← Chapters

အခန်း (၂၃၆၅-၂၃၆၆)

Vol. 177 Ch. 2365-2366

အခန်း (၂၃၆၅-၂၃၆၆)

Vol. 177 Ch. 2365-2366

အခန်း(၂၃၆၅)

“ကောင်လေး မင်းက ငါတို့ တန်မိသားစုကို ဖျက်ဆီးခဲ့တယ်.. ငါ မင်းနဲ့ သူသေကိုယ်သေ တိုက်မယ်”

တန်မိသားစုကနေ မထွက်ခွာလိုကြသော တန်မိသားစုဝင်အချို့သည် ကောင်းကင်ယံကနေ ကျန်းချန် ဆင်းသက်လာသည်ကို မြင်လျှင် ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြပြီး ကျန်းချန် ထံသို့ ပြေးဝင်လာကြသည်။

ထိုသို့ ပြေးဝင်လာစဥ် သူတို့၏ သွေးကြောများကို ပြောင်းပြန်စီးဆင်းစေကာ ဝိညာဥ်ကို ဖောက်ခွဲ၍ ကျန်းချန်နှင့် အတူ သေပွဲဝင်ရန် ကြိုးစားခဲ့ကြသည်။

သို့သော်လည်း တန်မိသားစုဝင်များ၏ ကျင့်ကြံခြင်းအဆင့်သည် သန္ဓေဝိညာဥ် အဆင့်မျှသာ ဖြစ်ရာ ဝိညာဥ်ကို ဖောက်ခွဲပစ်လိုက်လျှင်ပင် ကျန်းချန်အတွက် ခြိမ်းခြောက်မှု အနည်းငယ်မျှ မဖြစ်စေခဲ့ပေ။

တန်မိသားစုမှ ကျင့်ကြံသူ အများအပြားသည် ဝိညာဥ်ကို တစ်ပြိုင်နက်တည်း ဖောက်ခွဲခဲ့ကြသည့်တိုင် ကျန်းချန်၏ အဝတ်စကိုပင် မထိခိုက်နိုင်ခဲ့ချေ။

ဤမြင်ကွင်းသည် တန်မိသားစုမှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် အလွန်အမင်း မျှော်လင့်ချက်မဲ့သော အမူအရာများကို ဖြစ်ပေါ်သွားစေခဲ့၏။

“မသေချင်ရင် အခုချက်ချင်း ဒီနေရာကနေ ထွက်သွားကြစမ်း”

ကျန်းချန်၏ အေးစက်စက် စကားသံက ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့သည်။

ထိုစကားကိုကြားလျှင် တန်မိသားစုဝင်များသည် ထိတ်လန့်တကြားဖြင့် တန်မိသားစုကနေ ထွက်ပြေးသွားခဲ့ကြ၏။

သို့သော်လည်း အခြေအနေကို နားမလည်ဘဲ ကျန်းချန်ထံ ရူးသွပ်စွာ ပြေးဝင်လာသူ အချို့လည်း ရှိနေသေးသည်။

ကျန်းချန်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်သည်နှင့် ထိုကျင့်ကြံသူအားလုံးသည် အမှုန့်အဖြစ် ချေမှုန်းခံလိုက်ရ၏။

ဤသို့ဖြင့်ပင် ကြီးမားလှသော တန်မိသားစုစံအိမ်ကြီး တစ်ခုလုံးနီးပါးသည် ထွက်ပြေးသူပြေး သေသူသေဖြင့် အလွန်လျင်မြန်စွာပင် ခြောက်ကပ်ကပ် ဖြစ်သွားခဲ့သည်။

ကျန်းချန်က နတ်အသိစိတ်အာရုံဖြင့် တန်မိသားစုစံအိမ်ကို အလျင်အမြန် အာရုံခံလိုက်ရာ မကြာမီမှာပင် တန်မိသားစု၏ ဘဏ္ဍာတိုက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး အရင်းအမြစ် အားလုံးကို သိမ်းယူလိုက်သည်။

အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု ဖြစ်၍ တန်မိသားစုပိုင်ဆိုင်သော အရင်းအမြစ်များသည် အမှန်တကယ်ပင် ကြွယ်ဝပြီး ၎င်းတို့ထဲမှ အရင်းအမြစ် အများအပြားသည် ကျန်းချန် အတွက် အလွန်အသုံးဝင်သော အရင်းအမြစ်များ ဖြစ်ကြသည်။

ဤအရင်းအမြစ်များနှင့် အဆတစ်ရာစနစ်၏ တိုးတက်နိုင်စွမ်းကိုသာ ပေါင်းစပ်လိုက်လျှင် အချိန်အနည်းငယ် ပေးရုံဖြင့်ပင် နတ်ဘုရင် ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့်အထိ ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။

ထိုအချိန်သို့ရောက်လျှင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် အနိုင်ရရန် လုံးဝ ယုံကြည်ချက်ရှိသည်။

တန်မိသားစု၏ အရင်းအမြစ်များကို သိမ်းကြုံးရယူပြီးနောက်တွင် ကျန်းချန်သည် တန်မိသားစုတွင် အချိန်အကြာကြီး မနေခဲ့ပေ။

သူက လူအများ၏ အကြည့်အောက်မှာပင် ဟုန်ထျန်းယန်မောင်းနှင်နေသည့် ရထားလုံး ဆီသို့ တိုက်ရိုက်ပင် ပြန်သွားခဲ့ပြီး လူအများ၏ မြင်ကွင်းကနေ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။

“အင်မော်တယ်တိုက်ရဲ့ နံပါတ်တစ်မိသားစုက ဒီလို ဖျက်ဆီးခံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

"ဒီကောင်လေးက မြောက်ဘက်ဒေသက သိုင်းပညာလောကရဲ့ နတ်ဘုရင်တစ်ပါးလို့ ပြောကြတယ်"

"ဒီလူက တန်မိသားစုကို တစ်ကိုယ်တော်စွမ်းရည်နဲ့ ဖျက်ဆီးပစ်နိုင်မယ်လို့ မထင်ထားခဲ့ဘူး.. ဒီပုံစံအတိုင်းဆိုရင် အင်မော်တယ်တိုက်ရဲ့ အခြေအနေက ပြောင်းလဲသွားတော့မယ် ထင်တယ်”

ကျန်းချန် ပျောက်ကွယ်သွားပြီးနောက်တွင် ကျင့်ကြံသူများသည် ထိုကိစ္စနှင့် ပတ်သက်၍ မဆွေးနွေးဘဲ မနေနိုင်ခဲ့ကြပေ။

အင်မော်တယ်တိုက်တွင် အင်မော်တယ် ကျင့်ကြံခြင်း လောက ထွန်းကားလာကတည်းကပင် မြောက်ဘက်ဒေသရှိ သိုင်းပညာလောကသည် အကြီးအကျယ် ဖိနှိပ်ခံခဲ့ရသည်။

ထို့ကြောင့် ယခုကဲ့သို့ နတ်ဘုရင်တစ်ပါးက အင်မော်တယ် ကျင့်ကြံခြင်း လောကထဲကို တစ်ကိုယ်တော် ဝင်ရောက်လာပြီး အင်မော်တယ် ကျင့်ကြံခြင်း လောကကို ကမောက်ကမဖြစ်အောင် လုပ်ဆောင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြချေ။

ယခုအခါတွင် မြူခိုးအင်မော်တယ်ဂိုဏ်းသည် ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူ တစ်ယောက်ကို ဆုံးရှုံးသွားရုံသာမက နံပါတ်တစ်မိသားစု ဖြစ်သည့် တန်မိသားစုပင် ဖျက်ဆီးခံလိုက်ရချေပြီ။

ဆိုရလျှင် အင်မော်တယ် ကျင့်ကြံခြင်း လောကအနေဖြင့် မြောက်ဘက်ဒေသရှိ သိုင်းပညာလောက၏ လက်ချက်ဖြင့် ဤမျှ ကြီးမားသော ဆုံးရှုံးမှုကို မခံခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သည်။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသာ ထိုအကြောင်းကို သိသွားခဲ့လျှင် သေချာပေါက် ဒေါသထွက်ကြမည် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် မြောက်ဘက်ဒေသရှိ သိုင်းပညာ လောကကြားတွင် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲကြီး တစ်ပွဲပင် ဖြစ်ပေါ်လာနိုင်ခြေ ရှိသည်။

“ဝုန်း..”

“ဝုန်း..”

ရုတ်တရက် တန်ယန်မြို့၏ အထက် ကောင်းကင်ယံတွင် ပြင်းထန်သော နေရာလွတ် လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

မကြာမီမှာပင် မီတာရာပေါင်းများစွာ ရှည်လျားသည့် ကြီးမားသော နေရာလွတ် လမ်းကြောင်းသည် တန်ယန်မြို့၏ အထက် ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။

ထို့နောက်တွင် နေရာလွတ်လမ်းကြောင်းထဲကနေ ထူးခြားသော အရှိန်အဝါများ ရှိသည့် ပုံရိပ်ငါးခုသည် တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်များထဲမှ တစ်ဦးသည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ယွင်ထျန်းယီပင် ဖြစ်၏။

သိပ်မကြာခင်က ယွင်ထျန်းယီသည် ဘိုးဘေးထျန်းရှ အသတ်ခံလိုက်ရပြီ ဖြစ်ကြောင်း သိလိုက်ရပြီးနောက်တွင် ကျန်အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်းကို ဆက်သွယ်ခဲ့သည်။

ထိုကိစ္စနှင့် ပတ်သက်၍ ထိုက်ယီအင်မော်တယ်ဂိုဏ်း ဦးဆောင်သော အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်းစလုံးသည် သိသိသာသာပင် အလွန်တရာ အလေးထားခဲ့ကြပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးစီကို အသီးသီး စေလွှတ်ခဲ့ကြသည်။

အချိန်နှောင့်နှေးနေလျှင် အခြေအနေ ပြောင်းလဲသွားနိုင်သဖြင့် ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦးစလုံးသည် နေရာလွတ်လမ်းကြောင်းကို စုပေါင်း၍ ဖွင့်လှစ်ကာ အလျင်မြန်ဆုံး အရှိန်အဟုန်ဖြင့် တန်ယန်မြို့ဆီသို့ ရောက်ရှိလာခဲ့ကြခြင်းပင်။

“အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းက ကပ်ဘေးအဆင့် ကျင့်ကြံသူတွေပါလား”

လေထုထဲမှ ပုံရိပ်များကိုမြင်လျှင် ကျင့်ကြံသူများသည် အံ့အားသင့်သွားခဲ့ကြပြီး အသက်ရှုရန်ပင် မေ့လျော့နေခဲ့ကြသည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦး တန်ယန်မြို့သို့ ရောက်ရှိလာကြသဖြင့် ဤကိစ္စနှင့် ပတ်သက်၍ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် အလွန်တရာပင် အလေးထားသည်မှာ ထင်ရှားနေခဲ့၏။

“တန်မိသားစုက ပျက်စီးသွားခဲ့ပြီ.. ငါတို့ ခြေတစ်လှမ်းနောက်ကျသွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

အောက်ဘက်ရှိ တန်မိသားစု၏ အခြေအနေကို ကြည့်ကာ ယွင်ထျန်းယီသည် အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

တန်မိသားစုတွင် ကပ်ဘေးအဆင့် ကျင့်ကြံသူ မရှိသော်လည်း အင်မော်တယ်တိုက်၏ နံပါတ်တစ်မိသားစု အနေဖြင့် ကပ်ဘေးအဆင့် ကျင့်ကြံသူနှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိသော စွမ်းရည်များ ရှိသည်။

ဂုဏ်အရှိန်အဝါ ကြီးမားလှသော တန်မိသားစုသည် မြောက်ဘက်ဒေသမှ နတ်ဘုရင်တစ်ပါး၏ လက်ချက်ဖြင့် ဤမျှအထိ မြန်မြန်ဆန်ဆန် ဖျက်ဆီးခံလိုက်ရမည်ဟု ယွင်ထျန်းယီ မထင်ထားခဲ့ပေ။

“ဘယ်လောက်တောင် အတင့်ရဲ ရမ်းကားလိုက်တဲ့ နတ်ဘုရင်လဲ.. ငါတို့ အင်မော်တယ် ကျင့်ကြံခြင်း လောကထဲကို တစ်ယောက်ထဲ ရောက်လာပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူကို သတ်ခဲ့တဲ့အပြင် တန်မိသားစုကို ဖျက်ဆီးပစ်ခဲ့တယ်.. ငါတို့ အင်မော်တယ် ကျင့်ကြံခြင်း လောကမှာ သူ့ကို ရင်ဆိုင်ဖို့ ဘယ်သူမှ မရှိတော့ဘူးလို့ ထင်နေလား မသိဘူး”

အရပ်အမောင်းမြင့်မားပြီး သန်မာထွားကျိုင်းသော အမျိုးသား တစ်ဦးသည် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

သူ၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါကြောင့် မည်သူမှ သူ့ကို စေ့စေ့ပင် မကြည့်ရဲကြပေ။

“ငါတို့တွေ တံခါးပိတ် ကျင့်ကြံတာ အချိန်အတော်ကြာသွားတဲ့အတွက် မြောက်ဘက်ဒေသမှာရှိတဲ့ သိုင်းပညာလောကက ငါတို့ဆီ လာပြီး ရမ်းကားရဲတဲ့အထိ အတင့်ရဲလာတဲ့ပုံပဲ.. ကြည့်ရတာ မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကကို နည်းနည်းပါးပါး ပညာပေးဖို့ အချိန်တန်ပြီ”

အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက အေးစက်စက် ပြောလိုက်သည်။

“ဒီနတ်ဘုရင်က ဒီလောက်အထိ အတင့်ရဲပုံထောက်ရင် သူ့မှာ အားကိုးစရာ တစ်ခုခု ရှိလို့ပဲ ဖြစ်ရမယ်”

နတ်မင်းကြီး တစ်ပါး ကဲ့သို့ အသွင်အပြင် ရှိသည့် အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုတစ်ဦးက တည်ငြိမ်စွာ ပြောလိုက်သည်။

“မြို့ထဲက တစ်ယောက်ယောက်စီကနေ တန်ယန်မြို့ရဲ့ အခြေအနေကို စုံစမ်းကြည့်ရအောင်”

အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအို၏ စကားအဆုံးမှာပင် ပုံရိပ်တစ်ခုသည် သူတို့ငါးဦး ထံသို့ အလျင်အမြန် ပျံသန်းလာခဲ့သည်။

“ကျိယွင်က ဂိုဏ်းချုပ်နဲ့ စီနီယာအားလုံးကို ဂါဝရပြုပါတယ်”

ပျံသန်းလာသော ပုံရိပ်မှာ အခြားသူ မဟုတ်ဘဲ မြူခိုးအင်မော်တယ်ဂိုဏ်း၏ အဓိကတပည့်ရင်း ဖြစ်သည့် နတ်မိမယ်ကျိယွင်ဖြစ်သည်။

အစောပိုင်းတွင် ကျန်းချန်သည် တန်မိသားစု၏ ဝှက်ဖဲများကို အလွယ်တကူပင် ဖြိုခွဲခဲ့ပြီး တန်မိသားစုဝင်များကို ထွက်ပြေးစေခဲ့ရာ နတ်မိမယ်ကျိယွင်သည်လည်း သဘာဝကျစွာပင် ထိုအခွင့်အရေးကို အသုံးပြု၍ တန်ယန်မြို့ကနေ ထွက်ပြေးခဲ့သည်။

သို့သော်လည်း တန်ယန်မြို့ကနေ အတန်အသင့် ဝေးသောနေရာအထိ ထွက်ပြေးပြီးနောက်တွင် ကျန်းချန်က သူတို့ကို လိုက်လံ တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိသည်ကို မြင်လျှင် ဆက်လက် ထွက်မပြေးတော့ပေ။

အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းမှ ကပ်ဘေးအဆင့် ပုဂ္ဂိုလ်များ ရောက်ရှိလာသည်ကို မြင်သောအခါမှသာ နတ်မိမယ်ကျိယွင်က ၎င်းတို့ထံ အလျင်အမြန် ရောက်ရှိလာခဲ့ခြင်းပင်။

နတ်မိမယ်ကျိယွင် ရောက်ရှိလာသည်ကို မြင်လျှင် ယွင်ထျန်းယီသည် တိုက်ရိုက်ပင် မေးလိုက်သည်။

“ကျိယွင်.. မင်းအချိန်မီ ရောက်လာတာပဲ.. ဒီနေရာမှာ ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာ ငါတို့ကို မြန်မြန်ပြောပြစမ်း”

“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်”

နတ်မိမယ်ကျိယွင်က တရိုတသေ ပြန်လည် ဖြေကြားလိုက်ပြီး ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို ယွင်ထျန်းယီနှင့်အခြားသူများအား အလျင်အမြန်ပင် ပြန်လည် ပြောကြားလိုက်သည်။

ကျန်းချန်က ဘိုးဘေးထျန်းရှကို အလွယ်တကူ သတ်ဖြတ်လိုက်ခြင်းမှသည် တန်မိသားစု၏ ဝှက်ဖဲများကို ဖြိုခွဲကာ တန်မိသားစု၏ အရင်းအမြစ်များကို သိမ်းကြုံးယူ၍ ထွက်ခွာသွားသည်အထိ ဖြစ်စဥ် တစ်လျှောက်လုံးကို နတ်မိမယ်ကျိယွင်သည် အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ သူ့ရှေ့မှ ကပ်ဘေးအဆင့်ကျင့်ကြံသူ ငါးဦးထံ ပြန်လည် ပြောပြခဲ့သည်။

နတ်မိမယ်ကျိယွင်၏ စကားကိုကြားလျှင် ယွင်ထျန်းယီအပါအဝင် ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦး စလုံး၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့ကြသည်။

တစ်ကိုယ်တော်စွမ်းရည်ဖြင့် ဘိုးဘေးထျန်းရှကို အလွယ်တကူ သတ်ဖြတ်ခြင်း၊ တန်မိသားစု၏ မြို့စောင့်ကာကွယ်ရေး အစီအရင်နှင့် အထူးတပ်ဖွဲ့ဝင်သုံးရာကို အလွယ်တကူပင် ချေမှုန်းနိုင်ခြင်း၊ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းရည်မျိုးကို သူတို့ငါးဦးထဲတွင် မည်သူကမှ လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။

ဆိုရလျှင် ထိုနတ်ဘုရင်၏ စွမ်းရည်သည် အမှန်တကယ်ပင် အတိုင်းအဆမရှိ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

အခန်း(၂၃၆၅)ပြီး၏။

အခန်း(၂၃၆၆)

“အားလုံးပဲ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ မြင်လဲ”

ဦးဆောင်သူဖြစ်သည့် အစိမ်း‌ရောင်ဝတ်စုံဝတ် အဘိုးအိုက ယွင်ထျန်းယီတို့ လေးဦးကို ကြည့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။

အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုမှာ အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းထဲတွင် နံပါတ်တစ်နေရာ၌ ရှိသော ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ ချင်းယွင်ဖြစ်သည်။

ချင်းယွင်သည် ကပ်ဘေး အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပြီး ဤငါးဦးထဲတွင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဆိုလည်းမမှားပေ။

“အင်မော်တယ် ကျင့်ကြံခြင်းလောကထဲကို လာရောက်ရမ်းကားရဲမှတော့ ဒီနတ်ဘုရင် သေကို သေမှဖြစ်လိမ့်မယ်.. မဟုတ်ရင် မြောက်ဘက်ဒေသမှာ ရှိတဲ့ သိုင်းပညာလောကက ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကကို အနိုင်ကျင့်ဖို့ လွယ်တယ်လို့ ထင်နေလိမ့်မယ်”

သန်မာထွားကျိုင်း‌သော အမျိုးသားက မာန်ပါပါ ပြောဆိုလိုက်သည်။

ယွင်ထျန်းယီကမူ အနည်းငယ် ဝေခွဲမရ ဖြစ်နေခဲ့၏။

“ဒီကိစ္စက နည်းနည်း ထူးဆန်းနေတယ်လို့ ငါထင်တယ်.. အဲဒီနတ်ဘုရင်ရဲ့ အထောက်အထားကို သေသေချာချာ မသိရသေးခင်အထိ အဆင်အခြင်မဲ့ မလှုပ်ရှားတာ ပိုကောင်းလိမ့်မယ်”

ထိုလျှို့ဝှက်ဆန်းကြယ်သော နတ်ဘုရင်သည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးတစ်ပါးကိုပင် သတ်ဖြတ်ခဲ့သူ ဖြစ်ရာ ယွင်ထျန်းယီ၏ ထိုလူကို သတ်ဖြတ်ပစ်ချင်စိတ်သည် တခြားလူများထက်ပင် ပိုမို၍ ပြင်းထန်နေခဲ့သည်။

သို့သော်လည်း သူ၏ ပင်ကိုသိစိတ်ကမူ ယခုအချိန်တွင် မလှုပ်ရှားသင့်သေးကြောင်း သတိပေးနေခဲ့၏။

မည်သို့ပင်ဖြစ်စေကာမူ မြောက်ဘက်ဒေသရှိ သိုင်းပညာလောကမှ နတ်ဘုရင်တစ်ပါးက အင်မော်တယ် ကျင့်ကြံခြင်းလောကထဲသို့ ရုတ်တရက် ဝင်ရောက်လာခြင်းသည် အလွန်တရာ ထူးဆန်းသောကိစ္စ ဖြစ်သည် မဟုတ်ပါလား။

ဤသည်က မြောက်ဘက်ဒေသရှိ သိုင်းပညာလောကမှ အသေအချာ စီစဥ်ထားသည့် အစီအစဥ်တစ်ခု ဖြစ်နိုင်ပြီး သတိမထားမိလျှင် ကြီးမားသော အဖိုးအခကို ပေးဆပ်ရနိုင်ခြေ ရှိသည်။

ယင်းအတွက်ကြောင့် အခြေအနေ အရပ်ရပ်ကို အသေအချာ မသိသေးမီ တိုက်ရိုက် တိုက်ခိုက်ရန် ယွင်ထျန်းယီ မလိုလားခဲ့ပေ။

ထို့အပြင် အင်မော်တယ် ကျင့်ကြံခြင်းလောကထဲကို ရုတ်တရက် ရောက်ရှိလာသော နတ်ဘုရင်၏ စွမ်းရည်သည် အတိုင်းအဆမရှိ နက်ရှိုင်းလှ၏။

ထိုနတ်ဘုရင်သည် တစ်ကိုယ်တော်စွမ်းရည်ဖြင့်ပင် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုဘေးထျန်းရှကို သတ်ဖြတ်ခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောက၏ နံပါတ်တစ်မိသားစု ဖြစ်သော တန်မိသားစုကိုပင် ဖျက်ဆီးပစ်ခဲ့သည်။

ထိုကဲ့သို့သော စွမ်းရည်သည် သူတို့ ငါးဦးထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည့် ချင်းယွင်နှင့် နှိုင်းယှဥ်လျှင်ပင် မနိမ့်ကျပေ။

သူ့အမြင်တွင် ထိုနတ်ဘုရင်ကို ရင်ဆိုင်ရန်မှာ လုံးဝ မလွယ်ကူသော အလုပ်တစ်ခု ဖြစ်နိုင်လောက်၏။

“စီနီယာချင်းယွင်.. စီနီယာရဲ့ အဆုံးအဖြတ်ကိုပဲ ကျွန်တော်တို့ ခံယူပါ့မယ်”

အဆုံးသတ်တွင် ယွင်ထျန်းယီ အပါအဝင် ကပ်ဘေးအဆင့်ကျင့်ကြံသူ လေးဦးစလုံးသည် သူတို့၏ ခေါင်းဆောင် ဖြစ်သော ချင်းယွင်ကို ကြည့်လိုက်ကြသည်။

“ကောင်းပြီ.. အဲဒီနတ်ဘုရင်ကို အင်မော်တယ် ကျင့်ကြံခြင်းလောကကနေ အသက်ရှင်လျက် ထွက်သွားခွင့် လုံးဝ ပေးလို့မဖြစ်ဘူး”

ချင်းယွင်၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဒီလိုအသက်အရွယ်နဲ့ နတ်ဘုရင်အဆင့်အထိ ရောက်ရှိနေတဲ့ လူငယ်ပါရမီရှင် တစ်ယောက်က ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲဆိုတာ မင်းတို့တွေ သိမယ်ထင်တယ်”

ထိုစကားကို ကြားလျှင် ယွင်ထျန်းယီနှင့်အခြားသူများသည် တုန်လှုပ်သွားခဲ့ကြသည်။

သိုင်းပညာလောကမှ နတ်ဘုရင်အဆင့်ရှိ လူငယ်ပါရမီရှင်သည် အင်မော်တယ်ကျင့်ကြံခြင်းလောကရှိ ကပ်ဘေးအဆင့်သို့ ရောက်ရှိနေသော လူငယ်ပါရမီရှင်များ ကဲ့သို့ပင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် အလွန်တရာ ရှားပါးသော ပါရမီရှင်မျိုး ဖြစ်သည်။

တစ်ချိန်က အင်မော်တယ် ကျင့်ကြံခြင်းလောကသည် အင်မော်တယ်တိုက်တွင် စတင် ထွန်းကားလာခဲ့ပြီး မြောက်ဘက်ဒေသရှိ သိုင်းပညာ အင်အားစုများကို အပြတ်အသတ် အနိုင်ယူကာ အမြစ်ပြတ်ချေမှုန်းရန် အတွက် လက်တစ်ကမ်းအလိုအထိ ဖြစ်ခဲ့ဖူး၏။

သို့သော်လည်း အရေးကြီးသော အချိန်တွင် မြောက်ဘက်ဒေသရှိ သိုင်းပညာလောကတွင် ပြိုင်ဘက်ကင်းပါရမီရှိသည့် နတ်ဘုရင် တစ်ပါး ပေါ်ထွက်လာခဲ့သည်။

ထိုသူသည် သူ၏ စွမ်းအားဖြင့် အခြေအနေကို ပြောင်းလဲဖြစ်ခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ထိုးစစ်ကိုအစွမ်းကုန် တားဆီးခဲ့ကာ အင်မော်တယ် ကျင့်ကြံခြင်းလောကကို ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့စေခဲ့သည်။

ဤကဲ့သို့ ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ကြောင့်သာလျှင် သိုင်းပညာလောကသည် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ တိုက်ခိုက်မှုများကို တစ်ကြိမ်ပြီး တစ်ကြိမ် တွန်းလှန်နိုင်ခဲ့ပြီး အင်မော်တယ်တိုက်၏ တစ်ဝက်ခန့်ကို ပိုင်ဆိုင်ကာ အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် ယှဥ်ပြိုင်နိုင်ခဲ့ခြင်းပင်။

ယခုအခါတွင် သိုင်းပညာလောက၌ နတ်ဘုရင်အဆင့်ရှိ နောက်ထပ် လူငယ်ပါရမီရှင် တစ်ဦး ပေါ်ပေါက်လာခဲ့ချေပြီ။

ထိုလူငယ်၏ လုပ်ဆောင်ချက်သည် အရင်လူထက်ပင် ပိုမို အထက်စီးဆန်ပြီး ထိန်းချုပ်ရခက်ခဲသည်။

ထိုလူငယ်က အင်မော်တယ် ကျင့်ကြံခြင်းလောကထဲသို့ တစ်ကိုယ်တော် ဝင်ရောက်လာခဲ့ကာ အင်မော်တယ် ကျင့်ကြံခြင်း လောကတစ်ခုလုံးကို ကမောက်ကမ ဖြစ်သွားစေခဲ့၏။

အကယ်၍သာ ဤနတ်ဘုရင်အဆင့် လူငယ်ပါရမီရှင်ကို ဆက်လက် ကြီးထွားခွင့်ပေးလိုက်လျှင် ယင်းသည် သူတို့ အင်မော်တယ်ကျင့်ကြံသူများ အတွက် ကြီးမားသော ကပ်ဘေးတစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။

“ဒီလိုဆိုမှတော့ အချိန်မဆွဲဘဲ ချက်ချင်းလိုက်ဖမ်းကြစို့”

ချင်းယွင်၏ စကားကိုကြားပြီးနောက်တွင် ယွင်ထျန်းယီသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး နတ်မိမယ်ကျိယွင်ကို ကြည့်ကာ မေးလိုက်သည်။

“ကျိယွင် အဲဒီနတ်ဘုရင်က ဘယ်အရပ်ကို ထွက်သွားတာလဲ”

နတ်ဘုရင်အဆင့်ရှိ လူငယ်ပါရမီရှင်သည် ကောင်းကင်ကိုပင် အဆုံးစွန်ထိ ဆန့်ကျင်နေသော ပါရမီရှင်မျိုး ဖြစ်သည်။

ထိုလူငယ် ကြီးပြင်းလာသည်နှင့်အမျှ သူတို့ အင်မော်တယ်တိုက်၏ အခြေအနေကို လွှမ်းမိုးနိုင်သည့် ကြောက်မက်ဖွယ်ရာကောင်းသော ပုဂ္ဂိုလ်တစ်ပါး ဖြစ်လာပေလိမ့်မည်။

ထိုသို့သော ပုဂ္ဂိုလ်ကို သတ်ဖြတ်ရန် အတွက် မည်မျှပင် အဖိုးအခ ပေးဆပ်ရပါစေ၊ ယင်းသည် အင်မော်တယ်ကျင့်ကြံခြင်း လောကအတွက် အလွန်တရာ ထိုက်တန်လှ၏။

ထို့ကြောင့်လည်း ချင်းယွင်က ဆုံးဖြတ်ချက် ချလိုက်သည့် အခိုက်အတန့်တွင် ယွင်ထျန်းယီသည် ဘာမှ အထွန့်မတက်ခြင်း ဖြစ်သည်။

သိုင်းပညာလောကမှ နတ်ဘုရင်အဆင့် လူငယ်ပါရမီရှင်သည် အလွန်တရာ အစွမ်းထက်သော်လည်း ယခုအခါတွင် သူတို့ဘက်၌ ကပ်ဘေး အလယ်အလတ်အဆင့် တစ်ဦးနှင့် အစောပိုင်းအဆင့် လေးဦး ရှိနေခဲ့သည်။

ဤကဲ့သို့ အင်အားဖြင့်ဆိုလျှင် ကပ်ဘေး နှောင်းပိုင်းအဆင့်ရှိ ကျင့်ကြံသူကိုပင် ရင်ဆိုင်နိုင်စွမ်း ရှိ၏။

မမျှော်လင့်ထားသော ကိစ္စရပ်များ မရှိသ‌ရွေ့ သူတို့ ငါးဦး၏ စွမ်းရည်ဖြင့် ဆိုလျှင် ထိုနတ်ဘုရင်ကို တိုက်ခိုက်ရန် ပြဿနာမရှိနိုင်ဟု ယုံကြည်ခဲ့ကြသည်။

နတ်မိမယ်ကျိယွင်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

“ဂိုဏ်းချုပ်.. သူထွက်သွားတဲ့လမ်းက ထာဝရသက်ရှည်တောင်တန်းဘက်ကိုပါ”

“ကြည့်ရတာ အဲဒီလူက အင်မော်တယ် ကျင့်ကြံခြင်းလောကကနေ ထွက်သွားတော့မဲ့ပုံပဲ.. ငါတို့အမြန်လိုက်ကြစို့”

ထို့နောက်တွင် ခေါင်းဆောင်ဖြစ်သည့် ချင်းယွင်သည် အစိမ်းရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထာဝရသက်ရှည်တောင်တန်း ဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။

ယွင်ထျန်းယီတို့ ကပ်ဘေးအဆင့် ကျင့်ကြံသူလေးဦးစလုံးသည်လည်း တွေဝေမနေခဲ့ဘဲ ချင်းယွင်၏ နောက်သို့ အလျင်အမြန်ပင် လိုက်ပါသွားခဲ့ကြသည်။

သူတို့အနေဖြင့် နတ်ဘုရင်အဆင့် လူငယ်ပါရမီရှင်ကို သတ်ဖြတ်ချင်လျှင် ထိုလူငယ်က ထာဝရသက်ရှည်တောင်တန်းကို ဖြတ်ကျော်ပြီး အင်မော်တယ်ကျင့်ကြံခြင်းလောကကနေ မထွက်ခွာမီ ရှင်းလင်းပစ်ရမည် မဟုတ်ပါလော။

ထိုသို့မဟုတ်ဘဲ ထိုလူငယ်သာ သိုင်းပညာလောကသို့ ပြန်ရောက်သွားလျှင် သတ်ဖြတ်ရန် မလွယ်ကူတော့မည်ကို သူတို့ စိုးရိမ်နေခဲ့ကြ၏။

ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦး တန်ယန်မြို့သို့ ဆင်းသက်လာသည့် အချိန်တွင် တန်ယန်မြို့၏ မိုင်တစ်သိန်းခန့် အကွာရှိ လေထုထဲတွင် ရထားလုံး တစ်စီးသည် မြောက်ဘက်အရပ်ဆီသို့ ဖြည်းညင်းစွာ ရွေ့လျားနေခဲ့သည်။

ထိုရထားလုံး၏ ပိုင်ရှင်မှာ သဘာဝကျစွာပင် ကျန်းချန်ပင်ဖြစ်၏။

တန်ယန်မြို့မှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် ရထားလုံးကို အလျင်စလို မမောင်းနှင်စေခဲ့ပေ။

သူက ဟုန်ထျန်းယန်ကို ပုံမှန်အတိုင်းသာ မောင်းနှင်ခိုင်းခဲ့ပြီး သူကိုယ်တိုင်ကမူ ရထားလုံးအတွင်း၌ ကျင့်ကြံနေခဲ့သည်။

ထို့ကြောင့်ပင် သူတန်ယန်မြို့ကနေ ထွက်ခွာလာသည့် အချိန်မှစ၍ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ ကပ်ဘေးအဆင့်ကျင့်ကြံသူများ ရောက်ရှိလာသောအချိန်အထိ ကျန်းချန်သည် မိုင်တစ်သိန်းခန့်သာ ခရီးရောက်သေး၏။

ရှင်းလင်းစွာဆိုရလျှင် မိုင်တစ်သိန်း ဟူသော အကွာအဝေးသည် ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူများ အတွက် အလွန်တရာ ဝေးကွာသော ခရီး မဟုတ်ပေ။

ထိုအတွက်ကြောင့် ချင်းယွင် ဦးဆောင်သော ကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးဦးသည် မကြာမီမှာပင် ကျန်းချန်တို့၏ ရထားလုံးကို လိုက်မီလာခဲ့ကြသည်။

“သ.. သခင်ကြီး အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းက ကျင့်ကြံသူတွေ ကျွန်တော်တို့ကို လိုက်မီလာခဲ့ပြီ”

ရထားလုံး၏ နောက်ဘက်မှ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါ ငါးခုကို ခံစားမိလျှင် ဟုန်ထျန်းယန်သည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။

ကျန်းချန်ကို ကိုင်တွယ်ရန်အတွက် ဂိုဏ်းကြီး ငါးဂိုဏ်းသည် ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူ ငါးဦးကို စေလွှတ်လိုက်မည်ဟု ဟုန်ထျန်းယန် မမျှော်လင့်ထားခဲ့ပေ။

ဤသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း လောက၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သည့် ကပ်ဘေးအဆင့်ကျင့်ကြံသူများပင် မဟုတ်ပါလော။

ဟုန်ထျန်းယန်သည် နှစ်ပေါင်းထောင်ချီ အသက်ရှင်ခဲ့သော်လည်း ယနေ့မတိုင်မီအထိ ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးကိုမျှ မမြင်ဖူးခဲ့ပေ။

ယခုအခါတွင် သူက မြင်ဖူးရုံသာမက ငါးဦးအထိ တစ်ပြိုင်နက်တည်း မြင်တွေ့လိုက်ရ၏။

ကျန်းချန်၏ စွမ်းရည်က အတိုင်းအဆမရှိ နက်ရှိုင်းမှန်း သူသိသော်လည်း ဟုန်ထျန်းယန်၏ စိတ်ထဲတွင် ထိတ်လန့်မှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

ကျန်းချန်သည် ကပ်ဘေးအဆင့်ရှိ ဘိုးဘေးထျန်းရှကို အလွယ်တကူ သတ်ဖြတ်နိုင်ခဲ့သော်လည်း ကပ်ဘေးအဆင့်ကျင့်ကြံသူငါးဦးကို အမှန်တကယ် တားဆီးနိုင်ပါမည်လော။

“ဒါက ကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးယောက်လေးပါပဲ.. ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ”

ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ရထားလုံးထဲကနေ ထွက်လာခဲ့သည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦး ရောက်ရှိလာခြင်းကြောင့် သူ၏ အမူအရာသည် အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိပေ။

ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူ ငါးဦးစလုံးသည် ကောင်းကင်ယံတွင် တည်တံ့နေသော နေမင်း ကဲ့သို့ပင် တောက်ပသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

ကပ်ဘေးအဆင့် ကျင့်ကြံသူများ၏ ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများသည် လေထုကို အဆက်မပြတ် တုန်ခါစေခဲ့သည်။

အခန်း(၂၃၆၆)ပြီး၏။

All Chapters