← Chapters

ကောင်းကင်နယ်စားပင် ပါးစပ်ပိတ်နေရပါသော

Vol. 8 Ch. 794

ကောင်းကင်နယ်စားပင် ပါးစပ်ပိတ်နေရပါသော

Vol. 8 Ch. 794

စုဝေးနေကြသော လူအုပ်ကြီးမှာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ကြည့်နေကြသည်။ ကောင်းကင်နယ်စားဆယ်ဦး ပိုင်ရှောင်ချန်းကို အဝင်ပင်မခံသည့်အဖြစ်က သူတို့ခေါင်းထဲတွင် အတွေးပေါင်းမျိုးစုံ ပေါ်ပေါက်သွားစေသည်။

သတင်းများ ပျံ့နှံ့လာခဲ့ပြီး ဗဟိုဧကရာဇ်မြို့တော်ရှိ ပိုမိုများပြားလာသော လူများသည် ဖြစ်ပျက်နေသည်များကို အနီးကပ်စောင့်ကြည့်လာကြ၏။

ဒိုင်းကာအတွင်းတွင် ချန်မျိုးနွယ်စု၏ မရေမတွက်နိုင်သော အဖွဲ့ဝင်များက တည်ငြိမ်အေးဆေးသော မျက်နှာထားများဖြင့် ဒိုင်းကို ဖြတ်၍ပိုင်ရှောင်ချန်းကို ကြည့်နေကြသည်။

ချန်ရှုံးသည်လည်း ထိုအထဲတွင် ရှိသည်။ သူက တိုက်ရိုက်သွေးမျိုးဆက်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော်လည်း ဆက်ခံသူဖြစ်လာရန် မျှော်လင့်ချက်မရှိခဲ့ပေ။ ယခင်က သူသည် ပိုင်ရှောင်ချန်းကို မုန်းတီးစက်ဆုပ်ခဲ့သော်လည်း ယခုတွင်တော့ သူ၏ ခံစားချက်များ ပြောင်းလဲသွားလေပြီ။ သူ၏မျိုးနွယ်စုတွင် ပုံအောနေသည့် လျှို့ဝှက်ပစ္စည်းအမျိုးအစားများအား သူ့ကဲ့သို့ လူတစ်ယောက်ချင်းစီကို အညီအမျှ ခွဲပေးလျှင်ပင်... ထိုဝေစုသည် မရေမတွက်နိုင်သော လူအပေါင်းကို အားကျမှုများဖြင့် သွားရည်တစမ်းစမ်းဖြစ်စေရန် လုံလောက်သည့်အပြင် သူ့ဘဝတစ်လျှောက်လုံး ဖူလုံစေမည်ဖြစ်ကြောင်း သိသည်။

အခြား မျိုးနွယ်စုဝင်များ၏ ခေါင်းထဲတွင် တူညီသော အတွေးများပေါင်းစုံ ယောက်ယက်ခတ်နေစဥ် ပိုင်ရှောင်ချန်းက ဒိုင်းကာ၏ အခြားတစ်ဖက်တွင် အေးတိအေးစက် ပြုံးလိုက်ပြီး သူ၏ မျက်လုံးများမှာ ဒေါသမီးများ လောင်မြိုက်နေ၏။ ကောင်းကင်နယ်စားမျိုးနွယ်စုများသည် ကောင်းကင်မြို့စားမျိုးနွယ်စုများထက် ကိုင်တွယ်ရခက်မည်ဖြစ်ကြောင်း သူ အစကတည်းက သိထားပြီး ဖြစ်သည်။

ထို့ကြောင့် သူက မည်သည်ကိုမှ မစဥ်စားနေတော့ဘဲ လုပ်ရန်နှင့် ချန်မျိုးနွယ်စုကို နောက်ဆုံးတွင် ထားရန် စိတ်ပိုင်းဖြတ်ထားခဲ့ပြီးဖြစ်သည်။ သူသည် ဤမျိုးနွယ်စုနှင့် ယခင်က ထိပ်တိုက်တွေ့ခဲ့ဖူးသည် မဟုတ်ပါလော။

သူ၏ အစီအစဥ်မှာ အခြားမျိုးနွယ်စုများနှင့် မည်သို့ ဖြစ်ပျက်မည်ကို ကြည့်ရန်ဖြစ်ပြီး အကယ်၍ အခြေအနေမကောင်းခဲ့လျှင် ချန်မျိုးနွယ်စုအပေါ် ပုံချရန် ဖြစ်လေသည်။

ယခုတွင် သူ ဆင်ခြေပေးစရာပင် မလိုတော့ပေ။ ချန်မျိုးနွယ်စု၏ သဘောထားက လုံလောက်လေပြီ။ သူ မျိုးနွယ်စုထံသို့ ခန့်ညားထည်ဝါစွာ လက်ညှိုးထိုးလိုက်ရင်း ပြောသည်။

" အလောင်းတပ်ဖွဲ့၊ မန္တန်အစီအရင်အကာအကွယ်ကို ဖျက်စီးကြစမ်း"

သူ၏စကားလုံးများကို ကြားသောအခါ မရေမတွက်နိုင်သော ပါးစပ်များ အဟောင်းသားဖြစ်သွားလေသည်။ ချန်မျိုးနွယ်စုရှိ လူများသော်လည်းကောင်း၊ စုဝေးနေသည့် လူထုကြီးသော်လည်းကောင်း ပိုင်ရှောင်ချန်း၏ အလောင်းတပ်သားများ အဆုတ်ကွဲမတတ် ဟိန်းဟောက်ပြီး ရှေ့တို့ချီတက် တိုက်ခိုက်လာသည်အထိ ဘယ်သူမှ တုံ့ပြန်ရန်ပင် အခွင့်အရေးတစ်ချက် မရလိုက်ပေ။

အထူးသဖြင့် ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားက လျင်မြန်သွက်လက်စွာ လှစ်ခနဲ လှုပ်ရှားလိုက်ပြီး ဒိုင်းကာကို ဦးစွာ ရိုက်ချလိုက်လေသည်။

ဒိုင်းကြီးတုန်ခါသွားစဥ် နတ်တစ်ပိုင်းအဆင့်အလောင်းတပ်သားကိုးဦးက ရောက်ရှိလာကြပြီး ကောင်းကင်တုန်ခါ၍ မြေပြင်တို့ အက်ကွဲသွားစေသော စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။

သို့သော် ဤမျှနှင့် မပြီးသေး။ နောက်ထပ် ကျန်ရှိသော တပ်သား ၅၀၀၀ ချီတက်လာကြကာ ပြင်းထန်သော မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်လိုက်ကြသည်။ တိုက်ကွက် ၅၀၀၀ က ချန်မျိုးနွယ်စု၏ မန္တန်အစီအရင်အပေါ်သို့ တဝုန်းဝုန်း ရိုက်ခတ်နေသော ဧရာမလှိုင်းလုံးကြီးသဖွယ် ဖြစ်လာသည့်အတွက် စစ်ပွဲအလား ဖြစ်နေတော့သည်။

" မင်းဘာတွေလုပ်နေတာလဲ ပိုင်ဟောက် "

စောစောကနှင့် တူညီသော အသံကြီးက အော်ဟစ်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ အထင်သေးခြင်းများမပါတော့ဘဲ ဒေါသများပါနေသည်က ခြွင်းချက်ဖြစ်သည်။ အတွင်းရှိ ချန်မျိုးနွယ်စုကျင့်ကြံသူများအားလုံးမှာမူ မျက်နှာများ ပျက်သွားကြ၏။

" ဒီပိုင်ဟောက်၊ဒီကောင်.. "

" ဘုရားရေ။ သူက ကောင်းကင်နယ်စားမျိုးနွယ်စုတစ်စုကို တိုက်ခိုက်ဖို့ တကယ် အမိန့်ပေးနေတာပဲ "

" ဒီလိုမျိုး လုပ်ရဲလိမ့်မယ်လို့ ငါ ယုံတောင် မယုံနိုင်ဘူး "

စောင့်ကြည့်နေကြသူများမှာ အလွန်စိတ်အားတက်ကြွသွားကြပြီး မြို့တော်တစ်ခွင်လုံး သတင်းများ အလျင်အမြန် ဖြန့်လိုက်ကြသည်။ ဗဟိုဧကရာဇ်မြို့တော်ရှိ အခြားနေရာများမှ ဖြစ်ပေါ်နေသည့် ဖြစ်ရပ်များကို စောင့်ကြည့်နေကြသည့် လူတိုင်း၏ မျက်နှာများပေါ်တွင် ထူးဆန်းသော အမူအရာများ ရှိနေသည်။

ကောင်းကင်မြို့စားအများစုမှာ သူတို့စေတီများထဲမှ ပျံထွက်လာကြပြီး ချန်မျိုးနွယ်စုထံသို့ လုံးဝမယုံကြည်နိုင်သော အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြသည်။

အခြားသော ကောင်းကင်နယ်စားကိုးဦးတို့မှာလည်း အံ့သြတုန်လှုပ်သွားကြပြီး ဖြစ်ပျက်နေသည်များကို တိုက်ရိုက်စစ်ဆေးရန် နတ်ဘုရားအာရုံစီးကြောင်းများအား ပို့လွှတ်လိုက်ကြသည်။ တော်ဝင်နန်းတော်မှ တုံ့ပြန်ချက်တစ်စုံတရာ မရှိသည်ကို သူတို့ သတိပြုမိသောအခါ ယခင်ကထက်ပို၍ တိတ်ဆိတ်သွားကြတော့သည်။

မျိုးနွယ်စုရှိ မျိုးမစစ်ကလေးများအားလုံးမှာ ကြက်အရုပ်ကလေးများကဲ့သို့ အံသြတုန်လှုပ်သွားကြပြီး သူတို့အားလုံး၏ ခေါင်းထဲတွင် အတွေးတစ်ခုသာ ကြီးစိုးထားတော့သည်။

" သူတော့ ရူးနေပြီ "

ချန်မျိုးနွယ်စု၏ မန္တန်အစီအရင်ဒိုင်းကာသည် ရှိသည်ထက်ပို၍ သန်မာအားကောင်းလျှင်တောင်မှ ယခုကဲ့သို့ နတ်ဘုရားစွမ်းရည်ပင်လယ်တစ်စင်းကို တောင့်ခံနိုင်မည် မဟုတ်ပေ။ ရိုက်ခတ်မှုများ၏ အောက်တွင် ၄င်းမှာ အစိတ်စိတ်အမြွှာမြွှာကြေမွသွားပြီး နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားလေတော့သည်။

ရုန့်ရင်းဆန်ခတ်မှုများက ချက်ချင်းပင် ချန်မျိုးနွယ်စုကို သိမ်းကျုံးတိုက်ခတ်သွားပြီး ဒေါသတကြီးဟိန်းဟောက်သံတစ်ခု ကောင်းကင်နယ်စားစေတီထဲမှ ပဲ့တင်ထပ်လာတော့သည်။

" မင်း သေချင်နေတာလား ပိုင်ဟောက် "

ကောင်းကင်နယ်စားစေတီထဲမှ စွမ်းအားကြီးသော အငွေ့အသက်များထွက်ပေါ်လာပြီး မျိုးနွယ်စုထဲ ဝင်ရောက်လာသည့် မှော်အတတ်များနှင့် နတ်ဘုရားစွမ်းရည်ပင်လယ်ကြီးထံ တဟုန်ထိုးပြေးဝင်သွားလေသည်။

တော်ဝင်နန်းတော်မှပင်ကြားနိုင်သည့် ပြင်းထန်သော ဧရာမပေါက်ကွဲသံကြီး တစ်သံထွက်ပေါ်လာတော့သည်။ ကျူးကျော်လာသော တိုက်ကွက်ပင်လယ်မှာ ကြေမွသွားပြီး အလောင်းတပ်သား ၅၀၀၀မှာ နောက်သို့ လွင့်ထွက်သွားကာ

ငွေရောင်ချပ်ဝတ်တန်ဆာအလောင်းတပ်သားနှင့် နတ်တစ်ပိုင်းအဆင့်များသာ ကျန်ခဲ့၏။ သူတို့က ကောင်းကင်နယ်စားစေတီထံ တဟုန်ထိုး ဦးတည်သွားကြသည်။

သူတို့မရောက်ခင် စေတီ၏ ပတ်ပတ်လည်ရှိ လေထုကြီးသည် အံ့ဖွယ်ကောင်းစွာ လည်ပတ်ဝေ့တက်လာပြီး ချန်ဟောက်စုန့်၏မျက်နှာပုံရိပ်ကြီး ပေါ်လာလေသည်။ သူက ငွေရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားနှင့် ၄င်းဦးဆောင်လာသည့် အခြားတပ်သားများကို ကြည့်ရင်း အော်ဟစ်ကျိန်ဆဲလိုက်သည်။

" အပိုင်းပိုင်း ဖြစ်စေ "

ရုတ်တရက် မရေမတွက်နိုင်သော တောင်များ ရုတ်ချည်း ဖြစ်တည်လာပြီး အလောင်းတပ်သားများကို တိုက်ခိုက်ရန် ကောင်းကင်ယံမှ နိမ့်ဆင်းလာကြသည်။ အချိန်အနည်းငယ်ကြာသော် ချန်ဟောက်စုန့်၏ မျက်နှာကြီးမှာ တွန့်လိမ်ရှုံ့တွသွားပြီးနောက် ခရမ်းရောင်အလင်းတန်းတစ်တန်းက လမ်းရှိအရာမှန်သမျှကို ဖြတ်တောက်ပစ်ရင်း ပိုင်ရှောင်ချန်းထံတန်းတန်းမတ်မတ် ပြေးဝင်လာလေသည်။

ချန်ဟောက်စုန့်က ပိုင်ရှောင်ချန်းကို သတ်ရန် အမှန်တကယ် ကြိုးစားနေလေပြီ။ သို့သော် ဤအချိန်တွင် ပိုင်ရှောင်ချန်းကို ကာကွယ်ရန် နေရစ်ခဲ့သည့် အနက်ရောင်ချပ်ဝတ်တန်ဆာအလောင်းတပ်သားထံမှ နတ်အဆင့်အခိုးအငွေ့များ တလိပ်လိပ်ထွက်လာတော့သည်။

တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ထိုအလောင်းတပ်သားက ရှေ့တစ်လှမ်းတက်လိုက်ပြီး ခရမ်းရောင်အလင်းတန်းဆီသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။ အလင်းတန်းမှာ ကြေမွပျက်စီးသွားပြီး အလောင်းတပ်သားမှာ တသိမ့်သိမ့်တုန်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွား၏။ တချိန်တည်းမှာပင် သူ၏ ညာလက်တစ်ဖက်လုံး လုံးဝပြတ်ထွက်သွားလေသည်။

သူ့မှာ အသွေးအသားနှင့် ခန္ဓာကိုယ်သာ ပိုင်ဆိုင်ထားလျှင် ၄င်းက အလွန်ပြင်းထန်သော ဒဏ်ရာဖြစ်ပေလိမ့်မည်။ သို့ပင်ငြား အလောင်းတပ်သားများသည် တစ်သက်လုံး ဒဏ်ရာမရနိုင်ပေ။ တခဏကြာသယသော် လက်မောင်းပြတ်ထွက်သွားသည့် နေရာမှာ လူးလွန့်လှုပ်ခတ်သွားကာ လက်မောင်းအသစ်တစ်ဖက် ပေါက်လာတော့သည်။

ပိုင်ရှောင်ချန်းကို ဖျက်စီးရန် ရှုံးနိမ့်သွားသဖြင့် ချန်ဟောက်စုန့်က ကောင်းကင်နယ်စားစေတီထဲမှ ထွက်လာပြီး အင်္ကျီလက်စကို ခါယမ်းကာ ငွေရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားနှင့် သူ့နောက်လိုက်လာသည့် အခြားကိုးဦးထံသို့ လေပြင်းမုန်တိုင်းတစ်ခု ပို့လွှတ်လိုက်သည်။

နတ်တစ်ပိုင်းအဆင့် အလောင်းတပ်သားကိုးဦးမှာ တုန်ရီလျက် နောက်သို့ လွင့်ထွက်သွားသည့်တိုင် ငွေရောင်ချပ်ဝတ်တန်ဆာ အလောင်းတပ်သားက ခြေတစ်လှမ်းသာ နောက်ဆုတ်လိုက်ရလေသည်။ ထိုသည်က ချန်ဟောင်စုန့်၏ မျက်နှာကို ပျက်ယွင်းသွားစေပြီး သူ မဆိုစလောက် ရင်မောသွားရလေသည်။

ချန်ဟောက်စုန့်ထံမှ တလိပ်လိပ်ထွက်လာနေသော အငွေ့အသက်များက ပို၍ အားကောင်းလာတော့သည်။ ဤပိုင်ဟောက်က သူနှင့် သူ့မျိုးနွယ်စုကို အမှန်တကယ် တိုက်ခိုက်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ခဲ့ဖူးပေ။ ယခင်က သူတို့နှစ်ယောက်ကြားတွင် ကတောက်ကဆများရှိခဲ့သော်လည်း ပိုင်ရှောင်ချန်းသည် ရင်ဆိုင်ရခက်သော လူတစ်ယောက်ဖြစ်သည့်တိုင် ရင်ထဲကြိတ်၍ ကြောက်နေသူဖြစ်ပြီး အများအားဖြင့် သူရဲကောင်းဟိန်ဟန်သုံးကာ ကြွားလုံးထုတ်နေသူဟုသာ သူ ထင်မြင်ထားခဲ့သည်။ ပိုင်ရှောင်ချန်းက ရက်စက်သောအသွင်ဖြင့် ပြုမူနိုင်သော်လည်း သူ့အသက်သူ အလွန်တရာတန်ဖိုးထားလွန်း၍ အန္တရာယ်များသော အရာတစ်ခုမှ လုပ်လိမ့်မည်မဟုတ်ဟုလည်း သူ ကောက်ချက်ချခဲ့သည်။

ထို့ကြောင့် ပိုင်ရှောင်ချန်း၏ ရုတ်တရက် ပြတ်သားသော လုပ်ဆောင်မှုက သူ့ကို အလွန်တရာ တုန်လှုပ်သွားစေသည်။

" မင်းဘာလုပ်နေလဲ သိလား ပိုင်ဟောက် "

သူက ကျယ်လောင်စွာ ပြောသည်။

ပိုင်ရှောင်ချန်းက သူ့ကို ပြန်ကြည့်ပြီး သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ အလောင်းတပ်သားများအားလုံး ရပ်သွားလေသည်။ သို့ထိတိုင် သူ၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍သာ ပြင်းထန်လာတော့သည်။

ချန်ဟောက်စုန့်၏ မျက်လုံးများ ဖြေးညင်းစွာ ကျဥ်းမြောင်းသွား၏။ သူ၏ ကျင့်ကြံခြင်းအခြေခံက ငွေရောင်ချပ်ဝတ်တန်ဆာအလောင်းတပ်သားများထက် အတော်လေး သာသည့်တိုင် သူ့ကို အဖွဲ့လိုက်ဝိုင်းထားကြသည့်အပြင် သူတို့အားလုံးမှာ မသေနိုင်သော ခန္ဓာကိုယ်များနှင့််အတူ ထူးခြားသော စွမ်းရည်များရှိကြောင်း သူသိသည်။ သို့ဖြစ်ရာ ပိုင်ရှောင်ချန်း၏ နတ်တစ်ပိုင်းအဆင့်အထွတ်အထိပ် အလောင်းတပ်သားကိုတော့ ပြောစရာပင်မလိုတော့ချေ။ အားလုံးပေါင်းလိုက်လျှင် သူကို အံ့မခန်းလိလိ တပ်ဖွဲ့ကြီးက တိုက်ခိုက်လာခြင်း ဖြစ်သည်။

ချန်ဟောက်စုန့်ကို ကြည့်လိုက်သည့် ပိုင်ရှောင်ချန်း၏ အမူအရာမှာ ရေခဲတမျှ အေးစက်နေသည်။ ထို့နောက် သူက ရှေ့တစ်လှမ်းလှမ်းလိုက်ပြီး ဒိုင်းကာထားသည့် နေရာကို ကျော်သည်ထိတိုင်အောင် လျှောက်သွားရာ ယခုတွင် ချန်မျိုးနွယ်စုထဲ ရောက်သွားလေပြီ။

" ဘုံဝါဒမူအရ လူတိုင်း တန်းတူညီမျှစွာ ဆက်ဆံခံရမယ်။ “

" မျိုးနွယ်စုရဲ့ မျိုးမစစ်ကလေးတွေ ဖြစ်ဖြစ်၊ ဆက်ခံသူဖြစ်ခွင့်မရှိတဲ့ တိုက်ရိုက်သွေးမျိုးဆက် အဖွဲ့ဝင်တွေပဲ ဖြစ်ဖြစ် အားလုံးပဲ သိသမျှ သတင်းအချက်အလက်တွေကို ငါ့ဆီ ပို့နိုင်တယ်။ ငါက မင်းတို့အတွက် မျိုးနွယ်စု ပစ္စည်းတွေရဲ့ မျှတတဲ့ဝေစုကို ရစေရမယ်လို့ အာမခံတယ်။ ဒါက မျှမျှတတ မှန်မှန်ကန်ကန်ပဲ ဖြစ်စေရမယ် “

" မင်းတို့ သူရဲဘောကြောင်နေပြီး ဒီအခွင့်အရေးကို အခွင့်ကောင်းမယူရင်၊ အဲဒီဆက်ခံသူလို့ခေါ်နေသူတွေကို ဝေစုအများကြီးပေးနေမယ်ဆိုရင်တော့ အဖြေက ရှင်းပါတယ်၊ မင်းတို့ ရတဲ့ေဝစုနည်းနည်းလေးတောင် မင်းတို့ဆီကနေ လုယူခံလာရမှာပဲ “

" အခုလောလောဆယ်မှာ မင်းတို့ထဲကတစ်ယောက်မှ ဘာဆိုဘာမှ လုပ်စရာမလိုဘူး။ မင်းတို့ မျိုးနွယ်စုအကြောင်း သိမျှအကုန် ငါ့ပြောပြရုံပဲ။ လျှို့ဝှက်ချက်တွေက ဘာလဲ။ ဘာရင်းမြစ်တွေရှိလဲ။ အရင်ရက်က တစ်ယောက်ယောက် ပေါ်လာသေးလား။ မင်းတို့လုပ်ရမှာ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငါ့ကို သတင်းတိတ်တိတ်လေး ပို့ပေးဖို့ပဲ “

" မကောင်းတဲ့အလုပ်မှန်သမျှ ငါလုပ်ပေးမယ် " ပိုင်ရှောင်ချန်းက တည်ငြိမ်စွာ ပြောနေသော်လည်း ကြီးမားသောစွမ်းအားကိုသုံးထားသည့်အတွက် ချန်မျိုးနွယ်စုရှိ လူတိုင်း ကြားနိုင်ကြလေသည်။ ချက်ချင်းပင် မျိုးနွယ်စုဝင်များစွာ၏ နှလုံးသားများ တဒိန်းဒိန်းခုန်လာတော့သည်။

လေထဲတွင် ရပ်နေသည့် ချန်ဟောက်စုန့်၏ မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာတစ်ခုကို မြင်နိုင်သည်။ သို့သော် သူက တော်ဝင်နန်းတော်ကို မော့ကြည့်လိုက်ပြီး မည်သည့် တုံ့ပြန်ချက်ကိုမှ မမြင်ရသောအခါ ယနေ့ဖြစ်ရပ်များကို မည်သူမှ ဝင်ရောက်စွက်ဖက်မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

ပိုင်ရှောင်ချန်းက စကားပြောပြီးနောက်တွင် စုဝေးနေသောလူအုပ်ကြီးထံသို့ စူးရှသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ သို့သော် ခြေလှမ်းအနည်းငယ်သာ လှမ်းပြီးနောက် သူက အေးစက်စက် အလင်းများတောက်ပနေသည့် မျက်ဝန်းများနှင့် ချန်မျိုးနွယ်စုကို ပြန်ကြည့်လိုက်သည်။

" ေဩာ် ဟုတ်သားပဲ၊ အခုလေးတင် မဟာကောင်းကင်သခင်ရဲ့ ဘုံဝါဒီကို မျက်နှာပြောင်တိုက် အာခံပြီး ငါ့ကို ဒီနေရာကနေ ထွက်သွားစမ်းလို့ ပြောတာ ဘယ်သူပါလိမ့် "

ချက်ချင်းပင် မျိုးနွယ်စုထဲရှိ မရေမတွက်နိုင်သော မျိုးမစစ်ကလေးများအားလုံး ထိုအဘိုးကြီးကို လှမ်းကြည့်လိုက်ကြသည်။ ချန်ရှုံးပင်လျှင် ထိုအဖွဲ့နှင့် ပူးပေါင်းလိုက်၏။

ထိုအဘိုးကြီး၏ မျက်နှာမှာ အိုစာသွားပြီး သူစကားတစ်ခွန်းမှ ခွန်းတုန့် မပြန်နိုင်မီ ပိုင်ရှောင်ချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

" သူ့ကို သတ် "

သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့် အလောင်းတပ်သား ၅၀၀၀လုံးက တစ်ဆက်တည်း တိုက်ခိုက်လိုက်ကြသည်။ စူးစူးဝါးဝါးအော်သံတစ်သံ ပဲ့တင်ထပ်သွားပြီး အဘိုးကြီးမှာ ခန္ဓာကိုယ်နှင့်တကွ ဝိညာဥ်ပါ ဇီဝိန်ချုပ်ခံလိုက်ရတော့သည်။ ချန်ဟောက်စုန့်၏ မျက်နှာမှာ အလွန်တင်းမာခက်ထန်နေသည့်အတွက် သံမဏိအလား မည်းမှောင်လုနီးပါးဖြစ်နေသည်။ အခြေအနေက မည်မျှ ပညာသားပါကြောင်း ထည့်တွက်လိုက်ရင်း ချန်ဟောက်စုန့်မှာ ပါးစပ်ပိတ်ကာ မျက်လုံးများမှေးလျက် ပိုင်ရှောင်ချန်း ထွက်ခွာသွားသည်ကို စူးစိုက်ကြည့်နေရုံမှတစ်ပါး အခြားရွေးစရာမရှိချေ။

All Chapters