← Chapters

မျိုးမစစ်များအတွက် ယုတ်မာရက်စက်သော အကြံအစည်

Vol. 8 Ch. 787

မျိုးမစစ်များအတွက် ယုတ်မာရက်စက်သော အကြံအစည်

Vol. 8 Ch. 787

ပိုင်ရှောင်ချန်း၏ စကားလုံးများကြောင့် ကောင်းကင်သခင်ခန်းမထဲရှိ မျက်လုံးများအားလုံး သူ့အပေါ် ကျရောက်လာ၏။ ကောင်းကင်မြို့စားလေးဦးမှာ သိသိသာသာ အံ့သြတုန်လှုပ်သွားပြီး ရုတ်တရက် ပိုင်ရှောင်ချန်းသည် ယုတ်မာရက်စက်ခြင်း၏ ပြယုဂ်ဖြစ်ကြောင်း သူတို့ သတိရလိုက်မိသည်။ သူက သွားမရှိသော ကျားတစ်ကောင် ဖြစ်ကောင်းဖြစ်နိုင်သည့်တိုင် သူတို့ကို နေမထိမထိုင်သာဖြစ်သွားစေသေးသည်။

ချန်ဟောက်စုန့်နှင့် မုတ်ဆိတ်အလှရိတ်ထားသော ကောင်းကင်နယ်စားတို့မှာ သိသိသာသာ မကျေမနပ်ဖြစ်သွားကြပြီး သူတို့၏ နှလုံးသားများ တဒိန်းဒိန်းခုန်လာတော့သည်။

မဟာကောင်းကင်သခင်က ပိုင်ရှောင်ချန်းကို လှမ်းကြည့်သည်။ သူ့ကို ဘေးဖယ်ထားခြင်းနှင့်ပတ်သက်လျှင် မဟာကောင်းကင်သခင်မှာ ဆံခြည်တစ်မျှင်စာမျှ အပြစ်ရှိသလို မခံစားရပေ။ သူ့အတွက် ကောင်းကင်နှင့် မြေပြင်ရှိလူတိုင်းက သူ အားလပ်ချိန်တွင် အသုံးချခံရသော နယ်ရုပ်ကလေးများပမာ ဖြစ်ပြီး အသုံးဝင်သည်နှင့် အသုံးမဝင်သည် ဟူ၍ နှစ်မျိုးနှစ်စားသာ ခွဲခြားနိုင်သည်။

ယခင်က ပိုင်ဟောက်က အသုံးဝင်သော လက်နက်ဖြစ်ခဲ့သည်။ ယခုတွင် သူက သိပ်အသုံးမဝင်တော့ပေ။ အမှန်တွင် သူ့ကို သတ်ရန်တော့ အစီအစဥ်မရှိပေ။ ထိုမျှသာမက ယခုအခိုက်အတန့်တွင် သူအသုံးဝင်နေသည့်အချက်က သူသည် ငရဲဧကရာဇ်နှင့် သရဲကြီးဘုရင်နှစ်ယောက်လုံးအတွက် အရေးကြီးသည်ဆိုသော အချက်ထက် အလေးမသာတော့ပေ။ သို့ဖြစ်၍ နောင်ကျလျှင် ပိုင်ရှောင်ချန်းက ထပ်မံအသုံးဝင်အောင် ပြုလုပ်နိုင်သည့် အလားအလာရှိကြောင်းကိုတော့ သူသိသည်။

ထိုမျှသာမက စောစောက သူပြောလိုက်သည့်စကားလုံးများက မဟာကောင်းကင်သခင်၏ စိတ်ဝင်စားမှုကို ချက်ချင်း ဖျတ်ခနဲ တက်ကြွသွားစေသည်။ ပိုင်ရှောင်ချန်းသည် ဘိုးဘေးပူဇော်ပွဲအတောအတွင်းက လုပ်ဆောင်ခဲ့သည့် အစီအစဥ်အား တွေးမိသူ ဖြစ်သည်ကို သူမေ့ထား၍မရသည် မဟုတ်ပါလော။

" မဟာကောင်းကင်သခင် " ပိုင်ရှောင်ချန်းက အော်ဟစ်လုမတတ်ပြောသည်။

" ကျွန်တော်မျိုးရဲ့ အစီအစဥ်က မသက်ဆိုင်တဲ့ လူအများကြီးကို အသိပေးလို့ရတာမျိုး မဟုတ်ပါဘူး"

မဟာကောင်းကင်သခင်က ပြုံးရင်း သူ၏ လက်ကို ဝေ့ယမ်းလိုက်ရာ ကောင်းကင်မြို့စားလေးဦးမှာ ဘာမှမတုံ့ပြန်နိုင်လိုက်ခင် တစတစပျောက်ကွယ်သွားပြီး မကြာမီ အင်ပါယာနန်းတော်၏ အပြင်ဘက်ရှိ နေရာတစ်နေရာဆီသို့ ဖယ်ရှားခံလိုက်ရလေသည်။

သူတို့၏ မျက်နှာများပေါ်တွင် အရုပ်ဆိုးသော အမူအရာများပေါ်လာပြီး သူတို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အေးစက်စွာ နှာမှုတ်လိုက်ကြသည်။

" ဒီကောင် လျှောက်ဖြီးနေတာ။ ဒီကောင် ပိုင်ဟောက်က အသာလေး အလျှော့ပေးမယ့်ပုံမရဘူး"

" ဟမ့် ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။ သူအဲဒီလိုလုပ်လေလေ ပိုပြီးဆိုးလာလေလေပဲ ဖြစ်မှာ"

ထိုအချိန်တွင် ကောင်းကင်သခင်ခန်းမ၌ မဟာကောင်းကင်သခင်၏ အမူအရာသည် ယခင်အတိုင်း တစ်ထေရာတည်း ဖြစ်နေပြီး သူက ပြောလိုက်သည်။

" ပြောစမ်းပါဦး"

သူနှင့် ပိုင်ရှောင်ချန်းအပြင် ကျန်လူများမှာ မလှုပ်မယှက်ရပ်လျက် ပိုင်ရှောင်ချန်းကို ကြည့်နေကြသည့် ချန်ဟောက်စုန့်နှင့် မုတ်ဆိတ်ရှည် ကောင်းကင်နယ်စားဖြစ်သည်။

ပိုင်ရှောင်ချန်းက ကောင်းကင်နယ်စားနှစ်ဦးကို ကြည့်လိုက်သည်တွင် သူ၏မျက်လုံးများ အရောင်လက်သွား၏။ ယခုအခိုက်အတန့်တွင် ဤလူနှစ်ယောက်သည် မဟာကောင်းကင်သခင်၏ လူယုံတော်များ ဖြစ်ကြောင်း သူအသေအချာ သိသွားလေသည်။

" ချန်ဟောက်စုန့်က မဟာကောင်းကင်သခင်ရဲ့ အနီးကပ်အကြံပေးသူတစ်ယောက်လို့ ဘယ်သူက တွေးမိမှာတုံး "

သူကမဆိုစလောက် မျက်မှောင်ကြုတ်လျက် ချန်ဟောက်စုန့်အကြောင်း သူသိသမျှအားလုံးကို ပြန်တွေးလိုက်သည်။ ထိုအခြေအနေတစ်ခုလုံးနှင့် ပတ်သက်၍ တစ်စုံတခုက မူမမှန်သော်လည်း ယခုလောလောဆယ်တွင် ၄င်းကို တွေးတောနေရမည့် အချိန်မဟုတ်ပေ။

သက်ပြင်းခပ်ဖွဖွချရင်း သူက မဟာကောင်းကင်သခင်ကို ကြည့်ပြီး ဆက်ပြောသည်။

" ကောင်းကင်နယ်စားချန်က အခုအချိန်မှာ သိခွင့်ရှိတယ်ဆိုတာ ကျွန်တော်မျိုး လက်မခံပါဘူး "

ချက်ချင်းပင် မဟာကောင်းကင်သခင်၏ မျက်လုံးများက လက်ခနဲဖြစ်သွားပြီး ကောင်းကင်နယ်စားနှစ်ဦး၏ အကြည့်များက ယခင်ကထက်ပို၍ စူးရှသွားသည်။

" နိုင်ငံ့ဓလေ့ထုံးတမ်းအစဥ်အလာအရ ကောင်းကင်မြို့စား ၁၀၈ ဦး၊ ကောင်းကင်နယ်စား ၁၀ ဦးနဲ့ ကောင်းကင်ဘုရင် ၄ ဦး ရှိပါတယ်။ သူတို့က မျိုးရိုးစဥ်ဆက်အရ အဲဒီရာထူးကို ဆက်ခံရပါတယ်။ ဒါကြောင့် ကောင်းကင် မြို့စားတစ်ယောက် သေရင် သူ့ရဲ့ မျိုးနွယ်စုအမြစ်ဖြုတ်သုတ်သင်မခံရသရွေ့ ဒါမှမဟုတ် တခြားပြင်းထန်တဲ့ အခြေအနေတွေ မဖြစ်လာသရွေ့ အပြင်လူတစ်ယောက်မှ သူ့နေရာကို ယူဖို့ အခွင့်အရေးမရှိပါဘူး။ အဲဒီအတွက် အရင်ကောင်းကင်မြို့စားရဲ့ တိုက်ရိုက်ဆင်းသက်လာသူတစ်ယောက်ကသာလျှင် သူ့နေရာကို ဆက်ခံနိုင်ပါတယ် "

ပိုင်ရှောင်ချန်းက ရေခဲတမျှအေးစက်သော အသံနှင့် ပြောလိုက်ပြီး သူ၏ မျက်လုံးများသည် ရဲရဲနီနေကာ ရက်စက်ကြမ်းကြုတ်သည့် ပုံပေါက်နေလေသည်။ သူက ပိုင်ဟောက်ပျောက်ဆုံးသွားမှုတွင် သံသယရှိသူများ တစ်ယောက်မှမသိသည့်အတွက် လောလောဆယ်တွင် လူတိုင်းမှာ သံသယဖြစ်စရာ ကောင်းေနသည်။

" ကျင့်ကြံခြင်းအခြေခံပြဿနာကြောင့် သင့်တော်တဲ့ ဆက်ခံသူတွေ မရှိရင်တောင်မှ အဲဒီနေရာဟာ အဲဒီသွေးမျိုးဆက်တွေအတွက် ကျန်ရှိနေမှာ ဖြစ်ပြီး သင့်တော်ကိုက်ညီတဲ့ လူတစ်ယောက် ပေါ်ထွန်းလာမှာကိုပဲ စောင့်နေရမှာ ဖြစ်ပါတယ် "

" ဒါကြောင့် ကောင်းကင်မြို့စားတွေက သူတို့ရဲ့ ဆက်ခံသူတွေကို သူတို့မျိုးနွယ်စုရဲ့ တိုက်ရိုက်သွေးမျိုးဆက်တွေထဲကပဲ အချိန်အတော်ကြာကတည်းက သေချာရွေးချယ်ထားပါတယ်။ အဲဒီလူကို ကျင့်ကြံရာမှာ အဆင်ပြေအောင် အထူးအာရုံစိုက်ကြပါတယ်။ ဒါမှသာ သူတို့က ပြီးပြည့်စုံတဲ့ ဆက်ခံသူအဖြစ် ထိန်းကျောင်းပေးနိုင်မှာ ဖြစ်ပါတယ် “

" ဒါက ကောင်းကင်မြို့စားတွေအတွက် စီစဥ်မှုတွေ၊ လုပ်ဆောင်ပုံတွေပါပဲ။ ကောင်းကင်နယ်စားတွေ၊ ကောင်းကင်ဘုရင်တွေလဲ အတူတူပါပဲ "

ပိုင်ရှောင်ချန်းက သံကိုပျက်စီးစေ၍ သံမဏိကိုပင် ပြတ်တောက်သွားစေသော တိကျပြတ်သားသည့်ေလသံဖြင့် ပြောဆိုနေပြီး မဟာကောင်းကင်သခင်က မမှိတ်မသုန်အာရုံစိုက်လျက် နားထောင်နေသည်။ သိသာစွာပင် သူက ပိုင်ရှောင်ချန်း နောက်ဆက်ပြောမည့်အရာအပေါ် များစွာ စိတ်ဝင်စားနေ၏။

ချန်ဟောက်စုန့်နှင့် မုတ်ဆိတ်ရှည်ကောင်းကယ်နယ်စားတို့မှာ မျက်မှောင်ကြုတ်နေပြီး သိသာထင်ရှားစွာပင် ပိုင်ရှောင်ချန်းက မည်သည့်အရာအား ပြောဆိုလိုသည်ကို သူတို့ လုံးဝမသိကြပေ။

ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ခါရင်း အသံကိုမြှင့်ကာ တည်ကြည်စွာ ဆက်ပြောလိုက်သည်။

" အဲဒီ ထုံးတမ်းအစဥ်အလာကြောင့် ဒီနိုင်ငံအတွင်းမှာ ရာသက်ပန် အခိုင်အမာနေရာတစ်နေရာရှိတဲ့ မျိုးနွယ်စုတစ်ရာကျော်ရှိတယ်။ ဒါ့အပြင် သူတို့က အချိန်ကြာလာတာနဲ့အမျှ ပိုမိုတန်ခိုးအာဏာကြီးမားလာပြီး ရင်သပ်ရှုမောလောက်အောင် ချမ်းသာကြွယ်ဝလာကြပါတယ် "

" အဲဒီ ကြွယ်ဝချမ်းသာမှုက သူတို့ တန်ခိုးအာဏာကြီးမားခြင်းရဲ့ စစ်မှန်တဲ့အကြောင်းရင်းခံ ဖြစ်သလို သူတို့ကိုယ်သူတို့ ယုံကြည်မှုလည်း တိုးပွားလာပါတယ်။ သူတို့လမ်း သူတို့သွားနေရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အချိန်ကျရင် သူတို့က နိုင်ငံတော်ရဲ့ရင်းမြစ်တွေနဲ့ ပုန်ကန်ထကြွလာနိုင်ပါတယ် “

" တကယ်တမ်းပြောရရင် ပြင်းထန်တဲ့အုံကြွမှုတွေက ဗဟိုဧကရာဇ်နိုင်ငံကို ရိုက်ခတ်လာပြီး အဲဒီလို မျိုးနွယ်စုတစ်ရာကျော်သာ မဟာမိတ်ဖွဲ့လိုက်ရင် သူတို့ရဲ့ နက်ရှိုင်းလှတဲ့ ရင်းမြစ်တွေက သူတို့ကို ထိန်းမနိုင်သိမ်းမရဖြစ်လောက်အောင် အင်အားကြီးသွားစေပါလိမ့်မယ် "

ထိုနေရာအရောက်တွင် ချန်ဟောက်စုန့်က မည်သို့ဖြစ်ပျက်လာမည်ကို သဘောပေါက်လိုက်သည်။ သူက အေးစက်သောမျက်ဝန်းများနှင့် ပြောသည်။

“ မင်းပါးစပ်ပိတ်ထား ပိုင်ဟောက်။ ဒါ လုံးဝ အဓိပ္ပါယ်မရှိဘူး “

" ကောင်းကင်ဘုရင်တွေကို အသာထား။ ကောင်းကင်မြို့စားနဲ့ ကောင်းကင်နယ်စားတွေက မျိုးနွယ်စုကြီးတွေကို ဦးဆောင်ရတာကွ။ သူတို့က မျိုးနွယ်စုဝင်တိုင်းကို ဂရုစိုက်ရရုံတင် မကဘူး။ အဲဒီမျိုးနွယ်စုဝင်တွေ အတိုက်အခိုက်ကောင်းအောင် လုပ်ပေးရတယ်။ အဲဒါက သူတို့အတွက် သီးသန့်တပ်ဖွဲ့ထူထောင်တာမဟုတ်ဘူး။ ဗဟိုဧကရာဇ်မြို့တော်အတွက် လိုအပ်လာရင် တာဝန်ထမ်းဆောင်နိုင်ဖို့ သီးသန့်အင်အားစုတစ်ခု တည်ထောင်ပေးတာ “

" ပြောရရင် မျိုးနွယ်စုတစ်စုကို ဂရုစိုက်ဖို့၊ အတိုက်အခိုက်စွမ်းရည်တွေ တိုးတက်အောင်လုပ်ဖို့ ဘယ်လောက် အကုန်အကျများလဲ မင်းမသိဘူး။ ပြီးတော့ အဲဒါတွေအားလုံးက နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ရေရှည်တည်မြဲလာစေတယ် "

သူစိုးရိမ်ရသရွေ့ ယခု ပိုင်ရှောင်ချန်း ပြောနေသည့်အရာက အလွန်အန္တရာယ်များလှသည်။

" ကျုပ် မသိဘူးလား "

ပိုင်ရှောင်ချန်းက သူ့ကို လှမ်းကြည့်ရင်း ပြောသည်။ ပိုင်ရှောင်ချန်းမှာ ပုံမှန်အားဖြင့် သေခြင်းကို ကြောက်လန့်ပြီး အမြဲလိုလို ငကြောက်တစ်ယောက်ဖြစ်ပါသော်လည်း ယခုက ထိုသို့ သူရဲဘောကြောင်နေရမည့် အချိန်အခါ မဟုတ်ပေ။

" ဗဟိုဧကရာဇ်မင်းဆက်လက်ထက် အဲဒီလို အကြောင်းကိစ္စတွေမှာ ကျုပ်ထက် ပိုသိတဲ့သူ နည်းနည်းပဲရှိမယ်ထင်တယ်။ ကောင်းကင်မြို့စားချန်၊ ဘယ်မျိုးနွယ်စုတွေဆီကနေ ခင်ဗျား ဘဏ္ဍာသိမ်းဖူးတုံး။ ကျုပ် ဘဏ္ဍာသိမ်းဖူးတဲ့ မျိုးနွယ်စုတွေ ဘယ်လောက်တောင် ရှိလဲ ခင်ဗျားသိလား "

" ကျုပ် ဘဏ္ဍာသိမ်းတိုင်း မျိုးနွယ်စုတွေ ဘယ်လောက်တောင် ကြွယ်ဝချမ်းသာတယ်ဆိုတာ ကျုပ် မြင်နေရတာကို သိလား။ လျှို့ဝှက်ရတနာတွေ ဘယ်လောက်တောင် များတယ်ဆိုတာရော သိလား "

" ကောင်းပြီ။ ခင်ဗျား နားရှင်းသွားအောင် ကျုပ် သေချာပြောပြမယ်။ ကောင်းကင်မြို့စားမျိုးနွယ်စု ၁၈ ခုကို ကျုပ် ဘဏ္ဍာသိမ်းခဲ့တယ်။ ပြီးတော့ ခင်ဗျားသိလား၊ အဲဒီမျိုးနွယ်စုတစ်စုစီ ဘယ်လောက်ချမ်းသာလဲဆို ကောင်းကင်နဲ့မြေပြင်တောင် တုန်ဟည်းသွားစေနိုင်လောက်တယ် "

" လီမျိုးနွယ်စုကနေ ဝိညာဥ်ဆေးလုံး ကုဋေတစ်ထောင်၊ ဝိညာဥ်မြေ ၂၇၉ခု နဲ့ အသုံးမပြုရသေးတဲ့ အကြီးစား မန္တန်ဝင်္ကပါ အခု၁၀၀၀ သိမ်းခဲ့တယ်။ ချန်မျိုးနွယ်စုကနေ ဝိညာဥ်ဆေးလုံး ကုဋေနှစ်ထောင်နော်။ အဲဒါနဲ့တင် ခင်ဗျားစောစောက ပြောခဲ့တဲ့ စစ်ရေးအသုံးစရိတ်ရဲ့ ၃၀ ရာခိုင်နှုန်းကို ထောက်ပံပေးနိုင်တယ်။ ကဲ ကောင်းကင်မြို့စားချန်၊ အဲဒီလောက်များပြားတဲ့ ရင်းမြစ်တွေကို ကျင့်ကြံသူဘယ်လောက်များများ အသုံးပြုနိုင်လောက်မလဲ ခင်ဗျား တွေးမိပြီလား "

" တတိယအသုတ် ဘဏ္ဍာသိမ်းတုန်းက ကောင်းကင်မြို့စား ကုန်းစွန်းတာအိုရဲ့ မျိုးနွယ်စုကနေ မန္တန်ဝင်္ကပါဖန်တီးတဲ့ ပစ္စည်းအစုံ ရာပေါင်းများစွာ ထွက်လာတယ်ဗျာ။ ဒါ့အပြင် သူတို့မှာ ဝိညာဥ်ဗုံး သန်း တစ်ထောင် ရှိတယ်။ အဲဒီ ဗုံးတွေကိုသာ ဖောက်ခွဲလိုက်ရင် ဗဟိုဧကရာဇ်မြို့တစ်မြို့လုံးနီးပါးကို ဖျက်စီးနိုင်တယ်နော် “

" ကောင်းကင်မြို့စားမျိုးနွယ်စုတွေတောင် အဲဒီလိုသာဆိုရင် ကောင်းကင်နယ်စားတွေရဲ့ မျိုးနွယ်စုတွေဆို ဘယ်လိုဖြစ်မယ် ထင်လဲ။ အခုကိစ္စမှာ ပါးစပ်ပိတ်ထားရမယ့်လူက ကျုပ်မဟုတ်ဘူး၊ ခင်ဗျားပဲ "

စကားပြောနေသည့်အချိန်တွင် သူက အားမာန်အပြည့်ဖြင့် ပြောဆိုနေသည်။ ချန်ဟောက်စုန့်၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး သူ့ကို ဒေါသတကြီး စိန်းစိန်းဝါးဝါးကြည့်နေရုံမှတစ်ပါး ပြန်လည်မချေပနိုင်ပေ။ မဟာကောင်းကင်သခင်မှာမူ စူးရှတောက်ပနေသော မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းကို တိတ်ဆိတ်စွာ ရပ်သာကြည့်နေသည်။

နောက်ထပ် စကားပြောသည့်လူမှာ မုတ်ဆိတ်ရှည်ကောင်းကင်နယ်စားဖြစ်သည်။

" ကောင်းကင်မြို့စားမျိုးနွယ်စုတွေက ရင်းမြစ်တွေပေါကြွယ်ဝပြီး တန်ခိုးအာဏာရှိရင်တောင်မှ ဒါဟာ ဗဟိုဧကရာဇ်နိုင်ငံ ဘယ်လောက်တောင့်တင်းခိုင်မာလဲ ပြသပေးတာပဲ၊ ပိုင်ဟောက်။ ကောင်းကင်ဧကရာဇ် ငါတို့ဆီ မကျူးကျော်နိုင်တဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုက ငါတို့ ဘယ်လောက် ရဲစွမ်းသတ္တိရှိလဲဆိုတာကြောင့်ပဲ။ ငါတို့မှာ ရှိတဲ့ ရင်းမြစ်တွေက ငါတို့ရဲ့ ဆက်ခံသူတွေကို ပျိုးထောင်ပေးရာမှာ ကူညီပေးသလို မျိုးရိုးစဥ်ဆက် ဆက်ခံရရှိနိုင်ကြတယ်။ ငါတို့ဆက်ခံသူတွေက ဗဟိုဧကရာဇ်နိုင်ငံရဲ့ ဘုန်းတန်ခိုးအရှိန်အဝါကို ကာကွယ်ပေးသလို ကောင်းကင်မြို့စား ၁၀၈ဦးပဲ ရှိေစတယ်။ အဲဒီလိုနည်းနဲ့ ကောင်းကင်နယ်စားနဲ့ ကောင်းကင်ဘုရင်တွေရဲ့ အရေအတွက်ဟာလဲ အကန့်အသတ်နဲ့ ရှိနေရခြင်း ဖြစ်တယ် “

" မင်းမှာ စူးရှတဲ့ဓားတစ်လက်ရှိရင် ရှိတဲ့အတိုင်းပဲထားစမ်းပါ။ အသွားတုံးအောင် လုပ်မနေစမ်းနဲ့ကွာ "

ပိုင်ရှောင်ချန်းက ကောင်းကင်နယ်စားနှစ်ယောက်ကိုကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။ မဟာကောင်းကင်သခင်အပေါ်တွင် အာရုံစိုက်ရင်း သူက ပြောသည်။

" မှားတယ်။ ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးနိယာမက တရားမျှတခြင်းလို့ ကျုပ်ယုံကြည်တယ်။ တရားမျှတမှုကပဲ နိုင်ငံ ဆက်လက်တည်တံ့စေနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ အဲဒါက နိုင်ငံတစ်နိုင်ငံ တောင့်တင်းခိုင်မာစွာနဲ့ မားမားမတ်မတ် ရပ်တည်နိုင်စေဖို့ တစ်ခုတည်းသော နည်းလမ်းပဲ “

" အဲဒီ မျိုးနွယ်စုတွေက ဘာလို့ သူတို့ရဲ့ဆက်ခံသူတွေကိုပဲ အရေးကြီးတယ်လို့ မြင်ရတာလဲ။ ဘာကြောင့် ဆက်ခံသူတွေကပဲ ရင်းမြစ်တွေရမှာလဲ။ မျိုးနွယ်စုက တခြားကလေးတွေကကော ဘာကြောင့် သိပ်အရေးမကြီးတာလဲ။ တခြားကလေးတွေအတွက် မတရားဘူး။ အထူးသဖြင့် ဒါက မျိုးမစစ်ကလေးတွေအတွက် ပိုပြီး မတရားဘူး “

" ဘာလို့ ရွေးချယ်ထားတဲ့ ဆက်ခံသူတစ်ယောက်ကပဲ သေဆုံးသွားတဲ့ ကောင်းကင်နယ်စားနေရာကို ရယူခွင့်ရှိပြီး မျိုးနွယ်စုကို အုပ်ချုပ်ခွင့်ရှိတာလဲ ။ အဲဒါက တိုက်ရိုက်သွေးမျိုးဆက်ရဲ့ တခြားအဖွဲ့ဝင်တွေနဲ့ မျိုးမစစ်ကလေးတွေအတွက် လုံးဝမတရားဘူး “

" ဒါကြောင့် ကျွန်တော် အကြံပြုလိုတာက အထက်တန်းလွှာဖြစ်တဲ့ မျိုးနွယ်စုတွေက ဓနာဥစ္စာတွေကို ညီတူညီမျှ ခွဲဝေပေးသင့်ပါတယ်။ သွေးမျိုးဆက်ထဲက အဆင့်အတန်းက ဘာပဲဖြစ်ဖြစ် သူတို့က တိုက်ရိုက်သွေးမျိုးဆက်ဖြစ်စေ၊ မျိုးမစစ်ဖြစ်စေ ဓနဥစ္စာတွေကို ဆက်ခံသူဖြစ်နိုင်စွမ်းရှိတဲ့လူတိုင်းကို ပေးရပါမယ်။ လူတိုင်း ဆက်ခံသူတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးရှိသင့်ပြီး ရင်းမြစ်တွေကို အညီအမျှရသင့်ပါတယ် “

" ကောင်းကင်မြို့စားတွေ၊ ကောင်းကင်နယ်စားတွေ၊ ကောင်းကင်ဘုရင်တွေ... သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ရင်းမြစ်တွေကို သူတို့ ကလေးတွေအားလုံးကို ညီတူညီမျှ ခွဲပေးသင့်ပါတယ် “

" ဒါဟာ လူတွေအပေါ် ကြီးမြတ်သော သနားကရုဏာထားခြင်းဖြစ်ပြီး ကောင်းမွန်တဲ့ဆုလာဘ်ပေးသနားလိုက်ခြင်းဖြစ်ပါတယ်။ အဲဒီနည်းနဲ့ ဗဟိုဧကရာဇ်မင်းဆက်ကာ ယခင်ကထက် တောင့်တင်းခိုင်မာလာပါလိမ့်မယ်။ နောင်တချိန်ကျရင် ကျွန်တော်တို့မှာ ကောင်းကင်မြို့စား ၁၀၈ဦးပဲ ရှိတော့မှာမဟုတ်ပဲ အဲဒီထက်ပိုမိုများပြားလာမယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ကောင်းကင်နယ်စားတွေလဲ ပိုမိုများပြားလာပါလိမ့်မယ် "

" တချိန်တည်းမှာပဲ လူတိုင်းက မဟာကောင်းကင်သခင်ရဲ့ ဘုန်းတန်ခိုးကြီးမားပုံကို သီကျူးနေမှာဖြစ်ပြီး အသက်ထက်ဆုံးထိ သစ္စာစောင့်သိလာကြပါလိမ့်မယ် "

ပိုင်ရှောင်ချန်း၏စကားသံက မိုးခြိမ်းသံအလား ကောင်းကင်သခင်ခန်းမထဲ ပဲ့တင်ထပ်နေပြီး သူက သူ၏စကားများ ပိုမိုလေးနက်စေရန် သူ၏အင်္ကျီလက်ကို ခါယမ်းလိုက်သည်။

၎င်းသည်ကား အမှန်စင်စစ် ရက်စက်ကြမ်းကြုတ်လှသော အကြံအစည်ပင် ဖြစ်ပေသည်။

All Chapters