ဘုံဝါဒ
Vol. 8 Ch. 788
ထိုအကြံအစည်မှာ အလွန့်အလွန် ရက်စက်လွန်းလှသည်။
မည်မျှရက်စက်ကြမ်းကြုတ်သနည်းဆိုရသော် လူအမြောက်အမြား ဒေါသအမျက်ချောင်းချောင်း ထွက်နေရမည်သာ ဖြစ်ပေသည်။ ချန်ဟောက်စုန့်မှာ သူ၏ နှလုံးသားအား မိုးကြိုးအချက်ပေါင်း ထောင်သောင်းမက အပစ်ခံလိုက်ရသည့်အလား ခံစားနေရသည်။ သူသည် မျက်စိမျက်နှာပျက်၍ အနည်းငယ်ပင် မူးဝေနေတော့သည်။
" မဟာကောင်းကင်သခင် ခင်ဗျား။ အဲဒီလိုမျိုး လုံးဝ မလုပ်သင့်ပါဘူး "
သူက တုန်တုန်ရီရီနှင့် ဆိုလိုက်သည်။ သူ့မှာ အမွေဆက်ခံသူ များစွာရှိနေသည်ဖြစ်၍ ထိုအစီအစဥ်အတိုင်းသာ ဆောင်ရွက်လိုက်ပါက သူ၏ မျိုးနွယ်စုတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားမည်သာ ဖြစ်သည်။
ထို့အပြင် ထိုအစီအစဥ်ကြောင့် မည်သူမှ မဟာကောင်းကင်သခင်အား ပုန်ကန်ထကြွခွင့်ရှိတော့မည် မဟုတ်ပေ။ သူက အထောက်အပံ့ပစ္စည်းများကို သိမ်းယူမည် မဟုတ်ပေ။ မျိုးနွယ်စုတိုင်းတွင် ဖြစ်ပေါ်လာမည့် ရှုပ်ထွေးမှုများကြောင့် ထိုမျိုးနွယ်စုများမှာ တည်ငြိမ်မှုရရှိစေရန်ကိုပင် အစွမ်းကုန်ကြိုးစားနေရမည် ဖြစ်သည်။
ထိုအစီအစဥ်ကြောင့် အဆုံးသတ်တွင် အကြီးမားဆုံးသော မျိုးနွယ်စုများမှာ သေးငယ်သော မျိုးနွယ်စု ဒါဇင်ပေါင်းများစွာ အဖြစ် ပြိုကွဲသွားမည်သာ ဖြစ်သည်။
အရှိန်အဝါကြီးမားသော မျိုးနွယ်စုကြီးများ မရှိတော့ပါက လာမည့်နှစ်များတွင် ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံရေးအခြေအနေများကို ဖော်ပြရန်ပင် ခက်ခဲနေလိမ့်မည်။ ချန်ဟောက်စုန့်မှာ ထိုအကြောင်းကို တွေးပင်မတွေးရဲပေ။
" ဒီပိုင်ဟောက်ဆိုတဲ့ ကောင်က တော်တော်ရက်စက်တာပဲ " သူက စိတ်ထဲတွင် ကျိန်ဆဲနေတော့သည်။
" သွားသေလိုက်ပါလားကွာ "
ထိုကြောက်မက်ဖွယ် အစီအစဥ်ကြီးမှာ အသေးစား ငွေညှစ်ခြင်းများဟုပင် ဆိုနိုင်သည်။ သို့သော် ယခုအခါတွင် ငွေညှစ်မည့်လူများက ပိုင်ဟောက်မဟုတ်ပဲ မျိုးနွယ်စုထဲရှိ ကလေးငယ်များနှင့် သူတို့အပေါ်သစ္စာစောင့်သိသည့် မျိုးနွယ်စုထဲရှိ လူများသာဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ မျိုးမစစ်သားများနှင့် အရိုက်အရာဆက်ခံခွင့်မရှိသော တိုက်ရိုက်သွေးမျိုးဆက်မှ အဖွဲ့ဝင်များထံသို့ အသွားထက်ထက် ဓားတစ်လက် ပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။ ထို့နောက် သူက ထိုလူများအား သူပေးထားသည့် ဓားများကို ကိုင်မြှောက်စေပြီး မျိုးနွယ်စုတစ်ခုလုံး၏ ဦးခေါင်းများအပေါ်သို့ ချိန်ရွယ်ထားစေမည် ဖြစ်သည်။
ထိုအစီအစဥ်မှာ အလွန်ကောက်ကျစ်လွန်းလှသည်။ မျိုးနွယ်စုများ၏အတွင်းပိုင်းတွင် ပြဿနာများဖြစ်ပေါ်လာစေရန် ဖန်တီးပေးလိုက်ပြီး မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များကို ပရမ်းပတာဖြစ်သွားစေမည်ဖြစ်သည်။ လက်ရှိတွင် အာဏာအကြီးမားဆုံး ပိုင်ဆိုင်ထားသူများမှာ အလွန်အမင်း ထိခိုက်နစ်နာသွားကြမည်သာဖြစ်သည်။
ကလေးများအားလုံးမှာ တိုက်ရိုက်သွေးမျိုးဆက်မှ အဖွဲ့ဝင်များဖြစ်ပြီး အခြေခံလိုအပ်ချက်ဖြစ်သည့် မျိုးနွယ်စု၏ သွေးကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ မည်သည့် မြို့စား၊ နယ်စား၊ ဘုရင်မဆို ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခများကို တားဆီးလိုပါက သားစဥ်မြေးဆက်အားလုံးကို ကွပ်မျက်ပစ်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
သို့သော် ထိုအစီအစဥ်မှာ မျိုးမစစ်သားများနှင့် အရိုက်အရာဆက်ခံခွင့် မရှိသော အခြားကလေးငယ်များအတွက်မူ ကြီးမားသော အခွင့်အရေးကြီးတစ်ခု ဖြစ်သွားမည်သာဖြစ်သည်။ သူတို့မှာ သာမန်ကျင့်ကြံသူများထက် ပို၍သာလွန်သည့် ကျင့်ကြံရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများကို ရရှိပါသော်လည်း အရိုက်အရာဆက်ခံမည့်သူများနှင့် နှိုင်းယှဥ်ကြည့်လိုက်ပါက စာမဖွဲ့လောက်ပေ။ သူတို့က မျိုးနွယ်စု၏များပြားလှသော ချမ်းသာကြွယ်မှုများမှ အနည်းငယ်မျှကိုသာ အကျိုးခံစားရသည်။
သို့သော် ယခုအစီအစဥ်ကိုသာ အကောင်အထည်ဖော်လိုက်မည် ဆိုပါက အရာရာတိုင်း ပြောင်းလဲသွားမည်ဖြစ်သည်။ အရိုက်အရာဆက်ခံသူများဖြစ်စေ၊ ဆက်ခံခွင့်မရှိသူများဖြစ်စေ၊ မျိုးမစစ်များဖြစ်စေ လူတိုင်းမှာ ချမ်းသာကြွယ်ဝမှုများကို တူညီစွာ ခံစားခွင့်ရသွားမည်ဖြစ်သည်။
ထို့ကြောင့် ချန်ဟောက်စုန့်ကဲ့သို့သော လူမျိုးမှာ အဘယ်ကြောင့် စိတ်မတိုပဲ နေနိုင်မည်နည်း။ ဤအစီအစဥ်ကို အဘယ်ကြောင့် ပြင်းပြင်းထန်ထန် မကန့်ကွက်ပဲ နေနိုင်မည်နည်း။ ကံအဆိုးဆုံးသော လူများမှာမူ အမွေဆက်ခံရန် သတ်မှတ်ခံထားရသည့် လက်ရှိ အရိုက်အရာဆက်ခံသူများပင်ဖြစ်သည်။
သူတို့သည် ကြီးမားစွာ နစ်နာသွားကြမည်သာဖြစ်ပြီး သူတို့၏ အနာဂတ်များမှာလည်း ပျက်စီးလုမတတ် ဖြစ်သွားရမည်သာဖြစ်သည်။ သူတို့သည် ပိုင်ရှောင်ချန်းအား မည်မျှပင် မုန်းတီးနေမည်ဆိုသည်ကို စိတ်ကူးနှင့်ပင် ပုံဖော်ရန် ခဲယဥ်းနေပေလိမ့်မည်။ သူ့အပေါ်ထားရှိခဲ့သည့် အမုန်းတရားများမှာ အဆပေါင်းများစွာ များပြားသွားမည်ဖြစ်ပြီး သူတို့၏ ရိုးတွင်းချဥ်ဆီများထဲအထိ နစ်ဝင်နေမည်မှာ အမှန်ပင်။
လက်ရှိတွင် တန်ခိုးအာဏာကြီးမားနေသူများမှာ ပို၍ အကျပ်ရိုက်နေမည်ဖြစ်သည်။ သူတို့ ပင်ပန်းဆင်းရဲစွာ ကြိုးစားရှာဖွေစုဆောင်းခဲ့ရသည့် ချမ်းသာကြွယ်ဝမှုအားလုံးကို မျိုးနွယ်စုထဲတွင် ဝေခွဲ၍ ပေးရတော့မည်ဖြစ်သည်။ သူတို့ ယခင်က ဂုဏ်အရှိန်အဝါကြီးမားစွာ နေခဲ့သလို ဆက်၍နေနိုင်မည်ဟု တပ်အပ်ပြော၍ မရတော့ပေ။
၎င်းအချက်များအပြင် ထိုလူများမှာ သူတို့၏ လက်ရွေးစင် အရိုက်အရာဆက်ခံသူများနှင့် အခြားကလေးငယ်များ ရန်သတ်နေကြသည်ကို ကူရာကယ်ရာမဲ့စွာ ထိုင်ကြည့်နေရမည်သာဖြစ်သည်။ ပိုင်ရှောင်ချန်းအပေါ်ထားရှိသည့် သူတို့၏ မုန်းတီးများမှာ သူ၏သွေးများကိုဖောက်သောက်ကာ အသားများကို စားသုံး၍ အရိုးများကို ချေမွပစ်ချင်စိတ်များ ပေါက်လာသည်အထိ မိုးထိုးနေတော့မည်ဖြစ်သည်။
ယခင်က ပိုင်ရှောင်ချန်းသည် မည်သူ့ကိုမဆို ချိန်ရွယ်ရန်သုံးနိုင်သည့် အန္တရာယ်ကြီးသော ဓားတစ်ချောင်းဖြစ်နေခဲ့၍ လူတိုင်းက သူ့အားသေစေချင်နေခဲ့သည်။ သို့သော် ယခုတွင်မူ ထိုဓားမှာ လူတိုင်းကိုခြိမ်းခြောက်နေပြီဖြစ်သည်။
" ဒါလုံးဝ အဓိပ္ပါယ်မရှိလောက်အောင် ရူးသွပ်တာပဲ "
ကျောချမ်းနေသည့် မုတ်ဆိတ်ရှည် ကောင်းကင်နယ်စားကြီးက ကြိမ်းဝါးလိုက်သည်။ သူသည် မဟာကောင်းကင်သခင်အား သစ္စာရှိသော်လည်း ဤအစီအစဥ်ကို တွေးလိုက်ရုံနှင့် အလွန်ကြောက်မက်ဖွယ်ကောင်းနေသည့်အတွက် သူသည် ပိုင်ရှောင်ချန်းအား အလွန်အမင်း ထိတ်လန့်နေတော့သည်။
သူသည် ကြောက်ရွံ့လွန်းသဖြင့် ဦးရေခွံများပင် ထုံကျဥ်လာပြီး လက်ယှက်ကာ မဟာကောင်းကင်သခင်အား တရိုတသေဦးညွှတ်ကာ တောင်းတောင်းပန်ပန် ဆိုလိုက်လေသည်။
" မဟာကောင်းကင်သခင်ခင်ဗျား ဒီလိုလုပ်လို့ လုံးဝမဖြစ်ပါဘူး "
မဟာကောင်းကင်သခင်ကမူ သူ၏ပုလ္လင်ပေါ်တွင်ထိုင်နေပြီး သာမန်လိုမဟုတ်ပဲ အသက်ရှူသံများပင် မမှန်တော့ပေ။ သူသည်တောက်ပစွာ လင်းလက်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းအား ကြည့်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ ဤသို့သော အစီအစဥ်မျိုးကို စဥ်းစားနိုင်လိမ့်မည်ဟု သူကလုံးဝ မတွေးထားမိပေ။ သူသည် အရာရာတိုင်းကို အစမှ အဆုံးအထိ အသေးစိတ် ရှင်းပြသွားခဲ့သည်။ မဟာကောင်းကင်သခင်၏ အမြင်တွင် ထိုအစီအစဥ်မှာ အားနည်းချက်တစ်ခုမှ မရှိပေ။ ထို့အပြင် ပြန်ရရှိမည့် အကျိုးကျေးဇူးများမှာမူ ဖော်ပြ၍ပင် မရနိုင်လောက်အောင်ကြီးမားနေသည်။ သူ့အတွက် အလွန်တရာမှ အဆင်ပြေလွန်းလှသည့် အကြံအစည်တစ်ခု ဖြစ်နေသည်။
ထိုအစီအစဥ်မှာ စစ်အသုံးစရိတ်များနှင့် ပတ်သက်သည့် ပြဿနာများကို မဖြေရှင်းပေးနိုင်ပါသော်လည်း ထိုပြဿနာ၏ အခရာကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များ၏ လောဘများမှာ အဆုံးသတ်သွားမည်ဖြစ်သည်။ ထို့အပြင် သူတို့အနာဂတ်တွင် ရရှိသမျှ အကျိုးအမြတ်များမှာလည်း အညီအမျှ ခွဲဝေရမည်ဖြစ်၍ ဗဟိုဧကရာဇ်မင်းဆက်ကြီးတစ်ခုလုံးမှာ အင်အားကြီးထွားလာမည်ဖြစ်သည်။ ထို့အပြင် ဤအစီအစဥ်အသစ်ကြောင့် အကျိုးဖြစ်ထွန်းသွားသူများမှာ သူတို့ အကျိုးအမြတ်များ၏ ရင်းမြစ်ဖြစ်သော မဟာကောင်းကင်သခင်အား အလွန်အမင်း သစ္စာရှိလာကြမည်ဖြစ်သည်။
တချိန်ထဲမှာပင် သူ၏ ရာထူးအာဏာအား ခြိမ်းခြောက်လာနိုင်သည်အထိ တန်ခိုးအာဏာကြီးမားလာနိုင်သော မျိုးနွယ်စုများကိုပါ တားဆီးပြီးသား ဖြစ်သွားမည်ဖြစ်သည်။
မဟာကောင်းကင်သခင်၏ မျက်ဝန်းများမှာ စူးရှတောက်ပနေသည်။ ယခင်က သူသည် ပိုင်ရှောင်ချန်းအား ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များဖန်တီးနိုင်ခြင်း၊ မှူးမျိုးမတ်နွယ်များ၏ ရင်ထဲသို့ အကြောက်တရားများရိုက်သွင်းနိုင်ခြင်းနှင့် ဗဟိုဧကရာဇ်အား တံခါးပိတ်ကျင့်စဥ်ဝင်သွားအောင် ဖိအားပေးနိုင်ခြင်းတို့တွင်သာ အသုံးဝင်သည်ဟု ယူဆထားခဲ့သည်။ သူသည် မဟာကောင်းကင်သခင်၏ အာဏာကို လက်ရှိအဆင့်ထိရောက်အောင်လည်း တိုးမြှင့်လာစေခဲ့သည်။
သို့သော် ယခုတွင်မူ ပိုင်ရှောင်ချန်းက မျိုးနွယ်စုများကို ငွေညစ်ခဲ့သည့် အတောအတွင်းတွင် သူ့အား ပေးပို့ခဲ့သည့် ချမ်းသာကြွယ်ဝမှုများအားလုံးကို ပြန်တွေးမိလိုက်သောအခါ သူသည် ချက်ချင်းပင် ထိုဆွေးနွေးချက်၏ အဓိကအချက်ကို နားလည်သွားတော့သည်။ ထို့နောက် သူ၏အတွေးထဲတွင် ဖြစ်ရပ်ကြီးတစ်ခုလုံးမှာ စတင်ပုံပေါ်လာတော့သည်။
ယခုသူသေချာတွေးတောကြည့်လိုက်သောအခါ ထိုမျိုးနွယ်စုများ စုစည်းထားသည့် ချမ်းသာကြွယ်ဝမှုများမှာ မတန်တဆ များပြားကြီးမား နေသည်။ ကောင်းကင်မြို့စား ဆယ့်ရှစ်ယောက်အား သူ ကွက်မျက်ခဲ့ရသည့် အခြေအနေများမှာလည်း အလွန်ထူးခြားနေကြောင်း သူက သိသည်။ ထိုမြို့စားများမှာ အချိန်မရွေး ပုန်ကန်ထကြွလာနိုင်သည်။
ထို့အပြင် ထိုမြို့စားဆယ့်ရှစ်ယောက်အား ရှင်းထုတ်ရသည်မှာလည်း သူ၏ အစွမ်းအကုန်သာဖြစ်သည်။ သူသာထိုသို့ဆက်၍ ရှင်းထုတ်နေပါက လူတိုင်း ပုန်ကန်ထကြွလာလိမ့်မည်။
ထို့ကြောင့်လည်း သူသည် လူအများ၏ ဒေါသကို ဖြေဖျောက်ပေးသည့် အနေနှင့် ပိုင်ရှောင်ချန်းအား ရာထူးမှထုတ်ပယ်ရန် တွေးတောနေခဲ့သည်။
သို့သော် သူယခုတင်ပြလိုက်သည့် အကြံအစည်မှာ ပြီးပြည့်စုံလွန်းလှသည်။ သူသည် မည်သည့်အရာကိုမှ စွန့်စားနေရန်မလိုသလို တိုက်ခိုက်စရာပင်မလိုပဲ အနိုင်ရရှိမည်သာဖြစ်သည်။ မှူးမျိုးမတ်နွယ်တစ်ခုလုံးအား အင်အားစိုက်ထုတ်စရာမလိုပဲ စနစ်တကျ ဖျက်ဆီးနိုင်မည်ဖြစ်သည်။
ထိုအစီအစဥ်အတိုင်း ဆောင်ရွက်ပါက လူအချို့သည် ၎င်းကိုအကြောင်းပြ၍ ပုန်ကန်ခွင့် မရှိတော့ရုံသာမက လူအများစုမှာ ၎င်းအစီအစဥ်ကို ကျေနပ်အားရသွားမည်ဖြစ်သည်။ ပိုင်ရှောင်ချန်း ဆိုထားသည့်အတိုင်း သူတို့၏တစ်ဘဝလုံးစာအတွက် အကြီးမားဆုံးသော အခွင့်အရေးကို ပေးအပ်ခဲ့သည့် မဟာကောင်းကင်သခင်အား အလွန်အမင်းကျေးဇူးတင်နေကြမည်သာ ဖြစ်သည်။ သူ့အား ထောက်ခံခြင်းသည် သူတို့ကိုယ်သူတို့ ဘေးကင်းစေရန် ကာကွယ်နေသည်နှင့် တူနေမည်ဖြစ်သည်။
အခြား ပေါ်ထွက်လာနိုင်သော မထင်မှတ်ထားသည့် အချက်အလက်အနည်းငယ်လောက်ကိုမူ မဟာကောင်းကင်သခင်က ဖြေရှင်းနိုင်လိုက်လိမ့်မည်ဟု ယုံကြည်ထားသည်။
မဟာကောင်းကင်သခင်သည် ထိုသို့တွေးတောကာ ပိုင်ရှောင်ချန်းအား ချီးကျူးမှုများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်လေသည်။ ယခုတွင်မူ ပိုင်ရှောင်ချန်းကို ပထုတ်ရန်ဖြစ်သော သူ၏ယခင်အစီအစဥ်မှာ အဓိပ္ပါယ်မရှိတော့ပေ။ သူသည် အလွန်ရှားပါးသော ဉာဏ်ကြီးရှင်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။
သူသည် ရန်သူများကို ကွပ်မျက်နိုင်ပြီး အရေးကြီးကိစ္စများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့်အပြင် ကောင်းမွန်သော အစီအစဥ်များနှင့် အကြံများကိုလည်း တင်ပြနိုင်သည်။
သူ၏ နှလုံးခုန်နှုန်းများမြန်ဆန်လာပြီး ခဏအကြာတွင် သူ၏ပျော်ရွှင်မှုများကို မဖုံးကွယ်နိုင်တော့ပေ။ သူသည် အားရပါးရ ရယ်မောလိုက်တော့သည်။ ထိုရယ်သံကြီးကြောင့် ကောင်းကင်နယ်စား နှစ်ယောက်မှာ အလွန်အမင်း ထိတ်လန့်သွားကြရတော့သည်။
" မဟာကောင်းကင်သခင်ခင်ဗျား ဒီလိုလုပ်လို့ မဖြစ်ပါဘူး "
" ပြန်လည်သုံးသပ်ဆင်ခြင်တော်မူပါ မဟာကောင်းကင်သခင်ခင်ဗျား "
ပိုင်ရှောင်ချန်းမှာမူ ထိုကောင်းကင်နယ်စားနှစ်ယောက်ကို လျစ်လျူရှုကာ မဟာကောင်းကင်သခင်ကိုသာ အာရုံစိုက်နေသည်။ ထိုလူ၏ မျက်ဝန်းများထဲရှိ ချီးကျူးမှုများနှင့် သူ၏ရယ်သံကို ကြားလိုက်ရသောအခါ ပိုင်ရှောင်ချန်းသည် စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်တော့သည်။
သူသည် ပြဿနာကြီးတစ်ခုကို ဖြေရှင်းနိုင်လိုက်ရုံသာမက သူ၏တန်ခိုးအာဏာကို များစွာမြင့်တက်သွားစေရန် စွမ်းဆောင်နိုင်လိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။
သို့သော်လည်း သူ မပျော်ရွှင်နိုင်သေးပေ။ သူ၏ နှလုံးသားမှာ သူ၏မျက်ဝန်းများကဲ့သို့ အေးစက်နေပြီး သူ၏သတ်ဖြတ်လိုသော အငွေ့အသက်မှာ ပို၍ပြင်းထန်လာသည်။
" ခဏလောက်ထပ်ပြီး တောင့်ခံထားဦး ဟောက်အာရေ "
မဟာကောင်းကင်သခင်မှာမူ ရယ်မော၍ ကောင်းကင်နယ်စား နှစ်ယောက်ကို လျစ်လျူရှုလိုက်ပြီး ပိုင်ရှောင်ချန်းဘက်သို့ လှည့်လိုက်သည်။
" သတ္တဝါတိုင်းအတွက် ကောင်းချီးတစ်ခုပဲ။ ကောင်းကင်ပေါ်က ကျလာတဲ့ နတ်ကောင်းနတ်မြတ်တွေရဲ့ ကြင်နာမှုပဲ။ သာမန်လူသားတွေကနေစလို့ မင်းမျိုးမင်းနွယ်တွေအထိ မြေရိုင်းဒေသရဲ့ မျိုးနွယ်စုတွေကို အသက်အရွယ်တွေ၊ သွေးမျိုးဆက်တွေနဲ့ ထပ်ပြီး မခွဲခြားတော့ဘူး။ ချမ်းသာကြွယ်ဝမှု အားလုံးကို အညီအမျှ ခွဲပေးရမယ်။ အဲဒီအစီအစဥ်ကို “ ဘုံဝါဒ “ လို့ ခေါ်တွင်စေ "
" ဒါ ဗဟိုဧကရာဇ် မင်းဆက်အတွက် အလွန်ကောင်းမွန်တဲ့အရာပဲ။ ငါကိုယ်တိုင် ဒီအစီအစဥ်အသစ်ကို ထောက်ခံတော်မူတယ်။ ကောင်းကင်သခင်အိမ်ယာကစပြီး မင်းဆက်တစ်ခုလုံးအထိ ပျံ့နှံ့အောင်လုပ်ကြ။ ကောင်းကင်မြို့စားတွေ၊ ကောင်းကင်နယ်စားတွေ၊ ကောင်းကင်ဘုရင်တွေအကုန်လုံး လိုက်နာရမယ် " မဟာကောင်းကင်သခင်မှာ အားရပါးရ ဆက်၍ရယ်မောကာ သူ၏ပလ္လင်မှ စိတ်လှုပ်ရှားစွာ ထရပ်လိုက်သည်။
" ပိုင်ဟောက် ငါ့အမိန့်ကိုနာခံစမ်း " သူက ညင်သာစွာ လက်ကိုဝှေ့ယမ်း၍ ဆိုလိုက်သည်။
" ကျွန်တော်မျိုး နာခံပါ့မယ် "
ပိုင်ရှောင်ချန်းက တည်ကြည်ပြတ်သားမှု အပြည့်ဖြင့် ပြန်လည်လျှောက်တင်လိုက်သည်။
" အခုကစပြီး မင်းက စစ်ဆေးရေးအရာရှိတစ်ယောက်အနေနဲ့ တပ်သားငါးထောင်တိတိကို ဦးဆောင်ရမယ်။ ဒီ ဘုံဝါဒ ကို အခြေတည်အောင်လုပ်ဖို့ မင်းမှာတာဝန်ရှိတယ်။ အခုပြန်ပြီး အလုပ်စလုပ်တော့ "
ထိုသို့ဆိုကာ သူသည် အင်္ကျီလက်ကိုဝှေ့ယမ်းလိုက်သောအခါ ပိုင်ရှောင်ချန်းနှင့် ချန်ဟောက်စုန့်တို့မှာ ကောင်းကင်သခင် ခန်းမထဲမှ ပျောက်ကွယ်သွားတော့သည်။
မုတ်ဆိတ်ရှည် ကောင်းကင်နယ်စားကြီးသာ မျက်မှောင်ကြုတ်၍ နာကျည်းစွာသက်ပြင်းချလျက် ကျန်ရစ်ခဲ့သည်။ သူသည် ဤဖြစ်ရပ်များကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်းသိထားပြီး ထိုအစီအစဥ်မှာ မဟာကောင်းကင်သခင်အတွက် ပြီးပြည့်စုံနေကြောင်းကို နားလည်ထားသည်။
သူက ရှေ့သို့ ခြေလှန်းအနည်းငယ်လှမ်း၍ လက်ယှက်ကာ ဦးညွှတ်လိုက်သည်။
" မဟာကောင်းကင်သခင်ခင်ဗျား။ အဲဒီကောင်လေးကို အရှင်ထားလို့ မဖြစ်ဘူး။ သူက တကယ့်ကို အဆိပ်ပြင်းပြီး မျိုးနွယ်စုတွေကို အပုတ်ချပြောတတ်တဲ့ ရက်စက်တဲ့လူတစ်ယောက်ပါ။ ပထမဆုံး ဘိုးဘေးပူဇော်ပပွဲတုံးက ကိစ္စတွေ၊ အခုကျတော့လည်း ဒီအစီအစဥ်၊ မင်းမျိုးမင်းနွယ်တွေနဲ့ မှူးမျိုးမတ်နွယ်တွေအားလုံးက သူ့ကိုမုန်းတီးနေကြတာ။ ကျွန်တော်မျိုးတောင် နှလုံးသားထဲကနေ အေးစက်မှုတွေ ခံစားနေရပါပြီ "
" ပြီးတော့ သူ့သရုပ်အမှန်က မေးခွန်းထုတ်စရာအများကြီးပဲ။ သူက ပိုင်ရှောင်ချန်း ဖြစ်နိုင်ခြေအများကြီးရှိတယ်လို့ ကျွန်တော်မျိုးထင်တယ်။ သူက ယုတ်မာဖို့ဆိုရင် ရေဆုံးမြေဆုံးထိ လျှောက်မဲ့လူစားမျိုးပါ "
ဤ မုတ်ဆိတ်ရှည် ကောင်းကင်နယ်စားကြီးမှာ ပိုင်ရှောင်ချန်း၏ အစီအစဥ်ကို အလွန်ကြောက်လန့်နေသည်မှာ သိသာလွန်းလှသည်။
" ဒီ အစီအစဥ်အသစ်ကို ထောက်ခံတဲ့လူတွေ အများကြီးရှိမှာပါ။ မျိုးမစစ်သားတွေနဲ့ အရံသွေးမျိုးဆက် ကျင့်ကြံသူတွေကတော့ ပျော်မြူးနေကြမှာ အမှန်ပါပဲ။ အဆိုးဆုံးကတော့ သူနဲ့ အရင်ထဲက ပြဿနာတက်ဖူးတဲ့ ခေါင်းမာတဲ့ အမွေခံတွေနဲ့ လက်ရွေးစင်တွေပါ။ သူက အဲဒီကောင်တွေကို တစ်ဖက်လှည့်နည်းနဲ့ သတ်နေတာ ဖြစ်ပါတယ် "