ဂုဏ်သရေရှိကြယ်ငါးပွင့်အဆင့် အသုံးပြုသူကို ကြိုဆိုပါတယ်
Vol. 54 Ch. 802
အိုင်ဇက်မျိုးနွယ်စု၏ အရှင်သခင်စံအိမ်တော်...
"မင်း ဘာပြောလိုက်တယ်။ သိပ်သတ္တိရှိနေတယ်ပေါ့"
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အမူအရာမှာ အလွန်တရာတည်ကြည်လေးနက်နေချေသည်။
"စီဘော့စ်ကော်ပိုရေးရှင်းမိသားစုရဲ့ နောက်ခံအင်အားကို မင်းသိလား"
"အော်ရစ်ဆိုတာ ဘာမှမဟုတ်ပေမဲ့ စီဘော့စ်မိသားစုဆိုတာ ငါတို့နဂါးငွေ့တန်းဂလက်ဆီတစ်ခုလုံးရဲ့ အရှင်သခင်တွေတောင် မစော်ကားရဲတဲ့ အသိုင်းအဝိုင်းကွ"
ဒေါသတကြီး ပြောဆိုနေသူမှာ အခြားလူမဟုတ်ပါချေ။ အိုင်းရင်း၏အဖေ အိုင်ဇက်မျိုးနွယ်စု၏အရှင်သခင် လီနိုအိုင်ဇက်ပင်။ သူသည် စွမ်းအင်သိပ်သည်းဆ၃၉ရှိသော အဆင့်လေးသက်ရှိတစ်ယောက်ပင်။
"အဖေ.. ကျွန်တော်တို့ ဒီကိစ္စမှာ ဘယ်စည်းကမ်းကိုမှ မချိုးဖောက်ခဲ့ပါဘူး။ ကျွန်တော့်သူငယ်ချင်းက သူ့အရည်အချင်းနဲ့သူ ပိုက်ဆံရှာတာပါ။ ပြီးတော့ သူတို့ဘာသာ ကျွန်တော့်သူငယ်ချင်းကို အရင်လာခြိမ်းခြောက်ခဲ့တာ"
အိုင်းရင်းက ပြန်လည်ချေပလေသည်။
"မင်း စည်းကမ်းမချိုးဖောက်တာတော့ မှန်ချင်မှန်လိမ့်မယ်။ ဒါပေမဲ့ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြားထရီလီယံပေါင်းများစွာ ဆုံးရှုံးသွားတာကို သူတို့က ဒီအတိုင်းလွှတ်ထားမယ်လို့ မင်းထင်နေတာလား"
လီနိုက ဆို၏။
"မင်းရဲ့သူငယ်ချင်းက ဘယ်လောက်အရည်အချင်းရှိရှိ သူ့ဘာသာ စက္ခုစွမ်းအားရှင်ပဲဖြစ်ဖြစ် ဘယ်လိုရတနာတွေပဲရှိရှိ ငါဂရုမစိုက်ဘူး။ အခုချက်ချင်း သူ့နဲ့ အဆက်အသွယ်ဖြတ်လိုက်။ မဟုတ်ရင် အကျိုးဆက်က တော်တော်ဆိုးဝါးလိမ့်မယ်"
"အဖေ... အဲဒီလောက်အထိ အခြေအနေဆိုးလို့လား။ ကျွန်တော်တို့ရဲ့ အဆင့်နှစ်မျိုးနွယ်စုက လူတစ်ယောက်ကိုတောင် မကာကွယ်ပေးနိုင်ဘူးလား။ ကုမ္ပဏီပိုင်ရှင်တစ်ယောက်ကို အဲဒီလောက်တောင် ကြောက်နေစရာလိုလို့လား"
"မင်း ဘာမှမသိပါဘူးကွာ"
လီနိုက ငေါက်ငမ်းလိုက်၏။
"စီဘော့စ်မိသားစုကို သတ္တုတွင်းကုမ္ပဏီ အဆင့်ပဲရှိတယ်လို့ ထင်နေတာလား။ ငါပြောပြမယ်။ သူတို့ရဲ့ဘိုးဘေးက တစ်ချိန်တုန်းက အဆင့်ခြောက်သက်ရှိတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဆင့်လေးမျိုးနွယ်စုမှာတောင် အဆင့်ခြောက်သက်ရှိဆိုတာ အများကြီးမရှိဘူး"
အိုင်းရင်း မှင်တက်သွားချေသည်။ သူသည် စီဘော့စ်မိသားစု၏ နောက်ကြောင်းကို အမှန်တကယ်ပင် များများစားစား မသိခဲ့ပေ။
"သူ့ကို စကြဝဠာသိုင်းတာအိုအသင်းချုပ်ကတောင် သတိထားခံခဲ့ရဖူးတယ်။ အဆင့်လေးမျိုးနွယ်စုဖြစ်တဲ့ လန်နီယာကီးယားဂလက်ဆီအစုအဝေးရဲ့ သိုင်းတာအိုအသင်း ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ နောက်ပိုင်း သူ တိတ်တိတ်လေးပျောက်ကွယ်မသွားခဲ့ရင် ငါတို့ရဲ့ အမြွှာဝေလငါးစကြဝဠာအင်ပါယာဘုရင်တောင် စီဘော့စ်မိသားစုကို မျက်နှာသာပေးပြီး ဆက်ဆံရမှာ"
"ဒါပေမဲ့ သူတို့က အခု အခြေအနေနိမ့်ပါးသွားပြီ မဟုတ်ဘူးလား"
"အခြေအနေနိမ့်ပါးသွားတယ် ဟုတ်လား"
လီနိုက လှောင်ပြုံးပြုံးလိုက်သည်။
"ဟုတ်တယ်။ သူတို့က အခြေအနေနိမ့်ကျသွားတာတော့ မှန်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဘိုးဘေး မရှိတော့ပေမဲ့ အဲ့ဒီအချိန်တုန်းက အဆက်အသွယ်ကွန်ရက်တွေက ရှိနေတုန်းပဲ။ အဲ့ဒီလက်ကျန်အဆက်အသွယ်တွေနဲ့တင် သူတို့ ဂလက်ဆီတစ်ခုလုံးမှာ အရှိန်အဟုန်နဲ့တိုးချဲ့ဖို့ လုံလောက်နေပြီ"
"ငါ မင်းကို သတိပေးထားမယ်။ သူတို့ဌာနချုပ်ကလူတွေ ရောက်လာရင် မင်း သူတို့ကို ပူးပေါင်းကူညီရမယ်။ အခုချက်ချင်း အဲဒီကျန်းမုန့်လောင်ကို လူလွှတ်ပြီး ဖမ်းခိုင်းလိုက်မယ်။ ပြီးရင် သူတို့စိတ်ကြိုက် ကိုင်တွယ်ဖို့ အပ်လိုက်မယ်"
အမှန်စင်စစ်တွင် လီနိုလည်း ကျန်းမုန့်လောင်ကဲ့သို့သော အရည်အချင်းရှိသူတစ်ယောက်ကို အနားတွင် ထားချင်သော်ငြား သူတို့လို အဆင့်နှစ်မျိုးနွယ်စုလေးက ထိုကဲ့သို့သော လူတစ်ယောက်ကို ကာကွယ်ပေးနိုင်စွမ်းမရှိပေ။
ထိုကဲ့သို့သောလူစားမျိုးသည် အဆင့်လေးနှင့် အဆင့်ငါးမျိုးနွယ်စုများကိုပင် စိတ်လှုပ်ရှားသွားစေနိုင်သည်။ ဤသတင်းသာ ပေါက်ကြားသွားပါက အိုင်ဇက်မျိုးနွယ်စုတစ်ခုလုံး ဝရုန်းသုန်းကားအခြေအနေများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ ထို့ကြောင့် အကောင်းဆုံးနည်းလမ်းမှာ ထိုလူ့ကို လွှဲပြောင်းပေးအပ်ပြီး ဘာမှမသိသလိုနေလိုက်ခြင်းပင်။
"မဖြစ်ဘူး"
အိုင်းရင်းက ဆိုသည်။
"အိုင်းရင်းဆိုတာ အဲ့ဒီလိုလူစားမျိုးမဟုတ်ဘူး။ သူက ကျွန်တော့်သူငယ်ချင်း"
"မင်းက ငါတို့တစ်မျိုးနွယ်စုလုံးကို ဒုက္ခရောက်အောင် လုပ်နေတာ"
"ကျွန်တော်... ဒါဆိုရင် သူ့ကို အခုချက်ချင်း ဒီကထွက်သွားခိုင်းလိုက်မယ်။ အဲ့ဒါဆိုရင် အဆင်ပြေတယ်မလား"
ဤသတ္တုတွင်းစက်ရုံအစုတ်လေး၏ နောက်ခံမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု အိုင်းရင်း လုံးဝမထင်ထားခဲ့ပေ။
"မင်း..."
သားဖြစ်သူ၏ ခိုင်မာပြတ်သားသော အကြည့်များကို မြင်သောအခါ လီနို စိတ်ပျက်သွားသည်။ အိုင်းရင်းက ကျန်းမုန့်လောင်ကို အဘယ်ကြောင့်များ ဤမျှအထိ ကာကွယ်ချင်နေရသလဲဆိုသည်ကို သူ နားမလည်နိုင်ပေ။ အိုင်ဇက်သလင်းကျောက်ဒင်္ဂါးပြား ရှစ်ဆယ်ဘီလီယံရထားသည်ဆိုရုံဖြင့် အသက်ပေးပြီး ကာကွယ်ရလောက်အောင်အထိ သံယောဇဉ်မရှိနိုင်ပါချေ။
"ကောင်းပြီလေ"
လီနိုလည်း သားဖြစ်သူကို မပြောသာတော့ပေ။
"ဒီကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်လိုက်။ ဘာသဲလွန်စမှ မချန်ခဲ့နဲ့။ အထက်ကလာမယ့် ဖိအားတွေကိုတော့ ငါ တတ်နိုင်သလောက် တောင့်ခံပေးထားမယ်"
"ကျေးဇူးတင်ပါတယ် အဖေ... ကျွန်တော် အခုချက်ချင်း သွားစီစဉ်လိုက်မယ်"
အိုင်းရင်းလည်း စံအိမ်တော်မှ ချက်ချင်း ထွက်လာခဲ့သည်။
"အစ်ကိုကျန်း...ခင်ဗျား ဘယ်မှာလဲ"
အိုင်းရင်းက ကျန်းမုန့်လောင်ကို အပြေးအလွှား ဆက်သွယ်လိုက်သည်။
"ငါက ၈၅၇၈၅၇မှာ... မင်းတို့မျိုးနွယ်စုရဲ့ ဘားတွေက တော်တော်ကောင်းတာပဲ"
ကျန်းမုန့်လောင်က ခေါင်းတစ်ညိတ်ညိတ်ဖြင့် သာယာနေချေသည်။
"လာခဲ့လေ။ ငါ ဝယ်တိုက်မယ်"
"ဒီလိုအချိန်မှာ သောက်နေတုန်းလား"
အိုင်းရင်းက ပြောလိုက်သည်။
"ကျွန်တော်တို့ အကြီးအကျယ်ဒုက္ခရောက်ပြီ။ အဲ့ဒီသတ္တုတွင်းစက်ရုံရဲ့ နောက်ခံအင်အားက ကျွန်တော် ထင်ထားတာထက် အများကြီးပိုကြီးနေတယ်။ ကျွန်တော် ခင်ဗျားကို ဆက်ပြီးမကာကွယ်ပေးနိုင်တော့မှာ စိုးရိမ်မိတယ်။ မနက်ဖြန်ကျရင် ခင်ဗျားရဲ့စကြဝဠာနိုင်ငံသားကတ်ကို ထုတ်ပေးမယ်။ ခရမ်းရောင်ကြယ်စင်ငွေဂြိုဟ်ကနေ အာကာသဖြတ်လမ်းကိုသုံးပြီး လာရင်တောင် နှစ်ရက်လောက်ကြာဦးမှာ။ မနက်ဖြန်ကျရင် ခင်ဗျားကို အိုင်ဇက်မျိုးနွယ်စုကနေ ထွက်သွားဖို့ စီစဉ်ပေးမယ်။ ခင်ဗျား ဝေးဝေးပြေးနိုင်လေ ပိုကောင်းလေပဲ"
"စကြဝဠာနိုင်ငံသားကတ်က ရပြီလား"
ကျန်းမုန့်လောင် ဝမ်းသာသွားသည်။ ကျန်းခိုင် ချန်ထားပေးခဲ့သည့် အမွေများမှာ မည်မျှရှိကြောင်း သိချင်နေခဲ့သည်မှာ ကြာလှချေပြီ။ အနည်းဆုံးတော့ ဂြိုဟ်တစ်လုံး ဝယ်နိုင်လောက်သည်အထိ ရှိလိမ့်မည်ဟု ခန့်မှန်းထားသည်။
အကယ်၍ နှစ်ပေါင်းထောင်ချီ ကျင်လည်ခဲ့ပြီးမှ စကြဝဠာဒင်္ဂါးပြား သန်းအနည်းငယ်ပင် မစုဆောင်းနိုင်ခဲ့ဘူးဆိုလျှင် သူ့ဘိုးဘေးလည်း မျက်နှာပျက်စရာ ဖြစ်နေပေလိမ့်မည်။
"ဒီလိုလုပ်ရအောင်"
ကျန်းမုန့်လောင်က ဆို၏။
"ငါ့ဘိုးဘေး ချန်ထားခဲ့တဲ့ အကောင့်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲဆိုတာ အရင်သွားကြည့်ရအောင်။ အများကြီးရှိတယ်ဆိုရင်တော့ သူတို့ကို ထိပ်တိုက်ရင်ဆိုင်မယ်။ သိပ်မရှိဘူးဆိုရင်တော့ ဒီအတိုင်းပဲ လစ်ထွက်သွားလိုက်မယ်"
"ဒါက..."
"စိတ်မပူပါနဲ့။ ငါက အခြေအနေကို နားမလည်တဲ့လူ မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ပြောလိုက်သည်။
"အခြေအနေမဟန်ဘူးဆိုရင်တော့ ချက်ချင်းလစ်မှာပါ။ ဒါပေမဲ့ အခြေအနေကို ကိုင်တွယ်နိုင်စွမ်း ရှိတယ်ဆိုရင်တော့ ငါ့ကို ခြိမ်းခြောက်ခဲ့တဲ့ အကျိုးဆက်ကို သူတို့ ခံစားစေရမယ်"
"ကောင်းပါပြီ"
အိုင်းရင်း သက်ပြင်းချလိုက်မိသည်။
ကျန်းမုန့်လောင်၏ အရည်အချင်းဖြင့်သာဆိုလျှင် သူ့ကို ကာကွယ်ပေးနိုင်မည့် အင်အားစုတစ်ခုတွင် ပူးပေါင်းလိုက်ပါက အဆင့်ငါးမျိုးနွယ်စုများတွင်ပင် အောင်မြင်နိုင်မည်ဟု သူ ယုံကြည်သည်။
သူ့ဘိုးဘေးက အမွေမည်မျှချန်ထားခဲ့နိုင်မည်နည်း။ နှစ်ပေါင်းနှစ်ထောင်သုံးထောင်လောက် ကြိုးစားခဲ့သည်ဆိုဦးတော့။ အဆင့်နှစ်မျိုးနွယ်စုတစ်ခုပင် အနည်းဆုံး နှစ်ပေါင်းသိန်းချီကြာအောင် ဖွံ့ဖြိုးတိုးတက်လာခဲ့ခြင်းဖြစ်လေရာ အဆင့်သုံးမျိုးနွယ်စုများမှာ နှစ်ပေါင်းသန်းချီပင် ရှိနေပြီဖြစ်၏။ လူတစ်ယောက်က မည်မျှတော်နေပါစေ မျိုးနွယ်စုတစ်ခုလုံး၏ ကြွယ်ဝမှုနှင့် ယှဉ်နိုင်ပါမည်လော။
အိုင်းရင်း၏အမြင်တွင်မူ ကျန်းမုန့်လောင်အတွက် ထွက်ပြေးခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
...
"ဒါက စကြဝဠာနိုင်ငံသားကတ်လား"
ကျန်းမုန့်လောင်က အိုင်းရင်းပေးလာသော ချစ်ပ်ပြားလေးကို ယူလိုက်သည်။
"ဒါကို ခင်ဗျားရဲ့ဉာဏ်ရည်တုထဲကိုသာ ထည့်ထားလိုက်"
အိုင်းရင်းက ရှင်းပြသည်။
"ဒါက ဘယ်နေရာမှာမဆို ဒေတာတွေကို ပြပေးနိုင်တယ်။ စကန်ဖတ်လိုက်ရုံပဲ။ ဘဏ်ကတ်အနေနဲ့လည်း သုံးလို့ရတယ်"
"အံ့ဩစရာကောင်းလိုက်တာ"
ကျန်းမုန့်လောင် တအံ့တသြရေရွတ်လိုက်မိသည်။ အဆင့်မြင့်မျိုးနွယ်စုများ၏ နည်းပညာမှာ စင်စစ်အံ့မခန်းဖွယ်ရာပင်။
"သွားကြမယ်။ ကျွန်တော် ခင်ဗျားနဲ့အတူ ဘဏ်ကိုလိုက်ခဲ့ပေးမယ်"
အိုင်းရင်းက ဆိုလေသည်။
"ခင်ဗျားက အဲ့ဒီကပစ္စည်းတွေကို သုံးတတ်မှာ မဟုတ်ဘူး။ ကျွန်တော့်မှာ အာကာသခုန်ကူးယာဉ်ရှိတယ်"
အာကာသခုန်ကူးယာဉ်ဆိုသည်မှာ အကွာအဝေးတိုတိုအတွင်း အာကာသကို ခုန်ကူးနိုင်သည့် ကိရိယာဖြစ်ပြီး ပုံမှန်အားဖြင့် ဂြိုဟ်တစ်ခုတည်းအတွင်း သတ်မှတ်ထားသော နေရာများသို့ သွားလာရာတွင် အသုံးပြုသည့် ရိုးရှင်းလှသော အာကာသဖြတ်လမ်းနည်းပညာတစ်ခုပင်။
"ဝိုး..."
ကြီးမားလှသော သလင်းကျောက် အဆောက်အအုံကြီးကို မြင်သောအခါ ကျန်းမုန့်လောင် မအံ့ဩဘဲ မနေနိုင်တော့ချေ။
"ဘဏ်ခွဲလေးတစ်ခုကို ဒီလောက်အထိ ခမ်းခမ်းနားနားဆောက်ထားဖို့ လိုလို့လား"
"ဟားဟား... အစ်ကိုကျန်း ခင်ဗျား မသိသေးလို့ပါ"
အိုင်းရင်းက ပြောလိုက်သည်။
"ဒီဘဏ်မှာ နေ့တိုင်း လူပေါင်းဘီလီယံနဲ့ချီပြီး သွားလာနေကြတာ။ ငွေပေးငွေယူ လုပ်ငန်းစဉ်တိုင်းကလည်း အရမ်းလျှို့ဝှက်ပြီး သီးသန့်နေရာတွေမှာ လုပ်ကြရတာလေ။ ဘဏ်ခွဲတိုင်းကိုလည်း စကြဝဠာဘဏ်ကပဲ ဆောက်လုပ်ထားတာ"
သူတို့နှစ်ယောက်လည်း နိုင်ငံသားကတ်များကို ပြသပြီး ဘဏ်ခန်းမဆောင်ထဲသို့ ဝင်လာခဲ့ကြသည်။
ခန်းမဆောင်ထဲတွင် ဖောက်ထွင်းမြင်နေရသော အခန်းလေးများရှိပြီး အထဲရှိ လူများကိုမူ ဝါးတားတားပုံရိပ်များအဖြစ်သာ မြင်တွေ့ရသည်။ ဘာအသံမှလည်း အပြင်သို့ မထွက်သလို ထိုအခန်းများကို တည်ဆောက်ထားသည့် ကုန်ကြမ်းပစ္စည်းများမှာ အဆင့်ငါးအာကာသယာဉ်ကြီးများ၏ ပစ်ခတ်မှုကို ခံရလျှင်ပင် မပျက်စီးနိုင်ပေ။
ဥပမာအားဖြင့်ဆိုရလျှင် အကယ်၍ အဆင့်ငါးအာကာသယာဉ်တစ်စင်းက အိုင်ဇက်မျိုးနွယ်စုကို ပစ်ခတ်လိုက်လျှင် ဂြိုဟ်တစ်ခုလုံး ချက်ချင်း ပျောက်ကွယ်သွားနိုင်သော်လည်း ဘဏ်အဆောက်အအုံများမှာမူ အကောင်းအတိုင်း ကျန်ရစ်နေပေလိမ့်မည်။
အခန်းတစ်ခန်းထဲသို့ ဝင်လိုက်သောအခါ သူတို့နှစ်ယောက်သား အဖြူရောင်အခန်းလွတ်တစ်ခုထဲသို့ ရောက်သွားသည်။ ၎င်းမှာ ပုံရိပ်ယောင်ကမ္ဘာတစ်ခုပင်။
"ဒါက ဘာလဲ"
လေထဲမှာ တွဲလောင်းကျနေသော ရောင်စုံအမျှင်တန်းလေးတစ်ခုကို ကျန်းမုန့်လောင် ပုတ်ကြည့်လိုက်သည်။
"ဒါက မျက်စိနဲ့မြင်နိုင်တဲ့ ဒေတာစီးကြောင်းတွေလေ"
အိုင်းရင်းက ရှင်းပြသည်။
"ဒီအမျှင်တန်းတွေကတစ်ဆင့် အသုံးပြုသူတွေက ဗဟိုရုံးချုပ်နဲ့ အချက်အလက် ဖလှယ်နိုင်တယ်"
အိုင်းရင်းက လေထဲတွင် လက်ယမ်းပြလိုက်သည်။
"ခင်ဗျားရဲ့ဉာဏ်ရည်တုကိုသာ အကောင့်နံပါတ်ရိုက်ထည့်ခိုင်းလိုက်"
"ဒီစကြဝဠာအကောင့်တွေက 'လုပ်ဆောင်ချက်ကိုးခုစနစ်'နဲ့ ဖွဲ့စည်းထားတာ။ ရိုက်ထည့်လိုက်တိုင်း ပုံစံကိုးမျိုး ပြောင်းလဲသွားလို့ တစ်ယောက်ယောက်က အကောင့်ကို သိသွားရင်တောင် ဒါကို ဖောက်ထွင်းဖို့ ပေါင်းစပ်မှုပေါင်းကိုးထရီလီယံကျော်လောက် လိုအပ်လိမ့်မယ်။ အဆင့်အမြင့်ဆုံးဉာဏ်ရည်တုတွေတောင် ဒါကို တွက်ချက်ဖို့ နှစ်ပေါင်းတစ်ရာလောက် ကြာမှာဆိုတော့ အဲဒီအချိန်အတွင်း ခင်ဗျားရဲ့အကောင့်စကားဝှက်ကို အကြိမ်ပေါင်းထောင်ချီ ပြောင်းလို့တောင်ရတယ်"
"ပြီးတော့ အကောင့်ဝင်တဲ့အခါ သွေး ဒါမှမဟုတ် ဇီဝအမှတ်အသားတွေကို အသုံးပြုပြီး အတည်ပြုလို့ရတယ်။ ခင်ဗျားရဲ့ဘိုးဘေးကလည်း ဒီအကောင့်အတွက် အဲ့လိုပဲ စီစဉ်ထားလိမ့်မယ်လို့ ထင်တယ်"
ကျန်းမုန့်လောင်လည်း ညွှန်ကြားချက်အတိုင်း ကောထန်ကို စကားဝှက်ရိုက်ထည့်ခိုင်းလိုက်ပြီး စက်တစ်ခုကတစ်ဆင့် သူ့သွေးတစ်စက်ကို နာကျင်မှုမရှိပါဘဲ ထုတ်ယူကာ စစ်ဆေးလိုက်သည်။
"အတည်ပြုခြင်း အောင်မြင်ပါတယ်။ ဂုဏ်သရေရှိ ကြယ်ငါးပွင့်အဆင့် အသုံးပြုသူကို ကြိုဆိုပါတယ်"
"ကြယ်...ကြယ်ငါးပွင့်လား"