ပိုင်ရှောင်ချန်းကို ထိုသို့ပုံစံမျိုးဖြင့် သူ မမြင်ဖူးခဲ့ပေ။
" သခင်လေး "
သူက စကားစလိုက်သည်။
သူ ဘာမှထပ်မပြောနိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက လှမ်းကြည့်ပြီး ဖြတ်ပြောလိုက်သည်။
" ငါ့ ဝိညာဥ်ကျွန်ကို သွားရှာ "
သူ့အကြည့်က ကျိုးရီရှင်း၏စိတ်အစဥ်ကို ယိမ်းယိုင်သွားစေပြီး ပြင်းထန်သောအေးစက်မှုများဖြင့် ပြည့်နှက်သွားစေသည်။ ကျိုးရီရှင်းက တစ်ချက်လေးပင် တုံ့ဆိုင်းမနေတော့ဘဲ ရှာဖွေလိုက်တော့သည်။