← Chapters

အခန်း (၂၃၆၁-၂၃၆၂)

Vol. 177 Ch. 2361-2362

အခန်း (၂၃၆၁-၂၃၆၂)

Vol. 177 Ch. 2361-2362

အခန်း(၂၃၆၁)

တန်ယန်မြို့တစ်ခုလုံးက ဘိုးဘေးထျန်းရှ၏ ဓားချက်ကြောင့် တုန်လှုပ်နေချိန်တွင် ဓားချက်၏ ဗဟိုတွင်ရှိနေသော ကျန်းချန်ကမူ ထူးထူးခြားခြားပင် တည်ငြိမ်နေခဲ့သည်။

ဘိုးဘေးထျန်းရှ၏ အစွမ်းကုန် ထုတ်ဖော်လိုက်သော ဓားကွက်ကိုမြင်လျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်သွားခဲ့ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်၏။

ထိုဓားချက် ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကမ္ဘာလောကကြီးသည် နှစ်ခြမ်းကွဲသွားခဲ့ပြီး တစ်ဖက်တွင် ကြယ်တာရာများနှင့် ပင်လယ်ပြင်က လင်းလက်နေခဲ့ကာ အခြားတစ်ဖက်တွင်မူ ကောင်းကင်ယံက ကြည်လင်နေခဲ့သည်။

ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့် ထုတ်ဖော်လိုက်သည့် ဤဓားချက်သည် အလွန်တရာပင် စွမ်းအားကြီးမားလွန်းပြီး နတ်ဘုရင်ပဉ္စမအဆင့်နှင့် နတ်ဘုရင်ဆဋ္ဌမအဆင့် ကျင့်ကြံသူများကိုပင် ချက်ချင်း သတ်ဖြတ်ရန် လုံလောက်၏။

ဘိုးဘေးထျန်းရှသည် ကပ်ဘေးအဆင့်၏ အစောပိုင်း အဆင့်သာရှိပြီး သူ၏ စွမ်းရည်သည် နတ်ဘုရင်တတိယမအဆင့်နှင့် စတုတ္ထအဆင့်ကြားတွင်သာ ရှိရာ ကျန်းချန်၏ ဓားချက်ကို မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါအံ့နည်း။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

ကောင်းကင်နှင့်မြေကြီးကိုပင် ပိုင်းဖြတ်နိုင်လောက်သည့် ကျန်းချန်၏ ဓားချက်သည် ဘိုးဘေးထျန်းရှ၏ ဓားချက်ပေါ်သို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

ကျန်းချန်၏ ဓားချက်အောက်တွင် ကောင်းကင်ယံကိုပင် လွှမ်းမိုးထားသော ဘိုးဘေးထျန်းရှ၏ ဓားအလင်းသည် စက္ကူစုတ် တစ်ချပ်နှယ် ထိတွေ့လိုက်သည်နှင့် ပြိုကွဲသွားခဲ့သည်။

ထို့နောက်တွင် ဘိုးဘေးထျန်းရှသည် ကျန်းချန်၏ ဓားချက်ကြောင့် ဓားရောလူပါ မြေပြင်ထဲသို့ ရိုက်သွင်းခံလိုက်ရပြီး မိုင်ပေါင်းရာချီ ရှည်လျားသည့် ကြီးမားသော အက်ကွဲကြောင်းကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

မြင်ကွင်းကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည့် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ကြပြီး မှင်တက်ရာကနေ အချိန်အတော်ကြာအောင် သတိပြန်မဝင်လာခဲ့ကြပေ။

ဘိုးဘေးထျန်းရှ ဆိုသည်မှာ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သော မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ဖြစ်၏။

ကပ်ဘေးအဆင့်သို့ ရောက်ရှိနေသော အင်မော်တယ်ကျင့်ကြံသူတစ်ဦးသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ချက်ဖြင့် စက္ကန့်ပိုင်းအတွင်း အသတ်ခံလိုက်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။

အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကပ်ဘေးအဆင့် ကျင့်ကြံသူကို ဓားကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်နိုင်လောက်သည်အထိ အစွမ်းထက်နေပါသလော။

“ဘိုးဘေးထျန်းရှက ဒီလိုပဲ ရှုံးနိမ့်သွားခဲ့ပြီလား”

နတ်မိမယ်ကျိယွင်သည် ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

သူမက အမြင်မှားနေသလားဟုပင် သူမကိုယ် သူမ သံသယဝင်နေမိသည်။

ကပ်ဘေးအဆင့်သည် အင်မော်တယ်တိုက်တွင် အထွတ်အထိပ်၌ ရပ်တည်နိုင်သောအဆင့် ဖြစ်၏။

သို့သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးသည် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားကွက် တစ်ကွက်တည်းဖြင့်ပင် အသတ်ခံလိုက်ရသည်။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“ဝုန်း..”

လူတိုင်းက သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်နေစဥ်မှာပင် ပေတစ်ထောင်ခန့် နက်သော မြေပြင်အောက်ကနေ ပုံရိပ်တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာခဲ့သည်။

ထိုပုံရိပ်မှာ တခြားသူ မဟုတ်ဘဲ ဘိုးဘေးထျန်းရှပင် ဖြစ်၏။

ဘိုးဘေးထျန်းရှ၏ ခန္ဓာကိုယ် ထက်ဝက်ကျော်က ပျက်စီးနေခဲ့ပြီး ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသည့် အနက်ရောင်သံချပ်ဝတ်စုံသည် ဤအခိုက်အတန့်တွင် အလင်းရောင်များဖြင့် တောက်ပနေခဲ့၏။

မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို ကြည့်နေသော သူ၏ အိုမင်းသောမျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သိုင်းပညာလောကမှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် အမှန်တကယ်ပင် ကြောက်စရာကောင်းအောင် အစွမ်းထက်နေခဲ့၏။

ကပ်ဘေးအဆင့်၏ အစောပိုင်း အဆင့်ကို ရောက်ရှိနေသည့် သူ ကိုယ်တိုင်ပင်လျှင် ထိုလျှို့ဝှက်ဆန်းကြယ်သောလူငယ်၏ ရှေ့တွင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း မရှိခဲ့ပေ။

အကယ်၍ သူ့ထံတွင်သာ ကပ်ဘေးအဆင့်၏ တိုက်ကွက်ကို ခုခံနိုင်သော အကာအကွယ် သံချပ်ဝတ်စုံ မရှိခဲ့လျှင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် အစောပိုင်းက ဓားချက်ကြောင့် ပျက်စီးသွားလောက်ချေပြီ။

“ကျုပ်ရဲ့ဓားချက်ကိုတောင် တားဆီးနိုင်တယ် ဆိုတော့ ခင်ဗျားရဲ့ သံချပ်ဝတ်စုံက ဘယ်ဆိုးလို့လဲ.. ဒါပေမဲ့ ဒီတစ်ခေါက်တော့ မရတော့ဘူး”

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားဖြင့် ဓားကွက်တစ်ကွက်ကို ထပ်မံထုတ်ဖော်လိုက်သည်။

ကျန်းချန်က ဓားကွက် ထုတ်ဖော်လိုက်သည်ကို မြင်လျှင် ဘိုးဘေးထျန်းရှသည် ဝိညာဥ်လွင့်မတတ် ထိတ်လန့်သွားခဲ့သည်။

သူက ချက်ချင်းပင် ကပ်ဘေးအဆင့်၏ စွမ်းအားများကို ထုတ်ဖော်ကာ လက်ဟန်များကို အလျင်အမြန်ပြုလုပ်၍ ကာကွယ်ရေးအလွှာများကို ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဖန်တီးလိုက်သည်။

သို့သော်လည်း သူ၏ အကာအကွယ် အလွှာများသည် ကျန်းချန်၏ ဓားအလင်း ရှေ့တွင် စက္ကူနှင့် မခြားဘဲ ထိတွေ့လိုက်သည်နှင့် ပြိုကွဲသွားခဲ့၏။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကာကွယ်ရေးစွမ်းအား အလွှာ တစ်ဒါဇင်ကျော်သည် ကျန်းချန်၏ ဓားချက်ကြောင့် ပျက်စီးသွားခဲ့သည်။

ဘိုးဘေးထျန်းရှ တုံ့ပြန်ရန် အချိန်မရခင်မှာပင် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကျန်းချန်၏ ဓားချက်အောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ထိတ်လန့်တကြား ထွက်ပြေးသွားသော ခပ်ရေးရေးပုံရိပ် တစ်ခုသာလျှင် ကျန်ရှိတော့၏။

ယင်းမှာ ဘိုးဘေးထျန်းရှ၏ ဝိညာဥ်ပင် ဖြစ်သည်။

ဤအခိုက်အတန့်တွင် တန်ယန်မြို့ကနေ တိုက်ပွဲကို ကြည့်ရှုရန် ရောက်နေကြသည့် ကျင့်ကြံသူ အများအပြားသည်လည်း ထိုမြင်ကွင်းကြောင့် မှင်တက်သွားခဲ့ကြသည်။

“ခန္ဓာကိုယ်တောင် ပျက်စီးသွားပြီဆိုတော့ တစ်ယောက်ကတော့ ရှုံးသွားပြီထင်တယ်"

"ကပ်ဘေးအဆင့် ကျင့်ကြံသူတွေရဲ့တိုက်ပွဲက ဒီလောက်အထိ မြန်မြန်ဆန်ဆန် အရှုံးအနိုင် ပေါ်သွားတယ်လား”

“လခွမ်း.. အသတ်ခံလိုက်ရတဲ့သူက မြူခိုးအင်မော်တယ်ဂိုဏ်းက ဘိုးဘေးထျန်းရှဟ”

“ဘိုးဘေးထျန်းရှကို အနိုင်ယူပြီး ခန္ဓာကိုယ် ဖျက်ဆီးလိုက်တဲ့သူက မျက်နှာချင်းဆိုင်က အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးလား”

လူတိုင်းက တိုက်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးနေကြစဥ်မှာပင် တန်မိသားစုမှ ကျင့်ကြံသူ အချို့သည်လည်း ရောက်ရှိလာကြ၏။

မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးထျန်းရှ ခန္ဓာကိုယ် ပျက်စီးသွားသည်ကို မြင်လျှင် သူတို့သည် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် တိုက်ပွဲတွင် ပါဝင်သူ နှစ်ဦးထဲတွင် သူတို့၏ မျိုးနွယ်စုခေါင်းဆောင် တန်ချင်းဖုန်း မပါဝင်သဖြင့် တန်မိသားစုမှ အကြီးအကဲများသည် အနည်းငယ် စိတ်အေးသွားခဲ့ကြသည်။

သို့သော်လည်း မျက်စိလျင်သော အကြီးအကဲ တစ်ဦးသည် အလွန်လျင်မြန်စွာပင် တန်မိသားစုမှ အကြီးအကဲ တစ်ဦး၏ တွဲကူမှုကို ခံယူထားရသည့် တန်ချင်းဖုန်းကို တွေ့ရှိသွားခဲ့ပြီး မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ဟိုမှာကြည့်စမ်း.. ငါတို့မျိုးနွယ်စုခေါင်းဆောင်ကို ကြည့်ရတာ အခြေအနေ သိပ်မကောင်းပုံပဲ”

ထိုစကားကိုကြားလျှင် အကြီးအကဲ အများအပြားသည် တန်ချင်းဖုန်း ရှိရာဆီသို့ လှမ်းကြည့်လိုက်ကြ၏။

ထိုအခါ လမ်းစဥ်ပေါင်းစည်းခြင်း အထွတ်အထိပ် အဆင့်ရှိ တန်ချင်းဖုန်း၏ ကျင့်ကြံခြင်းသည် ပျောက်ကွယ်နေသည်ကို မြင်လိုက်ရလျှင် သူတို့၏ မျက်နှာထက်၌ အံ့ဩသော အမူအရာများ ဖြစ်ပေါ်နေခဲ့ကြသည်။

သူတို့က တန်ချင်းဖုန်း၏ နံဘေးသို့ အလျင်အမြန်ပင် ရောက်ရှိလာခဲ့ကြ၏။

လမ်းစဥ်ပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့်ရှိ အကြီးအကဲတစ်ဦးက အလျင်အမြန်ပင် မေးမြန်းလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင် ဘာတွေဖြစ်ခဲ့တာလဲ.. ခေါင်းဆောင်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်ရောက်သွားတာလဲ”

“ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးက ဖြတ်တောက်လိုက်ပြီ”

တန်ချင်းဖုန်းက မချိပြုံး ပြုံးလိုက်သည်။

“ဒီကောင်လေးရဲ့စွမ်းရည်က တကယ်ကို မြင့်မားလွန်းတယ်.. မြူခိုးအင်မော်တယ်ဂိုဏ်းက ဘိုးဘေးထျန်းရှတောင်မှ ဓားချက် တစ်ချက်တည်းနဲ့ အသတ်ခံလိုက်ရတယ်.. ကြည့်ရတာ ငါတို့ တန်မိသားစုတော့ ဒီတစ်ခါ အခက်တွေ့ရတော့မယ် ထင်တယ်”

ထိုစကားကိုကြားလျှင် တန်မိသားစုဝင် တချို့သည် ကျန်းချန်ကို လှမ်းကြည့်လိုက်ကြသည်။

သူတို့၏ မျက်နှာထက်တွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

ဘိုးဘေးထျန်းရှသည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ကျင့်ကြံသူ သုံးဦးထဲမှ တစ်ဦး ဖြစ်သည်။

ဘိုးဘေးထျန်းရှသည် အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ပြိုင်ဘက်ကင်းဟု မခေါ်ဆိုနိုင်သော်လည်း သူနှင့် ယှဥ်ပြိုင်နိုင်သူမှာ လက်ချိုးရေတွက်၍ရသော အရေအတွက်မျှသာ ရှိသည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးတွင် ဘိုးဘေးထျန်းရှကို အနိုင်ယူနိုင်လောက်သည့် စွမ်းရည်မျိုး အဘယ်ကြောင့် ရှိနေရပါသနည်း။

တန်မိသားစုဝင်အချို့ အံ့ဩထိတ်လန့်နေစဥ်မှာပင် လေထုထဲရှိ ဘိုးဘေးထျန်းရှ၏ ဝိညာဥ်သည် ကျန်းချန်၏ ဓားချက်ကြောင့် ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရပြီးနောက်တွင် ဤနေရာ၌ တစ်စက္ကန့်မျှပင် ဆက်မနေရဲတော့ဘဲ ထွက်ပြေးသွားခဲ့သည်။

“ခင်ဗျား ပြေးလို့လွတ်မယ်များ ထင်နေလား”

ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး ရှေးဟောင်းရွှေရောင်ဓားကို လေထဲတွင် တစ်ချက် ဝှေ့ယမ်းလိုက်သည်။

ဤဓားချက်သည် သာမန် ဓားချက်မျှသာ ဖြစ်ပြီး အနည်းငယ်မျှသော စွမ်းအင်လှုပ်ခတ်မှုပင် မရှိခဲ့ချေ။

သို့ရာတွင် ထိုသာမန်ဓားချက်သည် အချိန်နှင့် နေရာလွတ်ကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့ပြီး ဘိုးဘေးထျန်းရှ၏ ဝိညာဥ်သည် မိုင်တစ်ရာခန့်ပင် မပြေးရသေးမီမှာပင် လေထဲ၌ ရုတ်တရက် အေးခဲသွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင်မူ ဓားအလင်းတစ်ခုသည် ဘိုးဘေးထျန်းရှ၏ ဝိညာဥ်ကိုယ် ထဲကနေ ထွက်ပေါ်လာခဲ့ပြီး ဘိုးဘေးထျန်းရှ၏ ဝိညာဥ်ကို ဘာမှမကျန်ရှိတော့သည်အထိ ချေမှုန်းပစ်လိုက်သည်။

ဤသို့ဖြင့်ပင် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့်ကျင့်ကြံသူ ဘိုးဘေးထျန်းရှသည် အဆုံးသတ်၌ ကျန်းချန်၏ ဓားချက်အောက်တွင် ကျဆုံးသွားခဲ့ရ၏။

အခန်း(၂၃၆၁)ပြီး၏။

အခန်း(၂၃၆၂)

“မြူခိုးအင်မော်တယ်ဂိုဏ်းရဲ့ ကပ်ဘေးအဆင့်ဘိုးဘေးက ဒီလိုပဲ ကျဆုံးသွားခဲ့ပြီလား”

ကျင့်ကြံသူအများအပြားသည် ထိုမြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ပြီး အံ့ဩထိတ်လန့်မှုကနေ ပြန်လည်အသိဝင်လာရန် အချိန်အတော်ကြာယူလိုက်ရသည်။

ဤပုဂ္ဂိုလ်သည် အင်မော်တယ်တိုက်၏ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် အထွတ်အထိပ်နေရာ၌ ရပ်တည်နေသော ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးပင် မဟုတ်ပါလော။

“ဘိုးဘေးထျန်းရှ ကျဆုံးသွားပြီလား”

နတ်မိမယ် ကျိယွင်သည် လေထုထဲတွင် လုံးဝ ပျောက်ကွယ်သွား‌သော ဘိုးဘေးထျန်းရှကို ငေးကြည့်နေမိသည်။

သူမ၏ မျက်နှာက ချက်ချင်းဆိုသလိုပင် ဖြူဖျော့သွားခဲ့၏။

သူမရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ဝတ်စုံဝတ်လူငယ်လေးသည် ကပ်ဘေးအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်လောက်သည်အထိ အစွမ်းထက်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဤအခိုက်အတန့်တွင် တန်ချင်းဖုန်း အပါအဝင် တန်မိသားစုဝင်အားလုံးသည် အတော်လေး ထိတ်လန့်သွားခဲ့ကြ၏။

မြုူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ဘိုးဘေးထျန်းရှပင်လျှင် ထိုကောင်လေး၏ လက်ချက်ဖြင့် အလွယ်တကူ အသတ်ခံလိုက်ရပြီ ဖြစ်ရာ သူတို့ တန်မိသားစုသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

ထိုအချက်ကို တွေးမိသည်နှင့် တန်ချင်းဖုန်းတို့ လူစုသည် ချောက်နက်ထဲသို့ ကျသွားသလိုမျိုး ခံစားလိုက်ရသည်။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသာ ကပ်ဘေးအဆင့်ကျင့်ကြံသူကို စေလွှတ်နိုင်ခြင်း မရှိလျှင် သူတို့ တန်မိသားစုသည် ယနေ့တွင် အန္တရာယ်ကျရောက်နိုင်ခြေ ရှိနေခဲ့၏။

“ဒီကောင်လေးက မြောက်ဘက်ဒေသက နတ်ဘုရင်တစ်ပါး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး”

ဟုန်ထျန်းယန်သည် ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေသော ကျန်းချန်ကို ငေးကြည့်နေခဲ့ပြီး မှင်တက်ရာကနေ အချိန်အတော်ကြာမှ ပြန်လည် သတိဝင်လာခဲ့သည်။

ကျန်းချန်နှင့် စတင် တွေ့ဆုံကတည်းကစ၍ ဟုန်ထျန်းယန်သည် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်ကို တစ်ကြိမ်ပြီးတစ်ကြိမ် မြင်တွေ့ခဲ့ရပြီး ကျန်းချန်၏ အထောက်အထားကို အကြိမ်ကြိမ် ခန့်မှန်းခဲ့ဖူး၏။

သို့ရာတွင် ကျန်းချန်သည် မြောက်ဘက်ဒေသမှ သိုင်းပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့သလို ကပ်ဘေးအဆင့်ရှိ အင်မော်တယ်ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်သော နတ်ဘုရင်တစ်ပါး ဖြစ်နေလိမ့်မည်ဟုလည်း မမျှော်လင့်ထားခဲ့ပေ။

ဟုန်ထျန်းယန်သည် အင်မော်တယ်ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် မြောက်ဘက်ဒေသရှိ သိုင်းပညာလောကတို့သည် ကမ္ဘာမကြေရန်ဘက်များ ဖြစ်ကြောင်း သိရှိထားခဲ့သည်။

သို့သော်လည်း သူက သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူမျှသာဖြစ်၍ ထိုကိစ္စများအတွက် သိပ်ခံစားခြင်း မရှိပေ။

သူ့အတွက်မူ ကပ်ဘေးအဆင့်ရှိ အင်မော်တယ် ကျင့်ကြံသူကိုပင် သတ်ဖြတ်နိုင်သော နတ်ဘုရင်တစ်ပါး၏ နောက်သို့ လိုက်ပါခွင့်ရခြင်းသည် အလွန်တရာပင် ဂုဏ်ယူစရာကောင်းသော ကိစ္စတစ်ခုပင် ဖြစ်၏။

“သွားကြစို့.. တန်ယန်မြို့ကို အမြန်ပြန်ကြရအောင်.. ဒီကောင်လေးကို တားဆီးဖို့ တန်ယန်မြို့ရဲ့ မြို့စောင့် ကာကွယ်ရေးအစီအရင်ကို အသုံးပြုမှပဲ ဖြစ်နိုင်လိမ့်မယ်”

တန်ချင်းဖုန်းသည် သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်လုပ်ပြီး လေသံတိုးတိုးဖြင့် အလျင်အမြန် ပြောဆိုလိုက်သည်။

သူ့ရှေ့မှ လူငယ်သည် ဘိုးဘေးထျန်းရှ ကဲ့သို့ ကပ်ဘေးအဆင့် အင်မော်တယ် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သည်။

ထိုလူငယ်၏ စွမ်းရည်သည် အတိုင်းအဆမရှိ နက်ရှိုင်းလှသဖြင့် သူတို့ တန်မိသားစု အနေဖြင့် လုံးဝကာကွယ်နိုင်စွမ်း မရှိချေ။

ယခု သူတို့အနေဖြင့် တန်မိသားစုသို့ ပြန်သွားပြီး မိသားစု၏ အမွေအနှစ်များကို အသုံးပြုကာ ထိုကောင်လေးကို ရင်ဆိုင်ရုံသာ တတ်နိုင်တော့၏။

မည်သို့ပင်ဖြစ်စေကာမူ အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု အနေဖြင့် တန်မိသားစုတွင် နက်ရှိုင်း‌သော အမွေအနှစ်များ ရှိသည်။

တန်မိသားစုတွင် ကပ်ဘေးအဆင့်၏ တိုက်ခိုက်မှုကိုပင် တောင့်ခံနိုင်သည်ဟု ကျော်ကြားသော ဂိုဏ်းကာကွယ်ရေး အစီအရင် ရှိသည့်အပြင် ကပ်ဘေးအဆင့်၏ စွမ်းရည်နှင့်ပင် နှိုင်းယှဥ်နိုင်သော အစွမ်းထက် ဝှက်ဖဲတချို့လည်း ရှိနေသေး၏။

ဘိုဘေးထျန်းရှသည် ကျန်းချန်နှင့် မတိုက်ခိုက်မီကတည်းကပင် မြူခိုးအင်မော်တယ်ဂိုဏ်းထံ အကြောင်းကြားထားပြီးပြီဖြစ်သည်။

ဆိုရလျှင် မြူခိုးအင်‌မော်တယ်ဂိုဏ်း အပါအဝင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းစလုံးသည် ဤကဲ့သို့ သိုင်းပညာလောကမှ ပါရမီရှင် တစ်ဦးကို အင်မော်တယ်ကျင့်ကြံခြင်းလောကကနေ အသက်ရှင်လျက် ထွက်သွားခွင့် ပေးမည်မဟုတ်ဘဲ ကပ်ဘေးအဆင့် ကျင့်ကြံသူများကို စေလွှတ်လာမည်မှာ သေချာသလောက်ပင်။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ လူများ ရောက်ရှိလာသည်အထိ အချိန်ဆွဲနိုင်သရွေ့ သူတို့ တန်မိသားစု ကြုံတွေ့နေရသော အကျပ်အတည်းကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါလော။

တန်မိသားစုမှ အကြီးအကဲများသည် တန်ချင်းဖုန်း၏ စကားကို ကြားလျှင် တုံ့ဆိုင်းမနေတော့ဘဲ တန်ချင်းဖုန်းနှင့် တန်နင်တို့ကို တွဲခေါ်ကာ တန်ယန်မြို့ ဆီသို့ အလျင်အမြန်ပင် ပြန်ပြေးခဲ့ကြသည်။

ထိုမြင်ကွင်းကိုမြင်လျှင် နတ်မိမယ် ကျိယွင်သည်လည်း အလျင်အမြန်ပင် နောက်ကနေ လိုက်ပါသွားခဲ့၏။

သူမရှေ့ရှိ သိုင်းပညာလောကမှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်အစွမ်းထက်သည်။

ထို့ကြောင့် သူမ အနေဖြင့် အသက်ရှင်ချင်လျှင် တန်မိသားစုနှင့်အတူ တန်ယန်မြို့သို့ အရင်ဆုံး ဆုတ်ခွာသွားခွာရန်သာ ရှိတော့သည် မဟုတ်ပါလား။

“ပြေးထားစမ်း.. ဒီနေ့ ငါက အင်မော်တယ်တိုက်ရဲ့နံပါတ်တစ်မိသားစု ဖြစ်တဲ့ တန်မိသားစုကို အမြစ်ပြတ် ချေမှုန်းပစ်မယ်”

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် တန်ယန်မြို့ ဆီသို့ အေးအေးဆေးဆေးပင် လျှောက်လှမ်းသွားခဲ့သည်။

အင်မော်တယ်တိုက်ရှိ အင်မော်တယ်ကျင့်ကြံသူ အားလုံးသည် နတ်ဘုရားနယ်မြေကို စတင် ကျူးကျော်ခဲ့သည့် အင်မော်တယ်စကြဝဠာမှ ဆင်းသက်လာသူများ ဖြစ်၍ နတ်ဘုရားနယ်မြေ၏ ရန်သူများ ဖြစ်ကြသည်။

ကျန်းချန် ဤနေရာသို့ လာရောက်ရသည့် အဓိကရည်ရွယ်ချက်မှာ နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန် ဖြစ်သည်။

ထို့ကြောင့် အစပိုင်းတွင် ကျန်းချန်သည် သိုသိုသိပ်သိပ်နေထိုင်ရန်သာ ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိလာသည်နှင့်အမျှ ကျန်းချန်၏ စိတ်ထဲတွင် အစီအစဥ်သစ်တချို့ ပေါ်ပေါက်လာခဲ့၏။

မည်သို့ပင်ဖြစ်စေကာမူ ရက်အနည်းငယ် အကြာတွင် ထာဝရသက်ရှည်တောင်တန်း ဖွင့်တော့မည် ဖြစ်ရာ အင်မော်တယ်ကျင့်ကြံခြင်းလောကမှ အစွမ်းထက်ကျင့်ကြံသူ အများအပြား ထိုနေရာတွင် စုဝေးကြမည်မှာ သေချာပြီး သူ၏ အထောက်အထားကို ဆက်လက် ဖုံးကွယ်ရန် ခက်ခဲပေလိမ့်မည်။

အကယ်၍ ထိုအချိန်မှ သူ၏ အထောက်အထား ပေါ်သွားခဲ့လျှင် ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ရောက်ပြီး နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို ရှာဖွေရန်မှာ သံသယဖြစ်ဖွယ်ရာမရှိ အလွန်တရာ ခက်ခဲသွားပေလိမ့်မည်။

အင်မော်တယ်ကျင့်ကြံခြင်း လောကရှိ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် အားမနည်းဘဲ ကပ်ဘေးအဆင့်၏ နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေသည့် ပုဂ္ဂိုလ်များပင် ပိုင်ဆိုင်ထားကြသည်။

ကျန်းချန်၏ လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် ကပ်ဘေးနှောင်းပိုင်းအဆင့် အင်မော်တယ် ကျင့်ကြံသူများကို မကြောက်ရွံ့သော်လည်း သူတစ်ဦးတည်း အင်အားဖြင့် အင်မော်တယ် ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ယှဥ်ပြိုင်ရန်မှာမူ မဖြစ်နိုင်ပေ။

ထို့ကြောင့် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ကမောက်ကမ ဖြစ်အောင် ဖန်တီးရန် ဆုံးဖြတ်လိုက်ခြင်းပင်။

ယနေ့တွင် သူက မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ဘိုးဘေးတစ်ဦးကို သတ်ဖြတ်ခဲ့သည်။

ထို့အပြင် အင်မော်တယ် ကျင့်ကြံခြင်း လောက၏ နံပါတ်တစ်မိသားစုဖြစ်သော တန်မိသားစုကိုပါ အမြစ်ပြတ် ချေမှုန်းလိုက်လျှင် အင်မော်တယ် ကျင့်ကြံခြင်းလောက တစ်ခုလုံးကို တုန်လှုပ်သွားစေလိမ့်မည် မဟုတ်ပါလား။

မြောက်ဘက်ဒေသရှိ သိုင်းပညာလောကသည်ပင် ထိုသတင်းကို ရရှိလျှင် အင်မော်တယ်ကျင့်ကြံခြင်း လောကကို တိုက်ရိုက် တိုက်ခိုက်လာနိုင်ပေသည်။

အကယ်၍ မြောက်ဘက်ဒေသရှိ သိုင်းပညာလောကနှင့်သာ ပူးပေါင်းနိုင်လျှင် အင်မော်တယ် ကျင့်ကြံခြင်း လောကကို ဖျက်ဆီးပစ်နိုင်မည့် အကောင်းဆုံး အခွင့်အရေးကို ပိုင်ဆိုင်နိုင်လိမ့်မည် ဖြစ်၏။

အင်မော်တယ် ကျင့်ကြံခြင်းလောကကို မဖျက်ဆီးနိုင်လျှင်ပင် မြောက်ဘက်ဒေသရှိ သိုင်းပညာလောကသည် အင်မော်တယ် ကျင့်ကြံခြင်းလောကကို ထိန်းထားလိမ့်မည် ဖြစ်ရာ သူ့အနေဖြင့် ထာဝရသက်ရှည်တောင်တန်း ထဲသို့ ဝင်ရောက်ပြီး ကောင်းကင်လမ်းစဥ်ကို ရှာဖွေရာတွင် အလွန်တရာ အကျိုးရှိလိမ့်မည် ဖြစ်၏။

“ဒီလူက တန်မိသားစုကို တကယ်ပဲ သွားတိုက်တော့မလို့လား"

"ဒါက အင်မော်တယ် ကျင့်ကြံခြင်းလောကမှာ တန်မိသားစုပေါ်ထွက်လာကတည်းက ပထမဆုံးအကြိမ်ပဲ"

"ဒီလူက ဘိုးဘေးထျန်းရှကိုတောင် အလွယ်တကူ သတ်နိုင်တယ် တန်မိသားစုတော့ ဒီနေ့ ဇာတ်သိမ်းရတော့မယ် ထင်တယ်”

ကျင့်ကြံသူများသည် ထိုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေခဲ့ကြသည်။

မြောက်ဘက်ဒေသရှိ သိုင်းပညာလောကမှ နတ်ဘုရင်တစ်ပါးသည် သူတို့ အင်မော်တယ် ကျင့်ကြံခြင်း လောကသို့ လာရောက်ကာ ရမ်းကားလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။

ဤလူသည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးထျန်းရှကို သတ်ဖြတ်ရုံသာမက တန်ယန်မြို့မှ တန်မိသားစုကိုလည်း တစ်ကိုယ်တော် သွားရောက် ချေမှုန်းချင်နေသည် မဟုတ်ပါလော။

ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင်မှ ကျင့်ကြံသူ အားလုံးသည် ယနေ့နောက်ပိုင်းကစ၍ အင်မော်တယ်တိုက်ကြီးတွင် သေချာပေါက် ကမောက်ကမ ဗြောင်းဆန်တော့မည်ကို စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ခံစားခဲ့ရသည်။

----------------------

အင်မော်တယ်တိုက်၏ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်သော မြူခိုးအင်မော်တယ်ဂိုဏ်းတွင် တိမ်တိုက်များနှင့် မြူခိုးများ ဝိုင်းရံနေသော ဆန်းကြယ်သော ခန်းမဆောင်တစ်ခု ရှိ၏။

ဤအခိုက်အတန့်တွင် ထိုခန်းမဆောင် တစ်ခုလုံးသည် တိတ်ဆိတ်သော အငွေ့အသက်များဖြင့် လွှမ်းခြုံနေခဲ့သည်။

အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခန်းမ၏ အဓိကနေရာတွင် ထိုင်နေခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှ အခြားသူ မဟုတ်ဘဲ မြူခိုးအင်မော်တယ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်သူ ယွင်ထျန်းယီပင် ဖြစ်သည်။

ယွင်ထျန်းယီသည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ကျင့်ကြံသူ သုံးဦးထဲမှ တစ်ဦး ဖြစ်၏။

ခန်းမ၏ ဘေးတစ်ဖက်စီတွင် ထူးခြားသော အရှိန်အဝါများ ရှိသည့် လူတစ်ဒါဇင်ကျော် ရှိနေကြပြီး ၎င်းတို့အားလုံးသည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်ကို ရောက်ရှိနေသော ကျင့်ကြံသူများ ဖြစ်ကြသည်။

“အကြီးအကဲတို့.. မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကက နတ်ဘုရင် တစ်ပါးက တန်ယန်မြို့ အနီးမှာ ပေါ်လာတယ်လို့ အခုလေးတင် ဘိုးဘေးထျန်းရှ ဆီက သတင်းရောက်လာတယ်.. ဒီအတွက် အကူအညီ အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုထားတယ်.. အကြီးအကဲတို့ ဘယ်လိုသဘောရလဲ”

ယွင်ထျန်းယီက ခန်းမထဲမှ ကျင့်ကြံသူများကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

“ဂိုဏ်းချုပ်.. နတ်ဘုရင်တစ်ပါးကို ရင်ဆိုင်မယ်ဆိုရင် ကျွန်တော်တို့ မြူခိုးအင်မော်တယ်ဂိုဏ်း အနေနဲ့ အဖိုးအခအများကြီး ပေးဆပ်ရလိမ့်မယ်.. ကျွန်တော့်အမြင်အရတော့ တခြား အင်မော်တယ်ဂိုဏ်းတွေကိုပါ ဒီကိစ္စနှင့် ပတ်သက်ပြီး အကြောင်းကြားတာ ပိုကောင်းမယ်ထင်တယ်”

အကြီးအကဲတစ်ဦးက လေးနက်စွာ ပြောလိုက်သည်။

သို့သော်လည်း ထိုအကြီးအကဲ၏ စကားအဆုံးမှာပင် မြူခိုးအင်မော်တယ်ဂိုဏ်းမှ တပည့်တစ်ဦးသည် ခန်းမထဲသို့ အလန့်တကြား အမူအရာဖြင့် ပြေးဝင်လာခဲ့သည်။

“ဂိုဏ်း.. ဂိုဏ်းချုပ် ပြဿနာတော့ တက်ပြီ.. ဘိုး.. ဘိုးဘေးထျန်းရှ တိုက်ပွဲမှာ ကျဆုံးသွားခဲ့ပြီ”

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယွင်ထျန်းယီအပြင် ခန်းမထဲတွင် ရှိသည့် အကြီးအကဲများ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

အခန်း(၂၃၆၂)ပြီး၏။

All Chapters