ငါ့မုန့်ဖိုးတောင်မလောက်ဘူး
Vol. 54 Ch. 798
"သူဌေး... ပြဿနာအကြီးအကျယ်တက်ပြီ"
"ဘာတွေ ဒီလောက်ပျာယာခတ်နေတာလဲ"
အော်ရစ်က ပြောလိုက်သည်။
"ငါ မင်းကို ပြောပြီးသားလေ။ သူ့ဘာသာ ဆက်လုပ်ပါစေ။ နောက်ဆုံးကျမှ အတိုးနဲ့အရင်း အကုန်ပြန်အမ်းခိုင်းလိုက်မှာပေါ့။ သူ့ဆီက ရတနာတွေက ငါတို့ဟာဖြစ်လာမှာပဲဥစ္စာ"
"ဒါပေမဲ့ သူဌေး... သူယူသွားတာက အဆင့်တစ်သလင်းကျောက်တွေတင် မဟုတ်တော့ဘူး။ အခု သူက အဆင့်နှစ်သလင်းကျောက်နှစ်လုံးနဲ့ အဆင့်သုံးသလင်းကျောက်တစ်လုံးတောင် အောင်သွားပြီ"
"ဘာ... အဆင့်သုံးသလင်းကျောက် ဟုတ်လား"
ဤသတင်းကို ကြားလိုက်ရချိန်မှာမူ အော်ရစ်တစ်ယောက် ဖြောင့်ဖြောင့်မထိုင်နိုင်တော့ပေ။
"ပြီးတော့ သူက ပြခန်းတစ်ခုလုံးကိုပတ်ကြည့်ပြီး အဆင့်သုံးသလင်းကျောက်ပါတဲ့ ကျောက်ရိုင်းကို တန်းရွေးထုတ်လိုက်တာ။ အဲ့ဒီနောက်မှ အဆင့်တစ်ကျောက်တွေကို တစ်လုံးချင်းစီ ထပ်ရွေးသွားတာ"
"မင်းပြောချင်တာက... သူ့မှာ ကျောက်ရိုင်းထဲက စွမ်းအင်သလင်းကျောက်တွေကို မြင်ရုံတင်မကဘဲ ဘယ်အဆင့်လဲဆိုတာကိုပါ တိတိကျကျခွဲခြားနိုင်တဲ့ ရတနာတစ်ခု ရှိနေတယ်ပေါ့ ဟုတ်လား"
"ဖြစ်နိုင်ခြေများပါတယ်"
"ဒီကိစ္စကတော့ ကြီးသွားပြီ"
နောက်ဆုံးတွင် အော်ရစ်လည်း စိုးရိမ်စိတ် ဝင်လာတော့သည်။ ကောင်းကင်ဘုံကိုပင် အံတုနိုင်သည့် ဤစွမ်းရည်မျိုးကို စကားလုံးနှင့်ပင် ဖော်ပြရန် ခက်ခဲလှသည်။ ဤစွမ်းရည်သာရှိပါက မည်သည့်သတ္တုတွင်းကိုမဆို ပတ်ကြည့်ရုံဖြင့် အဆင့်မြင့် သလင်းကျောက်အားလုံးကို ရှာတွေ့နိုင်ပေလိမ့်မည်။ ဤအချက်မှာ စကြဝဠာအတွင်းရှိ မည်သည့်အဖွဲ့အစည်း သို့မဟုတ် အင်အားစုအတွက်မဆို အတိုင်းအဆမရှိ တန်ဖိုးရှိလှသည်။
"ငါ ဒါကို အထက်ကို တင်ပြရမယ်။ တကယ်လို့ ဒီလူက ငါတို့ကုမ္ပဏီအတွက် အသုံးမဝင်ဘူးဆိုရင် ရှင်းပစ်ရမယ်။ သူက ငါတို့အတွက် အရမ်းအန္တရာယ်များလွန်းတယ်"
အော်ရစ်က ဆိုလိုက်သည်။
ကျန်းမုန့်လောင်၏စွမ်းရည် သို့မဟုတ် ရတနာကို တုပနိုင်မလားဆိုသည်ကို မည်သူမှမသိကြပေ။ ဇီဒယ်လ်ကျောက်ရိုင်းတူးဖော်ခွင့်ကို ရရှိထားသည့် မျိုးနွယ်စုကလည်း တစ်ခုတည်း မဟုတ်သလို စကြဝဠာအနှံ့ ဖြန့်ဖြူးသူများလည်း ရှိနေလေရာ ဤကဲ့သို့သောလူမှာ တစ်လောကလုံးရှိ လုပ်ငန်းရှင်များအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီးပင်။
ထိပ်တန်းကျောက်မျက်ခွဲခြားသူတစ်ဦးမှာ ဂလက်ဆီအရှင်သခင် သို့မဟုတ် ဂလက်ဆီအုပ်စု၏ အရှင်သခင်တစ်ပါးနှယ် ဆက်ဆံခံရလေ့ရှိသည်။ အကြောင်းမှာ သူတို့တစ်ဦးတည်းကပင် လုပ်ငန်းကွင်းဆက်တစ်ခုလုံးကို အကြီးအကျယ် လွှမ်းမိုးနိုင်သောကြောင့်ပင်။
သို့သော် ကျန်းမုန့်လောင်၏ စွမ်းရည်ကမူ ထိုပညာရှင်များထက်ပင် ပိုထိတ်လန့်စရာ ကောင်းနေပေသည်။
...
ကျန်းမုန့်လောင်ကတော့ သူ့ကို လူတွေ အာရုံစိုက်နေကြပြီဖြစ်ကြောင်း လုံးဝမသိရှာပေ။ ရှာရင်ဂန်ဆိုသည်မှာ အစွမ်းထက်သည့် သွေးမျိုးဆက်စွမ်းအားတစ်ခု ဖြစ်သော်လည်း ၎င်းမှာ ထူးရှယ်နတ်ဘုရားကျောင်းတော်ရှိ ကျောင်းသားအများစု ယူထားကြသည့် စိတ်ကြိုက်ဘာသာရပ်တစ်ခုမျှသာ။
ရှာရင်ဂန်ကို မဆိုထားနှင့်။ ရင်နယ်ဂန်ဖြစ်စေ၊ ဗျာကူဂန်ဖြစ်စေ၊ မီးမျက်လုံးနှင့် သလင်းမျက်လုံးဖြစ်စေ သင်ချင်လျှင် သင်ယူ၍ရသည်။ သူ့မျက်လုံးထဲတွင်မူ ထိုအရာများမှာ ရှားပါးလှသည် မဟုတ်ပေ။
အကယ်၍ ရေတိမ် သို့မဟုတ် အတွင်းတိမ်အကြောင်း ပြောမည်ဆိုပါက ကျန်းမုန့်လောင်လည်း သိပ်မြင်ဖူးမည် မဟုတ်ပေ။
ယခုအချိန်တွင် သူသည် နယ်မြေနံပါတ်ငါးတစ်ခုလုံး၏ နောက်ဆုံးအလွှာသို့ တစ်ကိုယ်တော် ချီတက်နေပြီဖြစ်၏။
ဤနောက်ဆုံးအလွှာကို ထည့်မတွက်လျှင်ပင် နယ်မြေငါးမှ အဆင့်တစ်သလင်းကျောက် ၉၈၀၀ကျော်၊ အဆင့်နှစ်သလင်းကျောက်နှစ်လုံးနှင့် အဆင့်သုံးသလင်းကျောက် တစ်လုံးတို့ကို ရှာဖွေနိုင်ခဲ့သည်။
နယ်မြေနံပါတ်ငါးရှိ ထိပ်တန်းပုဂ္ဂိုလ်များမှာမူ ဆွံ့အလျက်ရှိသည်။ ဤမျှအထိကြမ်းလှသည့် လူစားမျိုးကို သူတို့တစ်ခါမှ မတွေ့ဖူးကြပေ။ တချို့ဆိုလျှင် သူတို့၏ ဘဝအမြင်များပင် ပြောင်းလဲသွားကြသည်။
ဤထိပ်တန်းပုဂ္ဂိုလ်များအပြင် နယ်မြေနံပါတ်ငါးတွင် အတွေ့အကြုံရှိ ကျောက်မျက်ခွဲခြားရေးပညာရှင်အချို့လည်း ရှိကြသည်။ အချို့မှာ ကျောက်ရိုင်းများ၏ ဝိသေသလက္ခဏာများကို ရာစုနှစ်နှင့်ချီ၍ လေ့လာခဲ့ကြသလို အချို့ကလည်း ဆယ်စုနှစ်နှင့်ချီ၍ စက္ခုစွမ်းရည် သို့မဟုတ် ဝိညာဉ်အာရုံခံနိုင်စွမ်းများကို သင်ယူခဲ့ကြသူများပင်။
ဤနယ်ပယ်တွင် အောင်မြင်မှုအချို့ ရရှိထားပြီး ထင်ရှားကျော်ကြားချင်ကြသူများမှာ ကျန်းမုန့်လောင်နှင့် တွေ့လိုက်ရချိန်တွင်မူ "ဝါတာလူးတိုက်ပွဲ"ကဲ့သို့ အကြီးအကျယ် ရှုံးနိမ့်သွားကြရတော့သည်။
သူတို့အနေနှင့် ကျောက်ရိုင်းအပိုင်းအစတစ်ခုကို စစ်ဆေးရန် မိနစ်ပိုင်းမှ နာရီဝက်ခန့်အထိ အချိန်ပေးရသော်လည်း ကျန်းမုန့်လောင်ကမူ စစ်ဆေးနေခြင်းဟုတ်ရဲ့လားဟုပင် ထင်ရသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အကုန်သိမြင်နိုင်သည့် အရှိန်အဟုန်က လူများကို X-rayမျက်လုံး ရှိနေသလားဟုပင် သံသယဝင်စေသည်။
ဤခံစားချက်မှာ သာမန်ကျောင်းသား၊ ထိပ်တန်းကျောင်းသားနှင့် ပါရမီရှင်ကျောင်းသားတို့ အင်္ဂလိပ်စာအကြားစွမ်းရည်စစ်ဆေးမှု ပြုလုပ်နေကြသည့်အလားပင်။
သာမန်ကျောင်းသားက "xxx စျေးနှုန်း xxx ၁၅ယွမ်"ဟု ကြားရချိန် ထိပ်တန်းကျောင်းသားက "ရှပ်အင်္ကျီစျေးနှုန်းက ၁၅ယွမ်ဖြစ်ပါတယ်"ဟု ကြားရသော်လည်း ပါရမီရှင်ကျောင်းသားကမူ အဖြေမှန် ABCDကို တန်းကြားနေရသလိုပင်။
သူတို့၏ ကြိုးစားအားထုတ်မှုများမှာ ဆရာကြီးများရှေ့တွင် အလကားဖြစ်သွားရသည်ကို ယနေ့ သူတို့ ကောင်းကောင်းနားလည်လိုက်ရလေပြီ။
"သောက်ကျိုးနည်း... ဒါတွေကလည်း အမှိုက်တွေချည်းပါပဲလား"
အဆင့်တစ်သလင်းကျောက်အပုံကြီးကို ကြည့်ရင်း ကျန်းမုန့်လောင်က သက်ပြင်းချလိုက်သည်။
"ခြောက်ဘီလီယံပဲ ရသေးတယ်။ ပျင်းစရာကြီး။ နောက်တစ်ထပ်ကို ဆက်သွားရအောင်"
"စိတ်မရှိပါနဲ့ လူကြီးမင်း.. အခု လူကြီးမင်း ရောက်နေတာက နယ်မြေနံပါတ်ငါးရဲ့ အမြင့်ဆုံးအလွှာ ဖြစ်နေပါပြီ"
"ဘာ... ဒါပဲလား။ ခင်ဗျားတို့က အိုင်ဇက်မျိုးနွယ်စုမှာ တစ်ခုတည်းသောဇီဒယ်လ်ကျောက်ရိုင်း အကြီးဆုံးဖြန့်ဖြူးသူ မဟုတ်ဘူးလား။ ဒီလောက်ပဲလား။ ဒါပဲလား"
ကျန်းမုန့်လောင်က တစ်အိတ်ကို တစ်ဆိတ်လုပ်၍ မေးလိုက်သည်။
ဝန်ထမ်းများခမျာ ရင်ထဲတွင် တနုပ်နုပ်ဖြစ်နေကြသည်။ သူတို့ကုမ္ပဏီမှာ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား သောင်းနှင့်ချီ၍ တန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို ဆုံးရှုံးလိုက်ရပြီမဟုတ်လား။ ကျန်းမုန့်လောင်အတွက်မူ ဤသည်မှာ မလုံလောက်သေးဘူးတဲ့လား။
"ဒါတွေက ကျောက်ပြုန်းတွေ ဖြစ်ကုန်ပြီလေ။ ဘာလို့ သိမ်းထားဦးမှာလဲ။ ပစ္စည်းအသစ်တွေ ထပ်ထုတ်လိုက်တော့"
ကျန်းမုန့်လောင်က ဝန်ထမ်းများကို ပြောလိုက်သည်။
"ကျုပ်တို့ကမ္ဘာမှာ အွန်လိုင်းကနေ စျေးရောင်းတာတောင် ခင်ဗျားတို့ထက် ပစ္စည်းအသစ်တင်တာ ပိုမြန်သေးတယ်။ ခင်ဗျားတို့ရဲ့အလုပ်လုပ်ပုံက အရမ်းနှေးလွန်းတယ်"
ဝန်ထမ်းများမှာမူ ကြောင်အမ်းအမ်း ဖြစ်သွားရသည်။ ကျောက်ရိုင်းများ၏ ရောင်းချနှုန်းမှာ အလွန်နှေးကွေးလှသည်ဖြစ်ရာ ပြခန်းတစ်ခုလုံးရှိ ကျောက်ရိုင်းများကို အသစ်လဲလှယ်ရန် အနည်းဆုံး နှစ်လေးဆယ် သို့မဟုတ် ငါးဆယ်ခန့် အချိန်ယူရသည်။
နေ့တိုင်း ပစ္စည်းအသစ် ဖြည့်တင်းရသည့် အခြေအနေမျိုးမှာ သမိုင်းတွင် တစ်ခါမှမရှိဖူးသလို စကြဝဠာထဲရှိ အကြီးဆုံးဇီဒယ်လ်ကျောက်ရိုင်း ရောင်းဝယ်ရေးကုမ္ပဏီကြီးတွင်ပင် မဖြစ်ဖူးခဲ့ပေ။
ထို့ပြင် ကျောက်ရိုင်းအသစ် ဖြည့်တင်းခြင်းမှာ ပြခန်းထဲရှိ ကျောက်များကို ဖယ်ရှားပြီး အသစ်ချထားရုံမျှဖြင့် မပြီးပေ။ ကျောက်ရိုင်းအသစ်တိုင်းကို မှတ်ပုံတင်ပြီး အမှတ်အသား ပြုလုပ်ရသေးသည်။
ကျောက်ရိုင်းအားလုံးကို အစားထိုးရန်မှာ သုံးလ သို့မဟုတ် ငါးလအတွင်း မဖြစ်နိုင်ပေ။
"ဒါဆို ဘယ်လိုလုပ်ရမလဲ"
ကျန်းမုန့်လောင်ကတော့ ဘော့ဂ်ပြောခဲ့သည့် အချိန်ကာလကို လေးစားပါသော်လည်း သုံးလငါးလဆိုလျှင် သူ ဤဂြိုဟ်မှ ပြန်သွားလောက်ပြီဖြစ်၏။
"ဟီးဟီး... ဆရာ သူတို့ရဲ့ပြခန်းထဲက ပစ္စည်းတွေကတော့ မကောင်းတော့ပေမဲ့ သူတို့မှာ ဂိုဒေါင်ရှိသေးတယ်"
ဘော့ဂ်က ရယ်မောရင်း ပြောလိုက်သည်။
"သူတို့စက်ရုံမှာ အရင်းအနှီးတစ်ရာဘီလီယံကျော်ရှိပြီး တစ်ခါတည်းနဲ့ ကျောက်ရိုင်း တစ်သောင်းကျော် ဝယ်မယ်ဆိုရင် ဂိုဒေါင်ထဲကို တိုက်ရိုက်ဝင်ပြီး ပစ္စည်းရွေးခွင့်ရှိပါတယ်"
"အဲ့လိုမျိုးလည်း ရှိသေးတာလား"
ကျန်းမုန့်လောင်၏ မျက်လုံးများမှာ တစ်ဖန်ဝင်းလက်လာပြန်သည်။
"ဒါကတော့ ပုံမှန်ဆိုရင် အောက်ခြေဖြန့်ဖြူးသူတွေ လုပ်လေ့ရှိတာပါ"
ဘော့ဂ်က ရှင်းပြလိုက်သည်။
"ကျွန်တော်တို့အိုင်ဇက်မျိုးနွယ်စုရဲ့ အဆင့်တစ်မျိုးနွယ်စု ဖြန့်ဖြူးသူတွေဆိုရင် သူတို့ဂြိုဟ်မှာ ပြန်ရောင်းဖို့ ဂိုဒေါင်ထဲက ကျောက်ရိုင်း သောင်းဂဿန်းသိန်းဂဏန်းလောက် လာရွေးကြတာ"
"သူတို့ဂိုဒေါင်ထဲမှာ ပစ္စည်းဘယ်လောက်ရှိလဲ"
ကျန်းမုန့်လောင်က မေးလိုက်သည်။
"ကျွန်တော်သိသလောက်တော့ ဂိုဒေါင်ထဲမှာရှိတဲ့ ပမာဏက ပြခန်းထဲကထက် အဆနှစ်ဆယ်ကနေ သုံးဆယ်လောက်အထိ ပိုများပါတယ်။ ဆိုလိုတာကတော့ ကျောက်ရိုင်း၂ ဘီလီယံကနေ ၃ဘီလီယံလောက်အထိ ရှိမှာပါ"
"အဲ့လောက်တောင် များတာလား"
ကျန်းမုန့်လောင် အံ့သြသွားရသည်။
"ဆရာမသိလို့ပါ။ တကယ်လို့ အဆင့်သုံးမျိုးနွယ်စုရဲ့ မိခင်ဂြိုဟ်မှာဆိုရင် ဒီအရေအတွက်ထက် အနည်းဆုံး နှစ်ဆသုံးဆလောက် ပိုများဦးမှာ"
"သူတို့တော့ ကံဆိုးတာပဲ"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"မစ္စတာဘော့ဂ်... ဒီနှစ်တော့ ခင်ဗျား ပစ္စည်းသယ်ဖို့ အာကာသယာဉ်တစ်စီးလိုလိမ့်မယ်ထင်တယ်"
"ဆရာ စိတ်ချပါ။ ကျွန်တော်တို့ကုမ္ပဏီမှာ ရန်ပုံငွေတွေ အများကြီးရှိပါတယ်။ ပြီးတော့ ကျွန်တော် အထက်ကို တင်ပြထားပြီးပါပြီ။ သူတို့က ဝယ်ယူမယ့်စျေးနှုန်းကို နောက်ထပ် ၃ရာခိုင်နှုန်း ထပ်တိုးပေးဖို့ သဘောတူထားပါတယ်"
"ဒါက ပိုက်ဆံကြောင့် မဟုတ်ပါဘူး။ ငါက ဒီ၃ရာခိုင်နှုန်းကို ဂရုစိုက်မယ်ထင်လို့လား"
"သေချာတာပေါ့ ဆရာရယ်။ ဆရာက ဂရုမစိုက်ပါဘူး"
ဘော့ဂ်က နှိမ့်ချစွာ ရယ်မောလိုက်သည်။ တကယ်လို့ သူသာ ထိုကဲ့သို့သော စွမ်းရည််မျိုးရှိပါက ၃ရာခိုင်နှုန်းမက ၁၀ရာခိုင်နှုန်းပင် ဂရုစိုက်မည်မဟုတ်ပေ။ သူ့အတွက် ပိုက်ဆံဆိုသည်မှာ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်သွားမည် မဟုတ်လော။
"ဒါပေမဲ့ ဒါက ကျွန်တော်တို့ကုမ္ပဏီရဲ့ စေတနာပါ"
"မလိုပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ခင်ဗျားတို့ကုမ္ပဏီရဲ့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့လည်း ဒီနေ့ တော်တော်ပင်ပန်းနေကြပြီ။ အဲ့ဒီ၃ရာခိုင်နှုန်းကို ခင်ဗျားတို့ဝန်ထမ်းတွေပဲ မုန့်ဖိုးယူလိုက်ကြတော့"
"ဘာပြောလိုက်တယ်။ ဒီ၃ရာခိုင်နှုန်းကို ကျွန်တော်တို့ကို ပေးမယ် ဟုတ်လား"
ပျော်ရွှင်မှုက ရုတ်တရက်ကြီး ရောက်ချလာသဖြင့် ဘော့ဂ်နှင့် ဝန်ထမ်းများမှာ ကြောင်အသွားကြသည်။ ၎င်းမှာ သူတို့ရမည့် ကော်မရှင်ထက် အဆသုံးဆယ်မက ပိုများနေသည်မဟုတ်လော။
ဤသည်မှာ ချမ်းသာကြွယ်ဝသွားရုံတင် မကတော့ပေ။ အကယ်၍ အဆင့်တစ်မျိုးနွယ်စုဂြိုဟ်တစ်ခုပေါ်မှာဆိုလျှင် သူတို့အားလုံး အချမ်းသာဆုံးလူများ ဖြစ်သွားနိုင်သည်အထိ များပြားလှသည်။
"အစ်ကို... အစ်ကိုက ဒီမှာတကယ်ရှိနေတာကိုး"
အိုင်းရင်းက ပြခန်းထဲသို့ ရုတ်တရက်ရောက်လာသည်။ အိုင်ဇက်ဂြိုဟ်ပေါ်တွင် ကျောက်ရိုင်းစက်ရုံ အများအပြားရှိသော်လည်း အကြီးဆုံးကတော့ ဤနေရာပင်ဖြစ်ရာ ကျန်းမုန့်လောင် ဤနေရာမှာရှိမည်ဟု သူ ခန့်မှန်းမိလိုက်သည်။
"ဟေး... အိုင်းရင်း... ဘာလို့ ဒီကိုရောက်နေတာလဲ
ကျန်းမုန့်လောင်က အလျင်အမြန် နှုတ်ဆက်လိုက်သည်။
"ဟားဟား... ရှစ်ဘီလီယံချေးပေးတာ ကျေးဇူးပဲနော်။ ဘယ်လိုလဲ... သူတို့ဂိုဒေါင်ထဲကို ငါနဲ့အတူ လိုက်လည်ချင်လား"
"ဂိုဒေါင်လား"
အိုင်းရင်း နားမလည်နိုင်လောက်အောင် ဖြစ်သွားရသည်။
"ဒီပြခန်းထဲမှာတောင် ကျောက်ရိုင်းတွေ အများကြီး ရှိနေတာပဲကို။ ဒါတွေက မလောက်သေးဘူးလား"
"မလောက်ဘူး... ဘယ်လိုလုပ်ပြီး လောက်မှာလဲ"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"ဒီကျောက်တွေက ငါ့အတွက် မုန့်ဖိုးတောင် မရှိဘူး"