သဲလွန်စ
Vol. 8 Ch. 795
ပိုင်ရှောင်ချန်းက ကောင်းကင်နယ်စားမျိုးနွယ်စုတိုင်းအား ထိုသို့ ပြုလုပ်နေရန် မလိုအပ်ပေ။ သူလုပ်ရမည်မှာ သူ၏အကြမ်းဖျင်း ရပ်တည်ချက်ကို ပြသရုံသာဖြစ်သည်။ အခြားကောင်းကင်နယ်စားများ၏ ကလေးများက ဖြစ်ပျက်ခဲ့သော အခြင်းအရာ၏ရည်ရွယ်ချက်ကို ချက်ချင်း စဥ်းစားကြမည်ဖြစ်ပြီး ကောင်းကင်မြို့စားမျိုးနွယ်စုများရှိ ကလေးများမှာမူ ပြောစရာပင် မလိုတော့ပေ။
သူလုပ်ခဲ့သော အရာကား လုံလောက်လေပြီ။
အမှန်တွင် သူ ချန်မျိုးနွယ်စုထံမှ ထွက်ခွာခဲ့သည့်နေ့မှစ၍ လွန်ခဲ့သည့် လဝက်အတောအတွင်း ရခဲ့သည်ထက် များစွာပိုသော သတင်းများကို ရရှိလိုက်သည်။
အချို့သော သတင်းများက စစ်မှန်ပြီး တချို့ကတော့ မဟုတ်ပေ။ မျိုးနွယ်စုအမျိုးမျိုး၏ ပစ္စည်းဥစ္စာများနှင့် ပတ်သက်သည့် သတင်းများကိုမူ ပိုင်ရှောင်ချန်း ကြည့်ရုံသာ ကြည့်သည်။ သူ ပို၍ စိတ်ဝင်စားသော အရာမှာ မကြာသေးမီက မျိုးနွယ်စုထဲတွင် ပေါ်ပေါက်လာခဲ့သည့် မူမမှန်သော ဖြစ်ရပ်များနှင့်ပတ်သက်သည့် သတင်းများ ဖြစ်သည်။
ဤရက်ပိုင်းအတောအတွင်း သတင်းများ အဆက်မပြတ်ဝင်လာနေ၍ ပိုင်ရှောင်ချန်းမှာ သဲလွန်စများရှာဖွေရာတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်နေတော့သည်။ ဘုံဝါဒကြောင့် ကောင်းကင်နယ်စားမျိုးနွယ်စုများ၏ နောက်ကွယ်တွင် အကြောင်းကိစ္စများစွာ ဖြစ်ပျက်နေ၏။
မုန်တိုင်းက ကောင်းကင်မြို့စားမျိုးနွယ်စုများ မထိန်းချုပ်နိုင်တော့သည်အထိ ပြင်းထန်လာပြီး နောက်ဆုံး...... ကောင်းကင်ဘုရင်လေးဦးသည်လည်း ထိခိုက်လာတော့သည်။
စစ်အောင်ဘုရင်မှာ ကလေးအနည်းငယ်သာ ရှိသောကြောင့် သက်သက်သာသာ လွတ်သွားလေသည်။ စစ်အောင်ဘုရင်ငယ်အပြင် သူ့၌ ကလေးငါးယောက်သာရှိပြီး ပြင်းထန်သောမည်သည့် နည်းလမ်းမှ အသုံးမပြုလိုက်ရဘဲ သူ့တို့ကို ထိန်းချုပ်မှုအောက်တွင် ရှိစေလိုက်သည်။
သရဲကြီးဘုရင်ကတော့ ဘာမှမထိခိုက်သလောက်ပင်။ သူ၏ တစ်ဦးတည်းသောသမီး၊ သခင်မလေးဟုန်ချိန်မှာ မည်သို့ ဖြစ်ပျက်နေသည်လဲပင် မသိပေ။ သူမက ဘိုးဘေးပူေဇာ်ပွဲပြီးနောက် သူမအဖေ တိုက်တွန်းခဲ့သော တံခါးပိတ်ကျင့်ကြံအားထုတ်ခြင်းမှာ ယခုထက်ထိ မပြီးဆုံးသေးပေ။
သို့သော် သောကကင်းဝေးကိုးသွယ်ဘုရင်မှာတော့ အလွန်အဆင်မပြေပေ။ သူ့မှာ ကလေးတစ်ရာကျော်ရှိပြီး အကုန်လုံးမှာ အခြေအနေများနှင့်ပတ်သက်၍ စိတ်လှုပ်ရှားသွားကြပြီး ချက်ချင်းပင် မဟာကောင်းကင်သခင်နှင့် ပိုင်ရှောင်ချန်းဘက်တွင် ရပ်တည်ကြလေသည်။ ကျိုးဟုန်မှာ ငိုချင်နေတော့သည်။ သူက နောက်ဆုံးတွင် ဘုရင့်နေရာကို ဆက်ခံချင်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံကို လိုအပ်သည်မဟုတ်ပါလော။ ထို့ပြင် ထိုသို့လုပ်နိုင်ရန် တစ်ခုတည်းသော မျှော်လင့်ချက်မှာ မျိုးနွယ်စုမှ စုဆောင်းထားခဲ့သည့် ရင်းမြစ်များအားလုံးကို အသုံးပြုခြင်းသာ ဖြစ်သည်။ သို့သော် ယခုတွင် သူ၏ မျှော်လင့်ချက်များ ရိုက်ချိုးခံလိုက်ရလေပြီ။ ထို့ကြောင့် သူက ပိုင်ရှောင်ချန်းကို ယခင်ကထက်ပင် ခါးခါးသီးသီး စက်ဆုပ်မုန်းတီးလာတော့သည်။
သောကကင်းဝေးကိုးသွယ်ဘုရင်မှာ ထိုကိစ္စများနှင့်ပတ်သက်၍ အတော်လေး သောကရောက်နေသည်။ သူ့တွင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံရှိသည်ကို စဥ်းစားလိုက်လျှင် သူက ၄င်းကို သိပ်အာရုံမထားသော်လည်း သူ၏ကလေးများကြား ဆူညံခြင်း၊တိုက်ခိုက်ခြင်းများက သူ့အတွက် ခေါင်းခဲစရာကြီးတစ်ခု ဖြစ်လာတော့သည်။ သို့သော် သူ့အနေဖြင့် မြေရိုင်းဒေသ၏ ကျော်ကြားသော ဝိညာဥ်ခရီးဘုရင်အကြောင်း တွေးလိုက်ရုံသာဖြစ်ပြီး ရုတ်ခြည်းပင် သူ၏ စိုးရိမ်သောကများမှာ ပမွှားလေးသာ ဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။
ဝိညာဥ်ခရီးဘုရင်မှာ ... အားလုံးအထဲ အရူးချင်ဆုံးလူပင်။
လောလောဆယ်တွင် သူက အလွန်ကျယ်လောင်စွာ အော်ဟစ်နေသည့်အတွက် သူ့အသံမှာ ဝိညာဥ်ခရီးခန်းမမှ ပဲ့တင်ထပ်၍ မြို့တော် တစ်ခုလုံး ပြည့်နှက်သွားတော့သည်။
" ခွေးမသား ပိုင်ဟောက်။ အဲဒီခွေးကောင်က တော်တော်ယုတ်မာတာပဲ။ ငါက သူနဲ့ ရွှီရှန်ကို ခွဲရုံလေးပဲရှိတာ ဟုတ်တယ်မလား။ အာကွာ၊ ငါ အဲဒီလောက်ဆိုးဆိုးဝါးဝါးကြီး ဘာမှမလုပ်ခဲ့ပဲနဲ့။ ဘာလဲ..... ငါက ငါ့သမီးအရင်းကို ကာကွယ်ဖို့တောင် အခွင့်အရေး မရှိဘူးလား။ ဒီကောင် လက်စားချေတာက ငါ့ကို အဓိက ပစ်မှတ်ထားနေတာပဲ "
သူသည် ဒေါသထွက်လွန်း၍ အသားများပင် တဆတ်ဆတ် တုန်နေပြီး သူ့မှာ ကလေးမည်မျှရှိကြောင်း တွေးမိလေလေ အကြီးအကျယ်နောင်တရကာ ပေါက်ကွဲလေလေ ဖြစ်နေတော့သည်။
သူ့မှာ သားသမီးအလွန်များသည်။ သားချည်း ထည့်တွက်လျှင် သုံးထောင်ကျော်ရှိသည်။ ထို့နောက် သမီးများကို ထည့်ပေါင်းလိုက်ပါက အကြမ်းဖျင်း ထို့ထက် နှစ်ဆခန့် ရှိသည်။ တကယ်တမ်းပြောရလျှင် သူကိုယ်တိုင်ပင် သူ့မှာ သားသမီးဘယ်လောက်များများ ရှိသည်ဆိုတာကိုပင် အတိအကျမသိပေ။
သူ့သက်စောင့်ပစ္စည်းများကို ကလေး ၆၀၀၀ခန့်အား ဝေမျှပေးရမည့် အတွေးမှာ အလွန်တရာ ဒေါသထွက် ၊ စိတ်ပျက်စရာကောင်းလှသဖြင့် သူ၏ နတ်ဘုရားတစ်ပိုင်း ကျင့်ကြံခြင်းအခြေခံပင်လျှင် သူ့ကို တည်ငြိမ်အောင် လုပ်နိုင်စွမ်းမရှိတော့ပေ။ သူ၏ ကလေးပေါင်းသောင်းခြောက်ထောင်မှာတော့ ဘုံဝါဒကြေညာချက် ကြောင့် အလွန့်အလွန် စိတ်လှုပ်ရှားနေကြလေသည်။
ထို့ပြင် သူတို့အားလုံးက မဟာကောင်းကင်သခင်နှင့် ပိုင်ရှောင်ချန်းဘက်တွင် ရပ်တည်နေသည့်အချက်က အလွန်ကြီးကျယ်လှသည်။ ဝိညာဥ်ခရီးဘုရင်သာ ကြေညာချက်ကို ဖီဆန်ပါက သူ၏ကလေးများအားလုံး ပူးပေါင်းပြီး သူ့ကို အမှန်တကယ် တိုက်ခိုက်နိုင်သည် မဟုတ်ပါလော။
ဝိညာဥ်ခရီးမြို့တော်မှာ ဘုရင့်သားသမီးများက ရင်းမြစ်များကို ခွဲခြမ်းယူငင်ရန်စိုင်းပြင်းနေသဖြင့် အုတ်အော်သောင်းနင်းဖြစ်နေပြီ ဖြစ်သည်။
ဝိညာဥ်ခရီးဘုရင်မှာ ရွေးချယ်စရာမရှိပေ။ သူ၏ ကိုယ်ပိုင်မျိုးနွယ်စု ပစ္စည်းများကို ထိန်းသိမ်းရန် သူ့ကလေးများအားလုံးကိုလည်း မသတ်နိုင်သည်ဖြစ်ရာ ဗဟိုဧကရာဇ်မြို့တော်ရှိရာဘက်သို့ သုန်မှုန်စွာသာ စိုက်ကြည့်နိုင်တော့သည်။
" ဒီကောင် ပိုင်ဟောက်၊ ဒါ သက်သက် လုပ်တာ "
အားလုံးအထဲ ဒေါသအထွက်ဆုံးမှာ ပိုင်ရှောင်ချန်းအပေါ် မုန်းတီးမှုများ မိုးထိအောင် မြင့်တက်နေလျက် နီရဲနေသော မျက်လုံးများနှင့် အံတင်းတင်းကြိတ်ကာ ထိုင်နေသည့် ဝိညာဥ်ခရီးမြို့တော်၏ တရားဝင်ဆက်ခံသူအလောင်းအလျာ ဖြစ်သည်။
ရွှီရှန်က သူမ၏ ခုတင်ပေါ်တွင် လဲလျောင်းနေရင်းမှ ဟိုဧကရာဇ်မြို့တော်ရှိရာသို့ စိုက်ကြည့်ကာ အဆက်မပြတ် သက်ပြင်းချနေလေသည်။ ပိုင်ဟောက်နှင့် ပတ်သက်၍ မူမမှန်သော အရာတစ်ခုခု ဖြစ်ပျက်နေလားဆိုသည်ကို သူမ စိတ်ပူနေမိသည်။ သူမက တကယ့်ကိုပင် သူ့ကို ရှာပြီး ထိုအကြောင်း ရှင်းပြလိုက်ချင်သော်လည်း သူမအဖေက သူမကို လုံးဝအကျယ်ချုပ်ချထားသည်ဖြစ်ရာ မြို့တော်မှ ထွက်ခွာရန် မဖြစ်နိုင်ပေ။
ချင်းမေ့ယွမ်မှာတော့ မဟာကောင်းကင်သခင်၏ အမိန့်များအရ တံခါးပိတ်ကျင့်ကြံနေရဆဲ။
ကောင်းကင်ဘုရင်လေးဦးက အခြေအနေများကို နည်းလမ်းအသွယ်သွယ်ဖြင့် ရင်ဆိုင်နေကြစဥ် ပိုင်ရှောင်ချန်းက သူလိုအပ်သည့် သဲလွန်စကို ကောက်ရိုးပုံထဲ အပ်ရှာသကဲ့သို့ ကြိုးစားရှာဖွေရင်း သတင်းအချက်အလက်များစွာကို စစ်ထုတ်နေလေသည်။
" မြောင်လင်းအာ ပျောက်နေတယ်။ သူ့ မျိုးနွယ်စုမှာ လောကဓာတ်အောက်လမ်းဆရာတစ်ယောက် ရှိခဲ့ဖူးတယ်။ သူ့ မျိုးနွယ်စုတစ်ခုလုံး ပျောက်နေတယ် "
ရုတ်တရက် သူ၏ သတ်ဖြတ်လိုစိတ်များ တောက်လောင်လာသော်လည်း သူက အလျင်အမြန် ဖိနှိပ်လိုက်သည်။ ယခုအချိန်က စိတ်လိုက်မာန်ပါ လုပ်ရမည့် အချိန်မဟုတ်ပေ။
အကျိုးအကြောင်း သေချာခိုင်လုံသည့်အချိန်မှသာ လှုပ်ရှားနိုင်မည် ဖြစ်သည်။ ထိုသည်မှာ ပိုင်ဟောက်ကို ကယ်ရန် သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပေသည်။
သူ လှုပ်ရှားမှုပြုလိုက်ပြီး မအောင်မြင်ခဲ့လျှင်တော့ သူ၏ရန်သူများသည် ယခင်ကထက်ပို၍ သတိရှိသွားကြမည်ဖြစ်၍ သူတို့ကို ခြေရာခံရန် မဖြစ်နိုင်သလောက် ဖြစ်သွားပေမည်။
" ငါ့မှာ အခွင့်အရေးတစ်ခုပဲ ရှိမယ်။ သဲလွန်စမလုံလောက်သေးတာပဲ ရှိတာ။ ဒါပေမဲ့ မြောင်မျိုးနွယ်စု ဘယ်သွားလဲ ရှာဖို့ လိုတယ် "
ထိုအတွေးများ သူ့ခေါင်းထဲ ပေါ်လာသည်နှင့် သူက ကျိုးရီရှင်းကို စာတစ်စောင်ပေးပို့လိုက်ကာ မြောင်မျိုးနွယ်စုကျင့်ကြံသူများကို ရှာခိုင်းလိုက်ပြီး ရှာတွေ့သည့်လူများကို ဘာမှမလုပ်ဘဲ မျက်စိဒေါက်ထောက်ကြည့်ထားရန် အမိန့်ပေးလိုက်သည်။
" ငါ သွားထိလို့မရတာက ကောင်းကင်ဘုရင် လေးဦးပဲရှိတာ။ အဲဒီနေ့က ဘယ်သူ လုပ်ခဲ့တာလဲ။ ငါ ရှာတွေ့တာနဲ့ ပိုင်ဟောက် ဘယ်မှာလဲဆိုတာ သိဖို့ ငါ့စုထားတဲ့ သတင်းတွေအားလုံးကို အသုံးပြုနိုင်ပြီ "
သူက သိသာစွာပင်ပန်းနွမ်းနယ်နေသော်လည်း သူ့ရင်ထဲတွင် ပြင်းထန်သော ဒေါသမီးများ တောက်လောင်နေဆဲ။
သူ တစ်လလုံးမနားခဲ့ရ၍ သူ၏ အာရုံကြောများ တင်းနေလေပြီ။ သို့သော် သူက ကောင်းကင်ဘုရင်၏ ကလေးများထံ ရောက်ရန် စစ်ဆေးရေးစံအိမ်၏ ရင်းမြစ်များအား သုံးရင်း ဆက်လက်လုပ်ကိုင်နေလျက်ရှိသည်။
သူတို့အတွက် သူ၏ညွှန်ကြားချက်များမှာ သုံးရက်အတွင်း စစ်ဆေးရေးစံအိမ်ကို လူကိုယ်တိုင်အရောက်လာရန်ဖြစ်ပြီး သို့မှသာလျှင် ဘုံဝါဒအကြောင်း သူကိုယ်တိုင် သူတို့ကို ဟောပြောပြနိုင်မည်ဖြစ်သည်။
အမှန်တွင် မဟာကောင်းကင်သခင်ထံမှ အမိန့်မဟုတ်သည့်အတွက် ဆက်ခံသူလောင်းလျာများသည် ၄င်းကို ဥပေက္ခါ ပြုထားနိုင်ကြောင်း ပိုင်ရှောင်ချန်း သိသည်။ သို့သော် ထိုအကြောင်းကိုသော်လည်းကောင်း၊ သူတို့ သူ့ကို မည်မျှမုန်းတီးသည်ကိုလည်းကောင်း သူ ဂရုမစိုက်ပေ။
သူက အမွေဆက်ခံခွင့်မရှိသည့် ကလေးဘယ်လောက်များများ ရောက်လာမည်ကို မြင်ချင်နေသည်။ ထိုလူများက ကောင်းကင်ဘုရင်များ၏ နန်းတော်အတွင်းရှိ သူ၏ မျက်စိနှင့် နားများ ဖြစ်လာမည် ဖြစ်သည်။
သရဲကြီးဘုရင်က ထိုစာကို လျစ်လျူရှုလိုက်ပြီး စစ်အောင်ဘုရင်နှင့် သူ့ကလေးများသည်လည်း ထိုနည်းတူပင်။ သို့သော် သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် ဝိညာဥ်ခရီးဘုရင်၏ ကလေးများမှာ စစ်ဆေးရေးစံအိမ်တွင် ပိုင်ရှောင်ချန်းနှင့် တွေ့ဆုံရန် သူတို့၏ မြို့တော်အသီးသီးရှိ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်များထံ စိတ်လှုပ်တရှား အပြေးအလွှားသွားလိုက်ကြသည်။
ချိန်းဆိုထားသည့်နေ့တွင် ပိုင်ရှောင်ချန်းက သူ၏သီးသန့်အခန်းထဲမှ ထွက်လာသောအခါ သူ့ကို စောင့်နေကြသည့်လူများ၏ အံသြတုန်လှုပ်ဖွယ် အရေအတွက်ကို တွေ့လိုက်ရလေသည်။ ထိုမျှသာမက ၉၇ ရာခိုင်နှုန်းမှာ ဝိညာဥ်ခရီးမြို့တော်မှ ဖြစ်နေသည့်အချက်က သူ့ကို ကြက်သေသေသွားစေသည်။
ထိုတော်ဝင်ကလေးများက သူ့ကို မြင်သည်နှင့် တစ်ပြိုင်နက် လက်များယှက်၍ စိတ်အားထက်သန်စွာ အရိုအသေပေးလိုက်ကြသည်။
" စစ်ဆေးရေးအရာရှိမင်းအား ဂါဝရပြုပါတယ်"
" ခင်ဗျားက ကျွန်တော့်ရဲ့ အစစ်အမှန် သူရဲကောင်းပါပဲ စစ်ဆေးရေးအရာရှိမင်းခင်ဗျား။ ဘုံဝါဒက ဗဟိုဧကရာဇ်နိုင်ငံတော်ရဲ့ ရွှေရောင်လွှမ်းတဲ့ခေတ် လာနေပြီဆိုတဲ့ အမှတ်အသားတစ်ခါပါပဲ "
ထိုသို့သော စကားလုံးများ ရှိသမျှလူများထောင်ကျော်၏ ပါးစပ်များမှ ကြားလိုက်ရသည်။ တုံ့ပြန်သည့်အနေဖြင့် ပိုင်ရှောင်ချန်းက မဆိုစလောက် ခေါင်းညိတ်ပြလိုက်သည်။ ထိုသို့သော အလ္လာပသလ္လာပများကို ပြောရန် သူစိတ်မပါပေ။ လူအုပ်ကြီးကို လှမ်းကြည့်ရင်း သူက ခပ်သြသြအသံဖြင့် ပြောသည်။
" ဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့၊ ဗဟိုဧကရာဇ်ဟာ ဒီနေ့ကစပြီး မဟာကောင်းကင်သခင်ကနေစလို့ တော်ဝင်မင်းမှုထမ်းတွေအထိ လူတိုင်းမှာ ဆက်ခံသူလောင်းလျာတစ်ယောက်တည်း မရှိတော့ဘူးလို့ အမိန့်ထုတ်ပြန်ခဲ့တယ် “
" အခု လူတိုင်းမှာ နတ်ဘုရားတစ်ပိုင်းကျင့်ကြံခြင်းအခြေခံ မရှိရင်တောင်မှ ဘုရင့်နေရာကို ရရှိဖို့ အခွင့်အရေးရှိလိမ့်မယ်။ ဘုံဝါဒရဲ့ ပြဋ္ဌာန်းချက်တွေအရ မင်းတို့အားလုံးမှာ အခု ဆက်ခံသူအလောင်းအလျာဖြစ်လာဖို့ တန်းတူညီမျှတဲ့ အခြေအနေကနေ စဖို့ အခွင့်အရေးရှိပြီ။ “
" ဒါပေမဲ့ ဒါ ဘယ်လောက် တရားမျှတမယ်ဆိုတာကတော့ မင်းတို့ရဲ့ မျိုးနွယ်စုအပေါ် မင်းတို့ဘယ်လောက် နားလည်လဲဆိုတဲ့အရာမှာ မူတည်တယ်။ သူတို့အကြောင်း မင်းတို့သိသမျှအားလုံး ငါ့ကိုပြောပြ။ ငါ အချက်အလက်များများရလေလေ မင်းတို့အားလုံး ပျော်ရွှင်ရအောင် လုပ်ပေးနိုင်လေလေပဲ “
" အခုအချိန် ငါ့မှာ မျိုးမစစ်ကလေးတွေနဲ့ တရားဝင်ဆက်ခံခွင့် မရှိတဲ့ တိုက်ရိုက်သွေးမျိုးဆက်တွေ ပို့ပေးတဲ့ ကောင်းကင်မြို့စား မျိုးနွယ်စုတွေ၊ ကောင်းကင်နယ်စားမျိုးနွယ်စုတွေဆီက သတင်းအချက်အလက်တွေ လုံလုံလောက်လောက် ရှိနေပြီ ။ ငါ အခု သတင်းတွေရဖို့ လိုအပ်တဲ့ လူတွေကတော့ မင်းတို့ပဲ "
ရှိသမျှ လူတိုင်းသည် ဖြစ်ပျက်နေခဲ့သော အရာများနှင့် အကြမ်းဖျင်း ရင်းနှီးခဲ့ပြီးဖြစ်သောကြောင့် သူ၏စကားလုံးကို က္ကန္ဒြေမပျက် နားထောင်ကြလေသည်။ အမှန်တွင် အကုန်လုံးက အလွန်ကျေးဇူးတင်နေကြသည်။
သူတို့က သူ့ဆီ သတင်းများ လျှို့ဝှက်စွာပေးပို့ပြီး သူက ညစ်ပတ်သောအလုပ်များလုပ်မည့် အစီအစဥ်ကို ထောက်ခံရန်မှာ သူတို့အတွက် သာမန်သာဖြစ်သည်။ မျိုးနွယ်စုပစ္စည်းများနှင့် ပတ်သက်လျှင် ထိုကိစ္စများမှာ ပုံမှန်အားဖြင့် အပြင်လူများထံ ပေးပို့၍ ရမည်မဟုတ်ပေ။ သို့သော် သူက ကောင်းကင်နယ်စားမျိုးနွယ်စုများနှင့် တူညီသောကိစ္စကို ဆောင်ရွက်ပြီးဖြစ်ပြီး ဘယ်သူ့အပေါ်မှ အန္တရာယ်မကျရောက်ခဲ့ပေ။ နတ်ဘုရားတစ်ပိုင်းမျိုးနွယ်စုများနှင့် ပတ်သက်လျှင် လျှို့ဝှက်အချက်အလက်များကို ဖော်ထုတ်၍ မျိုးနွယ်စုကို သစ္စာဖောက်လျှင်တောင်မှ ဘယ်သူမှ သူတို့၏ ကလေးများကို အပြစ်ပေးမည်မဟုတ်ပေ။
ဆက်ခံသူအလောင်းအလျာများ မဟုတ်လျှင်တောင်မှ သူတို့ကိုယ်ထဲတွင် ကောင်းကင်ဘုရင်များ၏ သွေးများစီးဆင်းနေသည် မဟုတ်ပါလော။ ပြောရလျှင် သူတို့က မည်သည့်လက်တုံ့ပြန်ခြင်းကိုမှ ကြောက်ရွံ့စရာမလိုဘဲ အလိုရှိသလို လုပ်နိုင်မည်ဖြစ်သည်။ သို့နှင့် လူတိုင်း စစ်ဆေးရေးစံအိမ်မှ ထွက်ခွာသွားသည့်နေ့မှာပင် ပိုင်ရှောင်ချန်းထံ သတင်းများ ရောက်လာကြတော့သည်။
ယခုအချိန်တွင် ပိုင်ရှောင်ချန်း၌ ဗဟိုဧကရာဇ်တစ်မြို့တော်လုံး ဖြန့်ကျက်နေသည့် သတင်းကွန်ရက်တစ်ခု ရှိနေလေပြီ။ အစီရင်ခံစာများက အချိန်တိုင်းဆိုသလို ဝင်ရောက်လာ၏။ သာမန်လူများပင် အကုန်လုံးနီးပါးနှင့်ပတ်သက်သည့် သတင်းများပေးပို့ရင်း ပူးပေါင်းလာကြသည်။
ပိုင်ရှောင်ချန်းမှာ ယခုထက်ပို၍ အလုပ်မရှုပ်နိုင်တော့ပေ။ နောက်ဆုံးတွင် ငါးရက်ကုန်လွန်သွားပြီးနောက် သူက ရုတ်တရက် မော့လိုက်ပြီး သူ့လက်က ကျောက်စိမ်းပေလွှာကို အလွန်တင်းကြပ်စွာ ဆုပ်ကိုင်ထားသဖြင့် ၄င်းမှာ ကျိုးကြေလုမတတ် ဖြစ်နေတော့သည်။ ထိုအချိန်တွင် သူ့မျက်လုံးထဲရှိ သတ်ဖြတ်လိုစိတ်များမှာ လုံးဝရူးသွပ်ခြင်းများနှင့် တောက်လောင်နေလေပြီ။
အပိုင်းအစများအားလုံး နေရာတကျဖြစ်ရန် သူလိုအပ်နေသည့် သဲလွန်စကို ရှာတွေ့ပြီ ဖြစ်သည်။ ပိုင်ဟောက်၏ပျောက်ဆုံးမှုကို ဝန်းရံထားသည့် ပိတ်ဖုံးနေသော မြူများ ပျောက်ကွယ်သွားလေပြီ။
" သူတို့ရဲ့ မျိုးနွယ်စုမှာ လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ရှိတယ်… မျိုးနွယ်စု ၁၃စုက အတူပူးပေါင်းလုပ်ဆောင်နေကြတယ်….. သောကကင်းဝေးကိုးသွယ်ဘုရင်.... ေမြာင်လင်းအာရဲ့ အဘိုး..... အဲဒီ မျိုးနွယ်စု ၁၃စုထဲကတစ်ခုမှာ သူပုန်းနေတာပဲ ဖြစ်ရမယ် "
သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လောင်နေလျက် သူက ကျောက်စိမ်းပေလွှာကို ငုံ့ကြည့်လိုက်ပြီး ကောင်းကင်မြို့စားကျိုး၏ ကလေးတစ်ယောက်ထံမှ စာတစ်စောင်ကို တွေ့လိုက်သည်။
" ကျွန်တော်တို့ရဲ့ မျိုးနွယ်စုမှာ ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့ ကောင်းကင်အောက်လမ်းဆရာတစ်ယောက်ကို တွေ့တယ်။ သူက သိပ်ထူးဆန်းတယ်ဗျ။ ပြောကြတာတော့ မှော်ပစ္စည်းတချို့ပေါ်မှာ စိတ်စွမ်းအင်အဆင့်မြှင့်တင်ဖို့ တံခါးပိတ်ကျင့်နေတာတဲ့။ အဲဒါက အမှန်လို့ ကျွန်တော် မထင်ဘူးဗျ "
ပိုင်ရှောင်ချန်းက နောက်တစ်ဖန် ခေါင်းမော့လိုက်ပြန်သည်။ သူ၏ မျက်လုံးများမှာ ကြက်သွေးရောင်လွှမ်းနေလေပြီ။
" ဒါ ငါလိုချင်တာပဲ "