အခန်း (၅၃၉၆-၅၄၀၀)
Vol. 273 Ch. 5396-5400
Chapter 5396
ယန်မိသားစု၏ အထက်စီးဆန်သော လူစုဆောင်းမှုနှင့် နှိုင်းယှဉ်လျှင် ချင်စစ်တပ်သည် တည်ငြိမ်နေဆဲပင်။
ချင်လုရှန်း၏ကွပ်ကဲမှုအောက်တွင် မဟာချင်သည် ယန်မိသားစု၏သက်ရောက်မှုကို မခံရသည့်အလား အဆင့်တစ်ဆင့်ချင်းစီကို ခိုင်မာအောင် လုပ်ဆောင်ရင်း အလျင်လိုခြင်းမရှိဘဲ စည်းစနစ်တကျ တိုးတက်နေခဲ့သည်။
မဟာချင်၏ငှက်နက်အလံကို လွှင့်ထူထားပြီး ထိုအရာကို မြင်တွေ့ရသော အင်အားစုများအားလုံးသည် ကြောက်ရွံ့မှုလှိုင်းလုံးကြီးဖြင့် ရိုက်ခတ်ခြင်း ခံလိုက်ရလေ၏။ သူတို့သည် အညံ့ခံသူသူများကို အသက်ချမ်းသာပေးသော်လည်း အညံ့မခံသူများအားလုံး သုတ်သင်ခြင်းခံရသည်။
ချင်စစ်တပ်သည် ဤတစ်ကြိမ်တိုက်ပွဲကို အလေးအနက်ထားနေကြောင်း လူများအားလုံး မြင်တွေ့နိုင်သည်။
သူတို့၏ရည်မှန်းချက်သည် ယန်မိသားစုကို ဖျက်ဆီးရန်သာ မဟုတ်ဘဲ ငရဲနယ်မြေတစ်ခုလုံးကို သူတို့၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေရန်လည်း ဖြစ်သည်။
အကူအညီတောင်းခံမှုများသည် နှင်းပွင့်များအလား ယန်မိသားစုထံသို့ တဖွဲဖွဲဝင်ရောက်လာပေ၏။
"မဟာချင်သာ ငရဲနယ်မြေထဲက ထွက်မသွားရင် ငါတို့ယန်မိသားစုရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရလိမ့်မယ်... အဲ့ဒီအချိန်ကျမှ နောင်တမရကြနဲ့..."
ယန်မိသားစု၏မဟာအကြီးအကဲက ထုတ်ပြန်ကြေညာလိုက်သည်။
ငရဲနယ်မြေတခွင်လုံးရှိလူများ ထိတ်လန့်တုန်လှုပ်သွားသည်။ ယန်မိသားစုသည် ဤကဲ့သို့ စကားမျိုး မပြောခဲ့သည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။ မဟာချင်သည် ယန်မိသားစု၏သည်းခံနိုင်စွမ်းကို ထိပါးခဲ့သည်ဟု ထင်ရပေ၏။
ဤသည်မှာ ယန်မိသားစုက ပြင်းထန်သော တန်ပြန်တိုက်စစ်ကို စတင်တော့မည့် လက္ခဏာ တစ်ရပ်ဟု လူအများက ယုံကြည်ထားကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် မဟာချင်၏စစ်ဗိုလ်ချုပ်များသည် ဤထုတ်ပြန်ကြေငြာချက်ကို အရေးမလုပ်ကြချေ။
ချင်လုရှန်းက အေးစက်တင်းမာစွာ အော်ဟစ်လိုက်သည်။
"မင်းတို့ယန်မိသားစု ပိုင်ဆိုင်သမျှ အရာအားလုံးက ငါတို့ မဟာချင်ပိုင်တာ... စစ်သားစုဆောင်းဖို့ မဟာချင်ရဲ့ရတနာတွေကို အသုံးပြုရဲအောင် မင်းတို့ကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ..."
ဤအသံသည် အလွန်ကျယ်လောင်ပြီး လူအမြောက်များမှ ကြားလိုက်ရသည်။
ငရဲနယ်မြေမှ လူတချို့သည် ထိတ်လန့်သွားကြ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော အချိန်ကာလအတွင်းတွင် ယန်မိသားစုကို ဤကဲ့သို့ ပြောဆိုရဲသော အင်အားစု တစ်ခု ထွက်ပေါ်လာသည်က ဤသည်မှာ ပထမဆုံးအကြိမ်ပင်။
...
ချင်စစ်တပ် တဖြည်းဖြည်း ချီတက်လာချိန်တွင်....
လုယွီတစ်ယောက်တည်း ငရဲနယ်မြေ၏စတုတ္ထနယ်မြေသို့ ပျံသန်းသွားခဲ့သည်။
ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ငရဲနယ်မြေရှိ အရာအားလုံးသည် ရှေးဟောင်းခေတ်ကတည်းက ပြောင်းလဲမှုမရှိဘဲ တည်ရှိနေပုံရပေ၏။ အရှိန်ဖြင့် ပျံသန်းနေရင်း လုယွီသည် ရင်းနှီးသော နေရာအမြောက်အများကို မြင်တွေ့ခဲ့ရသည်။
အတိတ်တွင် သူသည် ငရဲနယ်မြေကို ဖြတ်သန်းသွားလာခဲ့ပြီး နေရာအမြောက်အများတွင် သူ၏အရိပ်အယောင်များ ကျန်နေရစ်ခဲ့သည်။ ယခုအချိန်၌ပင် လုယွီသည် မိတ်ဆွေဟောင်း တချို့၏အရှိန်အဝါကို အာရုံခံနိုင်ပေ၏။
"အတိတ်ဘဝ... ပစ္စုပ္ပန်ဘဝ..."
လုယွီက တီးတိုးရေရွတ်လိုက်သည်။
သူ ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးကို မည်သူမျှ မသိကြချေ။
ဤလောကတွင် မည်သူက ဘဝသုံးခု၏ အကျိုးကျေးဇူးများကို ပိုင်ဆိုင်နိုင်မည်နည်း။ သူ၏ပြန်လည်ဝင်စားခြင်း တစ်ကြိမ်စီတိုင်းသည် သုခဘုံသို့ရောက်ရှိခြင်းကဲ့သို့ ဖြစ်ပွားသွားပြီး အတိတ်မှအရာအားလုံးသည် ဖြတ်သန်းသွားသော တိမ်တိုက်များအလား ပြန့်ကျဲသွားပေ၏။
"ဒီတစ်ကြိမ် ငါ ငရဲနယ်မြေကိုလာတာ နင်းချူကို အရင်ရှာမယ်... ပြီးမှ ဒီနေရာကို မဟာချင်ရဲ့ ပိုင်နက်နယ်မြေထဲကို သွတ်သွင်းလိုက်မယ်... နင်းချူ ဘယ်ရောက်နေလဲဆိုတာကို ငါ မသိရတာ နှမြောစရာပဲ... မဟုတ်ရင် ငါ ယန်မိသားစုကို တိုက်ရိုက်ဝင်စီးလို့ ရတယ်..."
"ဒီတစ်ကြိမ်မှာ ငါ အလျင်လိုလို့ မဖြစ်ဘူး... ငါ တစ်ဆင့်ချင်းစီ သွားရမယ်... ယန်မိသားစုကို ဖြည်းဖြည်းချင်း တိုက်စားရမယ်... ယန်မိသားစုက ငရဲနယ်မြေမှာ တည်ထောင်ထားတာ အချိန်ကြာမြင့်နေတာကြောင့် သူတို့ရဲ့အမြှစ်တွေက နက်ရှိုင်းနေပြီ... ငါ အတိတ်ဘဝတုန်းက အရမ်းစိတ်မြန်ခဲ့တယ်... ငရဲနယ်မြေက အစွမ်းထက် ပုဂ္ဂိုလ်တချို့ကို ဖိနှိပ်လိုက်တာနဲ့ ငါ စိတ်ချမ်းသာရမယ်လို့ ထင်ခဲ့တာ... တကယ်တော့ အဲ့ဒါက လေထဲက တိုက်အိမ်လိုပဲ... ငါ့ရဲ့လက်အောက်က လူတချို့က ယန်မိသားစုရဲ့ အမိန့်ကို နာခံနေကြတုန်းပဲ..."
"အခု ငါက ငရဲနယ်မြေကို အောက်ဆုံးကနေ အပေါ်ဆုံးအထိ လုံးဝပြောင်းလဲချင်တယ်..."
လုယွီ၏မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပေ၏။
...
လုယွီသည် အရှိန်ပြင်းစွာ ပျံသန်းသွားပြီး နောက်ဆုံးတွင် စတုတ္ထနယ်မြေရှိ တျန်ဟဲမြို့၌ ရပ်တန့်လိုက်သည်။
ကောင်းကင်ဘုံ၏အုပ်ချုပ်မှုပုံစံနှင့် မတူဘဲ ငရဲနယ်မြေသည် နေရာတိုင်းတွင် မြို့များဖြင့် ပြည့်နှက်နေသည်။ ကြီးမားသော မြို့ကြီးတချို့ကို သရဲဘုရင်များက စောင့်ကြပ်ကြပြီး နေရာတစ်ခုစီတွင် မတူညီသော စည်းမျဉ်းများ ရှိကြသည်။
တချို့နေရာများတွင် မြို့အတွင်း၌ သတ်ဖြတ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားသော်လည်း တချို့နေရာများတွင် တားမြစ်ချက်များ မရှိဘဲ လမ်းပေါ်တွင် လူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် ငွေတချို့ပေးလိုက်ရုံသာ လိုအပ်သည်။ နယ်မြေတစ်ခုစီတိုင်းသည် သီးခြားအုပ်ချုပ်ကြသဖြင့် အလွန်အမင်း ဖရိုဖရဲ ဖြစ်နေသည်။
လူများနှင့်သရဲတစ္ဆေများသည် မြို့များအတွင်းတွင် အတူတကွ နေထိုင်ကြ၏။ ဤသရဲတစ္ဆေများသည် များသောအားဖြင့် အသိစိတ်ရှိသော စိတ်ဝိညာဉ်များ ဖြစ်ကြပြီး နယ်မြေတစ်ခုစီ၏ အောက်တွင် ငရဲငယ်တစ်ခု ရှိကာ ဤသည်မှာ ပုံမှန်အားဖြင့် လောကကြီးမှ သက်ရှိများ ပြန်လည်မွေးဖွားသော နေရာပင်။
တျန်ဟဲမြို့သည် စတုတ္ထနယ်မြေ အရှင်သခင်ဖြစ်သော အာရုံငါးပါးဘုရင်၏အခြေစိုက်စခန်းပင်။
"မတွေ့ရတာ နှစ်နည်းနည်း ကြာသွားပြီ... တျန်ဟဲမြို့က အရွယ်အစားနှစ်ဆ ဖြစ်လာပြီးတော့ ပိုပြီးစည်ပင်ဝပြောလာတာပဲ... လွီသိုင်းမှာ အရည်အချင်းတချို့ ရှိနေတာပါလား.."
မြို့၏ စည်ပင်ဝပြောမှုမှတစ်ဆင့် မြို့စား၏ အဆင့်ကို မြင်တွေ့နိုင်ပေသည်။ အာရုံငါးပါးဘုရင်သည် နယ်မြေအရှင်သခင်တစ်ယောက်ဖြစ်ပြီး သစ်ရွက်တစ်ရွက် ကြွေသည်ကို ကြည့်ရုံဖြင့် ဆောင်းဦးရာသီ ရောက်တော့မည်ကို ခန့်မှန်းနိုင်သည့်အလား သူ၏အုပ်ချုပ်မှုစွမ်းရည် အလွန်အားကောင်းကြောင်း ပြသနေပေ၏။
Chapter 5397
ဤအရာများကို သူ၏အတိတ်ဘဝတွင် အာရုံစိုက်ခဲ့မည် မဟုတ်ပေ။ အတိတ်တွင် မြေ အောက်လောက တာအိုသခင်သည် သူ၏လက်အောက်ငယ်သားများကို အင်အားအပေါ် အခြေခံ၍သာ ခွဲခြားခဲ့သည်။
ဘဝတလျှောက်လုံး ဖြတ်သန်းခဲ့ပြီးနောက် လုယွီသည် ယခင်နှင့် များစွာကွဲခြားနေပြီဖြစ်ကာ သူ၏အယူအဆများလည်း ပြောင်းလဲသွားခဲ့လေပြီ။
"လွီသိုင်းက ပါရမီရှင်ပဲ... အဲ့တုန်းက ငါ မမြင်နိုင်ခဲ့တာ နှမြောစရာပဲ..."
လုယွီက တီးတိုးရေရွတ်လိုက်သည်။
ကျိုးမိသားစုဘိုးဘေးအတွက် စီစဉ်ပေးခြင်းနှင့် ချီဘုရင်ကျိုးထုံကို ပုန်ကန်ရန် သွေးထိုးပေးခြင်းတို့မှတဆင့် လွီသိုင်း၏နည်းလမ်းများကို မြင်တွေ့နိုင်သည်။
ယန်မိသားစုသည် သူတို့ကိုယ်တိုင်သာ လှုပ်ရှားဆောင်ရွက်ခဲ့သဖြင့် နောက်ဆုံးတွင် မဟာချင် ကဲ့သို့သော မွန်းစတားကြီးမျိုးကို ဆွဲဆောင်မိပေလိမ့်မည်။ ဉာဏ်ကောင်းသူများသာလျှင် နယ်ရုပ်များကို ကြိုးကိုင်ပြီး သူတို့အတွက် အလုပ်လုပ်ပေးစေပေမည်။
လွီသိုင်းထံတွင် ရည်မှန်းချက် ရှိသော်လည်း ဤဘဝတွင် လုယွီသည် သူ့ကို ဖိနှိပ်ပြီး အညံ့ခံလာအောင် လုပ်နိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေသည်။
ဤအတွေးဖြင့် လုယွီသည် အနက်ရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ တျန်ဟဲမြို့ထဲသို့ ဝင်ရောက်သွားလိုက်သည်။
စတုတ္ထနယ်မြေ၏အကြီးဆုံးမြို့ ဖြစ်သောကြောင့် တျန်ဟဲမြို့၏ကာကွယ်ရေးသည် အလွန်တင်းကျပ်ပြီး ဖောက်ထွင်း၍ မရနိုင်သော ခံတပ်တစ်ခုဟု အမြဲတစေ လူသိများကျော်ကြားခဲ့သည်။ သို့ရာတွင် ထိုကဲ့သို့ ကာကွယ်ရေးအစီအမံများသည် ယခုအချိန်တွင် လုယွီကို မတားဆီးနိုင်တော့ချေ။
လုယွီသည် အနက်ရောင်ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ တျန်ဟဲမြို့ထဲသို့ တိတ်တဆိတ် ဝင်ရောက်သွားပေ၏။
တျန်ဟဲမြို့တွင် စခန်းချ၍ စောင့်ကြပ်နေသူများမှာ မြေကမ္ဘာအင်မော်တယ်နယ်ပယ် ကျင့်ကြံသူသုံးဦးပင်။ သူတို့သည် တစ်စုံတစ်ခုကို အာရုံခံမိသည့်အလား သူတို့၏မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားသည်။
"မင်းတို့နှစ်ယောက် ခုဏက တစ်ခုခုကို သတိထားမိလိုက်လား..."
မြို့စောင့်ကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။
တခြားမြို့စောင့်နှစ်ဦးက ခေါင်းခါယမ်းလိုက်ကြ၏။ သူတို့သည် ဤနေရာကို စောင့်ကြပ်ရန် တာဝန်ယူထားပြီး ပုံမှန်မဟုတ်သော မည်သည့်အရာကိုမျှ သတိမထားမိခဲ့ကြချေ။
"လေတိုက်သွားတာပဲ နေမှာပါ..."
ထိုကျင့်ကြံသူက တီးတိုးရေရွတ်လိုက်သည်။
လုယွီသည် မည်သူ့ကိုမျှ သတိမပြုမိစေဘဲ တျန်ဟဲမြို့ထဲသို့ ရောက်ရှိလာခဲ့သည်။
သူသည် တျန်ဟဲမြို့၏လမ်းမများပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာပြီး လူအုပ်ကြီးထဲသို့ လျင်မြန်စွာ ရောနှောသွားလိုက်သည်။
လမ်းမများပေါ်တွင် ကင်းလှည့်နေသော အစောင့်များ ရှိနေပေ၏။ အဖွဲ့တစ်ဖွဲ့စီတွင် များသောအားဖြင့် ကျင့်ကြံသူသုံးဦးက သရဲတစ္ဆေခုနစ်ကောင် ရှစ်ကောင်ခန့်ကို ဦးဆောင်ပြီး ရှည်လျားသော လမ်းမများတလျှောက် လျှောက်လှမ်းနေကြသည်။ သူတို့သည် တျန်ဟဲမြို့၏စံသတ်မှတ်ချက်ဖြစ်သော အထူးသံချပ်ကာများကို ဝတ်ဆင်ထားကြသဖြင့် အလွန်သိသာထင်ရှားသော လက္ခဏာများ ရှိနေသည်။
"ဒီနေရာမှာ ဘာလို့ နေရာတိုင်းမှာ လူစုဆောင်းတဲ့ ကြေညာချက်တွေ ကပ်ထားတာလဲ..."
လုယွီက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
လမ်းမများ၏ ဘေးတစ်ဖက်တစ်ချက်တွင် လူစုဆောင်းသည့် ကြေညာချက်များကို နေရာတိုင်း၌ ကပ်ထားလေ၏။
ဤအခြေအနေမျိုးကို များသောအားဖြင့် ကြီးမားသော စစ်ပွဲတစ်ပွဲနှင့် ရင်ဆိုင်ရချိန်တွင်သာ တွေ့ရလေ့ရှိသည်။
အာရုံငါးပါးဘုရင် လွီသိုင်းသည် လုယွီ ရှိနေကြောင်းကိုသိရှိထားပေ၏။ သူသည် ဉာဏ်ကောင်းသော လူတစ်ယောက် ဖြစ်ရာ မဟာချင်ကို ကိုင်တွယ်ဖြေရှင်းရန် ယန်မိသားစုကို ကူညီမည် မဟုတ်ချေ။ သို့ရာတွင် ယခုအချိန်၌ တျန်ဟဲမြို့သည် စစ်သားစုဆောင်းပြီး မြင်းများ ဝယ်ယူနေသဖြင့် အနည်းငယ် စိတ်ဝင်စားစရာ ကောင်းနေသည်။
"ထားလိုက်ပါတော့... ငါ လွီသိုင်းကို သွားမေးတာပဲ ကောင်းပါတယ်..."
ဤသည်ကို တွေးတောမိသဖြင့် လုယွီသည် တော်ဝင်အိမ်တော်ဘက်သို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်၏။
အာရုံငါးပါးဘုရင်အိမ်တော်သည် တျန်ဟဲမြို့၏ "မြစ်ငါးစင်း ဆုံသောလမ်း" နယ်မြေတွင် တည်ရှိပြီး စိတ်ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံး နေရာပင်။ တော်ဝင်အိမ်တော်သည် တစ်နှစ်ပတ်လုံး စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေပြီး တျန်ဟဲမြို့တွင် တန်ဖိုးအရှိဆုံး ကျင့်ကြံခြင်း နယ်မြေဖြစ်သည်။
လုယွီသည် ဤနေရာသို့ ရောက်ဖူးသဖြင့် အရာအားလုံးနှင့် သဘာဝကျကျ ရင်းနှီးကျွမ်းဝင်နေသည်။
သို့သော် ယနေ့တွင် တော်ဝင်အိမ်တော်၏ရှေ့၌ လူများဖြင့် ပြည့်နှက်နေပေ၏။
ပင်မတံခါးကြီး၏ရှေ့ရှိ မြေကွက်လပ်တွင် အနည်းဆုံး လူတစ်ထောင်ခန့် စုဝေးနေကြသည်။ တံခါးရှေ့ရှိ မြေကွက်လပ်သာ ကျယ်ဝန်းခြင်း မရှိလျှင် ဤမျှထိ များပြားသော လူအရေအတွက်ကို နေရာပေးနိုင်မည် မဟုတ်လောက်ချေ။
လုယွီသည် လူအုပ်ကြီး၏အစွန်းတွင် မတ်တတ်ရပ်ကာ အချိန်တခဏကြာမျှ နားထောင်ပြီးနောက် အာရုံငါးပါးဘုရင်အိမ်တော်သည် အိမ်တော်ထိန်းများကို စတင်၍ စုဆောင်းနေကြောင်း သိလိုက်ရသည်။
တော်ဝင်အိမ်တော်ရှိ ကြေးစားကျင့်ကြံသူများ အနက် အဆင့်အမြင့်ဆုံးမှာ ဧည့်အကြီးအကဲများ ဖြစ်ကြပြီး သူတို့၏နောက်တွင် အိမ်တော်ထိန်းများနှင့်အစောင့်တချို့ ရှိနေသည်။
အာရုံငါးပါးဘုရင်၏ အိမ်တော်ထိန်းတစ်ဦး ဖြစ်လာနိုင်ခြင်းသည် အဆင့်အတန်းနှင့် ဆက်ဆံမှုနှစ်ခုလုံးအရ ငရဲနယ်မြေတွင် အထူးကောင်းမွန်သည်ဟု ယူဆနိုင်သည်။
လုယွီသည် လူအုပ်ကြီးကို တိုးဝှေ့၍ဖြတ်ကျော်ကာ ပင်မတံခါးကြီးဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ... အကဲဖြတ်ဖို့ အချိန် မကျသေးဘူး... နောက်ဆုတ်စမ်း..."
ဘဏ္ဍာစိုးတစ်ဦးနှင့်တူသော လူတစ်ယောက်သည် တံခါး၏ရှေ့တွင် မတ်တတ်ရပ်နေပြီး လုယွီ ချဉ်းကပ်လာသည်ကို မြင်တွေ့ချိန်၌ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
တခြားသူများက လုယွီကို ချက်ချင်းကြည့်ပြီး လှောင်ပြောင်လိုက်ကြ၏။
"လူငယ်လေး... ငါတို့အားလုံး ဒီနေမှာ စောင့်နေကြတာ... မင်း စိတ်မရှည်တာ ငါတို့ သိပါတယ်... ဒါပေမဲ့ အရာအားလုံးကို စည်းကမ်းအတိုင်း လုပ်သင့်တယ်..."
"နောက်ထပ် အတွေ့အကြုံမရှိတဲ့ ကောင်လေးတစ်ယောက်ပဲ... ဒီနေ့အတွက် ဒါက ဘယ်နှစ်ယောက်မြောက်လဲ..."
Chapter 5398
လူအုပ်ကြီးဆီမှ လှောင်ပြောင်သံများ ပွင့်အံ့ထွက်ပေါ်လာပြီး လူတစ်ယောက်ကမူ အိမ်တော်ထိန်းရာထူးကို အကဲဖြတ်မှုအတွက် အနည်းဆုံး နာရီဝက်ခန့် စောင့်ဆိုင်းရမည် ဖြစ်ကြောင်း လုယွီကို သတိပေးလိုက်သည်။
မနက်အစောကတည်းက သူတို့၏စွမ်းအားကို ကြိုတင်၍သက်သေပြရန် ကြိုးစားခဲ့ကြသော စိတ်လိုက်မာန်ပါ လုပ်တတ်သည့် လူငယ်တချို့ ရှိခဲ့သည်။ သို့ရာတွင် ခြွင်းချက်မရှိဘဲ သူတို့အားလုံး အာရုံငါးပါးဘုရင်အိမ်တော်မှ မောင်းထုတ်ခြင်း ခံခဲ့ရပြီး လူရယ်စရာ ဖြစ်ခဲ့ကြပေ၏။
"နောက်မှာ သွားပြီးတန်းစီစမ်း... ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်နဲ့..."
လူတစ်ယောက်က သူ၏လက်ကို ဆန့်တန်းပြီး လုယွီကို ဖမ်းဆွဲလိုက်သည်။
သို့သော် ထိုလူ၏လက်ဝါး လုယွီ၏ ပခုံးပေါ်သို့ ကျရောက်သွားသည်နှင့် ချက်ချင်းဆိုသလိုပင် အစွမ်းထက်သော အားလှိုင်းတစ်ရပ်ကြောင့် ပြန်ကန်ထွက်လာသည်။
ဘုန်း...
ထိုလူသည် ကြီးမားသောစွမ်းအားကို ခံစားလိုက်ရပြီး အော်ဟစ်ကာ လွင့်ထွက်သွားတော့သည်။
"ထွက်သွားစမ်း..."
လုယွီက ထိုလူကိုလှည့်ကြည့်ပြီး အေးစက်တင်းမာစွာ အော်ဟစ်လိုက်၏။
အခြားလူများ၏မျက်နှာများပေါ်တွင် ထိတ်လန့်တုန်လှုပ်မှုများ ထင်ဟပ်သော်လည်း သူ့ကို တားဆီးရန် မည်သူမျှ ရှေ့သို့တိုးမလာကြချေ။
ကောင်းကင်ဘုံနယ်မြေ၌သာ ဆိုလျှင် လုယွီကို ပြဿနာရှာမည့်သူ ရှိကောင်းရှိနိုင်သော်လည်း ဤနေရာသည် အင်အားအကြီးမားဆုံးသူက အုပ်စိုးသည့် ငရဲနယ်မြေပင်။
လွင့်ထွက်သွားသောလူသည် ဒေါသတကြီး ဖြစ်နေသော်လည်း လုယွီထံမှ ထွက်ပေါ်နေသော ခပ်ဖျော့ဖျော့ဖိအားအရှိန်အဝါကို ရုတ်တရက် ခံစားလိုက်ရသောအခါ သူ၏ကလဲ့စားချေလိုစိတ်များ ချက်ချင်းငြိမ်သက်သွားသည်။
"အာရုံငါးပါးဘုရင်အိမ်တော်ရှေ့မှာ ပြဿနာရှာရဲတယ်ဆိုတော့ ဒါက သေလမ်းရှာတာပဲ..."
"ဟီး ဟီး... သူ့မှာ အရည်အချင်း နည်းနည်းရှိတာကို အားကိုးပြီး မောက်မာနေတာကိုး... ငါ ဒီရက်ပိုင်းမှာ အဲ့ဒီလို ပါရမီရှင်ဆိုတဲ့ ကောင်တွေကို အများကြီး မြင်ဖူးတယ်... အပြင်မထွက်ခင် သိုသိုသိပ်သိပ်နေဖို့ သူတို့ရဲ့မိသားစုက အကြီးအကဲတွေက မပြောလိုက်ဘူးလား..."
"စောင့်ကြည့်နေလိုက်... ဒီကောင်လေး ကံဆိုးတော့မယ်..."
နံဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် ဤအခြေအနေကို မြင်တွေ့ချိန်၌ သူတို့အားလုံးသည် တစ်ဖက်သား ဒုက္ခရောက်သည်ကို ဝမ်းသာသည့်အမူအယာများ ထုတ်ဖော်လိုက်ကြ၏။
လူအများစုအတွက် တခြားသူများသည် ပြိုင်ဘက်များဖြစ်ကြပြီး အကဲဖြတ်မှု မစတင်မီ အားကောင်းသော ပြိုင်ဘက်တစ်ဦးကို ရှင်းထုတ်နိုင်လျှင် ကောင်းမွန်သော ကိစ္စတစ်ခု ဖြစ်လာပေလိမ့်မည်။
သူတို့ တွေးထင်ထားသည့်အတိုင်း...
အိမ်တော်တံခါးရှေ့တွင် မတ်တတ်ရပ်နေသော ဘဏ္ဍာစိုးသည် ခက်ထန်တင်းမာသော မျက်နှာထားဖြင့် အေးစက်စက် အော်ငေါက်လိုက်၏။
"တော်ဝင်အိမ်တော်ရှေ့မှာ တိုက်ခိုက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်... မင်းက စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက် အပြစ်ပေးခံဖို့ ဒီကို လာခဲ့စမ်း..."
ထို့နောက် ဘဏ္ဍာစိုးသည် လုယွီ ရိုက်ထုတ်လိုက်သော လူကို လက်ညှိုးညွှန်ပြကာ တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုသည်။
"ပြီးတော့ မင်း... တမင်တကာ ပြဿနာရှာတဲ့အတွက် မင်းလည်း အတူတူ အပြစ်ပေးခံရမယ်..."
ဘဏ္ဍာစိုး၏ နောက်တွင် တော်ဝင်အိမ်တော်မှ တရားဥပဒေ စိုးမိုးရေးအရာရှိတချို့ ရှိနေပြီး သူတို့၏လက်ထဲတွင် ရှည်လျားသော သံတုတ်များကို ကိုင်ဆောင်ထားကြ၏။
စည်းကမ်းဖောက်ဖျက်သော ကျင့်ကြံသူတိုင်းသည် ဤနေရာတွင် ရိုက်ချက်ငါးဆယ် ပြစ်ဒဏ်ပေးခြင်းကို ခံရပေမည်။
အရှက်ရစေခြင်းကို ဘေးဖယ်ထားလျှင်ပင် ဤရိုက်ချက်ငါးဆယ်သည် အစစ်အမှန် ရိုက်နှက်ခြင်းမျိုးဖြစ်သည်။ ဤပြစ်ဒဏ်ကြောင့် မသေလျှင်ပင် ပြန်လည်ကောင်းမွန်ရန် နှစ်ဝက်ခန့် အချိန်ယူရမည်ဖြစ်ရာ အိမ်တော်ထိန်းနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် မဖြစ်နိုင်တော့ချေ။
"ကျွန်တော်လည်း အပြစ်ပေးခံရမှာလား..."
လွင့်ထွက်သွားသောလူ၏မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားပြီး စိတ်မကျေမနပ်ဖြင့် အော်ဟစ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူက လုယွီကို နာကျည်းမုန်းတီးသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်း မကျေနပ်ဘူးလား... ငါ့ကို နောက်တစ်ခါ ထပ်ပြီးရန်စရဲရင် ငါ မင်းကို ချက်ချင်းသတ်ပစ်မယ်..."
လုယွီ၏အမူအယာသည် အရေးမစိုက်ပုံရပြီး ထိုလူကို တစ်ချက်ကြည့်ကာ ပြောဆိုသည်။
ထိုလူ ထိတ်လန့်သွားသည်။ လုယွီကို ကြည့်လိုက်ချိန်၌ သူ၏မျက်လုံးများထဲရှိ အကြည့်သည် တောနက်ထဲမှ အထီးကျန် ဝံပုလွေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ ခံစားရစေသဖြင့် သူ့ကို ကြက်သီးထကာ ထိတ်လန့်တုန်လှုပ်သွားစေသည်။
သို့သော် ထိုလူသည် လျှင်မြန်စွာ သတိပြန်ဝင်လာပြီး အရှက်ရမှုမှတစ်ဆင့် ဒေါသအဖြစ် ပြောင်းလဲကာ သူ၏ရင်ထဲတွင် ဗြောင်းဆန်သွားသည်။
"ဘဏ္ဍာစိုး... ဒီလူက နောင်တရစိတ် မရှိတဲ့အပြင် ကျွန်တော့်ကိုတောင် ခြိမ်းခြောက်ရဲသေးတယ်... ဒါက တော်ဝင်အိမ်တော်ကို မလေးစားတာ အသိသာကြီးပါ..."
မထင်မှတ်ထားဘဲ ဘဏ္ဍာစိုးက အေးစက်စက် နှာမှုတ်လိုက်သည်။
"မင်းရဲ့အရည်အချင်းက ညံ့ဖျင်းမှတော့ ဒီလို အရှက်ခွဲခံရတာနဲ့ ထိုက်တန်တယ်..."
ထို့နောက် ဘဏ္ဍာစိုးသည် လုယွီကို ကြည့်လိုက်၏။
"စည်းကမ်းဖောက်ဖျက်ရင် အပြစ်ပေးခံရမယ်... မင်း ငြိမ်ငြိမ်လေး လိုက်နာမှာလား... ဒါမှမဟုတ် ငါတို့ ဖမ်းချုပ်ပြီး အတင်းအကြပ်လုပ်ရမလား..."
ရုတ်ချည်းဆိုသလိုပင် လူအမြောက်အများ ဝိုင်းအုံလာကြပြီး ပွဲကြည့်ချင်သော သဘောထားဖြင့် လုယွီကို ကြည့်လိုက်ကြသည်။
လုယွီ၏အကြည့် တည်ငြိမ်နေပြီး အလျင်လိုခြင်းမရှိဘဲ ပြောဆိုသည်။
"ခင်ဗျား နားလည်မှုလွဲနေပြီ ထင်တယ်... ကျွန်တော်က အိမ်တော်ထိန်း အကဲဖြတ်ပွဲကို လာတာမဟုတ်ဘူး..."
"အမ်..."
ဘဏ္ဍာစိုးသည် အနည်းငယ်အံ့အားသင့်သွားပြီး လုယွီကို အကဲခတ်ခြင်းမပြုဘဲ မနေနိုင်တော့ချေ။
ဤကဲ့သို့အချိန်မျိုးတွင် သူက အိမ်တော်ထိန်း အကဲဖြတ်ပွဲကို လာခြင်းမဟုတ်လျှင် တခြားမည်သည့်ကိစ္စကြောင့် ရောက်လာသနည်း။
Chapter 5399
"မင်း ဘာလာလုပ်တာလဲ..."
ဘဏ္ဍာစိုး၏သဘောထားသည် သိသိသာသာ ပို၍အေးစက်သွားပေ၏။
သူသည် လုယွီကို မသိရှိသော်လည်း အမည်မသိ လူငယ်တစ်ယောက်က တော်ဝင်အိမ်တော်သို့ ရုတ်တရက် ရောက်လာခြင်းသည် အရေးကြီးကိစ္စတစ်ခုအတွက် ဖြစ်မည်ဟု တွေးထင်မထားချေ။
မည်သို့ပင်ဆိုစေကာမူ အာရုံငါးပါးဘုရင်သည် နေ့စဉ် မရေမတွက်နိုင်သော ကိစ္စရပ်များနှင့် အလုပ်များနေသဖြင့် ဤကဲ့သို့ အသေးအဖွဲ လူတစ်ယောက်ကို မည်သို့ သိနိုင်မည်နည်း။ တော်ဝင်အိမ်တော်အတွင်းရှိ သခင်လေးတချို့က ဤလူကို သိကောင်းသိနိုင်သော်လည်း အစေခံများ အကဲဖြတ်သည့်နေ့တွင် လာရောက်လည်ပတ်ခြင်းသည် အနည်းငယ် ယဉ်ကျေးမှု မရှိရာကျပေ၏။
ဘုန်း...
ထိုအချိန်မှာပင် သူတို့၏နောက်ရှိ အာရုံငါးပါးဘုရင်အိမ်တော်၏တံခါးမကြီး ရုတ်တရက် ပွင့်ဟသွားသည်။
မျက်စိကျိန်းလောက်သော တောက်ပသော လျှို့ဝှက်ဆန်းကြယ်သည့် ရောင်စဥ်ငါးသွယ်အလင်းတန်းများသည် တော်ဝင်အိမ်တော်၏ အနောက်ဘက်မှ ထွက်ပေါ်လာသည်။ ထို့နောက် ကြည်လင်ပြတ်သားသော ဂီတတူရိယာသံများ တပြိုင်နက်တည်း ထွက်ပေါ်လာကာ မိုးကောင်းကင်ယံအထက်ရှိ ဥပဒေသများ တုန်ခါသွားပြီး ကြီးမားသော ဖိအားတစ်ရပ် ရုတ်တရက် ဆင်းသက်လာသည်။
တော်ဝင်အိမ်တော်တံခါး၏နောက်တွင် လူပေါင်းငါးရာခန့် ပါဝင်သော ယာဉ်တန်းတစ်ခု ထွက်ပေါ်လာပေ၏။ သံချပ်ကာဝတ်စုံ ဝတ်ဆင်ထားသော လူထွားကြီးများက ရှေ့မှလမ်းရှင်းပေးပြီး ယပ်တောင်ကိုင် အပျိုတော်များက နောက်မှလိုက်ပါလာကြသည်။ ရောင်စုံအလံများ လူးလွန့်နေပြီး တံခွန်များ ခမ်းနားထည်ဝါစွာ ပျံ့လွင့်နေသည်။ အစောင့်များက ဓားများကို ကိုင်ဆောင်ထားပြီး အစေခံများက မြင်းမြှီးယပ်တောင်များကို ဝှေ့ယမ်းနေကြရာ အလွန်ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုပင်။
ထိုယာဉ်တန်း၏အလယ်ဗဟိုတွင် လက်ရာမြောက်သော ဝေါယာဥ်ငယ်လေးတစ်ခု ရှိနေပေ၏။ ထိုဝေါယာဥ်၏အမိုးကို ရွှေရောင်အဆင်တန်ဆာများဖြင့် စီခြယ်ထားပြီး ဘေးဘက်များကို ငါးရောင်ခြယ်ဖီရှူးပုံစံများဖြင့် အလှဆင်ထားသည်။ ဤဝေါယာဥ်သည် အလွန်ခမ်းနားထည်ဝါပြီး မြင့်မြတ်ပုံရကာ ဂုဏ်ကျက်သရေ ရှိကြောင်းကို ဖော်ပြနေသည်။
"အရှင့်ကို ဂါရဝပြုပါတယ်..."
"အရှင်..."
နံဘေးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ချက်ချင်းဒူးထောက်လိုက်ကြပြီး ကျယ်ပြန့်သော ပတ်ဝန်းကျင်နေရာတဝိုက်လုံးရှိ လူများအားလုံး ဝပ်တွားခယလိုက်ကြ၏။
ဤသည်မှာ သရဲဘုရင်တစ်ပါး ခရီးသွားလာခြင်းပင်။
ထို့ပြင် သူတို့၏ရှေ့မှ လူသည် သာမန်သရဲဘုရင်တစ်ဦး မဟုတ်ဘဲ ငရဲနယ်မြေဆယ့်ရှစ်ခုထဲမှ တစ်ခု၏ဘုရင်တစ်ပါးဖြစ်ရာ ထူးခြားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။
ပုံမှန်အားဖြင့် လူအများစုသည် သရဲဘုရင် တစ်ပါးကို မြင်တွေ့ခွင့်ပင် မရနိုင်ကြချေ။ ယနေ့တွင် သရဲဘုရင်ကို မမြင်တွေ့ရသော်လည်း သရဲဘုရင် စီးနင်းလာသော ဝေါယာဥ်ကို အနီးကပ် မြင်တွေ့ခွင့်ရခြင်းကပင် သူတို့ကို အလွန်အမင်း စိတ်လှုပ်ရှားစေရန် လုံလောက်နေလေပြီ။
"အရှင်က ငရဲနယ်မြေထဲက ကိစ္စတွေကို ကိုင်တွယ်ဖို့ အပြင်ထွက်လာတာပဲ..."
"အရှင်သာ ငါ့ကို သတိထားမိရင် သိပ်ကောင်းမှာပဲ... နံဘေးမှာ လူတွေအများကြီး ရှိနေတာက နှမြောစရာပဲ... ငါသာ အရှင်ရဲ့ ရာထူးတိုးပေးတာ ခံရရင် တကယ်ကို ကောင်းကင်ဘုံကို ရောက်သွားသလို ဖြစ်မှာ..."
"အိပ်မက်မက်မနေနဲ့... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... တော်ဝင်အိမ်တော်ထဲမှာ ထိပ်သီးကျင့်ကြံသူတွေက တိမ်စိုင်တွေလို ပေါများနေတာ... အခု သူတို့က လူအင်အား လိုအပ်နေလို့သာ အရပ်မျက်နှာအဘက်ဘက်က သူရဲကောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းနေတာပဲ... အဲ့ဒီအဆင့်မှာရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က မင်းနဲ့ငါကို ဘယ်လိုလုပ်ပြီးတော့ အထင်ကြီးမှာလဲ... ငါတို့က အစေခံတွေတောင် မဖြစ်သေးဘူး... အစေခံအဆင့်ကို ရောက်မှသာ အရှင်ကို တွေ့နိုင်ခွင့် ရှိလာလိမ့်မယ်..."
တော်ဝင်အိမ်တော်၏တံခါးရှေ့ရှိ မြေကွက်လပ်သည် အလွန်ကျယ်ဝန်းပြီး ထိုနေရာတွင် လူတစ်ထောင်ကျော် စုဝေးနေကြ၏။
ဤအချိန်တွင် လူများအားလုံး ဒူးထောက်နေကြသော်လည်း လုယွီတစ်ယောက်တည်းသာ မတ်တတ်ရပ်နေသဖြင့် သူ၏ကွဲပြားခြားနားမှုသည် ချက်ချင်းပေါ်လွင်နေတော့သည်။
ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ဘဏ္ဍာစိုးသည် ချက်ချင်းဒေါသထွက်သွားပြီး တိုးညှင်းသော အသံဖြင့် အော်ဟစ်လိုက်၏။
"ဟေ့ကောင်... မြန်မြန် ဒူးထောက်စမ်း... မင်း သေချင်နေတာလား..."
ဤသည်ကို မြင်တွေ့ချိန်၌ တခြားလူများကလည်း လှောင်ပြောင်လိုက်ကြသည်။
"ဒီလူ ရူးနေတာလား..."
"တော်ဝင်အိမ်တော် တံခါးရှေ့မှာ ပြဿနာရှာတာက သူ အရိုက်ခံရရုံနဲ့ ပြီးသွားနိုင်တယ်"
"ဒါပေမဲ့ အာရုံငါးပါးဘုရင်ကို မလေးမစား လုပ်တာက သေဒဏ်ကျခံရနိုင်တဲ့ အပြစ်ဖြစ်ပြီး ချက်ချင်း ကွပ်မျက်ခံရလိမ့်မယ်"
အာရုံငါးပါးဘုရင်အိမ်တော်မှ အစောင့်တချို့၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်သော အကြည့်များ ထင်ဟပ်လာပြီး သူတို့၏ဓားများကို ဆွဲထုတ်လိုက်ကြ၏။ တခြားလူများသည် ပြဿနာ မဖြစ်လိုသဖြင့် မြေပြင်ပေါ်တွင် ဝပ်တွားရင်း ဒူးဖြင့်ရွေ့လျားကာ လုယွီနှင့် အကွာအဝေးတစ်ခုကို ဖန်တီးလိုက်ကြသည်။
နံဘေးပတ်ဝန်းကျင်မှ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများကို ရင်ဆိုင်နေရသော်လည်း လုယွီသည် သူတို့ကို လျစ်လျူရှုထားရန် ရွေးချယ်လိုက်သည်။
သူသည် ယာဉ်တန်းထဲမှ ဝေါယာဥ်ကို ကြည့်ကာ ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"လွီသိုင်း... ထွက်လာပြီး ငါ့ကို လာတွေ့စမ်း..."
ဘုန်း...
လူများအားလုံး၏စိတ်နှလုံးသားများသည် ပွက်ပွက်ဆူနေသော ရေနွေးအိုးတစ်လုံး ပေါက်ကွဲသွားသည့်အလား ချက်ချင်းဆိုသလိုပင် တုန်လှုပ်ချောက်ချားသွားကြ၏။
လွီသိုင်းဆိုသည်မှာ အာရုံငါးပါးဘုရင်၏ နာမည်ရင်းပင်။
ငရဲနယ်မြေ တစ်ခုလုံးတွင် တခြားနယ်မြေများမှ ဘုရင်များပင်လျှင် သာမန်နေ့ရက်များ၌ အာရုံငါးပါးဘုရင်ကို နာမည်တပ်၍ မခေါ်ရဲကြချေ။
ဤသည်မှာ သေလမ်းရှာခြင်းနှင့် ခြားနားခြင်းမရှိပေ။
"သူ ရူးသွားတာလား..."
ဤအတွေးသည် လူအများ၏စိတ်ထဲတွင် ဖြတ်ပြေးသွားပေ၏။
Chapter 5400
ရှေ့သို့ဆက်သွားနေသော ယာဉ်တန်းသည် ရုတ်တရက် ရပ်တန့်သွားပေ၏။
ကာကွယ်ရေးအတွက် တာဝန်ရှိသော တော်ဝင်အိမ်တော်မှ လူမိုက်တစ်စုသည် အသံလာရာဆီသို့ မဖော်ရွေသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။ သူတို့သည် အာရုံငါးပါးဘုရင်ကို မလေးမစား ပြုလုပ်သော အတင့်ရဲသည့် လူကို ရှာဖွေလိုကြသည်။
သူတို့၏တာဝန်မှာ အာရုံငါးပါးဘုရင်၏ ခရီးစဉ်ကို ကာကွယ်ရန်ပင်။ ဤအချိန်တွင် အာရုံငါးပါးဘုရင်ကို ရန်စရဲလောက်အောင် အဆင်အခြင်မဲ့သူ တစ်ဦးကို တွေ့လိုက်ရခြင်းသည် သူတို့၏ သည်းခံနိုင်စွမ်းအား ထိပါးသွားခြင်းပင်။
အစွမ်းထက်သော ဖိအားများ ဆင်းသက်လာပြီး ဤသည်မှာ ယာဥ်တန်းနှင့်အတူလိုက်ပါလာသော အစေခံများ ဖြစ်ကြသည်။ သူတို့သည် အာရုံငါးပါးဘုရင်၏ ခရီးသွားလာမှု ဘေးကင်းရေးအတွက် တာဝန်ယူထားကြ၏။ ယခုချိန်၌ လုယွီ ရုတ်တရက် ထွက်ပေါ်လာခြင်းသည် သူတို့၏အာရုံစိုက်မှုကို နိုးကြားသွားစေသည်။
"ဒါက အစေခံတွေရဲ့ စွမ်းအားပဲ..."
နံဘေးပတ်ဝန်းကျင်ရှိ ဒူးထောက်နေသော လူအုပ်ကြီးသည် သူတို့၏စိတ်နှလုံးသားများထဲတွင် အဆက်မပြတ် အော်ဟစ်လိုက်ကြသည်။
ဤအစွမ်းထက်သော အစေခံများနှင့် နှိုင်းယှဉ်လျှင် သူတို့ ပိုင်ဆိုင်သော စွမ်းအားသည် ထည့်သွင်းပြောဆိုရန်ပင် မထိုက်တန်ချေ။
"ဒီကောင်လေးတော့ သေချာပေါက် သေပြီ..."
မရေမတွက်နိုင်သော အကြည့်များသည် လုယွီအပေါ်သို့ ကျရောက်လာပြီး သူ့ကို သေလူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြလေပြီ။
မောက်မာခြင်းတွင်လည်း အကန့်အသတ် ရှိရပေမည်။ လူတစ်ယောက်သည် အဆုံးမရှိ မောက်မာနေလျှင် ပျက်စီးခြင်းကသာ သူ့ကို စောင့်ကြိုနေပေလိမ့်မည်။
ဟူး...
ရုတ်တရက် ရွှေရောင်ဝေါယာဥ်အတွင်းရှိ လူတစ်ယောက်ထံမှ လေအေးများကို ရှိုက်သွင်းလိုက်သော ဖျော့တော့တော့ အသံတစ်သံကို ကြားလိုက်ရသည်။
လူအများသည် သူတို့ နားကြားမှားသည်ဟု တွေးထင်လိုက်ကြ၏။
သို့သော် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ရွှေရောင်ဝေါယာဥ်၏ လိုက်ကာများကို ချက်ချင်းပွင့်ထွက်သွားစေသည်။ အနက်ရောင်ပုံရိပ်တစ်ခုသည် ဝေါယာဥ်အတွင်းမှ ပြေးထွက်လာပြီး လုယွီ၏ရှေ့တွင် ထွက်ပေါ်လာပေ၏။
တောင့်တင်းသန်မာသော ပုံရိပ်တစ်ခုသည် လူများအားလုံး၏မြင်ကွင်းထဲတွင် ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် သုံးမီတာခန့် မြင့်မားပြီး ဧရာမလူထွားကြီးတစ်ဦးကဲ့သို့ ဖြစ်နေကာ ခေါင်းမှခြေအဆုံး ထူထပ်သော ငရဲချီစွမ်းအင်များ ဝန်းရံထားသည်။ ထိုငရဲချီစွမ်းအင်များသည် နဂါးတစ်ကောင်နှင့် တူညီနေကာ လူအများကို ထိတ်လန့်တုန်လှုပ်သွားစေသည့် အေးစက်စက် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်ထားပေ၏။
အာရုံငါးပါးဘုရင် လွီသိုင်း...
လူအများသည် သူတို့၏ရှေ့မှ အစွမ်းထက် ပုဂ္ဂိုလ်၏အထောက်အထားကို မှတ်မိလိုက်ကြသည်။ သူတို့သည် ချက်ချင်းဆိုသလိုပင် ခေါင်းကို ငုံ့ကာ ဝပ်တွားလိုက်ကြပြီး သူတို့၏ နတ်ဘုရားများကို အရိုအသေပြုသကဲ့သို့ ပြုမူလိုက်ကြသည်။
စတုတ္ထနယ်မြေတွင် အာရုံငါးပါးဘုရင်သည် သက်ရှိအားလုံးကို ထိန်းချုပ်ထားသော နတ်ဘုရားပင်။ သူ၏အစွမ်းထက်သော အရှိန်အဝါသည် နံဘေးပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော လူများကို အသက်ရှူမွန်းကြပ်သွားစေသည်။
တော်ဝင်အိမ်တော်၏ ဘဏ္ဍာစိုးပင်လျှင် အာရုံငါးပါးဘုရင် ထွက်ပေါ်လာသည်ကို မြင်တွေ့ချိန်၌ ချွေးစေးများ ထွက်လာခဲ့ပေ၏။ သူသည် ဘုရင်၏နံဘေးတွင် အမှုထမ်းနေသော်လည်း ထိုအစွမ်းထက်သော အရှိန်အဝါသည် သူ့ကို ကြီးမားသော ဖိအားများ အမြဲတစေ ခံစားရစေသည်။
သို့သော် နောက်ထပ်အချိန်တခဏတွင် အာရုံငါးပါးဘုရင်၏စကားတစ်ခွန်းသည် ဘဏ္ဍာစိုးကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပေ၏။
"အရှင်....ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..."
အာရုံငါးပါးဘုရင်၏အသံတွင် ကြည်ညိုလေးစားမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ခါးကို ကိုင်းညွှတ်လိုက်ပြီး သူသည် လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်သည်။
ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ လူအများသည် သူတို့၏ နှလုံးခုန်သံများကိုပင် သူတို့ ပြန်ကြားနေရသည်။
သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသော နေရာတွင် ပြိုင်ဘက်ကင်း တည်ရှိမှုတစ်ခု ဖြစ်သော အာရုံငါးပါးဘုရင်သည် လူငယ်တစ်ဦးကို ဦးညွှတ်နေသလော...
အိုး ဘုရားရေ...
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
လူအများသည် ကြက်သေသေသွားကြ၏။ သူတို့သည် စကားမပြောနိုင်ဘဲ သူတို့ရှေ့မှ မြင်ကွင်းကို ငေးကြည့်နေကြသည်။
တော်ဝင်အိမ်တော်မှ အစောင့်တချို့ပင်လျှင် နေရာ၌ ကြက်သေသေနေကြပြီး ဤကဲ့သို့ ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့မိပေ။
"ငါ့အကြောင်းကို မထုတ်ဖော်နဲ့..."
လုယွီက အာရုံငါးပါးဘုရင်ထံသို့ အသံပေးပို့၍ ပြောဆိုလိုက်သည်။
အာရုံငါးပါးဘုရင်သည် နားလည်သွားပြီး လုယွီကို တည်ကြည်လေးနက်စွာကြည့်ပြီး ပြောဆိုသည်။
"ကျေးဇူးပြုပြီး စကားပြောဖို့ အထဲဝင်ပါ..."
လုယွီက အရင်သွားပြီး အာရုံငါးပါးဘုရင်က နောက်မှ လိုက်သွားသည်။
အာရုံငါးပါးဘုရင်က လုယွီအတွက် လိုက်ကာကို မပေးသည်အား လူများအားလုံး မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည်။ ထို့နောက် လုယွီသည် ရွှေရောင်ဝေါယာဥ်အတွင်းသို့ ဝင်ရောက်သွားလေ၏။
လုယွီ ဝင်သွားပြီးနောက် အာရုံငါးပါးဘုရင်သည် ဝင်ရောက်ခြင်း မပြုပေ။ ထိုအစား သူသည် ဝေါယာဥ်၏ရှေ့သို့ လျှောက်လှမ်းသွားပြီး လမ်းပြအဖြစ် ဆောင်ရွက်လိုက်သည်။
လူအများ၏မျက်နှာပေါ်မှ အမူအယာများ တောင့်တင်းအေးခဲသွားကြသည်။ သူတို့သည် ယခင်က ပွဲကြည့်ရန် စီစဉ်ထားခဲ့သော်လည်း ဤလူငယ်တွင် ဤမျှထိ အရေးပါသော နောက်ခံမျိုး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝမျှော်လင့်မထားမိကြချေ။
"သူက ဘယ်သူမို့လို့ အရှင်က ဒီလောက်တောင် တန်ဖိုးထားရတာလဲ..."
လူအများသည် သူတို့၏စိတ်ထဲတွင် အော်ဟစ်လိုက်ကြ၏။
ယာဉ်တန်း ဝေးကွာသွားပြီးနောက်၌ပင် လူအများသည် ထိတ်လန့်မှုမှ ပြန်လည်၍ သတိဝင်လာနိုင်ခြင်း မရှိသေးပေ။
ယခင်က လုယွီ၏ရိုက်ထုတ်ခြင်းကို ခံလိုက်ရသောလူသည် ယခုအချိန်၌ သူ၏မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။