← Chapters

ငါ့မိသားစုက တော်တော်ချမ်းသာတာပဲ ဖြစ်ရမယ်

Vol. 54 Ch. 799

ငါ့မိသားစုက တော်တော်ချမ်းသာတာပဲ ဖြစ်ရမယ်

Vol. 54 Ch. 799

"သခင်... ကျွန်တော် ဘေးကလူတွေပြောတာ ကြားလိုက်တာတော့ သူက နယ်မြေနံပါတ်ငါးတစ်ခုလုံးက ကျောက်ရိုင်းတွေကို တစ်ယောက်တည်း အပြတ်ရှင်းပစ်လိုက်တာတဲ့။ အလွှာတိုင်းမှာ အလုံးတစ်ထောင်ကျော်စီ ဝယ်သွားပြီး သလင်းကျောက်အထွက်နှုန်းက ၁၀ဝရာခိုင်နှုန်းပဲတဲ့။ ကျန်တဲ့ကျောက်တွေကတော့ အလကားအမှိုက်တွေပဲ ဖြစ်လောက်တယ်"

"ဟင်း..."

အိုင်းရင်းက အံ့သြမှင်တက်လေဟန်ဖြင့် ပင့်သက်ရှိုက်လိုက်သည်။

အရှင်သခင်၏ အငယ်ဆုံးသားဖြစ်သူ အိုင်းရင်းသည် တစ်ခါတစ်ရံ ကျောက်ရိုင်းအချို့ကို ဝယ်ယူ၍ ကစားလေ့ရှိသော်လည်း အလုံးပေါင်းရာဂဏန်း ဝယ်ပြီးသည်အထိ သလင်းကျောက်တစ်လုံးတည်းသာ တွေ့ဖူးသည်။

သာမန်လူများအတွက်မူ ဤသို့သော အရာများကို ဝယ်ယူခြင်းမှာ ပိုက်ဆံကို မီးရှို့ပစ်လိုက်သလိုပင်။ အိုင်းရင်းက အခြားမျိုးနွယ်စုမှလာသည့် ကျန်းမုန့်လောင်ကို မြင်မြင်ချင်းကတည်းက ထူးခြားသူတစ်ယောက်ဟု အလိုလိုခံစားမိခဲ့သော်လည်း ယခုနှယ် အံ့မခန်းစွမ်းဆောင်နိုင်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။

"အစ်ကို... သူတို့ ခင်ဗျားကို ပြဿနာရှာလို့လား"

ကျန်းမုန့်လောင်၏လေသံအရ သူသည် ဤကုမ္ပဏီကို ဒေဝါလီခံရအောင်လုပ်ရန် ကြံစည်နေပုံရသည်။

သူသည် ဂိုဒေါင်ထဲရှိ သလင်းကျောက်များကိုပါ လက်ကားရွေးထုတ်ပစ်ပြီး ကျန်ကျောက်ရိုင်းဘီလီယံပေါင်းများစွာကို တန်ဖိုးမရှိသည့်ကျောက်တုံးများ ဖြစ်သွားအောင် လုပ်တော့မည်လား။ အဖေကိုသတ်ထားသည့် ရန်ငြိုးပင် ဤမျှအထိ မပြင်းထန်နိုင်ပေ။

"ငါ ပြောပြမယ်"

ကျန်းမုန့်လောင်က စိတ်ပျက်လက်ပျက်လေသံနှင့် ညည်းညူလိုက်သည်။

"သူတို့က အရှုံးကို လက်မခံနိုင်ကြဘူး။ ဒီလို အဆင့်နိမ့်လူတန်းစားတွေက ဘာအရည်အချင်းမှ မရှိကြဘူး"

"ငါက ပြောရင်ပြောတဲ့အတိုင်း ဖြစ်အောင်လုပ်တဲ့လူ"

ကျန်းမုန့်လောင်က သမာသမတ်ကျသောလေသံနှင့် ပြောလိုက်သည်။

"ငါ မင်းကို ၈ဘီလီယံအကြွေးတင်နေတာလေ။ နှစ်ဆပြန်ဆပ်မယ်လို့လည်း ပြောခဲ့တယ်။ အဲ့ဒီတော့ ငါ ဒီမှာပိုက်ဆံရှာရမှာပေါ့။ ငါ့အရည်အချင်းနဲ့ငါ ပိုက်ဆံရှာနေတာကို သူတို့က ပိုက်ဆံဘီလီယံဂဏန်းလောက်နည်းနည်းလေးပေးပြီး ငါ့ကို ရပ်ခိုင်းရုံတင်မကဘဲ ခြိမ်းတောင်ခြိမ်းခြောက်သေးတယ်။ ဒေါသထွက်ချင်စရာ မကောင်းဘူးလား"

"ပိုက်ဆံလေးနည်းနည်းနဲ့ရပ်ခိုင်းတယ် ဟုတ်လား"

"သခင်ကတော့ သခင်ပါပဲ။ အတွေးအခေါ်ချင်းက လုံးဝမတူဘူး"

"ငါ့ကိုလည်း တစ်ယောက်ယောက်က ဘီလီယံနည်းနည်းလောက်ပေးပြီး ရပ်ခိုင်းရင် အကောင်းသား"

ဘာ့ဂ်၏ လက်အောက်ငယ်သားများမှာ ကျန်းမုန့်လောင် ဘာကြောင့် ဤသို့လုပ်နေရသလဲဆိုသည်ကို နောက်ဆုံးတော့ သဘောပေါက်သွားကြသည်။

ဤကျောက်ရိုင်းကုမ္ပဏီသည် အရှုံးကို လက်မခံနိုင်ဘဲ ကလိမ်ကကျစ်ကျရန် ကြိုးစားနေခြင်းပင်။

သာမန်လူသာဆိုလျှင်တော့ ကြောက်၍ဖြစ်စေ၊ ဘီလီယံနည်းနည်းကို ယူ၍ဖြစ်စေ ထွက်သွားကြမည်သာ။

သူသည် အိုင်ဇက်မျိုးနွယ်စုအရှင်သခင်၏ အငယ်ဆုံးသားနှင့် သိနေသောကြောင့် ဘာကိုမှ မကြောက်မရွံ့ဖြစ်နေခြင်းပင်။

အိုင်ဇက်မျိုးနွယ်စုအရှင်သခင်ဆိုသည်မှာ ဤမျိုးနွယ်စုတွင် အရှိန်အဝါအကြီးမားဆုံးလူဖြစ်ပြီး အဆင့်နှစ်မျိုးနွယ်စု၏ စစ်သင်္ဘောထောင်ပေါင်းများစွာနှင့် အဆင့်သုံးမျိုးနွယ်စု၏ စစ်သင်္ဘောဆယ်စီးကို ပိုင်ဆိုင်ထားသူ ဖြစ်၏။

သူ့လက်အောက်ရှိ မျိုးနွယ်စုဂြိုဟ် ထောင်ပေါင်းများစွာအပေါ်တွင်လည်း သေဆိုသေ၊ရှင်ဆိုရှင် အကြွင်းမဲ့အာဏာကို ကိုင်စွဲထားသူပင်။

"အစ်ကို... ကျွန်တော်ကတော့ စိတ်လျှော့ဖို့ အကြံပေးချင်တယ်"

အိုင်းရင်းက နေရခက်နေဟန်မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒီကုမ္ပဏီရဲ့နောက်ခံက မသေးဘူး။ ကျွန်တော်တို့ဆီမှာ ဌာနခွဲတစ်ခုပဲ ရှိတာ။ သူတို့ရဲ့ရုံးချုပ်က ဂလက်ဆီဗဟိုက အဆင့်သုံးမျိုးနွယ်စုမှာ ရှိတာလေ။ ကျွန်တော်တို့ရဲ့ ဂလက်ဆီအရှင်သခင်ကိုယ်တိုင်တောင် ဒီကုမ္ပဏီမှာ ရှယ်ယာပါထားတယ်"

"သြော်... ဂရုစိုက်စရာလား။ ဂလက်ဆီအရှင်သခင်ဆိုတာ ဘာမှမဟုတ်ပါဘူး။ ငါတို့ဂြိုဟ်မှာဆိုရင် တစ်ခုလုံးသော ဂလက်ဆီကြီးက နိုင်ငံအသေးလေးတစ်နိုင်ငံစာလောက်ပဲ ရှိတာ"

အိုင်းရင်း၏ မျက်နှာထက်တွင် ထိတ်လန့်မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။

ဤသို့သော စကားမျိုးကို ပြောနိုင်ရန်ဆိုလျှင် အနည်းဆုံးတော့ လာနီယာကီးယားကြယ်စုတန်းကို အုပ်ချုပ်သည့် မိသားစု သို့မဟုတ် စကြဝဠာမြို့တော်တစ်ခုလုံး၏ အရှင်သခင်မျိုး ဖြစ်ရပေမည်။

သို့သော် ကျန်းမုန့်လောင်က သူ့မျိုးနွယ်စုမှာ စကြဝဠာမဟာမိတ်ထဲကိုပင် မဝင်ရသေးဘူးဟု ပြောဖူးသည်မဟုတ်ပါလား။

ကျန်းမုန့်လောင်သည် ကမ္ဘာပေါ်ရှိ နာမည်ကြီးဟာသတစ်ခုကို ပြောနေခြင်းဖြစ်ကြောင်း လုံးဝမသိသော်ငြား ဤစကားတစ်ခွန်းကပင် အိုင်းရင်းကို ကြောက်လန့်သွားစေခဲ့သည်။

ပထမဆုံးအချက်အနေနှင့် ဤအရွယ်ဖြင့် အဆင့်လေးသက်ရှိဖြစ်နေခြင်းမှာ ကျန်းမုန့်လောင်၏ မျိုးနွယ်စုသည် ဆင့်ကဲပြောင်းလဲမှုတွင် အလွန်တိုးတက်နေခြင်း သို့မဟုတ် သူတို့၏ သိုင်းပညာတာအိုက အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းကို ပြသနေသည်။

ထို့ပြင် ကျောက်ရိုင်းခွဲခြားနိုင်သည့် သူ့စွမ်းရည်နှင့်ဆိုလျှင် သူသည် နောက်ကျကျန်နေသည့် မျိုးနွယ်စုမှ လာသည်ဆိုခြင်းမှာ ဟာသတစ်ပုဒ်ဖြစ်နေပေလိမ့်မည်။ သူသည် အင်အားကြီးမျိုးနွယ်စုတစ်ခုမှ ခရီးထွက်လာခြင်းသာ ဖြစ်ရမည်။

"ဘာလဲ... ကြောက်သွားပြီလား"

ကျန်းမုန့်လောင်က အိုင်းရင်း၏ စိုးရိမ်နေဟန်မျက်နှာကို ကြည့်ပြီး မေးလိုက်သည်။

"ကြောက်ရမှာတဲ့လား... ကျွန်တော်က ဘာလို့ ကြောက်ရမှာလဲ"

တကယ်တမ်းတော့ အိုင်းရင်း၏ရင်ထဲတွင် တုန်လှုပ်နေလေပြီ။ သူ့ဖခင် အိုင်ဇက်မျိုးနွယ်စု အရှင်သခင်ကိုယ်တိုင်ပင် ဤသတ္တုတူးဖော်ရေးကုမ္ပဏီကို အလေးထားဆက်ဆံရသည်။

အဘယ်ကြောင့်ဆိုသော် ဤမြေနေရာကို သူ့အဖေကိုယ်တိုင် အထူးခွင့်ပြုချက်ပေးထားခဲ့ရသောကြောင့်ပင်။

သို့သော် လူငယ်ပီပီ အားလုံးက သိက္ခာကို အလေးထားကြသည်။ လူငယ်တစ်ယောက်ကို ကြောက်ပါသည်ဟု ဝန်ခံခိုင်းခြင်းကား သေခိုင်းခြင်းထက်ပင် ပိုဆိုးပေလိမ့်မည်။

"ကျွန်တော့်အဖေက အိုင်ဇက်မျိုးနွယ်စုရဲ့ အရှင်သခင်။ ဂလက်ဆီအရှင်သခင်တောင်မှ သူ့ကို မျက်နှာသာပေးရတယ်"

အိုင်းရင်းက ဆိုလိုက်သည်။ သို့သော် ဂလက်ဆီထဲတွင် အဆင့်နှစ်မျိုးနွယ်စုအရှင်သခင်များ ရာဂဏန်းလောက်ရှိ၏။ သူတို့၏မျက်နှာက ဘယ်လောက်တန်ဖိုးရှိမည်နည်း။ သူတို့၏ မျက်နှာသည် ဂလက်ဆီအရှင်သခင်၏ လက်အောက်ရှိ မှူးမတ်များထက်ပင် တန်ဖိုးရှိချင်မှ ရှိပေလိမ့်မည်။

"ကောင်းပြီလေ။ မကြောက်ဘူးဆိုရင် ငါနဲ့လိုက်ခဲ့။ ဒီည မင်းတို့ဂြိုဟ်က စျေးအကြီးဆုံးအစားအသောက်နဲ့ ဧည့်ခံမယ်"

ပိုက်ဆံရှိလာသောအခါ ကျန်းမုန့်လောင်လည်း အလွန်ရက်ရောနေတော့သည်။

"ဒါက ငါ့ကို အိုင်ဒီလုပ်ပေးတာနဲ့ ပိုက်ဆံချေးပေးတာအတွက် ကျေးဇူးတင်တာပါ။ တစ်ခုခုလိုအပ်ရင် ငါ အချိန်မရွေးကူညီပေးမယ်"

အိုင်းရင်း ကြားချင်နေသည့် စကားကလည်း ဤစကားပင်။

"သွားကြတာပေါ့"

အိုင်းရင်းက အံတင်းတင်းကြိတ်၍ ဆုံးဖြတ်လိုက်သည်။ ကျန်းမုန့်လောင်နှင့်အတူ လျှောက်လိုက်နေခြင်းမှာ သူ့အပေါ်တွင်သာမက သူ့ဖခင်အပေါ်ပါ ရိုက်ခတ်မှုများ ရှိလာနိုင်သော်လည်း သူကတော့ ဂရုမစိုက်တော့ချေ။ ကျန်းမုန့်လောင်၏ နောက်ခံက သူထင်ထားသည်ထက် အများကြီး ပိုကြီးမားလိမ့်မည်ဟု သူ လောင်းကြေးထပ်လိုက်သည်။ ထို့ပြင် သူသည် ဤလောင်းကြေးကို နိုင်ရန် အခွင့်အရေး အများကြီးရှိသည်ဟုလည်း ခံစားနေရသည်။

"ဘာလုပ်နေကြတာလဲ။ အဲဒီမှာ ကြောင်ရပ်မနေနဲ့။ သခင်လေးအိုင်းရင်းလာတာ မမြင်ကြဘူးလား"

အိုင်းရင်းက ရဲရဲဝံ့ဝံ့ ပြောလိုက်သည်။

"သခင်လေးအိုင်းရင်း... မင်းက မင်းအဖေကို ပြဿနာထဲ ဆွဲထည့်နေတာပဲ"

ဤအချိန်တွင်မူ ဌာနခွဲမန်နေဂျာအော်ရစ်ပေါ်လာလေသည်။ အကယ်၍ ကျန်းမုန့်လောင်က အဆောက်အဦးထဲမှ ပစ္စည်းများကိုသာ ယူသွားမည်ဆိုလျှင် ဤအရှုံးက ခံသာသေးသည်။ နှစ်စဉ် အရှုံးစာရင်းထဲတွင် ထည့်သွင်းတင်ပြလိုက်ရုံပင်။

သို့သော် ဂိုဒေါင်ထဲရှိ ပစ္စည်းများသာ တစ်ခုခုဖြစ်သွားမည်ဆိုလျှင် သူ ရုံးချုပ်ကို ရှင်းပြနိုင်တော့မည် မဟုတ်ချေ။

အော်ရစ်ကို မြင်လိုက်ရသောအခါ အိုင်းရင်း၏မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားသည်။

"သူက ဘယ်သူလဲ"

ကျန်းမုန့်လောင်က မေးသည်။

"သူက ဒီဌာနခွဲရဲ့သူဌေးလေ"

အိုင်းရင်းက ပြန်ဖြေသည်။

"သြော်... ကုမ္ပဏီပိုင်ရှင်လား။ ဘာများ ကြီးကျယ်နေလို့လဲ။ ဒီမှာ အရှင်သခင်ရဲ့သား ရောက်နေတာ မမြင်ဘူးလား။ မင်းတို့က စျေးဆက်ရောင်းဦးမှာလား"

ကျန်းမုန့်လောင်က ဆူပူလိုက်သည်။ သို့သော် အော်ရစ်က ကျန်းမုန့်လောင်ကို တစ်ချက်မျှပင် လှည့်မကြည့်ချေ။ ထိုအစား အိုင်းရင်းကို ကြည့်၍ စကားဆိုလိုက်သည်။

"သခင်လေး... ဒီအပြင်လူကို တကယ်ပဲ ကူညီပေးချင်တာလား"

အော်ရစ်က ဤဂြိုဟ်ပေါ်တွင် မျက်နှာပန်းလှသူ ဖြစ်သော်လည်း ထိုမျက်နှာမှာ သူ့နောက်ကွယ်ရှိ အင်အားစုကြောင့် ရလာခြင်းပင်။

အကယ်၍ အိုင်းရင်းက သူ့ကို နှောင့်ယှက်ချင်သည်ဆိုလျှင် သူ့ရုံးချုပ်မှ ဖိအားမပေးမချင်း ဘာမှ ပြန်မလုပ်နိုင်ပေ။

ယခုအချိန်တွင် သူသည် အိုင်းရင်း၏ သဘောထားကိုသာ သိချင်သည်။

"စကားများမနေနဲ့"

အိုင်းရင်းက လောင်းကြေးထပ်ရန် ဆုံးဖြတ်ပြီးသားဖြစ်၍ နောက်မဆုတ်တော့ပေ။ လူငယ်များမှာ သဘာဝအတိုင်း စိတ်ဓာတ်ပြင်းထန်ကြသည်။ လူပေါင်းများစွာ ကြည့်နေသည့်ကြားက သူသာ ကြောက်ပြလိုက်လျှင် နောင်တွင် သူ့မျက်နှာကို ဘယ်ပြရဲတော့မည်နည်း။

"ငါ့ကို တစ်ခုပဲပြော။ ဂိုဒေါင်ကို ဖွင့်ပေးမှာလား။ မဖွင့်ပေးဘူးလား"

အိုင်းရင်းက ဆိုလိုက်သည်။

"ကောင်းပြီလေ"

အော်ရစ်က လှောင်ပြုံးပြုံး၍ ခေါင်းညိတ်လိုက်သည်။

"ဒီဆရာနဲ့ သခင်လေးအတွက် ဂိုဒေါင်ကို ဖွင့်ပေးလိုက်ကြ။ သူတို့ကို ကောင်းကောင်း ဧည့်ခံဖို့လည်း မမေ့နဲ့ဦး"

ထို့နောက်တွင်မူ အော်ရစ်လည်း ချက်ချင်း ထွက်သွားပါတော့သည်။ သူ ဤအကြောင်းကို ရုံးချုပ်သို့ ချက်ချင်းတင်ပြရမည်ဖြစ်၏။ ကျန်ကိစ္စများကိုတော့ ရုံးချုပ်ကသာ ဆက်လက်ကိုင်တွယ်လိမ့်မည်။

အော်ရစ် ထွက်သွားသည်နှင့် အိုင်းရင်း၏ မျက်နှာထက်တွင် စိုးရိမ်မှုများ ပြည့်နှက်သွားသည်။

"ဘာဖြစ်တာလဲ အိုင်းရင်း... မင်းပုံစံက မပျော်သလိုပဲ"

"ကျွန်တော် ပျော်နိုင်ပါဦးမလား"

အိုင်းရင်းက ဤကုမ္ပဏီ၏နောက်ခံအကြောင်းကို ရှင်းပြလိုက်သည်။

"တကယ်လို့ သူတို့ရုံးချုပ်ကသာ ဖိအားပေးလာရင် ကျွန်တော်တို့နှစ်ယောက်လုံး သွားပြီ။ ကျွန်တော့်အဖေတောင် ပြဿနာထဲ ပါသွားနိုင်တယ်"

"မင်းက စိတ်လောတာကိုး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"ဒီလောက်အရေးကြီးတဲ့ကိစ္စကို ငါ့ရှေ့မှာ လာဟန်ဆောင်နေသေးတယ်"

"ဟန်ဆောင်တယ် ဟုတ်လား"

"သြော်... အဲ့ဒါ ငါတို့ဂြိုဟ်က စကားပါ။ ကြောက်လွန်းလို့ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်နေပေမယ့် အပြင်ပန်းမှာတော့ အရမ်းအစွမ်းထက်သလိုမျိုး လုပ်ပြနေတာကို ပြောတာ"

"ဟားဟား... စိတ်ဝင်စားစရာပဲ"

အိုင်းရင်းက ခါးသက်သက် ရယ်မောလိုက်သည်။

"ဒါပေမဲ့ လူတွေအများကြီး ကြည့်နေတဲ့အချိန်မှာ ကြောက်ပြလို့ ဘယ်ဖြစ်မလဲ။ ပြီးတော့ ကျွန်တော်က ခင်ဗျားနဲ့ သူငယ်ချင်းဖြစ်ချင်တယ်လို့ ပြောခဲ့တယ်လေ။ အခုမှ နောက်ဆုတ်လိုက်ရင် မယဉ်ကျေးရာကျသွားမှာပေါ့"

"ကောင်းပြီ။ မင်းက တကယ့်သူငယ်ချင်းစစ်ပဲ"

ကျန်းမုန့်လောင်က အိုင်းရင်း၏ပခုံးကို ပုတ်လိုက်သည်။

"မင်း ငါ့ကို အမှန်အတိုင်းပြောပါ"

အိုင်းရင်းက ဆို၏။

"မင်းက စကြဝဠာမဟာမိတ်ထဲ မဝင်ရသေးတဲ့ ခေတ်နောက်ကျတဲ့မျိုးနွယ်စုက လာတာလား"

"ဟုတ်တယ်"

ကျန်းမုန့်လောင် ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်သုံးထောင်လောက်တုန်းက ငါ့ဘိုးဘေးတစ်ယောက်က စကြဝဠာထဲမှာ စီးပွားရေးလုပ်ဖို့ ထွက်လာခဲ့ဖူးတယ်။ သူက တော်တော်ချမ်းသာနေလောက်ပြီ။ အခု ငါက သူ့ရဲ့ ဘဏ်အကောင့်ကို လာဆက်ခံတာ"

နှစ်ပေါင်းနှစ်ထောင်သုံးထောင်ဆိုသည်မှာ ကြာသည်ဟု ထင်ရသော်လည်း ကျယ်ပြောလှသည့် စကြဝဠာကြီးထဲတွင်မူ မျက်တောင်တစ်ခတ်စာမျှသာ ရှိသည်။

ဂလက်ဆီမျိုးနွယ်စုက နှစ်ဘီလီယံပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်ပြီး စုဆောင်းထားသည့် ဓနဥစ္စာများကလည်း မရေမတွက်နိုင်အောင်ပင်။

နှစ်ပေါင်းနှစ်ထောင်သုံးထောင်မျှဖြင့် ဘာများ စုဆောင်းနိုင်မည်နည်း။

"ငါတော့ သွားပါပြီ"

အိုင်းရင်းခမျာ မျက်လုံးထဲ ပြာဝေသွားတော့သည်။

အဘယ်ကြောင့်များ ရုတ်တရက်ကြီးလိမ်ညာခံလိုက်ရသည်ဟု ခံစားနေရသလဲ။

All Chapters