← Chapters

အခန်း (၂၃၆၇-၂၃၆၈)

Vol. 177 Ch. 2367-2368

အခန်း (၂၃၆၇-၂၃၆၈)

Vol. 177 Ch. 2367-2368

အခန်း(၂၃၆၇)

“ဟားဟား ကပ်ဘေးအဆင့် အင်မော်တယ် ကျင့်ကြံသူ ငါးယောက်တောင်ပါလား.. မင်းတို့ အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းက တကယ်ပဲ ငါ့အပေါ်ကို အလေးထားသားပဲ”

ကျန်းချန်က ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦးကို ဝေ့ကြည့်လိုက်သည်။

ထို့နောက်တွင် သူ၏ ခပ်ထေ့ထေ့ ရယ်မောသံသည် လေထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။

ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦးနှင့် ရင်ဆိုင်နေရသော်လည်း ကျန်းချန်၏ အမူအရာသည် အလွန်တရာပင် တည်ငြိမ်နေခဲ့ပြီး အနည်းငယ်မျှပင် ထိတ်လန့်ခြင်းမရှိခဲ့ပေ။

သူ့ရှေ့မှ ကျင့်ကြံသူ ငါးဦးထဲတွင် အစိမ်းရောင်ဝတ်စုံဝတ် အဘိုးအိုသည် ခေါင်းဆောင်ဖြစ်သည်။

ထိုအဘိုးအိုသည် ကပ်ဘေး အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသဖြင့် နတ်ဘုရင် ပဉ္စမအဆင့် သို့မဟုတ် နတ်ဘုရင် အဋ္ဌမအဆင့်နှင့်ပင် နှိုင်းယှဥ်နိုင်သော စွမ်းရည်ရှိ၏။

ကျန်လေးဦးကမူ ကပ်ဘေး အစောပိုင်း အဆင့်တွင်သာ ရှိကြသဖြင့် သူ ယခင်က သတ်ဖြတ်ခဲ့သော ဘိုးဘေးထျန်းရှနှင့် အတူတူလောက်သာ ဖြစ်သည်။

ရှင်းလင်းစွာ ဆိုရလျှင် ထိုအင်အားစုသည် တောင်ပံနက်ခွန်ပန်မျိုးနွယ်စုထက်ပင် အားနည်းနေခဲ့သည်။

သူနတ်ဘုရင် စတုတ္ထအဆင့်တွင် ရှိနေစဥ်ကပင် တောင်ပံနက်ခွန်ပန် မျိုးနွယ်စုကို တစ်ကိုယ်တော်စွမ်းရည်ဖြင့် ဖိနှိပ်နိုင်ခဲ့၏။

သို့ဖြစ်ရာ ဤကျင့်ကြံသူများသည် သူ့အပေါ် မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါအံ့နည်း။

“မင်းက အင်မော်တယ် ကျင့်ကြံခြင်း လောကကို အတင့်ရဲပြီး ဝင်လာတဲ့အပြင် ငါတို့ရဲ့ မိတ်ဆွေနဲ့ တန်မိသားစုကို ဖျက်ဆီးခဲ့တယ်.. ဒီလောက်ကြီးမားတဲ့ အပြစ်တွေကို ကျူးလွန်ပြီး အလွယ်တကူ ထွက်သွားချင်တယ်လား”

အဘိုးအိုချင်းယွင်က ကျန်းချန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

သူ၏ အိုမင်းသော မျက်ဝန်းထဲတွင်‌ လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အမူအရာသည် အလွန်တရာပင် ဆန်းကြယ်လွန်းပြီး သူ၏ စွမ်းအားဖြင့် ထိုလူငယ်၏ စွမ်းရည်ကို ထိုးဖောက် မမြင်နိုင်ခဲ့ပေ။

အဘိုးအိုချင်းယွင်သည် ထိုလူငယ်ထံကနေ အလွန်အန္တရာယ်ကြီးမားသော အရှိန်အဝါ တချို့ကို ခပ်ရေးရေး ခံစားမိနေခဲ့၏။

ကျန်းချန်က အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ငါသာ တကယ်လို့ ထွက်သွားချင်တယ်ဆိုရင် မင်းတို့ ငါ့ကို လိုက်မီနိုင်မယ်လို့များ ထင်နေလား”

သူ၏ လက်ရှိ အစွမ်းဖြင့်သာဆိုလျှင် သူသာ တကယ်ထွက်သွားချင်ပါက သူ့ရှေ့မှ လူငါးဦးသည် သူ့ကို လိုက်မီရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

သူ အလျင်စလို ထွက်မသွားရသည့် အဓိက အကြောင်းအရင်းမှာ အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းမှ လူများကို ဆွဲဆောင်နိုင်မလား ဆိုသည်အား သိချင်၍ ဖြစ်သည်။

မထင်မှတ်ဘဲ သူ့ကို ရှင်းလင်းရန်အတွက် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် ကပ်ဘေးအဆင့်ရှိ အင်မော်တယ်ကျင့်ကြံသူ ငါးဦးကိုပင် စေလွှတ်ခဲ့သည်။

ယခုအခါတွင် သူသည် ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောက၏ နံပါတ်တစ်မိသားစု ဖြစ်သော တန်မိသားစုကိုပင် ဖျက်ဆီးခဲ့ကာ အင်မော်တယ် ကျင့်ကြံခြင်း လောကတစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီ ဖြစ်သည်။

အကယ်၍သာ သူ့ရှေ့မှ ကျင့်ကြံသူ ငါးဦးကိုပါ ရှင်းလင်းပစ်လိုက်လျှင် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ အင်အားကို အကြီးအကျယ် ထိခိုက်စေမည်မှာ သေချာသလောက်ပင်။

ထိုအချိန်သို့ ရောက်လျှင် မြောက်ဘက်ဒေသရှိ သိုင်းပညာလောကသည်လည်း ဤကဲ့သို့ အခွင့်အရေးကောင်းကို လက်လွှတ်မခံလောက်ပေ။

ဤနည်းအားဖြင့် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ အင်အားအများစုသည် မြောက်ဘက်ဒေသရှိ သိုင်းပညာလောက၏ ထိန်းချုပ်မှုကို ခံရလိမ့်မည် ဖြစ်ရာ သူ့ကို လိုက်လံနှောင့်ယှက်ရန် အတွက် အချိန်ရှိတော့မည် မဟုတ်ချေ။

ထိုအချိန်သို့ရောက်လျှင် သူသည် ထာဝရသက်ရှည်တောင်တန်း ထဲတွင် နတ်ဘုရားနယ်မြေ စကြဝဠာ၏ ကောင်းကင်လမ်းစဥ်ကို အေး‌အေးဆေး‌ဆေးရှာဖွေနိုင်လိမ့်မည် မဟုတ်ပါလား။

“ကောင်လေး မင်းက တကယ်ကို အတင့်ရဲလွန်းတာပဲ.. ဒီနေ့ ဒီနေရာက မင်းရဲ့သင်္ချိုင်းဖြစ်စေရမယ်”

သန်မာထွားကျိုင်းသော အမျိုးသားက ရှေ့သို့ ခြေတစ်လှမ်းလှမ်းတက်လိုက်သည်။

သူ၏ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံသည် လေထုထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဝါများသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်တွင် နေရာလွတ် အက်ကြောင်းများကိုပင် ဖြစ်ပေါ်လာစေခဲ့သည်။

သို့ရာတွင် ထိုအမျိုးသား၏ ပြင်းထန်သော အရှိန်အဝါ ဖိအားကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် လက်နှစ်ဖက်ကိုနောက်ပစ်ကာ ဟန်ပါပါ ရပ်နေဆဲ ဖြစ်ပြီး ဆံချည်မျှင် တစ်မျှင်မျှပင် လှုပ်ခတ်သွားခြင်း မရှိခဲ့ချေ။

ဤမြင်ကွင်းကိုမြင်လိုက်ရလျှင် သန်မာထွားကျိုင်းသောအမျိုးသား၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူက ကျန်းချန်ကို မထီမဲ့မြင် စိုက်ကြည့်လိုက်၏။

“သိုင်းပညာလောကရဲ့ နတ်ဘုရင်တစ်ပါး ပီသပါပေတယ်.. တကယ်ကို အရည်အချင်းရှိလွန်းတာပဲ.. ဒါပေမဲ့..”

သို့သော်လည်း ထိုအမျိုးသား စကားမဆုံးခင်မှာပင် ကျန်းချန်သည် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်း ဓားအလင်းသည် နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့ပြီး ထိုအမျိုးသား၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ထိုအမျိုးသား၏ ခန္ဓာကိုယ်ကနေ ရွှေရောင်သွေးများ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မိုင်ပေါင်းများစွာ အကွာအဝေးအထိ လွင့်စင်သွားခဲ့ကာ လေထုထဲတွင် နေရာလွတ် တွင်းပေါက်ကြီးတစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့သည်။

“ကပ်ဘေး အစောပိုင်းအဆင့်လောက်ပဲ ရှိတဲ့ ပုရွက်ဆိတ်လိုတည်ရှိမှုကများ ငါ့ရှေ့မှာ မောက်မာရဲတယ်”

ကျန်းချန်က‌ ရှေးဟောင်းရွှေရောင်ဓားကို ကိုင်စွဲကာ လေထုထဲတွင် တည်ငြိမ်စွာ ရပ်နေခဲ့သည်။

သူက မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မထားသော်လည်း ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူ ငါးဦးနှင့် ရင်ဆိုင်နေရချိန်တွင် လူ့လောကသို့ ဆင်းသက်လာသော ပြိုင်ဘက်ကင်း ဓားနတ်ဘုရားကဲ့သို့ပင် မည်သည့် ကြောက်ရွံ့မှုမှ ရှိမနေခဲ့ပေ။

အရှိန်အဝါကို ထုတ်လွှတ်မထားသည့်တိုင် သူ၏ ပုံသဏ္ဌာန်သည် ကြည့်ရှုသူများကို လွှမ်းမိုးထားနိုင်ပြီး ဘုံကိုးပါးမှ ဆင်းသက်လာသော ဧကရာဇ်တစ်ပါးနှင့်ပင် ဆင်တူနေခဲ့သည်။

ကျန်းချန်က ဓားချက် တစ်ချက်တည်းဖြင့်ပင် သန်မာထွားကျိုင်းသော အမျိုးသားအား ဒဏ်ရာအပြင်းအထန် ရရှိစေခဲ့သည်ကို မြင်လျှင် အဘိုးအိုချင်းယွင် အပါအဝင် ကပ်ဘေးအဆင့် ကျင့်ကြံသူလေးဦးစလုံး၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤမတိုင်ခင်က သူတို့ရှေ့မှ လူငယ်သည် အလွန်တရာပင် အစွမ်းထက်ပြီး ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူကို သတ်ဖြတ်နိုင်မှန်း သိထားကြသော်လည်း ထိုလူငယ်၏ စွမ်းရည်သည် ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းနေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ဒဏ်ရာအပြင်းအထန် ရရှိထားသည့် သန်မာထွားကျိုင်းသောအမျိုးသားသည် ထျန်းကန်း အင်မော်တယ်ဂိုဏ်းမှ ကပ်ဘေးအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထျန်းကန်းအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ကျော်ကြားသော ဂိုဏ်း ဖြစ်သည်။

ထျန်းကန်းအင်မော်တယ်ဂိုဏ်း၏ ထျန်းကန်း ရွှေရောင်ခန္ဓာကိုယ်ကျင့်စဥ်သည် အင်မော်တယ်တိုက်တွင် နာမည်ကျော်ကြားသော ရုပ်ပိုင်းဆိုင်ရာ အလေးပေးသည့် ကျင့်စဥ် တစ်ခု ဖြစ်သည်။

ထိုကျင့်စဥ်ကို တတ်မြောက်ထားသော သန်မာထွားကျိုင်းသော အမျိုးသား၏ ခန္ဓာကိုယ်သည် မည်မျှအထိ ကြံ့ခိုင်မှန်း အဘိုးအိုချင်းယွင် အပါအဝင် ကပ်ဘေးအဆင့် ကျင့်ကြံသူ လေးဦးသည် ကောင်းစွာ သိရှိထားကြ၏။

ရှင်းလင်းစွာ ဆိုရလျှင် ထိုအမျိုးသားနှင့် ကျင့်ကြံခြင်းအဆင့် တူညီသူ တစ်ဦးပင်လျှင် ထိုအမျိုးသားကို ဒဏ်ရာရရှိအောင် လုပ်ဆောင်ရန် အလွန်တရာ ခက်ခဲသည်။

ယခုအခါတွင် ထိုကဲ့သို့သော ကျင့်ကြံသူမျိုးသည် ဆန့်ကျင်ဘက်မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားချက်တစ်ချက်တည်းဖြင့်ပင် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သည်။

“ဒီကောင်လေးရဲ့ စွမ်းရည်က သာမန်မဟုတ်ဘူး.. အားလုံးပဲ ပူးပေါင်းပြီး တိုက်ခိုက်ကြစို့”

အဘိုးအိုချင်းယွင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ ရင်ထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ကာ ယွင်ထျန်းယီနှင့်အခြားသူများကို အလျင်အမြန်ပင် လှုံ့ဆော်လိုက်သည်။

အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး သူကိုယ်တိုင်ကိုပင် ထိတ်လန့်စေခဲ့သည်။

အကယ်၍ ယနေ့တွင် သူတို့သာ အနည်းငယ် ပေါ့ဆမိလျှင် ထိုလူငယ်၏ လက်ချက်ဖြင့် အသက်ပျောက်သွားနိုင်၏။

ယွင်ထျန်းယီတို့ သုံးဦးသည်လည်း ထိုလူငယ်၏ ကြောက်မက်ဖွယ်ရာ အစွမ်းထက်ပုံကို နားလည်သွားခဲ့ကြပြီ ဖြစ်၍ သူတို့၏ စွမ်းရည်များကို အစွမ်းကုန် ထုတ်သုံးကာ တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြသည်။

“ကောင်လေး.. ငါ မင်းကို သတ်မယ်”

ထိုအခိုက်အတန့်တွင် မိုင်ပေါင်းများစွာ အကွာအဝေးရှိ နေရာလွတ် တွင်းပေါက်ထဲကနေ ကောင်းကင်တုန်ဟည်းမတတ် ကျယ်လောင်သော ကြုံးဝါးသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

“ဝုန်း..”

ရွှေရောင်အလင်းတန်းများ တောက်ပနေသော ပုံရိပ်တစ်ခုသည် နေရာလွတ်တွင်းပေါက်ထဲကနေ ထွက်ပေါ်လာခဲ့ပြီး အလွန်တရာ မြန်ဆန်သော အရှိန်အဟုန်ဖြင့် ကျန်းချန်၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ထိုသူမှာ တခြားသူမဟုတ်ဘဲ ကျန်းချန်၏ ဓားချက်ဖြင့် အဝေးသို့ လွင့်စင်သွားခဲ့သော ထျန်းကန်း အင်မော်တယ်ဂိုဏ်းမှ သန်မာထွားကျိုင်းသော အမျိုးသားပင် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်သည် ယခင်ထက် ပေအနည်းငယ် ပိုမိုကြီးမားလာခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် ရွှေရောင် အလင်းတန်းများ ဖုံးလွှမ်းနေခဲ့ကာ အသားရေနှင့် ဆံပင်များသည်လည်း ‌ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ဤမြင်ကွင်းကိုမြင်လျှင် အဘိုးအိုချင်းယွင်၏ မျက်ဝန်းများသည် ကျဥ်းမြောင်းသွားခဲ့သည်။

“ထျန်းကန်း ရွှေရောင် ခန္ဓာကိုယ် ကျင့်စဥ်ပါလား”

ဤသည်မှာ ထျန်းကန်း ရွှေရောင် ခန္ဓာကိုယ် ကျင့်စဥ်ကို အောင်မြင်သွားမှသာ ရရှိနိုင်သည့် ပြိုင်ဘက်ကင်း အထွတ်အထိပ် ခန္ဓာကိုယ် ဖြစ်သည်။

ထျန်းကန်း ရွှေရောင်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သော သန်မာထွားကျိုင်းသော အမျိုးသား၏ စွမ်းရည်သည် ယခုအချိန်တွင် ကပ်ဘေး အလယ်အလတ် အဆင့် ကျင့်ကြံသူတစ်ဦးထက် မနိမ့်ကျပေ။

အဘိုးအိုချင်းယွင်၏ စွမ်းရည်ဖြင့်ပင် သန်မာ ထွားကျိုင်းသော အမျိုးသားနှင့် ရင်ဆိုင်ရလျှင် နောက်ဆုတ်ပေးရလိမ့်မည် ဖြစ်၏။

လေထုထဲတွင် သန်မာထွားကျိုင်းသော အမျိုးသားသည် သူ၏ ရွှေရောင်မျက်ဝန်းများဖြင့် ကျန်းချန်ကို အေးစက်စက်စိုက်ကြည့်နေခဲ့သည်။

ထို့နောက်တွင် သူက ကျန်းချန်ကို မထီမဲ့မြင် လေသံဖြင့် ပြောလိုက်သည်။

“ကောင်လေး.. ငါ့ရဲ့ ထျန်းကန်း ရွှေရောင်ခန္ဓာကိုယ်ကို ကပ်ဘေး အလယ်အလတ်အဆင့် ကျင့်ကြံသူတောင် အလွယ်တကူ မဖျက်ဆီးနိုင်ဘူး.. မင်း ဘယ်လိုဖျက်ဆီးမလဲ ဆိုတာ..”

သို့သော်လည်း ထိုအမျိုးသား၏ စကားမဆုံးခင်မှာပင် ကျန်းချန်သည် သူ၏ လက်ထဲမှ ရှေးဟောင်း ရွှေရောင်ဓားကို ရုတ်တရက် မြှောက်လိုက်ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ ထိုအမျိုးသားထံ ထပ်မံ ခုတ်ပိုင်းလိုက်သည်။

အခန်း(၂၃၆၇)ပြီး၏။

အခန်း(၂၃၆၈)

ကျန်းချန်က ဓားချက်ကို ထုတ်ဖော်လိုက်သည့် တစ်ခဏတွင် သန်မာထွားကျိုင်းသော အမျိုးသား၏ ပတ်ဝန်းကျင်နေရာလွတ်သည် လုံးဝ အေးခဲသွားခဲ့သည်။

ထိုမြင်ကွင်းကြောင့် သန်မာထွားကျိုင်းသော အမျိုးသားသည် မျက်နှာအကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။

ထို့နောက်တွင် သူက ခန္ဓာကိုယ်ကနေ ရွှေရောင် အလင်းတန်းများကို ထုတ်ဖော်ကာ ကျန်းချန်၏ ဓားချက် အရှိန်အဝါဖိအားကနေ ရုန်းထွက်ရန် ကြိုးစားလိုက်၏။

သို့သော်လည်း နောက်ကျသွားခဲ့ချေပြီ။

ကျန်းချန်၏ ဓားချက်အောက်တွင် ကမ္ဘာလောကကြီးသည် ငြိမ်သက်နေခဲ့ပြီး လေထုထဲတွင် ဓားအလင်းတစ်ခု သာလျှင် လင်းလက်နေခဲ့၏။

နောက်ထပ် တစ်ခဏတွင် ရွှေရောင်အလင်းများဖြင့် တောက်ပနေသော သန်မာထွားကျိုင်းသော အမျိုးသား၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် အက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး တောက်ပသော ဓားအလင်းတစ်ခုသည် သူ၏ရင်ဘတ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများနှင့် အင်္ဂါအစိတ်အပိုင်းများ ဆီသို့ ပျံ့နှံ့သွားခဲ့သည်။

“မသတ်ပါနဲ့”

သန်မာထွားကျိုင်းသော အမျိုးသားက ရုတ်တရက် အကြီးအကျယ် ထိတ်လန့်သွားခဲ့သည်။

သူက စကားတစ်ခွန်းမျှသာ ပြောလိုက်နိုင်ပြီး နောက်ထပ် တစ်ခဏမှာပင် သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဥ်သည် ပေါက်ကွဲထွက်သွားခဲ့သည်။

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူ၏ရှေ့မှ မယုံကြည်နိုင်စရာ မြင်ကွင်းကို မြင်လျှင် အဘိုးအိုချင်းယွင် အပါအဝင် ကပ်ဘေးအဆင့် ကျင့်ကြံသူလေးဦး၏ မျက်နှာထက်တွင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူတို့ထဲမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဦးသည် ဆန့်ကျင်ဘက်ရှိ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားချက်အောက်တွင် မည်သည့်ခုခံမှုမျှ မပြုလုပ်နိုင်ခဲ့ဘဲ အသတ်ခံလိုက်ရ၏။

သိုင်းပညာလောကမှ နတ်ဘုရင်အဆင့် လူငယ်ပါရမီရှင်သည် ဤမျှအထိ အစွမ်းထက်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ထိုလူငယ်သည် ဓားချက် တစ်ချက်တည်းဖြင့်ပင် သန်မာထွားကျိုင်းသော အမျိုးသား၏ ထျန်းကန်းရွှေရောင်ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်ပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဥ်ကိုပါ ဘာမှမကျန်ရှိတော့သည်အထိ ချေမှုန်းပစ်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကပ်ဘေး အလယ်အလတ် အဆင့်သို့ ရောက်ရှိနေသည့် အဘိုးအိုချင်းယွင် ကိုယ်တိုင်ပင်လျှင် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရ၏။

“တကယ်ကို ကြောက်စရာကောင်းတဲ့ဓားချက်ပါလား.. ဒီလူရဲ့ ဓားပညာရပ် အဆင့်အတန်းက အင်မော်တယ်အဆင့်ကို ရောက်နေလောက်ပြီ”

ခါးတွင် ဓားရှည်တစ်စင်းကို ချိတ်ဆွဲထားသော ခရမ်းရောင်ဝတ်စုံဝတ် အမျိုးသားက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တအံ့တဩ ပြောလိုက်သည်။

ထိုခရမ်းရောင်ဝတ်စုံဝတ် အမျိုးသားသည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲမှ ခရမ်းရောင်အင်မော်တယ်ဓားဂိုဏ်း၏ ကျင့်ကြံသူ မိုထျန်းယန် ဖြစ်သည်။

ကပ်ဘေးအဆင့်ရှိ ဓားကျင့်ကြံသူ တစ်ဦးအနေဖြင့် မိုထျန်းယန်၏ ဓားပညာ အဆင့်အတန်းသည် အလွန်တရာပင် မြင့်မား၍ ကျန်းချန် အစောပိုင်းက ထုတ်ဖော်လိုက်သော ဓားချက်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းမှန်း ကောင်းစွာ သိရှိခဲ့သည်။

“ငါတို့အားလုံး အတူတူပူးပေါင်းပြီး အစွမ်းကုန် တိုက်ခိုက်ကြရအောင်. ဒီကောင်လေးက တကယ်ကို အစွမ်းထက်လွန်းတယ်.. ငါတို့ နည်းနည်းလေး ပေါ့ဆမိတာနဲ့ ဒီနေရာမှာ ငါတို့ အားလုံး အသက်ပျောက်သွားနိုင်တယ်”

ထိုစကားကို ပြောလိုက်ပြီးနောက်တွင် အဘိုးအိုချင်းယွင်သည် အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ ကပ်ဘေး အလယ်အလတ် အဆင့် အရှိန်အဝါများကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

ယွင်ထျန်းယီတို့ သုံးဦးသည်လည်း တုံ့ဆိုင်းမနေဘဲ သူတို့၏ မှော်လက်နက်များကို ထုတ်ဖော်လိုက်ကြသည်။

ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဝါများသည် သူတို့၏ ခန္ဓာကိုယ်ကနေ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့၏။

“ဟားဟား မင်းတို့တွေက ငါ့ကို သတ်ဖြတ်ဖို့တောင် ကြံစည်ရဲမှတော့ ဒီမှာပဲ ထာဝရအိပ်စက်ဖို့ ပြင်ထားလိုက်ကြတော့”

ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ နတ်ဘုရင် ပဉ္စမအဆင့် အထွတ်အထိပ် အရှိန်အဝါသည် အဆီးအတားမရှိ ပေါက်ကွဲထွက်လာခဲ့၏။

“တိုက်ကြတော့”

ကျန်းချန်ထံမှ သူ့ထက် မနိမ့်ကျသည့် အစွမ်းထက် အရှိန်အဝါကို ခံစားမိလျှင် အဘိုးအို ချင်းယွင်သည် မျက်နှာပျက်ယွင်းသွားခဲ့ပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်။

သူကိုယ်တိုင်သည်လည်း အပြာရောင်သစ်သားဓား တစ်လက်ကို ထုတ်ယူကာ ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

အဘိုးအိုချင်းယွင်၏ လှုံ့ဆော်မှုအောက်တွင် ထိုအပြာရောင်သစ်သားဓားသည် ကြီးမားလှသည့် အပြာရောင်နတ်သစ်ပင်ကြီး တစ်ပင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအားကို သယ်ဆောင်ကာ ကျန်းချန်ဆီသို့ ရွေ့လျားသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ယွင်ထျန်းယီတို့ သုံးဦးသည်လည်း သူတို့၏ အစွမ်းထက် မှော်လက်နက်များဖြင့် ကျန်းချန်ကို အစွမ်းကုန် တိုက်ခိုက်လိုက်ကြသည်။

“ဝုန်း..”

“ဝုန်း..”

ကပ်ဘေးအဆင့် ကျင့်ကြံသူ လေးဦး၏ ပူးပေါင်းတိုက်ခိုက်မှုသည် အလွန်တရာပင်‌ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

ဤအခိုက်အတန့်တွင် မိုင်ပေါင်းထောင်ချီသော ဧရိယာသည် ကပ်ဘေးအဆင့် ကျင့်ကြံသူ လေးဦး၏ စွမ်းအားများကို ခံနိုင်ရည်မရှိတော့ဘဲ ပြိုကျကာ ပရမ်းပတာ ဖြစ်သွားခဲ့သည်။

လေထုထဲတွင် တောက်ပသော နတ်အလင်းတန်း လေးခုသည် အလွန်တရာ လေးနက်နေခဲ့ပြီး လကမ္ဘာကို ဝင်တိုက်တော့မည့် ကြယ်တံခွန်များနှယ် ကျန်းချန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။

ထိုအလင်းတန်း တစ်ခုချင်းစီတွင် ကိန်းအောင်းနေသော စွမ်းအားများသည် မိုင်ပေါင်းထောင်ချီသော နေရာလွတ်ဧရိယာကို အမှုန့်အဖြစ် ပြောင်းလဲပစ်ရန် လုံလောက်၏။

သို့သော်လည်း အဘိုးအိုချင်းယွင် အပါအဝင် ကပ်ဘေးအဆင့် ကျင့်ကြံသူ လေးဦး၏ တိုက်ခိုက်မှုကို ကျန်းချန်သည် အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။

ယေဘုယျအားဖြင့် အင်မော်တယ် ကျင့်ကြံသူများ ကျင့်ကြံသော စွမ်းအားသည် သိုင်းပညာရှင်များ ကျင့်ကြံသော စွမ်းအားထက် ပိုမို အစွမ်းထက်သည်။

ထို့ကြောင့် ချင်းယွင်တို့လေးဦး ပူးပေါင်းလိုက်လျှင် သာမန် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူပင်လျှင် အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထိုအချက်မှာ သာမန် နတ်ဘုရင်များအတွက်သာ ဖြစ်သည်။

ကျန်းချန်ကမူ အပြာရောင်ဧကရာဇ်သက်ရှည် ကျင့်စဥ်ကို ကျင့်ကြံထားသူ ဖြစ်ရာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားသည် ကပ်ဘေးအဆင့်ရှိ စွမ်းအားများထက်ပင် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

သူ၏ လက်ရှိစွမ်းရည်ဖြင့် ဆိုလျှင် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် သူ့ကို အနိုင်ယူရန် မလွယ်ကူပေ။

သို့ဖြစ်၍ ကပ်ဘေးအဆင့်ဖြစ်သည့် အဘိုးအိုချင်းယွင်တို့လူစု၏ ပူးပေါင်းတိုက်ခိုက်မှုသည် အားမနည်းသော်လည်း ကျန်းချန်ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါမည်နည်း။

သူ့ထံသို့ သက်ရောက်လာသည့် နတ်အလင်းတန်း လေးခုကို ကြည့်ရင်း ကျန်းချန်သည် သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော ဓားအလင်းတစ်ခုသည် ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။

ထိုဓားအလင်းသည် သူ့ထံသို့ သက်ရောက်လာသော အပြာရောင်နတ်သစ်ပင်ကို ဘာမှမကျန်ရှိတော့သည်အထိ ချေမှုန်းပစ်လိုက်ရာ မရေမတွက်နိုင်သော အပြာရောင် အလင်းစက်များသည် ကောင်းကင်ယံကနေ ပန်းပွင့်များ ကြွေကျသကဲ့သို့ လေထုထဲတွင် ပြန့်ကျဲသွားခဲ့သည်။

ယင်းနောက်တွင် ကျန်းချန်သည် သူ၏ ဓားကို ထပ်မံ ဝှေ့ယမ်းကာ သုံးချက် ဆက်တိုက် ခုတ်ပိုင်းလိုက်၏။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ယွင်ထျန်းယီတို့ သုံးဦး၏ တိုက်ခိုက်မှုများသည် ကျန်းချန်၏ ဓားချက်အောက်တွင် ချက်ချင်းဆိုသလို ချေမှုန်းခံလိုက်ရပြီး သူတို့၏ လက်ထဲရှိ မှော်လက်နက်များပင်လျှင် လွင့်စင်သွားခဲ့ရသည်။

“ဒီကောင်လေးက တကယ်ကို အစွမ်းထက်လှချည်လား”

ယွင်ထျန်းယီတို့ သုံးဦးသည် လေထုထဲတွင် ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်ခဲ့ရ၏။

သူတို့ အသက်ဝအောင် မရှူနိုင်သေးခင်မှာပင် ကျန်းချန်သည် သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားဖြင့် ဆန်းကြယ်သော ဓားကွက်တစ်ကွက်ကို ထုတ်ဖော်ကာ ယွင်ထျန်းယီကို တိုက်ခိုက်လိုက်သည်။

“မကောင်းတော့ဘူး”

ယွင်ထျန်းယီ၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့သည်။

သို့သော်လည်း သူ မလှုပ်ရှားမီမှာပင် ဓားအလင်းသည် အချိန်နှင့် နေရာလွတ်ကို ဖြတ်ကျော်လာခဲ့ပြီး သူ၏ ခန္ဓာကိုယ်ကို သက်ရောက်သွားခဲ့သည်။

နောက်ထပ် တစ်ခဏတွင် ယွင်ထျန်းယီ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများသည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည်လည်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ထိုးကျသွားခဲ့သည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယွင်ထျန်းယီ၏ ကျင့်ကြံခြင်းအဆင့်သည် ကပ်ဘေးအဆင့်ကနေ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်အထိ ကျဆင်းသွားခဲ့ပြီး ထိုမှတစ်ဆင့် ဆက်တိုက်ဆိုသလို ထိုးကျသွားခဲ့သည်။

အဆုံးသတ်တွင် ယွင်ထျန်းယီသည် ကပ်ဘေးအဆင့် ကျင့်ကြံသူ ဘဝကနေ ကျန်းချန်၏ ဓားချက် တစ်ချက်တည်းဖြင့် ကျင့်ကြံခြင်းအဆင့်များ ဖြတ်တောက်ခံလိုက်ရပြီး သာမန်လူတစ်ဦး အဖြစ်သို့ ပြောင်းလဲကာ မြေပြင်ထက်ကို ပြုတ်ကျလာခဲ့သည်။

ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် လူသား အဖြစ် ပြောင်းလဲစေသော ဓားချက်ကို အသုံးပြုမည် ဆိုလျှင် ကပ်ဘေး နှောင်းပိုင်းအဆင့် ကျင့်ကြံသူပင်လျှင် ခုခံရန် လွယ်ကူမည် မဟုတ်ပေ။

သို့ဖြစ်ရာ ယွင်ထျန်းယီ ကဲ့သို့ ကပ်ဘေးအစောပိုင်းအဆင့်ကျင့်ကြံသူသည် မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

ယွင်ထျန်းယီ၏ ကျင့်ကြံခြင်းအဆင့်ကို ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်လိုက်ပြီးနောက်တွင် ကျန်းချန်၏ လှုပ်ရှားမှုသည် အနည်းငယ်မျှပင် ရပ်တန့်မသွားခဲ့ပေ။

သူက ဒုတိယဓားကွက် ဖြစ်သည့် “အချိန်က ဓားတစ်လက်” တိုက်ကွက်ကို အသုံးပြုကာ ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်းမှ မိုထျန်းယန်ကို တိုက်ိခုက်လိုက်သည်။

မိုထျန်းယန်သည် ဓားပညာရပ်တွင် ထူးချွန်သော်လည်း ကျန်းချန်၏ ဓားချက်ကို မတားဆီးနိုင်ခဲ့ပေ။

ဤသို့ဖြင့်ပင် ကျန်းချန်၏ ဓားချက်သည် မိုထျန်းယန်၏ ခန္ဓာကိုယ်ကို သက်ရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မိုထျန်းယန်၏ သက်တမ်းသည် အဆပေါင်းသောင်းချီ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် မိုထျန်းယန်သည် သန်စွမ်းသော လူလတ်ပိုင်းအရွယ် အမျိုးသားဘဝကနေ ဆံပင်များ ဖွေးဖွေးဖြူနေသော အဘိုးအိုတစ်ဦး အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

အဆုံးသတ်တွင် မိုထျန်းယန်၏ ခန္ဓာကိုယ်အတွင်းရှိ အသက်ဓာတ်များသည် ကျန်းချန်၏ ဓားချက်အောက်တွင် လုံးဝပျောက်ကွယ်သွားခဲ့ပြီး မိုထျန်းယန်သည် အေးစက်သော အလောင်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ လေထုထဲကနေ ပြုတ်ကျသွားခဲ့သည်။

အခန်း(၂၃၆၈)ပြီး၏။

All Chapters