ခင်ဗျားက ကျွန်တော်တို့ရဲ့ငွေကြေးအခက်အခဲတွေကို ဖြေရှင်းပေးလိုက်ရတာပဲ
Vol. 54 Ch. 796
"လူကြီးမင်း... ဒါက အိုင်ဇင်သလင်းဒင်္ဂါးသန်း၇၂၀ပါ"
"လူကြီးမင်း... ဒီမှာ ၇၄၅သန်းပါ"
"လူကြီးမင်း... ဒါကတော့ ၈၁၂သန်းပါ"
ဘာ့ဂ်၏ မျက်နှာထက်ဝယ် အပြုံးပန်းများ ပွင့်လန်းနေချေသည်။
ဤကျောက်တွင်းစက်ရုံရှိ တစ်စုံတစ်ယောက်က ကျန်းမုန့်လောင်ကို စော်ကားမိခြင်းဖြစ်ရမည်ဟု သူသိလိုက်၏။
ဒါက ဘယ်လိုအပြုအမူမျိုးပါလိမ့်။
အထပ်တိုင်းတွင် ဤကျောက်မျက်ကုမ္ပဏီ၏ ဆုံးရှုံးမှုပမာဏမှာ ဘီလီယံနှင့်ချီ၍ ရှိနေချေပြီ။ ဤမျှအထိ လူမဆန်သည့်လုပ်ရပ်ကို ကျူးလွန်ရန်အတွက်ဆိုလျှင် ပင်လယ်ကဲ့သို့ နက်ရှိုင်းသည့် အမုန်းတရားများ ရှိနေသည်မှာ အမှန်ပင်။
သို့သော်လည်း ဘာ့ဂ်အတွက်မူ ဤအရာမှာ ကောင်းကျိုးတစ်ရပ် ဖြစ်နေလေသည်။ ကျန်းမုန့်လောင်က ကျောက်မျက်များ ပိုမိုတူးဖော်နိုင်လေလေ သူက ဝင်ငွေပိုမိုရရှိလေလေဖြစ်ရာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် အခြေအနေမျိုးပင်။ နောင်တွင် ကျန်းမုန့်လောင် ဘာဆက်ဖြစ်မည်ကိုမူ သူ အမှန်တကယ် ဂရုမစိုက်ပေ။ စီးပွားရေးဟူသည် စီးပွားရေးသာဖြစ်ပြီး ငွေနှင့်ကုန်ပစ္စည်း ရှင်းပြီးသည်နှင့် ကိုယ့်ထိုက်နှင့်ကိုယ့်ကံသာ။
"ကြမ်းနေပြီ... ဆရာကတော့ တကယ်ကြမ်းနေပြီ"
"မြန်လိုက်တဲ့အရှိန်ဗျာ... တစ်လွှာချင်းစီမှာ ကျောက်မျက်ပေါင်း သောင်းနဲ့ချီပြီး စစ်ဆေးနေတာတောင် တစ်အီဂယ်မပြည့်ခင်မှာတင် ဆရာက အကုန်ပြီးသွားပြီ။ ဒီအတိုင်းဆိုရင် ဒီနေ့တစ်ရက်တည်းနဲ့တင် အထပ်နှစ်ဆယ်လောက်ကို အကုန်ရှင်းပစ်တော့မှာပဲ"
အိုင်ဇက်မျိုးနွယ်စုတွင် ဂြိုဟ်၏လည်ပတ်နှုန်းမှာ နှေးလှသဖြင့် တစ်ရက်လျှင် ကမ္ဘာမြေ၏ သုံးရက်နီးပါးနှင့် ညီမျှပြီး တစ်အီဂယ်မှာမူ ကမ္ဘာမြေ၏ မိနစ်လေးဆယ် ဝန်းကျင်ခန့် ရှိ၏။
"ပျော်ဖို့မကောင်းဘူး... နှေးလွန်းတယ်"
အလွှာတိုင်းတွင် ကျန်းမုန့်လောင်အတွက် ဝင်ငွေတစ်ဘီလီယံခန့် ရနေသော်လည်း သူ့ခမျာ ကျေနပ်ခြင်းမရှိသေးချေ။
"နယ်မြေနံပါတ်ငါးကို သွားကြစို့"
"ဟားဟားဟား... ကောင်းပါပြီဗျာ။ ကဲ အားလုံးပဲ... ဆရာ့နောက်ကနေ နယ်မြေနံပါတ်ငါးအထိ လိုက်ကြမယ်ဟေ့"
ဘာ့ဂ်က လက်ဝှေ့ယမ်း၍ အော်လိုက်၏။ ဤဝန်ထမ်းများ၏ လက်ဝယ်ရှိ ငွေကြေးပမာဏမှာ တစ်ဘီလီယံထက် ကျော်လွန်နေချေပြီ။ ငွေအလုံအလောက်မရှိပါက စီးပွားရှာရန်အတွက် ပိုမိုမြင့်မားသည့် အလွှာများသို့ မသွားနိုင်ကြပေ။ အမှန်စင်စစ်တွင် တစ်ဘီလီယံဟူသည်မှာလည်း ကျောက်မျက်အနည်းငယ် ဝယ်ယူရန်အတွက်ပင် မလောက်ငှချေ။
ငွေများမှာ သူတို့၏အကောင့်အတွင်း ရှိနေသော်လည်း ကန့်သတ်ချက်များစွာ ရှိနေပေ၏။ ဝန်ထမ်းများအနေနှင့် ငွေများကို ယူကာ ထွက်ပြေး၍ မရနိုင်ပေ။ သို့မဟုတ်ပါက ကုမ္ပဏီဘက်က အဆုံးမရှိသော လိုက်လံဖမ်းဆီးမှုများနှင့် လုပ်ကြံသတ်ဖြတ်မှုများကို ရင်ဆိုင်ရလိမ့်မည်။
သို့သော် လောင်းကစားသမားအများစုမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေကြ၏။ သူတို့လည်း ကျန်းမုန့်လောင်နောက်သို့ လိုက်ချင်သော်ငြား ငွေအလုံအလောက် မရှိကြပေ။ လူနည်းစုတွင်သာ ထိုအရည်အချင်းမျိုး ရှိကြ၏။
နယ်မြေနံပါတ်ငါးသို့ ရောက်ချိန်တွင်မူ အလွန်တိတ်ဆိတ်သွားချေပြီ။ ပတ်ဝန်းကျင်ရှိ လူများကလည်း ခံ့ညားထည်ဝါကြပြီး သူတို့၏ အဝတ်အစားနှင့် အမူအရာများမှာ အောက်ထပ်ရှိ လောင်းကစားသမားများနှင့် သိသိသာသာ ကွာခြားနေသည်။
အများစုမှာ ရယ်မောမြူးထူးလျက် စကားပြောဆိုနေကြပြီး အချို့မှာ စီးပွားရေးအကြောင်း၊ အချို့မှာမူ ယဉ်ကျေးမှုများအကြောင်းကို အာလာပသလ္လာပ ပြောနေကြ၏။ ရံဖန်ရံခါတွင် သူတို့က ကျောက်ရိုင်းတုံးများကို အပျော်သဘော ဝယ်ယူတတ်ကြပြီး အချည်းနှီးဖြစ်သွားပါကလည်း စိတ်ထဲမထားကြပေ။
သို့သော် ကျန်းမုန့်လောင်နှင့် သူ့အဖွဲ့ ရောက်လာသောကြောင့် ထိုနေရာကား ရုတ်တရက် သက်ဝင်လှုပ်ရှားသွားသည်။ ဘာ့ဂ်က လူအယောက်နှစ်ဆယ်သုံးဆယ်ခန့် ခေါ်လာခဲ့ပြီး ကျန်းမုန့်လောင်မှာ ထိုလူအုပ်၏ ဗဟိုချက်မ ဖြစ်နေပေသည်။
အားလုံး၏ အကြည့်များမှာ ကျန်းမုန့်လောင်ဆီသို့ ရောက်လာသည်။ ဤလူများမှာ အောက်ထပ်တွင် ကျန်းမုန့်လောင်တစ်ယောက် မည်မျှအထိ ဟိုးလေးတကျော် ဖြစ်ခဲ့သည်ကို မသိကြချေ။
"လမ်းဖယ်ပေးကြပါဦး။ ဆရာက သလင်းကျောက်ဝယ်မလို့... အားလုံးပဲ လမ်းဖယ်ပေးကြပါဦး"
ဘာ့ဂ်က အော်လိုက်၏။
"ဟိုကောင်လေးက စီသိုင်းကုမ္ပဏီက ကောင်စုတ်လေး မဟုတ်လား"
"ဟားဟားဟား... အဲ့ဒီလူကို ငါသိတယ်... သူ့ကိုယ်သူ ဈေးကွက်မန်နေဂျာလို့ ခေါ်နေပေမဲ့ တကယ်တမ်းကျတော့ နေရာတကာမှာ ဖောက်သည်တွေကို အချောင်လိုက်နှိုက်နေတဲ့ ငလည်"
"ဆရာ... ဟိုကောင်လေးကို ပြောတာလား။ ဟာသပဲ... ဒီလူပြက်က ဘယ်ကရောက်လာတာလဲ"
"ရပါတယ်... ငါတို့ ခပ်လှမ်းလှမ်းကပဲ ကြည့်ရအောင်။ ဒီလိုမြင်ကွင်းမျိုးက မြင်ရခဲတယ်... ဒီဆရာက ဘယ်လောက်စွမ်းလဲဆိုတာ ကြည့်ရသေးတာပေါ့"
အထက်တန်းလွှာများမှာ သူတို့ကို အရေးမလုပ်ဘဲ ခပ်လှမ်းလှမ်းကသာ စောင့်ကြည့်နေကြသည်။ သူတို့၏အမြင်တွင် ဤကဲ့သို့သော လူမိုက်များနှင့် ရောနှောနေခြင်းမှာ ဂုဏ်သိက္ခာညှိုးနွမ်းစေသည်ဟု ယူဆနေကြ၏။
"ဆရာ... ကြွပါ"
ဘာ့ဂ်နှင့် အခြားလူများမှာ ကျန်းမုန့်လောင်၏အနောက်မှ စိတ်လှုပ်ရှားစွာ လိုက်ပါလာကြသည်။
"နယ်မြေနံပါတ်ငါးကတော့ ကောင်းချက်"
ကျန်းမုန့်လောင်က တစ်ချက်ကြည့်လိုက်ရုံနှင့် ထိုနေရာရှိ စွမ်းအင်များမှာ ပိုမိုသိပ်သည်းနေကြောင်း ခံစားလိုက်ရသည်။
သလင်းကျောက်ထွက်နှုန်းမှာ တစ်ရာခိုင်နှုန်းနီးပါးမျှသာ ရှိသော်လည်း ဈေးနှုန်းမှာမူ အိုင်ဇက်သလင်းကျောက်ဒင်္ဂါး တစ်သန်းနီးပါးခန့် ဖြစ်နေချေပြီ။
တူးဖော်လိုက်သည့် သလင်းကျောက်မှာ သေးနေပါက ဆုံးရှုံးမှုရှိနိုင်သော်လည်း ဤအရာမှာ ဖြစ်ခဲလှ၏။ ယေဘုယျအားဖြင့် သလင်းကျောက်တုံးတစ်တုံးမှာ နှစ်သန်းသုံးသန်းခန့်မှစတင်၍ ရောင်းချရခြင်းဖြစ်၏။
"ဒီနေရာမှာ အနည်းဆုံးတော့ တစ်ထောင်လောက်ရှိမှာပဲ"
ကျန်းမုန့်လောင်က စိတ်လှုပ်ရှားစွာဖြင့် လက်ဝါးချင်း ပွတ်လိုက်သည်။
သို့သော် သူက ကျောက်တုံးကို ချက်ချင်းမရွေးသေးချေ။ အရေအတွက် များလှသဖြင့် အရည်အသွေးကိုသာ အာရုံစိုက်လိုက်၏။ အဆင့်နှစ်သလင်းကျောက်တုံးတစ်တုံးကို ရှာတွေ့ခြင်းမှာ အဆင့်တစ်ကျောက်တုံးတစ်ထောင်ထက် ပိုတန်ဖိုးရှိသည်။
"အဆင့်တစ်သလင်းကျောက်တုံးပဲ။ နောက်တစ်တုံးလည်း အဆင့်တစ်ပဲ"
ကျန်းမုန့်လောင်က လမ်းလျှောက်ရင်း ခေါင်းခါလိုက်သည်။
"ဆရာ... ဘာဖြစ်လို့လဲ။ ဒီလူတွေက ကျောက်တုံးတွေကို တစ်ခုခုလုပ်ထားလို့လား"
ကျန်းမုန့်လောင် အချိန်ဆွဲနေသည်ကို မြင်သောအခါ ဘာ့ဂ်ခမျာ စိုးရိမ်တကြီး ဖြစ်လာသည်။
"မဟုတ်ပါဘူး"
ကျန်းမုန့်လောင်လည်း ခေါင်းခါပြလိုက်သည်။
"အကုန်လုံး အဆင့်တစ်သလင်းကျောက်တွေချည်းပဲ။ ပျော်စရာလည်း မကောင်းဘူး။ အဆင့်တစ်ထက်မြင့်တာတွေ ရှိလားလို့ အရင်ကြည့်ချင်သေးတယ်"
ဤစကားကြောင့် ကျန်းမုန့်လောင်အပေါ်ထားသည့် ဘာ့ဂ်၏အမြင်မှာ ချက်ချင်းပြောင်းလဲသွားတော့သည်။
အစတုန်းက သူသည် ကျန်းမုန့်လောင်၏ စွမ်းရည်မှာ ကျောက်တုံးအတွင်း စွမ်းအင်သလင်းကျောက်ရှိမရှိ ခွဲခြားနိုင်ရုံဟုသာ ထင်ခဲ့သော်လည်း ယခုမူ ကျန်းမုန့်လောင်မှာ ကျောက်တုံးက အချည်းနှီးဖြစ်မဖြစ်ကို သိရုံသာမက အတွင်းရှိ သလင်းကျောက်၏ အဆင့်ကိုပါ သိနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားချေပြီ။
ဤသည်မှာ မည်မျှထူးဆန်းအံ့ဩစရာကောင်းသော စွမ်းရည်မျိုးလေလဲ။
စစ်မှန်သောဘွဲ့ထူးများကို ရထားသည့် ပညာရှင်များပင် သလင်းကျောက်အထွက်နှုန်း မြင့်မားရန်သာ လုပ်ဆောင်နိုင်ကြသည်။ မည်သူကမှ အထဲရှိ သလင်းကျောက်၏ အဆင့်ကို ကြိုတင်၍ မဆုံးဖြတ်နိုင်ကြချေ။
"ဆရာ... အေးအေးဆေးဆေးသာ ရွေး... ကျွန်တော်တို့လည်း မလောပါဘူး"
"အင်း"
ကျန်းမုန့်လောင်က ခေါင်းညိတ်ပြလိုက်ပြီး အေးအေးလူလူ ဆက်လျှောက်နေသည်။
"ဟိတ်ဟန်များလိုက်တာ.. သူ့ဘာသာ ဘယ်မျိုးနွယ်စုကပဲလာလာ အရေးမပါပါဘူး"
ကျန်းမုန့်လောင်က ကျောက်ရိုင်းတုံး တစ်ဝက်ခန့်အထိ ကြည့်ပြီးသည့်တိုင် တစ်တုံးမှ မဝယ်သေးသည်ကို မြင်သောအခါ ဘေးနားရှိ လူတစ်ယောက်က လှောင်ပြောင်လိုက်၏။
သူက ဆရာမဟုတ်ဘူးလား။ တစ်ဝက်လောက်အထိ ကြည့်ပြီးတာတောင် အခုထိ မရွေးနိုင်သေးဘူးလား။
"သြော်…"
ကျန်းမုန့်လောင်၏ မျက်ဝန်းများမှာ ရုတ်တရက် တောက်ပသွားသည်။ ကျောက်ရိုင်းတုံး၏ ဖုန်မှုန့်များအကြား မှိန်ပျပျ အပြာရောင်မြူခိုးများကို မြင်တွေ့လိုက်ရပေပြီ။
"ဒါက အဆင့်သုံးစွမ်းအင်သလင်းကျောက်ဖြစ်နေတာလား"
ကျန်းမုန့်လောင်၏ အသက်ရှူသံများမှာ ချက်ချင်းဆိုသလို ပြင်းထန်လာတော့သည်။ ဤကဲ့သို့သောအရာများက အဆင့်တစ်သလင်းကျောက်များထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိပြီး တစ်တုံးရရုံမျှဖြင့် သူဌေးဖြစ်သွားနိုင်သည်။
"ဒါလေး...စစ်ဆေးပေးပါဦး"
ကျန်းမုန့်လောင်က ချက်ချင်းငွေချေလိုက်၏။
အိုင်ဇက်ဒင်္ဂါးပြား တစ်သန်းကျော် တန်ဖိုးရှိသည့် ဤကျောက်ရိုင်းတုံးမှာ မည်သူမှ မဝယ်ဘဲ ခင်းကျင်းပြသထားသည်မှာ ငါးနှစ်တိုင်တိုင် ရှိနေပြီဖြစ်၏။
"ဆရာ... ကောင်းတာတစ်ခုခု တွေ့လိုက်တာလား"
ကျန်းမုန့်လောင်၏ မျက်ဝန်းထဲရှိ ဖုံးကွယ်၍မရသော စိတ်လှုပ်ရှားမှုများကို ဘာ့ဂ်က ချက်ချင်းသတိပြုမိလိုက်သည်။
"ကြည့်နေလိုက်"
ကျန်းမုန့်လောင်က ဝန်ထမ်းများနောက်သို့ လိုက်ကာ အလုပ်လုပ်သည့်နေရာသို့ သွားလိုက်သည်။
ရုတ်တရက်ဆိုသလို အထက်တန်းလွှာများပင် အနားသို့ ဝိုင်းအုံလာကြသည်။ ကျန်းမုန့်လောင်တစ်ယောက် အချိန်အတော်ကြာအောင် ရှာပြီးနောက် မည်သည့်အရာကို တွေ့သွားကြောင်း သူတို့ သိချင်နေကြသည်။
"ကျွီ..."
စက်မှ စူးရှရှအသံများ ထွက်ပေါ်လာပြီး ကျောက်လွှာများမှာ ဖြည်းဖြည်းချင်း ကွာကျလာသည်။ လူတိုင်းလည်း မသိမသာ စိတ်လှုပ်ရှားနေကြသည်။
"သုံးပုံနှစ်ပုံလောက်အထိ ဖြတ်ပြီးသွားပြီ။ အလကား အာပလာကျောက်တုံးပဲ ဖြစ်မှာပါ"
"ဟားဟားဟား... သလင်းကျောက်ရှိနေရင်တောင် ရှုံးမှာပဲ။ ဒီလောက် အရွယ်အစားသေးနေတာကို အရည်အသွေးပါ မကောင်းရင် တစ်သိန်းတောင် ရောင်းရမှာ မဟုတ်ဘူး"
"ဒါက ဆရာတဲ့လား။ ဒီလောက်လေးပဲ တတ်တာလား။ ဒါပဲလား"
သို့သော် စက်မှ အရောင်တစ်ချက် လက်သွားသောအခါတွင်မူ အားလုံး တိတ်ဆိတ်သွားကြတော့သည်။
သလင်းကျောက်တစ်တုံး ထွက်ပေါ်လာချေပြီ။
သလင်းကျောက်၏ အရည်အသွေးမှာ မည်သို့ပင်ရှိစေကာမူ တစ်ရာခိုင်နှုန်းအောက်သာ အထွက်နှုန်းရှိသည့် ကျောက်ရိုင်းတုံးများထဲမှ ကျန်းမုန့်လောင်က သလင်းကျောက်ပါဝင်သည့် ကျောက်တုံးကို ရွေးချယ်နိုင်ခဲ့ခြင်းမှာ သူ့စွမ်းရည်ကို သက်သေပြလိုက်ခြင်းပင်။
ကျန်းမုန့်လောင်၏ ငယ်ရွယ်မှုကို ကြည့်လျှင်လည်း အတည်ပြုရန်အတွက် အချိန်ပိုယူရခြင်းမှာ နားလည်ပေးနိုင်လောက်သည်။
"နေဦး... အပြာရောင်အလင်းတန်းပါလား။ အပြာရောင်အလင်းတွေ ထွက်နေတာပဲ"
"ဘာ... အပြာရောင်အလင်းလား"
"အဆင့်သုံး သလင်းကျောက်တုံးကြီးလား"
ထိုအချိန်တွင် အထက်တန်းလွှာများအားလုံး ဂနာမငြိမ်ဖြစ်သွားကြပြီး လူအများစု၏ မျက်နှာများလည်း အံ့အားသင့်ကာ အေးခဲသွားကြတော့သည်။
အဆင့်သုံးသလင်းကျောက်တစ်တုံးမှာ အရွယ်အစား မည်သို့ပင်ရှိစေကာမူ အိုင်ဇက်သလင်းဒင်္ဂါး ထရီလီယံပေါင်း ဆယ်ဂဏန်းအထိ တန်ဖိုးရှိ၏။
ယခု ဤနေရာတွင် ရှိနေသူများထဲမှ မည်သူကများ ထရီလီယံဆယ်ဂဏန်းခန့်အထိ ချမ်းသာကြလေသလဲ။
ဤသလင်းကျောက်တစ်တုံးတည်းနှင့် ဆရာဟုခေါ်သော ဤလူမှာ အစောကအထိ ဆင်းရဲသားတစ်ယောက် ဖြစ်နေစေကာမူ ယခု အထက်တန်းစားလွှာလောက၏ ထိပ်ဆုံးသို့ ရောက်သွားချေပြီ။
နောက်ဆုံးတွင် ကျောက်တုံးထဲမှ လက်သီးဆုပ်အရွယ်ခန့်ရှိသော အပြာရောင်စွမ်းအင်သလင်းကျောက်တစ်တုံး ထွက်ပေါ်လာသည်။ အရွယ်အစားသေးသော်လည်း အရောင်အဝါမှာမူ ထိပ်တန်းအဆင့်ပင်။
"ဘာ့ဂ်... ဒါက ဘယ်လောက်တန်မလဲဆိုတာ ခန့်မှန်းပေးပါဦး"
ကျန်းမုန့်လောင်က စိတ်လှုပ်ရှားစွာဖြင့် ပေါင်ကို ပုတ်လိုက်သည်။ ဤအရာနှင့်ပင် အိုင်းရင်းကို ဆပ်ရမည့်အကြွေးများကို ဆပ်နိုင်ချေပြီ။
"ဆ...ဆရာ..."
ဘာ့ဂ်၏ အသံများမှာ တုန်ရီလာတော့သည်။ သူသည် အကောင်းဆုံးအနေနှင့် ကျန်းမုန့်လောင်တစ်ယောက် အဆင့်နှစ်သလင်းကျောက်ကို ရှာတွေ့လိမ့်မည်ဟုသာ မျှော်လင့်ထားသည်။ ယနေ့ ဤမျှအထိ ကံကောင်းလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။
"ဆရာ... ဆရာက တစ်ယောက်တည်းအားနဲ့တင် ကျွန်တော်တို့ရဲ့ငွေကြေးအခက်အခဲကို ဖြေရှင်းပေးလိုက်တာပဲ"