အခန်း (၂၃၆၉-၂၃၇၀)
Vol. 177 Ch. 2369-2370
အခန်း(၂၃၆၉)
ကျန်းချန်က အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ်၏ ဒုတိယဓားကွက်ဖြင့် မိုထျန်းယန်၏ သက်တမ်းကို ကုန်ဆုံးစေပြီးနောက်တွင် တတိယဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ်ဓားကွက်ကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
ကျန်းချန်၏ ဓားချက်ကနေ တောက်ပသော ဓားအလင်းသည် ကောင်းကင်ယံကို ထိုးတက်သွားခဲ့ပြီး အလင်းတံခါးတစ်ခုကို ဖြစ်ပေါ်စေခဲ့ကာ ထိုအလင်းတံခါးကနေ ပြိုင်ဘက်ကင်းဓားနတ်ဘုရား တစ်ပါး ထွက်ပေါ်လာခဲ့သည်။
ထိုပြိုင်ဘက်ကင်း ဓားနတ်ဘုရားသည် ကျန်ရှိသော ကပ်ဘေးအဆင့် ကျင့်ကြံသူနှစ်ဦး ဖြစ်သည့် ချင်းယွင်တို့ နှစ်ဦးကို လက်ထဲမှ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။
ထိုဓားချက်သည် အလွန်တရာပင် ဆန်းကြယ်ပြီး အနှိုင်းမဲ့အစွမ်းထက်သည်။
ဓားအလင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ အရာအားလုံးသည် ဘာမှမကျန်ရှိသော နေရာလွတ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကပ်ဘေးအစောပိုင်း အဆင့်တွင်ရှိသော နောက်ဆုံးကျန်ရှိသည့် ကျင့်ကြံသူသည် ထိုဓားချက်ကို လုံးဝ မတားဆီးနိုင်ခဲ့ဘဲ ခန္ဓာကိုယ်ရော ဝိညာဥ်ပါ ချက်ချင်းဆိုသလို ပျက်စီးသွားခဲ့သည်။
ကပ်ဘေး အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်သော အဘိုးအို ချင်းယွင်သည်ပင် သူ၏ အစွမ်းရှိသမျှကို ထုတ်သုံးလိုက်မှသာ ကျန်းချန်၏ ဓားချက်ကို မနည်း တောင့်ခံနိုင်ခဲ့သည်။
သို့ရာတွင် အဘိုးအိုချင်းယွင်သည်လည်း ကြီးမားသော အဖိုးအခကို ပေးဆပ်လိုက်ရ၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများက ဖုံးလွှမ်းနေခဲ့ပြီး အကောင်းအတိုင်း ကျန်ရှိသော နေရာဟူ၍ တစ်ကွက်မှ မရှိပေ။
ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူ၏ မျက်ဝန်းများထဲ၌ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
သူ့ရှေ့ရှိ သိုင်းပညာလောကမှ ရောက်ရှိလာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်အစွမ်းထက်သည်။
ထိုလူငယ်သည် ဓားချက် အနည်းငယ်ဖြင့်ပင် ကပ်ဘေးအဆင့် ကျင့်ကြံသူ လေးဦးကို သတ်ဖြတ်နိုင်ခဲ့၏။
ထိုလူငယ်အတွက် ကပ်ဘေးအဆင့် ကျင့်ကြံသူကို သတ်ဖြတ်ခြင်းသည် ကြက်သတ်သကဲ့သို့ပင် လွယ်ကူနေပါသလော။
ဤကဲ့သို့သော စွမ်းရည်မျိုးသည် အင်မော်တယ် ကျင့်ကြံခြင်းလောကရှိ ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူများထက်ပင် မနိမ့်ကျပေ။
အဘိုးအိုချင်းယွင်သည် သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ဖိနှိပ်မှုအောက်တွင် တဖြည်းဖြည်း ဆုတ်ယုတ်လာသော မြောက်ဘက်ဒေသရှိ သိုင်းပညာလောကကနေ ဤမျှကြောက်မက်ဖွယ် အစွမ်းထက်သော ပါရမီရှင် တစ်ဦး ထွက်ပေါ်လာသည်ကို မည်သို့မျှ နားမလည်နိုင် ဖြစ်နေခဲ့သည်။
အဘိုးအိုချင်းယွင်သည် အကြီးအကျယ် ထိတ်လန့်နေခဲ့ပြီး ဤနေရာတွင် တစ်စက္ကန့်မျှပင် ဆက်လက် မနေဝံ့တော့ပေ။
သူက ဆေးလုံးတချို့ကို အလျင်အမြန် မျိုချလိုက်ပြီး အစိမ်းရောင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ ထိတ်လန့်တကြား ထွက်ပြေးလိုက်သည်။
“ထွက်ပြေးချင်တယ်လား.. ဒီကို ရောက်လာမှတော့ ဒီနေရာမှာပဲ ထာဝရအိပ်စက်လိုက်တော့”
ထိုမြင်ကွင်းကိုမြင်လျှင် ကျန်းချန်သည် မထီမဲ့မြင်ပြုံးလိုက်ပြီး သူ၏ လက်ထဲမှ ရှေးဟောင်းရွှေရောင်ဓားဖြင့် အဘိုးအို ချင်းယွင်ကို ခုတ်ပိုင်းလိုက်သည်။
ရုတ်တရက် အဘိုးအိုချင်းယွင်၏ ပုံရိပ်သည် အလွန် လျင်မြန်စွာ ပြေးနေရာကနေ ရပ်တန့်သွားခဲ့သည်။
ထို့နောက်တွင် ညီးညူသံတစ်ချက်ပင် မပြုလုပ်နိုင်ဘဲ သူ၏ ခန္ဓာကိုယ်နှင့်ဝိညာဥ်သည် ကျန်းချန်၏ ဓားချက်အောက်တွင် အမှုန့် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“သခင်က တကယ်ကို အစွမ်းထက်လှချည်လား”
ဟုန်ထျန်းယန်သည် သူ့ရှေ့မှ မြင်ကွင်းကို မှင်တက်စွာ စိုက်ကြည့်နေခဲ့သည်။
သူက အချိန်အတော်ကြာမှသာ သတိပြန်ဝင်လာခဲ့၏။
အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးဦးစလုံးသည် ကျန်းချန်၏ လက်ချက်ဖြင့် တစ်ခဏအတွင်း သေဆုံးသွားခဲ့ချေပြီ။
ထိုကောင်လေး၏ စွမ်းရည်သည် မည်မျှပင် ကြောက်မက်ဖွယ်ရာကောင်းလိုက်ပါသနည်း။
ဤအခိုက်အတန့်တွင် ဟုန်ထျန်းယန်သည် ကျန်းချန်က အင်မော်တယ် ကျင့်ကြံခြင်းလောကထဲသို့ အဘယ်ကြောင့် တစ်ဦးတည်း သွားရဲသည်ကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။
ကျန်းချန်၏ စွမ်းရည်ဖြင့်သာဆိုလျှင် ကပ်ဘေးနှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ပင်လျှင် ကျန်းချန်ကို အနိုင်ယူရန် လွယ်ကူမည် မဟုတ်ပေ။
အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ ကျင့်ကြံသူများကို အလွယ်တကူ ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် ဟုန်ထျန်းယန် မောင်းနှင်နေသော ရထားလုံး ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ထျန်းယန်.. ဆက်သွားစို့”
“ဟုတ်ကဲ့ပါ သခင်”
ဟုန်ထျန်းယန်သည် အနည်းငယ်မျှပင် မပေါ့ဆဝံ့တော့ဘဲ တရိုတသေ ပြန်လည် ဖြေကြားလိုက်ပြီး ထာဝရသက်ရှည်တောင်တန်း ဆီသို့ ရထားလုံးကို အာရုံစိုက်ရင်း မောင်းနှင်ခဲ့သည်။
ကျန်းချန်က ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦးကို တစ်ဦးပြီးတစ်ဦး သတ်ဖြတ်နေသော အချိန်တွင် မြူခိုးအင်မော်တယ်ဂိုဏ်းမှ တပည့်နှစ်ဦးသည် ဘိုးဘေးခန်းမဆောင်၏ အပြင်ဘက် တံခါးတွင် ရပ်နေခဲ့ကြသည်။
“ဂိုဏ်းတူအစ်ကို.. ဘိုးဘေးထျန်းရှက တကယ်ပဲ ကျဆုံးသွားတာလား”
ဘယ်ဘက်ရှိ အသက်ငယ်သော တပည့်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ် သိပ်မကြာခင်ကပဲ ဘိုးဘေးခန်းမဆောင်ထဲမှာရှိတဲ့ ဘိုးဘေးထျန်းရှရဲ့ ဝိညာဥ်ကမ္ပည်းတိုင်က ကွဲသွားခဲ့တယ်”
ညာဘက်မှ စီနီယာတပည့်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
“အရင်က စောင့်ကြပ်နေတဲ့ ဂိုဏ်းတူအစ်ကိုက ဒီမြင်ကွင်းကိုမြင်ပြီး ထိတ်လန့်သွားတဲ့အတွက် ဂိုဏ်းက မင်းနဲ့ ငါ့ကို အစားထိုး လာစောင့်ခိုင်းလိုက်တာပဲ”
ထိုစကားကိုကြားလျှင် ဘယ်ဘက်မှ တပည့်သည် အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ဘိုးဘေးထျန်းရှက အင်မော်တယ် ကျင့်ကြံခြင်းလောကမှာ ကပ်ဘေးအဆင့်ကို ရောက်ရှိနေတဲ့ နာမည်ကျော် ကျင့်ကြံသူတစ်ယောက်ပဲ.. ဘိုးဘေးထျန်းရှလို့ ပုဂ္ဂိုလ်မျိုးက ဘယ်လိုလုပ်ပြီး အလွယ်တကူ ကျဆုံးသွားရတာလဲ”
“ဒါတော့ ငါလည်း ဘယ်သိပါ့မလဲ”
ညာဘက်မှ တပည့်က ခေါင်းခါရမ်းကာ ပြန်ဖြေလိုက်သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဂိုဏ်းချုပ် ကိုယ်တိုင်က အခြားအင်မော်တယ် ဂိုဏ်းကြီးလေးဂိုဏ်းက ကျင့်ကြံသူတွေနဲ့အတူ စုံစမ်းဖို့ သွားနေခဲ့ပြီ.. သိပ်မကြာခင်တော့ အဖြေကို သိရမှာပါ”
“ဝုန်း..”
ထိုတပည့်၏ စကားအဆုံးမှာပင် ဘိုးဘေးခန်းမ အတွင်းကနေ ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုပေါက်ကွဲသံကို ကြားလိုက်ရလျှင် မြူခိုးအင်မော်တယ်ဂိုဏ်းမှ တပည့်နှစ်ဦးစလုံး၏ မျက်နှာသည် အကြီးအကျယ် ပျက်ယွင်းသွားခဲ့သည်။
မြူခိုးအင်မော်တယ်ဂိုဏ်း၏ တပည့်များအနေဖြင့် သူတို့သည် ပေါက်ကွဲသံက မည်သည့် အဓိပ္ပါယ်မှန်း ကောင်းစွာ သိထားကြ၏။
ဆိုရလျှင် ထိုပေါက်ကွဲသံသည် ဝိညာဥ်ကမ္ပည်းတိုင် ပေါက်ကွဲသွားသည့် အသံပင် ဖြစ်သည်။
မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးခန်းမဆောင်တွင် ပြိုင်ဘက်ကင်း ပါရမီရှင် တချို့မှလွဲလျှင် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်နှင့် ကပ်ဘေးအဆင့် ကျင့်ကြံသူသုံးပါး၏ ဝိညာဥ်ကမ္ပည်းတိုင်များကိုသာ ထားရှိထား၏။
တပည့်နှစ်ဦးက တုံ့ဆိုင်းမနေဘဲ ဘိုးဘေးခန်းမဆောင် အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားကြသည်။
သူတို့၏ အကြည့်သည် ခန်းမဆောင်အတွင်းရှိ နေရာတစ်ခုဆီသို့ ကျရောက်သွားခဲ့သည်။
ထိုနေရာမှာ မြူခိုးအင်မော်တယ်ဂိုဏ်း၏ ကပ်ဘေးအဆင့်ကျင့်ကြံသူ သုံးပါး၏ ဝိညာဥ်ကမ္ပည်းတိုင်များကို ထားရှိသော နေရာ ဖြစ်သည်။
ဘိုးဘေးထျန်းရှ၏ ဝိညာဥ်ကမ္ပည်းတိုင် ပျက်စီးသွားပြီးနောက်တွင် ထိုနေရာ၌ ဝိညာဥ်ကမ္ပည်းတိုင်နှစ်ခု ကျန်ရှိနေရမည်ဖြစ်သည်။
သို့သော်လည်း တပည့်နှစ်ဦးသည် ဝိညာဥ်ကမ္ပည်းတိုင်နှစ်ခု ရှိနေရမည့် နေရာတွင် ဝိညာဥ်ကမ္ပည်းတိုင် တစ်ခုတည်းသာ အထီးကျန်စွာ ရှိနေသည်ကို တွေ့လိုက်ရပြီး တုန်လှုပ်သွားခဲ့သည်။
ထို ဝိညာဥ်ကမ္ပည်းတိုင်၏ အနီးတွင် ဝိညာဥ်ကမ္ပည်းတိုင်အပိုင်းအစ များစွာသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေခဲ့သည်။
“ဒါက ဂိုဏ်းချုပ်ရဲ့ ဝိညာဥ်ကမ္ပည်းတိုင်ပဲ...ဂိုဏ်းချုပ်ရဲ့ ဝိညာဥ်ကမ္ပည်းတိုင် ပေါက်ကွဲသွားခဲ့ပြီ”
သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် အသက်ကြီးသော တပည့်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
မြူခိုးအင်မော်တယ်ဂိုဏ်းတွင် ကပ်ဘေးအဆင့် ကျင့်ကြံသူသုံးဦးသာ ရှိ၏။
ကျဆုံးသွားသော ဘိုးဘေးထျန်းရှမှ လွဲ၍ ကျန်နှစ်ဦးမှာ သူတို့၏ ဂိုဏ်းချုပ်နှင့် နှစ်ပေါင်းများစွာ တံခါးပိတ် ကျင့်ကြံနေသော ဘိုးဘေးထျန်းယွမ်တို့ ဖြစ်ကြသည်။
ဘိုးဘေးထျန်းယွမ်သည် မြူခိုးအင်မော်တယ်ဂိုဏ်းတွင် တံခါးပိတ် ကျင့်ကြံနေသူ ဖြစ်ရာ သက်တမ်းကုန်ဆုံးချိန်မှလွဲ၍ ရုတ်တရက် ကျဆုံးရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့ကြောင့် ဤတစ်ခေါက် ပေါက်ကွဲသွားသော ဝိညာဥ်ကမ္ပည်းတိုင်သည် ဂိုဏ်းချုပ်၏ ဝိညာဥ်ကမ္ပည်းတိုင် ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
သူသိထားသလောက်ဆိုလျှင် သူတို့၏ ဂိုဏ်းချုပ်သည် အခြားသော အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်းမှ ကျင့်ကြံသူများနှင့်အတူ ဘိုးဘေးထျန်းရှ ကျဆုံးသွားရသည့်အခြေအနေကို စုံစမ်းရန် ထွက်ခွာသွားခဲ့သည်။
အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦး ပူးပေါင်းလိုက်လျှင် အင်မော်တယ်တိုက်ကြီး တစ်ခုလုံးတွင်ပင် မည်သူ့ကိုမှ ကြောက်စရာ မလိုအပ်ပေ။
သို့ဖြစ်ရာ သူတို့၏ ဂိုဏ်းချုပ်သည် မည်ကဲ့သို့ ကျဆုံးသွားပါသနည်း။
“သွားစို့.. ဂိုဏ်းက အကြီးအကဲတွေကို မြန်မြန် သတင်းသွားပို့ရအောင်”
အသက်ကြီးသော တပည့်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး မျက်တောင်တစ်ခတ်အတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
မြူခိုးအင်မော်တယ်ဂိုဏ်းမှ ဂိုဏ်းချုပ် ယွင်ထျန်းယီ ကျဆုံးသွားကြောင်း သိလိုက်ရသည့်အချိန်မှာပင် ထိုက်ယီအင်မော်တယ်ဂိုဏ်းနှင့် အခြားသော အင်မော်တယ်ဂိုဏ်းများသည်လည်း သူတို့၏ ဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူများ ကျဆုံးသွားကြောင်း သိရှိသွားခဲ့ကြသည်။
အလွန်လျင်မြန်စွာပင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် တစ်ဂိုဏ်းပြီး တစ်ဂိုဏ်း အဆက်အသွယ် ရရှိခဲ့ကြသည်။
သူတို့ စေလွှတ်လိုက်သော ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦးစလုံး ကျဆုံးသွားပြီ ဖြစ်မှန်း သိလိုက်ရလျှင် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ကြပေ။
ကပ်ဘေးအဆင့်ရှိ အင်မော်တယ်ကျင့်ကြံသူ ဆိုသည်မှာ အင်မော်တယ် ကျင့်ကြံခြင်း လောက၏ အထွတ်အထိပ်တွင် ရပ်တည်နိုင်သော အဆင့်ပင် မဟုတ်ပါလော။
အင်မော်တယ် ကျင့်ကြံခြင်း လောက တစ်ခုလုံးတွင်ပင် ကပ်ဘေးအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူ အရေအတွက်သည် အလွန်တရာ နည်းပါး၏။
ထို့ကြောင့် ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦး တစ်ပြိုင်နက်တည်း ကျဆုံးသွားခြင်းသည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းကို အကြီးအကျယ်ပင် ထိခိုက်နစ်နာစေခဲ့သည်။
ဤသတင်းသည် အင်မော်တယ် ကျင့်ကြံခြင်း လောကတစ်ခုလုံးကို လှိုင်းထန်သော ပင်လယ်ပြင်ကြီး ကဲ့သို့ လှုပ်ခတ်သွားစေခဲ့သည်။
အခန်း(၂၃၆၉)ပြီး၏။
အခန်း(၂၃၇၀)
အင်မော်တယ်တိုက်၏ အလယ်ပိုင်းရှိ ထိုက်ယီအင်မော်တယ်တောင်တွင် တည်ရှိသော ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် အင်မော်တယ်တိုက်၏ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းထဲတွင် နံပါတ်တစ်နေရာ၌ ရှိသော ဂိုဏ်းကြီး ဖြစ်သည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် ရှည်လျားသော အမွေအနှစ် သမိုင်းကြောင်းရှိပြီး အင်မော်တယ်တိုက်တွင် အင်မော်တယ် ကျင့်ကြံခြင်းလောက စတင် ပေါ်ပေါက်လာကတည်းကပင် တည်ရှိခဲ့ခြင်း ဖြစ်ကာ အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ရှေ့ဆောင်လမ်းပြ ဆိုလည်းမမှားပေ။
ထို့ကြောင့် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ စွမ်းရည်သည် အလွန်တရာပင် နက်ရှိုင်းပြီး အခြားသော အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်းထက်ပင် များစွာသာလွန်ကာ အင်မော်တယ် ကျင့်ကြံခြင်းလောက၏ နံပါတ်တစ်နေရာကို ပိုင်ဆိုင်ထားခြင်းဖြစ်၏။
အဘိုးအိုချင်းယွင်၏ ဝိညာဥ်ကမ္ပည်းတိုင် ပေါက်ကွဲသွားပြီးနောက်တွင် ထိုက်ယီ အင်မော်တယ်ဂိုဏ်းသည် အခြားသော အင်မော်တယ် ဂိုဏ်းကြီးလေးဂိုဏ်းကို အရင်ဆုံး အကြောင်းကြားခဲ့ပြီး ကိစ္စရပ်များအား ဆွေးနွေးရန်အတွက် သူတို့ထံ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။
ဤတစ်ကြိမ်တွင် မြောက်ဘက်ဒေသရှိ သိုင်းပညာလောကကနေ နတ်ဘုရင်တစ်ပါး ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးထျန်းရှကို သတ်ဖြတ်ခဲ့သည်။
အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် ထိုကိစ္စကို အလွန်တရာပင် အလေးထားခဲ့ကြပြီး တန်ယန်မြို့သို့ ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးစီ စေလွှတ်ခဲ့ကြ၏။
သို့သော်လည်း ကပ်ဘေး အလယ်အလတ်အဆင့်ရှိ အဘိုးအိုချင်းယွင် အပါအဝင် ကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးဦးစလုံး ကျဆုံးသွားလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။
သိထားရမည့်အချက်မှာ အဘိုးအိုချင်းယွင်၏ စွမ်းရည်ဖြင့်ဆိုလျှင် အင်မော်တယ် ကျင့်ကြံခြင်း လောကတစ်ခုလုံးတွင် ထိပ်ဆုံး စာရင်းဝင်ရန် လုံလောက်၏။
အခြားသော အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူလေးဦးနှင့် ပေါင်းစပ်လိုက်လျှင် ထိုအင်အားစုသည် အင်မော်တယ်တိုက်တွင် မည်သည့်နေရာကိုမဆို စိုးရိမ်စရာ မရှိ သွားလာရန် လုံလောက်သည်။
ကပ်ဘေးနှောင်းပိုင်းအဆင့်ရှိ ပုဂ္ဂိုလ်များပင်လျှင် အဘိုးအိုချင်းယွမ်တို့ ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦးကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ငါးဦးစလုံးကို သတ်ဖြတ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ချေ။
မြောက်ဘက်ဒေသရှိ သိုင်းပညာလောကမှ နံပါတ်တစ် ကျင့်ကြံသူ ဝူကျန့်ထျန်းပင်လျှင် အဘိုးအိုချင်းယွင်တို့ ငါးဦးကို တစ်ပြိုင်နက်တည်း သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦး ကျဆုံးသွားခြင်းသည် အင်မော်တယ် ကျင့်ကြံခြင်းလောက တစ်ခုလုံးအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်၏။
ထို့အတူ မြောက်ဘက်ဒေသရှိ ကျင့်ကြံခြင်း လောကတွင် ဤမျှ ကြောက်စရာကောင်းသော နတ်ဘုရင် တစ်ပါး ပေါ်ထွက်လာခြင်းသည် သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကအတွက် ပို၍ပင် စိုးရိမ်ရေမှတ်သို့ ရောက်ရှိသွားစေခဲ့သည်။
ယင်းကြောင့်လည်း ထိုက်ယီအင်မော်တယ်ဂိုဏ်းသည် ထိုကိစ္စကို ဆွေးနွေးရန်အတွက် အခြားသော အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းကို အချိန်မဆွဲဘဲ ဖိတ်ခေါ်ခဲ့ခြင်းသာ။
အင်မော်တယ်ဂိုဏ်းကြီး လေးဂိုဏ်းသည် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ဆက်သွယ်မှုကို ရရှိပြီးနောက်တွင် သူတို့ဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူများကို ထိုက်ယီအင်မော်တယ်ဂိုဏ်း ဆီသို့ ချက်ချင်းဆိုသလို စေလွှတ်ခဲ့သည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အစည်းအဝေးခန်းမထဲတွင် ကပ်ဘေးအဆင့် ကျင့်ကြံသူငါးဦးသည် ငြိမ်သက်စွာ ထိုင်နေခဲ့ကြ၏။
ထိုငါးဦး၏ အရှိန်အဝါသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး တစ်ဦးချင်းစီသည် ကပ်ဘေး အလယ်အလတ်အဆင့် ကျင့်ကြံသူ ဖြစ်သည့် အဘိုးအိုချင်းယွင်ထက် မနိမ့်ကျပေ။
အဓိကထိုင်ခုံတွင် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေခဲ့၏။
ထိုသူမှာ အခြားသူ မဟုတ်ပေ။
အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် နာမည်ကျော်ကြားသည့် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ လက်ရှိဂိုဏ်းချူပ် ဖြစ်သူ မိုချင်းစန်းပင် ဖြစ်သည်။
“အားလုံးပဲ.. မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကကနေ နတ်ဘုရင်တစ်ပါး ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကက ကပ်ဘေးအဆင့် ကျင့်ကြံသူ ခြောက်ယောက်ကို သတ်ပစ်ခဲ့တယ်.. ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ ဘယ်လိုမြင်ကြလဲ”
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် မိုချင်းစန်းသည် အဆုံးသတ်၌ ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“ဒီကိစ္စက နည်းနည်းတော့ ထူးဆန်းနေသလိုပဲ.. မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကက အခုအချိန်မှာ အတော်လေး ဆုတ်ယုတ်နေတယ်.. ဝူကျန့်ထျန်းက လွဲရင် ကပ်ဘေး နှောင်းပိုင်းအဆင့် ကျင့်ကြံသူကို ယှဥ်နိုင်တဲ့ ကျင့်ကြံသူ တစ်ယောက်မှ မရှိဘူး.. ဒီလောက်အထိ ကြောက်မက်ဖွယ် အစွမ်းထက်တဲ့ နတ်ဘုရင်အဆင့် ပါရမီရှင် တစ်ပါး ဘယ်လိုလုပ်ပြီး ရုတ်တရက် ပေါ်ထွက်လာရတာလဲ”
ဘယ်ဘက်ခြမ်းရှိ ထိပ်ဆုံးတွင် ထိုင်နေသည့် ဆံပင်ရောမုတ်ဆိတ်ပါ ဖြူဖွေးနေသော အဘိုးအိုက သုံးသပ်ပြောဆိုလိုက်သည်။
ထိုအဘိုးအိုသည် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေသော မြူခိုးအင်မော်တယ်ဂိုဏ်း၏ ထျန်းယွမ် ဖြစ်ပြီး မြူခိုးအင်မော်တယ်ဂိုဏ်းတွင် ကျန်ရှိနေသည့် တစ်ဦးတည်းသော ကပ်ဘေးအဆင့် ကျင့်ကြံသူလည်း ဖြစ်သည်။
ယခုအခါတွင် မြူခိုးအင်မော်တယ်ဂိုဏ်းသည် ကပ်ဘေးအဆင့် ကျင့်ကြံသူ နှစ်ဦးကို ဆုံးရှုံးလိုက်ရပြီး သေရေးရှင်ရေး အချိန်သို့ ရောက်ရှိနေသဖြင့် တံခါးပိတ် ကျင့်ကြံနေသော ဘိုးဘေးကို ဆင့်ခေါ်ခဲ့ရခြင်း ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်းလောကရှိ သက်တမ်းအရင့်ဆုံးကျင့်ကြံသူများထဲမှ တစ်ဦးဖြစ်သော မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးထျန်းယွမ်သည် လွန်ခဲ့သော နှစ်ပေါင်း များစွာကတည်းကပင် ကပ်ဘေးနှောင်းပိုင်း အဆင့်သို့ ရောက်ရှိနေသူ ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကရှိ အထွတ်အထိပ် ကျင့်ကြံသူငါးဦး ထဲတွင် တစ်ဦး အပါအဝင်လည်း ဖြစ်သည်။
“ကျွန်တော် စုံစမ်းရသလောက်တော့ ဒီလူက အင်မော်တယ်တိုက်ရဲ့ တောင်ဘက်ကနေ စတင် ပေါ်ပေါက်လာခဲ့တယ်.. သူက ရွှမ်ယန်ဂိုဏ်းကို တစ်ကိုယ်တော် စွမ်းရည်နဲ့ ဖိအားပေးခဲ့ပြီး ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်နေရာ တစ်နေရာကို သူ့ကို ပေးဖို့အတွက် ဖိအားပေးခဲ့တယ်”
ထိုအချိန်တွင် သူ၏ နံဘေးရှိ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံပင်အနီရောင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားသည် လေးနက်စွာ ပြောလိုက်သည်။
ထိုအနီရောင်ဝတ်စုံဝတ် အမျိုးသားသည် မဟာသူရိန် အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် ကျင်းချီရှောင် ဖြစ်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောက၏ တောင်ဘက်ဒေသကို ထိန်းချုပ်ထားသူလည်း ဖြစ်သည်။
တန်ယန်မြို့မှ သတင်းအချို့နှင့် သူသိထားသည့် အချက်အလက်များအရ တန်ယန်မြို့တွင် ကပ်ဘေးအဆင့်ကျင့်ကြံသူ ငါးပါးကို သတ်ဖြတ်ခဲ့သူသည် ရွှမ်ယန်ဂိုဏ်းတွင် ပေါ်ထွက်လာခဲ့သူ ဖြစ်ကြောင်း ကျင်းချီရှောင် သိရှိခဲ့သည်။
ထိုနေ့က ရွှမ်ယန်ဂိုဏ်းသည် ထိုကိစ္စနှင့် ပတ်သက်၍ မဟာသူရိန်အင်မော်တယ်ဂိုဏ်းဆီ သတင်းပေးပို့ခဲ့သော်လည်း ကျင်းချီရှောင်သည် သိပ်ဂရုမစိုက်ခဲ့ပေ။
ထိုစဥ်က ရွှမ်ယန်ဂိုဏ်း၏ သတင်းပို့ချက်ထဲတွင် ထိုပါရမီရှင်သည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်နှင့်သာ နှိုင်းယှဥ်နိုင်သည့် သိုင်းပညာလောကမှ ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်ဟု ဆိုထား၏။
သို့ဖြစ်၍ ထိုလူက ရွှမ်ယန်ဂိုဏ်းထံမှ ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာ တစ်နေရာကို အတင်းအဓမ္မ လုယူသွားခြင်းသည် သူ၏ သက်တမ်းကို ဆွဲဆန့်ရန်အတွက်သာ ဖြစ်ရပေလိမ့်မည်။
ထာဝရသက်ရှည်တောင်တန်း ဖွင့်လှစ်သောအခါတွင် သူတို့အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများစွာသည် ထိုတောင်တန်းသို့ သွားရောက်ကြမည် ဖြစ်၏။
အကယ်၍ သိုင်းပညာလောကမှ ပါရမီရှင်သာ ထာဝရသက်ရှည်တောင်တန်းတွင် ပေါ်ထွက်လာခဲ့လျှင် သူတို့၏ လက်ကနေ ထွက်ပြေးရန်မှာ လုံးဝမဖြစ်နိုင်ပေ။
သို့သော်လည်း ရွှမ်ယန်ဂိုဏ်းတွင် ပေါ်ထွက်လာခဲ့သော လမ်းစဥ် ပေါင်းစည်းခြင်း အဆင့်နှင့် နှိုင်းယှဥ်နိုင်သည် ဟူသော ပါရမီရှင်သည် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အစွမ်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု ကျင်းချီရှောင် မထင်ထားခဲ့ပေ။
ထိုလူငယ်သည် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးထျန်းရှကို သတ်ဖြတ်ခဲ့ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောက၏ နံပါတ်တစ်မိသားစု ဖြစ်သော တန်မိသားစုကိုပါ ချေမှုန်းခဲ့သည်။
အဆုံးသတ်တွင် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးဦးကိုပါ သတ်ဖြတ်ခဲ့၏။
ရေတွက်မည်ဆိုလျှင် ထိုလူငယ်၏ လက်ထဲ၌ ကပ်ဘေးအဆင့် ကျင့်ကြံသူ ခြောက်ဦး အသက်ဆုံးရှုံးခဲ့ရသည်။
ဤသည်မှာ အင်မော်တယ်တိုက်တွင် ရှိသည့် ကပ်ဘေးအဆင့်ကျင့်ကြံသူ အရေအတွက်၏ သုံးပုံတစ်ပုံနီးပါး ဖြစ်ပြီး ယခုအခါတွင် ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပါရမီရှင်၏ လက်ချက်ဖြင့် အားလုံး သေဆုံးသွားခဲ့ရချေပြီ။
“ဒါဆိုရင် အဲဒီကောင်က ထာဝရသက်ရှည်တောင်တန်း အတွက် ဒီကို ရောက်လာတာပေါ့”
ဘိုးဘေးထျန်းယွမ်၏ မျက်လုံးများက လင်းလက်သွားခဲ့ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဒါဆိုရင် ငါတို့တွေ ထာဝရသက်ရှည်တောင်တန်းဆီ သွားပြီး အဲဒီကောင် ရောက်လာတဲ့အထိ စောင့်ဆိုင်းကြတာပေါ့”
“ဒီကောင်က တကယ်ကို အစွမ်းထက်လွန်းတယ်.. အမြန်ဆုံး မရှင်းပစ်နိုင်သရွေ့ အကျိုးဆက်တွေက မတွေးဝံ့စရာပဲ”
“ဒီကိစ္စက ဒီလောက် မရိုးရှင်းဘူးလို့ ငါထင်တယ်.. မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကက ဒီကောင်ကို အင်မော်တယ် ကျင့်ကြံခြင်းလောကထဲ လာခွင့်ပြုရဲမှတော့ အစီအစဥ် တစ်ခုခု ရှိဖို့များတယ်.. အခုအချိန်မှာ ငါတို့ဘက်က ကပ်ဘေးအဆင့် ကျင့်ကြံသူ ခြောက်ယောက်ကို ဆုံးရှုံးသွားရပြီ ဆိုတော့ ဒါက ငါတို့ရဲ့ အင်အားကို အကြီးအကျယ် ထိခိုက်စေတာပဲ"
"ဒီအချိန်မှာ မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကနဲ့ ရင်ဆိုင်ရရင် အသာမရနိုင်မှာကို စိုးရိမ်မိတယ်.. မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကက ဒီအခွင့်အရေးကို အသုံးချပြီး ထိုးစစ်ဆင်လာဖို့ အလားအလာ အရမ်းများတယ်.. ငါတို့ သတိထားမှ တော်ကာကြမယ်”
ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်းမှ ကပ်ဘေးအဆင့် အဘိုးအိုကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။
ထိုအဘိုးအို၏ စကားကိုကြားလျှင် လူတိုင်းသည် တုန်လှုပ်သွားခဲ့ကြ၏။
လွန်ခဲ့သောနှစ်ပေါင်းများစွာက အင်မော်တယ် ကျင့်ကြံခြင်းလောကသည် ထာဝရသက်ရှည်တောင်တန်းတွင် ကျင့်ကြံသူအများအပြား အသက်ဆုံးရှုံးခဲ့ရသဖြင့် အင်အား ဆုတ်ယုတ်ခဲ့ရပြီး မြောက်ဘက်ဒေသရှိ သိုင်းပညာလောက၏ အခွင့်ကောင်းယူခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ဖူး၏။
ယခုအခါတွင် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကပ်ဘေးအဆင့် ကျင့်ကြံသူ ခြောက်ဦး ရုတ်တရက် ပျောက်ဆုံးသွားပြီ ဖြစ်ရာ မြောက်ဘက်ဒေသရှိ သိုင်းပညာလောကအနေဖြင့် ဤအခွင့်အရေးကို အမိအရ ဆုပ်ကိုင်မည်မှာ သေချာသလောက်ပင်။
“မင်းတို့တွေ တစ်ခု စဥ်းစားမိသလားတော့ ငါမသိဘူး.. ငါ့အထင် အဲဒီကောင်လေးက မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကက မဟုတ်လောက်ဘူး”
ကျင်းချီရှောင်က ခဏမျှ တွန့်ဆုတ်နေပြီးမှ တွေးတွေးဆဆဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ကျန်ရှိသော ကပ်ဘေးအဆင့် ကျင့်ကြံသူ လေးဦးစလုံး၏ အကြည့်သည် ကျင်းချီရှောင်ထံသို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။
ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် မိုချင်းစန်းက လေးနက်စွာဖြင့် မေးလိုက်သည်။
“ဂိုဏ်းချုပ်ကျင်း.. ဒီစကားက ဘာအဓိပွါယ်လဲ”
ထိုမေးခွန်းကို ကြားလျှင် ကျင်းချီရှောင်သည် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ရုတ်တရက် ပေါ်ထွက်လာတဲ့ လူငယ်က မြောက်ဘက်ဒေသရဲ့ သိုင်းပညာလောကကမဟုတ်သလို အင်မော်တယ်တိုက်ကလည်း မဟုတ်လောက်ဘူးလို့ ငါသံသယ ဖြစ်မိတယ်”
အခန်း(၂၃၇၀)ပြီး၏။