မဟာကောင်းကင်သခင်၊ ကျွန်တော်မျိုးမှာ အစီအစဥ်တစ်ခုရှိပါတယ်
Vol. 8 Ch. 786
မဟာကောင်းကင်သခင်သည် ပိုင်ရှောင်ချန်းထံမှ အကြည့်ခွာလိုက်ပြီး တည်ကြည်စွာ ဆိုလိုက်သည်။
" ငါတို့ မင်းရဲ့တောင်းဆိုမှုကို ခဏနေရင် ပြန်ဆွေးနွေးတာပေါ့ "
မုတ်ဆိတ်မွေးနှင့် လူကြီးမှာ ထိုစကားကိုကြားလိုက်သောအခါ မည်သည်ကိုမှ ဆက်မပြောပဲ ချန်ဟောက်စုန့်ကို လှမ်းကြည့်လိုက်သည်။
ကောင်းကင်သခင်ခန်းမမှာ အလွန်တိတ်ဆိတ်နေသည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ မော့ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ စကားပြောရန် ပြင်လိုက်သည်။ သို့သော်လည်း မဟာကောင်းကင်သခင်မှာ သူ့အားစကားပြောခွင့်မပြုပေ။
သူသည် ချန်ဟောက်စုန့်အား လှမ်းကြည့်လိုက်ပြီး မေးလိုက်လေသည်။
" ကောင်းကင်နယ်စားချန်။ ခင်ဗျားရော မဟာတံတိုင်းအကြောင်းကို ပြောဖို့ရောက်လာတာလား "
ထိုအခါ ချန်ဟောက်စုန့်မှာ အမူအရာမပျက်ပဲ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး လက်ယှက်ကာ ဦးညွှတ်လိုက်သည်။
" မဟာကောင်းကင်သခင်ခင်ဗျား။ မဟာတံတိုင်းမှာ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေက အလွန်တရာမှ အရေးကြီးပါတယ်။ မမျှော်လင့်ထားတဲ့ အသေးအဖွဲ့လေးတစ်ခုခုလောက် မှားယွင်းသွားခဲ့ရင်တောင် မြေရိုင်းဒေသထဲမှာ ဆိုးကျိုးအများကြီး ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ဘက်က ခံစစ်ကြောင်းကို မြှင့်တင်သင့်တယ်လို့ ကျွန်တော်လည်းထင်ပါတယ်။ စစ်မျက်နှာပြင်မှာ တောင့်ခံနိုင်ဖို့ရာအတွက် ဝိညာဥ်ကျင့်ကြံသူတွေနဲ့ အောက်လမ်းဆရာတွေကို ထပ်ပြီးပို့သင့်ပါတယ် "
" ဒါပေမဲ့ အဲဒီလိုမျိုးပို့ဖို့ဆိုရင် ဝိညာဥ်ဆေးလုံးတွေနဲ့ အခြားအထောက်အပံ့ပစ္စည်းတွေ အများကြီးလိုအပ်မှာပါ။ မဟာကောင်းကင်သခင်ခင်ဗျား။ အဲဒါအတွက် ခွင့်ပြုချက်ပေးနိုင်မလား။ အဲဒါအပြင် စစ်ပွဲကို ကြီးကြပ်ဦးစည်းဖို့ရာ ရှေ့တန်းအထိ ကျွန်တော်သွားချင်ပါတယ် "
ထိုသို့ဆိုကာ သူသည် လက်ယှက်၍ ထပ်မံ ဦးညွှတ်လိုက်ပြန်သည်။ ကောင်းကင်နယ်စားကြီး နှစ်ယောက်စလုံးမှာ တူညီသော အကြံဉာဏ်တစ်ခုထဲကို ပေးနေကြသည်ဖြစ်၍ မဟာကောင်းကင်သခင်ပင်လျှင် ထိုအချင်းအရာကို အလေးအနက်စဥ်းစားရတော့မည်ဖြစ်သည်။
" အထောက်အပံ့ပစ္စည်းက ဘယ်လောက်လိုမှာလဲ "
ထိုအခါ ချန်ဟောက်စုန့်က လုံးဝတွေဝေမနေပဲ ပြန်ဖြေလိုက်လေသည်။
" ဝိညာဥ်ဆေးလုံးပေါင်း သန်းရှစ်ထောင်အပြင် ကျင့်ကြံခြင်းနဲ့ မန္တန်အစီအရင်တည်ဆောက်ခြင်းတို့အတွက် လိုအပ်တဲ့ အခြားပစ္စည်းပေါင်း သန်းတစ်ထောင်ခန့်ပါ။ အဲဒီ အထောက်အပံ့ပစ္စည်းတွေကိုသာ ရမယ်ဆိုရင် ကောင်းကင်တံတားမြစ်ဒေသက ကျင့်ကြံသူတွေ မြေရိုင်းဒေသထဲကို ခြေတစ်လှမ်းတောင် ဝင်မလာစေဖို့ ကျွန်တော်အာမခံပါတယ် "
မဟာကောင်းကင်သခင်၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ မမြင်ရသော်လည်း သူ၏ပလ္လင်ကို သူ၏လက်ညှိုးနှင့် တောက်မှန်းမသိ တောက်နေမိလေသည်။ စိတ်ထဲတွင်မူ သူ အလွန်ဒေါသထွက်နေသည်။ ခံစစ်ကြောင်းကို ထိန်းသိမ်းနိုင်ရန်အတွက် ချန်ဟောက်စုန့်တောင်းဆိုထားသည့် အထောက်အပံ့ပစ္စည်း ပမာဏမှာ သာမန်ထက် ပို၍များပြားနေသည်။
သို့သော်လည်း မဟာကောင်းကင်သခင်မှာ အခြားရွေးချယ်စရာ များများစားစား မရှိပေ။ မှူးမျိုးမတ်နွယ် အများစုမှာ သူ့အားသစ္စာရှိကြပါသော်လည်း လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်ရည်မှန်းချက်များ ရှိနေပြီး သူတို့ မျိုးနွယ်စုများ၏ ဂုဏ်အရှိန်အဝါ ပို၍မြင့်မားစေရန် ဆောင်ရွက်လိုကြသည် မဟုတ်ပါလော။ ထိုအကြောင်းအရင်းကြောင့် စစ်အသုံးစရိတ်များမှာ အမြဲတမ်းကြီးမားနေရသည်ဖြစ်ပြီး မျိုးနွယ်စုများ ကြွယ်ဝချမ်းသာလာသည်ကို မဟာကောင်းကင်သခင်မှာ ပွင့်ပွင့်လင်းလင်းနှင့် တားဆီး၍ မရနိုင်ပေ။
ကောင်းကင်သခင်ခန်းမမှာ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ မည်သူမှ စကားတစ်ခွန်းပင် မပြောကြ။ မဟာကောင်းကင်သခင်သည် ထိုတောင်းဆိုထားသည့် အထောက်အပံ့ပစ္စည်းပမာဏမှာ အလွန်များပြားနေသည်ဖြစ်ကြောင်း တွေးတောနေသည်ကို ပိုင်ရှောင်ချန်းပင် သိနေပြီဖြစ်သည်။ ထိုသို့သော အရေအတွက်ကို အခြားသောအချိန်အခါများတွင် ကြားလိုက်ရလျှင် သူတုန်လှုပ်သွားရမည်သာဖြစ်သော်လည်း ယခုတွင်မူ သူသည် ပိုင်ဟောင်ကို အလွန်စိတ်ပူနေသဖြင့် ထိုအချင်းအရာကို တွေးတောနေရန် အချိန်မရှိပေ။ ထို့အပြင် အချိန်ကုန်သွားလေလေ သူ၏တပည့်မှာ အန္တရာယ်များနှင့် ပိုကြုံလာရလေလေ ဖြစ်နေသည် မဟုတ်ပါလော။
သို့သော် မဟာကောင်းကင်သခင်အတွက်မူ ယခု ကိစ္စများမှာ သူတောင်းဆိုမည့်အရာများထက် များစွာပို၍ အရေးကြီးနေသည်ကို သူကသိသည်။ သူ ကြားဖြတ်ဝင်ပြောရန် မဖြစ်နိုင်ပေ။ ထိုသို့ ကြားဖြတ်ပြောလိုက်ပါက အခြေအနေများမှာ ပိုဆိုးသွားနိုင်သည်။
လက်ရှိဆွေးနွေးမှုကြီး တတ်နိုင်သမျှ အမြန်ဆုံး နိဂုံးသတ်ပါစေဟုသာ သူကဆုတောင်းနေရတော့သည်။ ထိုဆွေးနွေးမှုကြီးသာ ပြီးသွားပါက သူက မဟာကောင်းကင်သခင်ထံမှ အကူအညီတောင်းခံနိုင်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်း၏ အတွေးထဲတွင် အကြံအစည်များမှာ မရေတွက်နိုင်အောင် များပြားနေပြီး သူ၏ စိုးရိမ်ပူပန်မှုများကြောင့် မဟာကောင်းကင်သခင်က သူ့အားလှည့်ကြည့်နေသည်ကိုပင် သတိမထားမိပေ။
ပိုင်ရှောင်ချန်း အလွန်စိုးရိမ်လွန်းနေကြောင်းကို မဟာကောင်းကင်သခင်က သိသဖြင့် သူ့ထံတွင် ဆွေးနွေးလိုသည့် အရေးကြီးကိစ္စရပ်အချို့ရှိမည်ဟု မဟာကောင်းကင်သခင်က ယူဆလိုက်သည်။ ထိုအချိန်တွင် သူ၏မျက်ဝန်းများမှာ အရောင်လက်သွားပြီး သူ၏မျက်နှာပေါ်တွင် သဘောမကျသည့် အမူအရာတစ်ခု ပေါ်ပေါက်လာသည်။
" ပိုင်ဟောက်ရေ။ မင်းရောက်လာကထဲက မင်းရဲ့အတွေးထဲမှာ အရေးကြီးကိစ္စတွေနဲ့ ပြည့်နေတဲ့ပုံပဲ။ ဘာလဲ စစ်ဆေးရေးစံအိမ်က အရေးကြီးသဲလွန်စတစ်ခုကို တွေ့ခဲ့တာလား "
ထိုအခါ ချန်ဟောက်စုန့်နှင့် အခန်းထဲရှိ လူတိုင်းမှာ တုန်လှုပ်သွားကြပြီး ပိုင်ရှောင်ချန်းအား လှမ်းကြည့်လိုက်ကြတော့သည်။
ပိုင်ရှောင်ချန်းမှာ အသက်ပင် မှန်မှန်မရှူနိုင်ပဲ မတ်တတ်ရပ်လျက် မဟာကောင်းကင်သခင်အား ပြန်စိုက်ကြည့်လိုက်သည်။ မဟာကောင်းကင်သခင်၏ အကြည့်ထဲရှိ မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များကြောင့် ထိုလူမှာ သူ့အားစွန့်ပစ်ဖို့ စိတ်ကူးရှိလောက်မည်မဟုတ်ဟု တွေးထားသည့် ပိုင်ရှောင်ချန်း၏ ယူဆချက်များမှာ ကြေမွသွားရတော့သည်။ အခြေအနေများမှာ ဆိုးနေပြီဖြစ်သဖြင့် သူသည် တုန်ရီနေသော နှလုံးသားဖြင့် ကံကောင်းရန်သာ ဆုတောင်းလိုက်တော့သည်။
" မဟာကောင်းကင်သခင်ခင်ဗျား။ အခုကိစ္စက စစ်ဆေးရေးစံအိမ်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်မျိုး... "
သို့သော် သူမည်သည့်စကားမှ ထပ်မပြောနိုင်ခင်မှာပင် မဟာကောင်းကင်သခင်က သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး ကြားဖြတ်ပြောလိုက်လေသည်။
" စစ်ဆေးရေးစံအိမ်ရဲ့ ကိစ္စမဟုတ်မှတော့ မင်းဟာမင်း ကြည့်ရှင်းကွာ "
သူ၏ စကားများကြောင့် ပိုင်ရှောင်ချန်းအတွက်မူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အတွေးများ ချာချာလည်သွားတော့သည်။ သူ၏နှလုံးသားထဲတွင် ကျန်ရှိနေခဲ့သော သေးငယ်လှသည့် မျှော်လင့်ချက်ကလေးမှာ နာကျည်းစရာကောင်းစွာ ပျောက်ကွယ်သွားပြီဖြစ်သည်။ မဟာကောင်းကင်သခင်၏ အပြုအမူများမှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း သူကသံသယရှိခဲ့သော်လည်း ထိုသံသယမှာ မှန်ကန်နေသဖြင့် စိတ်ထဲတွင် ကျောချမ်းနေရတော့သည်။
" ကျုပ်ကို ပထုတ်ချင်တာ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီလိုကြီး ပေါ်ပေါ်ထင်ထင် လုပ်ဖို့မလိုပါဘူး "
ယခုတွင် သူသည် ပိုင်ဟောက်၏ ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ မဟာကောင်းကင်သခင်ထံမှ မည်သည့်အကူအညီမှ ရတော့မည်မဟုတ်ကြောင်း သေချာသွားတော့သည်။
မဟာကောင်းကင်သခင်၏ စကားများကြောင့် ထိုနေရာတွင် ရှိနေသည့် ကောင်းကင်နယ်စား နှစ်ယောက်၏မျက်ဝန်းများ အရောင်လက်သွားကြပြီး ချန်ဟောက်စုန့်ဆိုလျှင် အေးစက်စက်ပင် ပြုံးလိုက်တော့သည်။
သူ၏ အတွေးထဲတွင် မဟာကောင်းကင်သခင်သည် သူ၏ ယခင်အသုံးတော်ခံ ပစ္စည်းအား စွန့်ပစ်တော့မည်ဟု ပေါ်ပေါ်ထင်ထင် ကြေငြာနေသည်ဖြစ်ကြောင်း ယုံကြည်နေတော့သည်။
ကောင်းကင်မြို့စား ခြောက်ယောက်၏ မျက်နှာများပေါ်တွင်မူ အမူအရာအမျိုးမျိုးကို မြင်နိုင်ပြီး သူတို့အားလုံးမှာ စိတ်ထဲတွင် အေးစက်စွာ ရယ်မောနေကြတော့သည်။ သူတို့၏ အမြင်တွင် ဤပိုင်ဟောက် စွန့်ပစ်ခံရတော့မည်မှာ သေချာနေပြီဖြစ်သည်။ မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များမှာ ပျော်ရွှင်ဝမ်းမြောက်ရတော့မည်ဟု တွက်ထားကြသည်။
သူတို့အားလုံးမှာ မဟာကောင်းကင်သခင်အကြောင်းကို ကောင်းကောင်းသိကြသဖြင့် ယခုတွင် ပိုင်ရှောင်ချန်းမှာ မုန်တိုင်းထန်နေသည့် ပင်လယ်ပြင်ထဲမှ အချိန်မရွေး မှောက်ကာ နစ်မြုပ်သွားနိုင်သည့် လှေငယ်ကလေးတစ်စင်းကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ကြသည်။
ယခုဖြစ်ပျက်နေသည့် အရာများကြောင့် ထိုကဲ့သို့ ဖြစ်လာရန် ပို၍ပင်သေချာနေတော့သည်။
" ပိုင်ဟောကိတော့ သေနေ့စေ့တော့မယ်ဟေ့ "
" ကြည့်ရတာ သူက အရင်စစ်ဆေးရေးအရာရှိ ဟဲမင်နဲ့ လုံးဝမတူတဲ့ ကံကြမ္မာဆိုးနဲ့ ကြုံရမယ်နဲ့တူတယ်။ သူ့နေရာသူ သိမလားဆိုတာ စောင့်ကြည့်ကြတာပေါ့။ သူသာဉာဏ်ကောင်းပြီး နှုတ်ထွက်သွားမယ်ဆိုရင် မဟာကောင်းကင်သခင်က သူ့ကို အသက်ရှင်ခွင့်ပေးလောက်တယ်။ စစ်ဆေးရေးအရာရှိ ထပ်လုပ်နေလို့ကတော့ ကိစ္စတုံးမှာ အသေအချာပဲ "
" ဟမ့်၊ သူနှုတ်ထွက်ရင်တောင် မဟာကောင်းကင်သခင်က ဒီအတိုင်းသွားခွင့်ပေးမှာ မဟုတ်ဘူး။ သူရန်စထားတဲ့လူတွေက အရမ်းများနေပြီလေ။ လူတိုင်းက သူ့ကိုသေစေချင်နေတာ။ သူ့ကို ကာကွယ်ပေးမဲ့ စစ်ဆေးရေးအရာရှိဆိုတဲ့ ရာထူးသာမရှိတော့ရင် သူချက်ချင်း အသတ်ခံရမှာ အသေအချာပဲ "
ခန်းမထဲရှိ လူတိုင်းမှာ မတူညီသောအရာများကို တွေးတောနေကြသော်လည်း သူတို့အားလုံးမှာ ဤဖြစ်စဥ်ကြီးကို အေးစက်စက် သဘောထားနေကြသည်သာဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ သူတို့၏မျက်ဝန်းများထဲတွင် ထိုအတွေးများကို မမြင်နိုင်သော်လည်း သူတို့၏ စိတ်နေစိတ်ထားများကို သူက သိပြီးသားဖြစ်သည်။
သူသည် အသက်ပင်ကြိုးစားရှူနေရပြီး မျက်ဝန်းများမှာ နီမြန်းနေတော့သည်။ ပိုင်ဟောက်ကြောင့် ခံစားနေရသည့် စိုးရိမ်ပူပန်မှုများမှာ သူ့အားဝါးမျိုသွားပြီဖြစ်သည်။ သူ၏ သရုပ်အမှန်သာ ပေါ်သွားခဲ့လျှင် ဆက်ဖြစ်သွားနိုင်သည့် အချင်းအရာများကို တွေးတောမိလိုက်သောအခါ ပို၍ပင် ဆိုးနေတော့သည်။ ထို့အပြင် မဟာကောင်းကင်သခင်၏ ရုတ်တရက် ပြောင်းလဲသွားသည့် အမူအကျင့်ကြီးကိုလည်း သူကရင်ဆိုင်နေရသေးသည်။
ထို့အပြင် ယခုဖြစ်ပျက်သွားခဲ့သည့် ကိစ္စ၏ သတင်းမှာ ဗဟိုဧကရာဇ်တစ်မြို့လုံးသို့ လျင်မြန်စွာပျံ့နှံ့သွားမည်မှာ အသေအချာပင်။ မကြာမီတွင် မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များအားလုံးမှာ သိသွားကြမည်ဖြစ်သည်။ မကြာမီတွင် သူ့အပေါ်ထားရှိသည့် သူတို့၏ ကြောက်ရွံ့မှုများမှာ မှေးမိန် ကွယ်ပျောက်သွားကြမည်ဖြစ်ပြီး သူ့အား သွေးတိုးစမ်းကာ စိန်ခေါ်လာကြမည်ဖြစ်သည်။ တစ်ခဏအတွင်း သူသည် ဤအခြေအနေထဲမှ အသက်ရှင်လျက် ထွက်နိုင်ခွင့် ရှိတော့မည်မဟုတ်ပေ။
ယခုတွင် လူအချို့မှာ အဘယ့်ကြောင့် ပိုင်ဟောက်ကို ယုံကြည်ချက်အပြည့်ဖြင့် ဖမ်းဆီးသွားနိုင်ခဲ့ရသည်ကို သူက သဘောပေါက်သွားတော့သည်။ မဟာကောင်းကင်သခင်သည် သူ၏စစ်ဆေးရေးအရာရှိကို ပထုတ်ရန် ကြံစည်နေပြီဖြစ်ကြောင်း သူတို့ခန့်မှန်းနိုင်ခဲ့မည်မှာ အသေအချာပင်။
ဤအခြေအနေနှင့် ပတ်သတ်၍ သူတစ်ခုခုမလုပ်ပါက ပိုင်ဟောက်ကိုဖမ်းခေါ်သွားခဲ့သည့် လူများက ဤအခြေအနေအကြောင်းကို သိရှိသွားသည့်အချိန်တွင် သူတို့ခံစားနေရသည့် အကြောက်တရားများ ပျောက်ကွယ်သွားကြမည်သာဖြစ်သည်။ ပိုင်ဟောက်၏ အခြေအနေမှာ ယခင်ကထပင် ပို၍ မျှော်လင့်ချက်ကင်းမဲ့သွားမည်ဖြစ်ပြီး ပိုင်ရှောင်ချန်းမှာ ကြီးမားသော အန္တရာယ်ထဲသို့ ရောက်သွားမည်ဖြစ်သည်။
သူ ပိုင်ဟောက်ကို ကယ်တင်လိုပါက သူ၏ ရာထူးအာဏာကို တည်မြဲစေရန် အရင်လုပ်မှရမည်ဖြစ်သည်။ ယခင်ထက်ပင် ပို၍ ကြီးမားသည့် အာဏာမျိုးကို လိုအပ်နေသည်။ ထိုမှသာ သူသည် ပိုင်ဟောက်အားဖမ်းဆီးသွားခဲ့သည့် လူများ၏နှလုံးသားများထဲသို့ အကြောက်တရားများကို ရိုက်သွင်းနိုင်မည်ဖြစ်ပြီး တချိန်ထဲမှာပင် သူ၏ အသစ်စက်စက်အာဏာကိုသုံး၍ သူလိုအပ်သော သဲလွန်စများ စုစည်းနိုင်မည်ဖြစ်သည်။
အရာရာတိုင်းမှာ မဟာကောင်းကင်သခင်နှင့် ဆက်နွယ်ချိတ်ဆက်နေသည်။ သူမည်သည့် နည်းလမ်းပင်သုံးသည်ဖြစ်စေ မဟာကောင်းကင်သခင်အား သူ့ကို မစွန့်လွှတ်စေရန် နားချရမည်ဖြစ်သည်။ ထို့အပြင် သူ့ကိုယ်သူ ပို၍အရေးပါအရာရောက်သော လူတစ်ယောက်အသွင် ပြောင်းလဲရန်လိုသည်။
သို့မှသာ သူအခွင့်အရေး ရနိုင်မည်ဖြစ်သည်။
" မင်းတို့ကောင်တွေက ငါ့ကို ချောင်ပိတ်ရိုက်နေတာပဲ "
သူက တုန်တုန်ရီရီနှင့် အံကြိတ်ရင်းတွေးလိုက်သည်။ ယခုတွင် သူသည် ရှိသမျှ အရာအားလုံးကို စွန့်စားရတော့မည်ဖြစ်သည်။ အရာအားလုံးကို ပြောင်းပြန်လှန်ပစ်ရန် လိုအပ်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်း စစ်ဆေးရေးအရာရှိအဖြစ် စတင်သတ်မှတ်ခံခဲ့ရစဥ်က ပိုင်ဟောက်ကိုယ်တိုင် တွေးတောခဲ့သည့် အကြံအစည်ကို သုံးရန်လိုအပ်လာပြီဖြစ်သည်။
ပိုင်ဟောက်မှာ မဟာကောင်းကင်သခင် နောက်ဆုံးတွင် လုပ်နိုင်မည့် အရာများကို ကြိုတင်သုံးသပ်ကာ ထိုအစီအစဥ်ကို ဖန်တီးခဲ့သည်။ ယခုတွင် မဟာကောင်းကင်သခင်မှာ ထိုအတိုင်း ပြုမူနေပြီဖြစ်သည်။ ယခင်က ပိုင်ရှောင်ချန်းသည် ထိုအစီအစဥ်အား ရက်စက်လွန်းသည်ဟု ထင်ခဲ့သည်။
မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များ ယခု သူ့အပေါ်ထားရှိသည့် သတ်ဖြတ်လိုစိတ်များမှာ ခေတ္တမျှသာဖြစ်ပြီး နှစ်ပေါင်းများစွာကြာသွားလျှင် ပျောက်ကွယ်သွားနိုင်သည်သာဖြစ်သည်။ သို့သော် ပိုင်ဟောက်၏ အစီအစဥ်အတိုင်း သူဆောင်ရွက်လိုက်ပါက မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များမှာ သူ့ကို တစ်ဘဝလုံးစာ မုန်းတီးသွားကြမည်မှာ အမှန်ပင်။ ထိုအမုန်းတရားမှာ သူတို့၏ အရိုးများထဲသာမက ဝိညာဥ်များထဲအထိပါ စိမ့်ဝင်သွားနိုင်မည့် အမုန်းတရားမျိုးဖြစ်သည်။
ထို့ကြောင့် သူသည် ထိုအစီအစဥ်ကို အသုံးချရန် အမြဲတမ်း တွန့်ဆုတ်နေခဲ့ရသည်။ သို့သော် ယခုတွင်မူ သူသည် မဟာကောင်းကင်သခင်အတွက် အရေးပါသောလူတစ်ယောက် ဖြစ်လာရန် အလိုအပ်ဆုံးဖြစ်နေသည့် အချိန်သို့ရောက်လာပြီဖြစ်သည်။ ထို့အပြင် သူက ပိုင်ဟောက်ကို ရှာရဦးမည်ဖြစ်သည်။ ထိုကိစ္စကို သူကိုယ်တိုင် မဆောင်ရွက်နိုင်သဖြင့် သူ့အား ကူညီပေးနိုင်မည့် လူတစ်ယောက် လိုအပ်ပေသည်။ ထိုလူမှာ မဟာကောင်းကင်သခင် ဖြစ်သည်။ ထို့အပြင် သူသည် မျိုးနွယ်စုအမျိုးမျိုးတွင် သူ့အတွက် သူလျှိုအဖြစ်ဆောင်ရွက်ပေးမည့် ဗဟိုဧကရာဇ်မင်းဆက်တစ်ခွင်ရှိ လူပေါင်းများစွာ၏ အကူအညီကိုလည်း လိုသေးသည်။
မျိုးနွယ်စု အားလုံးတွင် ဖြစ်ပျက်နေသည့် အရာအားလုံးကို သူသိရန်လိုအပ်သည်။ သို့မှာသာ သူလိုအပ်သည့် ရလဒ်ထွက်ပေါ်လာစေရန် လုံလောက်မည့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်မည်ဖြစ်ပြီး ပိုင်ဟောက်အားဖမ်းဆီးသွားခဲ့သည့် အဖွဲ့အစည်းကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
ထိုသို့တွေးတောလိုက်ပြီးနောက် သူက အသက်ပြင်းပြင်း ရှူလိုက်လေသည်။ ထို့နောက် နီမြန်းနေသည့် မျက်ဝန်းများဖြင့် မဟာကောင်းကင်သခင် ရှိရာဘက်သို့ ခြေတစ်လှမ်းရှေ့သို့လှမ်းလိုက်တော့သည်။ ထို့နောက် လက်ယှက်၍ တရိုတသေဦးညွှတ်လိုက်ပြီး ကြောက်မက်ဖွယ်အကောင်းဆုံးသော အေးစက်စက်အသံကြီးဖြင့် လျှောက်တင်လိုက်လေသည်။
" မဟာကောင်းကင်သခင် ခင်ဗျား။ ကျွန်တော်မျိုး ဒီနေ့လာရတဲ့ကိစ္စက အစီအစဥ်တစ်ခုရှိလို့ပါ။ အရှင့်ရဲ့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်မဲ့ အစီအစဥ်တစ်ခုပါ "