အခန်း (၅၄၀၁-၅၄၀၅)
Vol. 273 Ch. 5401-5405
Chapter 5401
ဝှစ်...
ဘဏ္ဍာစိုး၏မျက်နှာသည် အေးစက်တင်းမာနေပေ၏။ ထို့နောက် သူ၏လက်ကို မြှောက်ကာ ဓားကို ဝှေ့ယမ်းပြီး ထိုလူ၏ခေါင်းကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။
"ဒီလူက အရှင်ရဲ့ ဧည့်သည်တော်ကို မလေးမစား လုပ်ခဲ့တယ်... ဥပဒေအရ သူ အသတ်ခံရသင့်တယ်..."
ဘဏ္ဍာစိုးက တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
နံဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးသည် ထိုလူ၏ အလောင်းကို အရေးမစိုက်သော အကြည့်ဖြင့် ကြည့်လိုက်ကြ၏။ ငရဲနယ်မြေတွင် ထိုကဲ့သို့ဖြစ်ရပ်မျိုးသည် ထူးဆန်းခြင်းမရှိချေ။ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို ဒေါသထွက်စေခဲ့လျှင် ထိုလူ၏ အဆင်အခြင့်မဲ့သည့် အပြစ်သာဖြစ်ပြီး သေဒဏ်နှင့် ထိုက်တန်သည်။
ယာဉ်တန်းသည် ရှေ့သို့ဆက်သွားပြီး စတုတ္ထနယ်မြေ၏ငရဲရုံးတော်သို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ငရဲရုံးတော်သည် ငရဲနယ်မြေ၏အုပ်ချုပ်ရေးကိစ္စရပ်များကို စီမံခန့်ခွဲသောနေရာပင်။
ရှေးဟောင်းခေတ်တွင် ကောင်းကင်၌ ကောင်းကင်ဘုံနန်းတော် ရှိသကဲ့သို့ မြေအောက်၌ ငရဲရုံးတော် ရှိခဲ့သည်။
သို့သော် အစစ်အမှန် ငရဲရုံးတော်သည် ရှေးဟောင်းခေတ်မှ ကပ်ဘေးအန္တရာယ်နှင့်အတူ ပျက်စီးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ လက်ရှိငရဲရုံးတော်သည် နာမည်ကို ငှားရမ်းသုံးနေခြင်းသာ ဖြစ်ပြီး လက်တွေ့တွင် အစစ်အမှန်ငရဲရုံးတော်နှင့် များစွာကွာခြားကာ အရပ်မျက်နှာအဘက်ဘက်ကို စီမံခန့်ခွဲသော အရာရှိတချို့ထားရှိခြင်းသာ တူညီပေ၏။
ဤနေရာသည် အာရုံငါးပါးဘုရင်က အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ငရဲနယ်မြေမှ ငရဲအရာရှိများကို ဆင့်ခေါ်လေ့ရှိသော နေရာပင်။
"ကျေးဇူးပြုပြီး..."
အာရုံငါးပါးဘုရင်သည် လုယွီကို ဝေါယာဥ်ပေါ်မှဆင်းရန် ကြိုဆိုလိုက်ပြီး သူ၏မျက်နှာပေါ်တွင် ရိုသေလေးစားမှုများ ထင်ဟပ်နေသည်။
လုယွီသည် ယဉ်ကျေးမနေချေ။ သူသည် အာရုံငါးပါးဘုရင်၏ ရှေ့မှလျှောက်လှမ်းသွားသည်။ သို့ရာတွင် အာရုံငါးပါးဘုရင်သည် ဒေါသထွက်ခြင်း မရှိဘဲ လုယွီ၏နောက်မှ နာခံရို့ကျိုးစွာ လိုက်ပါသွားလေ၏။
"ဒီလူရဲ့ နောက်ခံက ဘာလဲ..."
"ငါ မသိဘူး... ဒါပေမဲ့ အရှင်က ဒီလောက်ထိ အလေးအနက်ထားပြီး ဆက်ဆံခံရတဲ့လူက သေချာပေါက် အစွမ်းထက် ပုဂ္ဂိုလ်ပဲ ဖြစ်ရမယ်..."
အစောင့်တချို့သည် နောက်မှလိုက်ပါလာရင်း အချင်းချင်း တိုင်ပင်ဆွေးနွေးနေကြသည်။
ငရဲရုံးတော်အတွင်း၌ အလွန်ကျယ်ဝန်းသော အစည်းအဝေးခန်းမတစ်ခုရှိသည်။ ထိုခန်းမ၏ နံရံလေးဖက်သည် မည်းမှောင်နေပြီး ထူထပ်သော သင်္ကေတများ ထွင်းထုထားသည်။ ခန်းမတစ်ခုလုံးကို လုံးလုံးလျားလျား ပိတ်ဆို့ထားသဖြင့် အတွင်း၌ မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ ပြင်ပလူများ ချောင်းကြည့်၍ မရနိုင်ချေ။
ဤသည်မှာ လုယွီ ဤနေရာသို့ ပထမဆုံးအကြိမ် လာရောက်ခဲ့ဖူးခြင်း မဟုတ်ပေ။ သူ ငရဲနယ်မြေဆယ့်ရှစ်ခုကို သိမ်းပိုက်စဉ်က နယ်မြေတစ်ခုပြီးတစ်ခု သိမ်းပိုက်ခဲ့ပြီး ဤနေရာသို့ ရောက်ခဲ့ဖူးသည်။
ထိုစဉ်က စတုတ္ထနယ်မြေမှ မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များသည် ဤအစည်းအဝေးခန်းမအတွင်း၌ မြေအောက်လောကတာအိုသခင်ကို ဒူးထောက်၍ ဦးညွှတ်အရိုအသေပြုကာ သူတို့၏ အညံ့ခံမှုကို ကြေညာခဲ့ကြသည်။
ထိုမြင်ကွင်းများအားလုံးသည် သူ၏စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်း ရှိနေဆဲပင်။
လုယွီ ပြန်ရောက်လာသည်မှာ နှစ်ပေါင်းနှစ်ဆယ်ခန့်သာ ရှိသေးသည်။ ဤသည်မှာ သာမန်လူသားများအတွက်ပင် အချိန်တိုလေး ဖြစ်သဖြင့် ကျင့်ကြံသူများအတွက်မူ ထည့်ပြောနေရန် မလိုတော့ချေ။
သို့သော် လက်ရှိချိန်၌ လုယွီသည် အတိတ်မှကိစ္စများကို ရှင်းလင်းခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ အရာအားလုံး ပြောင်းလဲသွားပြီဖြစ်ကာ သူသည် အတိတ်မှ ရွှမ်မင် မဟုတ်တော့ချေ။
ဤအချိန်တွင် လူများသည် အစည်းအဝေးခန်းမ၏ ဘေးတစ်ဖက်တစ်ချက်၌ ထိုင်နေကြ၏။ သူတို့သည် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ထိုအရာများပေါ်တွင် ဘုရင် စစ်သေနာပတိ နှင့် စစ်ဗိုလ်ချုပ်ကဲ့သို့သော စာလုံးများကို ရေးထိုးထားကာ သူတို့၏ အဆင့်အတန်းကို ကိုယ်စားပြုထားသည်။
ငရဲနယ်မြေ၏စတုတ္ထနယ်မြေတွင် အာရုံငါးပါးဘုရင်သည် တစ်ဦးတည်းသော သရဲဘုရင် မဟုတ်ပေ။ သရဲဘုရင်ဆိုသည်မှာ နယ်မြေတစ်ခုကို ကိုယ်စားပြုရုံသာ ဖြစ်ပြီး ကောင်းကင်ဘုံနယ်မြေရှိ နယ်မြေသခင်အထက် ကျင့်ကြံသူများနှင့် ညီမျှသည်။ ဤမြောက်မြားစွာသော သရဲဘုရင်များ၏ အထက်တွင် အာရုံငါးပါးဘုရင် တစ်ပါးတည်းသာလျှင် အကြီးမားဆုံး အာဏာကို ပိုင်ဆိုင်ပြီး သရဲဘုရင် အမြောက်အများက သူ့ထံတွင် အမှုထမ်းကြသည်။
ဤအချိန်တွင် ထိုလူများသည် လုယွီဟူသော လူစိမ်းတစ်ယောက် ဝင်လာသည်ကို မြင်တွေ့ချိန်၌ သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်ကြ၏။
သို့သော် ရုတ်ချည်းဆိုသလိုပင် သူတို့သည် လုယွီ၏နောက်မှ အာရုံငါးပါးဘုရင်ကို မြင်လိုက်ရသဖြင့် ချက်ချင်းမတ်တတ်ထရပ်ကာ ကြိုဆိုလိုက်ကြသည်။
"အရှင်..."
လူတိုင်းက ရိုသေလေးစားစွာ အရိုအသေပြုလိုက်သည်။
အာရုံငါးပါးဘုရင်သည် နှုတ်ဆိတ်နေပြီး လုယွီ၏နောက်မှ တိတ်တဆိတ် လိုက်ပါကာ အစည်းအဝေးခန်းမ၏အလယ်ဗဟိုသို့ ပို့ဆောင်ပေးလေသည်။
သုံးမီတာမြင့်သော စင်မြင့်ပေါ်တွင် လက်ရာမြောက်ပြီး ခမ်းနားထည်ဝါသော ပလ္လင်တစ်ခု ရှိနေသည်။ ထိုပလ္လင်ကို ရွှေဖြင့်သွန်းလုပ်ထားပြီး လက်ရာမြောက်စွာ ထွင်းထုထားပေ၏။ ဤသည်မှာ နယ်မြေဘုရင်များ၏အာဏာကို ပြသသော နေရာဖြစ်ပြီး နယ်မြေဘုရင်များမှလွဲ၍ မည်သူမျှ မထိတွေ့ရဲကြပေ။
အာရုံငါးပါးဘုရင်သည် လုယွီကို ထိုနေရာတွင် ထိုင်စေလိုသော်လည်း လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဧည့်သည်တစ်ယောက် အနေနဲ့ ငါက အိမ်ရှင်ရဲ့ ဦးဆောင်မှုကို လိုက်နာမယ်... အိမ်ရှင်ရဲ့ နေရာကို ငါ မလုယူပါဘူး... မင်းက စတုတ္ထနယ်မြေရဲ့ ဘုရင် ဖြစ်နေတုန်းပဲ..."
မတတ်သာသည့်အဆုံး အာရုံငါးပါးဘုရင်သည် ထိုင်လိုက်ရပြီး ပင်မပလ္လင်၏နံဘေးတွင် တူညီသော သတ်မှတ်ချက်များနှင့် ပလ္လင်တစ်ခု ထားရှိရန် လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
"ဒါက ဒီဘုရင် အသစ်ဖိတ်ခေါ်ထားတဲ့ လက်အောက်ငယ်သားပဲ... မင်းတို့အားလုံး သူ့ကို အရိုအသေပြုကြစမ်း..."
အာရုံငါးပါးဘုရင်က ပြောဆိုသည်။
"ဒါ..."
ငရဲအရာရှိများသည် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ဦးမျက်လုံးများထဲမှ ထိတ်လန့်မှုကို တခြားတစ်ဦးက မြင်တွေ့မိပေ၏။
Chapter 5402
ထိုပလ္လင်သည် သုံးမီတာမြင့်မားသော စင်မြင့်ပေါ်တွင် တည်ရှိသည်။ လုယွီသည် ထိုနေရာတွင် ထိုင်ကာ အောက်ဘက်ရှိ လူအုပ်ကြီးကို ခန့်ညားထည်ဝါသော အရှိန်အဝါဖြင့် ကြည့်ရှုနေသည်။
ဤစင်မြင့်သည် တော်ဝင်အာဏာကို ကိုယ်စားပြုသည်။ အထက်တွင် ဘုရင် အောက်တွင် လက်အောက်ခံများရှိပြီး ကျော်လွန်၍ မရနိုင်သော တင်းကျပ်ပြီး စည်းစနစ်ကျသည့် အဆင့်အတန်း ခွဲခြားမှုတစ်ခုပင်။
အမှန်အားဖြင့် ငရဲနယ်မြေရှိ အဆင့်အတန်း ခွဲခြားမှုသည် ကောင်းကင်ဘုံနယ်မြေထက်ပင် ပို၍တင်းကြပ်သည်။ ဘုရင်သည်ဘုရင် လက်အောက်ခံသည် လက်အောက်ခံ ဖြစ်ပြီး နှစ်ဦးကြားတွင် အလွန်ကြီးမားသော ခြားနားချက်ကြီး ရှိနေသည်။
အသစ်ရောက်လာသော လက်အောက်ငယ်သားတစ်ဦးက အာရုံငါးပါးဘုရင်၏နံဘေးတွင် ထိုင်နိုင်ခဲ့သည်။ ဤသည်မှာ အာရုံငါးပါးဘုရင်က တော်ဝင်အာဏာကို ဤလက်အောက်ငယ်သားနှင့် မျှဝေလိုကြောင်း သက်သေပြနေခြင်းပင်။
ဤသည်မှာ လူအများအတွက် မည်သို့မျှ ယုံကြည်နိုင်စရာ မရှိချေ။
လူအများသည် လုယွီကို ကြည့်လိုက်ကြရာ သူတို့၏မျက်လုံးများတွင် သတိထားမှုများ ပြည့်နှက်နေပြီး သူ၏နောက်ခံကို ဇဝေဇဝါဖြစ်နေကြ၏။
"ဂါရဝပြုပါတယ် အရှင်အစေခံ..."
ဤသည်မှာ အာရုံငါးပါးဘုရင်၏အမိန့်ဖြစ်သောကြောင့် လူအများသည် ခေါင်းငုံ့ကာ အရိုအသေပြုလိုက်ကြသည်။
သူတို့၏စိတ်နှလုံးသားထဲတွင် မေးခွန်းများ ရှိနေလျှင်ပင် ဘုရင်၏အမိန့်ကို နာခံရပေမည်။
သူတို့ ဦးညွှတ်လိုက်ကြစဉ် အကြည့်တချို့သည် ငရဲအရာရှိများ၏ရှေ့ဆုံးတွင် မတ်တတ်ရပ်နေသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်အပေါ်သို့ ကျရောက်သွားသည်။
ထိုလူလတ်ပိုင်းကြီးသည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ရွှေရောင်ဖိနပ်များ စီးထားကာ မြင့်မြတ်ပြီး တင့်တယ်သော အသွင်အပြင်ရှိသည်။ သူသည် ကြီးမားသော ချမ်းသာကြွယ်ဝမှုနှင့် အဆင့်အတန်း ရှိသူ ဖြစ်ကြောင်း ဖော်ပြနေပေ၏။
ဤသည်မှာ အာရုံငါးပါးဘုရင် အိမ်တော်၏ အကြီးအကဲချုပ် ကျန်းချီဖုန်းပင်။
ကျန်းချီဖုန်းသည် စတုတ္ထနယ်မြေတွင် နာမည်ကြီးသော ထိပ်သီးကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ သူသည် သရဲဘုရင်အဆင့် ထိပ်သီးကျင့်ကြံသူတစ်ဦး ဖြစ်ရုံသာမက အကြီးအကဲချုပ်အနေဖြင့် ကြီးမားသော အခွင့်အာဏာကိုလည်း ပိုင်ဆိုင်ထားသည်။ နေရာဒေသအသီးသီး၌ အဆင့်အတန်း သတ်မှတ်ခံထားရသော သရဲဘုရင်များနှင့်သရဲစစ်သေနာပတိများပင်လျှင် သူ့ကို လွယ်လင့်တကူ ရန်မစရဲကြချေ။
ထို့ကြောင့် ကျန်းချီဖုန်းသည် ငရဲအရာရှိများအားလုံး၏ရှေ့ဆုံးတွင် ရပ်တည်နိုင်ခြင်းပင်။
ဤအချိန်တွင် ကျန်းချီဖုန်းသည် ဦးညွှတ်နေသော်လည်း မျက်မှောင်ကြုတ်နေပြီး သူ၏စိတ်ထဲတွင် သိသိသာသာ မကျေမနပ် ဖြစ်နေပေ၏။
အကြီးအကဲချုပ်အနေဖြင့် အမည်မသိ ကောင်လေးတစ်ယောက်ကို ဦးညွှတ်ရခြင်းသည် သူ့အတွက် အရှက်ရစေခြင်းပင်။
သို့သော် ဤသည်မှာ အာရုံငါးပါးဘုရင်၏အမိန့်ဖြစ်သဖြင့် သူသည် အကြီးအကဲချုပ် ဖြစ်နေလျှင်ပင် သူ နာခံရပေမည်။
"ကောင်းပြီလေ... ဒီနေ့ ဆွေးနွေးပွဲကို စလိုက်ကြစို့..."
လုယွီက တည်ငြိမ်စွာ ပြောဆိုပြီး လူများအားလုံး၏ နှုတ်ဆက်မှုကို တည်ငြိမ်အေးဆေးစွာ လက်ခံလိုက်၏။
လူများအားလုံးက အာရုံငါးပါးဘုရင်ကို ကြည့်လိုက်ကြသည်။ သူ မည်သည့်စကားမျှ မပြောသည်ကို မြင်တွေ့ချိန်၌ သူတို့သည် တစ်ယောက်ပြီး တစ်ယောက် စတင်၍ တင်ပြလိုက်သည်။
ဤသည်က ကျင့်ကြံခြင်းအင်ပါယာတစ်ခုတွင် နံနက်ခင်းညီလာခံ ကျင်းပခြင်းနှင့် ဆင်တူသော အကျိုးသက်ရောက်မှုရှိသည်။
ဤနေရာတွင် တင်ပြသော အရာအားလုံးသည် အရေးကြီး ကိစ္စရပ်များ ဖြစ်ပြီး အာရုံငါးပါးဘုရင်ကို ဆုံးဖြတ်ချက်ချစေခြင်းဖြစ်သည်။
လုယွီသည် နံဘေးမှ နားထောင်နေရင်း လူအများမှ တင်ပြသော ကိစ္စရပ်များ၏ ခုနစ်ဆယ်ရာခိုင်နှုန်းခန့်သည် လူသစ်စုဆောင်းခြင်းနှင့် ပတ်သက်နေကြောင်း တွေ့ရှိမိပေ၏။
"အရှင်... ယန်ယွမ်ဘုရင်ရဲ့ ထိုးစစ်က တော်တော်လေး ပြင်းထန်နေတယ်... သူတို့က အခု နယ်စပ်ခံတပ်က မြို့ပေါင်းသုံးဆယ့်ငါးမြို့ကို သိမ်းပိုက်ထားပြီးတော့ ဝက်ဝံခံတပ် ကာကွယ်ရေးစည်းကို စတင်တိုက်ခိုက်နေပြီ... ကျွန်တော့်တို့တပ်ဖွဲ့မှာ အင်အားတွေ အကြီးအကျယ် ကုန်ခမ်းနေတယ်.. တျန်ဟဲမြို့က စစ်ကူ အမြန်မပို့ရင် မြို့ကျဆုံးမယ့်နေ့က မဝေးတော့မှာကို ကျွန်တော် စိုးရိမ်မိတယ်..."
ထိုစကားကိုပြောဆိုလိုက်သူမှာ သရဲဘုရင်တစ်ပါးပင်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ကိုယ်ပွားပုံစံဖြင့် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး သူ၏ပင်မခန္ဓာကိုယ်မှာမူ နယ်စပ်ခံတပ်တွင် ရှိနေဆဲပင်။
"ကျွန်တော်တို့ကျားယင်ခံတပ်လည်း ယန်ယွမ်ဘုရင်ရဲ့ လက်အောက်ငယ်သားတွေဆီက တိုက်ခိုက်မှုတွေကို ခံစားခဲ့ရပြီးတော့ အသေအပျောက် များပြားခဲ့တယ်..."
"ဖင်းခံတပ် ကာကွယ်ရေးစည်းမှာ အနောက်တောင်ဘက်က မြို့ပေါင်းဆယ့်ငါးမြို့က ယန်ယွမ်ဘုရင်ရဲ့ လက်ထဲကို ကျရောက်သွားပြီ... စစ်ကူမရှိရင် ငရဲငယ်ကိုတောင် ကာကွယ်ဖို့ ခက်ခဲလိမ့်မယ်လို့ ကျွန်တော် စိုးရိမ်မိတယ်..."
သတင်းဆိုးများ တစ်ခုပြီးတစ်ခု ရောက်ရှိလာပေ၏။
အာရုံငါးပါးဘုရင်၏မျက်ခုံးများ တဖြည်းဖြည်း တွန့်ချိုးသွားသည်။
ယန်ယွမ်ဘုရင်သည် ယန်မိသားစု၏ ဘုရင်တစ်ပါးပင်။ သူသည် နယ်မြေအရှင်သခင် မဟုတ်သော်လည်း သူ၏ကွပ်ကဲမှုအောက်တွင် အရည်အချင်းရှိပြီး ထူးဆန်းသော လူပုဂ္ဂိုလ်များ မရေမတွက်နိုင်အောင် ရှိနေသည်။
အာရုံငါးပါးဘုရင်နှင့် ယန်မိသားစုကြား ထိပ်တိုက်တွေ့ဆုံမှုသည် ယခင်ကတည်းက တူညီသော အတိုင်းအတာဖြင့် ပဋိပက္ခ ဖြစ်ပွားခြင်း မဟုတ်ခဲ့ချေ။ ယန်မိသားစုသည် အမွေဆက်ခံခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ကာ အာရုံငါးပါးဘုရင်ကမူ မြေအောက်လောကတာအိုသခင်မှ ခန့်အပ်ခဲ့ခြင်းပင်။ ဆိုရိုးစကား ရှိသကဲ့သို့ပင် အားကောင်းသော နဂါးသည် ဒေသခံမြွေကို တိုက်ခိုက်ရန် ခက်ခဲရာ အာရုံငါးပါးဘုရင်သည် တဖြည်းဖြည်း အားနည်းလာခဲ့ပေ၏။
ယခုနေရာသို့ ရောက်ရှိနေကြသော သရဲဘုရင်များနှင့် သရဲစစ်သေနာပတိတချို့ကို ကြည့်လိုက်ရာ လူအများစုတွင် မှိုင်းညို့ပြီး ဖြူဖပ်ဖြူရော်မျက်နှာများ ရှိနေကြသည်။ ဤစစ်ပွဲအပေါ် သူတို့ အကောင်းမြင်ခြင်း မရှိကြတော့သည်မှာ သိသာထင်ရှားသည်။
ထိုအချိန်တွင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး ဤသည်မှာ လုယွီက စကားပြောဆိုလိုက်ခြင်းပင်။
"ယန်မိသားစုရဲ့အရေးကိစ္စတွေကို ငါ ကိုင်တွယ်လိုက်မယ်... လွီသိုင်း... အခုချက်ချင်း လူရွေးပြီး ယန်မိသားစုရဲ့ မြို့တွေကို လွှဲပြောင်းယူဖို့ ပြင်ဆင်လိုက်တော့..."
Chapter 5403
သတင်းပို့ရန် ပြင်ဆင်နေကြသော ငရဲအရာရှိ များအားလုံး အနည်းငယ် ကြက်သေသေသွားကြပြီး လုယွီကို တပြိုင်နက်တည်း ကြည့်လိုက်ကြ၏။
သူတို့သည် ယန်မိသားစုကိစ္စကို မည်သို့ ဖြေရှင်းရမည်သည်ကို ဆွေးနွေးနေကြခြင်းပင်။ ဤအတွေ့အကြုံမရှိဘဲ ရိုးအသော လူငယ်လေးကဲ့သို့ လူတစ်ယောက်က ယန်မိသားစုကိစ္စကို သူကိုယ်တိုင် ဖြေရှင်းမည်ဟု မည်သည်ကြောင့် ရဲတင်းစွာ ပြောဆိုနိုင်သနည်း။
ယန်ယွမ်ဘုရင်သည် ယမမင်း၏လက်အောက်ခံ ဘုရင်တစ်ပါး ဖြစ်ပြီး သူ၏လက်အောက်တွင် နက်ရှိုင်းသော ကျင့်ကြံဆင့်နှင့် ကျယ်ပြန့်သော သြဇာအာဏာရှိသည့် မဟာအကြီးအကဲနှစ်ဆယ်ကျော် ရှိနေသည်။
နယ်မြေဘုရင်အများစုပင်လျှင် ယန်ယွမ်ဘုရင်ကို အနိုင်ယူနိုင်မည်ဟု အာမမခံနိုင်ကြချေ။ ထိုသို့မဟုတ်လျှင် အာရုံငါးပါးဘုရင်သည် ဤမျှထိ ဖိအားများနေမည် မဟုတ်ချေ။
"ဒီအစေခံအသစ်က သူ့ရဲ့ ကြွားလုံးထုတ်တဲ့ စွမ်းရည်နဲ့ အရှင်ကို လှည့်စားနေတာများလား..."
လက်ရှိနေရာတွင် ရှိနေကြသော ငရဲအရာရှိများသည် သူတို့၏စိတ်ထဲမှ လှောင်ပြောင်လိုက်ကြ၏။ ယခင်တည်းက သူတို့သည် လုယွီကို အရေးပါသော လူတစ်ယောက်ဟု တွေးထင်မထားခဲ့ကြချေ။
သူသည် အာရုံငါးပါးဘုရင်မှ ရှေ့သို့တွန်းပို့ပေးထားသော တရားမဝင်သားတစ်ယောက် ဖြစ်နေသလော...
လူအများစု၏ စိတ်ကူးယဉ်တွေးတောမှုများ အရိုင်းဆန်လာကြသည်။ မည်သို့ပင်ဆိုစေကာမူ လုယွီ၏မျက်နှာသည် စိမ်းသက်သက်ဖြစ်ပြီး ငယ်ရွယ်လွန်းနေသည်။ ထိုကြောင့် လုယွီထံတွင် အစစ်အမှန်စွမ်းရည် တစ်စုံတစ်ရာ ရှိနိုင်မည်ဟု မည်သူမျှ မယုံကြည်ကြပေ။
"ဆွေးနွေးပွဲခန်းမထဲမှာ အရေးကြီးကိစ္စတွေကို ဆွေးနွေးနေတာ... ကြားဖြတ်ပြောဆိုတာကို တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်... ဒီကောင်လေးက စည်းကမ်းတွေကို တော်တော်လေး နားမလည်တာပဲ..."
သရဲဘုရင်အိုကြီးတချို့က မျက်မှောင်ကြုတ်လိုက်ကြသည်။
သို့သော် လုယွီ ဆူပူကြိမ်းမောင်းခံရတော့မည်ဟု လူများအားလုံး တွေးထင်နေချိန်တွင် အာရုံငါးပါးဘုရင်သည် သာမန်မဟုတ်သော ညင်သာသိမ်မွေ့သည့် သဘောထားဖြင့် ပြုမူလိုက်၏။
"ယန်မိသားစု သိမ်းပိုက်ထားတဲ့ မြို့တွေအတွက် လူတွေ အဆင်သင့် ပြင်ထားပြီးပြီ... အချိန်မရွေး လွှဲပြောင်းယူလို့ ရတယ်..."
လူအများ၏စိတ်နှလုံးသား နက်ရှိုင်းသော နေရာတွင် မရေမတွက်နိုင်သော ကြက်သွေးရောင်စစ်မြင်းများ ဒုန်းစိုင်းပြေးနေသကဲ့သို့ ခံစားလိုက်ကြရသည်။
ဤသည်မှာ ယန်မိသားစု၏ယန်ယွမ်ဘုရင်ပင်။ သူတို့သည် တစ်ဖက်ရန်သူ၏တိုက်စစ်ကို ခဲယဉ်းစွာ တောင့်ခံထားရန်အတွက် မရေမတွက်နိုင်သော တပ်ဖွဲ့များကို သုံးစွဲခဲ့ရသည်။ သို့ရာတွင် ယခုအချိန်၌ အတွေ့အကြုံမရှိသော အမည်မသိ ကောင်လေးတစ်ယောက်က ပေါ့ပေါ့ပါးပါး ထွက်ပေါ်လာပြီး ယန်မိသားစုကိစ္စကို ဖြေရှင်းပေးမည်ဟု ရဲတင်းစွာ ပြောဆိုနေပေ၏။
အဓိကအချက်မှာ အာရုံငါးပါးဘုရင်က သူ့ကို အမှန်တကယ် ယုံကြည်နေခြင်းပင်။
နယ်မြေဘုရင်တစ်ပါးအနေဖြင့် အာရုံငါးပါးဘုရင်သည် တည်ငြိမ်သော စိတ်သဘောထား ရှိပြီး အလေးအနက်ထား၍ တွက်ချက်တတ်သည့် ပုံစံမျိုးကို အစဥ်အမြဲ ပေးလေ့ရှိသည်။
သို့သော် ယနေ့တွင် အာရုံငါးပါးဘုရင် ပြသလိုက်သော လုပ်ရပ်များမှာ လုံးလုံးလျားလျား အံ့အားသင့်စရာ ကောင်းနေသည်။
"အရှင်... ဒါက မသင့်တော်ဘူးလို့ ကျွန်တော် ထင်တယ်..."
ကျန်းချီဖုန်းသည် ရုတ်တရက် ရှေ့သို့တိုးလာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ပုံမှန်အရဆိုရင် ယန်ယွမ်ဘုရင်လို အစွမ်းထက် ပုဂ္ဂိုလ်နဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ နေရာတိုင်းက ခံစစ်တွေကို အပြည့်အဝ ပြင်ဆင်ထားသင့်တယ်... အနည်းဆုံးတော့ လုံလောက်တဲ့ တပ်ဖွဲ့တွေ ရှိနေရမယ်... ပြီးတော့ ကျွန်တော်တို့ရဲ့ လက်ရှိ လူစုဆောင်းမှု အမြန်နှုန်းနဲ့ဆိုရင် ဒါက လိုအပ်ချက်နဲ့ အများကြီး ကွာဟနေသေးတယ်..."
"ထောက်ပံ့ပို့ဆောင်ရေး စစ်လက်နက်ပစ္စည်းနဲ့ တပ်ဖွဲ့တွေ စစ်ချီတက်တာက စစ်ပွဲတွေမှာ အရေးပါဆုံး အချက်တွေပါ... ကျွန်တော်တို့က အခု အင်အားနည်းနေတာကြောင့် ကံတရားကို လုံးဝအားမကိုးဘဲ တည်တည်ငြိမ်ငြိမ် ရှေ့ဆက်သွားဖို့ပဲ လိုပါတယ်..."
"တချို့လူတွေက အရှင်ကို ဒီအချိန်မှာ လမ်းမှားရောက်အောင် လုပ်နေတာ ဖြစ်နိုင်တယ်... ဒါပေမဲ့ ဒီကိစ္စက ကျွန်တော်တို့ စတုတ္ထနယ်မြေရဲ့ သေရေးရှင်ရေးနဲ့ သက်ဆိုင်နေတယ်... အရှင် ရှင်းရှင်းလင်းလင်း စဥ်းစားဖို့ ကျွန်တော်က အသနားခံပါတယ်..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် လက်ရှိနေရာတွင်ရှိနေကြသော လူအများစုက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။
ထိုစကားများသည် အဓိပ္ပာယ် ရှိပေ၏။
ဤနေရာတွင် ရှိနေနိုင်သူ အားလုံးသည် စတုတ္ထနယ်မြေ၏နေရာအသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ်များ ဖြစ်ကြပြီး သူတို့ထံတွင် အတွေ့အကြုံများစွာရှိသည်။
ထို့ပြင် သူတို့၏မျက်လုံးထဲတွင် လုယွီသည် ဉာဏ်နီဉာဏ်နက်သုံးပြီး ဘုရင်ကို လမ်းမှားရောက်အောင် လုပ်နေသော အောက်တန်းစား လူတစ်ယောက်မျှသာ ဖြစ်ပေ၏။ ထိုကဲ့သို့ လူစားမျိုးကို သူတို့ အမုန်းဆုံးပင်။
"ကျန်းချီဖုန်းက တကယ့်ကို ဝါရင့်တဲ့လူပဲ... ယန်ယွမ်ဘုရင်အဆင့်ရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကို ကိုင်တွယ်တဲ့အချိန်မှာ အရမ်းသတိထားရမယ်... လူတစ်ယောက်တည်းရဲ့အင်အားနဲ့ ဖြေရှင်းလို့ ရနိုင်စရာအကြောင်း ဘယ်မှာ ရှိလို့လဲ..."
လူအများသည် သူတို့၏စိတ်ထဲတွင် လှောင်ပြောင်လိုက်ကြပြီး လုယွီ မည်ကဲ့သို့ ကိုင်တွယ်မည်ကိုစောင့်ကြည့်လိုက်ကြသည်။
လုယွီက မျက်မှောင်ကြုတ်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"သူက ယန်မိသားစုရဲ့ လက်အောက်ခံ ဘုရင်တစ်ပါးပဲလေ... ငါ သွားလို့ရတယ်... အချိန်က အရေးကြီးနေပြီ... ခံစစ်တွေအတွက် အချိန်အများကြီး မဖြုန်းနဲ့တော့..."
"ငါ အဲ့ဒီ ယန်ယွမ်ဘုရင်အကြောင်း ကြားဖူးတယ်... သူက ယမမင်းရဲ့ ညီအရင်း မဟုတ်လား... ငရဲနယ်မြေဆယ့်ရှစ်ခုက စွမ်းအင်တွေ မျှဝေပြီး သုံးစွဲထားတာ... အကြီးစား စစ်ပွဲတစ်ခု စတင်တာက အဓိက တားမြစ်ချက်ကြီး တစ်ခုပဲ... အဲ့ဒီညီအစ်ကိုတွေက ငရဲနယ်မြေရဲ့ စည်းကမ်းတွေကို ချိုးဖောက်ရဲမှတော့ သူတို့က သေလမ်းရှာနေကြတာပဲ... ငါ ဒီကိစ္စကို ငါကိုယ်တိုင် ကိုင်တွယ်ပြီး မြန်မြန်ဆန်ဆန် ပြီးပြတ်အောင် လုပ်ပေးမယ်..."
Chapter 5404
"အရှင်အစေခံကို မေးခွင့်ပြုပါ... ခင်ဗျားက ယန်ယွမ်ဘုရင်နဲ့ တကယ်ရော ထိပ်တိုက်တွေ့ဖူးရဲ့လား..."
ကျန်းချီဖုန်း၏အသံမှာ အေးစက်နေပြီး လုယွီကို ထိပ်တိုက်ရင်ဆိုင်လိုက်၏။
လုယွီက အရေးမစိုက်သော လေသံဖြင့် ပြောဆိုသည်။
"မတွေ့ဖူးဘူး..."
အတိတ်တွင် ယန်ယွမ်ဘုရင်သည် နတ်ဆိုးဘုရင်လေး တစ်ပါးမျှသာ ဖြစ်သည်။ သူသည် မြေအောက်လောက တာအိုသခင်နှင့် ယှဉ်ပြိုင်ရန် မဆိုထားနှင့် လုယွီကို တစ်ကြိမ်မြင့်တွေ့ခွင့်ရရန်ပင် သူ့အတွက် ခက်ခဲပေမည်။
ထိုစဉ်က လုယွီ ရင်ဆိုင်ခဲ့ရသော လူများအားလုံးသည် ငရဲနယ်မြေ၌ သီးခြားကျင့်ကြံနေသော မွန်းစတားအိုကြီးများပင်။ ဤယန်ယွမ်ဘုရင်ဆိုသူမှာ သူ၏အဆင့်သတ်မှတ်ချက်ထဲပင် ထည့်၍မရချေ။
သူ၏နံဘေးပတ်ဝန်းကျင်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လူအများသည် လှောင်ပြောင်လိုသော မျက်လုံးများဖြင့် လုယွီကို ကြည့်လိုက်ကြ၏။
လုယွီသည် ကြွားဝါသူတစ်ဦးမျှသာ ဖြစ်ပြီး သူပြောဆိုသော စကားများသည် အဓိပ္ပါယ်မရှိဘဲ လုံးလုံးလျားလျား ရယ်စရာကောင်းကြောင်း ယခုအချိန်၌ သူတို့သည် အခြေခံအားဖြင့် အတည်ပြုနိုင်လေပြီ။
ယန်ယွမ်ဘုရင်နှင့် တစ်ကြိမ်တစ်ခါမျှ မတိုက်ခိုက်ဖူးသူတစ်ယောက်က ယန်မိသားစု ကိစ္စကို ဖြေရှင်းမည်ဟု ကြွားဝါရဲသည်မှာ လူမိုက်တစ်ယောက်၏အိပ်မက်သာ ဖြစ်သည်။
"ဟီး ဟီး... ကျွန်တော်က အထင်ကြီးသွားမိတာပဲ..."
ကျန်းချီဖုန်းသည် သူ့ကိုယ်သူ လှောင်ပြောင်သည့်အလား ခေါင်းခါယမ်းလိုက်၏။
လုယွီ ထွက်ပေါ်လာပြီးနောက် သူသည် အစားထိုးခံရတော့မည့်အလား ကြီးမားသော အကျပ်အတည်းကို ခံစားခဲ့ရသည်။
သို့သော် ယခုအချိန်၌ လုယွီ၏စွမ်းဆောင်ရည်ကို မြင်တွေ့ချိန်၌ ကျန်းချီဖုန်း၏စိတ်အတွင်းရှိ အတွေးများ ခိုင်မာသွားသည်။
ထိုလူငယ်သည် လျှာအရိုးမရှိသော မောက်မာထောင်လွှားသူ တစ်ဦးမျှသာ ဖြစ်သဖြင့် သူ သတိထားရန်ပင် မလိုအပ်ချေ။
"အရှင်... ရှေ့တန်းအခြေအနေက အရေးတကြီး ဖြစ်နေတယ်... မတော်တဆမှုတစ်ခုခု မဖြစ်ရအောင် ဝက်ဝံခံတပ်ဆီကို လက်ရွေးစင်တပ်ဖွဲ့တွေ ချက်ချင်းစေလွှတ်ဖို့ ကျွန်တော် အကြံပြုချင်တယ်..."
ကျန်းချီဖုန်းက ထပ်မံ၍ အဆိုပြုလိုက်သည်။
သူ၏စကားများသည် လက်ရှိနေရာတွင် ရောက်ရှိနေကြသော လူအများ၏သဘောတူညီမှုကို ရရှိသွားခဲ့သည်။
"အမှန်ပဲ... လက်ရှိအခြေအနေအရ စစ်ကူတွေကို အမြန်ဆုံး စေလွှတ်သင့်တယ်..."
"နယ်စပ်ခံတပ်ရဲ့ တခြားတစ်ဖက်မှာ လွင်ပြင်တွေ ရှိနေပြီး ငရဲငယ်တွေလည်း အများကြီးရှိနေတယ်... အဲ့ဒီနေရာတွေကို ယန်မိသားစုက ထိန်းချုပ်လိုက်ရင် ကျွန်တော်တို့က ခံစစ်အနေအထားကို ရောက်သွားလိမ့်မယ်..."
လူများအားလုံးသည် အသနားခံ ပြောဆိုကြပြီး တပ်ဖွဲ့များကို အမြန်ဆုံးစေလွှတ်ရန် တောင်းဆိုလိုက်ကြ၏။
အာရုံငါးပါးဘုရင်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လက်အောက်ငယ်သားများ၏ လွှမ်းမိုးမှုကို မခံရဘဲ တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"တော်ကြစမ်း.. ငါ ဆုံးဖြတ်ချက်ချပြီးပြီ... နယ်စပ်ခံတပ်ဆီ စစ်ကူပို့စရာ မလိုဘူး...ဒါ့ပြင် ဒီဘုရင်က မကြာခင်မှာ တပ်စွဲဖို့အတွက် သရဲဘုရင်တွေနဲ့ သရဲစစ်သေနာပတိတွေကို ခန့်အပ်တော့မယ်... ကျန်းချီဖုန်း... မင်း အောက်ဆင်းပြီး သရဲစစ်ဗိုလ်ချုပ်တွေကို သွားပြီးရွေးချယ်စမ်း..."
ဘာ...
ကျန်းချီဖုန်းသည် နေရာ၌ တောင့်တင်းသွားပြီး သူ၏နားကိုပင် သူ မယုံကြည်နိုင် ဖြစ်သွားသည်။
သူသာမက လက်ရှိနေရာတွင် ရှိနေကြသော တခြားလူများအားလုံးလည်း ကြက်သေသေသွားကြပြီး မယုံကြည်နိုင်သော အမူအယာများ ဖြစ်သွားကြသည်။
နယ်မြေနှစ်ခုကြားမှစစ်ပွဲသည် လက်ရှိတွင် သူတို့၏စတုတ္ထနယ်မြေက အမြဲတစေ အားနည်းနေခဲ့သော စစ်ပွဲတစ်ပွဲပင်။ သို့ရာတွင် ယခုအချိန်၌ အာရုံငါးပါးဘုရင်သည် တခြားလူ၏ ကုန်းချောစကားကို နားယောင်ပြီး လူတစ်ယောက်တည်းက ယန်ယွမ်ဘုရင်ကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေသလော။
ဤသည်မှာ မည်သို့မျှ အဓိပ္ပာယ် မရှိချေ။
"အရှင်... ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ..."
အသက်အိုမင်းနေသော သရဲစစ်သေနာပတိတစ်ဦးသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ အသနားခံလိုက်၏။
တခြားသူများလည်း ရှေ့သို့တိုးလာပြီး ခါးသီးစွာ တောင်းပန်လိုက်ကြသည်။
နယ်မြေနှစ်ခုကြားမှစစ်ပွဲသည် အလွန်အမင်း အန္တရာယ်များကာ အမှားအယွင်း အနည်းငယ်က ထာဝရကျဆုံးခြင်းချောက်ကမ်းပါးထဲသို့ ကျရောက်သွားစေနိုင်သည်။
သူတို့၏စတုတ္ထနယ်မြေသည် အားနည်းသည့်ဘက်သို့ ရောက်ရှိနေခဲ့လေပြီ။ ယခုချိန်၌ သူတို့သည် မိုက်မဲသော ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်ပါက တန်ပြန်တိုက်စစ်ဆင်ရန် အခွင့်အရေးပင်ရချင်မှ ရပေတော့မည်။
"ဒီဘုရင် ဆုံးဖြတ်ပြီးပြီ... မင်းတို့ ထွက်သွားလို့ ရပြီ..."
အာရုံငါးပါးဘုရင်က အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်သည်။
လူများအားလုံး ထွက်ခွာသွားကြသော်လည်း လူအများစုသည် မျက်နှာအမူအယာ ပျက်ယွင်းနေကြဆဲပင်။
ငရဲရုံးတော်မှ ထွက်ခွာပြီးနောက် ငရဲအရာရှိများသည် စတင်၍ ညည်းညူလိုက်ကြရာ သူတို့၏အသံများတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေပေ၏။
"အဲ့ဒီကောင်လေးက ဘယ်သူလဲ... စကားကြီးစကားကျယ်တွေ ပြောပြီး ယန်မိသားစုကိစ္စကို ဖြေရှင်းမယ်တဲ့... သူက ကိုယ့်ကိုယ်ကိုယ် ဘယ်သူလို့ ထင်နေတာလဲ..."
"ဘယ်လို အစေခံမျိုးလဲ... ငါ ထင်တာတော့ သူက လူလိမ်လူညာ တစ်ယောက်ပဲ... စစ်မြေပြင်ရောက်ရင် ကြောက်လွန်းလို့ သူက ဘောင်းဘီထဲတောင် သေးပေါက်ချမလား မသိဘူး..."
သရဲစစ်သေနာပတိတစ်ဦးက ရုတ်တရက် တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"သူ့မှာ တကယ်ပဲ စွမ်းရည်ရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ်... အရှင်ရဲ့ ဆုံးဖြတ်ချက်ကို ငါ ယုံကြည်တယ်... အရှင်က စွမ်းရည်မရှိတဲ့ လူတစ်ယောက်ကို အကြောင်းမဲ့ ယုံကြည်မှာ မဟုတ်ဘူး..."
"ဟီး ဟီး... မင်းတို့ မိသားစုက မျိုးဆက်သစ်တွေမှာ အခု ဘာစွမ်းအားတွေ ရှိလို့လဲ... သရဲစစ်ဗိုလ်ချုပ် ဖြစ်လာနိုင်တဲ့ လူတွေတောင် ရှားပါးနေပြီး..."
တခြား သရဲစစ်သေနာပတိတစ်ဦးက အထင်အမြင်သေးသော လေသံဖြင့် ပြောဆိုလိုက်သည်။
"သူ့ရဲ့အသက်အရွယ်နဲ့ဆိုရင် အမိဝမ်းထဲကနေ ကျင့်ကြံလာရင်တောင် ဘာမှ ဖြစ်မြောက်မှာ မဟုတ်ဘူး... သူက ကျော်ကြားချင်နေတဲ့ လူလိမ်တစ်ယောက်ပဲ... စိတ်ပူစရာ မလိုပါဘူး..."
Chapter 5405
"ငါ ထင်တာတော့ ဒါက ယန်မိသားစုကို ရှုပ်ထွေးသွားအောင် အရှင်က တမင်တကာ ပစ်လွှတ်လိုက်တဲ့ လုပ်ဇာတ်တစ်ခုပဲ ဖြစ်ရမယ်..."
"ဟား ဟား ဟား... မင်းရဲ့စကားက တကယ်ကြီး ဖြစ်နိုင်တယ်..."
လူများအားလုံးသည် တိုင်ပင်ဆွေးနွေးပြီး ထွက်ခွာသွားကြ၏။
ကျန်းချီဖုန်းသည် နံဘေးတွင် မတ်တတ်ရပ်နေပြီး ပါဝင်ပြောဆိုခြင်း မရှိသော်လည်း အရာအားလုံးကို ရှင်းလင်းစွာ ကြားလိုက်ရသည်။
သူ နောက်သို့လှည့်ပြီး သူ၏နောက်ရှိ ငရဲရုံးတော်ကို ကြည့်လိုက်၏။ တျန်ဟဲမြို့၏ အနက်ရောင် ကြယ်တာရာကောင်းကင်သည် အထက်တွင် ရင်သပ်ရှုမောဖွယ် လှပနေပြီး ခမ်းနားထည်ဝါသော ရုံးတော်အဆောက်အအုံက သူ၏မြင်ကွင်းထဲသို့ ဝင်ရောက်လာသည်။
"အာရုံငါးပါးဘုရင်ကိုလည်း အားကိုးလို့မရတော့ဘူး ထင်တယ်..."
ကျန်းချီဖုန်းက ခေါင်းခါယမ်းလိုက်သည်။
ယနေ့အစည်းအဝေးတွင် အာရုံငါးပါးဘုရင်သည် နယ်မြေစစ်ပွဲကဲ့သို့ အရေးကြီးကိစ္စရပ်ကို ငယ်ရွယ်ပြီး အမည်မသိ လူတစ်ယောက်အား လွှဲအပ်ခဲ့သည်။
ကျန်းချီဖုန်းသည် သက်ပြင်းချလိုက်၏။ အာရုံငါးပါးဘုရင်၏အာဏာသည် ဤကိစ္စကြောင့် ရှုံးနိမ့်သွားမည်ဖြစ်ပြီး အနာဂတ်တွင် ယန်မိသားစု၏ သိမ်းပိုက်ခြင်းကိုပင် ခံရနိုင်ကြောင်း သူ မြင်ယောင်နေမိသည်။
ကျန်းချီဖုန်း တစ်ယောက်တည်းသာ မဟုတ်ဘဲ စတုတ္ထနယ်မြေရှိ လူအများစုသည်လည်း ထိုကဲ့သို့ တွေးတောမိကြသည်။
သို့သော် အာရုံငါးပါးဘုရင်၏အရှိန်အဝါ ရှိနေဆဲဖြစ်သဖြင့် လူအများသည် သူတို့၏ ထင်မြင်ချက်များကို ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ပြောဆိုခြင်း မပြုဝံ့ကြချေ။
"ထွက်ပေါက်တစ်ခုရှာဖို့ လိုပြီထင်တယ်..."
ဤသည်ကို တွေးတောရင်း ကျန်းချီဖုန်း၏မျက်လုံးများတွင် စူးရှသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ငရဲရုံးတော် အတွင်း၌...
လုယွီက ထိပ်ဆုံးရှိ ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ အစေခံတစ်ဦးက သူ့အတွက် ရေနွေးကြမ်း လာချပေးပြီးနောက် ရိုသေလေးစားသော အမူအယာဖြင့် ဆုတ်ခွာသွားပေ၏။
ဤကျယ်ဝန်းသောအခန်းထဲတွင် လုယွီနှင့် အာရုံငါးပါးဘုရင်သာ ကျန်ရှိတော့သည်။ သို့ရာတွင် လုယွီက ထိုင်နေပြီး လောကကို အမိန့်ပေးနိုင်သော အစွမ်းထက်သည့် အာရုံငါးပါးဘုရင်ကမူ သူ၏ရှေ့တွင် ရိုသေလေးစားစွာ မတ်တတ်ရပ်နေသည်။
နံဘေးပတ်ဝန်းကျင်ရှိ လေဟာနယ်ထဲတွင် ရှင်းပြ၍မရနိုင်သော ဖိအားများဖြင့် ပြည့်နှက်နေပေ၏။ တခြားသူများ၏ရှေ့တွင် ဧရာမဝက်ဝံကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေသော အာရုံငါးပါးဘုရင်၏ တောင့်တင်းသန်မာသော ပုံရိပ်သည် ယခုအချိန်၌ အစေခံတစ်ဦးကဲ့သို့ ခေါင်းငုံ့ထားသည်။
"ဒီငယ်သားက အရှင်ကို အရိုအသေပြုပါတယ်..."
အာရုံငါးပါးဘုရင်က ဦးညွှတ်အရိုအသေပြုလိုက်၏။
လုယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ထုံးတမ်းစဉ်လာတွေ မလိုပါဘူး... ဒီအတောအတွင်း ငရဲနယ်မြေမှာ မင်း လုပ်ခဲ့တာတွေကို လူတွေအားလုံး အထင်အရှား မြင်တွေ့နေရတာပဲ... ငါ့ရဲ့ခရီးစဉ်တလျှောက်မှာ စတုတ္ထနယ်မြေက အရင်ကထက် ပိုပြီးစည်ပင်ဝပြောလာတာကို ငါ တွေ့ခဲ့ရတယ်... စတုတ္ထနယ်မြေရဲ့ ဘုရင်တစ်ပါး အနေနဲ့ မင်း တကယ့်ကို ကောင်းကောင်းလုပ်ခဲ့တယ်..."
"ဒါတွေအားလုံးက ဒီငယ်သား လုပ်သင့်လုပ်ထိုက်တာတွေပါ..."
အာရုံငါးပါးဘုရင်က အလွန်နှိမ့်ချရို့ကျိုးစွာ ပြုမူလိုက်သည်။
"ငါက ဆုပေးတာနဲ့ ဒဏ်ပေးတာကို အမြဲတမ်း ရှင်းရှင်းလင်းလင်း လုပ်ဆောင်တယ်... မင်း ကောင်းကောင်းလုပ်ရင် ဆုလာဘ်တွေ ရှိလာမှာပါ... မင်း နှိမ့်ချနေဖို့ မလိုပါဘူး... ငါ အကုန်မြင်တယ်..."
လုယွီက လက်ဝှေ့ယမ်းလိုက်ပြီး ရုတ်တရက် တည်ကြည်လေးနက်သော အသံဖြင့် ပြောဆိုသည်။
"ယန်မိသားစုရဲ့အခြေအနေက ဘယ်လိုလဲဆိုတာ ငါ့ကို အတိအကျ ပြောပြစမ်း..."
ယန်မိသားစု၏ပုန်ကန်မှုအကြောင်း လုယွီ နောက်ဆုံးသိခဲ့ရသည်မှာ သူ ချီအင်ပါယာကို ဖျက်ဆီးခဲ့စဉ်အချိန်က ဖြစ်သည်။
သို့ရာတွင် ထိုအချိန်က ကောင်းကင်ဘုံနယ်မြေ၌ လုယွီ၏အခြေခံအုတ်မြစ်သည် မတည်ငြိမ်သေးဘဲ အပြည့်အဝ အခြေကျခြင်း မရှိသေးချေ။ သူသည် ငရဲနယ်မြေတွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသည်ကို သိထားသော်လည်း မည်သည့်အရာကိုမျှ မလုပ်ဆောင်နိုင်ခဲ့ချေ။
ယခုအချိန်၌ နှစ်နှစ်ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး ငရဲနယ်မြေတွင် လောကကြီးတခွင်လုံးကို ထိတ်လန့်တုန်လှုပ်စေသော အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားခဲ့သည်။ အခြေအနေသည် များစွာကွဲပြားနေပြီဖြစ်ကာ ကောင်းကင်ကွန်ယက်၏ သတင်းပေးပို့မှုကိုပင် မရရှိနိုင်ခဲ့ချေ။
"ပြီးခဲ့တဲ့တစ်ခေါက် အရှင်နဲ့ နှုတ်ဆက်ပြီးကတည်းက စတင်ခဲ့တာပါ..."
အာရုံငါးပါးဘုရင်က ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။
ထိုအချိန်ကတည်းက ယန်မိသားစုတွင် နံဘေးပတ်ဝန်းကျင် ဒေသများကို သိမ်းပိုက်လိုသော ရည်မှန်းချက် ရှိနေခဲ့လေပြီ။
ငရဲနယ်မြေ ဆယ့်ရှစ်ခုသည် တစ်ခုတည်းဟု ထင်ရသော်လည်း လက်တွေ့တွင် နယ်မြေတစ်ခုစီကို ကိုယ်ပိုင်အုပ်ချုပ်နေကြပြီး အလွန်ဖရိုဖရဲ ဖြစ်နေသည်။ ဤသည်မှာ ရှေးဟောင်းအလယ်ခေတ်ရှိ ကောင်းကင်ဘုံနယ်မြေနှင့် အနည်းငယ် တူညီပြီး နယ်မြေခံဘုရင်များ အာဏာလုနေကာ စစ်ပွဲများ အဆုံးမရှိ ဖြစ်ပွားနေခဲ့သည်။
မြေအောက်လောက တာအိုသခင် အသက်ရှင်စဉ်က ဤအရာအားလုံးကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် မြေအောက်လောက တာအိုသခင် ကြွေလွင့်သွားခြင်းနှင့်အတူ ယန်မိသားစု၏ နံဘေးပတ်ဝန်းကျင် ဒေသများကို သိမ်းပိုက်လိုသည့် ရည်မှန်းချက်အား ဖိနှိပ်ထား၍ မရတော့ချေ။
အာရုံငါးပါးဘုရင်က ကျိုးမိသားစုဘိုးဘေးကို ဝှက်ဖဲအဖြစ် ထားရှိခဲ့သည့် အကြောင်းအရင်းမှာ ယန်မိသားစုကို သူ အနိုင်မယူနိုင်ပါက ကောင်းကင်ဘုံနယ်မြေ၌ ခြေကုပ်ယူရန် အခွင့်အရေးကို ရှာဖွေလိုသောကြောင့်ပင်။
သို့ရာတွင် သူ ချန်ထားခဲ့သော နယ်ရုပ်သည် ယခင် မြေအောက်လောက တာအိုသခင်ကို ပြန်လည်၍ ဆန့်ကျင်လိမ့်မည်ဟု သူ လုံးလုံးလျားလျား မျှော်လင့်မထားမိချေ။
ထိုအချိန်မှစ၍ အာရုံငါးပါးဘုရင်သည် မကြာခဏ ထိတ်လန့်တုန်လှုပ်နေခဲ့ရသည်။ အတိတ်ဘဝက လုယွီ၏ နည်းလမ်းပေါင်းများစွာကို တွေးတောမိချိန်၌ အာရုံငါးပါးဘုရင်သည် သူ အသက်ရှင်သေးသည့်အတွက် အစဥ်အမြဲ ကျေးဇူးတင်နေမိတော့သည်။
Thank For Reading.