မောက်မာသော စစ်ယွီ
Vol. 11 Ch. 159
ဒုံးပျံလက်ဆောင်ကို တစ်ခါတည်း ဆယ်ခု တန်းပေးခြင်းက စုစုပေါင်းက ယွမ် ငါးသောင်း ကုန်ကျပေသည်။
ယွမ်ငါးသောင်းက များလွန်းသော ပမာဏ မဟုတ်ပါ။ သို့သော် ယွမ်ငါးသောင်းကို စက္ကန့်ပိုင်းအတွင်း ပစ်ပေးနိုင်သူက အတော်လေး နည်းပေသည်။
ချက်ချင်းဆိုသလိုပင် ဝူအာ၏ စုစုပေါင်း လက်ဆောင်က စစ်ယွီထက် သာလွန်သွားသည်။ အချိန်ကိုက်ဆိုသလိုပင် ပူးတွဲထုတ်လွှင့်မှုက ပြီးဆုံးသွားလေ၏။
စစ်ယွီ၏ လက်ဆောင်က စုစုပေါင်း ယွမ် ၂၈,၀၀၀ ဝန်းကျင် ရှိပြီး ဝူအာ၏ လက်ဆောင်က ယွမ် ၅၁,၀၀၀ ဝန်းကျင် ရှိသည်။
တစ်ဖက်သတ် အနိုင်ရသွားခြင်းပင်။
ရဲ့လင်းချန် သက်ပြင်းချလိုက်ပြီးနောက် မှင်တက်နေသော ဝူအာ၏ ထုတ်လွှင့်မှုတွင်း၌ ကောမန့် ဝင်မန့်လိုက်သည်။
[ငါ နောက်မကျဘူးလို့ မျှော်လင့်ရတာပဲ၊ ငါ နောက်ဆုံးရထားနဲ့ အမီလိုက်လာတာ]
ထိုကောမန့်က မှင်တက်နေသော လူများကို အသိဝင်လာစေသည်။
[မြတ်စွာဘုရား ဝိုင်နတ်ဘုရား နောက်ဆုံးတော့ မင်း ကိုယ်ထင်ပြလာပြီပဲ]
[ချီးပဲ ငါ ငိုခဲ့တယ်ဆိုတာကို မင်း သိလား၊ ငါ သောက်ကျိုးနည်း ငိုလိုက်မိတာ]
[ငါ မင်းကို ထာဝရ စောင့်ဆိုင်းနေတာ၊ မင်း ဘယ်တွေကို သွားနေတာလဲ]
[ဝိုင်နတ်ဘုရား ငါ မင်းကို ဘယ်လောက် လွမ်းနေလဲ သိလား၊ မင်းရဲ့ ထုတ်လွှင့်မှုက ဘာလို့ အပိတ်ခံရတာလဲ]
[သတင်းထူး၊ သတင်းထူးပဲဟေ့၊ ငါတို့ ဝိုင်နတ်ဘုရားနဲ့ တွေ့ပြီဟေ့]
ဝူအာ၏ ထုတ်လွှင့်မှုက ချက်ချင်း ဆူညံလာသည်။ စကားလုံးများသာ ဖြစ်သော်လည်း အားလုံး၏ စိတ်အားထက်သန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို ခံစားမိနိုင်သည်။
ဝိုင်နတ်ဘုရား၏ ထုတ်လွှင့်မှု အပိတ်ခံရသည်ကို သိလိုက်ပြီးနောက် လူတော်တော်များများက ဝိုင်နတ်ဘုရားနှင့် ရင်းနှီးသော ကိုးလ်နှင့် ဝူအာ၏ ထုတ်လွှင့်မှုချန်နယ်ကို အားကိုးလာကြသည်။ ဤသို့သော အံ့ဩမှုမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု ဘယ်သူက ထင်ထားမိမည်နည်း။
“အစ်ကို ဝိုင်နတ်ဘုရား၊ ရှင် ဒီကို ဘယ်လိုလုပ် ရောက်နေတာလဲ၊ ရှင် လက်ဆောင်တွေ အများကြီး ပို့ထားသေးတယ်၊ အရမ်း ဖြုန်းတာပဲ”
ဝူအာက အသိဝင်လာပြီးနောက် ခပ်သွက်သွက် ပြောလေသည်။
“ထားလိုက်၊ အဲ့ဒါ မပြောပလောက်တဲ့ ပမာဏလေးပါ”
ရဲ့လင်းချန် ပြန်ပြောလိုက်သည်။
“မင်း အနိုင်ကျင့်ခံနေရတာကို ဘာလို့ ငါ့ကို မပြောတာလဲ”
ဂျပန်နိုင်ငံနှင့် ပြိုင်ပွဲအပြီးတွင် ဝူအာက ရဲ့လင်းချန်နှင့် မကြာခဏ စကားပြောလေ့ ရှိသည်။ ဝူအာအပြင် ရည်းစားစာ၊ 09 နှင့် ကိုးလ်တို့က သူနှင့်အတူ ဂိမ်းသမား စကားပြောခန်းဖွဲ့၍ ဂိမ်းနှင့် ပတ်သက်သော အကြောင်းရာများကို ဆွေးနွေးကြသည်။
ဝိုင်နတ်ဘုရားက ထိုစကားပြောခန်း၏ ခေါင်းဆောင် ဖြစ်လေသည်။
ဝူအာက ရဲ့လင်းချန်ထက် ပိုငယ်ပြီး အခြားတက္ကသိုလ်မှ ကျောင်းသူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရဲ့လင်းချန်က ဝူအာအား သူ့ညီမလေးသဖွယ် ပြောဆိုဆက်ဆံလေ့ ရှိသည်။
ရဲ့လင်းချန်၏ စကားက သိပ်မများသော်လည်း ထိုစကားက ဝူအာ၏ နှလုံးသားကို နွေးထွေးသွားစေသည်။ သူမ ပြင်းပြင်းထန်ထန် ထိန်းထားခဲ့သော မျက်ရည်များက စီးကျလာပြီး ငိုလေတော့သည်။
အစောပိုင်းက သူမသည် ထုတ်လွှင့်ချိန်အတွင်း၌ သူမစိတ်ထဲမှ မကောင်းသော အတွေးများကို ချိုးနှိမ်၍ အကြောက်တရားနှင့် အခက်အခဲများအားလုံကို တစ်ကိုယ်တည်း ရင်ဆိုင်ခဲ့ရသည်။ သို့သော် ယခုအချိန်တွင်မူ သူမ၏ ဒုက္ခရောက်နေသော စိတ်ဝိညာဉ်က လုံခြုံသော ခိုနားရာတစ်ခုကို ရှာတွေ့သကဲ့သို့ ခံစားလိုက်ရသည်။
“ဘာဖြစ်သွားတာလဲ ငါ့ကို ပြောဦး၊ မင်း ဘာလို့ စစ်ယွီနဲ့ ပြိုင်တာလဲ”
ရဲ့လင်းချန် မေးလိုက်လေသည်။ ဝူအာ ပြန်မဖြေနိုင်ခင်မှာပင် ကောမန့်ပိုင်း၌ စာများ ပလူပျံအောင် တက်လာ၏။
[ဝိုင်နတ်ဘုရား မင်း မသိဘူးလား၊ မင်း အပိတ်ခံလိုက်ရပြီးတော့ ထုတ်လွှင့်ရေး ပလက်ဖောင်းက မင်းနဲ့ အစုစပ်လုပ်ငန်းအားလုံးကို တရားဝင် ဖျက်သိမ်းတယ်လို့ လူသိရှင်ကြား ကြေညာထားတယ်လေ]
[ဟုတ်တယ်၊ ထုတ်လွှင့်ရေး ပလက်ဖောင်းက မင်းရဲ့ ဆန်းကြယ်သော ပြစ်မှုဆယ်ခုကို လုံးဝ ဖျက်လိုက်ပြီးတော့ ပိုဆိုးပက်စက် ဝေဖန်ထားတာ]
[အဲ့ခွေးမသား ပလက်ဖောင်းက မင်းရဲ့ဖန်တီးမှုအားလုံးကို ဖျက်လိုက်ပြီးတော့ အခု မလုံ့တလုံ ဝတ်ပြီး ပြစားနေတဲ့ မိန်းကလေးကို ချက်ချင်း စကြော်ငြာတော့တာပဲ]
[အရှက်မရှိဆုံး ကိစ္စကတော့ ထုတ်လွှင့်ရေး ပလက်ဖောင်းက မင်းရဲ့ ဂူသင်္ချိုင်းဖောက်သူ၏ သမိုင်းမှတ်တမ်းကို အခပေး စာရင်းထဲ သွင်းလိုက်ပြီးတော့ သူတို့အပိုင်အဖြစ် ပြောင်းလိုက်တာပဲ]
အားလုံးက ကိုယ်စီကိုယ်စီ အကြောင်းရင်းများကို ထုတ်ပြောကြပြီး အားလုံးက ရဲ့လင်းချန်အပေါ် မမျှတစွာ ပြုလုပ်ခဲ့သည့်အပေါ် မကျေမနပ် ပြောနေကြသည်။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က လက်ရှိကိစ္စ၏ နောက်ကွယ်မှ အဓိက အကြောင်းရင်းကို ပြောပြလာသည်။
[အခု စစ်ယွီက ပလက်ဖောင်းရဲ့ အဓိက တင်ဆက်သူ ဖြစ်နေပြီ၊ သူက ဝူအာကို စိန်ခေါ်ရုံတင်မကဘူး၊ မနေ့က ကိုးလ်ကိုလည်း ပူးတွဲထုတ်လွှင့်ဖို့ စိန်ခေါ်ပြီး အပြတ်အသတ် ရှုံးအောင် လုပ်ခဲ့တယ်]
[သူက ဒါကို အသုံးချပြီး ကိုးလ်နဲ့ ဝူအာကို သင်ခန်းစာပေးချင်နေတာ၊ ဘာလို့လဲဆိုတော့ နှစ်ယောက်လုံးက ဝိုင်နတ်ဘုရားနဲ့ ခင်မင်နေလို့လေ]
[လုပ်ပိုင်ခွင့်ရလာရင် ဘယ်လိုတောင် မမှန်မကန်လုပ်တတ်လဲဆိုတာကို ပြနေတာပဲ၊ သူက တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်]
ရဲ့လင်းချန် ချက်ချင်း မျက်မှောင်ကြုတ်သွားသည်။ သူ အပိတ်ခံလိုက်ရသည်ကိုသာ သူ သိသည်။ ထုတ်လွှင့်ရေး ပလက်ဖောင်းက ဤမျှ ရက်စက်လိမ့်မည်ဟု သူ ထင်မထားမိပါ။ ထို့အပြင် စစ်ယွီက ဤသို့ စိတ်သဘောထား သေးသိမ်သည့် မိန်းမတစ်ယောက် ဖြစ်နေပါတကား။
“မင်းတို့ ဘာလို့ ငါ့ကို မပြောတာလဲ”
ရဲ့လင်းချန် မေးလိုက်သည်။
“အစ်ကို ဝိုင်နတ်ဘုရား၊ ရှင်က အပိတ်ခံလိုက်ရတာလေ၊ ကျွန်မတို့ ရှင့်ကို ဘယ်လို နှစ်သိမ့်ရမလဲ မသိဘူး၊ ဒီလို ပြဿနာလေးတွေနဲ့ ရှင့်ကို ဘယ်လိုလုပ်ပြီး ထပ်ဒုက္ခပေးချင်ပါ့မလဲ”
ဝူအာ ပြန်ပြောလိုက်သည်။ သူမ မျက်ရည်များကို သုတ်၍ ဆက်ပြောလေသည်။
“အစ်ကို ဝိုင်နတ်ဘုရား၊ ရှင့်ကို ဒီမှာ တွေ့ရလို့ ဝူအာ သိပ်ပျော်တာပဲ၊ ရှင် အဆင်ပြေနေလို့ တော်ပါသေးတယ်”
“ဟားဟား အပိတ်ခံရတယ်ဆိုတာ အသေးအမွှား ကိစ္စလေးပါ၊ ငါ့မှာ ဘာများ ဖြစ်နိုင်မှာမို့လို့လဲ”
ရဲ့လင်းချန် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“စိတ်မပူါနဲ့၊ ငါ အောင်မြင်မှုနဲ့အတူ ပြန်လာမှာ”
[အောင်မြင်မှုနဲ့တူ ပြန်လာမယ်၊ ငါတို့ ဝိုင်နတ်ဘုရားရဲ့ လေလုံးထွားတာကို မတော်တဆ ထပ်ကြားလိုက်ရပြီပဲ]
[မိုက်လိုက်တဲ့စကားကွာ … အံ့ဩစရာပဲ]
[ဝိုင်နတ်ဘုရား၊ ဟူယွီက မင်းအပေါ် ရိုင်းပျလွန်းတယ်၊ မင်း ဒီမှာ ဆက်နေဖို့တော့ မစဉ်းစားထားဘူးမလား]
[ဝိုင်နတ်ဘုရား မင်းပြန်အလာကို ငါတို့ စောင့်နေမယ်၊ ငါတို့ကို တစ်သက်လုံး စောင့်နေရအောင်တော့ မလုပ်ပါနဲ့]
ထိုစဉ် ဝူအာ၏ ထုတ်လွှင့်ရေးချန်နယ်က တစ်ချက် တုန်လာပြီး စာသားတစ်ခု ပေါ်လာသည်။
[စစ်ယွီက သင်၏ ထုတ်လွှင့်မှုတွင် ပါဝင်ရန် တောင်းဆိုထားပါတယ်]
ဝူအာ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ သူမမျက်နှာတွင် ကူကယ်ရာမဲ့နေသော အမူအရာ ပေါ်လာ၏။
“အစ်ကို ဝိုင်နတ်ဘုရား၊ ကျွန်မ အခု ဘာလုပ်ရမလဲဟင်၊ လက်ခံလိုက်ရမလား”
“လက်ခံလိုက်၊ မကြောက်နဲ့”
တောင်းဆိုချက်ကို လက်ခံလိုက်ပြီးနောက် စစ်ယွီ ပြန်ပေါ်လာသည်။ သူမ အမူအရာက ပျော်နေပုံ မပေါက်ချေ။ အစောပိုင်းက သူမသည် ပူးတွဲ ထုတ်လွှင့်မှု၌ အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက် ရှိခဲ့ပြီး ဝူအာအား အရှက်ခွဲရန် စဉ်းစားထားခဲ့သည်။ သို့သော် အဆုံးသတ်၌ သူမသည် ပြီးခါနီးအချိန်တွင်မှ အံ့ဩစရာ တိုက်ခိုက်မှုနှင့် ကြုံလိုက်ရ သောကြောင့် အလွန် မခံမရပ်နိုင် ဖြစ်သွားသည်။
“ဟင်းဟင်း … နင်က တော်တော် ဉာဏ်များတာပဲ၊ နောက်ဆုံးအချိန်ကျမှ ချုံခိုတိုက်နိုင်ဖို့ လူကောင်းယောင် ဟန်ဆောင်ထားရတယ်လို့”
စစ်ယွီက သရော်လေသည်။ ထို့နောက်တွင် ထုတ်လွှင့်မှုတွင်း၌ ရွှေရောင် အလင်းတန်း ပေါ်လာသည်။
[ဧကရာဇ် __ လောကသခင်က စစ်ယွီရဲ့ ထုတ်လွှင့်မှုကို ပူးပေါင်းလာပါတယ်]
[ဧကရာဇ် __ သူဌေးကြီးက စစ်ယွီရဲ့ ထုတ်လွှင့်မှုကို ပူးပေါင်းလာပါတယ်]
[ဧကရာဇ် __ သခင်လေးခို့က စစ်ယွီရဲ့ ထုတ်လွှင့်မှုကို ပူးပေါင်းလာပါတယ်]
…
ဧကရာဇ်သည် ဟူယွီ ထုတ်လွှင့်ရေးမှ လူချမ်းသာများ၏ သင်္ကေတ ဖြစ်သည်။ ၎င်းသည် ပလက်ဖောင်း၌ တစ်လကို အနည်းဆုံး ယွမ်တစ်သန်းသုံးမှ ရလာမည့် ဘွဲ့ထူး ဖြစ်သည်။
ယခုတစ်ခေါက်တွင် စစ်ယွီက ဧကရာဇ်များနှင့်အတူ ပြန်လာလေပြီ။ ဤသို့သော အပြင်အဆင်က အားလုံးကို အံ့ဩသွားစေသည်။
ထို့နောက်တွင်မူ ဒုံးပျံလက်ဆောင်များ ပလူပျံလာ၏။ ပူးတွဲထုတ်လွှင့်မှုက စတင်ရုံသာ ရှိသေးသော်လည်း စစ်ယွီဘက်မှ လက်ဆောင်များက ယွမ်တစ်သိန်း ကျော်သွားလေသည်။
“ကျေးဇူးတင်ပါတယ် ကျွန်မရဲ့ ဧကရာဇ် ယောက်ျားတို့ရေ၊ စစ်ယွီက ရှင်တို့ရဲ့ ဇနီးပါနော်၊ ကျွန်မက ရှင်တို့ကို အမြဲ ချစ်နေမှာပါ၊ မွ …”
စစ်ယွီက အပြုံးနှင့်အတူ သူမ အဝတ်အစားကို တမင် ဆွဲချလေသည်။
“အစ်ကို ဝိုင်နတ်ဘုရား၊ သူနဲ့ ရန်ဖြစ်မနေပါနဲ့တော့၊ အဲ့လိုလုပ်ဖို့ မလိုပါဘူး”
ဝူအာက ရဲ့လင်းချန်ကို သီးသန့် စာပို့လာသည်။
“ကျေးဇူးပြုပြီး ပိုက်ဆံတွေ မဖြုန်းပါနဲ့”
“ဟဲဟဲ ခုနက လက်ဆောင်တွေ ပေးတဲ့လူက ဝိုင်နတ်ဘုရားမ ဟုတ်လား၊ သူ့ထုတ်လွှင့်မှုက အပိတ်ခံလိုက်ရလို့ အခု သူများတွေရဲ့ ထုတ်လွှင့်မှုတွေထဲမှာ ဝင်ပါလာတာလား”
စစ်ယွီက အထင်သေးသော မျက်နှာထားနှင့် ဒေါသဖြင့် ပုတ်ခတ် ပြောဆိုလေသည်။
ရဲ့လင်းချန်က အမြဲတမ်း သူမထက် သာနေခဲ့သဖြင့် တစ်ချိန်လုံး သူမ အလွန် သည်းမခံနိုင် ဖြစ်ခဲ့ရသည်။ ယခု သူမ ဝိုင်နတ်ဘုရားနှင့် ရင်ဆိုင်နိုင်ပြီ ဖြစ်သောကြောင့် သူမ၏ ဒေါသအားလုံးကို ဖြေလျှော့နိုင်ပေတော့မည်။
“အခု နင်က ဘာလဲဆိုတာ နင် သိလား၊ နင်က ပိုင်ရှင်ကို ဆုံးရှုံးလိုက်ရတဲ့ ခွေးတစ်ကောင်ပဲ၊ နင့်ကို ပလက်ဖောင်း တစ်ခုလုံးက စွန့်ပစ်လိုက်ပြီ၊ နင် အရှက်မကွဲချင်သေးရင် ထွက်သွားလိုက်တော့”
[ဟားဟားဟား ပြောတာ ကောင်းတယ် စစ်ယွီ၊ ဝိုင်နတ်ဘုရားက ပိုင်ရှင် မရှိတော့တဲ့ ခွေးတစ်ကောင်ပဲ]
[ဟေ့ ပိုင်ရှင်မဲ့ခွေးကောင်၊ ငါတို့ကို နည်းနည်း ဟောင်ပြစမ်းပါဦးကွ]
[ဝိုင်နတ်ဘုရား မင်း ခုနက လက်ဆောင်တွေ ပို့တယ်မဟုတ်လား၊ ဘယ်သူမှ ပိုက်ဆံ ပိုရှိလဲ ကြည့်ကြမလား]
“ရှင်တို့တွေ စည်းကျော်နေပြီ၊ ဟူယွီရဲ့ လက်ရှိ ကျော်ကြားမှုက ဝိုင်နတ်ဘုရားရဲ့ အောင်မြင်မှုအပေါ် အခြေခံပြီး ဖြစ်လာတာ”
ဝူအာ မျက်မှောင်ကြုတ်၍ ပြန်တုံ့ပြန်လိုက်သည်။
ထုတ်လွှင့်ရေး ပလက်ဖောင်းက အကျဘက်သို့ ရောက်နေခဲ့ပြီးသား ဖြစ်သည်။ ဝိုင်နတ်ဘုရား၏ ဂူသင်္ချိုင်းဖောက်သူရဲ့ သမိုင်းမှတ်တမ်း၊ သူ၏ ဂျပန်နိုင်ငံနှင့် ပြိုင်ပွဲနှင့် ဆန်းကြယ်သော ပြစ်မှုကြီး ဆယ်ခုတို့က ကျော်ကြားလာအောင် လုပ်ပေးနိုင်ခဲ့သော အရာများ ဖြစ်သည်။
လက်ရှိတွင် စစ်ယွီက ၎င်းအကျိုးအမြတ်ကို ရိတ်သိမ်းခွင့် ရနေသည်။ သူမ၏ ကျေးဇူးမသိတတ်သော အပြုအမူနှင့် မောက်မာမှုတို့က သူမအား တိရစ္ဆာန်ထက် ဆိုးအောင် ပြုလုပ်နေသည်။
“နင်က သူ့ကို တော်တော် ပစားပေးနေတာပဲ၊ သူက ဘာမို့လို့လဲ၊ ထုတ်လွှင့်ရေး ပလက်ဖောင်း တည်ထောင်နိုင်အောင် သူ ဘာလုပ်ခဲ့လို့လဲ၊ သူ မရှိရင်တောင် ငါ သူလုပ်ခဲ့တာထက် ပိုကောင်းအောင် လုပ်နိုင်တယ်”
စစ်ယွီက အေးစက်စက် လေသံဖြင့် ပြန်ပြောသည်။
“အခု သူ အပိတ်ခံလိုက်ရပြီ၊ ငါ့ကျော်ကြားမှုကို ကြည့်လိုက်စမ်း၊ သူ့ထက် အများကြီး ပိုသာတယ်”