← Chapters

ဘုံဝါဒကို အသက်သွင်းခြင်း

Vol. 8 Ch. 790

ဘုံဝါဒကို အသက်သွင်းခြင်း

Vol. 8 Ch. 790

စစ်ဆေးရေးစံအိမ်ထဲမှ အလောင်းတပ်သားမြောက်မြားစွာ ပေါ်လာခြင်းကြောင့် လူအများ အံ့သြတုန်လှုပ်ကြကုန်၏။ အထူးသဖြင့် မင်းမျိုးနွယ်အထက်တန်းလွှာများမှာ သွေးရူးသွေးတန်းဖြစ်ကာ ထင်မြင်ချက်အမျိုးမျိုးပေးနေကြသည်။

" အဓိပ္ပါယ်မရှိလိုက်တာ "

" ပိုင်ဟောက်က ကျဥ်းထဲကြပ်ထဲ ရောက်နေရမှာလေ "

" သူ့အနေနဲ့ စစ်ဆေးရေးစံအိမ်ကနေ နှုတ်ထွက်ဖို့ပဲ ရွေးချယ်စရာရှိတာလေ။ အခုတော့ သူက အဆင်ပြေနေရုံတင်မကဘူး၊ အရင်ကထက်တောင် အင်အားတောင့်တင်းလာပြီ"

ဗဟိုဧကရာဇ်မြို့တော်ရှိ လူတိုင်းမှာ လုံးလုံးလျားလျား တုန်လှုပ်ကုန်ကြပြီး မင်းမျိုးနွယ်အထက်တန်းလွှာများမှာ ချက်ချင်းပင် ဖြစ်ပျက်နေသည်များကို စုံစမ်းရန်အတွက် သူတို့တတ်နိုင်မျှ ငွေကြေးများစွာ သုံးလိုက်ကြသည်။ အထူးသဖြင့် ပိုင်ဟောက်ကို ဖမ်းရန် မဟာမိတ်ဖွဲ့ထားကြသည့် အမျိုးမျိုးသော မျိုးနွယ်စုများ၏ ခေါင်းဆောင်များ ဖြစ်ကြလေသည်။

ဤအခြေအနေနှင့်ပတ်သက်၍ တစ်စုံတခု မူမမှန်ကြောင်း သူတို့ခံစားရသည့်တိုင် ဖြေရှင်းချက်တစ်စုံတရာ မတွေ့မိကြပေ။ ထိုမျှသာမက သူတို့မှာ ဆူဆူညံညံလည်း မပြုလုပ်ဝံ့သည့်အတွက် အမှန်တရား ထွက်ေပါ်လာသည်အထိ ထင်မြင်ချက်မျိုးစုံဖြင့် စိတ်ဖိစီးရင်းသာ စောင့်နေနိုင်ကြတော့သည်။

ပိုင်ရှောင်ချန်းနှင့် ပဋိပက္ခဖြစ်ထားသည့် လက်ရွေးစင်များအားလုံးမှာ သူက မထင်မှတ်ထားဖွယ် သေမင်းခံတွင်းဝမှ သူ့နည်းသူ့ဟန်နှင့် လွတ်မြောက်လာပြီး ယခင်ထက်ပို၍ တန်ခိုးအာဏာကြီးမားလာသည့်အပေါ် ဒေါသူပုန်ထလျက် အံတကြိတ်ကြိတ်ဖြစ်နေကြလေသည်။

" သူ ဘာလို့မသေနိုင်တာတုန်း "

"အလကား အထင်ကြီးအောင် လျှောက်လုပ်နေတာ"

ထိုလက်ရွေးစင်ဝိညာဥ်ကျင့်ကြံသူများအားလုံးနီးပါးက အရေးပါသော မျိုးနွယ်စုအမျိုးမျိုး၏ တိုက်ရိုက်သွေးမျိုးဆက်များဖြစ်ကြပြီး အများစုမှာ မျိုးနွယ်စု၏ဝါရင့် အဖွဲ့ဝင်များ ရွေးချယ်ထားသည့် ဆက်ခံသူများဖြစ်ကြသည်။ သူတို့သည် ကျင့်ကြံခြင်းဆိုင်ရာရင်းမြစ်များ တစ်ပုံတခေါင်းရခဲ့၍ သူတို့၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိခဲ့ကြသည့် လူများဖြစ်ပေသည်။

ကျင့်ကြံခြင်းအခြေခံနှင့် ရင်းမြစ်များအရဖြစ်စေ သူတို့နှင့် ခွဲခြားဆက်ဆံခံရကာ ဂုဏ်အရှိန်အဝါ မှေးမှိန်နေသော မျိုးမစစ်များ၊ တခြားမောင်နှမများနှင့် ဆွေမျိုးများ ရှိသည်။

အမှန်တကယ်ဆိုရလျှင် ထိုလူများက မျိုးနွယ်စု၏ အဖွဲ့ဝင်များ ဖြစ်ကြသေးသည့်အတွက် ကဏ္ဍအများစုတွင် သာမန် ဝိညာဥ်ကျင့်ကြံသူများထက်တော့ သာလွန်သည်။ သို့သော်လည် ကျင့်ကြံခြင်းဆိုင်ရာ ရင်းမြစ်များနှင့်ပတ်သက်လာလျှင် သူတို့အတွက် အကျိုးအမြတ်ရရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ မျိုးနွယ်စုရှိ လက်ရွေးစင်ဆက်ခံသူများကို ကပ်ဖားနေရန်သာ ဖြစ်သည်။

ဤသည်က ခေတ်အဆက်ဆက် မြေရိုင်းဒေသ၏ မင်းမျိုးနွယ်အထက်တန်းလွှာများထဲရှိ အခြေအနေဖြစ်သည်။ မျိုးနွယ်စု၏ စီမံဆောင်ရွက်မှုများနှင့်ပတ်သက်၍ လူအများ ပုန်ကန်ကြသည့် အခြေအနေများ အခါအားလျော်စွာ ပေါ်ပေါက်ခဲ့သော်လည်း အများအားဖြင့် ထိုလူများအားလုံး စိတ်မချမ်းေမြ့ဖွယ် ကံကြမ္မာများနှင့် ကြုံတွေ့သွားကြရသည်။

ကျောက်ဒုံရှန်က ပိုင်ဟောက်၏သတင်းကို ကြားသောအခါ သူ့မျိုးနွယ်စု၏ ခြံဝင်းထဲတွင် ရှိနေသည်။ သူက အလွန်စိတ်တိုသွားသဖြင့် အနီးအနားရှိ သစ်ပင်ကို ကန်ပစ်လိုက်ရာ အပိုင်းပိုင်းအစစဖြစ်သွားပြီး အနီးရှိ အဖွဲ့ဝင်များကို ထိမှန်သွားကြသည်။ သို့သော် သူတို့ထဲရှိတစ်ယောက်မှ ဘေးကိုမရှောင်ရဲကြဘဲ တိတ်ဆိတ်စွာ ရပ်၍သာနေကြလေသည်။

ရှိနေကြသည့်လူများအနက် အများစုမှာ ကျောက်ဒုံရှန်၏ ညီအစ်ကို မောင်နှမများနှင့် မျိုးမစစ်များဖြစ်ကြသည်။ မျိုးနွယ်စု၏ အပြင်ဘက်တွင် သူတို့သည် ခမ်းနားကြီးကျယ်ပြီး သြဇာအာဏာရှိသည့်ပုံဖြင့် ပြုမူနိုင်သော်လည်း မျိုးနွယ်စုအတွင်းမှာေတာ့ သူတို့မှာ ခေါင်းငုံပြီး ဆက်ခံသူ ကျောက်ဒုံရှန်ကို မျက်နှာလိုမျက်နှာရလုပ်ကြရသည်။

ယခုလောလောဆယ်တွင် ကျောက်ဒုံရှန်၏ မျက်နှာမှာ အလွန်တရာတင်းမာခက်ထန်နေပြီး သူ၏မျက်လုံးများသည် စူးရှသောအလင်းများဖြင့် တောက်ပနေတော့သည်။

" ပိုင်ဟောက် "

သူက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ သူသည် ပိုက်ဟောက်ကိုကြောက်သော်လည်း ထို့ထက်ပင်ပိုသည်က သူ့ကို မနာလိုခြင်းဖြစ်သည်။ ပိုင်ဟောက်က သူ့ကို ဝိညာဥ်ရေနွေးအိုးမှ ဗဟိုဧကရာဇ်မြို့တော်အထိ တစ်လျှောက်လုံး ခြေဖဝါးအောက်တွင် နင်းခြေပစ်ခဲ့သည်။ ထိုမျှသာမက ပိုင်ဟောက်က သူ့ကို ငယ်သူက ကြီးသူအား ဂါဝရပြုသည့်အလား အရိုအသေပေးရန် ဖိအားပေးခဲ့သည့်အချိန်မှာ လအနည်းငယ်သာ ရှိသေးသည်။ သူ၏အမျက်ဒေါသများမှာ ထိုဖြစ်ရပ်ကြောင့် အရှိန်တညီးညီး လောင်ကျွမ်းနေသေးသည်။

သို့သော် သူသည် ပိုင်ဟောက် လုံးဝ ရှုံးနိမ့်သွားမည့်အချိန်အထိ သူ့ရင်ထဲက သတ်ဖြတ်လိုစိတ်များကို ဖိနှိပ်ထားရုံသာတတ်နိုင်သည်။ လီထျန်ရှန်၏ ကံကြမ္မာဆိုးကို သူဘယ်တော့မှ မမေ့နိုင်ခဲ့သည် မဟုတ်ပါလော။

" ဒီကောင် တစ်သက်လုံး အာဏာရှိနေလိမ့်မယ်ဆိုတာ ငါမယုံဘူး "

သူက အင်္ကျီလက်စကို ဒေါသတကြီး ခါလိုက်ရင်း ကိုယ်လုပ်တော်များမှ မွေးဖွားလာသော သူ၏ညီအစ်ကိုမောင်နှမများကို ဝေ့ကြည့်လိုက်သည်။ သူသည် နဂိုအရင်းခံကိုက စိတ်ဆတ်သော လူတစ်ယောက်ဖြစ်ပြီး မျိုးနွယ်စုရှိ သတ်မှတ်ထားသော ဆက်ခံသူတစ်ဦးဖြစ်သောကြောင့် သူက အခြားမျိုးနွယ်စုဝင်များကို မကြာခဏ ဗိုလ်ကျအနိုင်ကျင့်တတ်လေသည်။

" မင်းတို့ကောင်တွေ အကုန်တန်းစီ။ ငါ လက်သီးထိုးလေ့ကျင့်မလို့ "

သူက သူ၏ညီအစ်ကိုတစ်ယောက်ဖြစ်သည့် မျိုးနွယ်စုရှိ သူ့ထက်ငယ်ရွယ်သောအဖွဲ့ဝင်ထဲက တစ်ယောက်ထံ ဦးတည်လိုက်သည်။ လူငယ်၏ အမူအရာမှာ ပျက်ယွင်းသွားသော်လည်း သူက တိုက်ခိုက်လာမည်ကို မငြင်းဆိုဝံ့ပေ။ သို့သော် သူလှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ကျောက်ဒုံရှန်က သူ့ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်သည်။ အုန်းခနဲမြည်ဟည်းသွားပြီး လူငယ်လေးမှာ ပါးစပ်မှ သွေးများပန်းထွက်သွားရင်း နောက်သို့ လွင့်စင်သွားလေသည်။

အခြားအဖွဲ့ဝင်များ၏မျက်နှာများ ပျက်သွားကြပြီး သူတို့၏ ဦးရေခွံများ စပ်ဖျဥ်းဖျဥ်းဖြစ်လာကြသည်။ သို့သော် ဤကိစ္စအတွက် သူတို့မှာ ရွေးချယ်စရာ မရှိပေ။ အုန်းခနဲ၊ ဂျွတ်ခနဲအသံများကြားလိုက်ရပြီး ကျောက်မျိုးနွယ်စုကျင့်ကြံသူဒါဇင်များစွာမှာ ပါးစပ်မှ သွေးများ ပန်းထွက်သွားကြရင်း တစ်ယောက်ပြီးယောက် နောက်လွင့်သွားကြသည်။

" အသုံးမကျတဲ့ကောင်တွေ "

ကျောက်ဒုံရှန်က အော်ငေါက်လိုက်သည်။ သူ၏စကားလုံးများက အခြားအဖွဲ့ဝင်များကို ဒေါသထွက်သွားစေသော်လည်း သူတို့မှာ ခုခံရန် အခွင့်အရေးမရှိပေ။ ကြိတ်မှိတ်ခံရုံသာရှိသည်။

ကျောက်ဒုံရှန်က သူတို့တွင်ရွေးစရာမရှိသောကြောင့် ကြိတ်မှိတ်ခံနေကြသည်ကို သိသည့်တိုင် ဂရုမစိုက်ပေ။ သူက မျိုးနွယ်စု၏ အနာဂတ် ကောင်းကင်မြို့စားအလောင်းအလျာ ဆက်ခံသူဖြစ်သည်။ အခြားမျိုးနွယ်စုဝင်များမှာ မည်မျှ ဒေါသထွက်စေကာမူ ပုန်ကန်သည်ဟု အစွပ်စွဲမခံရစေရန် ခေါင်းသာငုံ့ထားကြရသည်။

ကျိုးဒုန်ရှန်က အေးစက်စက်နှာမှုတ်လိုက်ပြီး ဒေါသတကြီးမာန်မဲရန် ပြင်လိုက်ချိန် ရုတ်တရက် စူးရှတောက်ပသော အလင်းတန်းတစ်ခုက ခပ်လှမ်းလှမ်းမှ သူတို့ထံ တဟုန်ထိုးဦးတည်လာသည်။ ၄င်းမှာ အစေခံအဘိုးကြီးက လွဲ၍ တခြားသူ မဟုတ်ပေ။ ထိုအဘိုးကြီးသည် တုန်လှုပ်ချောက်ချားဖွယ် ဘေးဒုက္ခကြီးကို ကြုံတွေ့ခဲ့ရသည့်အလား သူ့မျက်နှာပေါ်တွင် တုန်လှုပ်နေသော အမူအရာတစ်ခုရှိနေပြီး အသက်ကိုမနည်းရှူရှိုက်နေရသည်။

အမှန်တကယ်တော့ သူက ကျောက်ဒုံရှန်ကို ကျော်၍ ကောင်းကင်မြို့စားစေတီဆီသို့ တည့်တည့်ဦးတည်သွားရန် ပြင်နေသည်။ သို့သော် ကျောက်ဒုံရှန်က မျက်မှောင်ကြုတ်လိုက်ပြီး အော်လိုက်သည်။

" ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ စွန်းဖူ။ ကပ်ဆိုက်လို့လား ဘာလား "

အဘိုးကြီးက သူပြောနေသည်ကို ကြားရပုံမပေါ်သည့်အတွက် ကျောက်ဒုံရှန်၏ ဒေါသကို မီးလောင်ရာ လေပင့်လိုက်သည့်အလား။ သူက လက်ကို ဝှေ့ယမ်းလိုက်သဖြင့် လေထဲတွင် ထစ်ခြုန်းသံများ ပြည့်နှက်သွားပြီး အဘိုးကြီးမှာ လေထဲမှ ပြုတ်ကျလာတော့သည်။ သူ့ပါးစပ်မှ သွေးများစီးကျလားပြီး သူက အံအားသင့်လျက် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ့ကို တင်းမာသော မျက်နှာထားဖြင့် စိုက်ကြည့်နေသော ကျောက်ဒုံရှန်ကို တွေ့လိုက်လေသည်။

" ကိစ္စကြီးတစ်ခုဖြစ်နေပြီ အရှင့်သား " အဘိုးကြီးက တုန်ရီနေသော အသံဖြင့် ပြောသည်။

" အပြင်ကလူတိုင်း ပြောနေကြတာ မဟာကောင်းကင်သခင်က ဘုံဝါဒလို့ခေါ်တဲ့ ဓမ္မအမိန့်တစ်ခုကို ထုတ်ပြန်တော့မှာတဲ့။ အဲဒီအမိန့်အရ မျိုးနွယ်စုတွေအားလုံး သူတို့ရဲ့ရင်းမြစ်တွေကို အလားအလာရှိတဲ့ ဆက်ဆံသူအားလုံးကို မဖြစ်မနေ ခွဲဝေပေးရမှာတဲ့။ မျိုးမစစ် တင်မကဘူး၊ ဆက်ခံသူမဟုတ်လဲ မျိုးနွယ်စုသွေး ရှိသူမှန်သမျှ တန်းတူညီတူ ဆက်ဆံခံရမယ်တဲ့ "

ကျောက်ဒုံရှန်မှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ ၄င်းမှာ ယုံရခက်လွန်းသည့်အတွက် သူက ရှေ့လှမ်းလိုက်ပြီး အဘိုးကြီးကို ဖမ်းဆွဲလိုက်သည်။

" ခင်ဗျား အခု ဘာပြောလိုက်တာတုံး "

" ကျွန်တော်မျိုး လျှောက်ပြောနေတာမဟုတ်ပါဘူး" အဘိုးကြီးက ကတုန်ကယင်ပြောသည်။

" အပြင်ကလူတိုင်း ပြောနေကြတာပါ "

ကျောက်ဒုံရှန်က နောက်တစ်ကြိမ် အော်ငေါက်ရန် ပြင်လိုက်အံ့ဆဲဆဲ ရုတ်တရက် ဗဟိုဧကရာဇ်တစ်မြို့တော်လုံး ပဲ့တင်ထပ်လျက် လွင့်ပျံလာသော တော်ဝင်နန်းတော်ထံမှ ခေါင်းလောင်းမြည်သံများကို ကြားလိုက်ရလေသည်။

ထိုခေါင်းလောင်းများ မြည်သည့်အချိန်တိုင်း အလွန်တရာအရေးကြီးသော အရာတစ်ခုဖြစ်ပျက်လာပြီဟု အဓိပ္ပါယ်ရပေသည်။

ခေါင်းလောင်းများ မြည်လာသည်နှင့်အတူ မြို့တော်ထဲရှိ လူတိုင်းမှာ နားစည်သို့တိုင် ထွင်းဖောက်ဝင်ရောက်လာသော ခပ်သြသြစကားပြောသံကြီးကို ကြားလိုက်ရလေသည်။

" ဗဟိုဧကရာဇ်မင်းဆက်ကို တည်ထောင်သူက တစ်ခါ ပြောခဲ့ဖူးတယ် “

" လူသားအားလုံး အယုတ်အလတ်အမြတ်မရွေး တန်းတူညီမျှ ဆက်ဆံခံရသင့်တယ် “

" ဒီနေ့ကစပြီး မျိုးမစစ်ဖြစ်စေ၊ ဆက်ခံသူမဟုတ်သည့်လူများဖြစ်စေ၊ မျိုးနွယ်စုရဲ့ ကလေးအားလုံး သူတို့မျိုးနွယ်စုရဲ့ ချမ်းသာကြွယ်ဝမှုနဲ့ ရင်းမြစ်တွေကို ညီတူညီမျှရခွင့်ရှိတယ်လို့ တော်ဝင်ခုံရုံးကနေ အမိန့်ထုတ်ပြန်လိုက်တယ် “

" ရွှေရောင်လွှမ်းတဲ့ ခေတ်သစ်တစ်ခု ကျုပ်တို့ ဧကရာဇ်မင်းဆက်အတွက် စတင်ပါတော့မယ် "

ထိုစကားလုံးများကြားလိုက်ရသည့် လူတိုင်းမှာ ရင်ဘတ်ထဲမှ အသည်းနှလုံး ခုန်ထွက်လာသည့်အလား ခံစားလိုက်ရသည်။ ကျောက်ဒုံရှန်မှာ ကြောင်တောင်တောင်ဖြစ်သွားရင်း တုန်တုန်ရီရီရပ်နေကာ မယုံကြည်နိုင်သည့် အရိပ်အယောင်များဖြင့် သူ့မျက်လုံးများ လင်းလက်လာလျက် အသက်ပင်မရှူနိုင်တော့ပေ။ ရုတ်တရက် သူက သူ၏ညီအစ်ကိုမောင်နှမများအား ကြည့်လိုက်သည်။

ထိုမတိုင်က သူတို့က အကြည့်များ လွှဲခဲ့ကြသော်လည်း ယခုတွင် သူ့ကို တဟုန်းဟုန်းတောက်နေသော မျက်လုံးများဖြင့် ပြန်ကြည့်နေကြသည်။ ကျောက်ဒုံရှန် ထိုမီးတောက်ကို သိသည်၊ ၄င်းသည်ကား ပြင်းပြသော ရည်မှန်းချက်များဖြင့် တောက်လောင်နေသည့် မျက်ဝန်းများပင်။

" မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး "

သူက ကတုန်ကယင်ပြောသည်။ ထိုအချိန်တွင် ဗဟိုဧကရာဇ်မြို့တော်ရှိ အခြားသော မျိုးနွယ်စုများမှာ သုဿန်တစပြင်အလား တိတ်ဆိတ်နေကြသည်။ ကောင်းကင်မြို့စားများ၏ အမူအရာများမှာ အရုပ်ဆိုးနေကြပြီး သူတို့၏ခေါင်းများ ပေါက်ကွဲထွက်တော့မတတ် ခံစားနေရသည်။

" ဒီ ဘုံဝါဒက မင်းဆက်ရဲ့ အဆုံးသတ်ဖြစ်တော့မှာပဲ "

" လုံးဝအဓိပ္ပါယ်မရှိဘူး ။မဟာကောင်းကင်သခင် သူဘာလုပ်နေတယ် ထင်နေတာလဲကွာ"

" ချီးတဲ့မှပဲ။ သောက်ချီး။ ဒါက ဘယ်သူ့အကြံတုန်း။ ဘုံဝါဒက ဘိုးဘေးပူေဇာ်ပွဲနေ့က ဖြစ်ပျက်ခဲ့သလိုမျိုး ရက်စက်တဲ့ အကြံတစ်ခုပုံမျိုး ဖြစ်နေရတာလဲ"

ဘုံဝါဒအပေါ် ရုတ်ခြည်း တုံ့ပြန်ချက်မှာ ဗဟိုဧကရာဇ်တစ်မြို့တော်လုံး လုံးဝတိတ်ဆိတ်သွားခြင်း ဖြစ်သည်။ သို့သော် ပွက်လောရိုက်မှုကြီးတစ်ခုလည်း နောက်မှ လိုက်ပါလာ၏။ ထိုအချိန်တွင် မဟာကောင်းကင်သခင်၏ ဖိအားပေးသော နတ်ဘုရားတစ်ပိုင်းအဆင့်အင်အားတစ်ခု တော်ဝင်နန်းတော်မှ ကျရောက်လာ၏။

တချိန်တည်းမှာပင် ကောင်းကင်နယ်စား ငါးဦး၏ အရှိန်အဝါများကလည်း မဟာကောင်းကင်၏အင်အားနှင့် ပေါင်းစည်း၍ တစ်မြို့လုံး ပြည့်နှက်သွားတော့သည်။

ထိုအချိန်ကား စစ်ဆေးရေးစံအိမ်ရှိ တံခါးပိတ်ကျင့်ကြံရာအခန်းထဲတွင် ပိုင်ရှောင်ချန်းက မျက်လုံးများကို ဖွင့်လိုက်သည့်အချိန် ဖြစ်သည်။ သူက ဖြေးညင်းစွာ ထရပ်ရင်း ရှေ့တစ်လှမ်းလှမ်းလိုက်ရာ အေးစက်စက် အလင်းများတောက်ပနေသော ရဲရဲနီနေသည့် မျက်လုံးများဖြင့် စံအိမ်၏ အပေါ်ဘက် လေထဲတွင် ပေါ်လာသည်။

သူက အင်္ကျီလက်စကို ခါယမ်းလိုက်ရင်း ကျယ်လောက်စွာပြောလိုက်သည်။

" အလောင်းတပ်သားအပေါင်းတို့ အခုချက်ချင်း စုကြ၊ ဘုံဝါဒကို လိုက်နာအောင်လုပ်ဖို့ အချိန်ကျပြီ"

သူ၏အသံ ဟိန်းထွက်သွားသည်တွင် အလောင်းတပ်သား ၅၀၀၀က ပြင်းထန်သောစွမ်းအားများဖြင့် သတ်ဖြတ်လိုသည့် အရှိန်အဝါများ တောက်လောင်နေလျက် ပျံတက်လာကြသည်။

" ငါတို့ ကောင်းကင်နယ်စားမျိုးနွယ်စုတွေကနေ စကြမယ် "

ထို့နောက် သူက နောက်လိုက်အလောင်းတပ်သားများနှင့်အတူ လေထဲ ပျံတက်လိုက်သည်။ သူ၏ ပထမဆုံး ပစ်မှတ်သည်ကား ကျောက်မျိုးနွယ်စုပင် ဖြစ်ပေသည်။

All Chapters