← Chapters

အခန်း (၅၃၉၁-၅၃၉၅)

Vol. 273 Ch. 5391-5395

အခန်း (၅၃၉၁-၅၃၉၅)

Vol. 273 Ch. 5391-5395

Chapter 5391

စစ်မြေပြင်သည် တစ်ဖက်သတ်အခြေအနေကို ပြသနေပြီး ချင်စစ်တပ်၏အောင်ပွဲသည် လက်တစ်ကမ်းအကွာတွင် ရှိနေပေ၏။

ယန်မိသားစု၏ခံတပ်များထံမှ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ကောင်းကင်မီးတောက်များသည် တိမ်တိုက်များကို ဖုံးလွှမ်းသွားပြီး စစ်ပွဲမီးတောက်များသည် ခံတပ်အမြောက်အများကို လုံးလုံးလျားလျားလောင်ကျွမ်းသွားစေသည်။ လောကတံခါး၏နောက်ကွယ်တွင် ယန်မိသားစု စီစဉ်ထားသမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားခဲ့သည်။

ယန်မိသားစုကျင့်ကြံသူ အမြောက်အများသည် ထွက်ပြေးရန် ဟန်ပြင်ခဲ့ကြသော်လည်း နောက်ကျသွားခဲ့လေပြီ။

ချင်စစ်တပ်သည် ရွှမ်ယင်တောင်တန်းကို ဖြတ်ကျော်လာနိုင်မည့် နေ့တစ်နေ့ ရှိလာလိမ့်မည်ဟု သူတို့ တစ်ကြိမ်တစ်ခါမျှ ထင်မှတ်မထားခဲ့သဖြင့် တင်းကြပ်သောကာကွယ်ရေး လုံးလုံးလျားလျား မရှိခဲ့ကြချေ။

ချင်စစ်တပ် ရောက်လာချိန်တွင်ပင် လူအများက သူတို့၏အကြီးအကဲများအနေဖြင့် သူတို့၏ရှေ့ရှိ ဤချင်စစ်သည်များအားလုံးကို နှိမ်နင်းနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသည်။

အရာအားလုံးသည် နောက်ကျသွားခဲ့လေပြီ။

ချင်စစ်တပ်၏လုပ်ငန်းခွဲဝေမှုသည် ရှင်းလင်းပေ၏။ စစ်တပ်၏တစ်စိတ်တစ်ပိုင်းသည် ပင်မတိုက်ခိုက်မှုကို စတင်လိုက်ပြီး တခြားတစ်စိတ်တစ်ပိုင်းက ဘေးဘက်နှင့်အနောက်ဘက်မှ ဝိုင်းရံကာ သူတို့၏ရှေ့ရှိ ယန်မိသားစုကျင့်ကြံသူများအားလုံးကို ဝိုင်းရံလိုက်ကြသည်။

ဤသည်မှာ ထန်စစ်တပ်ကဲ့သို့ ပုံမှန်စစ်တပ်များကို ကိုင်တွယ်ရန် အသုံးပြုလေ့ရှိသည့် အလွန် စည်းကမ်းရှိသော တိုက်ခိုက်ရေး နည်းလမ်းတစ်ခုပင်။

ယန်မိသားစု ကျင့်ကြံသူများအနေဖြင့် ဤနေရာ၌ အင်အားသိန်းနှင့်ချီ၍ တပ်စွဲထားကြောင်း ပြောဆိုကြသော်လည်း သူတို့သည် သဲပုံတစ်ပုံကဲ့သို့ ဖြစ်နေသည်။ ငရဲနယ်မြေအတွင်းရှိ တချို့သော လက်အောက်ခံ အင်အားစုငယ်များနှင့် နှိုင်းယှဉ်လျှင် သူတို့သည် ချင်စစ်တပ်နှင့် ယှဉ်ပြိုင်နိုင်သော အဆင့်၌မရှိဘဲ များစွာ အလှမ်းကွာဟနေသည်။

လုယွီသည် တိုက်ပွဲတွင် ထပ်မံ၍ မပါဝင်တော့ချေ။

ယခုတစ်ကြိမ်၌ သူ၏စစ်ဆင်ရေးသည် တစ်ဖက်တွင် ယန်မိသားစုကို ဖျက်ဆီးရန်နှင့် သူ့တပည့်အတွက် လက်စားချေရန်ဖြစ်ပြီး တခြားတစ်ဖက်တွင် ချင်စစ်တပ်၏လေ့ကျင့်ရေး ရလဒ်များကို စမ်းသပ်ရန်ပင်။

မဟာချင်၏ရန်သူများသည် မဟာထန် ငရဲနယ်မြေနှင့် ရှန်လင်းလုံတို့ မဟုတ်ဘဲ မူလဘူတခေတ်ကတည်းက တည်ရှိခဲ့သော ကောင်းကင်တာအို၏အထက်ရှိ အဆုံးမဲ့နက်ရှိုင်းသော လေဟာနယ်ထဲတွင် ပုန်းအောင်းနေသည့် ရှေးဟောင်းသက်ရှိများဖြစ်ကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။

ထို့ကြောင့် ချင်စစ်တပ်ကို လေ့ကျင့်ပေးရန် အခွင့်အရေး ရှိလာသည်နှင့် လုယွီသည် လက်လွတ်ခံမည် မဟုတ်ချေ။

ဤသည်မှာ ရွှမ်ယင်တောင်တန်းကို ပထမဆုံး တိုက်ခိုက်ချိန်တွင် လုယွီ ချက်ချင်းလှုပ်ရှားခြင်း မပြုခဲ့သည့် အကြောင်းအရင်းလည်း ဖြစ်ပေ၏။

"ငါ့ရဲ့ အတိတ်ဘဝတုန်းက ငါက ငရဲနယ်မြေက ထိပ်သီးကျင့်ကြံသူတွေကို အရင်ဆုံး အနိုင်ယူခဲ့တယ်... ပြီးတော့ အဲ့ဒီသရဲဘုရင်တွေကို ငါ အနိုင်ယူနိုင်ခဲ့တယ်... အဲ့ဒီနောက်မှ ငါက ငရဲနယ်မြေမှာ လွှမ်းမိုးနိုင်ခဲ့တာ... ဒါပေမဲ့ သူတို့ ကြောက်ရွံ့ခဲ့တာက ငါ့ရဲ့စွမ်းအားပဲ... ဒါကြောင့် ငါ ရှိနေသရွေ့ အရာအားလုံး အဆင်ပြေပေမယ့် ငါ သေသွားပြီးတဲ့နောက်မှာ ဒီဟန့်တားမှုက ပျောက်ကွယ်သွားတာကြောင့် သူတို့က ပုန်ကန်ကြအုံးမှာပဲ..."

လုယွီသည် ပြဿနာ၏သော့ချက်ကို ယခင်ကတည်းက တွေးတောခဲ့သည်။

အတိတ်ဘဝတွင် သူ့ကို မည်သည်ကြောင့် နတ်ဆိုးကျင့်ကြံသူဟု ခေါ်ခဲ့ကြသနည်း...

အကြောင်းအရင်းမှာ လေလွင့်ကျင့်ကြံသူအနေဖြင့် သူ၏နောက်တွင် မည်သည့်အင်အားစုမျှ မရှိဘဲ သူ၏စွမ်းအားတိုးတက်စေရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုခဲ့ရပြီး မည်သည့်အရာကိုမျှ ရှောင်တိမ်းခဲ့ခြင်း မရှိသောကြောင့်ပင်။

သူ လူများများသတ်လေလေ ပို၍နာမည်ဆိုးရွားလေပင်။ တခြားလူများက သူ့ကို နတ်ဆိုးဟု ခေါ်ကြသော်လည်း အမှန်အားဖြင့် ကြောက်ရွံ့မှုကြောင့်သာ ဖြစ်သည်။

အတိတ်ဘဝတွင် သူ့ကို အညံ့ခံခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်များသည် အပေါ်ယံတွင် လေးစားဟန် ပြကြသော်လည်း သူ ထွက်ခွာသွားသည်နှင့် တွန့်ဆုတ်ခြင်း အနည်းငယ်မျှ မရှိဘဲ ချက်ချင်းပုန်ကန်ခဲ့ကြသည်။

တခြားသူများကို ရက်စက်သော စွမ်းအားဖြင့် ဖိနှိပ်ခြင်းသည် သူတို့၏သစ္စာရှိမှုကို ယာယီ ရရှိနိုင်သည်။ သို့ရာတွင် ဤသစ္စာရှိမှုသည် တစ်နေ့တွင် ဓားကိုင်ဆောင်သူကို ပြန်လည်တိုက်ခိုက်မည့် ဓားသွားနှစ်ဖက်ပါသော ဓားတစ်လက်ပင်။

လုယွီသည် ယခုအချိန်၌ ထိုကဲ့သို့ အမှားမျိုးကို ထပ်မံ၍ကျူးလွန်ရန် ရည်ရွယ်မထားချေ။

"ငရဲနယ်မြေရဲ့ အင်အားစုတွေက ရှေးဟောင်းခေတ်ကတည်းက သဲပုံတစ်ပုံလိုမျိုး ပြန့်ကျဲနေခဲ့တယ်..."

လုယွီက ငရဲနယ်မြေကိုကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

"အခု ငါက ဒါကို မဟာချင်ရဲ့နယ်မြေထဲ သွတ်သွင်းလိုက်မယ်..."

"ဘုန်း..."

ငရဲနယ်မြေ၏ ကောင်းကင်နှင့်မြေပြင် ဥပဒေသများမှ ပြင်းထန်သော တုန်ခါသံတစ်သံ ထွက်ပေါ်လာသည်။

ဤနယ်မြေ၏မိုးကောင်းကင်တာအိုသည် တစ်စုံတစ်ရာသော အပ်နှင်းမှုကို လက်ခံရရှိလိုက်သည့်အလား ထူးကဲသော အခြေအနေသို့ ရောက်ရှိသွားပေ၏။

"အရှင်ဧကရာဇ်... ယန်မိသားစု ရဲ့အင်အားစုတွေအားလုံးကို ချေမှုန်းပြီးပါပြီ..."

ချင်လုရှန်း ဒူးတစ်ဖက်ထောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူ၏သံချပ်ကာတွင် သွေးများ စွန်းထင်းနေဆဲပင်။ အကြီးအကဲနှစ်ဦးဖြစ်သော ယန်ချီနှင့်ယန်ခွမ်းတို့အပြင် အစောင့်အရှောက်များနှင့်ဘဏ္ဍာစိုးကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တချို့ ရှိနေကြသော်လည်း သူတို့အားလုံး ချင်လုရှန်း၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြသည်။

ချင်လုရှန်း၏ဆရာသခင်မှာ ဖန်းနင်းချူပင်။ ဝါစဉ်အရ တွက်ချက်မည်ဆိုပါက လုယွီကို ချင်လုရှန်း၏ဘိုးဘေးအဖြစ် သတ်မှတ်နိုင်သည်။

အတိတ်တွင် မြေအောက်လောက တာအိုသခင် ၏အမွေအနှစ်သည် မည်မျှထိ စွမ်းအားကြီးမားသနည်း...

နဂါးကိုးကောင်အာဏာရှင် ရုပ်ခန္ဓာကိုယ်နည်းစနစ်ကို သူ အပြည့်အဝ ထုတ်ဖော်အသုံးပြုလိုက်ချိန်၌ တခြားသူများ၏မှော်စွမ်းအားများကို ဝါးမြိုနိုင်ပြီး တိုက်ပွဲတစ်ခုစီတိုင်းတွင် သူ့ကို ပို၍သန်မာလာစေသည်။

Chapter 5392

"မဆိုးဘူး..."

လုယွီက ပြောဆိုသည်။

လုယွီ၏ချီးကျူးစကားကို ကြားလိုက်ရသဖြင့် ချင်လုရှန်း၏နောက်ရှိ စစ်ဗိုလ်ချုပ်အမြောက်အများ၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားသော အမူအယာများ ထင်ဟပ်လာကြသည်။

လုယွီသည် စစ်တပ်ကိုစီမံခန့်ခွဲရာတွင် အလွန်တင်းကြပ်သဖြင့် ထိုကဲ့သို့ ချီးကျူးမှုမျိုးကို ရရှိခြင်းသည် သူတို့၏တိုက်ပွဲရလဒ်များကို သွယ်ဝိုက်သောနည်းလမ်းဖြင့် အတည်ပြုပေးခြင်းပင်။

"အရှင်ဧကရာဇ်... ဒီနေရာမှာ ယန်မိသားစုရဲ့ တော်ဝင်မင်းသားတစ်ပါးကို ဖမ်းမိပါတယ်..."

စစ်ဗိုလ်ချုပ်တစ်ဦးက အလျင်စလို သတင်းပို့သည်။

ငါးကြီးတစ်ကောင် ဖမ်းမိသသည့်အလား သူတို့၏မျက်နှာများပေါ်တွင် ဝမ်းသာမှုများဖြင့် ပြည့်နှက်နေပေ၏။

ဤချင်စစ်တပ် စစ်ဗိုလ်ချုပ်များ၏ နောက်တွင် လူငယ်တစ်ဦးကို ကြိုးဖြင့် တုပ်နှောင်ကာ ဖမ်းဆီးထားသည်။ ထိုလူငယ်၏ဆံပင်များ ဖရိုဖရဲဖြစ်နေကာ သူ၏ပါးစပ်ထောင့်မှ သွေးများ ယိုစီးကျနေပြီး သူ၏မျက်လုံးများ အနည်းငယ် ယောင်ယမ်းနေသဖြင့် ဤနေရာသို့ ခေါ်ဆောင်မလာမီ ပြင်းထန်စွာ အရိုက်ခံထားရပုံရရှိသည်။

"ယန်မိသားစုမှာ တော်ဝင်မင်းသားတွေ ရှိသေးတာလား..."

လုယွီက အော်ဟစ်၍ မရယ်မောဘဲ မနေနိုင်တော့ချေ။

ယခင်က မြေအောက်လောက တာအိုသခင် လက်ထက်တွင် ယန်မိသားစုသည် ခွေးတစ်ကောင်ကဲ့သို့ နာခံရို့ကျိုးခဲ့သည်။

သူတို့သည် သရဲဘုရင်များ ဖြစ်ကြသော်လည်း ယမမင်းသည် လုယွီ၏ သတိထားမှုကို ကာကွယ်ရန်အတွက် သူ၏ဆွေမျိုးများကို အိမ်ရှေ့စံ (သို့မဟုတ်) မင်းသားဟု မခေါ်ဝေါ်ရန် အထူး အမိန့်ပေးခဲ့ပြီး အများဆုံးအနေဖြင့် သခင်လေးဟုသာ ခေါ်ဝေါ်စေခဲ့သည်။

သို့ရာတွင် ယခုအချိန်၌ ယန်မိသားစုသည် မောက်မာထောင်လွှား လာခဲ့လေပြီ။ ယမမင်းသည် သူ့ကိုယ်သူ ဧကရာဇ်ဟု ကြေညာရုံသာမက မိသားစု၏မျိုးဆက်များကလည်း သူတို့ကိုယ်သူတို့ တော်ဝင်မင်းသားများဟု ခေါ်ဝေါ်နေကြသည်။

"ချင်ဧကရာဇ်... ဒါက ငါ့ကို အညံ့ခံစေနိုင်မယ်လို့ မင်း ထင်နေတာလား... စိတ်ကူးတောင် မယဉ်နဲ့..."

လူငယ်သည် ခေါင်းမော့လိုက်ပြီး ဖြောင့်မတ်ကာ ကြောက်ရွံ့ခြင်းမရှိသည့်ပုံ ပေါက်နေသည်။

ထိုပုံပန်းသွင်ပြင်ကို မြင်တွေ့လိုက်ရသဖြင့် လုယွီ၏စိတ်ဝင်စားမှု ပျောက်ဆုံးသွားပေ၏။

မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်သာရှိသော တော်ဝင်မင်းသားတစ်ပါး ဖြစ်နေသလော...

ယန်မိသားစု၏မျိုးဆက်သစ်များအကြားတွင် ဤလူသည် အရာဝင်ကောင်း ဝင်နိုင်သော်လည်း မဟာချင်အင်ပါယာကဲ့သို့ မွန်းစတားကြီး၏ရှေ့တွင် ထိုကဲ့သို့ အရေးမပါသူတစ်ယောက်သည် ထည့်ပြောနေရန်ပင် မလိုချေ။

"သူ့ကို ဆွဲထုတ်သွားပြီး ကွပ်မျက်လိုက်စမ်း..."

လုယွီက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ချင်စစ်သည်တော်များ ရှေ့သို့တိုးလာပြီး လူငယ်၏ပခုံးများကို ဖိချကာ အနောက်ဘက်သို့ ဆွဲခေါ်သွားကြသည်။

လူငယ်သည် အချိန်တခဏကြာမျှ ကြက်သေသေသွားပြီးနောက် သူ၏ခန္ဓာကိုယ်အား ဆွဲခေါ်ခြင်းခံနေရသည်ကို ချက်ချင်းခံစားလိုက်ရပြီး ရုတ်တရက် ထိတ်လန့်သွားသည်။

"ခဏလေး... ငါ့ဆီမှာ သတင်းအချက်အလက် တချို့ ရှိသေးတယ်... ငါတို့ ဆွေးနွေးလို့ ရနိုင်ပါတယ်..."

လူငယ်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သို့သော် ချင်စစ်သည်တော်များသည် စကားတစ်ခွန်းမျှမပြောဘဲ သူ၏မျက်နှာကို ကန်ကျောက်လိုက်ရာ သွေးစွန်းနေသော သွားအမြောက်အများကို ထွေးထုတ်လိုက်ရသည်။

ချင်စစ်သည်တော်တစ်ယောက်သည် သံမဏိဓားကို ဆွဲထုတ်လိုက်ရာ အေးစက်စက် အလင်းတန်းတစ်တန်း ပျံ့လွင့်လာပြီး သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများက သူ့ကို လွှမ်းခြုံသွားတော့သည်။

လူငယ်၏နဖူးပေါ်တွင် ချွေးသီးများ ထွက်ပေါ်လာသည်။ သေရေးရှင်ရေးအခြေအနေတွင် သူသည် ချက်ချင်းထိတ်လန့်သွားပေ၏။

"ငါက ဧကရာဇ်ရဲ့ အချစ်ဆုံး သားတော်ပါ... မင်းတို့သာ ငါ့ကို ဓားစာခံ လုပ်ထားရင် ယန်မိသားစုက လှုပ်ရှားဖို့ကို တွန့်ဆုတ်နေလိမ့်မယ်..."

သို့သော် လုယွီသည် မလှုပ်မယှက် ရှိနေဆဲပင်။

"နေပါအုံး... ငါက ယန်မိသားစုရဲ့လျှို့ဝှက်ချက် အများကြီးကိုလည်း သိထားတယ်..."

"မင်းက ရုတ်တရက်ကြီး ဝင်လာတာဆိုတော့ ငရဲနယ်မြေအကြောင်း ဘာမှသိမှာ မဟုတ်ဘူး... ငါ လမ်းပြပေးရင် မင်း ချောချောမွေ့မွေ့နဲ့ ခရီးဆက်နိုင်မှာပါ..."

"ငါက ယန်မိသားစုရဲ့ရတနာတွေရှိတဲ့ နေရာတွေအများကြီးကိုလည်း သိထားတယ်... ငါ့ကို လွှတ်ပေးပါ... ငါ မင်းကို ကူညီပြီး ရှာပေးနိုင်တယ်..."

"ငါ့ကို မသတ်ပါနဲ့... ငါက အသုံးဝင်ပါသေးတယ်..."

"ချင်ဧကရာဇ်... ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ... ငါက အရေးမပါတဲ့လူပါ..."

...

"ဝှစ်..."

လူငယ်၏အသံ ရုတ်တရက် ရပ်တန့်သွားသည်။

သူ၏ အစပိုင်းမောက်မာထောက်လွှားမှုမှ ကွပ်မျက်ခံရသည်အထိ အသက်ရှူချိန် အနည်းငယ်သာ ကြာမြင့်ခဲ့သည်။

လုယွီသည် လူငယ်၏အလောင်းကို ဂရုမစိုက်သော အမူအယာဖြင့်ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုသည်။

"ငရဲနယ်မြေက ဘယ်လိုမျိုးလဲဆိုတာ ပြောပြဖို့အတွက် မင်းကို ငါ လိုအပ်လို့လား..."

"လောကတံခါးကို စောင့်ကြပ်ဖို့ လူတချို့ကို ထားခဲ့လိုက်စမ်း... ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့် မပေးနဲ့..."

လုယွီက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

"မဟာချင်အလံကို လွှင့်ထူပြီးတော့ လမ်းတလျှောက်လုံး ချီတက်စမ်း... ပစ်မှတ်က ယန်မိသားစု ထိန်းချုပ်ထားတဲ့ ပဉ္စမနယ်မြေပဲ... ငါ ဒီနေရာကိုလာတာ ယန်မိသားစုကို သုတ်သင်ဖို့ပဲ..."

"ဟုတ်ကဲ့..."

ချင်လုရှန်းက မတ်တတ်ထရပ်လိုက်ပြီး သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ထင်ဟပ်လာသည်။

တိုက်ခိုက်ရေး တံပိုးခရာသံများသည် အရပ်မျက်နှာအဘက်ဘက်တွင် ပဲ့တင်ထပ်သွားပေ၏။ ထောက်ပို့တပ်သည် စစ်မြေပြင်ကို လျှင်မြန်စွာ ရှင်းလင်းရန် စတင်နေပြီး မဟာချင် ရှေ့တန်းတပ်ဖွဲ့သည် ထွက်ခွာသွားခဲ့လေပြီ။

သွေးစွန်းနေသော ငှက်နက်အလံသည် ငရဲနယ်မြေ၏ အထက်ကောင်းကင်မိုးကောင်းကင်ယံတွင် လူးလွန့်နေသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော စစ်ဗုံသံများကြားတွင် မဟာချင်စစ်တပ်သည် ငရဲနယ်မြေ၏ နက်ရှိုင်းသောနေရာသို့ ချီတက်သွားကြတော့သည်။

Chapter 5393

ငရဲနယ်မြေ၏ပဉ္စမနယ်မြေ.....

ငရဲနယ်မြေ၏ အဆုံးမဲ့ကျယ်ပြန့်သော အမှောင်နယ်မြေ၏အထက်တွင် ဧရာမမြို့တော်ကြီး တစ်ခုသည် ကောင်းကင်နှင့်မြေပြင်ကြား၌ တည်ရှိနေပေ၏။ မြင့်မားသောမြို့ရိုးများသည် တိမ်တိုက်များအတွင်းထိ ထွင်းဖောက်လုမတတ်ဖြစ်နေပြီး ကြီးကျယ်ခမ်းနားကာ အံ့အားသင့်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားသည်။

ဤသည်မှာ ငရဲနယ်မြေ၏အချက်အချာကျသော နေရာဖြစ်သည့် ဖုန်းတုမြို့တော်ပင်။

ဒဏ္ဍာရီများအရ ရှေးဟောင်းခေတ်တွင် ငရဲနယ်မြေသည် ပျက်စီးသွားခဲ့ရာ ငရဲနှင့်ယင်အုပ်ချုပ်မှုသည် ကွဲကွာသွားခဲ့ပေ၏။ ယင်အုပ်ချုပ်မှုငရဲနယ်မြေ၏ ကြေမွှသွားသော ဗဟိုချက်သည် ဤနေရာ၌ ပြန့်ကျဲသွားခဲ့ပြီး တဖြည်းဖြည်း စည်ပင်ဝပြောလာခဲ့သည်။ ဤအဓိကနေရာကို ဗဟိုပြု၍ တိုးပွားလာခဲ့ပြီး နောက်ဆုံးတွင် ငရဲနယ်မြေတစ်ခုလုံးကို ဖွဲ့စည်းနိုင်ခဲ့သည်။

ဖုန်းတုသည် ငရဲနယ်မြေ၏အဓိကနေရာ ဖြစ်ရုံသာမက နယ်မြေဆယ့်ရှစ်ခုကြားတွင် အကြီးဆုံးမြို့တော်နှင့် စုရပ်တစ်ခုလည်း ဖြစ်ပေ၏။ မြို့တော်အတွင်းရှိ လူဦးရေသည် သန်းတစ်ရာကျော်ရှိသဖြင့် ငရဲနယ်မြေ၏ နံပါတ်တစ်မြို့တော်ကြီး ဖြစ်လာခဲ့သည်။

ဤမြို့တွင် လူအမြောက်အများ စုဝေးနေကြခြင်းမှာ ဤနေရာ၌ ထူထပ်ပြီး ပေါကြွယ်ဝသော စိတ်ဝိညာဉ်စွမ်းအင်များ ရှိနေသောကြောင့်ပင်။ ထိုကျယ်ပြန့်ပြီး နက်ရှိုင်းသော စိတ်ဝိညာဉ်စွမ်းအားများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်နေသည်။ ဤနေရာ၌ ကျင့်ကြံခြင်းသည် အားစိုက်ထုတ်မှုတစ်ဝက်ဖြင့် ရလဒ်နှစ်ဆကို ရရှိစေနိုင်သည်။ အစွမ်းထက် သရဲဘုရင်အမြောက်အများသည်လည်း ဖုန်းတုတွင် နေထိုင်ရန် ရွေးချယ်ကြသည်။

ဤအချိန်တွင် ဖုန်းတုနန်းတော်အတွင်း၌ ဟိန်းဟောက်သံကဲ့သို့ ရှည်လျားသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

ထိုအသံသည် အဆုံးမဲ့ဒေါသများကို သယ်ဆောင်လာပြီး နန်းတော်၏မြေပြင်ကိုပင် တုန်ခါသွားစေသည်။ ဤသည်မှာ ရူးသွပ်မတတ် ပေါက်ကွဲနေသော ဒေါသပင်။ ဖြတ်သွားဖြတ်လာ နန်းတွင်းအပျိုတော်များနှင့် အစေခံများသည် ကျောချမ်းသွားသည်အား ခံစားမိပေ၏။

"ဧကရာဇ်က ဒေါသထွက်နေတယ်... ဘာတွေများ ဖြစ်ပျက်ခဲ့လို့လဲ..."

"လောကတံခါး ချိုးဖျက်ခံလိုက်ရပြီလို့ ကြားတယ်... ကောင်းကင်ဘုံနယ်မြေက မဟာချင်စစ်တပ်က ဒီနေရာကို သတ်ဖြတ်ပြီး ဝင်ရောက်လာကြပြီတဲ့..."

"ဘာ... ခုနစ်လပိုင်း ဆယ့်ငါးရက်နေ့တောင် မရောက်သေးဘူးလေ... သူတို့က လောကတံခါးကို ဘယ်လိုလုပ်ပြီးတော့ ဖွင့်နိုင်မှာလဲ..."

"အဲ့ဒါက ဘာမဖြစ်နိုင်စရာ ရှိလို့လဲ... အင်အားစုတွေအများကြီးက ကင်းထောက်တွေကိုယ်တိုင် မြင်တွေ့ခဲ့ကြတာ... ဒါက သတင်းမှား လုံးဝ မဟုတ်ဘူး..."

ယန်မိသားစု အကြီးအကဲတစ်စုသည် နန်းတော်တံခါးဝရှေ့၌ စုဝေးနေကြပြီး အချင်းချင်း ဆွေးနွေးနေကြရာ သူတို့၏အသံများတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေပေ၏။

လောကတံခါးသည် ငရဲနယ်မြေအတွက် ထာဝရ မပြောင်းလဲနိုင်သော တည်ရှိမှုကြီးတစ်ခုပင်။

ငရဲနယ်မြေကို ထိန်းချုပ်ထားသူ မဟုတ်လျှင် မည်သူမျှ ဤတံခါးကို ဆန္ဒရှိသည့်အတိုင်း ဖွင့်လှစ်နိုင်မည် မဟုတ်ချေ။

ယခုအချိန်၌ လောကတံခါး ရုတ်တရက် ချိုးဖျက်ခံလိုက်ရသဖြင့် လူအများ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပေါ်လွင်နေပေ၏။

ယန်မိသားစု အကြီးအကဲတစ်ဦးသည် တစ်စုံတစ်ခုကို တွေးတောမိပြီး တိုးညှင်းသော အသံဖြင့် ပြောဆိုလိုက်သည်။

"ဧကရာဇ်က လောကတံခါးကို ထိန်းချုပ်နိုင်တယ်လို့ ပြောခဲ့တာကြောင့် သရဲဘုရင်အများစုရဲ့ အသိအမှတ်ပြုမှုကို ရရှိခဲ့တာ... အခု လောကတံခါးကို တစ်ယောက်ယောက်က ရုတ်တရက်ကြီး ဖွင့်လိုက်တော့ အဲ့ဒီသရဲဘုရင်တွေက ဒါကို အခွင့်ကောင်းယူပြီး ပြဿနာရှာကြမှာကို ငါ စိုးရိမ်တယ်..."

တခြားယန်မိသားစု အကြီးအကဲတစ်ဦးက အေးစက်စက် နှာမှုတ်လိုက်၏။

"အဲ့ဒီ သူရဲဘောကြောင်တဲ့ သရဲဘုရင်တွေက သူတို့ရဲ့အင်အားနဲ့ ငါတို့ယန်မိသားစုကို ကြောက်ရွံ့ကြတာကြောင့် မဆင်မခြင် ပြုမူရဲကြမှာ မဟုတ်ဘူး..."

"အဲ့ဒါက ငါ စိုးရိမ်နေတဲ့ အချက်ပဲ... သူတို့က ခြံစည်းရိုးပေါ် ခွထိုင်နေတဲ့ ကောင်တွေ... ဘယ်သူသန်မာလဲ အဲ့ဒီဘက်ကို ပါကြမှာ... လတ်တလောမှာ ငါတို့ ယန်မိသားစုက အစွမ်းထက်ပြီး သူတို့ကို အခိုင်အမာ ဖိနှိပ်ထားနိုင်ပေမယ့် ချင်စစ်တပ်က အင်အားသုံးပြီး တိုက်ခိုက်လာရင်တော့ အခြေအနေက ပြောရခက်သွားပြီ..."

"ဟီး ဟီး... ငါတို့ ယန်မိသားစုက အဲ့ဒီကောင်လေးလောက်ကိုတောင် မယှဉ်နိုင်ဘူးလို့ မင်း ထင်နေတာလား... ကောင်းကင်ဘုံနယ်မြေက အင်အားစုတစ်ခုက ငါတို့ ငရဲနယ်မြေနဲ့ ဘယ်တုန်းက ယှဉ်နိုင်ခဲ့ဖူးလို့လဲ..."

"စိုးရိမ်စရာ မလိုပါဘူး... ငါတို့ ယန်မိသားစုက ငရဲနယ်မြေရဲ့ သန်းထောင်နဲ့ချီတဲ့ သက်ရှိတွေကို ထိန်းချုပ်ထားတာ... ငါတို့ရဲ့ စစ်ရေးအားသာချက်နဲ့ အပြင်လူတွေကို အခိုင်အမာ ဖိနှိပ်နိုင်မှာပါ..."

အကြီးအကဲများသည် ထိုအကြံဉာဏ်ကို ပယ်ချလိုက်ကြပြီး ကျူးကျော်လာသော မဟာချင်စစ်တပ်ကို အထင်အမြင်သေးနေကြသည်။

သူတို့၏အမြင်အရ ဤသည်မှာ သူတို့၏ပိုင်နက်နယ်မြေပင်။ မဟာချင်စစ်တပ်၏ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်လာခြင်းသည် အရှက်တကွဲ ဆုတ်ခွာရခြင်းဖြင့်သာ အဆုံးသတ်သွားပေလိမ့်မည်။

ထိုလူစု ဆွေးနွေးနေစဉ်မှာပင် ဖုန်းတုနန်းတော်သည် ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး အားကောင်းသော အလင်းတန်းများသည် မိုးကောင်းကင်ယံသို့ တန်းတန်းမတ်မတ် မြင့်တက်သွား၏။

ကြီးမားသော ဖိအားတစ်ရပ် ရုတ်တရက် ဆင်းသက်လာသည်။ အကြီးအကဲများအားလုံးသည် သူတို့၏စိတ်နှလုံးသားများ တုန်ခါသွားသည်ကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ ဝပ်တွားလိုက်ကြသည်။

ပုံရိပ်အမြောက်အများသည် ထိုအလင်းတန်းများ အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး လေဟာနယ်ကို နင်းလျှောက်လာကြကာ သူတို့၏အရှိန်အဝါသည် ကြီးမားကျယ်ပြန့်ပေ၏။

သူတို့သည် ခရမ်းရောင် သို့မဟုတ် အနီရောင် ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့ တစ်ဦးချင်းစီတိုင်းတွင် တည်ကြည်လေးနက်သော မျက်နှာအမူအယာများ ရှိကြပြီး ကြောက်မက်ဖွယ် ကောင်းသော မှော်စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

ထူထပ်သိပ်သည်းသော အလင်းတန်းများသည် မြင့်မားစွာ တည်ရှိနေပြီး အရေအတွက်အားဖြင့် လူပေါင်းငါးရာမျှ ရှိနေသည်။

"သူတို့အားလုံးက 'ရွှမ်' နဲ့ 'တိ' မျိုးဆက်က မဟာအကြီးအကဲတွေပဲ... သူတို့အားလုံးက တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာကြပြီ..."

လူအများသည် မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြရာ သူတို့၏မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေပေ၏။

Chapter 5394

ယန်မိသားစုတွင် မဟာအကြီးအကဲ အမြောက်အများ ရှိကြပြီး သူတို့သည် ယန်မိသားစု၏ အခြေခံအုတ်မြစ်များပင်။ အဆင့်တစ်ခုအထိ ကျင့်ကြံပြီးသူများသည် အကြီးအကဲခန်းမတွင် ပါဝင်လာကြပြီး ယန်မိသားစု၏ လွှမ်းမိုးချုပ်ကိုင်နိုင်သောအင်အား ဖြစ်လာကြ၏။

ငရဲနယ်မြေ၏ နံပါတ်တစ်မိသားစုသည် မည်သည်ကြောင့် အတုအယောင် ဂုဏ်သတင်းကြီးနေခြင်း ဖြစ်နိုင်မည်နည်း။

လက်တွေ့တွင် ယခုအချိန်အထိ ယန်မိသားစု ထုတ်ဖော်ပြသခဲ့သော အင်အားသည် ရေခဲတောင်၏ထိပ်ဖျားလေးမျှသာ ရှိသေးသည်။

မြေအောက်လောက တာအိုသခင် ရုတ်တရက် ထွက်ပေါ်မလာမီက ယန်မိသားစုသည် ငရဲနယ်မြေတစ်ခုလုံးရှိ အရာအားလုံးကို အခိုင်အမာ ထိန်းချုပ်ထားခဲ့ပြီးဖြစ်သည်။ သူတို့တွင် ရှေးဟောင်း အမွေအနှစ်များ နက်ရှိုင်းသောအခြေခံအုတ်မြစ်များ ရှိခဲ့ပြီး နယ်မြေဆယ့်ရှစ်ခုလုံးက ယန်မိသားစုကို လေးစားခဲ့ကြ၏။

ဤသည်မှာ ယန်မိသားစု အမြဲတစေ ဂုဏ်ယူခဲ့သောအရာဖြစ်သော်လည်း မြေအောက်လောက တာအိုသခင် ပေါ်လာခြင်းနှင့်အတူ အရာအားလုံး ရိုက်ချိုးခံလိုက်ရတော့သည်။

ယန်မိသားစုသည် မြေအောက်လောက တာအိုသခင်၏ လက်ပါးစေများ ဖြစ်လာခဲ့ပြီး သူ၏လက်အောင်မှ အစွမ်းထက်ဆုံး အမိန့်နာခံသူများ ဖြစ်လာခဲ့ကြသည်။

သို့သော် ထိုသစ္စာစောင့်သိမှုသည် ဓားသွားနှစ်ဖက်ပါသော ဓားတစ်လက်ပင်။

သခင်၏အမိန့်ကို နာခံသော အစေခံများသည် ပို၍ရိုးသားလေလေ သူတို့၏စိတ်နှလုံးသားထဲတွင် မကျေနပ်မှုများ ပို၍စုပုံလာလေလေ ဖြစ်တတ်သည်။

ဆည်တစ်ခုသည် မြစ်ရေကို ပိတ်ဆို့ထားသော်လည်း ဆည်ကျိုးပေါက်သွားသည့် အချိန်အခိုက်အတန့်တွင် စုပုံနေသော မြစ်ရေများသည် အဆုံးမဲ့တလိမ့်လိမ့်စီးဝင်လာပြီး အရာအားလုံးကို ဖျက်ဆီးပေလိမ့်မည်။

ထို့ကြောင့် မြေအောက်လောကတာအိုသခင် သေဆုံးပြီးနောက် ယန်မိသားစုသည် ပထမဆုံး ထွက်ပေါ်လာပြီး သစ္စာဖောက်ခဲ့သည်။ သူတို့သည် မြေအောက်လောကတာအိုသခင်၏ တပည့်များကို သတ်ဖြတ်ခဲ့ကြပြီး မြေအောက်လောကနတ်ဘုရား၏ဘုရားကျောင်းကို ဖျက်ဆီးခဲ့ကြသည်။ သူတို့သည် နယ်မြေဆယ့်ရှစ်ခုလုံးတွင် ယမမင်း၏ဘုရားကျောင်း အမြောက်အများကို တည်ဆောက်ခဲ့ကြ၏။

ဤသည်မှာ အတိတ်ကာလက သူတို့ ဆုံးရှုံးခဲ့ရသော ဂုဏ်သိက္ခာကို ပြန်လည်ရယူရန် ကြိုးစားနေသည့်အလားပင်။

"ငါတို့ယန်မိသားစုက ထာဝရတည်တံ့ပြီးတော့ စည်ကားသိုက်မြိုက်နေမှာ... ကောင်းကင်ဘုံနယ်မြေက အင်ပါယာအသစ်လေး တစ်ခုလောက်ကတော့ ငါတို့က လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးလို့ရတယ်..."

"ဒီတစ်ကြိမ်မှာ ငါတို့ယန်မိသားစုက ပေါ့ဆမိသွားတယ်... ဒါပေမဲ့ ဒါကလည်း ကောင်းတဲ့အချက်ပဲ... ဒီတိုက်ပွဲက ငါတို့ယန်မိသားစုရဲ့ ပိုင်နက်နယ်မြေမှာ တိုက်ခိုက်တာ... ချင်စစ်တပ်ကို ချေမှုန်းပြီးတာနဲ့ ငါတို့ ယန်မိသားစုက အခြေအနေကို အခွင့်ကောင်းယူပြီးတော့ ကောင်းကင်ဘုံနယ်မြေကို ချီတက်နိုင်လိမ့်မယ်..."

ယန်မိသားစုမှ အကြီးအကဲအမြောက်အများသည် အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

ဤသည်မှာ ယန်မိသားစုအတွက် အတိတ်က သူတို့၏အရှက်တရားများကို ဆေးကြောရန် အခွင့်အရေးကောင်းတစ်ခုပင်။

နန်းတော်အထက်တွင် အလင်းတိုင်များသည် မြင့်မားစွာ တည်ရှိနေပြီး ကြီးမားသော ဖိအားလှိုင်းများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ထိုမဟာအကြီးအကဲ တစ်ဦးစီတိုင်းသည် ငရဲနယ်မြေတွင် ကြီးမားသော ဂုဏ်သတင်းကျော်စောမှု ရှိသည့် အစွမ်းထက် ထိပ်သီးကျင့်ကြံသူများပင်။ ထိုလူများအနက် လုယွီ သတ်ဖြတ်လိုက်သော ယန်ရွှမ်းထန်ကဲ့သို့ 'ရွှမ်' မျိုးဆက်သည် အရေအတွက် အများဆုံး ဖြစ်ပြီး 'တိ' မျိုးဆက်သည် ပို၍ပင် သန်မာအားကောင်းကြသည်။

ထျန်... တိ...ရွှမ်....

မတူညီသော မျိုးဆက်သုံးခုသည် အစွမ်းထက် ကျင့်ကြံသူများ၏ မတူညီသော အဆင့်များကို ကိုယ်စားပြုသည်။

သို့သော် မည်သည့်အဆင့် ထိပ်သီးကျင့်ကြံသူဖြစ်စေ တစ်စုံတစ်ယောက်ကို ဆွဲထုတ်လိုက်သည်နှင့် ဒေသတစ်ခုကို ဟန့်တားနိုင်သော တည်ရှိမှုတစ်ခုပင်။

"ဧကရာဇ်က မဟာအမိန့်တော်ကို ထုတ်ပြန်လိုက်ပြီ... ကျူးကျော်လာတဲ့ ရန်သူကို ချေမှုန်းကြစမ်း..."

ခန့်ညားထည်ဝါသော အသံတစ်သံသည် မိုးကောင်းကင်ယံအနှံ့အပြား၌ ပျံ့နှံ့သွားသည်။ ရွှေရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်သည် လေဟာနယ်ကို နင်းလျှောက်လာကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

ဖုန်းတုမြို့တော်အတွင်း၌ မရေမတွက်နိုင်သော ယန်မိသားစုကျင့်ကြံသူများသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ မဟာအမိန့်တော်ကို ရိုသေလေးစားစွာ နာခံနေကြသည်။

"ဒါက ဒီမျိုးဆက် အကြီးအကဲခန်းမရဲ့ ခေါင်းဆောင် မဟာအကြီးအကဲ ယန်ထျန်ရှင်းပဲ... သူကိုယ်တိုင် ထွက်လာတော့မှာလား..."

လူအမြောက်အများ၏ စိတ်နှလုံးသားများ ပြင်းထန်စွာ ခုန်ပေါက်နေကြ၏။ ကြီးမားသော စစ်ပွဲကြီးတစ်ခု စတင်တော့မည်ကို သူတို့ အာရုံခံမိကြသည်။

ဖုန်းတုမြို့တော်သည် တုန်ခါသွားပြီး အင်အားစုအမြောက်အများသည် ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိလိုက်ရသဖြင့် အံ့အားသင့်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ကြ၏။

နှစ်ပေါင်း မည်မျှထိ ကြာမြင့်ခဲ့ပြီကို သူတို့ မသိကြသော်လည်း ယန်မိသားစုမှ ဤမျှထိ များပြားသော အစွမ်းထက် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ စေလွှတ်သည်ကို မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင်။

"လောကတံခါး တိုက်ပွဲတုန်းက ယန်မိသားစု ချေမှုန်းခံလိုက်ရတယ်.. အခု သူတို့က ကလဲ့စား ပြန်ချေချင်နေကြတာပဲ..."

"ငါ အဲ့ဒီတိုက်ပွဲကို ကြည့်ခဲ့တယ်... ချင်စစ်တပ်က သူတို့ကို အမြစ်ပြတ်ရှင်းလင်းသွားခဲ့တာ... ယန်မိသားစုက ပြန်ပြီးတိုက်ခိုက်နိုင်စွမ်း မရှိခဲ့ဘူး..."

"မင်း အဲ့ဒီလို ကြည့်လို့ မရဘူး... ဘာပဲပြောပြော ယန်မိသားစုက လောကတံခါး ပွင့်သွားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ကြဘူးလေ... ဒါကြောင့် ခုနစ်လပိုင်း ဆယ့်ငါးရက်နေ့ကလွဲရင် တခြားအချိန်တွေမှာ ခံစစ်အင်အားက မသန်မာဘူး... ဒီစစ်ပွဲက ဘာကိုမှ သက်သေမပြနိုင်ဘူး..."

"ဒါက ငါတို့ ငရဲနယ်မြေလေ... ချင်စစ်တပ်က အပြင်လူတွေပဲ... သူတို့ အတင်းဝင်လာရင် ရှုံးနိမ့်ပြီး ပြန်သွားရုံပဲ ရှိမှာ..."

လူအများစုသည် ယန်မိသားစုကိုသာ အထင်ကြီးနေကြဆဲပင်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ငရဲနယ်မြေတွင် တစ်ဘဝလုံး နေထိုင်လာခဲ့ကြပြီး သူတို့ မြင်တွေ့ကြားသိခဲ့ရသမျှ အရာအားလုံးမှာ ယန်မိသားစု၏ အစွမ်းထက်သော တည်ရှိမှုသာ ဖြစ်ပေ၏။

မဟာချင်နှင့်ပတ်သက်၍မူ ဝေးကွာသော ကောင်းကင်ဘုံနယ်မြေ၌ ထိုကဲ့သို့ အင်ပါယာတစ်ခု ရှိကြောင်းကို သူတို့ ဝိုးတဝါး ကြားဖူးခဲ့ကြသော်လည်း နားမလည်ခဲ့ကြချေ။ လူအမြောက်အများသည် ယခုအချိန်အထိ အတိတ်ကာလက တာယွီကောင်းကင်ဘုံအင်ပါယာကိုသာ စိတ်ကူးယဉ်တွေးတောနေကြဆဲပင်။

Chapter 5395

ဘုန်း...

ကြီးမားသော ကျောက်တိုင်စာရင်းတစ်ခုသည် မြင့်မားသော တံတိုင်းကြီးတစ်ခုအလား လေဟာနယ်ကို ဖြတ်သန်းကာ ထွက်ပေါ်လာသည်။ ထိုအရာသည် ကြီးမားကျယ်ပြန့်ပြီး တိုက်ပွဲဝင်စိတ်ဆန္ဒများ ဖြာထွက်နေကာ အရှိန်အဝါသည် အကန့်အသတ်မဲ့ မြင့်မားပေ၏။

ထိုကျောက်တိုင်စာရင်းတွင် သရဲနယ်မြေ၏ အနက်ရောင်စာလုံးများဖြင့် ရေးသားထားသော ရတနာအမျိုးမျိုး ပါဝင်ပြီး ထူထပ်သိပ်သည်းစွာ စီတန်းထားရာ အမျိုးအစားပေါင်း သန်းရာနှင့်ချီပြီး ရှိနေသည်။

ထိုအရာများအနက် ကျင့်ကြံနည်းစနစ်များနှင့် လျှို့ဝှက်နည်းစနစ်များမှအစ မှော်ရတနာများ လက်နက်များ သံချပ်ကာများ၊ နတ်ဆိုးသားရဲများနှင့် တခြားအရာများအထိ ပုံသဏ္ဌာန် အမျိုးမျိုး ပါဝင်သည်။ ထို့ပြင် ပြီးပြည့်စုံသော အမျိုးအစားများလည်း ရှိနေကာ 'ယန်မိသားစု သခင်တစ်ဦးထံမှ ပညာအမွေ ဆက်ခံခြင်း' ကဲ့သို့ အရာများပင် ပါဝင်နေသည်။

ပစ္စည်းတစ်ခုစီ၏နောက်တွင် သက်ဆိုင်ရာ တိုက်ပွဲအောင်မြင်မှုများကို မှတ်သားထားပေ၏။ ဆုလာဘ်တစ်ခုရရှိရန်အတွက် လုံလောက်သော တိုက်ပွဲအောင်မြင်မှုများ ရရှိရန် လိုအပ်သည်။

ဤစာရင်းတွင် ဖော်ပြထားသော အရာများသည် ပြင်ပလောကတွင် ရှာဖွေရန် အလွန်ခက်ခဲသော ရတနာများပင်။ လူအမြောက်အများသည် သူတို့၏နတ်ဘုရားစိတ်အာရုံကို ထိုစာရင်းပေါ်သို့ စူးစိုက်လိုက်ကြပြီးနောက် သူတို့၏မျက်လုံးများ ချက်ချင်းတောက်ပလာကြ၏။

"ဒါက ယန်မိသားစုရဲ့တပည့်ရင်းတွေပဲ ရနိုင်တဲ့ ရတနာစာရင်းပဲ... ယန်မိသားစုက တကယ်ကြီး ဒီစာရင်းကို ထုတ်ပြလာတာလား..."

"ဒီတစ်ကြိမ် ယန်မိသားစုရဲ့လူသစ်စုဆောင်းမှုက ပုံမှန်မဟုတ်ဘူး..."

ယန်မိသားစုသည် ဤတစ်ကြိမ်တွင် အမှန်တကယ်ကို အစွမ်းကုန် ကြိုးစားနေပြီဟု လူအများက အံ့အားတသင့် ရေရွတ်လိုက်ကြသည်။

ငရဲနယ်မြေသည် ပြင်ပလောကနှင့်မတူဘဲ ကြေးစားဆင့်ခေါ်သော စစ်မှုထမ်းစနစ်ကို ကျင့်သုံးသည်။

ဆိုလိုသည်မှာ မိသားစုတစ်စုအတွင်း၌ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် စစ်တပ်တစ်ခုကို ပျိုးထောင်ထားသော်လည်း ဤလူအရေအတွက်မှာ အလွန်အမင်း များပြားခြင်း မရှိချေ။ အကြောင်းအရင်းမှာ လူအမြောက်အများ ရှိနေခြင်းသည် မိသားစု၏စီးပွားရေးကို ထိခိုက်စေနိုင်သောကြောင့်ပင်။ စစ်ပွဲနှင့် ကြုံတွေ့ရချိန်၌ ဤမိသားစုများသည် အနယ်နယ်အရပ်ရပ်မှ ကြေးစားကျင့်ကြံသူများကို စုဆောင်းပြီး စစ်တပ်သို့ ဝင်ရောက်ကာ အတူတကွ တိုက်ခိုက်စေသည်။

မဟာချင် မဟာကျိုးနှင့် မဟာထန်ဟူသော အင်ပါယာကြီးသုံးခုသည် ကြီးမားသော စစ်တပ်များကို အစဥ်အမြဲ ထိန်းသိမ်းထားကြသည်။ ထိုစစ်သားများသည် သာမန်ကြေးစားကျင့်ကြံသူများထက် အရည်အသွေး များစွာသာလွန်သော ကျွမ်းကျင်စစ်သည်တော်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပေ၏။

သို့သော် ကြေးစားစစ်မှုထမ်းစနစ်တွင်လည်း အကျိုးကျေးဇူးများ ရှိနေသည်။ ဆိုလိုသည်မှာ လူပေါင်း မည်မျှထိ သေဆုံးသည်ဖြစ်စေ မိသားစု၏အခြေခံအုတ်မြစ်ကို ထိခိုက်စေမည် မဟုတ်ချေ။ သူတို့သည် ငွေကြေးတချို့ကို အသုံးပြုလိုက်ရုံဖြင့် မရေမတွက်နိုင်သော လူများကို သူတို့အတွက် တိုက်ခိုက်ပေးစေနိုင်သည်။

ဤသည်မှာလည်း ယန်မိသားစု မည်သည်ကြောင့် ဤမျှထိ ယုံကြည်မှုရှိနေခဲ့သည့် အကြောင်းအရင်းပင်။

သူတို့သည် လူအင်အားကို သုံးစွဲခြင်းဖြင့် ချင်စစ်တပ်ကို အင်အားကုန်ခမ်းသွားစေနိုင်သည်။ ငရဲနယ်မြေတွင် လူအင်အားရှားပါးမှု မရှိချေ။

ယန်မိသားစု ထိန်းချုပ်မှုအောက်ရှိ ပဉ္စမနယ်မြေ အတွင်းတွင် ငရဲငယ်ဆယ့်လေးခုလည်း ရှိသေးပြီး ငရဲနယ်မြေသို့ ပစ်ချခံရသော စိတ်ဝိညာဉ်များကို ထိုနေရာတွင် ချုပ်နှောင်ထားသည်။ ဤသည်မှာလည်း သူတို့အတွက် အကူအညီရနိုင်သော အရင်းအမြစ်တစ်ခုပင်။

ဤသည်က စိတ်ဝိညာဉ်များကို စစ်သည်များအဖြစ် နတ်ဆိုးများကို တပ်သားများအဖြစ် အသုံးပြုခြင်းပင်။ သရဲစိတ်ဝိညာဉ်စစ်တပ် ထွက်ပေါ်လာသည်နှင့် ထိုအရာသည် ဒီရေအလား တလိမ့်လိမ့်ထလာပြီး မည်သူကမျှ သူတို့ကို တားဆီး၍ မရနိုင်ချေ။

ဤသည်မှာ ယန်မိသားစု၏ယုံကြည်မှုနှင့် အရပ်မျက်နှာအဘက်ဘက်ရှိ ရန်သူများကို ဟန့်တားနိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။

"ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ... ယန်မိသားစုရဲ့ အဲ့ဒီရတနာတွေက အရင်တုန်းက ယန်မိသားစုဝင်တွေပဲ ရနိုင်ခဲ့တာ... အပြင်မှာ လိုချင်ရင်တောင် ဝယ်လို့ မရဘူး..."

"ဧကရာဇ်စိတ်ဝိညာဉ် ပုတီးစေ့လို ရတနာမျိုးတောင် ပါသေးတယ်... ဒီရတနာနဲ့ဆိုရင် ငါ့ရဲ့စိတ်ဝိညာဉ်ကို နောက်တစ်ဆင့် မြှင့်တင်နိုင်လိမ့်မယ်..."

"မဖြစ်ဘူး... ဒီအခွင့်အရေးက နှစ်တစ်ထောင်မှာ တစ်ခါပဲ ရနိုင်တာ... ငါ လက်လွှတ်ခံလို့ မဖြစ်ဘူး... မဟာချင်ဧကရာဇ်က လူငယ်တစ်ယောက်လို့ ငါ ကြားထားတယ်... ယန်မိသားစုက အဲ့ဒီလူတွေကို ဖျက်ဆီးဖို့ လွယ်ကူမှာပါ..."

ဖုန်းတုရှိ လူအမြောက်အများသည် ရက်ရောသော ဆုလာဘ်များကြောင့် စိတ်လှုပ်ရှားနေကြ၏။

ကြေးစားများအနေဖြင့် သူတို့ တန်ဖိုးထားသည်မှာ သူတို့ ရရှိနိုင်သော အကျိုးအမြတ်များပင်။

ယန်မိသားစု၏ ကြီးကျယ်ခမ်းနားသော လုပ်ရပ်သည် လူအမြောက်အများကို သူတို့ထံသို့ စုပြုံ၍ ရောက်ရှိလာစေသည်။

"ဆုလာဘ်တွေကို တိုက်ပွဲအောင်မြင်မှုတွေနဲ့ ဆုံးဖြတ်မှာပါ... ဒီလူစုဆောင်းမှုက ရေရှည် အကျိုးသက်ရောက်မှု ရှိလိမ့်မယ်... ငါတို့ယန်မိသားစုက ကောင်းကင်ဘုံကို ဓားနဲ့ ချိန်ရွယ်ထားပြီးတော့ မကြာခင်မှာ ကောင်းကင်ဘုံနယ်မြေတစ်ခုလုံးကို သိမ်းပိုက်တော့မယ်... မင်းတို့က ငါတို့ယန်မိသားစုနောက်ကို လိုက်ပြီး ထူးချွန်တဲ့ တိုက်ပွဲအောင်မြင်မှုတွေ ရယူနိုင်ရင် ယန်မိသားစုထဲကို ဝင်ရောက်ဖို့ အထူးခွင့်ပြုချက် ရနိုင်တယ်..."

ယန်မိသားစု၏ မဟာအကြီးအကဲတစ်ဦးက ထုတ်ပြန်ကြေညာလိုက်သည်။

ဤစကားသံ ထွက်ပေါ်လာသည်နှင့် လူအများကြားတွင် ချက်ချင်းဆိုသလိုပင် နောက်ထပ်အုတ်အော်သောင်းနင်း ဖြစ်သွားသည်။

ငရဲနယ်မြေရှိ မိသားစုအများစုအတွက် သွေးမျိုးဆက်သည် အရေးကြီးဆုံးအရာပင်။

ယန်မိသားစုသည် နှစ်ထောင်ပေါင်းများစွာ လက်ဆင့်ကမ်းဆင်းသက်လာခဲ့ခြင်း ဖြစ်ပြီး မိသားစုသွေးမျိုးဆက်ကို အလေးအနက်ထားဆုံးဖြစ်သည်။ ရှေးဟောင်းခေတ်မှ ယခုအချိန်အထိ ယန်မိသားစုကို ဝင်ရောက်ခွင့် ရရှိသော အပြင်လူဟူ၍ အလွန်နည်းပါးသည်။

ယန်မိသားစုဝင်တစ်ဦး ဖြစ်လာခြင်း၏ အကျိုးကျေးဇူးများကို တွေးတောမိချိန်၌ လူအများ၏မျက်လုံးများမှာ စူးရှတောက်ပလာကြသည်။

All Chapters