← Chapters

ကောင်းကင်နယ်စားမျိုးနွယ်စု​

Vol. 8 Ch. 793

ကောင်းကင်နယ်စားမျိုးနွယ်စု​

Vol. 8 Ch. 793

မျိုးမစစ်ကလေးများနှင့် တိုက်ရိုက်သွေးမျိုးဆက် ဆက်ခံသူမဟုတ်သူများသည် ယခင်က ပိုင်ရှောင်ချန်းကို မုန်းတီးခဲ့ကြသည်။ သို့သော် ယခု သူက သူတို့ဘက်တွင် ရပ်တည်ပေးပြီး သူတို့ကိုပင် ကိုယ်စားပြုနေသည်။ ဘုံဝါဒကို တည်တံအောင်လုပ်နေသည့် လူအနေနှင့် သူတို့အားလုံးက တစ်လှေတည်းသွားများဖြစ်ကြပေသည်။

မည်သည့်ကောင်းကင်မြို့စားမဆို အမိန့်ကို ဖီဆန်ရန် မတွေးဖူးကြသည် မဟုတ်ချေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ ဘုံဝါဒ၏ အမှန်တကယ်ရက်စက်သော ကဏ္ဍများက ပို၍သိသာ ထင်ရှားပြတ်သားလာသည်။ မျိုးနွယ်စုတစ်စုစီတိုင်း၌ ဆက်ခံသူတစ်ယောက်ရှိသည်။ သို့သော် ကောင်းကင်နယ်စားများသည် မိန်းမများ၊ကိုယ်လုပ်တော်များမြောက်မြားစွာနှင့်အတူ နက်နဲသော ကျင့်ကြံခြင်းအခြေခံရှိသူများ ဖြစ်ကြသည်။ သူတို့မှာ ကလေးများစွာ ရှိသည်မှာ သဘာဝသာဖြစ်သည်။ ထိုမျှသာမက ထိုကလေးများအားလုံးသည် သူတို့မျိုးနွယ်စု၏ အဖွဲ့ဝင်များဖြစ်ကြသည်။ သို့သော် ယခုတွင်တော့ မျိုးမစစ်များနှင့် တိုက်ရိုက်သွေးမျိုးဆက် ဆက်ခံသူမဟုတ်သူများသည် မဟာကောင်းကင်သခင်၏ ဘက်တွင် ဖြစ်သည်။

ကောင်းကင်မြို့စားများအနေဖြင့် သူတို့ သွေးသားရင်းချာများကို လုံးဝအမြစ်ဖြုတ်မသုတ်သင်သရွေ့ မျိုးနွယ်စုထဲရှိ မငြိမ်မသက်မှုများကို ဘယ်တော့မှ နှိမ်နင်းနိုင်မည်မဟုတ်သည့်အပြင် သူတို့မှာ ပုန်ကန်အုံကြွမှုတွင် အမိန့်များကို မည်သည့်နည်းနှင့်မျှ မဖီဆန်နိုင်ပေ။

ထိုမျှသာမက နောက်ဆုံး လေ့လာသုံးသပ်ချက်အရ ဘုံဝါဒသည် မျိုးနွယ်စု၏ ရင်းမြစ်ပစ္စည်းများကို မျိုးနွယ်စုအတွင်းနှင့် အမျိုးမျိုးသော ကောင်းကင်မြို့စားများ၏ သွေးမျိုးဆက်များကြားတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။ သို့ဖြစ်လေရာ မဟာကောင်းကင်သခင်က သင့်တင့်လျှောက်ပတ်စွာ လုပ်ဆောင်နေသည်ဟုသာ ပြောနိုင်သည်။

တရားမျှတမှုနှင့် အကြောင်းပြချက်သည် သူ့ဘက်တွင် ဖြစ်သည့်အတွက် လူတိုင်းက သူ့ကို အားပေးထောက်ခံကြသည်။ ထို့ကြောင့် အကြံအစည်တစ်ခုလုံး၏ အမှန်စင်စစ် ရက်စက်ယုတ်မာသော သဘောသဘာဝပေါ်လွင်နေတော့သည်။ ပို၍ ကြောက်စရာကောင်းသောအရာမှာ.... ဗဟိုဧကရာဇ်မြို့တော်၏ သာမန်မြို့သူမြို့သားအပေါင်းပင်။

မင်းမျိုးနွယ်အထက်တန်းလွှာများက သာမန်လူများကို အရေးမစိုက်ကြချေ။ ထို့ကြောင့်

ဘုံဝါဒ ထုတ်ပြန်လိုက်ချိန်တွင် သာမန်လူများက အားတက်သရော ထောက်ခံကြ၏။

သူတို့က တိုက်ရိုက် အကျိုးအမြတ်မရသော်ငြား ပုံမှန်အားဖြင့် မင်းမျိုးနွယ်အထက်တန်းလွှာများအား အားကျမနာလိုကြလေသည်။ အထူးသဖြင့် ဆက်ခံသူများကိုပင်။ သို့ကြောင့် မင်းမျိုးနွယ်အထက်တန်းလွှာများထဲရှိ လူတိုင်းလူတိုင်း ညီတူညီမျှ ဆက်ဆံခံရသည်ကို မြင်ရသောအခါ အလွန်ပျော်ရွှင်ဝမ်းမြောက်ကြလေသည်။

ယင်းက အလွန်စွမ်းအားကြီးသော လူများကို ချက်ချင်းကျဆင်းသွားစေပြီး သူတို့က နောက်တစ်ဖန် ပြန်လည်ခေါင်းမော့နိုင်လောက်မည့်တိုင် သူတို့နှင့် သာမန်လူတန်းစားကြားရှိ ကွာဟချက်က မြောက်မြားစွာ လျော့ကျသွားမည်ဖြစ်ပေသည်။

သို့နှင် ဗဟိုဧကရာဇ်မြို့တော်ရှိ သာမန်မြို့သူမြို့သားအပေါင်းမှာ ဖြစ်ပျက်နေသည့်အရာများနှင့်ပတ်သက်၍ အလွန်တရာ စိတ်လှုပ်ရှားနေကြတော့သည်။

ထိုမျှသာမက သူတို့က မဟာကောင်းကင်သခင်ကို ယခင်ကထက် ပို၍ ထောက်ခံလာကြသည်။ မဟာကောင်းကင်သခင်၏ သြဇာတိက္ကမသည် လုံးလုံးလျာလျား ပြိုင်ဘက်ကင်းသည့် မြင့်မားသောအဆင့်သို့ ထပ်မံတက်လှမ်းသွားလေသည်။

အမှန်တကယ်တော့ သူသည် ယခုတွင် သူစိတ်ရှိလျှင် နိုင်ငံအသစ်ကို အဆင်ပြေချောမွေ့စွာ ထူထောင်နိုင်သည့် နေရာမှာ ရှိနေသည်။

ထိုသည်က ကောင်းကင်မြို့စားများကို အကြောက်တရားများ၊ ခါးသီးခံပြင်းမှုများဖြင့် ပြည့်နှက်သွားစေသည်။ ကောင်းကင်မြို့စားများအားလုံးသည် ဉာဏ်နီဉာဏ်နက်များသောအကြံသမားများ ဖြစ်ကြသည့်အတွက် များမကြာမီ ဘုံဝါဒက အမှန်စင်စစ် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သဘောပေါက်သွားကြ၏။

သို့စေကာမူ.... သဘောပေါက်ခြင်းသည်လည်း မည်သည့်ကောင်းကျိုးမှမရှိပေ။ အကြောင်းကိစ္စများကို သိခြင်းနှင့် သိနေသည့်အပေါ် တစ်ခုခုလုပ်ဆောင်နိုင်ခြင်းဆိုသည်က မိုးနှင့်မြေကဲ့သို့ ကွာခြားသော အရာနှစ်ခု ဖြစ်ပေသည်။

" ပိုင်ဟောက်သာ ဒီအကြံကို အမှန်တကယ် တွေးမိတဲ့ကောင်ဆိုရင်တော့ ဒီကောင်က အင်မတန် ကြောက်စရာကောင်းတဲ့ကောင်ပဲ "

" သူရဲ့ ဉာဏ်ဆင်ပြီး အကြံထုတ်နိုင်စွမ်းကတော့ သရဲတွေ၊ နတ်ဘုရားတွေကိုတောင် ခြောက်လှန့်နိုင်တယ်။ သူက လူတွေကို ကြိုးကိုင်ခြယ်လှယ်ရာမှာ ဆရာတစ်ဆူပဲဗျိုု့"

"ဘယ်လိုလူမျိုးကများ ဒီလောက် ရက်စက်လှတဲ့ အကြံကို တွေးမိတာတုန်း.... ။အိုး ခဏနေပါဦး၊ ပိုင်ဟောက်က မျိုးမစစ်တစ်ယောက်လေ။ ချီးတဲ့မှပဲ။ သရဲကြီးမြို့တော်က ပိုင်မျိုးနွယ်စုမှာကတည်းက သူ ဒီအကြံကိုတွေးနေတာလို့ ကျုပ်လောင်းရဲတယ် "

သို့ထိတိုင် မုန်တိုင်းက အစသာရှိသေးသည်။ အရေးကိစ္စများက ဗဟိုဧကရာဇ်မြို့တော်တွင် အစပြုခဲ့သော်လည်း မကြာမီ မြေရိုင်းဒေသတစ်ခွင် ပျံ့နှံ့သွားလေသည်။ ကောင်းကင်မြို့စားမျိုးနွယ်စုများသာ သက်ရောက်သွားကြသည်မဟုတ်။ အောက်လမ်းဆရာမျိုးနွယ်စုများစွာ အုတ်အော်သောင်းနင်းဖြစ်လာကြတော့သည်။

ထိုကိစ္စများအားလုံးအတွက် တာဝန်ရှိသူ ပိုင်ရှောင်ချန်းသည် လောလောဆယ်တွင် စစ်ဆေးရေးစံအိမ်မှာ တင်ပျဥ်ခွေလျက် ထိုင်နေ၏။ သူက သူ့မျက်လုံးများထဲရှိ ပင်ပန်းနွမ်းနယ်မှုများကို ဖုံးကွယ်မထားတော့ချေ။ ဤအချိန်ထိတိုင်အောင် သူ မနားရသေးဘဲ ထိုအစား သူ့ဆီရောက်လာသည့် စာတစ်ခုစီတိုင်းကို ခွဲခြမ်းစိတ်ဖြာရင်း သူတွေ့ရှိထားသော သဲလွန်စများနှင့် အဆက်အစပ်မိစေရန် မျှော်လင့်ရင်း ဖတ်နေလေသည်။

ပိုင်ဟောက် ပျောက်သွားခဲ့သည်မှာ လဝက်မျှကြာနေပြီ ဖြစ်ပြီး ပိုင်ရှောင်ချန်း၏ အမျက်ဒေါသများမှာ သူနှင့်သူ့ပတ်လည်က လူများကို လောင်ကျွမ်းသွားစေနိုင်သော တဟုန်းဟုန်းတောက်လောင်နေသည့် မီးပင်လယ်အလား ဖြစ်လာလေသည်။

သူက ပိုင်ဟောက်၏အသက်အန္တရာယ်အား စိုးရိမ်နေသည်ကို ရပ်တန့်၍ မရပေ။ ကံဆိုးစွာပင် ဤအချိန်အထိ သူရရှိခဲ့သော သတင်းများအနက် တစ်ခုမှ အကူအညီမရပေ။ ယခင်က သူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသော အဆင့်အထိ သူ့ရင်ထဲတွင် အလွန့်အလွန်စိုးရိမ်သောကရောက်နေပြီး စိတ်ဆင်းရဲနေလေသည်။

သူ၏ ဝင်လေ၊ထွက်လေများကို ထိန်းချုပ်ထားနိုင်ပြီး သူ၏အရှိန်အဝါများကို တည်ငြိမ်သွားစေသည့် တစ်ခုတည်းသော အချိန်မှာ သဲလွန်စများရှာရာတွင် စိတ်ရောကိုယ်ပါ နစ်နေသည့်အချိန်ဖြစ်သည်။ ယခုတွင် သူ၏ ကျောက်စိမ်းပေလွှာထဲ၌ သတင်းအမြောက်အမြား သိမ်းဆည်းထားပြီးဖြစ်သော်လည်း တစ်ခုတလေမှ မပြည့်စုံပေ။ ပိုင်ဟောက်ကို ရှာရန်မျှော်လင့်ချက်မှာ သဲလွန်စများစွာရ ရမည်ဖြစ်ကြောင်း သူသိလေသည်။

" ဘုံဝါဒကြောင့် ဖြစ်လာတဲ့ တောမီးက နည်းနည်းလောက်ပိုပြီး တောက်လောင်ဖို့လိုတယ် "

ထို့နောက် သူက မော့လိုက်ပြီး တစ်ခုတည်းသော နေရာကို မမှိတ်မသုန် စူးစိုက်ကြည့်လိုက်သည်။ ၄င်းကား ဗဟိုဧကရာဇ်မြို့တော်၏ မြို့နယ်အမှတ် ၅။

မြို့နယ်အမှတ် ၅ သည် ကောင်းကင်နယ်စားတစ်ဦး၏ နေရာဖြစ်သည်။

" ကောင်းကင်နယ်စားတွေဆီ လှုပ်ရှားဖို့ အချိန်ကျပြီ။ ငါ သတင်းကောင်းကောင်းရနိုင်ရုံတင်မကဘူး၊ အဲဒီက ငကြောက်တွေဆီ ယုံကြည်ချက်နည်းနည်းလောက် သွတ်သွင်းပေးရမယ် "

သူက အံတင်းတင်းကြိတ်ပြီး လေပေါ်ပျံတက်လိုက်ကာ မကြာမီ မြို့နယ်အမှတ် ၅ထံ သူ၏ အလောင်းတပ်သားများကို ဦးဆောင်သွားလေသည်။

တစတစများပြားသော လူများက အာရုံစိုက်လာကြပြီး မကြာမီ ဖြစ်ပျက်နေသည်များကို သတိပြုမိလိုက်ကြသည်။ မရေမတွက်နိုင်သော မျက်လုံးများသည် လေကိုခွင်းလျက် ပျံသန်းနေကြသည့် အလောင်းတပ်ဖွဲ့ကို ခြေရာခံလိုက်ကြပြီး မကြာမီ လူအများသည် သူက ကောင်းကင်နယ်စားတစ်ယောက်၏ နယ်ပယ်ဖြစ်သည့် မြို့နယ်အမှတ် ၅ကို ဦးတည်နေကြောင်း သဘောပေါက်လိုက်ကြသည်။ ထိုအချိန်တွင် လူများမှာ စိတ်လှုပ်ရှားမှုများဖြင့် ပင့်သက်ရှိုက်လာကြတော့သည်။

" ကောင်းကင်နယ်စားမျိုးနွယ်စု "

" ဒီကောင် ပိုင်ဟောက်ကတော့ တော်တော်ရဲတာပဲ။ ဘုံဝါဒ တည်တံ့ဖို့ ကောင်းကင်နယ်စားတစ်ယောက်ဆီ တကယ် သွားနေတာပါလား "

စကားပြောသံများ ပွက်ပွက်ညံနေစဥ် အလောင်းတပ်သား ၅၀၀၀ သည် ခေါင်းဆောင်နေရာရှိ ပိုင်ရှောင်ချန်းနှင့်အတူ မြို့နယ်အမှတ် ငါးသို့ ဆင်းသက်သွားကြသည်။ သူ့ကို ငွေရောင် ချပ်ဝတ်တန်ဆာနှင့်တစ်ယောက်၊ အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် တစ်ယောက် နတ်အခိုးအငွေ့များ ထုတ်လွှတ်နေသည့် အလောင်းတပ်သားနှစ်ဦး ခြံရံထားလေသည်။ သူ့နောက်တွင်တော့ အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် နတ်တစ်ပိုင်းအဆင့် အလောင်းတပ်သား ၉ဦး ရှိသည်။

သူတို့က မြို့နယ်အမှတ် ငါးကို ဝင်ရောက်ပြီးနောက် တခဏလေးပင် မရပ်နားပေ။ သူတို့သည် ကောင်းကင်နယ်စားမျိုးနွယ်စုထံ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။

ပိုင်ရှောင်ချန်းသည် ဤကောင်းကင်နယ်စားက သူ့ကို ဖော်ဖော်ရွေရွေဆက်ဆံဖူးသော အဘိုးကြီးတစ်ယောက်ဖြစ်သည်လား ဝိုးတိုးဝါးတားပြန်တွေးလိုက်သည်။ ကံဆိုးစွာပင် ဤအချိန်တွင် သူ့မှာ ရွေးချယ်စရာမရှိပေ။ မျိုးနွယ်စုကို နီးကပ်လာသည်တွင် စူးရှတောက်ပနေသော အလင်းဒိုင်းကာ ရုတ်ချည်း ပေါ်လာပြီး သူ့လမ်းကို တားဆီးလိုက်သည်။

ဒိုင်းအကာအကွယ်၏ မျက်နှာပြင်ပေါ်တွင် ပိုင်ရှောင်ချန်းကို အေးစက်သော မျက်လုံးများနှင့် စိုက်ကြည့်နေသည့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်၏ မျက်နှာတစ်ခုပေါ်လာလေသည်။

" စစ်ဆေးရေးအရာရှိမင်း၊ တစ်ခုခု ပြောစရာရှိရင် ပြောပါ ရပါတယ်။ ဒါပေမဲ့ ဒီနေရာကိုတော့ ကျော်ခွင့်မရှိပါဘူး "

ပိုင်ရှောင်ချန်းက မျက်လုံးများကျဥ်းမြောင်းလျက် အကာအကွယ်ကိုဖြတ်၍ သူ့ကို စိုက်ကြည့်နေကြသည့် မရေမတွက်နိုင်သော မျိုးနွယ်စုဝင်များကို ကြည့်လိုက်သည်။ သူတို့အားလုံးမှာ တည်ငြိမ်နေသည့်ပုံပေါ်သည့်တိုင် ဤကောင်းကင်နယ်စားမျိုးနွယ်စုရှိ လူများစွာသည်ပင် ဘုံဝါဒ၏ သက်ရောက်မှုများကို မျှော်လင့်တကြီးစောင့်စားနေကြသည်ဟု သူ့ကို ပြောနေသည့် အရိပ်အယောင်များကို သူတို့၏ မျက်လုံးများထဲတွင် မြင်လိုက်ရလေသည်။ ကံဆိုးစွာပင် သူတို့မှာ ကောင်းကင်နယ်စား၏ မယုံကြည်နိုင်ဖွယ်စွမ်းအားကြောင့် မည်သည့်နည်းနှင့်မျှ မလုပ်ဆောင်နိုင်ကြပေ။

တခဏကြာတွေးပြီးနောက် ပိုင်ရှောင်ချန်းက အားမသုံးရန် ရွေးချယ်လိုက်သည်။ သူက လေထဲတွင်သာ ရပ်လျက် ဒိုင်းအကာအကွယ်ကို ဖြတ်သွားစေရန် သူ၏ ကျင့်ကြံခြင်းအခြေခံဖြင့် အသံကို ထုတ်ပြန်လိုက်သည်။

" ကျုပ် မဟာကောင်းကင်သခင်ရဲ့ အမိန့်အရ ဘုံဝါဒ ရေရှည်တည့်တံစေရန် ကြီးကြပ်ဖို့ ဒီကို လာတာ။ “

" ကောင်းကင်မြို့စားမျိုးနွယ်စုတွေနဲ့ ကောင်းကင်နယ်စားမျိုးနွယ်စုတွေအားလုံး လိုက်နာရမယ်။ ကောင်းကင်ဘုရင်လေးပါးတောင်မှ ခြွင်းချက် မထားဘူး “

" မျိုးနွယ်စု ရင်းမြစ်တွေကို မျိုးနွယ်စုထဲမှာ မျှမျှတတ ခွဲဝေရမယ်။ မင်းတို့ မျိုးမစစ်ဖြစ်ဖြစ်၊ အမွေဆက်ခံခွင့်မရှိတဲ့ တိုက်ရိုက်သွေးမျိုးဆက်တွေပဲ ဖြစ်ဖြစ် မင်းတို့အားလုံး.... "

ထို့နောက် သူက ပြောနေကျအတိုင်း ဆက်ပြောသည်။

သူပြောပြီးသောအခါ သက်လတ်ပိုင်းအရွယ်ယောကျ်ားကြီးက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ့ကို ကြည့်ကာ ပြောသည်။

" ပြီးပြီလား။ ကျေးဇူးပြုပြီး ကောင်းကောင်းမွန်မွန်ထွက်သွားပါ "

ထို့နောက် ထိုလူ၏ မျက်နှာ ပျောက်ကွယ်သွားပြီး ပိုင်ရှောင်ချန်းက မဆိုစလောက် မျက်မှောင်ကြုတ်လျက် လေထဲတွင် ရပ်ကျန်ခဲ့လေသည်။ တခဏကြာသော် သူက ဒုတိယမြောက် ကောင်းကင်နယ်စားမျိုးနွယ်စုထံ လှည့်ထွက်လိုက်သည်။

ထို့နောက် တတိယမြောက်၊ စတုတ္ထမြောက်.... မကြာမီ သူသည် မြို့နယ်အမှတ်တစ် နှင့် ကိုး ရှိ မျိုးနွယ်စုတိုင်းထံ သွားရောက်ပြီးသွားလေပြီ။ သူက ကောင်းကင်နယ်စားမျိုးနွယ်စု ကိုးစုကို သွားရောက်ခဲ့ပြီး သူတို့အားလုံးက ပထမဆုံးတစ်ယောက်နည်းတူ သူ့ကို ဆက်ဆံကြလေသည်။

ကောင်းကင်နယ်စားတစ်ယောက်မှ သူ့ကို သူတို့၏ မျိုးနွယ်စုထဲ အဝင်မခံကြပေ။ သူတို့က သူ့ကို သူတို့၏ မန္တန်အစီအရင်အပြင်ဘက်တွင်သာ စကားပြောခွင့်ပြုပြီးနောက် သူ့ကို ချက်ချင်း ထွက်သွားခိုင်းလေသည်။

၄င်းက ပူးပေါင်းခြင်းဖြစ်သည့်တိုင် သူတို့၏ သဘောထားက ပိုင်ရှောင်ချန်း၏ မျက်နှာကို သုန်မှုန်သွားစေသည်။စောင့်ကြည့်ရန် သူ့နောက်လိုက်လာကြပြီး စုဝေးနေကြသော လူတိုင်းမှာမူ သူတို့၏ ခေါင်းထဲတွင် သို့လောသို့လော အတွေးပေါင်းစုံပေါ်လာတော့သည်။

ထိုမျှသာမက အမျိုးမျိုးသော မျိုးနွယ်စုများမှ ကလေးများသည်လည်း စောင့်ကြည့်နေသည်ဖြစ်ရာ ၄င်းက သူ့တို့ကို ရင်လေးသွားစေသည်။

" ဘုံဝါဒက မတည်တံ့တော့ဘူးလို့ မပြောနဲ့နော် " သူတို့အားလုံးမှာ ဖြစ်နိုင်ချေရှိသော အကျိုးအမြတ်များနှင့် ဆုံးရှုံးမှုနှင့်ပတ်သက်၍ ကြံဆလာတော့သည်။

မင်းမျိုးနွယ်အထက်တန်းလွှာများမှာ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက ကောင်းကင်နယ်စားမျိုးနွယ်စုဖြစ်သည့် ချန်မျိုးနွယ်စုနေရာသို့ တင်းမာခက်ထန်စွာ ရောက်ရှိသွားသည်ကို စောင့်ကြည့်နေကြသည်။

ချန်ဟောက်စုန့်၏ မျိုးနွယ်စုသည် မြို့နယ်တစ်မြို့နယ်လုံး၏ တစ်ဝက်နီးပါး နေရာယူထားပြီး မည်သည့် အခြားကောင်းကင်မြို့စားစေတီထက်မဆို များစွာမြင့်မားသော ကောင်းကင်နယ်စားစေတီတစ်ခု ရှိလေသည်။

မျိုးနွယ်စုရှိ လူတိုင်းသည် တိတ်ဆိတ်စွာ ထိုင်စောင့်နေကြသည်။ မျိုးနွယ်စု၏ ကလေးများအတွက်မူ ဘုံဝါဒကြောင့် ကောင်းကင်မြို့စားမျိုးနွယ်စုများအကြား ဖြစ်ပျက်ခဲ့သည်များက သူတို့အတွက် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်။

သို့သော် တစ်ယောက်မှ မလှုပ်ရှားဝံ့ပေ။ ကောင်းကင်မြို့စားမျိုးနွယ်စုနှင့် ကောင်းကင်နယ်စားမျိုးနွယ်စုများကြားရှိ ခြားနားမှုသည် စကားလုံးနှင့် ဖော်ပြရန်ပင် ခက်ခဲသည် မဟုတ်ပါလော။

ပထမဆုံး လူအစုံလိုက်အပြုံလိုက်သတ်ဖြတ်စဥ်က မဟာကောင်းကင်သခင်သည် ကောင်းကင်မြို့စား ၁၈ဦးကို အဆုံးသတ်ခဲ့သည်။ သို့သော် ကောင်းကင်နယ်စားတစ်ယောက်သော်မှ မထိခိုက်ခဲ့ပေ။ ပြောရလျှင် ကောင်းကင်နယ်စားများ ပွင့်လင်းမြင်သာစွာ နိုင်ငံတော်ကို သစ္စာမဖောက်သရွေ့ သူတို့၏ နေရာများကို လှုပ်ခါ၍မရပေ။ သူတို့က နတ်အဆင့်ကျင့်ကြံသူ များဖြစ်ကြပြီး မြေရိုင်းဒေသတွင်ဖြစ်စေ၊ ကောင်းကင်တံတားမြစ်ဒေသတွင် ဖြစ်စေ ထိုကဲ့သို့လူအပေါင်းသည် အခြားလူတကာထက် မြင့်မားသော အဆင့်တွင် တည်ရှိလေသည်။

ပိုင်ရှောင်ချန်းက ချန်မျိုးနွယ်စုကို ရောက်သည်နှင့် စူးရှတောက်ပသော အလင်းဒိုင်းကာ ထွက်ပေါ်လာပြီး သူ့ကို ဝင်ရောက်ခြင်းမှ တားဆီးပိတ်ဆို့လိုက်သည်။ ထို့နောက် အသံတစ်သံက ကျယ်လောင်ပြတ်သားစွာ ပဲ့တင်ထပ်လာ၏။

" ပြောစရာရှိတာပြော။ ပြီးရင် ဒီနေရာထွက်သွား "

ထိုအသံထဲရှိ အထင်အမြင်သေးကာ မနှစ်မြို့မှုများက သိသာထင်ရှားလှသည်။

ပိုင်ရှောင်ချန်းက မျက်လုံးများ ကျဥ်းမြောင်းလျက် ဒိုင်းကို ဖြတ်၍ ကောင်းကင်နယ်စားစေတီကို ကြည့်လိုက်ပြီးနောက် ရုတ်တရက်...... ပြုံးလိုက်သည်။

၄င်းသည်ကား သွေးအေးရက်စက်သောအပြုံး၊ ရူးသွပ်မိုက်မဲခြင်းများ အထင်းသား ပေါ်လွင်နေသည့် အပြုံးတစ်ခုပင် ဖြစ်ပေသည်။

All Chapters