ဒီပိုင်ဟောက်က ရူးသွပ်နေတဲ့ကောင်ပဲ
Vol. 8 Ch. 791
ဗဟိုဧကရာဇ်မြို့တော်ရှိ မင်းမျိုးနွယ်အထက်တန်းလွှာများမှာ လုံးလုံးလျားလျား တုန်လှုပ်သွားကြ၏။ မဟာကောင်းကင်သခင်နှင့် ကောင်းကင်နယ်စားငါးဦးက မယုံကြည်နိုင်ဖွယ် ဖိအားများ ထုတ်လွှတ်ခဲ့သည့်တိုင် မဟာကောင်းကင်သခင်ကို ဂါဝရပြုအရိုအသေပေးရန် မျိုးနွယ်စုများမှ ပျံထွက်လာကြကာ တော်ဝင်နန်းတော်ထံ ဦးတည်သွားနေကြသည့် အခြားကောင်းကင်မြို့စားများနှင့် နယ်စားများလည်း ရှိသေးသည်။
ဤဘုံဝါဒက လူအားလုံးအတွက် မယုံနိုင်စရာကောင်းလောက်အောင် ယုတ်မာရက်စက်လွန်းသည်။ ထိုမျှသာမက လူတိုင်းမှာ ၄င်းကို အချိန်အတော်ကြာသည်အထိ တည်တံ့နေခွင့်မပြုသင့်ကြောင်း ယုံကြည်ကြသည်။ အကယ်၍ ၎င်းသာ အခြေခိုင်မာသွားခဲ့လျှင်….
အကျိုးဆက်များကို တွေးတော၍ပင် ရနိုင်မည်မဟုတ်ချေ။
သို့သော် ကောင်းကင်မြို့စားများနှင့် နယ်စားများက တော်ဝင်နန်းတော်ထဲ အတူတကွသွားနေကြစဥ် ပိုင်ရှောင်ချန်းသည် သူ၏ရက်စက်သော အလောင်းတပ်ဖွဲ့ကို ဦးဆောင်၍ ကျောက်မျိုးနွယ်စုထံ သွားနေလေသည်။
သူက အကြီးအကျယ်ဒေါသထွက်နေ၍ ကမူးရှူးထိုးသွားနေရာ မကြာခင်မှာပင် သူက အနက်ရောင် လေပွေကြီးပမာ သတ်ဖြတ်လိုသော အရှိန်အဝါများထွက်ပေါ်နေသည့် အလောင်းတပ်ဖွဲ့နှင့်အတူ မျိုးနွယ်စုအပေါ်မှ ဆင်းသက်လိုက်ကြသည်။
ကျောက်မျိုးနွယ်စုသည် တည်ငြိမ်အေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်နေပုံပေါ်သည့်တိုင် မျိုးမစစ်ကလေးများနှင့် သွေးမျိုးဆက်၏ ဆက်ခံသူမဟုတ်သူများထက် စိတ်လှုပ်ရှားသူ ရှိနိုင်အံ့မထင်ပေ။ မဟာကောင်းကင်သခင်၏ ဓမ္မအမိန့် ထုတ်ပြန်ပြီးနောက်တွင် သူတို့၏ ဘဝတစ်လျှောက်လုံး မတတ်သာ၍ ဖုံးကွယ်ထားခဲ့ရသည့် ရည်မှန်းချက်များအားလုံး ရုတ်ချည်း ရှင်သန်ထမြောက်လာရာ သူတို့မှာ ရင်တဒိန်းဒိန်းခုန်နေတော့သည်။
လူတိုင်း တန်းတူညီမျှ ဆက်ဆံခံရမည်။ လူတိုင်း ရင်းမြစ်များကို သာတူညီမျှ လက်ခံရရှိရမည်။
၄င်းမှာ လှပသော မျှော်လင့်ချက်တစ်ခုဖြစ်သောကြောင့် သက်ဆိုင်သောလူတိုင်းမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လျှံနေတော့သည်။ ဒေါသထွက်နေသည့် တစ်ဦးတည်းသောလူသည်ကား မကြာခင်အချိန်အတွင်း
သူ၏အမွေပစ္စည်းများအားလုံးကို တခြားလူတကာအား ညီတူညီမျှ ခွဲဝေပေးရတော့မည်ကို သိရှိသွားသော ကျောက်ဒုံရှန်ပင် ဖြစ်လေသည်။
သူက ရူးသွပ်လုမတတ် ဒေါသထွက်နေပါသော်လည်း မဟာကောင်းကင်သခင်၏ အမိန့်များကို မဖီဆန်ရဲပေ။ သူ၏ မျှော်လင့်ချက်များအားလုံးမှာ အခြားကောင်းကင်မြို့စားလေးဦးနှင့်အတူ ေတာ်ဝင်နန်းတော်သို့ သွားနေသည့် သူ့အဖေပေါ် မူတည်နေသည်။
" ဒါက ဘုံဝါဒ မဟုတ်ဘူး ။ ဒါက မျိုးနွယ်စုတွေကို ငွေညှစ်ဖို့ ကြေညာလိုက်တာပဲ "
သူက မျိုးမစစ်များနှင့် အရန်သွေးမျိုးဆက်ကျင့်ကြံသူများကို စိန်းစိန်းဝါးဝါး ဝေ့ကြည့်လျက် အံတင်းတင်းကြိတ်ကာ ရပ်နေ၏။
သူ ဒေါသပြေစပြုလာရုံရှိသေးသည်၊ ပိုင်ရှောင်ချန်း ရောက်ချလာ၏။ ပိုင်ရှောင်ချန်းက တင်းမာသောမျက်နှာထား၊ သွေးအေးသော မျက်လုံးများဖြင့် မျိုးနွယ်စုအပေါ် လေထဲတွင် ရပ်နေသည်။ အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားတိုင်း သူ၏စိတ်မရှည်နိုင်မှုများနှင့် အမျက်ဒေါသများ ပို၍ ကြီးထွားလာသည်။ အလောင်းတပ်သားများ၏ သတ်ဖြတ်လိုသော အရှိန်အဝါများဖြစ်သော အနက်ရောင်လေပွေကြီးကို မော့ကြည့်လိုက်ကြသည့် အောက်ဖက်က မျိုးနွယ်စုဝင်များအားလုံးမှာ တုန်လှုပ်သွားကြလေသည်။ သို့သော် အများစုမှာ ပိုင်ရှောင်ချန်းပေါ်လာမည်ကို စောင့်နေကြသည် ဖြစ်ရာ ယခင်ကထက် ပို၍ စိတ်လှုပ်ရှားလာကြတော့သည်။
သူတို့သည် နောက်ဆုံးတစ်ခေါက် ပိုင်ရှောင်ချန်းလာရောက်ခဲ့သည့်အချိန်ကနှင့် လုံးဝခြားနားစွာ ခံစားနေရသည်။ ကျောက်ဒုံရှန်မှာ အမူအရာပျက်နေလျက် မော့ကြည့်လိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သို့သော် သူမပြောနိုင်ခင်မှာပင် ပိုင်ရှောင်ချန်း၏ အေးစက်စက်အသံက ကျောက်မျိုးနွယ်စုတစ်စုလုံးတွင် ပြည့်နှက်သွားလေသည်။
" မဟာကောင်းကင်သခင် ပြောခဲ့ပြီးပြီ။ သူက အဆင့်အတန်း ၊ ရာထူး ဘယ်လိုပဲ ဖြစ်နေပါစေ နိုင်ငံသူနိုင်ငံသားတိုင်း လိုက်နာရမယ့် ဘုံဝါဒ ကြေညာချက်ကို ထုတ်ပြန်ခဲ့တယ်။ အဲဒီ ကြေညာချက်ကို အကောင်အထည်ဖော်လုပ်ဆောင်ရာမှာ မဟာကောင်းကင်သခင်ကို ကိုယ်စားပြုဖို့ စစ်ဆေးရေးအရာရှိမင်းတစ်ယောက်အနေနဲ့ ငါ ဒီကို လာခဲ့တာပဲ "
မျိုးနွယ်စုထဲမှ ခပ်တိုးတိုးပင့်သက်ရှိုက်သံမြောက်မြားစွာ ကြားလိုက်ရပြီး အသံအများစုမှာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေလေသည်။ မျိုးမစစ်ကလေးများနှင့် ဆက်ဆံသူမဟုတ်သူများအားလုံးက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ကျောက်ဒုံရှန်၏ မျက်နှာမှာ ပို၍ပင် အရုပ်ဆိုးသွားပြီး သူ၏ မျက်လုံးများ ပြူးကျယ်သွား၏။
" သောက်ကျိုးနည်း မင်းကိုး။ အဲဒီရက်စက်တဲ့အကြံက မင်းအကြံပေါ့လေ။ ဒါကြောင့်လဲ မင်းက အခုလို မဟာကောင်းကင်သခင်လက်အောက်မှာ တန်ခိုးအာဏာကြီးမားလာရတာပဲ "
ကျောက်ဒုံရှန်က အရာအားလုံးကို ချက်ချင်း သဘောပေါက်သွားသည်။ ၄င်းမှာ ဖြေရှင်းရန် အလွန်ခက်သောပဟေဠိ မဟုတ်သည် မဟုတ်ပါလော။ ဘုံဝါဒ ကြေညာချက်ကို မထုတ်ပြန်မီ မကြာသေးမီက စစ်ဆေးရေးစံအိမ်မှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့သည်။ ထိုကိစ္စကို အနည်းအကျဥ်းစဥ်းစားလိုက်ရုံနှင့် ငုပ်လျှိုးနေသော အမှန်တရား ပေါ်ပေါက်လာမည် ဖြစ်သည်။
ကျောက်ဒုံရှန်မှာ ဒေါသနှင့် သူ၏ ယခင်က မုန်းတီးခြင်းများကြောင့် သူ့ကို မအော်မိဘဲ မနေနိုင်တော့ပေ။
" ပိုင်ဟောက် မင်း... "
သို့သော် သူ အချိန်ရွေး မှားသွားလေပြီ။ ပိုင်ရှောင်ချန်း၏ နှလုံးသားထဲရှိ အမျက်ဒေါသများသည် အချိန်မရွေး ရက်စက်ပေါက်ကွဲတော့မည့် အတိုင်းအတာကို ရောက်နေခဲ့ပြီ ဖြစ်သည်။
" ဟမ် "
ပိုင်ရှောင်ချန်းက အေးစက်သောအလင်းများ တောက်ပနေသည့် မျက်လုံးများဖြင့် ပြောသည်။ သူက ရှေ့တစ်လှမ်းတိုးလိုက်ရာ ပျောက်ကွယ်သွားပြီး ကျောက်ဒုံရှန်၏ ရှေ့တည့်တည့်တွင် ပြန်ပေါ်လာသည်။ တစ်ချက်ကလေးပင် တုံ့ဆိုင်းမနေဘဲ သူက လက်သီးဆုပ်၍ ထိုးချလိုက်သည်။
လက်သီးချက်ထဲတွင် သူ့ရင်ထဲမှာ တောက်လောင်နေသော အမျက်ဒေါသများအားလုံးပါဝင်နေဟန်တူသည်။ ၄င်းက လေထုကိုတုန်ခါသွားစေပြီး ကျောက်ဒုံရှန်မှာ အံ့ဩတုန်လှုပ်သွားကာ ခုခံရန် ကြိုးစားလိုက်ပါသော်လည်း သူ၏ အတိုက်အခိုက်စွမ်းရည်မှာ ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်အောက် များစွာ နိမ့်ကျနေလေသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး နောက်သို့ မီတာရာပေါင်းများစွာ လွင့်ထွက်သွားကာ အဆောက်အအုံတစ်လုံးကို ဝင်တိုက်လိုက်သည့်အတွက် အပျက်အစီးများက သူ့အပေါ် ပြိုကျလာတော့သည်။
အနီးနားရှိ မျိုးနွယ်စုဝင်အနည်းငယ်က အလိုအလျောက် ကြားဝင်ရန် ခြေလှမ်းပြင်လိုက်ကြသော်လည်း နောက်ပိုင်းတွင် အများစုက တုန့်ခနဲ ရပ်လိုက်ကြသည်။ ထို့နောက် ပိုင်ရှောင်ချန်းက နောက်ထပ်တစ်လှမ်းလှမ်း၍ ပြိုကျနေသောအဆောက်အအုံ၏ အလည်ရှိ အပျက်အစီးပုံကြားထဲမှ ရုန်းထွက်နေသော ကျောက်ဒုံရှန်၏ ရှေ့တည့်တည့်တွင် ရပ်လိုက်သည်ကိုသာ သူတို့ ရပ်ကြည့်နေကြလေသည်။။ ကျောက်ဒုံရှန်မှာ ပိုင်ရှောင်ချန်းက သူ့အတွက် ရောက်လာခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် ကြောက်ရွံ့ထိတ်လန့်ကာ သူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ချက်ချင်းပင် နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ပိုင်ရှောင်ချန်းက အလွန်မြန်လွန်းသည်။ သူ၏လက်သည် လျှပ်စီးလက်သည့်အလား အမြန်နှုန်းဖြင့် တဟုန်ထိုးထွက်လာပြီး ကျောက်ဒုံရှန်၏ လည်မျိုကို ဆုပ်ကိုင်ကာ လေပေါ်မြှောက်လိုက်သည်။ ထို့နောက် သူက ေကျာက်ဒုံရှန်၏ ကိုယ်ထဲသို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားအနည်းငယ် စီးဝင်စေကာ ချုပ်နှောင်လိုက်သည်။
" မင်းလား "
ပိုင်ရှောင်ချန်းက ဆောင်းတွင်း နှင်းစက်ပမာ အေးစက်သော မျက်လုံးများဖြင့် ကျောက်ဒုံရှန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။ သူက ကျောက်ဒုံရှန်၏ မျက်လုံးထဲသို့ ထွင်းဖောက်လုမတတ် စူးစိုက်ကြည့်နေရာ သူ့စိတ်ထဲရှိ လျှို့ဝှက်ချက်များအားလုံးကို မြင်နိုင်စွမ်းရှိသည့်အလား။ ကျောက်ဒုံရှန်မှာ ချက်ချင်းပင် ရင်တဒိန်းဒိန်းခုန်လာပြီး အသက်မနည်းရှူနေရလေသည်။
ကျောက်ဒုံရှန်မှာ မည်သည့်အရာကိုပြောနေမှန်း တွေးတောမနေနိုင်ပဲ လွတ်မြောက်ရန် ရုန်းကန်လိုက်ပါသော်လည်း မလုပ်နိုင်ပေ။ ပိုင်ရှောင်ချန်း၏ညာလက်အားမှာ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
" ဘာတွေပြောနေတာလဲ ။ အလောတကြီး မလုပ်နဲ့ "
ထိုသည်က သူပြောရန် ကြိုးစားနေသည့်အရာဖြစ်သော်လည်း မပြောနိုင်ပေ။ သူ့ပါးစပ်ကထွက်လာသည်များမှာ မပီမသ ဝူးဝူးဝါးဝါးအသံအချို့သာ ဖြစ်သည်။ ဤအချိန်တွင် သူ့နှလုံးသားထဲတွင် သေစေနိုင်သော အန္တရာယ်ကြီးကျရောက်တော့မည်ဟု အာရုံရလိုက်သည်။
" ဒီကောင် ရူးနေပြီ " သူကတွေးလိုက်သည်။
" ချီးပဲ။ ဒီကောင်က စိတ္တဇအရူးတစ်ယောက်ပဲ"
ကျောက်ဒုံရှန်မှာ သေခြင်းတရားမှ လက်တစ်ကမ်းသာလိုတော့ကြောင်း သဘောပေါက်လိုက်သဖြင့် ရင်တဒိန်းဒိန်းခုန်နေတော့သည်။
ပိုင်ရှောင်ချန်းက ကျောက်ဒုံရှန်ကို တခဏကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။ ကျောက်ဒုံရှန်၏ အမူအရာမှာ သေရမည်ကို ကြောက်လန့်နေခြင်းမှတစ်ပါး အခြားမရှိပေ။ ကျောက်ဒုံရှန် မည်မျှ စိတ်ဆတ်ကြောင်း တွေးကြည့်လျှင် သူသာ ပိုင်ဟောက်မတော်တဆမှုတွင် ပါဝင်ခဲ့ပါက ၄င်းနှင့်ပတ်သက်၍ သူသိသည့်အချက်က သူ့မျက်လုံးများထဲတွင် ထင်ဟပ်နေလိမ့်မည်။
" ဒါဆို ဒီကောင် မပါဘူးပေါ့ "
သူက စိုးရိမ်စိတ်များ မြင့်တက်လာရင်း တွေးလိုက်သည်။ သို့သော် သူက ကျောက်ဒုံရှန်ကို လွှတ်မပေးဘဲ ထိုအစား ပတ်ဝန်းကျင်ရှိ ကျောက်ဒုံရှန်၏ ညီအစ်ကိုမောင်နှမများဖြစ်ကြောင်း သိသာသည့် ငယ်ရွယ်သော မျိုးနွယ်စုဝင်များကို လှည့်ကြည့်လိုက်သည်။
" ဘုံဝါဒကို တည်တံစေရမှာ ဖြစ်တဲ့အတွက် ငါ ဒီနေရာကို ကြီးကြပ်ပေးဖို့လာခဲ့တာ။ မင်းတို့အားလုံး မင်းတို့ မျိုးနွယ်စုရဲ့ရင်းမြစ်တွေကို ညီတူညီမျှ ရသင့်တယ် “
" ကြေညာချက်ကနေ အကျိုးအမြတ်ရမယ့်လူတွေက မျိုးနွယ်စုထဲမှာ ဆက်ခံသူဖြစ်လာဖို့ လုံးဝ မျှော်လင့်ချက်မရှိတော့တဲ့သူတွေ၊ မျိုးမစစ်အဖြစ် မွေးဖွားလာကြတဲ့သူတွေပဲ။ မင်းတို့သာ ကြေညာချက်ကို ငြင်းဆန်မယ်ဆိုရင် မင်းတို့ကိုယ်မင်းတို့ နစ်နာအောင်လုပ်လိုက်သလို ဖြစ်သွားလိမ့်မယ် “
" မင်းတို့က သင့်တော်တဲ့ဝေစုလိုချင်တယ်ဆိုရင် ငါ့ကို မျိုးနွယ်စုအကြောင်း မင်းတို့သိသမျှ အကုန်ပြောပြဖို့လိုတယ်။ မင်းတို့ရဲ့ မိဘတွေ ၊ ဝါရင့်ဂိုဏ်းဝင်တွေ၊ ကောင်းကင်မြို့စားတွေအကြောင်း ငါ့ကိုပြောပြရမယ်။ မင်းတို့ မျိုးနွယ်စုရဲ့ ချမ်းသာကြွယ်ဝမှု အတိုင်းအတာက မင်းတို့ ရင်းမြစ်ဘယ်လောက်များများ ရမလဲဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ် “
" မင်းတို့ ငါ့ကို များများ ပြောပြရင် ငါ့စာရင်းထဲမှာ အချက်အလက်များများ မှတ်သားထားနိုင်တယ်။ အဲဒီနည်းနဲ့ပဲ ရင်းမြစ်တွေကို အညီအမျှ ခွဲေပးနိုင်လိမ့်မယ်။ နောက်ဆုံးကျရင် မျိုးနွယ်စုအမွေတွေရဲ့ အသင့်တော်ဆုံး ဝေစုကို မင်းတို့ ရလိမ့်မယ် “
" ဘုံဝါဒအသက်ဝင်အောင်လုပ်ဆောင်နေတဲ့အတောအတွင်း ငါ့မှာ ဆုလာဘ် ချီးမြှင့်နိုင်တဲ့ အာဏာရှိတယ်။ ဒါကြောင့် မင်းတို့ထဲက ငါ့ကို သတင်းအများဆုံးပြောပြနိုင်တဲ့လူက အကြီးမားဆုံးဆုကို ရမယ်။ “
" မင်းတို့ အားလုံးကို ပြောနိုင်တာက ဒီကိစ္စတစ်ခုလုံးဟာ မင်းတို့ရဲ့ အကျိုးအမြတ်အတွက်ပဲ။ ဒါကြောင့် ကျောက်မျိုးနွယ်စုနဲ့ ပတ်သက်တာမှန်သမျှအကုန် ငါ သိဖို့လိုတယ်။ ပြီးတော့ တစ်ခါတလေကျရင် မျိုးနွယ်စုရဲ့ပစ္စည်းတွေက ရုပ်ဝတ္ထုပစ္စည်းတွေမဟုတ်ပဲ သတင်း အချက်အလက်တွေ၊ အစီရင်ခံစာတွေနဲ့ လျှို့ဝှက်ချက်တွေ ဖြစ်တတ်တယ်။ အဲဒီလိုဟာတွေက ရုပ်ဝတ္ထုပစ္စည်းတွေထက် အဆများစွာ ပိုပြီးတန်ဖိုးကြီးတယ် "
အခြားသော မျိုးနွယ်စုဝင်များမှာ အချိန်နှင့်အမျှ ပိုမိုစိတ်လှုပ်ရှားလာကြပြီး သူတို့၏ မျက်လုံးများထဲတွင် လောဘမီးများ တောက်လောင်နေပြီ ဖြစ်သည်။
သူတို့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ၊ရည်မှန်းချက်များ ပြည့်နှက်လာပြီး အချို့မှာ ရူးသွပ်လုမတတ် ဖြစ်နေကြသည်။ စောစောက ပိုင်ရှောင်ချန်း၏ပြောစကားအရ ဘုံဝါဒကြေညာချက်သည် သူတို့အတွက် အမှန်တကယ် အကျိုးရှိကြောင်း သူတို့ပြောနိုင်သည်။
သူတို့၏ဝေစုကို လိုချင်လျှင်တော့ သူတို့အနေဖြင့် မျိုးနွယ်စုက မည်မျှကြွယ်ဝချမ်းသာသည်ကို အမှန်တကယ် သိရှိရန် အရေးကြီးသည်။ ထို့အပြင် ၄င်းနှင့်ပတ်သက်လျှင် အပြင်လူမည်သူမဆို အတွင်းလူနည်းတူ သိနိုင်လိမ့်မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ကျောက်ဒုံရှန်၏ အကြောက်တရားများမှာ ထိန်းမနိုင် သိမ်းမရဖြစ်သွားလေပြီ။ တစ်ဖက်တွင် သူက သေရမည်ကို ကြောက်နေသော်လည်း အခြားတစ်ဖက်တွင် လူအများက မျိုးနွယ်စု၏ ပစ္စည်းများကိုယူလျှင် အခြေခံအားဖြင့် သူ၏ အမွေများကို ယူနေခြင်းဖြစ်သည်။
၄င်းက သူ့ကို ဒေါသထွက်သွားစေသော်လည်း သူ၏ ကျင့်ကြံခြင်းအခြေခံမှာ မြဲမြံစွာ ချုပ်နှောင်ခံထားရပြီး သူက ပိုင်ရှောင်ချန်းလက်ဖြင့် ဆုပ်ကိုင်ထားခြင်း ခံနေရသည်။ သူ့ရင်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ဗလောင်ဆူနေပြီး မည်သို့ဖြစ်မည်ကို စောင့်ကြည့်ရုံမှ တစ်ပါး သူ့မှာ တခြားရွေးစရာမရှိပေ။
ပိုင်ရှောင်ချန်းက လူတိုင်း မည်မျှစိတ်လှုပ်ရှားနေကြောင်း မြင်လိုက်ရသည်။သူက ကျောက်ဒုံရှန်ကို တခဏပြန်ကြည့်ပြီးနောက် အနီးနားရှိ နောက်ထပ်အဆောက်အဦတစ်လုံးထံသို့ ပစ်ပေါက်လိုက်ရာ အပျက်အစီးများ သူ့အပေါ် ပြိုကျလာပြန်သည်။ ထို့နောက် သူက အလောင်းတပ်သားများကို သူနှင့်အတူခေါ်၍ တစ်ဟုန်ထိုးပျံတက်ရင်း နောက်ထပ်ပစ်မှတ်ဖြစ်သည့် နောက်ထပ် ကောင်းကင်မြို့စားမျိုးနွယ်စုထံသို့ ဆက်သွားလိုက်သည်။
သူထွက်သွားစဥ် ကျောက်ဒုံရှန်က ဒုတိယအဆောက်အအုံ၏ အကျိုးအပဲ့များကြားမှ အတန်ငယ် မူးဝေလျက် တွားသွားထွက်လာပြီး သူ့ပတ်လည်ရှိ ရင်းနှီးသော မျက်နှာအားလုံးကို လှည့်ပတ်ကြည့်လိုက်လေသည်။
သူ ကြောက်လန့်တုန်ရီလာပြီး ရုတ်တရက် မိုးကောင်းကင်ကြီးတစ်ခုလံုး မည်းမှောင်သွားဟန်တူသည်။
" ငါတော့ သွားပြီ "