← Chapters

ကျိုးမျိုးနွယ်စုကို တိုက်ခိုက်ခြင်း

Vol. 8 Ch. 796

ကျိုးမျိုးနွယ်စုကို တိုက်ခိုက်ခြင်း

Vol. 8 Ch. 796

" ကျိုးဝူတောက် "

ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲမှ အေးစက်မှုများကြောင့် ထိုလျှို့ဝှက်အခန်းတစ်ခန်းလုံးမှာ ဆောင်တွင်း ရောက်သွားသည့်အလား အေးစိမ့်သွားရတော့သည်။

သူသည် ပိုင်ဟောက်ပျောက်သွားရသည့် အကြောင်းပြချက်ကို နားမလည်ခဲ့ပါသော်လည်း ယခုတွင်မူ အကြမ်းဖျင်း သိနေပြီဖြစ်သည်။ မြောင်လင်းအာ၏ မျိုးနွယ်စုရှိ ကောင်းကင်အောက်လမ်းဆရာ အဆင့်၏ ထိပ်ဆုံးသို့ရောက်နေပြီဖြစ်သည့် ခေါင်းဆောင်ကြီးတစ်ယောက်မှာ ပိုင်ဟောက်၏ ဝိညာဥ်အား မီးတောက်ဖန်တီးရာတွင် အသုံးပြုပြီး ဖောက်ထွက်မှုပြုလုပ်နိုင်ရန် ကြိုးပမ်းနေသည်။

သူသည် ပိုင်ရှောင်ချန်းကို ကြောက်ရွံ့သဖြင့် အခြားသော မျိုးနွယ်စု ဆယ့်သုံးခုနှင့် မဟာမိတ်ဖွဲ့ခဲ့ပြီး သောကကင်းဝေးကိုးသွယ်ဘုရင်၏ အကူအညီကိုပါ ရယူနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့သည် ယခင်လက ပိုင်ဟောက်အား သက်သေအထောက်အထား တစ်ခုလေးပင် မကျန်စေခဲ့ပဲ ဖမ်းဆီးနိုင်ခဲ့သည်။

ထို့နောက် မြောင်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးမှာ ထိုမျိုးနွယ်စုများထဲမှ မည်သူမှ မရှာနိုင်လောက်မည့် တစ်ခုထဲတွင် သွား၍ပုန်းနေခဲ့သည်။ ဗဟိုဧကရာဇ်မင်းဆက်၏ ကောင်းကင်မြို့စားများထဲတွင် ကျိုးဝူတောက်သည် စွမ်းအားအကြီးဆုံး ထိပ်ဆုံးဆယ်ယောက်ထဲတွင် မပါဝင်သလို အစွမ်းနိမ့်ဆုံး ဆယ်ယောက်ထဲတွင်လည်း မပါဝင်ပေ။ သူသည် အလယ်အလတ်အဆင့်ဝန်းကျင်တွင်သာ ရှိသည်။ သူသည် လူသိမများသော လူတစ်ယောက်ဖြစ်၍ အခြားလူများနှင့်လည်း ဆက်ဆံမှုများစွာ မရှိပေ။ သူသည် သာမန်ဆိုလျှင် ဆိတ်ငြိမ်နေတတ်သည့် လူစားမျိုးဖြစ်သည်။

သူသည် ခုံရုံးတွင်လည်း အချိန်အားလုံးနီးပါး စကားပြောလေ့မရှိသောသူ ဖြစ်သည်။ အကယ်၍ မဖြစ်မနေပြောရမည်ဆိုပါကလည်း အများစုနှင့် ရေလိုက်ငါးလိုက်သာ ပြောဆိုနေကျဖြစ်သည်။ သူသည် အလွန်အနေအထိုင် သိုသိပ်လွန်းလှသဖြင့် လူများစွာမှာ သူ၏ ဖြစ်တည်မှုကိုပင် မေ့သွားကြပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ဘုံဝါဒကြေညာချက် မတိုင်ခင်အထိ သူ့အကြောင်းမကြားခဲ့ဖူးပေ။ သို့သော် ကျိုးဝူတောက်၏ မျိုးမစစ်သားတစ်ယောက်မှာ ထိုအရေးကြီးသတင်းအား ပိုင်ရှောင်ချန်းဆီသို့ လျှို့ဝှက်စွာ ပေးပို့ခဲ့သည်။ ပိုင်ဟောက်က ထိုမျိုးနွယ်စုတွင် ရောက်နေလိမ့်မည်ဟု ပိုင်ရှောင်ချန်းမှာ လုံးဝ မထင်ထားမိပေ။

ကျိုးဝူတောက်၏ မျိုးနွယ်စုမှာ မြောင်မျိုးနွယ်စုကို ကူညီပေးခဲ့သည့် မျိုးနွယ်စုဆယ့်သုံးခုထဲမှ တစ်ခုဖြစ်သည်။ အခြား မျိုးနွယ်စု ဆယ့်နှစ်ခုနှင့် ပတ်သက်၍မူ ပိုင်ရှောင်ချန်းမှာ မည်သည့်သဲလွန်စမှ မရသေးပေ။

သို့သော် သူသည် ထိုသတင်းအချက်အလက်များကို စိတ်ထဲသိပ်မထားပေ။ လွန်ခဲ့သည့် တစ်လလုံး သူက ပိုင်ဟောက်ကို ရှာတွေ့ရန် အာရုံစူးစိုက်နေခဲ့သည်သာဖြစ်သည်။

သူတွေးတောချင့်ချိန်မိသလောက်ဆိုလျှင် ဤအကြောင်းအရာအား မဟာကောင်းကင်သခင်ထံသို့ အကြောင်းပြန်ရန် လုံးဝဆန္ဒမရှိပေ။

ဤကိစ္စမှာ အရေးကြီးလွန်းလှသဖြင့် မဟာကောင်းကင်သခင်မှာ သူ၏လှုပ်ရှားမှုအား ပိတ်ပင်လိုက်မည်ကို မလိုလားပေ။ သတင်းများသာ ပေါက်ကြားသွားပြီး ရန်သူများက သတိထားမိသွားပါက ပိုင်ဟောက်ကို ထပ်၍ ခြေရာခံနိုင်ရန်မှာ မဖြစ်နိုင်လုနီးပါး ဖြစ်သွားတော့မည်သာ ဖြစ်သည်။

အသက်တမျှ အရေးကြီးနေသော အခြေအနေတွင်မူ သူ အလောင်းအစား မလုပ်ရဲတော့ပေ။

သူသည် မတ်တတ်ထရပ်လိုက်သောအခါ သတ်ဖြတ်လိုသော အငွေ့အသက်များ ပို၍ အားပြင်းလာတော့သည်။ ပြီးခဲ့သည့် တစ်လလုံး သူမျိုသိပ်ထားခဲ့ရသည့် ဒေါသများကို ဖွင့်ထုတ်ရန် အချိန်ကျလာပြီဖြစ်သည်။ သတ်ရဖြတ်ရတော့မည့် အချိန်ရောက်လာပြီဖြစ်သည်။

သူက လုံးဝတွေမနေပဲ ကျိုးရီရှင်းအား တိကျသေချာသည့် ညွှန်ကြားချက်အချို့ပါဝင်သော သတင်းတစ်ခုလှမ်းပို့လိုက်သည်။ ထို့နောက် သူသည် အပြင်သို့ထွက်သွားပြီး စစ်ဆေးရေးစံအိမ် အထက်ရှိ လေပေါ်သို့ ပျံတက်သွားသည်။ ထို့နောက် သူ၏အင်္ကျီလက်ကို ဝှေ့ယမ်း၍ နတ်ဘုရားအာရုံအနည်းငယ်ကို ထုတ်လွှတ်လိုက်ပြီး ကျိုးဝူတောက်၏ မျိုးနွယ်စု ရှိရာနေရာသို့ အမြန်ဆုံး ဦးတည်သွားတော့သည်။

တချိန်ထဲမှာပင် မရေမတွက်နိုင်သော အလောင်းတပ်သားများစွာမှာလည်း လေပေါ်ပျံတက်လာကြပြီး သူ့နောက်သို့ လိုက်သွားကြသည်။ ယခုအခေါက်တွင် သူသည် တပ်သား ငါးထောင်အပြည့်မခေါ်ပဲ လေးထောင်ကိုသာ ခေါ်သွားခဲ့သည်။

ကျန်သော တပ်သားတစ်ထောင်မှာမူ ကျိုးရီရှင်း အခြားသောကိစ္စများကို ဖြေရှင်းနိုင်ရန်အတွက် သူ၏လက်ထဲသို့ ထည့်ပေးလိုက်သည်။

ပိုင်ရှောင်ချန်းနှင့် အခြားအလင်းတန်းလေးထောင်တိတိမှာ စွမ်းအားအကြီးဆုံးသော သတ်ဖြတ်လိုသည့်အငွေ့အသက်များဖြစ်သည့် အနက်ရောင် လေပွေကြီးတစ်ခုကို ခြံရံလျက် လေကိုခွင်း၍ သွားနေကြတော့သည်။ ကောင်းကင်ကြီးမှာ လှိုင်းဂယက်များထနေသကဲသို့ပင်ဖြစ်နေပြီး လေပြင်းကြီးတစ်ချက် တိုက်ခတ်လာသဖြင့် ဗဟိုဧကရာဇ်မြို့တော်ထဲရှိ လူများစွာ တအံ့တသြ ဖြစ်သွားကြရသည်။

ပိုင်ရှောင်ချန်းမှာ သူ့အားကြည့်နေကြသည့် မျက်ဝန်းများအားလုံးကို လျစ်လျူရှုလိုက်ပြီး သူ၏ မျက်ဝန်းထဲရှိ နီမြန်းမှုများကိုလည်း ဖုံးကွယ်ရန် ကြိုးစားမနေတော့ပေ။ သူသည်အလွန်အမင်း ဒေါသထွက်နေသည့် ပုံစံပေါ်နေပြီး တုန်လှုပ်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုသော အငွေ့အသက်ကြီးတစ်ခု၏ ဝါးမျိုခြင်းကို ခံထားရသည်။

သူ၏ သွေးကြောကြီးများထောင်ထနေသဖြင့် သူက မိစ္ဆာနတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။

သူသည် လမ်းတစ်လျှောက်တွင် ပို၍ပင် စိုးရိမ်သောကရောက်လာတော့သည်။ သူ၏ရင်ထဲတွင် အပြစ်ရှိခြင်း၊ မွှန်ထူနေခြင်း၊ ထိတ်လန့်နေခြင်း၊ စိုးရိမ်နေခြင်းနှင့် အခြားသော ခံစားချက်ပေါင်းစုံဖြင့် ဗလောင်ဆူနေသဖြင့် သူ ပို၍ပင် ရူးသွပ်လာရတော့သည်။

ပိုင်ရှောင်ချန်း၏ တစ်ဘဝလုံးတွင် လူသတ်လိုစိတ်ပေါ်လာသည့်အချိန်များမှာ မရှိသလောက်နီးပါး နည်းပါးလှသော်လည်း ဤအခြေအနေတွင်မူ သူ အလွန်အမင်း မတရားခံလိုက်ရပြီဖြစ်သည်။ သူက တစ်လလုံး သဲလွန်စများရှာဖွေနေခဲ့ပြီး ယခုတွင် ပစ်မှတ်တစ်ခုရရှိသွားပြီဖြစ်၍ ထိုသတ်ဖြတ်လိုစိတ်ကြီးကို ပယ်ဖျောက်ရန်မှာ မဖြစ်နိုင်တော့ပေ။

သို့သော်လည်း သူသည် တစ်လျှောက်လုံးတွင် သူ၏အဓိက ပန်းတိုင်မှာ လက်တုံ့ပြန်ရန် မဟုတ်ပဲ ပိုင်ဟောက်ကိုပြန်၍ ကယ်တင်ရန်ဖြစ်သည်ဟု သူ့ကိုယ်သူ ပြန်၍သတိပေးနေရသည်။

သူနှင့် သူ၏အလောင်းတပ်သား လေးထောင်မှာ မြို့နယ်ပေါင်းများစွာအပေါ်မှ ဖြတ်ပျံသွားပြီးနောက် ကောင်းကင်မြို့စား စေတီတော်တစ်ဆူ လေထဲသို့ ထိုးထွက်နေသည့် မြို့နယ်အမှတ် ခြောက်ဆယ့်တစ်အနားသို့ တဖြည်းဖြည်း နီးကပ်လာကြသည်။ ထိုစေတီတော်ကို မြင်လိုက်ရသောအခါ ပိုင်ရှောင်ချန်း၏မျက်ဝန်းမှာ စူးရှစွာ တောက်ပသွားတော့သည်။

ထိုနေရာမှာ ကျိုးမျိုးနွယ်စု ဖြစ်သည်။

ထိုနေရာအား နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီးနောက် တစ်စုံတစ်ရာကိုမှ မတွေ့လိုက်ရသောအခါ သူ၏ ငွေရောင်ချပ်ဝတ်တန်ဆာဆင်မြန်ထားသည့် အလောင်းတပ်သားဆီသို့ သတင်းပို့လိုက်လေသည်။

" ကျိုးမျိုးနွယ်စုထဲက ဘယ်နေရာမှာပဲ ဖြစ်ဖြစ် လျှို့ဝှက်အခန်းတွေ ရှိ၊ မရှိကိုမင်းစစ်ဆေးနိုင်လား။ ကောင်းကင်အောက်လမ်းဆရာ တစ်ယောက်ရှိနေတဲ့ အခန်းကွာ "

ထိုအခါ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သား၏ မျက်ဝန်းများမှာ တောက်ပသွားပြီး ကျိုးမျိုးနွယ်စုကို အကဲခတ်လိုက်လေသည်။ အနည်းငယ်မျှကြာသောအခါ သူက ခေါင်းခါပြလိုက်သည်။

" ကြည့်ရတာ နတ်ဘုရားအာရုံ ထိုးမဖောက်နိုင်တဲ့ လျှို့ဝှက်မှော်အတတ်တွေရှိနေပုံရတယ် "

ပိုင်ရှောင်ချန်းမှာ မျက်လုံးများမှေးသွားပါသော်လည်း တွေဝေမနေပေ။ ကျိုးမျိုးနွယ်စု၏ အပြင်သို့ရောက်သည်နှင့် သူသည် ကျယ်လောင်စွာ အော်ပြောလိုက်လေသည်။

“ အလောင်းတပ်သား နှစ်ထောင် စက်ဝိုင်းပုံစံ ဝိုင်းလိုက်ကြစမ်း။ ဒီမျိုးနွယ်စုကို ကုန်းကြောင်းကရော လေကြောင်းကပါ ဘယ်သူ့ကိုမှ မဝင်စေနဲ့။ ဘယ်သူ့ကိုမှလဲ မထွက်စေနဲ့ "

သူတို့မှာ... ပြေးပေါက်မရှိလောက်အောင် ဝန်းရံခံလိုက်ရပြီဖြစ်သည်။

အလောင်းတပ်သားနှစ်ထောင်မှာ မန္တန်အစီအရင်တစ်ခုကို လျင်မြန်စွာပင် ဖန်တီးလိုက်သည်။ ထိုအစီအရင်ထဲမှ အနက်ရောင်မီးခိုးများ တလိပ်လိပ်ပေါ်ထွက်လာပြီး ကျိုးမျိုးနွယ်စုတစ်ခုလုံးကို ဖုံးအုပ်ကာ ၎င်းကို ပိတ်ဆို့လိုက်တော့သည်။

ထိုအခါ မျိုးနွယ်စုထဲမှ အလန့်တကြား အော်ဟစ်သံများ ပေါ်ထွက်လာသည်။ မျိုးနွယ်စု၏ အမွေဆက်ခံသူအဖြစ် သတ်မှတ်ခံထားရသူ၏ အသံမှာ အကျယ်ဆုံးဖြစ်သည်။ မြို့စားကြီးမှာမူ အလောင်းစစ်တပ်ကြီး၊ သူတို့၏မျိုးနွယ်စုကို ပိတ်ဆို့နေသော အနက်ရောင်အချုပ်အနှောင်ကြီးနှင့် သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်နေသည့် ပိုင်ရှောင်ချန်းတို့အား ဒေါသတကြီး မော့ကြည့်လိုက်လေသည်။

တစ်ခဏမျှအကြာတွင် ထိုကောင်းကင်မြို့စားကြီးမှာ ဖြစ်ပျက်နေသည်များကို ရိပ်မိသွားတော့သည်။ မြောင်လင်းအာ၏ အဘိုးမှာ သူတို့ထဲတွင် ပုန်းနေကြောင်းသိသော လူနည်းစုထဲတွင် သူလည်း အပါအဝင်ဖြစ်သည်။ သူ၏ မျိုးနွယ်စုမှာ စစ်ဆေးရေးအရာရှိ၏ ဝိညာဥ်ကျေးကျွန်ကို ဖမ်းဆီးခဲ့သည့် လူများထဲတွင် ပါဝင်ကြောင်းကိုလည်း သူကသိသည်။

ထို့ကြောင့် ဘုံဝါဒ နှင့်ပတ်သတ်၍ သူဒေါသထွက်ကြောင်း ပြသနေရသည့် အဓိက အကြောင်းအရင်း မှာ သူ၏စိုးရိမ်ထိတ်လန့်မှုကို ဖုံးကွယ်ရန်သာဖြစ်သည်။

ပိုင်ရှောင်ချန်း ရုတ်တရက်ရောက်ရှိလာမှုကြောင့် သူသည် မျက်နှာပျက်သွားရပြီး အမှန်တရားကို သိသွားပြီဖြစ်ကြောင်း ရိပ်မိလိုက်သဖြင့် ဂယောင်ခြောက်ခြား ဖြစ်သွားရတော့သည်။

" အစီအရင်ကို ဖွင့်လိုက် "

သူက ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ ထို့နောက် သူ၏လျှာကိုကိုက်လိုက်ပြီး သွေးတစ်ပွက်ထွေးထုတ်လိုက်သည်။ ထိုသွေးမှာ မျိုးနွယ်စု၏ မန္တန်အစီအရင်ကို ဖွင့်ရာတွင် အဓိကလိုအပ်ချက်တစ်ခု ဖြစ်သည်။ အနည်းငယ်ကြာသောအခါ သွေးရောင်ဒိုင်းကာကြီးတစ်ခု မြင့်တက်လာပြီး နေရာအနှံ့သို့ ပျံ့နှံ့သွားကာ မျိုးနွယ်စုအား အကာအကွယ်ပေးလိုက်တော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းနှင့် သူ၏ အလောင်းတပ်သား နှစ်ထောင်မှာ ရောက်ရှိလာကြတော့သည်။ သူသည် လုံးဝတွေဝေမနေပဲ သူ၏အလောင်းတပ်သားများအား ထိုဒိုင်းကာကြီးကို အပြင်းအထန် တိုက်ခိုက်စေလိုက်တော့သည်။

တုန်လှုပ်ဖွယ် အကောင်းဆုံးအချက်မှာ ရက်စက်ကြမ်းကြုတ်သည့် အလောင်းတပ်သားများမဟုတ်ပဲ ပေါက်ကွဲနေသည့်မီတောင်တစ်လုံးကဲ့သို့ အပြင်းအထန် တိုက်ခိုက်နေသည့် ကြောက်မက်ဖွယ် မျက်နှာအမူအရာကြီးနှင့် ပိုင်ရှောင်ချန်းသာဖြစ်သည်။

ဂျုန်းဂျုန်းဂျုန်း.....

ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အပြင်းအထန် တုန်ရီသွားပြီး ကြီးမားသော တုန်ခါမှုလှိုင်းတစ်ခုမှာ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသဖြင့် အနီးအနားရှိ အဆောက်အဦများမှာ ရှေ့သို့ယိမ်းလိုက် နောက်သို့ယိမ်းလိုက် ဖြစ်သွားကြသည်။

သွေးရောင်ဒိုင်းကာကြီးမှာ ချက်ချင်းပင် တွန့်လိမ်ကွေးကောက်လာပြီး အသက်ရှူကြိမ်အနည်းငယ် အပြီးတွင် အပိုင်းအစများစွာအဖြစ် ကြေမွသွားပြီး အောက်ဘက်ရှိ မျိုးနွယ်စုပေါ်သို့ မိုးရေများအလား ဆင်းသက်လာတော့သည်။

မျိုးနွယ်စုတစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားကြပြီး ကျင့်ကြံသူများစွာမှာ သွေးများအန်၍ မယုံကြည်နိုင်သော အမူအရာများဖြင့် အထက်သို့မော့ကြည့်လိုက်ကြတော့သည်။ အချို့မှာ အော်ဟစ်နေတော့သည်။

" မင်းဘာလုပ်နေတာလဲ ပိုင်ဟောက် "

" ငါတို့မျိုးနွယ်စုက ဘာစည်းကမ်းမှ မဖောက်သလို မင်းကိုလည်း မစော်ကားခဲ့ဘူးလေ။ မင်းဘာလုပ်နေတာလဲကွ "

မျိုးနွယ်စု၏ အမွေဆက်ခံသူလည်း ရှိနေသည်။ သူသည် ဒေါသမီးများ တောက်လောင်နေသည့် မျက်ဝန်းဖြင့် လှမ်း၍ အော်ဟစ်လိုက်သည်။

" ဒါကအာဏာကို အလွဲသုံးစားလုပ်တာပဲ ပိုင်ဟောက်။ မင်းရဲ့ ရာထူးကိုအသုံးချပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လက်စားချေဖို့ ကြံနေတာပဲ။ မဟာကောင်းကင်သခင်က ဒီအကြောင်းသိသွားမှာ အမှန်ပဲ။ တခြားကျန်တဲ့ မင်းမျိုးမင်းနွယ်တွေရော မှူးမျိုးမတ်နွယ်တွေအားလုံးလည်း သိသွားကြမှာ။ အဲဒီအခါ မင်းကို ဘယ်သူမှ ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ မင်းသေချာပေါက် သေမှာကွ။ ရောင်းရင်းမျိုးနွယ်စုဝင်တို့ရေ။ လူစုကြ။ ငါတို့သာ သူ့ကိုအချိန်အတိုင်းအတာတစ်ခုအထိ တောင့််ခံနိုင်ရင် တစ်ယောက်ယောက်က ငါတို့ကို လာကယ်မှာပဲ "

သို့သော်သူသည် ထိုစကားများကို ပြောပြောပြီးချင်း ် ကောင်းကင်မြို့စား စေတီတော်ရှိရာဘက်သို့ ထွက်ပြေးသွားတော့သည်။

မျိုးနွယ်စုရှိ လူတစ်ယောက်မကျန် သူ၏အမိန့်အတိုင်း လိုက်နာကြသည်မဟုတ်သော်လည်း ဝါရင့်မျိုးဆက်မှ အဖွဲ့အဝင်များစွာမှာ ဒေါသတကြီးနှင့် ကောင်းကင်ပေါ်ရှိ ပိုင်ရှောင်ချန်းထံသို့ ပျံသန်းသွားကြသည်။ မျိုးနွယ်စုအပေါ်သစ္စာအရှိဆုံးသော အစေခံအချို့ပင်လျှင် သူတို့နှင့် ပူးပေါင်းလိုက်ကြသည်။

သူတို့အင်အားမှာ တစ်ထောင်ကျော်ရှိပေသည်။ သို့သော်ငြားလည်း ရှေ့သို့ချီတက်လာနေသည့် ပိုင်ရှောင်ချန်း၏ အလောင်းတပ်သားများနှင့် ဆုံတွေ့သွားကြသောအခါတွင် ရက်စက်ကြမ်းကြုတ်သည့် တိုက်ပွဲကြီးတစ်ခုနှင့်အတူ သနားစဖွယ် အော်ဟစ်မြည်တမ်းသံများ ပေါ်ထွက်လာကြတော့သည်။

All Chapters