← Chapters

ငွေရောင်အလောင်းတပ်သား

Vol. 8 Ch. 789

ငွေရောင်အလောင်းတပ်သား

Vol. 8 Ch. 789

မဟာကောင်းကင်သခင်မှာ ပြုံးလိုက်ပြီး သူ၏မျက်ဝန်းထဲတွင် သိမ်မွေ့သော အလင်းရောင်များ တောက်ပလာသည်။

" အခုကိစ္စက သူလုပ်ရမဲ့ မကောင်းတဲ့အလုပ်တွေကို သူများကိုလုပ်ခိုင်းဖို့ ကြံစည်နေတာမဟုတ်ဘူး။ သူက သူ့ရဲ့ ဝိညာဥ်ကျေးကျွန်ကို ခေါင်းမီးတောက်အောင် လိုက်ရှာနေတာ "

" ဝိညာဥ်ကျေးကျွန် ဟုတ်လား "

မုတ်ဆိတ်ရှည် ကောင်းကင်နယ်စားကြီးက တအံ့တသြ ပြန်မေးလိုက်သည်။

" တစ်ယောက်ယောက်က သူ့ဝိညာဥ်ကျေးကျွန်ကို ဖမ်းသွားတာ။ အဲဒီဖမ်းတဲ့လူက ဘယ်သူပဲဖြစ်ဖြစ် ငါအချိန်မီ သတိမထားနိုင်လောက်အောင် ပိပိရိရိ ဖမ်းနိုင်တဲ့လူဆိုတာတော့ သေချာတယ်။ ပြီးတော့ ဘာသက်သေမှလည်း မကျန်ခဲ့ဘူး "

မုတ်ဆိတ်ရှည် ကောင်းကင်နယ်စားကြီးမှာ ဆွံအနေရတော့သည်။

" အဲဒါ ဘယ်သူ့လက်ချက်လဲ သွားစုံစမ်းကြည့်စမ်း " ထိုသို့ဖမ်းဆီးသွားသော သူသည် မဟာကောင်းကင်သခင်က ဝင်နှောက်ယှက်လိမ့်မည်မဟုတ်ဟု တွက်ဆထားမည်ဖြစ်ကြောင်း သူက သိသည်။ အမှန်တကယ်တော့ ပိုင်ရှောင်ချန်း သူ၏အစီအစဥ်ကို မတင်ပြခဲ့စဥ်အချိန်ကအထိ မဟာကောင်းကင်သခင်မှာ ဝင်၍ ကူညီပေးရန်ဆန္ဒမရှိပေ။ ယခုမှသာ သူ တွေဝေနေရသည်။

မုတ်ဆိတ်ရှည် ကောင်းကင်နယ်စားကြီးမှာ ခေတ္တမျှ တွေဝေသွားသည်။

" ကျွန်တော့်အထင်တော့ အဲဒီ လေးယောက်ထဲကတစ်ယောက်ပဲ ဒီလိုမျိုးလုပ်နိုင်မယ်လို့ ထင်တာပဲ။ ကျွန်တော်မျိုး... အခုချက်ချင်း စုံစမ်းလိုက်ပါ့မယ် "

ထို့နောက်သူ တစ်ခဏမျှ ရပ်တန့်လိုက်ပြီးမှ ဆက်ပြောလိုက်ပြန်သည်။

" ဒါပေမဲ့ ပိုင်ဟောက်ဆိုတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြံသမားကို အသက်ရှင်လျက်မထားသင့်ဘူးလို့ ကျွန်တော်ထင်တုံးပဲ "

" မင်းက အပေါ်ယံလောက်ပဲ ကြည့်တာကိုးကွ "

မဟာကောင်းကင်သခင်က ဉာဏ်ပညာထက်မြက်ကာ သိမ်မွေ့လွန်းသည့် အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။

" သရဲကြီးဘုရင်မှာက သမီးတစ်ယောက်ပဲရှိတော့ ပိုင်ဟောက်ရဲ့ အစီအစဥ်က သူ့အပေါ် အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး။ သူ့အစီအစဥ်က သရဲကြီးဘုရင်ကို ကာကွယ်ပေးနေတာကို ကြည့်ရင် သူကကျေးဇူးသိတတ်တဲ့လူဆိုတာ မြင်နိုင်တယ် "

" သူသာ ကျေးဇူးမသိတတ်တဲ့ လူမျိုးဆိုရင် ငါသူ့ကို အသုံးချရဲပါ့မလား။ ဒါပေမဲ့ သူကကျေးဇူးသိတတ်တယ်ဆိုတော့ သူ့ကို သရဲကြီးဘုရင် မြှောက်စားသလိုမျိုး ငါပြန်ပြီးမြှောက်စားပေးရမယ်။ သရဲကြီးဘုရင်နောက်ကို သူလိုက်မယ်ဆိုရင် သူရနိုင်မဲ့ အကျိုးအမြတ်တွေက အကန့်အသတ် ရှိနေမှာ။ ဒါပေမဲ့ ငါ့နောက်ကိုသာ လိုက်မယ်ဆိုရင် သူ့ တက်လမ်းတွေက ဘာပိတ်ဆို့မှုမှ ရှိနေမှာမဟုတ်တော့ဘူးလေ "

" သူက ရက်စက်လွန်းတဲ့ ဓားတစ်လက်ဆိုတာ မှန်တယ်။ ဒါပေမဲ့ အရေးကြီးတာက ငါက သူ့ကို ငါ့ရဲ့လက်ထဲမှာ ကိုင်ထားတဲ့ အချက်ပဲ။ သရဲကြီးဘုရင်ဆို အဲဒီလိုလုပ်နိုင်ဖို့ အစွမ်းအစမရှိဘူး။ ငါပဲရှိတာ။ "

" သရဲကြီးဘုရင်က သူ့ကို ကျိုးကျစ်မိုနဲ့ ပေးစားတာမလား။ အေး သူက ချင်းမေ့ယွမ်ကို သဘောကျနေတာဆိုတော့ အခုလာမဲ့ကိစ္စကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်မယ်ဆိုရင် သူ့ကို ချင်းမေ့ယွမ်နဲ့ လက်ထပ်ခွင့်ပေးလိုက်မယ်။ အဲဒါပြီးရင် သူငါ့ရဲ့ မွေးစားသားလုပ်လို့ရပြီ "

မဟာကောင်းကင်သခင်၏ စကားသံမှာ မကျယ်လောင်ပါသော်လည်း သူ၏စကားလုံးများမှာ အဓိပ္ပါယ်များစွာ ပါဝင်နေသည်။ ထို့ကြောင့် မုတ်ဆိတ်ရှည် ကောင်းကင်နယ်စားကြီးမှာ အမိန့်နာခံကြောင်း ဆို၍ ထွက်ခွာသွားတော့သည်။

ထိုစဥ် ပိုင်ရှောင်ချန်းသည် တော်ဝင်နန်းတော်အရှေ့တွင် တင်းမာနေသည့် မျက်နှာထား၊ အေးစက်စွာတောက်ပနေသည့် မျက်ဝန်းများဖြင့် ပြန်ပေါ်လာပြီး သူ၏သတ်ဖြတ်လိုသော အငွေ့အသက်များမှာ ထကြွနေသည်။ သူသည် ရူးသွပ်နေသည့်အလား ဖြစ်နေပြီး လူတစ်ယောက်ကို ဆတ်ခနဲ တမုဟုတ်ချင်း သတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေသည့်ပုံပေါ်နေသည်။

သူ၏ အတွေးတစ်ချက်ကို ထုတ်လွှတ်လိုက်သောအခါ သူ၏အလောင်းတပ်သားများက အလွန်အမင်း စိုးရိမ်ပူပန်နေသည့် ကျိုးရီရှင်းနှင့်အတူ ပျံသန်းလာကြသည်။ သူသည် မည်သည့်စကားတစ်ခွန်းမှ မပြောပဲ ပိုင်ရှောင်ချန်းနောက်မှ လိုက်ကာ စစ်ဆေးရေးစံအိမ်ဆီသို့ ပြန်သွားတော့သည်။

သူသည် ထိုစံအိမ်သို့ လျှပ်တပြက်အတွင်း ရောက်ရှိသွားပြီး အတွင်းသို့ဝင်မည်မဟုတ်သဖြင့် အောက်သို့မဆင်းတော့ပဲ လေပေါ်တွင်သာ ရစ်ဝဲ၍ သူ၏အမိန့်ပေးဆွဲပြားကို ထုတ်ယူလိုက်သည်။ ၎င်းအထဲသို့ နတ်ဘုရားအာရုံအချို့ စေလွှတ်လိုက်သောအခါ စံအိမ်၏ အောက်ဘက်ရှိနေရာတစ်ဝိုက်၏ ပုံရိပ်တစ်ခုမှာ သူ၏အတွေးထဲတွင် ပေါ်ပေါက်လာသည်။

သူသည် ကြောက်မက်ဖွယ်ကောင်းသည့် အေးစက်စက်အငွေ့အသက်များ ဝန်းရံထားသော ခေါင်းတလား ကိုးသောင်းကျော်ကို အသေးစိတ်ကျကျ မြင်တွေ့ခဲ့ရသည်။

သူက တစ်ခဏလေးပင် တွေဝေမနေပဲ သူ၏နတ်ဘုရားအာရုံကို ၎င်းခေါင်းတလားများပေါ်သို့ စေလွှတ်လိုက်ပြီး ခေါင်းတလားနှစ်ထောင်ကိုရွေးကာ အမိန့်ပေးလိုက်သည်။

" နိုးထစေ "

ဂျုန်းဂျုန်းဂျုန်း.....

ထိုအခါ စံအိမ်ထဲမှ ပေါ်ထွက်လာသည့် အသံကျယ်ကြီးများကြောင့် မြေပြင်မှာ တုန်ရီသွားရပြီး ကောင်းကင်တွင် အရောင်များမှာ လင်းလက်လာတော့သည်။ ထိုနေရာတစ်ဝိုက်ရှိ ဝိညာဥ်ကျင့်ကြံသူ အားလုံးနီးပါးမှာ ဖြစ်ပျက်နေသည့်အရာများကို ခံစားလိုက်ရတော့သည်။

" စစ်ဆေးရေးစံအိမ်မှာ တစ်ခုခုဖြစ်နေပြန်ပြီလား "

" အဲဒီ အနက်ရောင်တိမ်တိုက်က ဘာ...ဘာကြီးလဲ "

" ဘုရားရေ။ ခေါင်းတလားတွေအများကြီးကို မြင်နေရတာ ငါ့ဖြင်မယုံနိုင်ဘူး။ ဘယ်လိုတောင်ဖြစ်နိုင်ရတာလဲ။ ပိုင်ဟောက်ပြဿနာတက်နေပြီလို့ လူတိုင်းကပြောနေကြတာ မဟုတ်ဘူးလား "

ထို အုတ်အော်သောင်းနင်းဖြစ်နေသည့် အကြားတွင် လူအနည်းငယ်မှာ လေပေါ်သို့ပျံတက်လာရာ စစ်ဆေးရေးစံအိမ်ယာအပေါ်ရှိ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့်အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသော အနက်ရောင်တိမ်တိုက်ကြီးနှင့်တူသည့် အရာကြီးကို တွေ့လိုက်ကြသည်။

ထိုနေရာရှိ အရာရာတိုင်း တုန်ရီနေစဥ် ခေါင်းတလားများမှာ လေပေါ်တွင် ဝဲဂယက်တစ်ခုပုံစံဖြင့် ပျံဝဲနေကြတော့သည်။

ခေါင်းတလားအရေအတွက်မှာ နှစ်ထောင်တိတိရှိသဖြင့် မြင်ကွင်းကြီးမှာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းနေပါသော်လည်း ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ယခုတွင် ထိုခေါင်းတလားများမှာ ပွင့်လာပြီး အနက်ရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်ထားသည့် အလောင်းတပ်သားများစွာမှာ အပြင်သို့ ထွက်လာကြတော့သည်။

အာရုံအဖမ်းစားနိုင်ဆုံးသော အချက်မှာ ထိုအထဲမှ ခေါင်းတလားငါးခုမှာ ထူးခြားနေခြင်းဖြစ်သည်။ ထိုခေါင်းတလားငါးခုစလုံးပေါ်တွင် အင်းကွက်များစွာ ပါရှိနေသည်ဖြစ်ပြီး နောက်ဆုံးခေါင်းတလားမှာမူ အခြားခေါင်းတလားများနှင့်မတူပဲ ငွေရောင်ဖြစ်နေသည်။

ထိုပထမ ခေါင်းတလားလေးလုံးထဲမှ နတ်အဆင့်သို့ တစ်ဝက်ရောက်နေပြီဖြစ်သည့် ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားကြသော အနက်ရောင်ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသော သန်မာထွားကြိုင်းလှသည့် အလောင်းတပ်သားများထွက်လာသည်။

တုန်လှုပ်စရာ အကောင်းဆုံးသည်ကား ငွေရောင်အခေါင်းထဲမှ ထွက်ပေါ်လာသည့် အရာပင်ဖြစ်သည်။ ၎င်းမှာ ငွေရောင်ချပ်ဝတ်တန်ဆာ ဆင်မြန်းထားသည့် သက်လတ်ပိုင်း ဝိညာဥ်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

အခြားသော အလောင်းတပ်သားများအတိုင်း သူ၏မျက်နှာမှာ လုံးဝအသက်မဲ့နေပြီး သူ၏ပတ်ပတ်လည်တွင် အေးစက်စက် အငွေ့အသက်များ ရစ်ပတ်နေသည်။ သို့သော် သူ၏မျက်လုံးများ ပွင့်သွားသည်နှင့် အထက်ရှိလေထဲတွင် လျှပ်စီးများလက်လာပြီး နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်၏ အငွေအသက်များ သူ့ထံမှ ပေါ်ထွက်လာတော့သည်။

တချိန်ထဲမှာပင် ပိုင်ရှောင်ချန်း၏ လက်ထဲရှိ အမိန့်ပေးဆွဲပြားမှာ အကြိမ်အနည်းငယ်ခန့် တုန်ရီသွားသည်။ ထိုငွေရောင် ချပ်ဝတ်တန်ဆာနှင့် စစ်သည်တော်၏ ခေါင်းမာပြီး အရှုံးမပေးလိုသည့် စိတ်ဓာတ်ကို အမိန့်ပေးဆွဲပြားမှာ ချက်ချင်းပင် သတိထားမိသွားပြီး ချိတ်ဆက်လိုက်လေသည်။

နတ်အဆင့် အငွေ့အသက်များပျံ့လွင့်နေစဥ် ထိုလူသန်ကြီး၏ သတ်ဖြတ်လိုသောအငွေ့အသက်များကပါ ပျံ့လွင့်သွားသည်။ ၎င်းမှာ အလွန်အားပြင်းလွန်းလှသဖြင့် အခြားသော အလောင်းတပ်သား ငါးထောင်နီးပါးမှာ သူနှင့် နှိုင်းယှဥ်၍ မရလောက်အောင် အားအင်နည်းပါးနေသည့်အလား ချက်ချင်းပင် တုန်ရီသွားရတော့သည်။

နတ်အဆင့်သို့ တစ်ဝက်ရောက်နေပြီဖြစ်သည့် အလောင်းတပ်သား ကိုးယောက်မှာလည်း တုန်ရီနေရသည်။ ပိုင်ရှောင်ချန်းကို အမြဲတမ်း အကာအကွယ်ပေးနေသည့် အလောင်းတပ်သားတစ်ယောက်သာ မတုန်လှုပ်ပေ။ ထိုတပ်သားက ခေါင်းမော့လိုက်သောအခါ သူ၏မျက်ဝန်းများမှာ ထူးဆန်းစွာတောက်ပသွားပြီး နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်၏ အငွေ့အသက်များကို ထုန်လွှတ်လိုက်လေသည်။ သူနှင့် ထို ငွေရောင်ချပ်ဝတ်တန်ဆာဆင်မြန်းထားသော အလောင်းတပ်သားမှာ လက်ရည်ချင်းတူညီနေကြသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းမှာ မှင်တက်ကုန်ကြပြီး အလွန်အမင်း အံ့အားသင့်သွားကြတော့သည်။

" ဘုရားရေ။ သူက နတ်အဆင့် အလောင်းတပ်သား နှစ်ယောက်၊ နတ်တစ်ပိုင်းအဆင့် ရုပ်အလောင်းတပ်သားကိုးယောက်နဲ့ အင်အား ငါးထောင်ရှိတဲ့ စစ်တပ်တစ်ခုကို ပိုင်ဆိုင်ထားတာပါလား "

" သောက်ကျိုးနည်း။ ပိုင်ဟောက် ပြဿနာတက်နေပြီလို့ ပြောတဲ့ကောင်က ကောလာဟလတွေ ဖွနေတာနေမှာ။ သူက ဘာပြဿနာမှမတက်ဘူး။ အရင်ကထက်တောင် ပိုကြီး တန်ခိုးကြီးလာသေးတယ် "

" သူက အရင်က စစ်ဆေးရေးအရာရှိ ဟဲမင်နဲ့ အဆင့်တူသွားပြီပဲ။အလောင်းတပ်သား ငါးထောင်ဆိုတော့... "

" အဲဒါ ကောင်းကင်ဘုရင်လေးပါးနဲ့ မဟာကောင်းကင်သခင်တို့ရဲ့ အာဏာနဲ့ တန်းတူပဲ။ နတ်တစ်ပိုင်းအဆင့် အောက်မှာဆိုရင် ပိုင်ဟောက်က နံပါတ်တစ်ဖြစ်သွားပြီ "

လူအများ အံ့အားသင့်နေကြကာ ကျောက်စိမ်းပေလွှာများကိုထုတ်၍ သတင်းများ ဖြန့်နေကြတော့သည်။ ထိုစဥ် ပိုင်ရှောင်ချန်းမှာ စစ်ဆေးရေးစံအိမ်အထက်ရှိ လေပေါ်တွင် ရစ်ဝဲ၍ စွမ်းအားအကြီးဆုံးသော အလောင်းတပ်သား နှစ်ယောက် မျက်နှာချင်းဆိုင်ကာ ရန်မူနေသည်ကို ကြည့်နေသည်။ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားမှာ အထိန်းအချုပ်မခံချင်သည့် ပုံစံပေါ်နေသည်။ ပုံမှန်အခြေအနေဆိုလျှင် ပိုင်ရှောင်ချန်းသည် ပြေပြေလည်လည် ညှိနှိုင်း၍ ထိုငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သား ဦးညွှတ်လာစေရန် အခြားနည်းဖြင့် ကြိုးစားမည်ဖြစ်သည်။

သို့သော် ယခုတွင် သူသည် စိတ်မကြည်မလင်ဖြစ်နေပြီး ရူးသွပ်မှုများက သူ့အားလွှမ်းမိုးထားသည်။ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်း တပ်သား၏ ခေါင်းမာနေမှုကြောင့် ပိုင်ရှောင်ချန်းမှာ စိတ်ကသိကအောက် ဖြစ်သွားရသည်။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ပို၍ပင်အေးစက်သွားပြီး လက်ကိုဆန့်ထုတ်ကာ ထိုရုပ်အလောင်းတပ်သားအား လက်ညှိုးထိုးလိုက်တော့သည်။

ထိုအခါ သူ၏ နတ်အဆင့်သို့ ရောက်လုဆဲဆဲဖြစ်နေသည့် အလောင်းတပ်သားမှာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး သူ၏ နတ်တစ်ပိုင်းအဆင့် တပ်သားကိုးယောက်မှာလည်း အလားတူလှုပ်ရှားလိုက်လေသည်။ သူတို့သည် သတ်ဖြတ်လိုသော အငွေ့အသက်များကို ထုတ်လွှတ်၍ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားကို တိုက်ခိုက်လိုက်ကြတော့သည်။

ထိုမျှလောက်နှင့် မလုံလောက်သည်မှာ အမှန်ပင်။ ကျန်ရှိနေသေးသည့် အင်အားငါးထောင်ခန့်ရှိသော စစ်တပ်ကြီးမှာလည်း အသံကုန်အော်ဟစ်၍ အခြားသူများနှင့်အတူ တိုက်ခိုက်လိုက်ကြတော့သည်။

ထိုအခါ လေထဲတွင် တအုန်းအုန်းမြည်သံများဖြင့် ပြည့်နှက်သွားသည်။ ထိုအချိန်တွင် ထို ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားက နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဖြစ်နေသည့်အချက်မှာလည်း အရာမထင်တော့ပေ။ သူသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် လောက်သာ တောင့်ခံနိုင်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ဗိုင်းခနဲ ပြုတ်ကျသွားတော့သည်။ အစတွင် သူသည် အာခံလိုစိတ်များ ရှိနေသေးပါသော်လည်း စွမ်းအားအကြီးဆုံးသော အနက်ရောင် အလောင်းတပ်သားမှာ သူ့အား နောက်ထပ် နတ်ဘုရားစွမ်းရည် တစ်ခုဖြင့် ရိုက်နှက်လိုက်သဖြင့် သူသည် တုန်ရီသွားရပြီး လေးစားလိုက်နာသော အရိပ်အယောင်များ ပေါ်လာရတော့သည်။

ထိုအခါတွင် ပိုင်ရှောင်ချန်းမှာ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး အလောင်းတပ်သားများကို ဂရုမစိုက်တော့ပေ။ သူသည် လှစ်ခနဲလှုပ်ရှားလိုက်ပြီး သူ၏ တံခါးပိတ်ကျင့်ကြံသော အခန်းထဲသို့ဝင်သွားပြီး တင်ပျဥ်ခွေ ထိုင်ကာ မျက်လုံးများမှိတ်လိုက်တော့သည်။

သူသည် ဘုံဝါဒ အား တရားဝင်ထုတ်ပြန်သည်ကို စောင့်ဆိုင်းနေသည်။

သူ၏ ခန်မှန်းချက်အရဆိုလျှင် ထိုကြေငြာချက်မှာ နာရီအနည်းငယ်အတွင်း ထွက်လာမည်ဖြစ်သည်။ ဘုံဝါဒ မှာ တစ်မြို့လုံးကို တုန်ရီသွားစေမည်ဖြစ်ပြီး မြေရိုင်းဒေသတစ်ခွင်ရှိ မင်းမျိုးမင်းနွယ်များနှင့် မှူးမျိုးမတ်နွယ်များအားလုံးကို လျင်မြန်စွာ အံ့အားသင့်သွားစေမည်မှာ အမှန်ပင်။

ထို့အပြင် သူ အလောင်းတပ်သား နောက်ထပ် အယောက်နှစ်ထောင် ထပ်၍ပိုင်ဆိုင်သွားပြီဆိုသော သတင်းကို စစ်ဆေးရေးစံအိမ် တစ်ဝိုက်ရှိ လူများစွာက မြင်ပြီးသွားပြီဖြစ်၍ သူတို့က ထိုသတင်းများကို ဖြန့်လိုက်ကြသောကြောင့် တစ်မြို့လုံးရှိ မှူးမျိုးမတ်နွယ်များမှာ ကြားသိသွားကြတော့သည်။

" ခဏနေပါဦး၊ ဘာဖြစ်တာတုံး။ ဒါဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ "

" ငါက သူပြဿနာတက်နေပြီး သူ့ကိုယ်သူတောင် မကာကွယ်နိုင်တော့ဘူးလို့ ထင်နေတာ။ ဒါပေမဲ့သူက အရင်ကအတိုင်း ကြမ်းတုံးရမ်းတုံးပါလား။ တစ်ခုခုတော့ ထူးဆန်းနေပြီ "

" ဘာလို့ ရုတ်တရက်ကြီး ငါ့စိတ်တွေ မရိုးမရွဖြစ်လာရတာပါလိမ့် "

" ကိစ္စကြီးတစ်ခုခုတော့ ဖြစ်တော့မယ်ဟေ့ "

All Chapters