သရဲကြီးဘုရင်ထံမှ ေနွးထွေးသော မေတ္တာတရား
Vol. 8 Ch. 785
ရှာဖွေမှုမှာ သိပ်မကြာလိုက်ပေ။ အလောင်းတပ်သားများမှာ သရဲမိစ္ဆာများအလား ခွင့်ပြုချက်ပင် တောင်းဆိုမနေတော့ပေ။ မကြာမီ ဆိုင်အားလုံးနှင့် လူအားလုံးကို စေ့စပ်သေချာစွာ ရှာဖွေပြီးသွားတော့သည်။
ကျိုးရီရှင်း၏ အားထုတ်မှုများမှာလည်း လျင်မြန်ကာ တိကျသေချာလွန်းလှသည်။ သူ ပါဝင်လုပ်ဆောင်ခဲ့သည့် ငွေညှစ်မှုများအားလုံးကြောင့် သူသည် အစအနတစ်ခုမကျန် ရှာဖွေနေနိုင်ပြီဖြစ်သည်။
မကြာမီတွင် အလောင်းတပ်သားများမှာ အကြောင်းပြန်လာကြတော့သည်။
" ဒီနေရာမှ ဘာမှမရှိပါဘူး "
" သဲလွန်စတစ်ခုတောင် မရှိပါဘူး "
" ဒီမှာလည်း ဘယ်သူမှ မရှိဘူး "
အလောင်းတပ်သား အယောက်သုံးထောင်က အကြောင်းပြန်ပြီးသွားသောအခါ ကျိုးရီရှင်းသည် စိုးထိတ်စွာဖြင့် ပိုင်ရှောင်ချန်းဆီသို့ ချဥ်းကပ်သွားပြီး အသံတိုးကာ လျှောက်တင်လိုက်သည်။
" အရှင်။ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး။ ဆိုင်တွေရော လူတွေရော အကုန်လုံးကို ရှာဖွေခဲ့တာပဲ။ ဘယ်သူမှ အဲဒီဝိညာဥ်ကို မြင်တောင်မမြင်ခဲ့ဖူးတဲ့။ ဟိုဖက်နားက ဆိုင်တွေဆိုရင် ကျွန်တော်တို့က ပိုပြီး သေသေချာချာ စစ်မေးထားတာ "
ကျိုးရီရှင်းမှာ စကားပြောလေလေ လေသံတိုးလာလေလေဖြစ်နေပြီး အဆုံးတွင် စိုးရိမ်ထိတ်လန့်စွာဖြင့် အသံတိတ်သွားပြီး ခေါင်းငုံ့လိုက်တော့သည်။
ယခုတွင်မူ ပိုင်ရှောင်ချန်းခံစားနေရသည့် ပျော်ရွှင်မှုများနှင့် ဂုဏ်ပကာသနများမှာ မရှိတော့ပဲ ၎င်းနေရာများသို့ အေးစက်မှုများနှင့် နာကျည်းရူးသွပ်မှုများက အစားထိုးဝင်ရောက်လာတော့သည်။
သူသည် သူ့ကိုယ်သူသာ အပြစ်တင်နေမိတော့သည်။ သူ၏ ခန့်မှန်းချက်မှာ တစ်စုံတစ်ယောက်က သူ၏သရုပ်မှန်ကို သံသယရှိလာသဖြင့် သက်သေအထောက်အထား ရရှိရန် ပိုင်ဟောက်အား ဖမ်းဆီးသွားခဲ့သည်ဟူ၍ ဖြစ်သည်။ သူသည် အပြစ်ရှိသလိုလည်း ခံစားနေရသည်။ သူသာ ထိုကဲ့သို့ အာရုံမများပဲ မပေါ့ဆခဲ့ပါက ပိုင်ဟောက်ကို လုံခြုံစွာ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
နာကျင်စရာအကောင်းဆုံး အရာမှာကား မီးတောက်ဖန်တီးခြင်းအတတ်ကို သူအလွန်အမင်း မရူးသွပ်နေခဲ့ပါက ပိုင်ဟောက်အား ဝိညာဥ်များထွက်ဝယ်ခိုင်းရန် လိုမည်မဟုတ်ကြောင်း တွေးလိုက်မိသည့် အချက်ပင်ဖြစ်သည်။
" ငါ့တပည့်က ငါ့အတွက်အများကြီး ပေးဆပ်ခဲ့တာပဲ... "
ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ နာကျည်းနေရပြီး သူ၏ခံစားချက်များကို ထိန်းသိမ်း၍ မရနိုင်တော့ပေ။ သူ့ကိုယ်သူ ဖြေမဆည်နိုင်သဖြင့် အသက်ပင် မှန်မှန် မရှူနိုင်တော့ပေ။ ဤဖြစ်ရပ်မှာ သာမန် နားလည်မှုလွဲသည့် ကိစ္စရပ်မျိုးမဟုတ်ကြောင်း သိသာနေပါသော်လည်း သူ့အား မည်သူက ပစ်မှတ်ထားနေသည်ကို သူက လုံးဝမသိပေ။
ထို့ကြောင့် သူသည် သူ၏ စစ်ဆေးရေးစံအိမ် အမိန့်ပေးဆွဲပြားကို ထုတ်ကာ ထူးခြားသော အတတ်တစ်ခုကိုသုံးလိုက်ပြီး လွန်ခဲ့သောလပေါင်းများစွာက ဗဟိုဧကရာဇ်မြို့တော်၏ စာရင်းများကို စစ်ဆေးကြည့်လိုက်တော့သည်။
သို့သော် မည်မျှပင် ရှာစေကာမူ သဲလွန်စတစ်ခုတစ်လေပင် ထွက်မလာပေ။ စစ်ဆေးရေးစံအိမ်သည် တစ်မြို့လုံး၏ သတင်းအချက်အလက်များကို ပိုင်ဆိုင်ထားပါသော်လည်း သူ့အတွက် အသုံးဝင်သည့် အရာတစ်ခုတစ်လေပင် မတွေ့ခဲ့ရပေ။
စစ်ဆေးရေးစံအိမ်မှာ ကိစ္စရပ်တစ်ခု ဖြစ်ပျက်ပြီးပြီဆိုမှသာ သဲလွန်စများကို စုစည်းသည်ဖြစ်ပြီး ပိုင်ဟောက်ပျောက်သွားသည်မှာ တစ်ခဏမျှသာ ကြာသေးသည်မဟုတ်ပါလော။ ထိုကိစ္စနှင့် ပတ်သတ်၍ စစ်ဆေးရေးစံအိမ်မှာ သဲလွန်စများ ရရှိခဲ့ပါက နောက်ထပ်ရက်အနည်းငယ်အကြာတွင် အကြောင်းပြန်စာများနှင့်အတူ ရောက်ရှိလာမည်ဖြစ်သည်။
သို့သော် ပိုင်ရှောင်ချန်းမှာ အကြာကြီးမစောင့်ဆိုင်းနိုင်ပေ။ အသက်ရှူကြိမ်တစ်ကြိမ်ကုန်ဆုံးသွားတိုင်း ပိုင်ဟောက်မှာ အန္တရာယ်များကို ဖြတ်သန်းနေရသည်ဖြစ်၍ သူ့အားမကယ်တင်နိုင်ခဲ့ပါက တစ်ဘဝလုံးစာ နောင်တရနေရမည်ဖြစ်ကြောင်းကို ပိုင်ရှောင်ချန်းကသိသည်။
ပိုင်ရှောင်ချန်းမှာ စိုးရိမ်လွန်းနေသဖြင့် ရူးသွပ်လုမတတ် ဖြစ်နေပြီး အံကြိတ်ကာ သတင်းပို့ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်လေသည်။ စစ်ဆေးရေးအရာရှိဖြစ်လာပြီးကထဲက ပထမဆုံးအကြိမ်အဖြစ် သူ့ဘက်မှအရင် သရဲကြီးဘုရင်အား ဆက်သွယ်လိုက်တော့သည်။
ယခင်ဖြစ်ရပ်များက သူ့အားဆက်သွယ်ဖို့ရာ မစဥ်းမိခဲ့သည်တော့ မဟုတ်ပေ။ သူသည် မဟာကောင်းကင်သခင်၏ လက်အောက်တွင် တိုက်ရိုက်အလုပ်လုပ်နေရသည့် စစ်ဆေးရေးအရာရှိတစ်ယောက်ဖြစ်၍ သူတို့နှစ်ယောက်မှာ အဆက်အသွယ် အပေးအယူများ ရှိနေလျှင် အဆင်မပြေနိုင်သောကြောင့်ဖြစ်သည်။ ကောင်းကင်ဘုရင်များနှင့် မဟာကောင်းကင်သခင်တို့မှာ အမှန်တွင် အများ ထင်ထားသလောက် ခင်မင်ရင်းနှီးကာ အဆင်ပြေနေကြသည် မဟုတ်ပေ။ သို့သော်လည်း သူသည် သူတို့နှစ်ယောက်အကြားတွင် ကြီးထွားလာခဲ့သည့် ဆက်ဆံရေးကို လုံးဝမမေ့နိုင်သေးပေ။ ယခုတွင်မူ သရဲကြီးဘုရင်သို့ တိုက်ရိုက်ဆက်သွယ်လိုက်ခြင်း၏ အကျိုးအပြစ်များ၊ အန္တရာယ်များကို သူက ဂရုမစိုက်နိုင်တော့ပေ။
ဖြစ်ပျက်သွားခဲ့သည့် အချင်းအရာများမှာ ထူးဆန်းလွန်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ မည်သို့မည်ဖုံ ဖြစ်သွားသည်ကိုပင် မတွက်ဆနိုင်လောက်အောင် ဖြစ်နေရသည်။ ထို့အပြင် မည်သည့်အကြောင်းကြောင့်တော့မသိပေ။ သဲလွန်စတစ်ခုတစ်လေပင် မကျန်ခဲ့သည့် အချက်ကြောင့် သူသည် သရဲကြီးဘုရင်ကဲ့သို့ ကျင့်ကြံခြင်းအခြေခံအဆင့်နှင့် အတွေ့အကြုံများကို ပိုင်ဆိုင်ထားသော လူတစ်ယောက်၏ အကူအညီကို လိုအပ်နေကြောင်း ခံစားမိနေတော့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ အကူအညီဖြစ်သည်။
သရဲကြီးမြို့တော်ထဲရှိ တော်ဝင်နန်းတော်ထဲတွင် သရဲကြီးဘုရင်မှာ သခင်မချိန်နှင့် ညစာစားနေသည်။ သူတို့နှစ်ယောက်မှာ ရယ်ကာမောကာ စကာစမြည်ပြောနေကြစဥ် သူသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်တော့သည်။
ထို့နောက် သူသည် အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏အသံကို ကျောက်စိမ်းပေလွှာထဲသို့ စေလွှတ်လိုက်လေသည်။
" သြော်... မြင့်မြတ်လှတဲ့ စစ်ဆေးရေးအရာရှိပိုင်ဟောက်ပါလား။ ဘယ်လိုအကြောင်းကြောင့်များ ဒီနေ့ ငါ့အကြောင်းကို မင်းတွေးမိတာလဲ ပြောပါဦး။ အရေးကြီးပြောစရာစကားရှိရင် မြန်မြန်ပြောကွာ "
" အရှင်မင်းမြတ်ခင်ဗျား။ ကျွန်တော်မျိုး ပြဿနာနည်းနည်း ကြုံနေရလို့ပါ "
ပိုင်ရှောင်ချန်း၏ ကွဲအက်ကာ ရူးသွပ်မတတ်ဖြစ်နေသည့် အသံကို သရဲကြီးဘုရင် ကြားလိုက်ရသောအခါ သူသည် ပါးစပ်အဟောင်းသား ဖြစ်သွားရပြီး သူ၏ အမူအရာမှာလည်း တည်ကြည်သွားတော့သည်။
" စိတ်အေးအေးထားပါ ကောင်လေးရ။ ဘာဖြစ်တာလဲ။ ငါ့ကိုအကုန်ပြောပြ "
သရဲကြီးဘုရင်မှာ ပိုင်ရှောင်ချန်း၏ ရှင်းပြချက်များကို နားထောင်ရင်း သူ၏မျက်လုံးများမှာ စူးရှတောက်ပလာပြီး သူ့ထံမှ ပြင်းထန်သော ဖိအားများစွာ ပေါ်ထွက်လာတော့သည်။ သူသည် တဖြည်းဖြည်း မတ်တတ်ထရပ်လိုက်ပြီး နန်းတော်အပေါ်ရှိ လေသာဆောင်ဆီသို့ သွားလိုက်လေသည်။ ထိုနေရာတွင် သူထိုင်နေစဥ် သူ၏မျက်ဝန်းများထဲတွင် တင်းမာသော အကြည့်တစ်ခု ပေါ်ထွက်လာပြီးနောက် သူသည်ပိုင်ရှောင်ချန်းအား ပြန်ဖြေလိုက်လေသည်။
" သက်သေ လည်းမရှိ။ အငွေ့အသက်လည်း မကျန်ခဲ့။ သဲလွန်စလည်း တစ်ခုမှ မတွေ့ရဘူး ဆိုပါလား။ အဲဒီသုံးချက်နဲ့တင် တော်တော် သိသာနေပြီ။ ဘာဖြစ်သွားတာလဲဆိုတာ ငါသိတယ်။ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ယောက်က မင်းကို တစ်ကွက်ပြသွားတာပဲ။ ကြည့်ရတာ မဟာကောင်းကင်သခင်ရဲ့ လက်ချက်တော့ မဟုတ်လောက်ဘူး။ သူသာ မင်းကိုတစ်ခုခုလုပ်ချင်တယ်ဆို ဒီလို အလုပ်ရှုပ်ခံနေမှာမဟုတ်ဘူး။ သူ့လက်ကို ဝေ့ယမ်းလိုက်ရုံနဲ့ မင်းကိစ္စတုံးနေပြီ "
" ဒါပေမဲ့ မင်းက ဗဟိုဧကရာဇ်မြို့တော် မှာဆိုတော့ ဒီကိစ္စရပ်ကြီးတစ်ခုလုံးကို ဘာအစအနမှ မကျန်အောင် လုပ်သွားတာကိုကြည့်ရင် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထဲမဟုတ်လောက်ဘူး။ သူ့ကို ကူညီပေးနေတဲ့ မျိုးနွယ်စုပေါင်းများစွာပါ ရှိနေလောက်တယ်။ အဲဒီလိုမှပဲ မျက်မြင်သက်သေ မကျန်အောင်၊ သဲလွန်စမကျန်အောင် လုပ်လို့ရမှာ "
" ပိုင်ဟောက်ရာ။ မင်းရန်စထားတဲ့ လူတွေက တအားများနေတော့ ဘယ်သူကတရားခံဖြစ်နိုင်မလဲဆိုတာ ငါတောင်မခန့်မှန်းနိုင်တော့ဘူး "
" ဒါပေမဲ့ အခုလောလောဆယ်မှာ မင်းဒီ ကိစ္စထဲဝင်ပါလေလေ ပိုပြီးဆိုးလာလေလေပဲ ဖြစ်မှာ။ မင်းက ဉာဏ်ကောင်းတဲ့လူပါ ဟောက်အာရာ၊ သရဲကြီးမြို့တော်ကို ပြန်လာခဲ့ပါလား။ အဲဒီမြွေဟောက်သိုက်ထဲက ထွက်ခဲ့စမ်းပါ။ ငါသာ မင်းရဲ့ဘေးနားရှိနေရင် ဘယ်သူမင်းကို မကောင်းကြံရဲမလဲ ကြည့်ကြတာပေါ့ "
သရဲကြီးဘုရင်မှာ သူ၏စကားထဲတွင် ထိုဝိညာဥ်ကျေးကျွန်မှာ အဘယ့်ကြောင့် ပိုင်ရှောင်ချန်းအတွက် အလွန်အရေးကြီးနေရကြောင်းနှင့် ထိုဝိညာဥ်ကျေးကျွန်မှာ မည်သူဖြစ်ကြောင်း လုံးဝ မမေးခဲ့ပေ။
သူသည် ထိုအချက်များအား သိချင်စိတ်လည်း မရှိပေ။ ထို့ကြောင့် မသိသလို ထားလိုက်သည်သာ အကောင်းဆုံးဖြစ်မည်ဟု သူက ဆုံးဖြတ်ထားသည်။
သရဲကြီးဘုရင်၏ စကားကြောင့် ပိုင်ရှောင်ချန်း၏ နှလုံးသားထဲတွင် နွေးထွေးသောခံစားချက်တစ်ခု ပေါ်ထွက်လာတော့သည်။ သို့သော် သူသာ သရဲကြီးမြို့တော်သို့ ပြန်သွားပါက မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်အားလုံး၏ အမုန်းတရားများမှာ သရဲကြီးဘုရင် အပေါ်သို့ ကျရောက်သွားမည်ဖြစ်ကြောင်း သူကသိသည်။ သူက ထိုသို့ဖြစ်သွားမည်ကို မလိုလားပေ။
ထို့အပြင် သူသည် ပိုင်ဟောက် ပျောက်ဆုံးနေရသည်ကို လက်မခံနိုင်သေးပေ။ သူ၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍ပင် ပြင်းထန်လာရပြီး သူ၏ပတ်ပတ်လည်ရှိ အေးစက်မှုများမှာ ပို၍ အားကောင်းလာတော့သည်။
" ခဏလောက် တောင့်ခံထား ဟောက်အာရေ "
သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။
" ဘာဆက်ဖြစ်ဖြစ် ငါဂရုမစိုက်ဘူးကွာ။ ဆရာမင်းကို တွေ့အောင်ရှာမယ် "
သူ၏ နှလုံးသားထဲတွင် နောက်ဆုံးကျန်ရှိနေသေးသည့် အနွေးဓာတ်ဖြင့် ထိုသစ္စာကိုဆိုလိုက်ပြီးနောက် သူ၏နှလုံးသားမှာ လုံးဝအေးစက်သွားတော့သည်။
" ဒီကိစ္စကို ဘယ်သူလုပ်လုပ် ငါဂရုမစိုက်ဘူး။ နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူဆိုရင်တောင် ဂရုမစိုက်ဘူးကွာ။ ငါ တရားခံကိုသာ ရှာတွေ့လို့ကတော့ မျိုးနွယ်စုတစ်ခုလုံးကို မျိုးဖြုတ်ပစ်မယ် "
သူသည် လုံးဝတွေဝေမနေပဲ သူ၏အလောင်းတပ်သားများနှင့် ကျိုးရီရှင်းတို့အားခေါ်၍ လေပေါ်သို့ ပျံတက်သွားသည်။ သူ၏ ပန်းတိုင်မှာ တော်ဝင်နန်းတော်ဖြစ်သည်။
ဤကိစ္စမှာ ဗဟိုဧကရာဇ်တစ်မြို့လုံးအပေါ် အကျိုးသက်ရောက်နိုင်မည့် ကိစ္စရပ်ကြီးတစ်ခုဖြစ်သဖြင့် ဖြေရှင်းနိုင်မည့် တစ်ဦးထဲသောလူမှာ မဟာကောင်းကင်သခင်သာ ဖြစ်သည်။
မဟာကောင်းကင်သခင် သူ့အပေါ်ထားရှိသည့် သဘောထားမှာ လတ်တလောပြောင်းလဲသွားကြောင်းကို ပိုင်ရှောင်ချန်းက သတိထားမိပြီး စစ်ဆေးရေးစံအိမ်က အာဏာပိုင်းဆိုင်ရာတွင် အားနည်းနေပါသော်လည်း သူ့တွင်အခြားရွေးချယ်စရာ မရှိတော့ပေ။
" မဟာကောင်းကင်သခင်က အရင်တုံးက ငါ့ကို ကောင်းကောင်းဆက်ဆံခဲ့တာပဲ။ ငါအရင်တုံးက တွေးပူနေတဲ့အရာတွေက အခြေအမြစ်မရှိနိုင်ပါဘူး။ သူ ငါ့ကို ရှင်းဖို့ ကြံနေတာ မဖြစ်နိုင်လောက်ပါဘူး "
သူသည် သွေးရောင်အလား နီရဲတောက်ပနေသည့် မျက်ဝန်းများဖြင့် မြို့တော်အားလျင်မြန်စွာဖြတ်၍ တော်ဝင်နန်းတော်ဆီသို့ ဦးတည်သွားနေတော့သည်။ ထိုသို့ ရောက်သောအခါ သူ၏ အလောင်းတပ်သားအများစုကို အပြင်တွင် ထားရစ်ခဲ့ပြီး နတ်အဆင့်သို့ ရောက်လုနီးနီး ဖြစ်နေသည့် သက်တော်စောင့်ကိုသာ ခေါ်သွားကာ ကောင်းကင်သခင်ခန်းမဆီသို့ ဦးတည်သွားတော့သည်။
ယခုအချိန်အထိဆိုလျှင် သူနှင့် ပိုင်ဟောက်အကြားရှိ အဆက်အသွယ် ပြတ်တောက်သွားရသည်မှာ နှစ်နာရီ မျှသာ ရှိသေးသည်။
ထိုအချိန်အများစုမှာ အလောင်းတပ်သားများ ရှာဖွေရာတွင် ကုန်ဆုံးသွားခဲ့သည်။ သို့သော်လည်း ပိုင်ရှောင်ချန်းမှာ တတ်နိုင်သမျှ အမြန်ဆုံး လှုပ်ရှားနေဆဲ။
ကောင်းကင်သခင် ခန်းမထဲတွင် မဟာကောင်းကင်သခင်မှာ တစ်ယောက်ထဲ ရှိနေခြင်း မဟုတ်ပေ။ သူ၏ရှေ့တွင် ရို့ကျိုးသော မျက်နှာထားများနှင့် ထိုင်ကာ လေသံတိုးတိုးဖြင့်စကားပြောနေကြသည့် အခြားလူရှစ်ယောက်ရှိသေးသည်။
ထိုအထဲမှ နှစ်ယောက်မှာ ကောင်းကင်နယ်စားများဖြစ်ကြပြီး တစ်ယောက်မှာ ချန်ဟောက်စုန့်ဖြစ်ကာ အခြားတစ်ယောက်မှာ လေပေါ်တွင် လွင့်ပျံနေသည့် လှပသောမုတ်ဆိတ်မွေးများကို ပိုင်ဆိုင်ထားသော သက်လတ်ပိုင်းလူကြီးတစ်ယောက် ဖြစ်သည်။ သူတို့၏နောက်တွင် ကောင်းကင်မြို့စားခြောက်ယောက် ရှိနေသည်။
ယခုတွင် မဟာကောင်းကင်သခင်ကို စကားပြောနေသူမှာ ထိုလှပသော မုတ်ဆိတ်မွေးပိုင်ရှင်ဖြစ်သည်။
" မဟာကောင်းကင်သခင်ခင်ဗျား။ ကောင်းကင်သခင်ဒေသက ဂိုဏ်းတွေက ဒီနှစ် တော်တော်ကို အင်အားများလာကြတာပါ။ သူတို့က မဟာတံတိုင်းကြီရဲ့ အပိုင်းလေးပိုင်းစလုံးမှာ တပ်တွေချထားတာပါ။
ကျွန်တော်တို့ ရရှိခဲ့တဲ့ သဲလွန်စတွေ၊ ကျွန်တော်တို့ရဲ့ သူလျှိုတွေ ပေးပို့ခဲ့တဲ့ သတင်းအချက်အလက်တွေအရဆိုရင် ကောင်းကင်တံတားကျွန်းရဲ့ ကောင်းကင်ဧကရာဇ်က နှစ်ပေါင်းတစ်ထောင်မှ တစ်ခေါက်ဖြစ်ပေါ်နိုင်တဲ့ စစ်ချီတက်မှုမျိုး လုပ်ဆောင်တော့မယ်ဆိုတာ သေချာသလောက်ပါပဲ "
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ မဟာကောင်းကင်သခင်အား တွေ့ခွင့်တောင်းလိုက်သည်။
ထိုခွင့်တောင်းခြင်းကို လက်ခံလိုက်သောအခါ ပိုင်ရှောင်ချန်းမှာ ခန်းမထဲသို့ဝင်လာပြီး ဘေးနားတွင်ရပ်နေတော့သည်။ မုတ်ဆိတ်မွေးနှင့်လူကြီးမှာမူ ပိုင်ရှောင်ချန်းအား တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီး မဟာကောင်းကင်သခင်အား စကားဆက်ပြောလိုက်သည်။
" ကောင်းကင်ဘုရင်လေးပါးက သူတို့ရဲ့ နယ်စပ်နယ်မြေတွေကို ကာကွယ်ဖို့ တာဝန်ရှိပေမဲ့ သူတို့က မလှုပ်မယှက်ထိုင်နေရုံထက် လုပ်ကွက်တွေ အများကြီးပိုရှိပါတယ်။ သူတို့က ရန်သူတွေရဲ့ စိတ်နှလုံးထဲကို အကြောက်တရားတွေ တိုက်ရိုက်စိမ့်ဝင်သွားအောင် ရိုက်သွင်းပေးလို့ရပါတယ်။ မဟာတံတိုင်းကြီးရဲ့ အစိတ်အပိုင်းလေးခုစလုံးကို စောင့်ကြည့်တဲ့ အခန်းကဏ္ဍမှာ ပိုပြီး အားစိုက်ဖို့ ကျွန်တော်အကြံပေးချင်ပါတယ်။ ပြီးတော့ ကျွန်တော်မျိုးကို မဟာတံတိုင်းရဲ့ မြောက်ပိုင်းမှာရှိတဲ့ ရှေ့တန်းအထိသွားပြီး စစ်ရေးစစ်ရာနဲ့ပတ်သတ်တဲ့ အကြံဉာဏ်တွေသွားပေးခွင့်ပြုဖို့ တောင်းဆိုပါတယ် "
မဟာကောင်းကင်သခင်မှာ အစတွင် မည်သည့်စကားမှ ပြန်မပြောပေ။ သူသည် ပိုင်ရှောင်ချန်းကို လှမ်းကြည့်လိုက်သောအခါ သူ၏သတ်ဖြတ်လိုသော အငွေ့အသက်နှင့် နီမြန်းနေသောမျက်ဝန်းများကြောင့် သူသည် နဂိုပုံစံနှင့် မတူပဲ ကွဲထွက်နေသည်ကို သတိထားမိလိုက်သည်။ ထိုအခါ မဟာကောင်းကင်သခင်မှာ မျက်မှောင်ကြုတ်သွားတော့သည်။