သတင်းပြန့်ခြင်း
Vol. 54 Ch. 801
"ကဲ... လိုက်ပို့ဖို့မလိုဘူး။ ဒီနေ့ ငါ့ကို ပိုက်ဆံတွေ အများကြီးပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းတို့က အရမ်းစိတ်ရင်းကောင်းကြတာပဲ"
ကျန်းမုန့်လောင်သည် ကျောက်ရိုင်းစက်ရုံမှ ထွက်ခွာလာစဉ် သူတို့ကို လှောင်ပြောင်ပြောဆိုရမည့် အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။
"သွားကြစို့... ငါ မင်းကို ထမင်းတစ်နပ်ဝယ်ကျွေးမယ်။ ဘာစားချင်လဲသာ ပြောလိုက်"
ကျန်းမုန့်လောင်က အိုင်းရင်း၏ ပခုံးကို ဖက်လိုက်၏။
"ငါက မင်းတို့ဂြိုဟ်အကြောင်း သိပ်မသိတော့ စားကောင်းမယ့် နေရာလေးတွေ အကြံပေးပါဦး"
"မင်းက စားနိုင်သောက်နိုင်သေးတယ်နော်"
လူငယ်များမှာ စိတ်အားထက်သန်တတ်ကြသော်လည်း စိတ်လှုပ်ရှားမှုများ ပြီးဆုံးသွားသည့်အခါ နောင်တအနည်းငယ်ဝင်လာတတ်ကြသည်။
"အစ်ကိုကျန်း... ငါတို့ ဒုက္ခအကြီးအကျယ်ရောက်တော့မယ်။ သူတို့ တော်တော်အရှုံးပေါ်သွားတာဆိုတော့ ရုံးချုပ်က ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးနော်"
"ဖြစ်ပြီးတာတွေလည်း ဖြစ်ကုန်ပြီပဲ။ ဘာတွေ စိုးရိမ်နေတာလဲ"
ကျန်းမုန့်လောင်က ပခုံးတွန့်ပြလိုက်၏။
"ဒီနေရာမှာ ထူးခြားတဲ့ဟင်းလျာတွေ ဘာရှိလဲ။ ဟော့ပေါ့ရှိလား။ မရှိလည်း အကင်ဆိုရင် ရပါတယ်"
အိုင်းရင်းက ကျန်းမုန့်လောင်ကိုကြည့်၍ ခါးသက်သက် ပြုံးလိုက်မိသည်။
ကဲလေ... အခုတော့ သူတို့က တစ်လှေတည်းစီးတွေ ဖြစ်နေပြီဆိုတော့ အစ်ကိုကျန်းကို သူ တတ်နိုင်သမျှ ကာကွယ်ပေးရတော့မယ်...
အကယ်၍ သူ့အဖေသာ ကျန်းမုန့်လောင်၏ အရည်အချင်းများကို သိသွားပါက အလွန်အထင်ကြီးသွားပြီး သူ့ကို ကာကွယ်ပေးရန်ပင် ဆန္ဒရှိလိမ့်မည်ဟု အိုင်းရင်း ယုံကြည်နေမိသည်။
ကျောက်ရိုင်းစက်ရုံ၏ ရုံးချုပ်မှလူများ ရောက်လာလျှင်ပင် သူတို့ကို လျစ်လျူရှုထားမည် မဟုတ်ပေ။ အကြောင်းမှာ သူ့အဖေက ဤနေရာရှိ မျိုးနွယ်စုဂြိုဟ်ရာပေါင်းများစွာကို အုပ်ချုပ်နေသူ မဟုတ်ပါလော။
အိတ်ထဲတွင် ပိုက်ဆံရှိနေပြီဖြစ်ရာ ကျန်းမုန့်လောင်မှာ ရုတ်တရက်ပျော်ရွှင်လာသည်။ အဆင့်နှစ်မျိုးနွယ်စု၏ မိခင်ဂြိုဟ်ပေါ်တွင် ကြည့်စရာအသစ်အဆန်းများ စင်စစ်များပြားလွန်းလှသည်။
"ဒါက ဘာကြီးလဲ။ ကိုအီနဂါးသားလား။ မင်းတို့က နဂါးတွေကိုတောင် စားကြတာလား။ ကျစ် ကျစ်... ဝါးလို့ကောင်းပြီး အရမ်းအရသာရှိတယ်နော်။ 'ဟွာရှားရဲ့ အရသာ'အစီအစဉ်ကို နောက်ထပ်အတွဲတစ်ခု ထပ်ရိုက်ရတော့မယ်ထင်တယ်"
"ဝိုး... အချစ်အက်ရှင်ရုပ်ရှင်တွေတောင် ရှိတာလား။ ဗွီအာနဲ့လား။ စက်ပစ္စည်းကိရိယာတွေတောင် ပါတာလား"
"အံ့သြစရာပဲ။ ကိုယ်ပိုင်ဗီလာဆောက်ဖို့အတွက် ဥက္ကာခဲလေးတွေကိုတောင် ဝယ်လို့ရောင်းလို့ရတာပဲ"
"ပြင်ပဂြိုဟ်ခရီးသွားလုပ်ငန်းတဲ့လား။ ဒီနေရာက တစ်ခုခုတော့တစ်ခုခုပဲ"
ကျန်းမုန့်လောင်က အဆင့်မြင့်မျိုးနွယ်စု၏ စည်ကားလှပမှုနှင့် အံ့သြဖွယ်ရာများကို စိတ်ဝင်တစား ကြည့်ရှုနေချိန်ဝယ် မိမိကိုယ်တိုင်ကမူ ပစ်မှတ်ထားခံနေရပြီဖြစ်ကြောင်း လုံးဝသတိမထားမိပေ။
အိုင်ဇက်မျိုးနွယ်စုနှင့် အလင်းနှစ်သုံးသောင်းခန့်အကွာ၊ နဂါးငွေ့တန်းဂလက်ဆီ၏ အလယ်ဗဟိုတွင် ဂလက်ဆီတစ်ခုလုံး၏ နိုင်ငံရေးနှင့် စီးပွားရေးဗဟိုချက် တည်ရှိလေသည်။ ဤနေရာရှိ ကြယ်များ၏ သိပ်သည်းဆမှာ အခြားခရုပတ်လက်တံများထက် အဆပေါင်းများစွာ ပိုမိုများပြားသည်။
ဝေးကွာသော နေရာတစ်ခုတွင် ခရမ်းရောင်ကြယ်တစ်လုံး ရှိပြီး ထိုအရာကို လှည့်ပတ်နေသော ဂြိုဟ်ကလည်း ကြယ်နှင့် အရွယ်အစား အတူတူပင်ဖြစ်လေရာ တစ်ခုနှင့်တစ်ခု အပြန်အလှန် လှည့်ပတ်နေသည့် ကြယ်နှစ်လုံးတွဲစနစ်နှင့် ဆင်တူပေသည်။
၎င်းမှာ ဂလက်ဆီတစ်ခွင်ရှိ ဉာဏ်ရည်ရှိမျိုးနွယ်စုသိန်းဂဏန်းခန့်ကို အုပ်ချုပ်နေသည့် မိခင်ဂြိုဟ်ကျစ်ဝေ့ငွေရောင်ကြယ်ဖြစ်သည်။
ကျစ်ဝေ့ငွေစင်ကြယ်ပေါ်တွင် အလွန်ကြီးမားသော အဆောက်အအုံကြီးတစ်ခု ရှိပြီး ဧရိယာမှာ ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံထက်မဆို ပိုကျယ်ဝန်းကာ ဂလက်ဆီတစ်ခုလုံးတွင် အကြီးဆုံးဇီဒယ်လ်ကျောက်ရိုင်း ကိုယ်စားလှယ်ဖြစ်သည့် စီဘော့ကော်ပိုရေးရှင်း၏ ပိုင်ဆိုင်မှုပင်။
နှစ်စဉ်နှစ်တိုင်း ကျောက်ရိုင်းထရီလီယံသောင်းဂဏန်းခန့်ကို ဤနေရာသို့ သယ်ယူလာကြပြီး သူတို့၏သက်တမ်းနှင့် အရောင်အသွေးကို စစ်ဆေးကာ အဆင့်အတန်း ခွဲခြားပြီးနောက် ဂလက်ဆီအနှံ့ရှိ အဆင့်နှစ်မျိုးနွယ်စုဌာနခွဲများသို့ ပြန်လည်ပို့ဆောင်ပေးသည်။
စကြဝဠာမျိုးနွယ်စုတွင် ကျွန်ရောင်းဝယ်ရေး၊ ဂြိုဟ်ရောင်းဝယ်ရေး၊ စက်ပစ္စည်းနှင့် သယံဇာတရောင်းဝယ်ရေးဟူ၍ စီးပွားရေးလုပ်ငန်းကြီးများစွာ ရှိ၏။ ဇီဒယ်လ်ကျောက်ရိုင်းက သယံဇာတရောင်းဝယ်မှုတွင် အမြတ်အစွန်း အများဆုံးရရှိသည့် လုပ်ငန်းစုပင်။ သူတို့၏ကုမ္ပဏီသည် ကျစ်ဝေ့ငွေစင်ကြယ်ရှိ စုစုပေါင်းအခွန်ငွေ၏ ၅ရာခိုင်နှုန်းခန့်ကို နှစ်စဉ်ထည့်ဝင်နေချေသည်။
စီဘော့စ်ကော်ပိုရေးရှင်း၏ ဗဟိုဧရိယာတွင် မီးပြတိုက်နှင့်တူသော အဆောက်အအုံတစ်ခု ရှိပြီး အမြင့်မီတာသုံးသောင်းကျော်ရှိကာ ကုမ္ပဏီတစ်ခုလုံး၏ အချက်အချာကျသော နေရာလည်း ဖြစ်၏။
စီဘော့စ်ကော်ပိုရေးရှင်းမှာ ဧရာမမိသားစုပိုင်စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်၏။ သူတို့၏ဘိုးဘေးများမှာ စကြဝဠာသိုင်းပညာရှင်များဖြစ်ကြပြီး အဆင့်ငါးသက်ရှိများ၏ အတားအဆီးကို ချိုးဖျက်နိုင်ကာ ကြယ်စင်မြို့တော်တွင် အလွန်နာမည်ကျော်ခဲ့ကြသည်ဟု သတင်းကြီးပေသည်။
သို့သော် သူသည် ရှေးဟောင်းစကြဝဠာမျိုးနွယ်စုတစ်ခုကို စူးစမ်းရှာဖွေရင်း ပျောက်ကွယ်သွားခဲ့သဖြင့် မိသားစုမှာ ဆုတ်ယုတ်သွားခဲ့ရသော်လည်း ကျန်ရှိခဲ့သည့် သယံဇာတများဖြင့် ဇီဒယ်လ်ကျောက်ရိုင်း လုပ်ငန်းကို စတင်ခဲ့ကြသည်။
အဆင့်လေးသက်ရှိအဆင့်သို့ နီးကပ်နေပြီဖြစ်သော ဘားနက်စီဘော့စ်သည် စီဘော့စ်ကော်ပိုရေးရှင်း၏ လက်ရှိအကြီးအကဲပင်။ သူတို့မိသားစုသည် ယခင်က တောက်ပြောင်ထည်ဝါခဲ့သော ဂုဏ်သိက္ခာများကို ဆုံးရှုံးခဲ့ရသည်။ သူတို့၏ဘိုးဘေး သက်ရှိထင်ရှားရှိစဉ်က နဂါးငွေ့တန်း၏ အရှင်သခင်များပင် သူ့ရှေ့တွင် အသံကျယ်ကျယ်မပြောရဲသလို အခွန်ကောက်ရန်လည်း မဝံ့ရဲခဲ့ကြပေ။
သူတို့သည် ယခုအထိတိုင်အောင် နဂါးငွေ့တန်းဂလက်ဆီအတွင်း ကြီးမားသော အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်ပြီး ဂလက်ဆီ၏ အရှင်သခင်များပင် သူတို့ကို အလေးထား၍ဆက်ဆံရသည်။
"မင်း ဘာပြောလိုက်တယ်။ ဌာနခွဲတစ်ခုက ဂလက်ဆီငွေကြေး နှစ်ရာဘီလီယံရှုံးသွားတယ်လို့ တင်ပြထားတာလား"
ဘားနက်၏အသံမှာ ရုံးခန်းအတွင်း ငလျင်လှုပ်လိုက်သည့်အလားပင်။
"ဘယ်ဌာနခွဲလဲ"
"အိုင်ဇက်မျိုးနွယ်စုဌာနခွဲပါ။ တာဝန်ခံနာမည်က အော်ရစ်လို့ခေါ်ပါတယ်"
ကျယ်ပြောလှသော အိုင်ဇက်မျိုးနွယ်စုနယ်မြေတွင် ဌာနခွဲများစွာရှိလေရာ ဘားနက်အနေနှင့် ထိုအမည်ကို မမှတ်မိပေ။
"သူ့ကို အလုပ်ဖြုတ်လိုက်ပြီလို့ ပြောလိုက်။ ကျောက်ရိုင်းသယံဇာတတွေ အရှားပါးဆုံး အချိန်မှာတောင် ငါတို့ကုမ္ပဏီတစ်ခုလုံးမှာ ဆယ်နှစ်အတွင်း ဒီလောက်မရှုံးဖူးဘူး"
ဂလက်ဆီငွေကြေးနှစ်ရာဘီလီယံဆိုသည်မှာ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ၂၀ထရီလီယံနှင့် ညီမျှသည်။ ကျောက်ရိုင်းများ၏ ပျမ်းမျှတန်ဖိုးအရ အနည်းဆုံး ကျောက်ရိုင်း အလုံးပေါင်း ဘီလီယံနှင့်ချီ၍ ရှိမည်ဖြစ်ရာ ထိုပမာဏမှာ အဆင့်နှစ်မျိုးနွယ်စုရှိ ဌာနခွဲတစ်ခု၏ စုစုပေါင်းပစ္စည်းစာရင်းနှင့် ညီမျှနေပေသည်။
"နေဦး"
ဘားနက်က ရုတ်တရက် စိတ်လျှော့ချလိုက်သည်။
"ဘာတွေဖြစ်ကုန်တာလဲ။ ပစ္စည်းစာရင်းအများကြီးမှာ ပြဿနာတက်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ သူတို့စက်ရုံများ ပေါက်ကွဲသွားတာလား။ ဒါပေမဲ့ ဇီဒယ်လ်ကျောက်ရိုင်းရဲ့မာကျောမှုက သာမန်ပေါက်ကွဲမှုနဲ့ မပျက်စီးနိုင်ပါဘူး"
"အော်ရစ်က သခင့်ကိုတင်ပြဖို့ အဆင်သင့်ပြင်ထားပြီးပါပြီ။ သခင် စိတ်ဝင်စားလောက်မယ့် အရေးကြီးအကြောင်းအရာတစ်ခုရှိတယ်လို့လည်း ပြောပါတယ်"
"ဖုန်းဆက်လိုက်"
အိုင်ဇက်မျိုးနွယ်စုဌာနခွဲတွင် တကယ်တမ်း ဘာဖြစ်ခဲ့သလဲဆိုသည်ကို ဘားနက် သိချင်နေမိသည်။
"မစ္စတာဘားနက်"
အော်ရစ်က ဘားနက်ကို တရိုတသေဦးညွှတ်လိုက်သည်။
"မင်းမှာ ဆင်ခြေကောင်းကောင်းတစ်ခုရှိနေရင် ပိုကောင်းမယ်။ ပြီးတော့ ဒီကိစ္စက မင်းနဲ့မပတ်သက်ရင် ပိုကောင်းမယ်နော်။ မဟုတ်လို့ကတော့ မင်းကို အလုပ်ဖြုတ်ရုံနဲ့ တင် ပြီးမှာမဟုတ်ဘူး"
"ဟုတ်ကဲ့"
အော်ရစ်က ဆို၏၏။
"မနေ့က ကျွန်တော်တို့အိုင်ဇက်မျိုးနွယ်စုကို အရမ်းငယ်ရွယ်တဲ့ လူငယ်လေးတစ်ယောက် ရောက်လာပါတယ်။ ကျွန်တော်တို့ရဲ့ဂိုဒေါင်နဲ့ အရောင်းဧရိယာက သုံးဖက်မြင်စောင့်ကြည့်စစ်ဆေးချက်တွေအရ သူက အရမ်းအစွမ်းထက်တဲ့ စက္ခုစွမ်းရည်နှစ်မျိုးကို ပိုင်ဆိုင်ထားပုံရပါတယ်"
"သူက စွမ်းအင်သလင်းကျောက်ပါတဲ့ ကျောက်ရိုင်းတွေကို ရာနှုန်းပြည့် တိတိကျကျရွေးထုတ်နိုင်ရုံတင် မကဘူး။ ကျောက်ရိုင်းရဲ့ အဆင့်အတန်းကိုပါ ခန့်မှန်းနိုင်ပုံရပါတယ်"
အော်ရစ်သည် စောင့်ကြည့်မှတ်တမ်းများကို ထပ်ခါတလဲလဲ ကြည့်ရှုထားသည်ဖြစ်ရာ မူလက အနက်ရောင်ဖြစ်နေသော ကျန်းမုန့်လောင်၏ မျက်လုံးများမှာ ကျောက်ရိုင်းများကို စစ်ဆေးနေစဉ်အတွင်း အနီရောင်မာဂါတာမာသင်္ကေတသုံးခု လက်ခနဲဖြစ်သွားကြောင်း သတိထားမိခဲ့သည်။
ထို့ပြင် စက်ရုံ၏ဂိုဒေါင်ထဲတွင် သူ့မျက်လုံးများက ခရမ်းရောင်သန်းသော မီးခိုးရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
လျှို့ဝှက်ဆန်းပြားလှသော သူ့အစွမ်းများအပြင် ဤစက္ခုစွမ်းရည်နှစ်မျိုးမှာမူ သံသယဖြစ်စရာ လုံးဝမရှိပေ။
"မင်း ဘာပြောလိုက်တယ်"
ဇီဒယ်လ်ကျောက်ရိုင်းလုပ်ငန်းတွင် ထင်ရှားကျော်ကြားသော မိသားစုတစ်ခုမှ ဆင်းသက်လာသူတစ်ဦးအနေနှင့် ဘားနက်သည် စက္ခုစွမ်းရည်အကြောင်း နက်နက်နဲနဲ မသိလျှင်ပင် ထူးခြားလှသော ဤသိုင်းပညာတာအိုအကြောင်း ကောင်းကောင်း သိရှိထားသည်။
ယခုအချိန်အထိ အစွမ်းအထက်ဆုံး စက္ခုစွမ်းရည်ပိုင်ရှင်များပင် ဤသို့မလုပ်နိုင်ကြပေ။ ကျောက်ရိုင်းထဲရှိ သလင်းကျောက်၏ အဆင့်ကို ဆုံးဖြတ်ဖို့နေနေသာသာ။ သလင်းကျောက် ပါမပါကိုပင် ရာနှုန်းပြည့် တိတိကျကျ မခန့်မှန်းနိုင်ကြချေ။
အကယ်၍ ဤသတင်းသာ ပြန့်သွားပါက ကျောက်ရိုင်းထုတ်လုပ်ရေးလုပ်ငန်းတစ်ခုလုံး လှိုင်းထန်သွားရုံသာမက သိုင်းလောကတစ်ခုလုံးပါ တုန်လှုပ်သွားပေလိမ့်မည်။
စွမ်းအင်သလင်းကျောက်များကို အသုံးပြုခြင်းမှာ အခြေခံလိုအပ်ချက်ဖြစ်သော အာကာသယာဉ်များကို စွမ်းအင်ပေးရန်မျှသာ မဟုတ်ချေ။ ပိုအရေးကြီးသည်မှာ စွမ်းအင်သလင်းကျောက်သည် သိုင်းပညာရှင်များ၏ ကျင့်ကြံခြင်းကို များစွာအထောက်အကူပြုနိုင်သည်။
စကြဝဠာထဲတွင် ဧရာမအဖွဲ့အစည်းကြီးသုံးခု ရှိသည်။ ၎င်းတို့မှာ စကြဝဠာဂလက်ဆီ၊ စကြဝဠာမဟာမိတ်အဖွဲ့နှင့် စကြဝဠာသိုင်းပညာရှင်များအသင်းတို့ ဖြစ်ကြသည်။
စကြဝဠာတစ်ခုလုံးတွင် သိုင်းပညာမှာ အလွန်ခေတ်စားလှသည်။ အဆင့်ငါးမျိုးနွယ်စု၏ အာကာသယာဉ်များမှာ အထင်ကြီးစရာကောင်းသော်လည်း အဆင့်ငါးသက်ရှိများကိုတော့ မယှဉ်နိုင်ပေ။ သို့သော် အဆင့်ခြောက်နှင့်အထက် သက်ရှိများမှာမူ မျိုးရိုးဗီဇပြောင်းလဲသွားကြသဖြင့် အဆင့်ငါးအာကာသယာဉ်များက သူတို့ကို ဘာမှမလုပ်နိုင်တော့ပေ။
ဒဏ္ဍာရီများအရ အဆင့်ခုနစ်နှင့်အထက် သက်ရှိများမှာ မည်သည့်နည်းပညာသုံးလက်နက်ကိုမဆို ခံနိုင်ရည်ရှိပြီး အဆင့်ခုနစ်နှင့်အထက် သက်ရှိများကသာ သူတို့ကို သတ်နိုင်သည်ဟု ဆိုကြသည်။
အဆင့်ငါးစွမ်းအင်သလင်းကျောက်များမှာ အဆင့်ခြောက်နှင့်အထက် သက်ရှိများအတွက်ပင် အသုံးဝင်လှသည်ဖြစ်ရာ ဤကဲ့သို့သော စက္ခုစွမ်းရည်ရှင်တစ်ယောက်၏ တန်ဖိုးမှာ ခန့်မှန်းကြည့်ရုံမျှဖြင့် သိနိုင်ပေသည်။
ကျောက်ရိုင်းများကို အများအပြားဝယ်ယူမည်ဆိုပါက ကုန်ကျစရိတ်မှာ အလွန်များပြားမည်ဖြစ်သော်ငြား ဤကဲ့သို့သော ဆရာသခင်တစ်ယောက်ရှိပါက ကုန်ကျစရိတ်ကို သိသိသာသာလျှော့ချနိုင်မည်ဖြစ်၏။ ထို့ကြောင့်ပင် သူတို့သည် သာမန်စကြဝဠာသိုင်းပညာရှင်များထက် ပိုမိုမြင့်မားသော လူမှုအဆင့်အတန်းကို ရရှိထားကြခြင်းပင်။
"တကယ်လို့ ဒါသာအမှန်ဆိုရင် ဒီကိစ္စက မင်းနဲ့ မဆိုင်တော့ဘူး"
ဘားနက်က ဆိုလိုက်သည်။
"မင်း တော်တယ်။ ဒီသတင်းက အရမ်းအရေးကြီးတယ်။ လာမယ့်နှစ်ကစပြီး အိမ်နီးချင်းဘီလာမျိုးနွယ်စုရဲ့ ကိုယ်စားလှယ်လုပ်ပိုင်ခွင့်ပါ မင်းကို ပေးအပ်မယ်။ ငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့ပဲ မျှော်လင့်ပါတယ်"
"ကျေးဇူးတင်ပါတယ် မစ္စတာဘားနက်"
အော်ရစ်လည်း အတိုင်းမသိဝမ်းသာသွားတော့သည်။ အပြစ်ပေးမခံရသည်ကို သူ မအံ့သြသော်ငြား ဤမျှကြီးမားသော ဆုလာဘ်ကိုတော့ မမျှော်မှန်းထားခဲ့ပေ။
"အာကာသယာဉ်နဲ့ အာကာသဖြတ်လမ်းကို အသင့်ပြင်ထား"
ဘားနက်က ဖုန်းချပြီးနောက် အမိန့်ပေးလိုက်သည်။
"အဖွဲ့တစ်ဖွဲ့ကိုခေါ်ခဲ့။ ငါတို့ အိုင်ဇက်မျိုးနွယ်စုကို အခုချက်ချင်းသွားကြမယ်"