← Chapters

ယုတ်မာခြင်း၊ အကျင့်ပျက်ခြင်း

Vol. 7 Ch. 94

ယုတ်မာခြင်း၊ အကျင့်ပျက်ခြင်း

Vol. 7 Ch. 94

“အားကစားဌာနက ဘာများ ကောင်းနေလို့လဲ၊ သူတို့က ဘတ်စကတ် ဘော ကစားတာ တော်တာနဲ့ မိုက်နေရာလား၊ သတ္တိရှိရင် ငါတို့နဲ့ စာပေ ချင်း လာပြိုင်ပါလား”

အာလူးလေးက တစ်လမ်းလုံး ဒေါကန်လာသည်။

“ဟုတ်တယ် သူတို့ ကဗျာစပ် ပြိုင်ပွဲလုပ်သင့်တယ်၊ အဲ့အခါကျရင် ငါတို့ သူတို့ကို ချီးထွက်အောင် ရိုက်ချပြမယ်”

ရှန်းကလည်း ဝင်ပြောသည်။

“သူတို့က ငါ့ကို တမင် ရန်ဆောင်ချင်တာနဲ့ ဘာသာစကား ဌာန တစ်ခုလုံးကို ရန်လုပ်ဖို့ ကြိုးစားနေတာ”

ရဲ့လင်းချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ရှောင်ရဲ့ အဲ့လို မပြောနဲ့, ဟဲယွမ်က ဘယ်လိုလူစားလဲ ငါတို့အားလုံး သိပြီးသား၊ ဘာပဲဖြစ်ဖြစ် ငါတို့ သူ့ကို မုန်းတယ်”

ရှောင်ကမ်းက ဝင်ပြောသည်။

“စိတ်အေးအေးထား၊ ငါတို့ဌာနက အားကစားဌာနကို ဘတ်စကတ် ဘောမှာ ရှုံးမယ်လို့ ငါ မယုံဘူး”

ထိုနေ့ ညနေတွင် ဘာသာစကားဌာန၏ ဘတ်စကတ်ဘောအသင်းက တက္ကသိုလ် အနီးအနား၌ နေရာရှာတွေ့ပြီး တစ်ညနေလုံး လေ့ကျင့် ကြသည်။ အားလုံးက မကျေနပ်စိတ်ကို ရင်ဝယ်ပိုက်၍ အားကစား ဌာနကို ပညာပြရန် အသင့်ပြင်ထားသည်။

နောက်တစ်နေ့တွင် ဘတ်စကတ်ဘော ပြိုင်ပွဲ စတင်လေသည်။ ပုံမှန်အတိုင်း ယှဉ်ပြိုင်ရမည့်အသင်းကို မဲနှိုက်ခြင်းဖြင့် ရွေးချယ် ကြသည်။

ဘာသာစကားဌာနနှင့် ဓာတုဗေဒဌာန ၁၁၃: ၉၇။ ဘာသာစကားဌာန အနိုင်ရသွားသည်။

အားကစားဌာနနှင့် ဇီဝဗေဒဌာန ၁၃၇: ၈၃။ အားကစားဌာနက အနိုင်ရ လေသည်။

ဘာသာစကားဌာနနှင့် အားကစားဌာနတို့သည် ဆီမီးဖိုင်နယ်သို့ ရောက်အောင် တက်လှမ်းနိုင်သွားသည်။

ဆီမီးဖိုင်နယ်သို့ တက်နိုင်သော ဌာနစုစုပေါင်း ဆယ့်နှစ်ခု ရှိသည်။ ယခင်ကလိုပင် ယှဉ်ပြိုင်ရမည့် အသင်းများကို မဲနှိုက်လေသည်။

လူတိုင်း စိုးရိမ်ပူပန်စွာ စောင့်နေချိန်တွင် ရှောင်ကမ်းက သူတို့ထံ ပြေးလာ၏။

“ဘယ်လိုလဲ၊ ငါတို့နဲ့ ပြိုင်ရမှာက ဘယ်သူလဲ”

ကောင်းဝမ်က စိတ်မရှည်စွာ မေးလေသည်။ အခြားသူများကလည်း ရှောင်ကမ်းအား စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

အကယ်၍ သူတို့ ဤပွဲကိုနိုင်လျင် ဘာသာစကားဌာနသည် ထိပ်ဆုံး အသင်း ဆယ်သင်းထဲ ဝင်နိုင်ပေတော့မည်။ ယင်းက ဘာသာ စကား ဌာန၏ ထိုစာရင်းထဲသို့ ဝင်နိုင်သော ပထမဆုံးအကြိမ် ဖြစ်လေသည်။ ယင်းက သမိုင်းစာအုပ် ထဲတွင်ပင် ထည့်မှတ်ထားရလောက်အောင် ထိုက်တန်သည့် အခိုက်အတန့်ပင်။

“သင်္ချာဌာန ဒါမှမဟုတ် သမိုင်းဌာနဆိုရင် ငါတို့အတွက် ပိုကောင်း တယ်၊ ငါတို့အတန်းက သူတို့ကို အသာလေး အနိုင်ပိုင်းနိုင်ပါတယ်”

“အင်ဂျင်နီယာဌာနဆိုလည်း အဆင်ပြေပါတယ်၊ ငါတို့ ကံမဆိုးသရွေ့ ဒါမှမဟုတ် ရူးကြောင်ကြောင် အသင်းတွေနဲ့ မကျသရွေ့ ငါတို့ရဲ့ နိုင်နိုင်ချေက မြင့်ပါသေးတယ်”

သို့သော် ရှောင်ကမ်း၏ မျက်နှာက အလွန့်အလွန် တင်းမာနေသည်။ သူသည် ပင့်သက်ရှိုက်လိုက်ပြီးမှ ထုတ်ပြောလာသည်။

“ငါတို့ အားကစားဌာနနဲ့ ပြိုင်ရမှာ”

တိတ်ဆိတ်သွားသည်။ အားလုံး စိတ်လေးသွားသည်။

“ဘာမှမဖြစ်ပါဘူး၊ ငါတို့ အားကစားဌာနကို မနိုင်နိုင်တာမှ မဟုတ်တာ၊ နင်တို့ အကောင်းဆုံး ကြိုးစား”

ကောင်းဝမ်က သူတို့ကို ကြိုးစား၍ အားပေးသည်။

“ဟုတ်တယ်၊ ငါ အားကစားဌာနက လူတွေကို အမြဲ မုန်းနေခဲ့တာ၊ ငါတို့ သူတို့ကို စောစော သင်ခန်းစာ ပေးနိုင်သွားတော့ ပိုကောင်းတာပေါ့”

ထိုအခိုက်တွင် အားကစားဌာနမှ အနက်ရောင်ဂျာစီနှင့် ကစားသမား နှစ်ယောက်က အထင်သေးသော အပြုံးများနှင့် လှမ်းလာသည်။

“မင်းတို့ရဲ့ ကံကောင်းခြင်းတွေ ကုန်သွားတဲ့ပုံပဲ၊ ဘာသာစကားဌာနက ထိပ်ဆုံးအသင်း ဆယ်သင်းထဲ ဝင်ဖို့ ကြိုးစားနေတာလား၊ ဆုတောင်း နေလိုက်”

“ဒါ မင်းတို့ သွားနိုင်တာ အကုန်ပဲ၊ ငါတို့က မင်းတို့ ဘယ်တော့မှ မဖြတ်ကျော်နိုင်တဲ့ တောင်ပဲကွ”

“အဲ့အမှိုက်တွေနဲ့ အချိန်ဖြုန်းမနေနဲ့၊ အသင့်ပြင်ထားကြ၊ ပြီးမှ သူတို့ကို ဘယ်သူက ဆရာလဲ ပြလိုက်”

ဟဲယွမ်က ကွင်းအတွင်း ရောက်နေပြီး ကစားသမားနှစ်ယောက်အား လှမ်းအော်ပြောလာသည်။

“အသင့်ပြင် …”

ပြိုင်ပွဲ စတင်လေပြီ။

ဒိုင်က ဘောလုံးကို လေထဲသို့ ပစ်မြှောက်လိုက်သည်။

ရှောင်ကမ်းနှင့် ဟဲယွမ်တို့သည် အလယ်၌ ရှိနေပြီး ဘောလုံးကို အပိုင်ရရန် ကြိုးစားနေကြသည်။ နှစ်ယောက်လုံးက ပြိုင်တူ ခုန်လာပြီး လက်များကိုဆန့်၍ ဘောလုံးကို ထိန်းချုပ်ရန် ပြင်လိုက်သည်။

တမင်လုပ်တာလား၊ မရည်ရွယ်ဘဲ ဖြစ်သည်လား မသေချာသော်လည်း ဟဲယွမ်၏ ခန္ဓာကိုယ်က ရှောင်ကမ်းဘက်သို့ စောင်းလာပြီး ပခုံးဖြင့် ရှောင်ကမ်း၏ ရင်ဘတ်ကို ပစ်တိုက်လေသည်။ ရှောင်ကမ်း ချက်ချင်း ပြန်ယိုင်ကျကာ ဟန်ချက်မထိန်းနိုင်ခင် နောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။

ဘောလုံးက ဟဲယွမ်၏ လက်ထဲ ရောက်သွားသည်။ သူက အပြုံးနှင့်အတူ ဘောလုံးကို ပုတ်ကာပုတ်ကာဖြင့် ရှေ့သို့ တက်သွား လေသည်။

ထိုအခိုက်တွင် ပန်းပွားအသင်းက ဆက်စီကျသော ပို့စ်များလုပ်၍ အော်ဟစ်အားပေးနေသည်။

“ဟဲယွမ်က အတော်ဆုံးပဲ၊ ဟဲယွမ်က ကြည့်အကောင်းဆုံး၊ ဟဲယွမ် ပြိုင်ပွဲကို နိုင်အောင်လုပ်နော်”

ခံစစ်အားလုံးကို ထိုးဖောက်ဖြတ်ကျော်ပြီးနောက် ခုန်၍ ပစ်သွင်း လိုက်သည်။ အားကစားဌာနက နှစ်မှတ် ရသွားသည်။

“ယီးပဲ၊ အဲ့ဟဲယွမ် ခွေးမသားက အစကတည်းက လိမ်နေပြီ၊ ဒိုင်လူကြီး ကန်းနေတာလား”

“ဘောလုံးကို ပေးကတည်းက ကိုယ်ချင်းထိတာ အသိသာကြီးလေ၊ သူတို့ ဒါကို မသိချင်ယောင်ဆောင်မလို့လား”

“အရှက်မရှိလိုက်တာ”

ဘာသာစကားဌာန၏ လူအုပ်ထဲမှ ဆဲဆိုသံများ ထွက်လာသည်။

ဘတ်စကတ်ဘော ပြိုင်ပွဲကွင်း၏ တစ်ဖက်တွင် မိန်းမလှလေး နှစ်ယောက် ရပ်နေ၏။ သူတို့မှာ လီမူရွှယ်နှင့် ဟွမ်ရှောင်မန်တို့ပင်။ ဟွမ်ရှောင်မန်က အားကစားပွဲများအား ကြည့်ရသည်ကို နှစ်သက် သဖြင့် လီမူရွှယ်ကိုပါ ဆွဲခေါ်လာခြင်း ဖြစ်လေသည်။

“ဟားဟားဟား ကောင်းတယ်၊ အဲ့ဟန်ရေးပြနေတဲ့ ရဲ့လင်းချ န်တစ်ယောက်တော့ အခု ဘူပိတ်နေပြီ”

ဟွမ်ရှောင်မန်က သူတို့ကို အားပေးနေ၏။

ဟဲယွမ်က ရဲ့လင်းချန်ကို ပေါ်တင် ရန်မလုပ်သော်လည်း ရဲ့လင်းချန် ရှိသော ဌာနကို အခက်တွေ့အောင် လုပ်နိုင်သေးသည်။ ဤနည်းက သူမ၏ မကျေနပ်စိတ်တစ်ချို့ကို ပြေလျော့စေသည်။

“ဒိုင်က ကျောင်းသားသမဂ္ဂကပဲ၊ ဟဲယွမ်က ကျောင်းသားသမဂ္ဂရဲ့ ဥက္ကဋ္ဌလေ၊ သူတို့ ဘယ်လိုလုပ် မျက်နှာမလိုက်ဘဲ နေမလဲ”

လီမူရွှယ် မျက်မှောင်ကြုတ်နေပြီး သူမလုပ်ရပ်အတွက် အပြစ်ရှိသလို ခံစားရနေသည်။

“အစကတည်းက ငါ့အမှားပဲ၊ ငါ့ကြောင့် ရဲ့လင်းချန် ဒီလို ပြဿနာတွေ တက်တာ၊ ဟဲယွမ်က ဒီလောက် စိတ်ဓာတ် သိမ်ဖျင်းမယ်လို့ ထင်မ ထား ဘူး”

“မူရွှယ် နင် အဲ့လိုမတွေးနဲ့လေ၊ အဲ့သူတောင်းစားက နင့်ကို အတင်းနမ်း သွားပြီးတော့ နင့်နာမည်ကိုလည်း ညစ်ထေးအောင် လုပ်တာလေ၊ မိန်းကလေး အတွက် နာမည်က သိပ်အရေးကြီးတယ်”

ဟွမ်ရှောင်မန်က သူမကို ဖျောင်းဖျရန် ကြိုးစားနေပြီး ထပ်ပြောလာသည်။

“သူက နင့်ကို အကြွေးတင်နေတာ၊ ငါတို့ လက်စားချေရမယ်၊ ရက်ရက်စက်စက် လက်စားချေရမယ်”

ထိုအခိုက်တွင် ပြိုင်ပွဲက ထိပ်ဆုံးအခြေအနေသို့ ရောက်နေသည်။ ဆယ့်သုံးမှတ်: နှစ်ဆယ့်ငါးမှတ်ဖြင့် ဘာသာစကား ဌာနက နောက်ကောက် ကျန်နေခဲ့သည်။

အားကစားဌာနမှလူများသည် လူကောင်ကြီး၍ အရပ်ရှည်သည်။ ထို့အပြင် သူတို့၏ ခွန်အား၊ အရှိန်နှင့် သက်လုံတို့သည် ဘာသာ စကားဌာနထက် ပို၍ ကောင်းမွန်သည်။ နှစ်ဖက်ကြားမှ ကွာဟချက်က တဖြည်းဖြည်း ပိုကြီးမားလာ၏။

နောက်ဆုံးတွင် ရှောင်ကမ်းက ဘောလုံးကို ရသွားသည်။ သူသည် ဝမ်းသာသော အမူအရာဖြင့် တိုင်အောက်၌ ရပ်နေပြီး လက်မြှောက်၍ လှမ်းပစ်ရန် ပြင်လေသည်။

သူ့အရပ်သည် တစ်ရာ့ကိုးဆယ် စင်တီမီတာ ရှိသည်။ တိုင်အောက်၌ ရပ်နေသောအခါ ဘောလုံးကို ပစ်လိုက်လျင် ကွင်းထဲ ဝင်သွားမှာ အသေအချာပင်။ ဤသည်ကို ကလေး ကစားစရာဟုပင် သတ်မှတ်၍ ရသည်။ ပြန်ကန်ဘုရင်ဟူသော ဘွဲ့ကို အလကားသက်သက် ရထားခြင်း မဟုတ်ပေ။

သို့သော် ဘတ်စကတ်ဘော ဘောလုံးက သူ့လက်ထဲမှ မြောက်တက် သွားတော့မည့်အချိန်၌ အရိပ်တစ်ခုက ရှေ့သို့ ခုန်ဝင်လာပြီး သူ့လမ်းကို ဝင်ပိတ်သည်။ ထို့နောက် လက်တစ်ဖက်က ဖြောင်းခနဲ အောက်စိုက် ရိုက်ချလာ၏။

“ဖြောင်း”

ပြတ်သားသော လက်ချင်း ရိုက်မိသံနှင့်အတူ ဘောလုံးက အဝေးသို့ လွင့်သွားသည်။ တစ်ချိန်တည်းမှာပင် ရှောင်ကမ်းသည် အားပြင်းသော ရိုက်ချက်ကြောင့် ကြမ်းပြင်ပေါ် လဲကျသွားလေသည်။

“ဒိုင်လူကြီး လက်နဲ့ရိုက်ချတယ်လေ”

“ယီးပဲ၊ ဖောင်းတာပဲ၊ ဒါ စောက်ရမ်းကို တမင်သက်သက် လုပ်တာ”

သို့သော် ဒိုင်လူကြီးက အဖက်မလုပ်ချေ။ ဘောလုံး လွင့်သွားပြီးနောက် အားကစားဌာနမှ ကစားသမားများက ပြန်လုယူသည်။ ထို့နောက် တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ဖက်အသင်းကို အလျင်အမြန် ဖြတ်ကျော်၍ အမှတ်ယူ လိုက်သည်။

ဝီစီသံ ထွက်လာပြီး အားကစားဌာနက နောက်ထပ် နှစ်မှတ် ထပ်ရသွားသည်။

“ယီးပဲ ဒါ ဘာသဘောလဲ၊ ဒိုင်လူကြီးက ဘက်လိုက်တာလား”

“ဖောင်းတာကို ဘေးဖယ်ထားဦး၊ ဒါက ဘယ်လိုလုပ် အမှတ်အဖြစ် သတ်မှတ်တာလဲ”

“မင်းမြေယိုးလိုက်၊ သောက်ရူး ဒိုင်”

သူတို့၏ မျက်လုံးများက ဒေါသကြောင့် နီရဲကာ မီးဝင်းဝင်း တောက်နေ၏။

ရဲ့လင်းချန် ချက်ချင်း ရှေ့တက်သွားပြီး ရှောင်ကမ်းကို ထူကာ စစ်ဆေး လိုက်သည်။

“မင်း အဆင်ပြေရဲ့လား”

“ငါ အဆင်ပြေတယ်”

ရှောင်ကမ်းက သူ့လက်ကောက်ဝတ်ကို ပွတ်နေသည်။ အစောပိုင်းက ရိုက်ချက်က သူ့လက်ကို အဆစ်လွဲလုနီးပါး ဖြစ်သွားစေသည်။ ထို့အပြင် သူ့လက်တစ်ခုလုံး ရိုက်ချက်ကြောင့် နီနေ၏။

ဟဲယွမ်က ရက်စက်သော အပြုံးဖြင့် ဘာသာစကားဌာနကို ပြုံးကြည့် နေကာ မခိုးမခန့် မေးလာသည်။

“ဘာလဲ အဆုတ်ကွဲမတတ် အော်မလို့လား၊ မင်းတို့ အရှုံးကို မခံနိုင်ရင် ထွက်သွားလိုက်၊ ဒီမှာနေပြီး ငါတို့ကို အရှက်ရအောင် လုပ်မနေနဲ့”

“ယီးပဲ မင်း အရှက်မရှိဘူးလား”

“ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဟုတ်လား၊ အရှက်မရှိတဲ့ ဥက္ကဋ္ဌဆိုတာကမှ ပိုလိုက်ဦးမယ်”

“အကျင့်ပျက်တာ၊ ဒါ ဒိုင်အကျင့်ပျက်တာပဲ၊ ငါ မင်းတို့ကို ကျောင်းအာဏာပိုင်တွေဆီ တိုင်မယ်”

ပြိုင်ပွဲက ဆက်ကစားနေ၏။

ပထမတစ်ကြိမ် ပြီးကတည်းက ဟဲယွမ်နှင့် ကျန်လူများသည် မတရား နည်းဖြင့် ကစားကြသည်။ လက်ကိုရိုက်ခြင်း၊ ဖြတ်တိုက်ခြင်း စသည်တို့ လုပ်သော်လည်း ဒိုင်က အားလုံးကို မမြင်ချင်ယောင် ဆောင် ထားသည်။

ထိုစဉ် ဟဲယွမ်က ဘောလုံးကိုပုတ်၍ တိုင်အနားသို့ လာနေသည်။ ရှောင်ကမ်းက သူ့လမ်းကိုပိတ်၍ မပစ်သွင်းနိုင်အောင် တားလိုက် သည်။

ဟဲယွမ်၏ မျက်လုံးတွင် ရက်စက်သော အရိပ်အယောင် ဖြတ်ပြေး သွားသည်။ သူသည် ကိုယ်ကိုရို့၍ ရှောင်ကမ်း၏ မျက်နှာကို ပခုံး စောင်းဖြင့် ပင့်တိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် တံတောင် ဖြင့် ရှောင်ကမ်း၏ ရင်ဘတ်ကို ဆောင့်ထိုးလာသည်။

ရှောင်ကမ်း အုခနဲ အသံထွက်ကာ နောက်သို့ ယိုင်သွားသည်။ သူ ဟန်ချက်ပျက်သွားပြီး ကြမ်းပြင်ပေါ် လဲကျသွား၏။

သူ မျက်မှောင်ကြုတ်နေပြီး မျက်နှာ ပြာနှမ်းကာ ရင်ဘတ်ကို လက်ဖြင့် ပွတ်နေသည်။

All Chapters