← Chapters

အခန်း (၂၃၆၃-၂၃၆၄)

Vol. 177 Ch. 2363-2364

အခန်း (၂၃၆၃-၂၃၆၄)

Vol. 177 Ch. 2363-2364

အခန်း(၂၃၆၃)

“မင်း.. မင်းဘာပြောလိုက်တာလဲ”

ယွင်ထျန်းယီက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ပြေးဝင်လာသည့်တပည့်ကို မယုံကြည်နိုင်သည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

ဘိုးဘေးထျန်းရှဆိုသည်မှာ သူတို့မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ကျင့်ကြံသူသုံးဦး ထဲမှ တစ်ဦးဖြစ်၏။

ကပ်ဘေးအဆင့်ကို ထိုးဖောက်အောင်မြင်ခဲ့သည့် အချိန်သည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သူ သူကိုယ်တိုင်ထက်ပင် များစွာ ပို၍ စောခဲ့သည်။

ထိုကဲ့သို့ ကပ်ဘေးအဆင့် အင်မော်တယ် ကျင့်ကြံသူတစ်ဦးသည် မည်ကဲ့သို့ အလွယ်တကူ ကျဆုံးသွားနိုင်ပါမည်နည်း။

ဘိုးဘေးထျန်းရှက သိုင်းပညာလောကမှ နတ်ဘုရင် တစ်ပါးနှင့် တိုက်ခိုက်နေမှန်း သူသိထားသည်။

သို့သော်လည်း နတ်ဘုရင်တစ်ပါး ဖြစ်နေလျှင်ပင် ဘိုးဘေးထျန်းရှကို အလွယ်တကူ သတ်ဖြတ်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။

“ဂိုဏ်းချုပ်ကို တင်ပြပါတယ်.. အခုလေးတင်ပဲ ဂိုဏ်းထဲမှာရှိတဲ့ဘိုးဘေးထျန်းရှရဲ့ ဝိညာဥ်ကမ္ပည်းတိုင်က လုံးဝ အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားခဲ့ပါပြီ”

မြူခိုးအင်မော်တယ်ဂိုဏ်းဝင်တပည့်က ထိတ်လန့်တကြားအမူအရာဖြင့် အလျင်အမြန်ပင် ပြန်ပြောလိုက်သည်။

မြူခိုးအင်မော်တယ်ဂိုဏ်းတွင် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်နှင့် အကြီးအကဲတိုင်း၏ ဝိညာဥ်ကမ္ပည်းတိုင်များကို ထားရှိထားသည်။

ဝိညာဥ်ကမ္ပည်းတိုင် ကွဲအက်သွားခြင်းသည် ဝိညာဥ်ကမ္ပည်းတိုင်၏ ပိုင်ရှင်က သေဆုံးသွားပြီဟု အဓိပ္ပါယ်ရသည်။

ဤမြူခိုးအင်မော်တယ်ဂိုဏ်းဝင် တပည့်သည် ဝိညာဥ်ကမ္ပည်းတိုင်များကို စောင့်ကြပ်ရန် အတွက် အထူးတာဝန်ပေးခြင်း ခံထားရသူ ဖြစ်၏။

ယခုလေးတင်ပင် ထိုဂိုဏ်းဝင်တပည့်သည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့် ကျင့်ကြံသူသုံးဦး ထဲမှ တစ်ဦးဖြစ်သော ဘိုးဘေးထျန်းရှ၏ ဝိညာဥ်ကမ္ပည်းတိုင်က တစ်စစီ ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် အလွန်အမင်း ထိတ်လန့်သွားခဲ့ခြင်း ဖြစ်သည်။

ဆိုရလျှင် ဘိုးဘေးထျန်းရှ ကျဆုံးသွားခြင်းသည် မြူခိုးအင်မော်တယ်ဂိုဏ်းအတွက် သံသယဖြစ်ဖွယ်ရာမရှိ တုန်လှုပ်ချောက်ချားစရာ ကိစ္စရပ်ကြီး တစ်ခုပင်။

ထို့ကြောင့်လည်း ဂိုဏ်းဝင်တပည့်သည် အနည်းငယ်မျှပင် တွေဝေမနေရဲဘဲ ထိုကိစ္စကို ယွင်ထျန်းယီထံ သတင်းပို့ရန်အတွက် အလျင်အမြန် ပြေးလာခဲ့ခြင်း ဖြစ်၏။

“ဘိုးဘေးထျန်းရှရဲ့ ဝိညာက်ကမ္ပည်းတိုင်က ကွဲသွားပြီတဲ့လား”

မြူခိုးအင်မော်တယ်ဂိုဏ်းဝင်တပည့်၏ စကားကို ကြားလျှင် ခန်းမဆောင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

မြူခိုးအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲများ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သောအမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ယခုလေးတင် သူတို့သည် ဘိုးဘေးထျန်းရှက တန်ယန်မြို့အနီးတွင် သိုင်းပညာလောကမှ နတ်ဘုရင်တစ်ပါးနှင့် ရင်ဆိုင်နေရကြောင်း ယွင်ထျန်းယီ ပြောပြသဖြင့် သိခဲ့ရသည်။

သို့သော်လည်း နောက်ထပ် တစ်ခဏမှာပင် ဘိုးဘေးထျန်းရှသည် ကျဆုံးသွားခဲ့ချေပြီ။

ဤအချက်အလက်ကိုထောက်လျှင် ဘိုးဘေးထျန်းရှနှင့်တွေ့ဆုံခဲ့သည့် နတ်ဘုရင်သည် သာမန် နတ်ဘုရင်တစ်ပါးမဟုတ်ဘဲ ကပ်ဘေးအဆင့်ရှိ အင်မော်တယ် ကျင့်ကြံသူကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်သော အစွမ်းထက်နတ်ဘုရင်တစ်ပါး ဖြစ်နေသည်မှာ ထင်ရှား၏။

“ဂိုဏ်းချုပ်.. ဒီကိစ္စက ကျွန်တော်တို့ မြူခိုးအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းတည်းက ကိုင်တွယ်နိုင်တဲ့ အခြေအနေထက် ကျော်လွန်သွားခဲ့ပြီ.. အချိန်မဆွဲဘဲ ကျန် အင်မော်တယ်ဂိုဏ်းကြီးလေးဂိုဏ်းကိုပါ ချက်ချင်း အကြောင်းကြားသင့်တယ် ထင်တယ်”

မြူခိုးအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲတစ်ဦးက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။

ယွင်ထျန်းယီက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်၏။

သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

မူလက ယွင်ထျန်းယီသည် အခြားသော အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်းကို အရင်ဆုံး အကြောင်းမကြားဘဲ ဘိုးဘေးထျန်းရှကို တိုက်ရိုက် သွားရောက်ကူညီကာ နတ်ဘုရင်ကို သတ်ဖြတ်ပြီး မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဂုဏ်သတင်းကို ပြန်လည် မြှင့်တင်ရန် စီစဥ်ခဲ့သည်။

သို့သော် နတ်ဘုရင်၏ စွမ်းရည်သည် သူ စိတ်ကူးထားသည်ထက်ပင် လုံးဝ သာလွန်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကပ်ဘေးအဆင့်ရှိ ဘိုးဘေးထျန်းရှပင်လျှင် တစ်ခဏအတွင်း ပြိုင်ဘက်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသည် မဟုတ်ပါလော။

ကံကောင်းထောက်မစွာဖြင့် ဘိုးဘေးထျန်းရှ ထံမှ သတင်းကို ရရှိပြီးနောက်တွင် သူက တိုက်ရိုက် သွားရောက် မကူညီဘဲ မြူခိုးအင်မော်တယ်ဂိုဏ်း၏ အကြီးအကဲများကို စုဝေးကာ အစည်းအဝေး လုပ်ရန် ဆုံးဖြတ်မိခဲ့၏။

သို့မဟုတ်လျှင် သူ၏ ကံကြမ္မာသည် ဘိုးဘေးထျန်းရှထက် ပိုကောင်းနေမည် မဟုတ်ပေ။

ထိုကဲ့သို့သော အစွမ်းထက်နတ်ဘုရင်ကို သူတို့ မြူခိုးအင်မော်တယ်ဂိုဏ်းမှ ကပ်ဘေးနှောင်းပိုင်း အဆင့်ရှိ ဘိုးဘေးကသာ ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။

သို့သော်လည်း ထိုဘိုးဘေးသည် အမြဲတစေ တံခါးပိတ်၍ ကျင့်ကြံနေသူဖြစ်ရာ မြူခိုးအင်မော်တယ်ဂိုဏ်း၏ သေခြင်း၊ရှင်ခြင်း ကိစ္စရပ်များနှင့် ပတ်သက်သည့် အရေးကြီးသော အချိန်မဟုတ်လျှင် အလွယ်တကူ ထွက်ပေါ်လာမည် မဟုတ်ပေ။

လက်ရှိအခြေအနေက သူတို့ မြူခိုးအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းတည်း ကိုင်တွယ်နိုင်သော အခြေအနေ မဟုတ်တော့သဖြင့် ကျန်အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်း ထံသို့ သတင်းကို အမြန်ဆုံး ပို့ပေးရန်သာ ရှိတော့သည်။

ဘိုးဘေးထျန်းရှ၏ ကျဆုံးမှုကြောင့် မြူခိုးအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းလုံး တုန်လှုပ်နေချိန်တွင် တန်ချင်းဖုန်းတို့ လူစုသည် ထိတ်လန့်တကြားဖြင့် တန်မိသားစု ဆီသို့ ပြန်ပြေးလာခဲ့ကြသည်။

သူတို့ အသက်ရှူ၍ မဝသေးခင်မှာပင် တန်မိသားစုဝင် တပည့်တစ်ဦးသည် သတင်းတစ်ခုကို တင်ပြခဲ့သည်။

“မျိုးနွယ်စု‌ခေါင်းဆောင်.. အနက်ရောင်ဝတ်စုံဝတ်လူငယ်က တန်မိသားစုကို လာတိုက်နေပါပြီ.. အခု သူက တန်ယန်မြို့ အပြင်ဘက်မှာ ရောက်နေပါပြီ”

တန်ချင်းဖုန်းတို့လူစု၏ မျက်နှာသည် ချက်ချင်းဆိုသလိုပင် သုန်မှုန်သွားခဲ့သည်။

အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု အနေဖြင့် တန်မိသားစုသည် အမြဲတစေ မြင့်မြတ်သော အဆင့်အတန်းတွင် ရှိခဲ့ပြီး တန်မိသားစု၏ ဂုဏ်သတင်းသည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထက်ပင် မနိမ့်ကျပေ။

ဤနှစ်ပေါင်းများစွာ အတွင်း သူတို့ တန်မိသားစုကသာ သူတစ်ပါးကို နှိပ်စက် အနိုင်ကျင့်ခဲ့သည်။

ယခုကဲ့သို့ လာရောက် အတိုက်ခံရသည်မှာ သူတို့မိသားစု၏ သမိုင်းတွင် ပထမဆုံးအကြိမ်ပင် ဖြစ်၏။

“တန်ယန်မြို့ရဲ့ အကာအကွယ် အစီအရင်ကို ချက်ချင်းဖွင့်လိုက်.. လက်ရွေးစင်တပ်ဖွဲ့တွေကိုပါ အသင့်ပြင်ခိုင်းထား.. တန်မိသားစုရဲ့အမွေအနှစ်တွေကို အကုန်အစင် ထုတ်သုံးပြီး ရန်သူကို အစွမ်းကုန် ရင်ဆိုင်ကြ”

တန်ချင်းဖုန်းက တွေဝေမနေဘဲ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်က အစွမ်းထက်သော်လည်း သူတို့ တန်မိသားစုသည် မည်သူမဆို အလွယ်တကူ အနိုင်ကျင့်ရန် လွယ်ကူသည့် မိသားစု မဟုတ်ပေ။

တန်ယန်မြို့၏ မြို့ပြင်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်နှင့်တိုက်ခိုက်ပါက တန်မိသားစုထဲရှိ မည်သူကမှ ပြိုင်ဘက်မဖြစ်နိုင်ပေ။

သို့သော်လည်း တန်မိသားစုသည် တန်ယန်မြို့ကို နှစ်ပေါင်းများစွာ အုပ်စိုးလာသော မိသားစု ဖြစ်၍ နက်ရှိုင်းသော အမွေအနှစ်များကို ပိုင်ဆိုင်ထားခဲ့သည်။

အထူးသဖြင့် အစီအရင်သခင် တစ်ဦး ကိုယ်တိုင် စီရင်ပေးထားသည့် မြို့စောင့်ကာကွယ်ရေး အစီအရင်တစ်ခု ရှိ၏။

ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးပင်လျှင် တန်ယန်မြို့ထဲကို အတင်းအဓမ္မ ဝင်ရောက်ချင်လျှင် အလွန်ကြီးမားသော အဖိုးအခကို ပေးဆပ်ရပေလိမ့်မည်။

ဤသည်ကလည်း တန်မိသားစုအနေဖြင့် ကျင့်ကြံခြင်းလောကတွင် မြင့်မားသော နေရာ၌ ရပ်တည်နိုင်ရခြင်း၏ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်သည်။

တန်မိသားစု၏ အမွေအနှစ်များကို အသုံးပြု၍ အနက်ရောင်ဝတ်စုံဝတ် လူငယ်အား အနိုင်ယူနိုင်မလား ဆိုသည်မှာ တန်ချင်းဖုန်း အတွက် မသေချာသော်လည်း အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း၏ အကူအညီများ ရောက်ရှိလာသည်အထိ အချိန်ဆွဲထားရန် အတွက်မူ အတိုင်းအတာ တစ်ခုအထိ ယုံကြည်ချက် ရှိသည်။

တစ်ချိန်ထဲမှာပင် တန်ယန်မြို့၏ အပြင်ဘက်တွင် ကျန်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေခဲ့ပြီး သူ့ရှေ့ရှိ ခမ်းနားလှသော မြို့ကြီးကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။

သူ တန်ယန်မြို့သို့ ဝင်ရောက်တော့မည့် ဆဲဆဲမှာပင် တန်ယန်မြို့၏ အထက်ကောင်းကင်ယံတွင် ရုတ်တရက် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ထိုကျယ်လောင်သောအသံ ပျံ့နှံ့သွားသည်နှင့်အမျှ တိတ်ဆိတ်နေသော တန်ယန်မြို့သည် နှစ်ခြိုက်စွာ အိပ်မောကျနေရာမှ နိုးထလာသကဲ့သို့ ဖြစ်သွားခဲ့၏။

ကြီးကျယ်ခမ်းနားလှသော အစီအရင် အကာအကွယ် အလွှာများစွာသည် ကြာပန်းများ ပွင့်အာလှသည့်နှယ် တန်ယန်မြို့၏ ပတ်ပတ်လည်တွင် ပေါ်ထွက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ဆန်းကြယ်သော အလင်းတန်းပေါင်းများစွာ လင်းလက်လာခဲ့ပြီး သားရဲကြီးများ၏ ဟိန်းဟောက်သံများပင် ထွက်ပေါ်လာခဲ့ကာ ဆန်းကြယ်သော ပုံရိပ်ပေါင်းများစွာလည်း ပေါ်လာခဲ့၏။

ဤအစီအရင်သည် တန်မိသားစုက အစီအရင်သခင် တစ်ဦးကို ရှာဖွေကာ အရင်းအမြစ်ပေါင်း များစွာကို အသုံးပြု၍ တည်ဆောက်ထားသည့် တုန်လှုပ်ချောက်ချားဖွယ် အစွမ်းထက်သည့် အစီအရင်တစ်ခု ဖြစ်သည်။

ဤကာကွယ်ရေးအစီအရင်ကို ထိုးဖောက်ချင်သူ မည်သူမဆို ကြီးလေးသော အဖိုးအခအား ပေးဆပ်ရပေလိမ့်မည်။

ကျန်းချန်၏ မျက်နှာက တည်ငြိမ်နေခဲ့ပြီး သူ၏ မျက်ဝန်းတွင် ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အရိပ်အယောင် တစိုးတစိမျှ ရှိမနေခဲ့ပေ။

သူက တန်ယန်မြို့ပတ်ပတ်လည်ရှိ အဆင့်မြင့် အစီအရင်များကို ဂရုစိုက်မနေဘဲ တန်ယန်မြို့ ဆီသို့ လျှောက်လှမ်းလာခဲ့သည်။

သူ တန်ယန်မြို့ထဲသို့ ခြေလှမ်းလိုက်သည့် အခိုက်မှာပင် တန်ယန်မြို့၏ အထက်ရှိ အဆုံးမဲ့ ဟင်းလင်းပြင်ထဲကနေ ခရမ်းရောင် နတ်မိုးကြိုး တစ်စင်းသည် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် ကြောက်မက်ဖွယ်စွမ်းအားဖြင့် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

ထိုခရမ်းရောင်နတ်မိုးကြိုးသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများ ပင်လျှင် အနည်းငယ်မျှ ထိတွေ့မိသည်နှင့် ထိုနတ်မိုးကြိုးအောက်တွင် ချက်ချင်းဆိုသလို ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်တစ်ဖက်ကို မြှောက်လိုက်ရာ ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ခရမ်းရောင်နတ်မိုးကြိုးကို လေထဲမှာပင် ခုတ်ပိုင်းပစ်လိုက်သည်။

တန်မိသားစုက တန်ယန်မြို့တွင် တည်ဆောက်ထားသော အကာအကွယ် အစီအရင်သည် အမှန်တကယ်ပင် ထူးခြားပြီး ထိုအစီအရင်၏ စွမ်းအားသည် ကပ်ဘေးအဆင့်ရှိ ဘိုးဘေးထျန်းရှ၏ စွမ်းအားနှင့်ပင် ယှဥ်နိုင်စွမ်း ရှိသည်။

သို့သော် ကျန်းချန်၏ မျက်လုံးထဲတွင်မူ ထိုအစီအရင်သည် သာမန်မျှသာ ဖြစ်၏။

“တန်ချင်းဖုန်း.. မင်းက ဒီအစီအရင်လောက်နဲ့ ငါ့ကို တားချင်နေတာလား.. မင်းက ငါ့ကို အတော်လေး အထင်သေးနေတဲ့ပုံပဲ.. မင်းတို့ တန်မိသားစုရဲ့ အကာအကွယ် အစီအရင်ကို ငါ ဘယ်လိုဖြိုခွင်းပစ်မလဲ ဆိုတာ သေချာ ကြည့်ထားလိုက်”

ကျန်းချန်က အထက်စီးဆန်စွာ ပြောလိုက်ပြီးနောက်တွင် သူ၏ ကျောဘက်၌ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားသည် တိုက်ရိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

“လူသားဧကရာဇ်ဓား ဖြိုခွဲစမ်း”

ကျန်းချန်က ကြုံးဝါးလိုက်သည်နှင့် သူ၏ ကျောဘက်ရှိ နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားသည် တန်ယန်မြို့၏ အထက်ကောင်းကင်ယံ ဆီသို့ တိုက်ရိုက်ပင် ခုတ်ပိုင်းချလိုက်သည်။

အခန်း(၂၃၆၃)ပြီး၏။

အခန်း(၂၃၆၄)

“ဝုန်း..”

ကျန်းချန်၏ ဓားချက်က တန်ယန်မြို့၏ အထက်ကောင်းကင်ယံရှိ အကာအကွယ် အလွှာများကို တစ်လွှာပြီးတစ်လွှာ ဖြိုခွင်းပစ်လိုက်သည်။

ကပ်ဘေးအဆင့်၏ ကြောက်မက်ဖွယ်စွမ်းအားကို တောင့်ခံနိုင်သည်ဟု ကျော်ကြားသော တန်ယန်မြို့၏ မြို့စောင့်ကာကွယ်ရေး အစီအရင်သည် ကျန်းချန်၏ ဓားချက်အောက်တွင် စက္ကူစုတ်သဖွယ် ဖြစ်သွားခဲ့၏။

“တန်ယန်မြို့ရဲ့ ကာကွယ်ရေးအစီအရင်က ဓားချက်တစ်ချက်တည်းနဲ့ ဖျက်ဆီးခံလိုက်ရပါလား”

ဤမြင်ကွင်းကိုမြင်လျှင် မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်မှုကို မကြုံစဖူး ခံစားမိလိုက်ကြသည်။

တန်ချင်းဖုန်းနှင့် တန်မိသားစုမှ အကြီးအကဲများ၏ မျက်နှာသည်လည်း တစ်ခဏအတွင်းမှာပင် ဖြူဖျော့သွားခဲ့၏။

“ဒီကောင်လေးက ငါတို့ တန်ယန်မြို့ရဲ့ ကာကွယ်ရေးအစီအရင်ကို ဓားချက်တစ်ချက်တည်းနဲ့ တကယ်ပဲ ဖျက်ဆီးလိုက်တယ်လား.. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

တန်မိသားစုမှ အကြီးအကဲ တစ်ဦးသည် ထိုမြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့သည်။

သူက သူ၏ မျက်လုံးများကိုပင် ကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့၏။

“တန်မိသားစုရဲ့ အထူးတပ်ဖွဲ့ကို အခုချက်ချင်း တိုက်ပွဲဝင်ခိုင်းလိုက်”

တန်ချင်းဖုန်းက သူ၏ စိတ်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး လေးနက်စွာ အမိန့်ပေးလိုက်သည်။

မြူခိုးအင်မော်တယ်ဂိုဏ်းမှ ဘိုးဘေးထျန်းရှကိုပင် သတ်ဖြတ်နိုင်သော ကျန်းချန်၏ ကြောက်မက်ဖွယ်စွမ်းအားဖြင့် ဆိုလျှင် တန်ယန်မြို့၏ အကာအကွယ်အစီအရင်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို တားဆီးနိုင်မည် မဟုတ်ကြောင်း သိရှိထားခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ဓားချက် တစ်ချက်တည်းဖြင့်ပင် တန်ယန်မြို့၏ ကာကွယ်ရေး အစီအရင်ကို ဖြိုခွင်းနိုင်လိမ့်မည်ဟု တန်ချင်းဖုန်း မမျှော်လင့်ထားခဲ့ပေ။

ဤပုံအတိုင်းသာဆိုလျှင် သူတို့ တန်မိသားစု၏ အခြေခံအင်အားမျှဖြင့် ထိုလူငယ်ကို အချိန်အကြာကြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သူ့အနေဖြင့် အင်‌မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှလူများ အမြန်ဆုံး ရောက်ရှိလာရန်ကိုသာ ဆုတောင်းနေမိသည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

တန်ချင်းဖုန်း၏ အမိန့်ကိုရသည်နှင့် ထူးခြားသော အရှိန်အဝါရှိသည့် ကျင့်ကြံသူ ရာပေါင်းများစွာသည် တန်မိသားစု၏ စံအိမ်ကနေ ချက်ချင်းဆိုသလို ကောင်းကင်ယံဆီ ခုန်တက်လာကြပြီး ကျန်းချန်၏ ရှေ့တွင် ဆန်းကြယ်သော တိုက်ပွဲဗျူဟာတစ်ခုကို ဖော်ဆောင်လိုက်ကြသည်။

“တန်မိသားစုရဲ့ အထူးတပ်ဖွဲ့တောင် ထွက်လာပြီ”

တန်ယန်မြို့၏ အထက် ကောင်းကင်ယံတွင် ပေါ်လာသော ပုံရိပ် ရာပေါင်းများစွာကို မြင်လျှင် ကျင့်ကြံသူများသည် တအံ့တဩ ရေရွတ်လိုက်ကြသည်။

ဤအထူးတပ်ဖွဲ့ဝင်သုံးရာသည် တန်မိသားစု၏ အမာခံအင်အားစုဖြစ်သည်။

အထူးတပ်ဖွဲ့ဝင်တိုင်းသည် အနည်းဆုံး ဝိညာဥ်ခွဲထွက်ခြင်း အဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူများ ဖြစ်ကြ၏။

ထို့အပြင် အထူးတပ်ဖွဲ့ဝင် သုံးရာသည် တိုက်ပွဲဗျူဟာ တစ်ခုကို အတူတကွ ကျင့်ကြံထားသည်။

အကယ်၍ အထူးတပ်ဖွဲ့သုံးရာက တိုက်ပွဲဗျူဟာကို ထုတ်ဖော်လိုက်လျှင် ကပ်ဘေးအဆင့်၏ ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်သော ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်နိုင်၏။

ယခုအခါတွင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဖိအားပေးမှုအောက်တွင် တန်မိသားစုသည် သူတို့၏ ဝှက်ဖဲအားလုံး နီးပါးကို ထုတ်သုံးနေရသည်မှာ ထင်ရှားနေခဲ့သည်။

“ဒီလှည့်ကွက် အသေးအဖွဲလောက်နဲ့ မင်းတို့ တန်မိသားစုက ငါ့ကို တားချင်နေတာလား.. ကျူးရှန်းစည်းတံဆိပ် ဖိနှိပ်စမ်း..”

ကျန်းချန်၏ စကားဆုံးသည်နှင့် သူ၏ လက်ဖဝါးကနေ တောက်ပသော ရွှေရောင် အလင်းတန်းများသည် ကောင်းကင်ယံသို့ ထိုးတက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏအတွင် ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေသည့် “ကျူး”ဟူသော နတ်ဘုရား စည်းတံဆိပ် တစ်ခုသည် လေထုထဲတွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်က ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ရာ ကောင်းကင်ယံ တစ်ခုလုံး အပြင် အောက်ဘက်ရှိ တောင်တန်းများပင် တုန်ခါသွားခဲ့သည်။

တန်ယန်မြို့၏ အထက် ကောင်းကင်ယံမှ စည်းတံဆိပ်သည် စကြဝဠာ တစ်ခုလုံးကို လွှမ်းခြုံထားကာ အရာအားလုံးကို ချေမှုန်းပစ်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။

“ခုခံကြ”

ကျန်းချန်၏ ကြောက်မက်ဖွယ် စည်းတံဆိပ်ကိုမြင်လျှင် တန်မိသားစု၏ အထူးတပ်ဖွဲ့ဝင် သုံးရာသည်လည်း ကောင်းကင်တုန်ဟည်းမတတ် ကြုံးဝါးလိုက်ကြသည်။

မကြာမီမှာပင် အထူးတပ်ဖွဲ့ဝင် သုံးရာ၏ အရှိန်အဝါများသည် လေထုထဲတွင် ပေါင်းစည်းသွားခဲ့ပြီး အဆုံးသတ်၌ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါများ ကိန်းအောင်းနေသည့် လှံတစ်စင်း အဖြစ်သို့ ပြောင်းလဲသွားကာ လေထုထဲကနေ ကျဆင်းလာသော စည်းတံဆိပ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ထိုအခိုက်အတန့်တွင် နေနှင့်လပင်လျှင် ဗြောင်းဆန်သွားမတတ် ပရမ်းပတာ ဖြစ်သွားခဲ့သည်။

တန်မိသားစုမှ အထူးတပ်ဖွဲ့ဝင် သုံးရာ၏ စွမ်းအားများဖြင့် ပေါင်းစည်းထားသောလှံသည် ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် တစ်ခဏအတွင်း ပျက်စီးသွားခဲ့၏။

ထို့နောက်တွင် အထူးတပ်ဖွဲ့ဝင် သုံးရာ အနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ကျူးရှန်းစည်းတံဆိပ်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

ကျန်းချန်၏ စည်းတံဆိပ် စွမ်းအားအောက်တွင် တန်မိသားစု၏ အထူးတပ်ဖွဲ့ဝင် သုံးရာထဲမှ တစ်ဦး တစ်ယောက်မှ အသက်မရှင်ခဲ့ဘဲ အားလုံးနီးပါးသည် ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် တိုက်ပွဲကို စောင့်ကြည့်နေသော ကျင့်ကြံသူ အားလုံးသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မှင်တက်သွားခဲ့ကြပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့ကြသည်။

ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်တွင် ထိတ်လန့်ကြောက်ရွံ့သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလွန်းနေခဲ့သည်။

မြူခိုးအင်မော်တယ်ဂိုဏ်းမှ ကပ်ဘေးအဆင့် ဘိုးဘေးပင်လျှင် တစ်ခဏအတွင်း အသတ်ခံလိုက်ရ၏။

ထို့အပြင် ကပ်‌ဘေးအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်သော တန်ယန်မြို့၏ မြို့စောင့်ကာကွယ်ရေး အစီအရင်သည်လည်း ဓားချက်တစ်ချက်တည်းဖြင့်ပင် ဖျက်ဆီးခံလိုက်ရသည်။

ယခုတစ်ခေါက်တွင်လည်း တန်မိသားစု၏ အမာခံ အင်အားစုဖြစ်သည့် အထူးတပ်ဖွဲ့ဝင် သုံးရာသည် စည်းတံဆိပ်တစ်ခု၏ အောက်တွင် ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။

ဆိုရလျှင် သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မယုံကြည်နိုင်လောက်အောင်ပင် အစွမ်းထက်သော ကျင့်ကြံသူဖြစ်သည်။

ဤပုံအတိုင်းဆိုလျှင် ယနေ့တွင် တန်မိသားစုသည် အမြစ်ပြတ် ချေမှုန်းခံရပေတော့မည်။

“ဒီလူရဲ့အစွမ်းက ကြောက်စရာကောင်းလှချည်လား”

သူမရှေ့မှ အခြေအနေကို ငေးကြည့်ရင်း နတ်မိမယ်ကျိယွင်၏ လှပသော မျက်လုံးလေးထဲတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

သိထားရမည့်အချက်မှာ တန်ယန်မြို့၏ မြို့စောင့်ကာကွယ်ရေးအစီအရင်နှင့် တန်မိသားစု၏ အမာခံအင်အားစုဖြစ်သည့် အထူးတပ်ဖွဲ့ဝင် သုံးရာသည် တန်မိသားစု၏ အထူးဝှက်ဖဲများ ဖြစ်ကြပြီး ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူနှင့်ပင် နှိုင်းယှဥ်နိုင်၏။

သို့သော် သူမ မထင်ထားခဲ့သည်မှာ ထိုကဲ့သို့သော ဝှက်ဖဲများပင်လျှင် အနက်ရောင်ဝတ်စုံဝတ် လူငယ်ကို မတားဆီးနိုင်ခဲ့ခြင်းပင်။

-----------------------

“ကြည့်ရတာ ငါ ဒီကောင်လေးကို အထင်သေးခဲ့မိပြီ ထင်တယ် ဒီလူက ငါတို့ တန်မိသားစု ရင်ဆိုင်နိုင်တဲ့သူ မဟုတ်ဘူး.. တန်မိသားစုက တပည့်တွေကို အခုပဲ လူစုခွဲပြီး ထွက်ပြေးခိုင်းလိုက်တော့”

တန်းချင်းဖုန်းသည် သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။

မြောက်ဘက်ဒေသရှိ သိုင်းပညာလောကမှ လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အလွန်တရာ အစွမ်းထက်မှန်း တန်ချင်းဖုန်း သိထားသော်လည်း ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကပ်ဘေးအဆင့်ကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိသော တန်မိသားစု၏ ဝှက်ဖဲများသည် ထိုလူငယ်၏ ရှေ့တွင် စာဖွဲ့စရာပင် မရှိချေ။

ယခုအခါတွင် တန်ယန်မြို့၏ မြို့စောင့် ကာကွယ်ရေး အစီအရင်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ပြီး အထူးတပ်ဖွဲ့ဝင် သုံးရာသည်လည်း စည်းတံဆိပ် တစ်ခုအောက်တွင် အသတ်ခံလိုက်ရပြီ ဖြစ်ရာ တန်မိသားစုသည် ထိုလူငယ်ကို မည်ကဲ့သို့ ပြန်လည်တိုက်ခိုက်နိုင်ပါတော့မည်နည်း။

ဆိုရလျှင် တန်ယန်မြို့နှင့် တန်မိသားစုသည် ယနေ့တွင် ကျရှုံးရန်အတွက် ကံကြမ္မာပါလာခဲ့ချေပြီ။

လက်ရှိအချိန်တွင် တန်ချင်းဖုန်း အနေဖြင့် တန်မိသားစုဝင်များကို တန်ယန်မြို့မှ ထွက်ပြေးခိုင်းရန်သာ တတ်နိုင်တော့၏။

သို့မှသာလျှင် တန်မိသားစုအတွက် မျိုးဆက်ကို ချန်ထားနိုင်ပေလိမ့်မည်မဟုတ်ပါလော။

သို့မဟုတ်လျှင် တန်မိသားစုသည် ယနေ့တွင် အမြစ်ပြတ်ချေမှုန်းခံရနိုင်ခြေ ရှိနေခဲ့၏။

တန်ချင်းဖုန်း၏ စကားကိုကြားလျှင် တန်မိသားစုမှ အကြီးအကဲအများအပြား၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု အနေဖြင့် တန်မိသားစု၏ အင်မော်တယ်ကျင့်ကြံခြင်း လောကရှိ အဆင့်အတန်းသည် အလွန်တရာ မြင့်မားလှသဖြင့် မည်သူကမှ အလွယ်တကူ ရန်မစရဲခဲ့ကြပေ။

ထို့ကြောင့် တန်မိသားစုသည် တစ်နေ့တွင် ဤကဲ့သို့ မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေသို့ ရောက်ရှိလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။

သို့သော်လည်း တန်မိသားစုမှ အကြီးအကဲများသည် တန်မိသားစု၏ အထူးဝှက်ဖဲ နှစ်ခုက အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ချက်ဖြင့် အလွယ်တကူ ပျက်စီးသွားပြီ ဖြစ်ရာ တန်မိသားစုအနေဖြင့် ထိုလူငယ်ကို ရင်ဆိုင်နိုင်စွမ်း မရှိတော့ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်ခဲ့ကြသည်။

သူတို့အတွက် တန်ယန်မြို့နှင့် တန်မိသားစု စံအိမ်ကို စွန့်ခွာရန်မှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။

“အားလုံးပဲ ဝေးနိုင်သမျှ ဝေးဝေးရောက်အောင် ပြေးတော့”

တန်မိသားစုဝင်များနှင့် အကြီးအကဲများသည် တွေဝေမနေတော့ဘဲ အလင်းတန်းများအဖြစ် ပြောင်းလဲကာ အဝေးသို့ အသီးသီး ထွက်ပြေးခဲ့ကြသည်။

ကျန်းချန်က ထွက်ပြေးနေသော တန်မိသားစုဝင်များကို လိုက်မသတ်ဘဲ လျစ်လျူရှထားလိုက်သည်။

ဤတန်မိသားစုထဲတွင် အစွမ်းအထက်ဆုံးသူမှာ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်သာရှိ၍ သူ၏အမြင်တွင် ၎င်းတို့သည် ပုရွက်ဆိတ်များနှင့် မခြားပေ။

ထို့ကြောင့် ယခုထွက်ပြေးသွားသော တန်မိသားစုဝင်များနှင့် ပတ်သက်၍ စိုးရိမ်စရာ ဘာတစ်ခုမှ မရှိချေ။

အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု အနေဖြင့် တန်မိသားစုသည် အဂ္ဂိရတ်ပညာရပ် အလွန်တရာ ထူးချွန်ကြပြီး အရင်းအမြစ်နှင့် ပတ်သက်လျှင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထက်ပင် ပိုမို၍ ပြည့်စုံသော မိသားစု ဖြစ်သည်။

ထို့ကြောင့် တန်မိသားစုဝင်များကို လိုက်လံသတ်ဖြတ်နေခြင်းထက် တန်မိသားစုတွင် ရှိနေသော ကျင့်ကြံခြင်း အရင်းအမြစ်များကို ကျန်းချန်သည် ပိုမို၍ စိတ်ဝင်စားခဲ့၏။

ဤသို့ဖြင့် ကျန်းချန်သည် လေထုထဲကနေ တန်ယန်မြို့၏ မြို့လယ်ရှိ တန်မိသားစုစံအိမ် ဆီသို့ ဝင့်ကြွားစွာ လျှောက်လှမ်းသွားခဲ့သည်။

အခန်း(၂၃၆၄)ပြီး၏။

All Chapters