ဆယ်ဆပြန်ပေးမယ်
Vol. 54 Ch. 797
"အဆင့်အက်စ်အရည်အသွေး၊ ၁၄.၇ဂရမ်"
ဘာ့ဂ်သည် သူ့လက်ထဲရှိ ဘာရိုက်စွမ်းအင်ကျောက်ကို စိုက်ကြည့်လျက် လက်များ တုန်ယင်နေချေသည်။ သူသည် ဤလုပ်ငန်းနယ်ပယ်အတွင်း ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း အဆင့်သုံးဘာရိုက်စွမ်းအင်ကျောက်ကို ကိုယ်တိုင် မြင်တွေ့ဖူးခြင်းမှာ ယခုတစ်ခေါက်က ပထမဦးဆုံးအကြိမ်ပင် ။
"မစ္စတာဘာ့ဂ်... ဒါကို ဘယ်လောက်နဲ့ ရောင်းလို့ရမလဲဆိုတာပဲ သိချင်တာပါ"
ကျန်းမုန့်လောင်က ပြုံးလျက် မေးမြန်းလိုက်သည်။
"ပညာရှင်ကြီး.... ခဏလောက်စောင့်ပေးပါ.. ဒါကို စစ်ဆေးဖို့အတွက် ကျွန်တော့်ကုမ္ပဏီက ကျွမ်းကျင်ပညာရှင်ကို ခေါ်လိုက်ပါဦးမယ်"
ဘာ့ဂ်သည် လေထဲတွင် လက်ဟန်နှစ်ကြိမ်ခန့် ပြုလုပ်လိုက်လေရာ သုံးဖက်မြင်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ခန္ဓာကိုယ် အနည်းငယ်ကိုင်းညွတ်နေသော အဘိုးအိုတစ်ယောက်ပေါ်လာပြီး ဘာ့ဂ်ကို ကြည့်ကာ ဆိုလိုက်လေသည်။
"ဘာ့ဂ်... မင်း ငါ့အချိန်တွေကို လာဖြုန်းနေတာဆိုရင်တော့ နောက်တစ်ခါ ကုမ္ပဏီလာတဲ့အခါ မင်းကို ငါ သေသေချာချာ ပညာပေးလိုက်မှာနော်"
"ဟားဟားဟား... မစ္စတာဘာ့ဂ် ဒီတစ်ခါတော့ ခင်ဗျား ကျွန်တော့်ကို ပညာပေးဖို့ အခွင့်အရေးမရှိတော့ဘူး။ ကျွန်တော် အဆင့်သုံးဘာရိုက်စွမ်းအင်ကျောက်တစ်တုံး ရထားလို့"
"အဆင့်သုံးဘာရိုက်စွမ်းအင်ကျောက် ဟုတ်လား"
ထိုအဘိုးအို၏ မှုန်ဝါးနေသော မျက်လုံးများမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။ အဆင့်နှစ်မျိုးနွယ်စုတစ်ခုတွင်ပင် ဆယ်စုနှစ်များစွာ ကြာသည်အထိ ဤကဲ့သို့သော ကျောက်မျိုးကို မြင်တွေ့နိုင်ရန် ခဲယဉ်းလှသည်။
အဆင့်တစ်နှင့် အဆင့်နှစ်ဘာရိုက်စွမ်းအင်ကျောက်များကို လုပ်ဆောင်ချက်အမျိုးမျိုးအတွက် အသုံးပြုနိုင်သော်လည်း အဆင့်သုံးနှင့် ထိုထက်ပိုမြင့်သော ကျောက်များ၏ စွမ်းအင်ပမာဏနှင့် ကြံ့ခိုင်မှုမှာ အဆင့်ချင်း လုံးဝမတူပေ။ ထိုအရာများကို သာမန်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် အသုံးပြုခြင်းမှာ နှမြောစရာကောင်းလှသည့် ဖြုန်းတီးမှုသာ ဖြစ်ပေလိမ့်မည်။
အဖျက်စွမ်းအား အလွန်ပြင်းထန်သော လက်နက်များနှင့် အစွမ်းထက်အာကာသယာဉ်ကြီးများတွင်သာ အဆင့်သုံးနှင့်အထက်မြင့်သော ဘာရိုက်ကျောက်များကို အသုံးပြုကြသည်။ ထို့ကြောင့် အဆင့်သုံးစွမ်းအင်ကျောက်သည် အလွန်တရာရှားပါးသော ပစ္စည်းတစ်ခုဖြစ်ပြီး နယ်ပယ်အသီးသီးမှ ကျောက်မျက်အကဲဖြတ်ပညာရှင်များပင် တစ်သက်တွင်တစ်ကြိမ် မြင်တွေ့ရခဲသော အရာဖြစ်၏။
"ငါ သေချာကြည့်ရအောင် အနကပ်ပြစမ်းပါဦး"
အဘိုးအိုက တိုက်တွန်းလိုက်သည်။
ကျန်းမုန့်လောင်ကလည်း ဘာရိုက်ကျောက်ကို အနီးသို့ တိုးပြပေးလိုက်ရာ အဘိုးအို၏မျက်လုံးများမှာ အံ့အားသင့်လွန်း၍ ပြူးထွက်မတတ် ဖြစ်သွားချေသည်။
"သန့်စင်မှုက အဆင့်အက်စ်ရဲ့ ပထမတန်းစားအထိ ရောက်နေတာပဲ။ ကျစ် ကျစ် ကျစ်... အရွယ်အစားက နည်းနည်းသေးတယ်ဆိုပေမဲ့ ဒီအတွက် အဖိုးတန်တဲ့ဈေးကို ပေးမယ့်လူကတော့ သေချာပေါက်ရှိမှာပါ"
အဘိုးအိုက အားကျလေဟန်ဖြင့် မှတ်ချက်ပြုလိုက်သည်။
"ဘာ့ဂ်... မင်း ဒီအရောင်းအဝယ်ကိုသာ အောင်အောင်မြင်မြင်လုပ်နိုင်ရင် အလုပ်ကနေ အနားယူလို့တောင် ရပြီ"
"ဒီအဆင့်သုံးစွမ်းအင်ဘာရိုက်ကျောက်အတွက် ကျွန်တော် အိုင်ဇက်သလင်းဒင်္ဂါး၂.၅ထရီလီယံ ပေးပြီး ဝယ်ပါ့မယ်"
"ဝူးဟူး"
ထိုဈေးနှုန်းကို ကြားလိုက်ရသည်နှင့် ကျန်းမုန့်လောင်၏ မျက်နှာမှာ ပျော်လွန်း၍ ဖုံးမရဖိမရဖြစ်သွားတော့သည်။ သူသည် ဆင်းရဲသားဘဝမှ ဘီလျံနာတစ်ဦးအဖြစ်သို့ ချက်ချင်း ကူးပြောင်းသွားခဲ့ပြီ ဖြစ်၏။
"ပညာရှင်ကြီး... ဒီဈေးနှုန်းကို သဘောတူတယ်ဆိုရင် ကျွန်တော် ကုမ္ပဏီကနေ ရန်ပုံငွေချက်ချင်း တောင်းခံပေးပါ့မယ်"
"ဘယ်လောက်ကြာမှာလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"စိတ်ချပါခ... ဘာရိုက်တစ်တုံးကို စီမံတဲ့အချိန်ထက် မပိုစေရပါဘူး။ ဒီအတောအတွင်း ပညာရှင်ကြီး ဘေးပတ်ပတ်လည်ကို လှည်ပတ်ကြည့်ရှုနေလို့ ရပါတယ်"
"ကောင်းပြီလေ... ဒီဈေးနဲ့ပဲ သဘောတူတယ်"
ကျန်းမုန့်လောင်က စိတ်အားထက်သန်စွာဖြင့် သဘောတူလိုက်လေသည်။
မည်သို့ပင်ဆိုစေကာမူ သူ့လက်ရှိရည်မှန်းချက်မှာ ငွေရှာရန်ထက် ဤစက်ရုံကို ဖြိုလှဲရန်သာ ဖြစ်ပေသည်။
နယ်မြေအမှတ်ငါး၏ ပထမအလွှာတစ်ခုလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် အဆင့်သုံးဘာရိုက်ကျောက်မှလွဲ၍ ကျန်ရှိသည်မှာ အဆင့်တစ်ဘာရိုက်ကျောက်များသာ ဖြစ်သည်။ ကျန်းမုန့်လောင် သည် 'အကုန်သိမ်း'မူဝါဒကို ကျင့်သုံးကာ ဘာရိုက်ကျောက်ပါဝင်သော ခရစ္စတယ်တုံးအားလုံးကို တွန့်ဆုတ်ခြင်းမရှိဘဲ ဝယ်ယူလိုက်တော့သည်။
"ပညာရှင်ကြီး... အရောင်းအဝယ်ကိစ္စတွေကို အပြီးသတ်လို့ရပါပြီ"
"ယူသွားတော့"
ကျန်းမုန့်လောင်သည် ထိုအပြာရောင်အဆင့်သုံး ဘာရိုက်ကျောက်ကို တန်ဖိုးမရှိသော ကျောက်တုံးတစ်တုံးနှယ် ဘာ့ဂ်ထံသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် အိုင်ဇက်သလင်းဒင်္ဂါး စုစုပေါင်း၂.၅ထရီလီယံကလည်း ကျန်းမုန့်လောင်၏ အကောင့်ထဲသို့ ရောက်ရှိသွားသည်။
ဘာ့ဂ်မှာမူ ဤအရောင်းအဝယ်တစ်ခုတည်းမှ ရရှိသော ကော်မရှင်ခဖြင့်ပင် အိုင်ဇက်သလင်းဒင်္ဂါး ၂၅ဘီလီယံကို ရရှိခဲ့ပြီး ငွေရေးကြေးရေးအရ လုံးဝလွတ်လပ်သောဘဝကို ပိုင်ဆိုင်သွားခဲ့သည်။
"ပညာရှင်ကြီး... ကျွန်တော်တို့ ဆက်သွားကြမလား"
ငွေကြေးအမြောက်အမြား ရရှိထားသော်လည်း လူ့လောဘဟူသည် အဆုံးမရှိပေ။ နယ်မြေအမှတ်ငါးတွင် စုစုပေါင်း အလွှာဆယ်လွှာရှိသည်ဖြစ်ရာ ယခု သူတို့က ပထမအလွှာကိုသာ စူးစမ်းရသေးသည်။ ကျန်ကိုးလွှာထဲတွင် နောက်ထပ်အဆင့်သုံးဘာရိုက်ကျောက်များ ရှိနေဦးမလားဆိုသည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
"ဆက်သွားမှာပေါ့။ သေချာပေါက်ပေါ့။ ဘာလို့ မသွားရမှာလဲ"
ကျန်းမုန့်လောင်က ရယ်မောလျက် ဆိုလိုက်သည်။
"ခင်ဗျားတို့ ကျွန်တော့်ကို ခဏစောင့်ဦး။ လုပ်စရာလေး တစ်ခုရှိလို့"
"ကောင်းပါပြီ... ကျွန်တော်လည်း ဒီဘာရိုက်ကျောက်တွေကို စီမံစရာရှိတာ ချက်ချင်းလုပ်လိုက်ပါဦးမယ်"
ဤပစ္စည်းများမှာ အလွန်တန်ဖိုးကြီးလှသဖြင့် ဘာ့ဂ် မှာ မပေါ့ဆရဲပေ။ ကုမ္ပဏီမှ လူလွှတ်၍ ဤဘာရိုက်ကျောက်များကို လုံခြုံစွာ သယ်ယူသွားပြီးသည်နှင့် သူ့ကော်မရှင်ခကို ချက်ချင်း ထုတ်ယူနိုင်မည် ဖြစ်၏။
ကျန်းမုန့်လောင်သည် အိုင်းရင်း၏ ဆက်သွယ်ရေးကိရိယာကို တစ်ဖန်ပြန်လည်ခေါ်ဆိုလိုက်လေသည်။
အိုင်းရင်းသည် ခမ်းနားထည်ဝါလှသော သူ့စံအိမ်တော်အတွင်း၌ အပန်းဖြေအနားယူနေချေသည်။ နယ်မြေအရှင်သခင်၏ အငယ်ဆုံးသားဖြစ်သည့်အားလျော်စွာ အိုင်းရင်းသည် မိခင်ဂြိုဟ်ပေါ်တွင် ကျယ်ဝန်းလှသော မြေယာပိုင်ဆိုင်မှုများနှင့်အတူ ရာနှင့်ချီ၊ ထောင်နှင့်ချီသော အစေခံများနှင့် သက်တော်စောင့်များကို ပိုင်ဆိုင်ထားသည်။
"ပိုက်ဆံ ပို့ပေးပြီးပြီလား"
အိုင်းရင်းက အနီးရှိ အစေခံတစ်ဦးကို မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး။ မစ္စတာကျန်းမုန့်လောင်ဆီကို ပို့ပေးပြီးပါပြီ"
အစေခံက ရိုသေစွာ ပြန်လည်ဖြေကြားသည်။
"ဒါပေမဲ့ သခင်လေး... သူ့ကို ကူညီတာက တကယ်ပဲ အကျိုးရှိပါ့မလား။ သူက အဆင့်လေးသက်ရှိတစ်ယောက်ဖြစ်ပေမဲ့ သခင်လေးရဲ့အစ်ကိုအစ်မတွေကို ရန်သူလို ဆက်ဆံချင်မှာ မဟုတ်ဘူးထင်တယ်"
"ဟားဟားဟား"
အိုင်းရင်းက ရယ်မောကာ ပြောလိုက်သည်။
"သူ ငါ့ကို ကူညီလိမ့်မယ်လို့တော့ ရာနှုန်းပြည့် မသေချာပါဘူး။ ဒါပေမဲ့ မိတ်ဆွေဖွဲ့ထားနိုင်ရင်ကို လုံလောက်ပါပြီ။ အိုင်ဇက်သလင်းဒင်္ဂါး၈၀ဘီလီယံဆိုတာက သိပ်အများကြီးမဟုတ်ဘူး။ ဒါကို ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ပဲ သဘောထားလိုက်။ တကယ်လို့ ပြန်မရခဲ့ရင်လည်း ရေထဲမျောသွားတဲ့ ပိုက်ဆံလို့ပဲ မှတ်ယူလိုက်ရုံပဲ။ ငါ့နာမည်နဲ့ ပိုင်ဆိုင်ထားတဲ့ ဂြိုဟ်ကရတဲ့ နှစ်စဉ်အခွန်ဝင်ငွေက ဒီထက်အများကြီးပိုပါတယ်"
"သခင်လေးက တကယ်ရက်ရောပါပေတယ်"
"ဒါက လောင်းကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်ပဲ"
အိုင်းရင်းက တည်ငြိမ်စွာ ဆိုသည်။
"တကယ်လို့ အိုင်ဇက်သလင်းဒင်္ဂါး၈၀ဘီလီယံနဲ့ အဆင့်လေးသက်ရှိတစ်ယောက်ရဲ့ အကူအညီကို ဝယ်လို့ရမယ်ဆိုရင် အရမ်းတန်တဲ့ အမြတ်ပဲလေ။ မအောင်မြင်ခဲ့ရင်လည်း အရှုံးက နည်းနည်းပဲဖြစ်မှာပါ"
"သြောါ သူဆီက သတင်းထပ်ရောက်လာပြီပဲ"
အိုင်းရင်းသည် လက်ထဲမှ ဖျော်ရည်ခွက်ကို ချကာ ပြောလိုက်သည်။
"အစ်ကိုကျန်း... အခက်အခဲတစ်ခုခုနဲ့ ကြုံနေလို့လား။ တကယ်လို့ ပိုက်ဆံထပ်လိုရင် ကူညီပေးလို့ ရပါတယ်"
"မဟုတ်တာ... မဟုတ်တာ"
ကျန်းမုန့်လောင်က ပြန်ဖြေလိုက်သည်။
"ငါ မင်းဆီကချေးထားတဲ့ ပိုက်ဆံတွေကို လာဆပ်တာ"
"ပိုက်ဆံပြန်ဆပ်တာ ဟုတ်လား"
အိုင်းရင်း ခေတ္တမျှ မှင်တက်သွားရသည်။ သူ့အစေခံ ပြန်ရောက်လာသည်မှာ မကြာသေးပေ။ ကျန်းမုန့်လောင်၏ လက်ထဲသို့ ပိုက်ဆံရောက်သွားသည်မှာ အလွန်ဆုံးရှိလှ နာရီပိုင်းမျှသာ ရှိသေးသည်။ အိုင်ဇက်သလင်းဒင်္ဂါး ၈၀ဘီလီယံဆိုသည်မှာ ဘဏ်ကိုဓားပြတိုက်၍ ရလာသည့် ပမာဏလေလော။
ထို့ပြင် ကျန်းမုန့်လောင်က သူပေးထားသည်ထက် နှစ်ဆပြန်ပေးမည်ဟု ဆိုထားလေရာ ထိုပမာဏမှာ ၁၆၀ဘီလီယံအထိ ရှိပေလိမ့်မည်။
အိုင်းရင်းအနေနှင့် အပိုရမည့်၈၀ဘီလီယံကို မက်မောနေခြင်း မဟုတ်ဘဲ အပြင်လူတစ်ယောက်သည် အချိန်တိုအတွင်း ဤငွေပမာဏကို မည်သို့ရှာဖွေလိုက်သလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေခြင်းသာ။
"ကျွန်တော့်ကို အကောင့်တစ်ခုပေးပါ။ အခုချက်ချင်း ပိုက်ဆံလွှဲပေးလိုက်မယ်"
ကျန်းမုန့်လောင်က ပြောသည်။
"ကောင်းပြီလေ... ဒီအကောင့်ထဲကိုပဲ လွှဲပေးလိုက်ပါ"
အိုင်းရင်းက ဘဏ်အကောင့်တစ်ခု ပေးလိုက်သည်။
မကြာခင်မှာပင် အိုင်းရင်းထံသို့ အကြောင်းကြားစာတစ်စောင် ရောက်ရှိလာသည်။ သူ့အကောင့်ထဲရှိ လက်ကျန်ငွေမှာ အိုင်ဇက်သလင်းဒင်္ဂါး၈၀၀ဘီလီယံအထိ တိုးပွားသွားခဲ့ပြီဖြစ်၏။
"နေဦး။ ၈၀ဝဘီလီယံကြီးတောင်လား"
ကျန်းမုန့်လောင်သည် သူပေးလိုက်သည်ထက် ဆယ်ဆတိတိဖြစ်သော ၈၀ဝဘီလီယံကို ပြန်ဆပ်လိုက်ခြင်းဖြစ်ကြောင်း အိုင်းရင်း ရုတ်တရက် သတိပြုမိသွားသည်။
"အစ်ကိုကျန်း... ဒါက ဘယ်လိုဖြစ်ရတာလဲ..."
"မင်းဆီက ယူထားတာကို ပြန်ဆပ်တာလေ။ အပိုပါတာတွေကတော့ အတိုးလို့ပဲ သဘောထားလိုက်ပါ"
"ဒါပေမဲ့... ဒါက အရမ်းများလွန်းနေပြီ"
"မများပါဘူး။ မများပါဘူး... ဒါက ငါတို့ရဲ့ ခိုင်မာတဲ့ သံယောဇဉ်အတွက် လက်ဆောင်လို့ပဲ သဘောထားလိုက်ပါ။ စိတ်အေးအေးထား"
ကျန်းမုန့်လောင်က ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ပြု၍ ဆိုလိုက်လေသည်။
"မင်းက ပွင့်လင်းရိုးသားတဲ့လူတစ်ယောက်ဆိုတာ ငါသိပါတယ်။ ဒါကြောင့် ငါ့ရဲ့မိတ်ဆွေအရင်းကြီး ဖြစ်သွားပြီ"
"ဒါနဲ့... ဒီပိုက်ဆံတွေကို ဘယ်လိုရလာတာလဲ"
ဤမေးခွန်းမှာ အနည်းငယ် စပ်စုရာရောက်သော်လည်း အိုင်းရင်းတစ်ယောက် မမေးဘဲ မနေနိုင်တော့ချေ။
"ရိုးရိုးလေးပါ။ ခင်ဗျားတို့ဂြိုဟ်က ကျောက်မျက်စက်ရုံမှာ နာရီနည်းနည်းလောက် အချိန်ဖြုန်းရင်း ကံကောင်းပြီး အဆင့်သုံးဘာရိုက်စွမ်းအင်ကျောက်တစ်တုံးတွေ့တာနဲ့ ၂.၅ထရီလီယံနဲ့ ရောင်းလိုက်တာ။ အဲဒါနဲ့ မင်းများ ငွေရေးကြေးရေးကျပ်တည်းနေမလားလို့ စိုးရိမ်တာနဲ့ ချက်ချင်းပြန်ဆပ်လိုက်တာ"
"ဘာ... အဆင့်သုံးဘာရိုက်စွမ်းအင်ကျောက် ဟုတ်လား"
အိုင်းရင်း၏အသံမှာ အံ့အားသင့်လွန်း၍ တုန်ယင်နေတော့သည်။
အမှန်တကယ်ပင် ကျန်းမုန့်လောင်သည် သူချေးထားသောငွေကို ဆယ်ဆတိုး၍ ချက်ချင်းပြန်ဆပ်နိုင်ခဲ့သည်။ ဤသည်မှာ ဘဏ်ကို ဓားပြတိုက်ခြင်းထက်ပင် ပိုမြန်နေသေးသည်။
"အစ်ကိုကျန်း... ခင်ဗျားရဲ့ကံကတော့ အံ့ဩစရာပဲ"
အိုင်းရင်းက အားကျတုန်လှုပ်စွာ ဆိုလေသည်။
"ကျွန်တော်တို့တစ်ဂြိုဟ်လုံးမှာ အဆင့်သုံးဘာရိုက်စွမ်းအင်ကျောက်ကို မတွေ့ရတာ နှစ်ပေါင်း တော်တော်ကြာနေပြီ။ ခင်ဗျားကျမှ တွေ့ရတယ်ဆိုတော့ မနာလိုဖြစ်လိုက်တာ။ ကျွန်တော့်မှာတောင် အဲ့ဒီလောက် ပိုက်ဆံအများကြီး မရှိဘူး"
"ကိုယ့်ကိုယ်ကိုယ် အားငယ်နေစရာ မလိုပါဘူး"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းလျက် ပြောလိုက်လေသည်။
"ငါက ငါ့သူငယ်ချင်းတွေကို ဘယ်တော့မှ ချမ်းသာကြွယ်ဝမှုနဲ့ မတိုင်းတာဘူး... ဘာလို့လဲဆိုတော့ သူတို့တွေက ငါ့လောက် ချမ်းသာကြမှာ မဟုတ်လို့လေ"
"အဲ..."
"သြော် ငါသွားရဦးမယ်။ အခုလေးတင် အဆင့်နှစ်ဘာရိုက်စွမ်းအင်ကျောက်တစ်တုံး ထပ်တွေ့လိုက်သလိုပဲ"
ကျန်းမုန့်လောင်က ရုတ်တရက် ပြောလိုက်ပြန်သည်။
"ဟေး... တစ်ယောက်လောက် ဒီအဆင့်တစ်ဘာရိုက်ကျောက်အတုံးတစ်ထောင်ကျော်ကို ဖယ်ပေးကြပါဦး။ နေရာတွေ ရှုပ်နေလို့။ ဘာပဲဖြစ်ဖြစ် ငါ အခု အလုပ်ရှုပ်နေလို့ နောက်မှပဲ အေးအေးဆေးဆေး သောက်ကြတာပေါ့"
"အစ်ကိုကျန်း အစ်ကိုကျန်း"
အိုင်းရင်းခမျာ လုံးဝဆွံ့အသွားရသည်။ ကျန်းမုန့်လောင် ပြောသွားသော စကားထဲတွင် "ဘာရိုက်ကျောက်အတုံးတစ်ထောင်" ဟူသည့် အသုံးအနှုန်း ပါသွားခေရာ သူ ဘာတွေလုပ်နေသည်ကို လုံးဝ စဉ်းစားမရ ဖြစ်နေတော့သည်။
အိုင်းရင်း၏စပ်စုလိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။
"သခင်လေး... ဘယ်သွားမလို့လဲ"
"ကျောက်မျက်စက်ရုံကိုလေ... ငါအစ်ကိုကျန်းမုန့်လောင် ဘာတွေဖြစ်နေလဲဆိုတာ ကိုယ်တိုင်သွားကြည့်ရမယ်"