အခန်း (၅၄)
Vol. 6 Ch. 54
"ခေါင်းဆောင်... ဒါက တကယ့်ကို လုပ်ကြံစွပ်စွဲတာပါ။ ကျွန်တော့်ကို ထောင်ချောက်ဆင်တာပါ!"
"ဒါက စွပ်စွဲချက် ဟုတ်မဟုတ်ဆိုတာကိုတော့ ရှာဖွေပြီးမှ သိရမှာပေါ့"
ရွှီဟုန်ပင်းသည် ခဏမျှ တောင့်သွားပြီး သူ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ခဏလေး မတိုင်ခင်ကမှ သူသည် ဒေါသတကြီးဖြင့် သတင်းပေးသူကို တားဆီးရန် ကြိုးစားခဲ့သော်လည်း ယခုမူ အပြစ်ရှိသလို ကြောက်ရွံ့သည့် အရိပ်အယောင်များ ပြလာခဲ့သည်။ ခေါင်းဆောင်များက သူ တစ်ခုခုကို ဖုံးကွယ်ထားသည်ကို သိနိုင်ပေသည်။
"ရွှီဟုန်ပင်းရဲ့ အခန်းက ဘယ်ဟာလဲ"
ရှောင်ဟွမ်က လမ်းပြလိုက်သည်။
"ခေါင်းဆောင်... ဟိုဘက်မှာပါ။ ကျွန်တော် လမ်းပြပါ့မယ်"
"သွားကြစို့"
ရှောင်ဟွမ်က ရှေ့ကနေ ဦးဆောင်သွားပြီး ဒုတိယ အမိန့်ပေးသူဖြစ်သော မာထျန်းလျန်က ရှာဖွေရေးအဖွဲ့ကို ကိုယ်တိုင် ဦးဆောင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် လော့လန်က သူ့ကို အချက်ပြရန်ပင် မလိုတော့ပေ။ တစ်စုံတစ်ဦးက ပူးပေါင်းဆောင်ရွက်နေသည်ကို မြင်ရခြင်းက သူ၏ ဒေါသကို ပိုတောက်လောင်စေခဲ့သည်။ ဒီကောင်က စွပ်စွဲချက်တွေနဲ့ ရှေ့ထွက်ရဲတာပဲ။ သူ့မှာ သက်သေရှိရမည်။ အခန်းထဲတွင် တစ်ခုခု တွေ့ရသရွေ့ အားလုံး အဆင်ပြေသွားမည်ဟု သူ ယုံကြည်နေခဲ့သည်။
ရှာဖွေမှု စတင်ခဲ့သည်။ အဖွဲ့သည် အခန်းထဲသို့ ဝင်ကာ အရာအားလုံးကို မွှေနှောက် ရှာဖွေတော့သည်။ မကြာမီ အခန်းတစ်ခုလုံးမှာ ပွစာကျဲသွားခဲ့သည်။ အဝတ်အစားများ၊ အိပ်ရာခင်းများ နှင့် အံဆွဲထဲမှ ပစ္စည်းအသေးအမွှားလေးများပင် ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကုန်သည်။
ကြည့်ရှုသူများမှာလည်း စုဝေးလာကြပြီး အချို့မှာ ရဲရဲဝံ့ဝံ့ပင် ခြံထဲသို့ ဝင်လာကြကာ အချို့မှာ အပြင်တွင် စောင့်ကြည့်နေကြသည်။ အချို့မှာ ခြံစည်းရိုးတံတိုင်းပေါ်သို့ပင် တက်ကြည့်ကြသည်။ လော့လန်သည်လည်း သူမ၏ ယောက္ခမနှင့်ယောက်မ နှစ်ဦးကို ခေါ်ဆောင်ကာ ထိုနေရာသို့ ရောက်လာခဲ့သည်။
အမေကျိုးသည် အမြဲတမ်း စိတ်ငယ်သူ ဖြစ်သဖြင့် လူအုပ်နောက်တွင် ပုန်းနေခဲ့သည်။
"လော့လန်... သူတို့ ဘာမှ မတွေ့ရင် ဘယ်လိုလုပ်မလဲ။ ရွှီဟုန်ပင်းက သူ့ကို လွှတ်ပေးမှာ မဟုတ်ဘူး မလား"
"မဖြစ်နိုင်ပါဘူး။ ဒါက ကလဲ့စားချေတဲ့ ကိစ္စ ဖြစ်သွားပြီလေ။ ဒီလောက် ကြိုးစားထားပြီးမှတော့ ဘယ်ဖက်ကမှ ရှုံးနိမ့်မှုကို အသာတကြည် လက်ခံမှာ မဟုတ်ဘူး"
ယောက္ခမဖြစ်သူက ညည်းတွားလိုက်သည်။"သူတို့က အမြဲတမ်း အာဃာတတွေနဲ့ ကလဲ့စားချေတတ်ကြတာပဲ။ အားလုံးက တိုက်ပွဲတွေချည်းပါပဲလား"
"အင်း...” အမေကျိုး သက်ပြင်းချလိုက်သည်။
“သူ့အတွက် ငါ ချွေးပြန်နေမိပြီ"
ကျိုးကျွင်းဟွေ့က တိုးတိုးလေး ပြောလိုက်သည်။ "ဒါက ခွေးချင်း ကိုက်နေကြတာပဲ။ အမေက ဘာလို့ အဲဒီလိုလူတွေအတွက် စိတ်ပူနေတာလဲ။ ဘယ်သူနိုင်နိုင် ရှုံးရှုံး နှစ်ယောက်လုံးက ဒါနဲ့ ထိုက်တန်တဲ့သူတွေပဲ"
ကျိုးကျွင်းဖန်သည် သူမ ယောက်မဖြစ်သူ၏ နောက်တွင် ပုန်းနေပြီး တတ်နိုင်သမျှ ဖုံးကွယ်ထားခဲ့သည်။ သူမ၏ အကြည့်များမှာ ထိုလူ့အပေါ်သို့ ကျရောက်နေခဲ့သည်။
သူသည် ယနေ့တွင် အလွန် ထက်မြက်ပုံပေါ်နေပြီး သူ၏ တောင့်တင်းသော မျက်နှာသွင်ပြင်မှာ ဘေးတိုက်ကြည့်လျှင် ပုံဖော်ထုဆစ်ထားသည့်နှယ် ရှိနေသည်။ ထိုကဲ့သို့သော ရုပ်ရည်မှာ နောင်ခေတ်ကာလတွင် လူကြိုက်များနိုင်သော်လည်း သူမ မြင်ရသည့် အချိန်တိုင်းတွင်မူ သူမ၏ ကျောရိုးထဲအထိ စိမ့်သွားအောင် ကြောက်ရွံ့မိသည်။ သူ၏ ခွန်အားမှာ ထိတ်လန့်စရာ ကောင်းလှသည်။
ရွှီဟုန်ပင်းမှာမူ အခန်းထဲတွင် ဖြစ်ပျက်နေသော ရုတ်ရုတ်သည်းသည်း အခြေအနေကိုသာ အာရုံစိုက်နေမိသည်။ သူ၏ တိုက်ခန်းမှာ အခန်းတွဲတစ်ခု ဖြစ်ပြီး အပြင်ခန်းကို ဧည့်ခန်းအဖြစ် သုံးကာ အတွင်းခန်းမှာ အိပ်ခန်း ဖြစ်သည်။ ကုတင်ပေါ်မှ ပစ္စည်းအားလုံးမှာလည်း ဖယ်ရှားပြီး ဖြစ်သည်။
မာထျန်းလျန်သည် သူနှင့်အတူ အကြာကြီး အလုပ်လုပ်ခဲ့သူ ဖြစ်သည်။ သူသည် မည်သည့်အချိန်ကစ၍ မိမိကို တော်လှန်ချင်လာခဲ့ပါသနည်း။ သူက အမြဲတမ်း နာခံတတ်သူဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
ထိုလူ၏ မျက်လုံးများမှာ ဆောင်းရာသီ၏ အေးစက်မှုကဲ့သို့ အေးစက်ပြီး ဝေးကွာနေခဲ့သည်။ စစ်ဆေးရေးအဖွဲ့နှင့်အတူ မဝင်ဘဲ နေခဲ့သော ဖြုတ်ကောင်ကလေး ရှောင်ဟွမ်သည်လည်း သူ့ကို အနီးကပ် စောင့်ကြည့်နေခဲ့ပြီး သူ၏ အကြည့်မှာလည်း ထပ်တူပင် အေးစက်နေခဲ့သည်။
သူ၏ အစ်ကိုဖြစ်သူမှာ ဆီးမထိန်းနိုင်သည်အထိ အရိုက်ခံခဲ့ရပြီး၊ သူ၏ မရီးမှာလည်း ကလေးများကို ခေါ်ကာ ထွက်သွားခဲ့သည်။ သူတို့၏ မိခင်ဖြစ်သူမှာလည်း စိတ်ဖိစီးမှုကြောင့် ဆေးရုံတက်နေရသည်။ သူသည် ကလဲ့စားချေရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။
"တွေ့ပြီ!"
ထိုပစ္စည်းကို အရေးကြီးသော ပစ္စည်းများ ဝှက်တတ်သည့် စိတ်ဓာတ်အတိုင်း အလွန် လုံခြုံစွာ ဝှက်ထားခဲ့သည်။ သူတို့ ကုတင်အောက်ကိုပင် မစစ်ဆေးရသေးပေ။ မာထျန်းလျန်သည် သူ အလှည့်စားခံရမှာကို ကြောက်ရွံ့သဖြင့် ချွေးများ ပြန်နေခဲ့သည်။ အကယ်၍ ဤရင်ဆိုင်မှုသာ သူ့အတွက် အဆိုးဘက်သို့ ဦးတည်သွားပါက အကျိုးဆက်မှာ ကြောက်မက်ဖွယ်ကောင်းမည်ကို သူ သိသည်။
ရွှီဟုန်ပင်းသည် ရက်စက်သော လူတစ်ဦး ဖြစ်သည်။ အကယ်၍ သူ၏ ရန်သူကို တစ်ခါတည်း အပြတ်မချေမှုန်းနိုင်ပါက သူသည် လှုပ်ရှားမည် မဟုတ်ပေ။ ရန်သူကို သတိပေးလိုက်မိပါက သူ့ကို ပြန်ထိခိုက်မည်ကို သူ သိသည်။ သူသည် ဤသဘောတရားကို နားလည်ထားသဖြင့် စာအိတ်ကို ကိုင်ကာ အခန်းထဲမှ ထွက်လာသောအခါ ရေအေးဖြင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။
"ခေါင်းဆောင်... ဒါလေးကို တစ်ချက်လောက် ကြည့်ပေးပါ"
စာအိတ်ပေါ်တွင် ရွှီဟုန်ပင်း၏ အမည်ရင်းနှင့်အတူ နိုင်ငံခြားဘာသာစကားဖြင့် စာသားတိုလေးတစ်ခု ပါရှိသည်။ ထိုနေရာတွင် ရှိနေသူ မည်သူမျှ စာကို မဖတ်တတ်ကြပေ။ ခေါင်းဆောင်က စာအိတ်ကို ဖွင့်လိုက်သောအခါ အတွင်းတွင် နိုင်ငံခြားဘာသာဖြင့် ရေးထားသော စာများကို တွေ့လိုက်ရသည်။
ရွှီဟုန်ပင်းမှာ အံ့အားသင့်သွားခဲ့သော်လည်း ယနေ့တွင် သူ ထောင်ချောက်ထဲသို့ ကျရောက်သွားပြီ ဖြစ်ကြောင်း လျင်မြန်စွာ သိလိုက်ရသည်။ အချိန်အတော်ကြာအောင် သူသည် တခြားလူများကို လိုက်လံ ဖမ်းဆီးနေခဲ့သော်လည်း ယနေ့တွင်မူ သူကိုယ်တိုင် အရှုံးပေးလိုက်ရပြီ ဖြစ်သည်။
"ဒါက စွပ်စွဲချက်ပဲ! ဒါက တကယ့်ကို လုပ်ကြံတာ! ကျွန်တော်..”
သူသည် စွပ်စွဲချက်တွင် အားနည်းချက်ကို ရှာဖွေရန် ကြိုးစားသော်လည်း မည်သည့်နေရာတွင် ပြန်လည် တုံ့ပြန်ရမည်ကို မသိခဲ့ပေ။ သူသည် အထက်တန်း ကျောင်းဆင်းတစ်ဦး ဖြစ်ပြီး ကျောင်းတွင် ရုရှားဘာသာစကားကို လေ့လာခဲ့ဖူးသည်။
"ခေါင်းဆောင်... ကျွန်တော် အာမခံပါတယ်။ ကျွန်တော် ကျွန်တော့်နိုင်ငံအပေါ် ဘယ်တော့မှ မသစ္စာဖောက်ပါဘူး။ ကျောင်းက လိုအပ်ချက်အရ နိုင်ငံခြားဘာသာစကားကို လေ့လာခဲ့တာပါ၊ ဒါပေမဲ့ ကျွန်တော် ကောင်းကောင်း မတတ်ပါဘူး။ ဒါတွေကို ကျွန်တော် လုံးဝ နားမလည်နိုင်ပါဘူး"
ခေါင်းဆောင်သည် ပထမစာကို ဖတ်ပြီးနောက် သူ့ကို လှည့်ကြည့်လိုက်သည်။ ဖြုတ်ကောင်ကလေးကလည်း လှောင်ပြုံးပြုံးရင်း အနားသို့ တိုးကြည့်လိုက်သည်။
"နားမလည်ချင်ယောင် ဆောင်နေတာလား။ ဒါက အကွက်ဟောင်းကြီး မဟုတ်ဘူးလား"
ရွှီဟုန်ပင်းက ဒေါသတကြီး အော်လိုက်သည်။ "ဖြုတ်ကောင်!"
(Weasel - မြွေပါကောင်။ လှည့်စားတတ်ပြီး မဟုတ်မမှန်ပြောတတ်သူ၊ မြှောက်ပင့် ဖားယားပြောဆိုပြီး လိုချင်တာကို ရအောင်လုပ်တတ်သူတွေကို Weasel လို့ ခေါ်ပါတယ်။ ဒီမှာတော့ ဖတ်ရတာ ချောမွေ့အောင် ဖြုတ်ကောင်လို့ ပြန်ထားပါတယ်။)
ရွှီဟုန်ပင်းသည် အံကြိတ်ကာ သူ့ကို စိုက်ကြည့်နေမိသည်။ လူအများအပြား ဝိုင်းနေသဖြင့် ရှောင်ဟွမ်သည် ရဲတင်းလာခဲ့ပြီး ရွှီဟုန်ပင်း၏ ထုံးစံအတိုင်း မောက်မာမှုကို လိုက်တုပြလိုက်သည်။ သူက အေးစက်စွာ ပြုံးလိုက်ရာ ထိုလုပ်ရပ်ကပင် ရွှီဟုန်ပင်း၏ ဒေါသကို ပိုမို ဆွပေးလိုက်သလို ဖြစ်သွားခဲ့သည်။
"ရွှီဟုန်ပင်း... မင်းက ရှေ့မှာ ဟန်ဆောင်နေပြီး နောက်ကွယ်မှာ တိတ်တိတ်လေး ဆက်သွယ်နေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ပြောစမ်းပါဦး... မင်း ဘယ်လောက်တောင် ရောင်းစားထားပြီးပြီလဲ"
"ခေါင်းဆောင်... ကျွန်တော် မလုပ်ပါဘူး! ကျွန်တော် တကယ် မလုပ်ပါဘူး!"
ဒါက ဘယ်ခေတ်မို့လို့လဲ? အိမ်တွင် နိုင်ငံခြား ဝတ္ထုတစ်အုပ် ရှိနေရုံနှင့်ပင် ပြဿနာတက်နိုင်သော အချိန်တွင်၊ ဤကဲ့သို့ အမည်တပ်ထားပြီး အကြောင်းအရာ အပြည့်အစုံပါသော စာကို သူ မည်သို့ ငြင်းနိုင်ပါမည်နည်း။ ဒါက အစစ်အမှန် ဟုတ်မဟုတ်ကို အပထား၊ မည်သူမျှ သူ့အတွက် စကားပြောပေးရန် မဝံ့ရဲကြပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မိမိကိုယ်ကို ပြဿနာများမှ ကင်းဝေးအောင် ရှင်းရှင်းလင်းလင်း ခွဲထွက်နေရမည် ဖြစ်ပြီး မဟုတ်ပါက ကြီးမားသော ပြဿနာများ ကြုံတွေ့ရနိုင်သည်။
"သူ့ကို ဖမ်းပြီး ခရိုင်မြို့တော်ကို ခေါ်သွားလိုက်။ ပြီးရင် ဒါကို အစီရင်ခံစာ တင်လိုက်"
များသောအားဖြင့် သူသည် တခြားလူများကို ဖမ်းဆီးပိုင်ခွင့်ရှိသူ ဖြစ်သော်လည်း ယနေ့တွင်မူ သူကိုယ်တိုင် အချုပ်အနှောင် ခံရမည့် အလှည့် ရောက်လာခဲ့သည်။ တစ်စုံတစ်ဦးက သူ့ကို ဤကဲ့သို့ ထောင်ချောက်ဆင်နိုင်လိမ့်မည်ဟု ရွှီဟုန်ပင်း လုံးဝ မယုံကြည်နိုင်ခဲ့ပေ။ ဒါက တစ်ဦးတည်း မဟုတ်ဘဲ အုပ်စုလိုက် လုပ်ဆောင်ကြခြင်းလည်း ဖြစ်နိုင်သည်။
သူသည် ရှောင်ဟွမ်ကို ဝါးစားပစ်မတတ် ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။ သို့သော် ရှောင်ဟွမ်မှာမူ လုံးဝ မကြောက်ရွံ့ဘဲ တိတ်တိတ်လေး လှောင်ပြောင်နေခဲ့သည်။
"ခင်ဗျား ဇာတ်သိမ်းပြီ။ အကုန်လုံး ပြီးသွားပြီ"
ရွှီဟုန်ပင်းကို ခေါ်ဆောင်သွားစဉ်တွင် သူသည် အံကြိတ်ကာ ကြည့်နေသော လူနှစ်ဦးကို ပြန်ကြည့်လိုက်သည်။ သူ၏ အာဃာတများမှာ ဆူပွက်နေခဲ့ပြီး စစ်ဆေးရေးအဖွဲ့၏ စကားများက လေလျှော့လိုက်သော ပူဖောင်းတစ်ခုကဲ့သို့ သူ့ကို အားပျော့သွားစေခဲ့သည်။
"မာထျန်းလျန် မင်း တော်လှန်ရေး ကော်မတီရဲ့ အလုပ်တွေကို ယာယီ တာဝန်ယူရမယ်"
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ!” မာထျန်းလျန်သည် ဝမ်းသာအားရဖြင့် ပြုံးလျက် ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ခေါင်းဆောင်။ ကျွန်တော် အကောင်းဆုံး လုပ်ဆောင်ပါ့မယ်!"
မာထျန်းလျန်က သူ၏ ရာထူးကို ဆက်ခံလိုက်သဖြင့် ရွှီဟုန်ပင်းသည် သူ အစားထိုးခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုအချိန်တွင် သူသည် သူ၏ ဒေါသများကို ထိန်းချုပ်လိုက်ရပြီး သူ့ကို မွေးမြူခဲ့သော ဤမြေပေါ်သို့ မည်သည့်အခါမျှ ပြန်လာနိုင်တော့မည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ကျိုးကျွင်းဖန်သည် သူမ ယောက်မဖြစ်သူ၏ နောက်ကွယ်တွင် ပုန်းနေရင်း သူမကို ခြောက်လှန့်နေခဲ့သော အိပ်မက်ဆိုးကြီးကို ခေါ်ဆောင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။ ကားလေး မောင်းထွက်သွားသောအခါ သူမ၏ ရင်ထဲမှ ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွားသလို ခံစားလိုက်ရပြီး သူမ၏ လှပသော မျက်နှာလေးမှာ ယောက်မဖြစ်သူ၏ နောက်မှ ပေါ်ထွက်လာခဲ့သည်။ သူမ၏ ပန်းပွင့်ချပ်ကဲ့သို့ နှုတ်ခမ်းလေးမှာ အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားကာ သူမ၏ မျက်ဝန်းများမှာလည်း ရေပြင်ကဲ့သို့ တောက်ပနေခဲ့သည်—အမှန်တကယ်ပင် သူမမှာ ပန်းများထက်ပင် ပိုလှပနေခဲ့သည်။
"ယောက်မ သူ နောက်ဆုံးတော့ ထွက်သွားပြီ! ဟားဟား!"
ထိုအခါ ကျိုးကျွင်းဟွေ့က မေးလိုက်သည်။ "သူ ထွက်သွားပြီဆိုတော့ အစ်ကိုကြီးလည်း လွတ်လာတော့မှာပေါ့ ဟုတ်လား"
အမေကျိုးသည်လည်း သတိပြန်ဝင်လာကာ စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"လန်အာ...?"
"မလောပါနဲ့၊ ကိစ္စတွေကို တစ်ဆင့်ချင်းစီ လုပ်ဖို့လိုတယ်။"
လော့လန်၏ စကားများကို အမျိုးသမီးသုံးဦးက ခေါင်းညိတ်ထောက်ခံခဲ့ကြသည်။ မသိမသာပင် သူမသည် မိသားစု၏ ကျောထောက်နောက်ခံဖြစ်လာခဲ့သည်။ ကျိုးကျွင်းဟွေ့ပင်လျှင် သူမကို လေးစားလာခဲ့လေသည်။ အိမ်အပြန်လမ်းတွင် ကျိုးကျွင်းဟွေ့က နောက်ဆုံးမှ လိုက်ပါလာခဲ့သည်။ အိမ်သို့ရောက်ပြီးနောက် သူမ၏ ညဆိုင်းအလုပ်အပြီး အိပ်ရာဝင်မည့်အစား လော့လန်၏ အခန်းဆီသို့ ဦးတည်သွားခဲ့သည်။
လော့လန်က ယနေ့ဖြစ်ပျက်ခဲ့သော ကိစ္စများကို ဆွေးနွေးချင်သည်ဟု ထင်မှတ်ကာ နားထောင်နေသော်လည်း ကျိုးကျွင်းဟွေ့က အခြားကိစ္စတစ်ခုကို ပြောလာခဲ့သည်။
"ယောက်မ၊ တစ်ယောက်ယောက်က ကျွန်မကို လက်တွဲဖော် တစ်ယောက်နဲ့ မိတ်ဆက်ပေးတယ်။"
"နေလို့ကောင်းသွားပြီလား။"
"အခု လုံးဝသက်သာသွားပါပြီ။"
ဆေးဖြင့် ကိုယ်ဝန်ဖျက်ချပြီးနောက် ပြန်လည်ကျန်းမာလာရန် များသောအားဖြင့် တစ်ပတ်မှ လဝက်ခန့်အထိ အချိန်ယူရလေ့ရှိသည်။ ထိုကာလကို ဖြတ်သန်းပြီးနောက် ကျိုးကျွင်းဟွေ့မှာ သက်သာပျောက်ကင်းနေပြီဖြစ်သည်။
လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူမအား တစ်စုံတစ်ဦးနှင့် စောစောက မိတ်ဆက်ပေးခဲ့ပြီး ထိုအချိန်က သူမအနေဖြင့် တိကျသောဆုံးဖြတ်ချက် မချရသေးသော်လည်း ယောက်မဖြစ်သူ၏ သဘောထားကို ကြားသိချင်ခဲ့သည်။
"အဲဒါက နင့်ဘာသာနင် ဆုံးဖြတ်ရမယ့်ကိစ္စပဲ။ အတိတ်က ဆက်ဆံရေးကို ကျော်ဖြတ်နိုင်ပြီဆိုရင်တော့ လူသစ်တစ်ယောက်နဲ့ တွေ့ဆုံတာက အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင် အဆင်သင့်မဖြစ်သေးဘူးလို့ ခံစားရရင်လည်း လောစရာမလိုပါဘူး။ နင့်မှာ ကိုယ်ပိုင်အလုပ်ရှိတာပဲ။ နင်နေချင်သလို နေလို့ရပါတယ်။"
ကျိုးကျွင်းဟွေ့က ပြုံးလိုက်သည်။ အကယ်၍ သူမ၏ မိခင်ကိုသာ မေးခဲ့လျှင် မိခင်ဖြစ်သူက သူမအား အိမ်ထောင်ဖက်ရွေးချယ်ရန် တွန်းအားပေးမည့် အခွင့်အလမ်းများစွာရှိသော်လည်း သူမ၏ ယောက်မမှာမူ ပို၍ပေါ့ပေါ့ပါးပါးရှိသော သဘောထားမျိုးရှိသည်။ ဘဝတိုတိုလေးတွင် မိမိဆန္ဒရှိသလို နေထိုင်သင့်သည်။ အထူးသဖြင့် သူမတွင် အလုပ်တစ်ခုရှိပြီး အသက်မွေးဝမ်းကျောင်းအတွက် ပူပန်စရာမလိုသောကြောင့်ဖြစ်သည်။
"ယောက်မ၊ တောင်ဘက်အိမ်မှာ ဆူညံနေသလိုပဲ။ ညီအစ်မတွေ ထပ်ရန်ဖြစ်နေကြပြန်ပြီထင်တယ်။"
စနစ် - 'သွားကြည့်လိုက်။ ဘာတွေဖြစ်နေလဲဆိုတာ သွားကြည့်'
လော့လန် - 'စောစောက ငါကြည့်ခဲ့တဲ့ ရွှီဟုန်ပင်းရဲ့ သတင်းတွေအတွက် အမှတ်တွေ မရသေးဘူးလေ'
စနစ် - 'မင်းရဲ့ စာရင်းတွက်စွမ်းရည်က အံ့မခန်းပဲ။ ဘာတစ်ခုမှကို မမေ့ဘူး"
လော့လန် - 'ပိုက်ဆံကို ဘယ်သူက မေ့မှာလဲ။ ငါမတုံးပါဘူး'
စနစ် - 'အမှတ်တွေ ပေးလိုက်ပြီ။ သွားပြီး သတင်းလေး သွားနားထောင်လိုက်ဦး'
သူမ၏ အမှတ်များ ရရှိကြောင်း ပြသသည့် "ဒင်-ဒေါင်" အသံကို ကြားလိုက်ရသောအခါ သူမ ပြုံးလိုက်မိသည်။ နေကြာစေ့မပါဘဲ အတင်းအဖျင်း ပြောရသည်မှာ တစ်ခုခုလိုနေသလို ခံစားရသည်။ အမှတ်များပိုရလာသည်နှင့် တစ်ပြိုင်နက် သူမကိုယ်သူမ အလိုလိုက်ကာ နေကြာစေ့ နှစ်ပေါင်ဝယ်စားရန် ဆုံးဖြတ်လိုက်သည်။
ခြံဝင်းမှာ မကျယ်ဝန်းသဖြင့် တောင်ဘက်အခန်းသို့ရောက်ရန် အချိန်များများ မယူရပေ။ အရှေ့ဘက်အခန်းမှ အိမ်ရှင်မမှာလည်း အပြင်ဘက်သို့ရောက်နေကာ အထဲမှ ဆူညံသံများကို နားထောင်နေပြီး လော့လန် ဖြတ်သွားရန် နေရာဖယ်ပေးလိုက်သည်။
"သူတို့ အိမ်လုပြီး ရန်ဖြစ်နေကြတာ။" ကျေးလက်ဒေသများတွင် ပိုင်ဆိုင်မှုများကို များသောအားဖြင့် သားများကသာ အမွေဆက်ခံလေ့ရှိပြီး သမီးများအတွက် ဝေစုချန်ထားလေ့မရှိပေ။
"သူ့မှာ သားတစ်ယောက်ပဲ ရှိတာမဟုတ်ဘူးလား။"
"ဟုတ်တယ်။ ဒါပေမယ့် အဲဒီသမီးနှစ်ယောက်ကလည်း အလွယ်တကူ အလျှော့ပေးမယ့်သူတွေ မဟုတ်ဘူး။ သားဖြစ်သူက မိဘတွေကို ပြုစုစောင့်ရှောက်မှာ မဟုတ်တဲ့အတွက် အိမ်ကို သမီးတွေပဲ ပိုင်ဆိုင်သင့်တယ်လို့ ပြောနေကြတာ။"
လော့လန်က ပြုံးလိုက်သော်လည်း ပြန်တုံ့ပြန်ခြင်း မပြုခဲ့ပေ။ အဘွားအို၏ သားသမီးသုံးဦးမှာ ငြင်းခုံနေကြပြီး ရန်ဖြစ်လုနီးပါးပင် ဖြစ်နေပြီဖြစ်သည်။ သားဖြစ်သူနှင့် ချွေးမဖြစ်သူတို့က အလွန်ကျယ်လောင်စွာ အော်ဟစ်နေကြပြီး ချွေးမဖြစ်သူက သူမ၏ ယောက်မနှစ်ဦးကို လက်ညှိုးထိုးကာ ကျိန်ဆဲနေလေသည်။
"ရိုးရာထုံးစံအရ မိသားစုပိုင်ဆိုင်မှုဆိုတာ သားတွေနဲ့ပဲ သက်ဆိုင်တယ်! ငါတို့က ဒေသခံမဟုတ်ရင်တောင်မှ ဒီအိမ်က ငါတို့ပိုင်တာပဲဖြစ်ရမယ်။ နင်တို့လို အိမ်ထောင်ကျပြီးသား သမီးတွေက ပြန်လာပြီး ဝေစုတောင်းပိုင်ခွင့်မရှိဘူး!"
မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေသော သမီးအကြီးဆုံးက လက်မောင်းကို ပင့်တင်ကာ ပြင်းပြင်းထန်ထန် ပြန်ငြင်းခုံလိုက်သည်။
"ရယ်စရာပဲ! ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ယောက်ျားနဲ့ မိန်းမက တန်းတူပဲ! သမီးတွေမှာ မိဘတွေကို ပြုစုစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်ဆိုတာနဲ့ အမွေဆက်ခံခွင့်မရှိဘူးလို့ မဆိုလိုဘူး!"
"ယောက်မရယ်၊ အစ်မကြီးရယ်၊ ရန်မဖြစ်ကြပါနဲ့တော့။ ထိုင်ပြီး သေချာတိုင်ပင်ကြရအောင်ပါ။" အငယ်ဆုံးသမီးမှာ အခြားနေရာတစ်ခုတွင် အလုပ်လုပ်နေပုံရသည်။ သူမက အစ်မကြီးနှင့် ယောက်မဖြစ်သူတို့ကို လှမ်းဆွဲကာ ထိုင်ပြီးဆွေးနွေးကြရန် ဖျောင်းဖျဖို့ ကြိုးစားခဲ့သည်။ သို့သော် သူတို့နှစ်ဦးစလုံးက သူမကို ဂရုမစိုက်ကြပေ။
"ပါးစပ်ပိတ်ထား! တစ်ယောက်ယောက်ကို မျက်နှာလိုက်တယ်ဆိုရင် မိဘတွေက နင့်ကို အမျက်နှာလိုက်ဆုံးပဲ။ ငါတို့ထဲက ဘယ်သူမှ ပညာရေးမသင်ခဲ့ရဘူး။ နင့်အစ်ကိုဆို အလယ်တန်းကျောင်းကနေ ထွက်ပြီး ကျောက်မီးသွေးတွင်းကို သွားခဲ့ရတာ။ နင်ကကျတော့ တက္ကသိုလ်တက်ရပြီး အခု စာရင်းကိုင်ဖြစ်နေပြီ။ နင်က အခွင့်အရေးအများဆုံး ရခဲ့တာပဲ။ ငါတို့ကို လာပြီး တရားမျှတမှုအကြောင်း ဆရာမလုပ်နဲ့!"
သူမ၏ အစ်မကလည်း ချေပလိုက်သည်။ "အေးဟုတ်တယ်! အမေက အမြဲတမ်း နင့်ကိုပဲ မျက်နှာလိုက်ခဲ့တာ။ အမေ ကုတင်ပေါ်မှာ လှုပ်တောင်မလှုပ်နိုင်ဘဲ လဲနေတဲ့အချိန်တုန်းကဆို ငါတို့ နင့်အရိပ်အယောင်တောင် မမြင်ခဲ့ရဘူး!"
အငယ်ဆုံးသမီးမှာ ငိုလုမတတ်ဖြစ်နေသည်။ အကယ်၍ သူမ၏ ထောက်ပံ့မှုများသာ မရှိခဲ့လျှင် အစ်မကြီးဖြစ်သူက အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော မိခင်ကို ပြုစုစောင့်ရှောက်ရန် ကျန်ရစ်နေခဲ့မည်မဟုတ်ပေ။
သို့သော် သူမ၏ ငွေကြေးထောက်ပံ့မှုများ ရှိနေသည့်တိုင်အောင် အစ်မကြီးဖြစ်သူသည် မိခင်ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်း မရှိဟု သူမ သံသယဝင်မိသည်။ သို့မဟုတ်ပါက အဘယ်ကြောင့် မိခင်ဖြစ်သူတွင် အိပ်ရာနာများစွာဖြစ်ပေါ်လာပြီး အခြေအနေများ လျင်မြန်စွာ ဆိုးရွားလာရမည်နည်း။
"အစ်မကြီး၊ ပိုက်ဆံထောက်ပံ့ပေးနေတာ ကျွန်မလေ!"
"ဒါဆို နင်က ပိုက်ဆံပေးတာနဲ့ပဲ အရေးပါလှပြီလို့ ထင်နေတာလား။"
အစ်မကြီး၏ ကြမ်းတမ်းသောစကားများက အငယ်ဆုံးသမီးကို အမှန်တကယ် ငိုကြွေးသွားစေခဲ့သည်။ သူမက မျက်နှာကိုအုပ်ကာ ဘာမှဆက်မပြောတော့ပေ။ မည်သို့ပင်ဆိုစေကာမူ သူမက အိမ်ကိုမလိုချင်ပေ။ သူတို့ကိုသာ လွတ်လပ်စွာ ငြင်းခုံခိုင်းထားလိုက်သည်။
"အစ်မကြီး၊ အစ်မက မိသားစုမှာ အကြီးဆုံးလေ။ ကျွန်မတို့မှာ သားသုံးယောက်ရှိတာ အစ်မလည်း သိတာပဲ။ အိမ်မရှိဘဲ သူတို့ ဘယ်လိုလုပ် အိမ်ထောင်ပြုနိုင်မှာလဲ။ ကိုယ့်တူတွေနဲ့ မိသားစုပိုင်ဆိုင်မှုအတွက် လုရတာကို အစ်မ မရှက်ဘူးလား။"
အစ်မကြီးဖြစ်သူက အော်ဟစ်လိုက်သည်။ "ငါ့မှာလည်း ကလေးလေးယောက်တောင် ရှိတယ်! ငါတို့အိမ်မှာ နေရာကျပ်လွန်းလို့ လှုပ်တောင်မလှုပ်နိုင်ဘူး။ ဦးလေးဖြစ်သူက ဘာလို့ သူ့တူတွေ နေဖို့ထိုင်ဖို့ကို ထည့်မစဉ်းစားရတာလဲ။"
"ခွေးမ! အိမ်ထောင်ကျပြီးတဲ့ သမီးတစ်ယောက်က မိသားစုဆီပြန်လာပြီး ပိုင်ဆိုင်မှုအတွက် လုရဲလောက်အောင် အရှက်မရှိတာကို ငါတစ်ခါမှ မမြင်ဖူးဘူး!"
"နင်တို့သာ အရှက်မရှိတာ!"
အမျိုးသားဖြစ်သူက အစ်မကြီးကို တွန်းလိုက်သဖြင့် သူမမှာ နောက်သို့ယိုင်လဲသွားခဲ့သည်။ အလျှော့မပေးလိုသောကြောင့် သူမက အစ်ကိုဖြစ်သူနှင့် ရန်ဖြစ်ရန် ပြင်ဆင်လိုက်သည်။ အရှေ့ဘက်အိမ်မှ အိမ်ရှင်မက လော့လန်ကို အနောက်သို့ အနည်းငယ်ဆွဲယူကာ တိုးတိုးလေး သတိပေးလိုက်သည်။
"ဂရုစိုက်နော်၊ ညည်းမှာ ကိုယ်ဝန်ရှိနေတာ။ ပထမသုံးလအတွင်းမှာ ဘယ်သူ့ကိုမှ အထိမခံသင့်ဘူး။ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။"