← Chapters

ပိုင်ဆိုင်မှုသန်းတစ်ရာ

Vol. 54 Ch. 803

ပိုင်ဆိုင်မှုသန်းတစ်ရာ

Vol. 54 Ch. 803

"အိုင်းရင်း... မင်း ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် မူပိုနေရတာလဲ။ ကြယ်ငါးပွင့်အဆင့်ဆိုတာက အဲ့လောက်တောင် အဆင့်မြင့်လို့လား"

ကျန်းမုန့်လောင်က အိုင်းရင်းကို စူးစမ်းလိုဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။

သူ့မျက်နှာအမူအရာက အံ့သြရုံသာမက သရဲမြင်လိုက်ရသည့်အတိုင်း ဖြစ်နေချေသည်။

"အစ်ကိုကျန်း... ခင်ဗျားက စကြဝဠာမဟာမိတ်ထဲကို မဝင်ရသေးတဲ့ ဂြိုဟ်က လာတာရော သေချာရဲ့လား"

အိုင်းရင်းက တုန်ယင်နေသော အသံဖြင့် အကြိမ်ကြိမ်အခါခါ အတည်ပြုနေပေသည်။

ဒီလျှို့ဝှက်ချက်ကို သူ တကယ်သိသင့်ရဲ့လား။ နှုတ်ပိတ်ဖို့ အသတ်ခံရတော့မှာများလား...

"တကယ်ပေါ့။ ငါ မင်းကို အမှန်အတိုင်း ပြောပြမယ်"

ကျန်းမုန့်လောင်က ဆိုလေသည်။

"ငါတို့ဂြိုဟ်ကို ကမ္ဘာလို့ ခေါ်တယ်။ တလောတုန်းက ဒူရန်ဒိုလို့ခေါ်တဲ့ အဆင့်နှစ်မျိုးနွယ်စုက အာကာသယာဉ်တစ်စင်း ရောက်လာလို့ ငါ အဲ့ဒီယာဉ်ကို ပစ်ချလိုက်တယ်။ ဒါပေမဲ့ သူတို့က ငါတို့ဂြိုဟ်ရဲ့ အချက်အလက်တွေကို သူတို့ရဲ့မိခင်ဂြိုဟ်ဆီကို ပို့လိုက်ပြီ။ အဲဒါကြောင့် ငါလည်း ငါ့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ဘဏ်အကောင့်ကိုသုံးပြီး ကံစမ်းကြည့်ဖို့ လာခဲ့တာပဲ"

"အဲဒီလိုလား..."

ကျန်းမုန့်လောင်၏ ရိုးသားစစ်မှန်သော အမူအရာကို မြင်လိုက်ရသဖြင့် အိုင်းရင်းလည်း ယုံကြည်သွားသည်။ ထို့ပြင် ကျန်းမုန့်လောင်က ဟန်ဆောင်နေပုံလည်း မရချေ။ ကြယ်ငါးပွင့်အဆင့်အသုံးပြုသူ ဆိုသည်မှာ ဘာကိုဆိုလိုမှန်း တကယ်သိဟန်မတူချေ။

သူ့ဘိုးဘေးများက နှစ်ပေါင်းနှစ်ထောင်သုံးထောင်အတွင်း ဘာလုပ်ခဲ့၍များ ဤမျှများပြားသော ပိုင်ဆိုင်မှုများကို စုဆောင်းနိုင်ခဲ့သလဲဆိုသည်ကိုမူ သူ စဉ်းစားမရပေ။

"မင်း ငါ့မေးခွန်းကို မဖြေရသေးဘူးလေ"

ကျန်းမုန့်လောင်က ဆိ။

"ဒီကြယ်ငါးပွင့်အဆင့်ဆိုတာက အဲ့ဒီလောက်တောင် ကြမ်းတာလား"

"ကြမ်းတာ ဟုတ်လား"

"အရမ်းအစွမ်းထက်တာကို ပြောတာ"

"ကြမ်းရုံတင် ဘယ်ကမလဲ။ ပေါက်ကွဲထွက်သွားလောက်အောင်ကို မိုက်တာ"

အိုင်းရင်းက ရှင်းပြလေတော့သည်။

"စကြဝဠာဘဏ်ရဲ့ အသုံးပြုသူအဆင့်တွေကို အရင်ရှင်းပြမယ်။ သာမန်အသုံးပြုသူတွေက အဆင့်တစ်ကနေ ကိုးအထိ ရှိတယ်။ ဒါက 'အဆင့်'တွေနော်။ ကြယ်မဟုတ်သေးဘူး"

"အကောင့်အများစုက အဆင့်မရှိကြဘူး။ တကယ်လို့ ကိုယ့်အကောင့်ထဲမှာ အဆင့်တစ်မျိုးနွယ်စုရဲ့ငွေကြေး တစ်သန်းရှိရင် အဆင့်တစ်လို့ ခေါ်တယ်။ တကယ်လို့ အဆင့်ငါးမျိုးနွယ်စုရဲ့ငွေကြေး တစ်သန်း ကျော်သွားရင်တော့ စကြဝဠာအင်ပါယာရဲ့ အမြွှာဝေလငါးငွေကြေးအရ အဆင့်ငါးဖြစ်သွားပြီ"

"အဆင့်ငါးမျိုးနွယ်စုငွေကြေး တစ်သန်းဆိုတာက စကြဝဠာဒင်္ဂါးတစ်ရာပဲ ရှိတာ။ အဲ့ဒီထက်ပိုပြီး စကြဝဠာဒင်္ဂါးတစ်သောင်းရှိရင်တော့ အဆင့်ခြောက်ဖြစ်မယ်။ အဲ့ဒီနောက်ပိုင်း အဆတစ်ရာတိုးတိုင်း အဆင့်တစ်ဆင့်စီ တက်သွားတာပဲ"

"ဒါဆို အဆင့်ကိုးအကောင့်ဆိုတာ စကြဝဠာဒင်္ဂါး တစ်ဆယ်ဘီလီယံရှိတာပေါ့"

ကျန်းမုန့်လောင်က တွက်ချက်လိုက်သည်။

"အဲ့ဒီတစ်ဆယ်ဘီလီယံဆိုတာက ဘယ်လောက်အဆင့်အထိ ရှိတာလဲ"

"အဆင့်တစ်သက်ရှိဂြိုဟ်တစ်လုံးရဲ့ တန်ဖိုးက စကြဝဠာဒင်္ဂါးတစ်ပြားကနေ တစ်သိန်းကြားမှာ ရှိတာဆိုတော့ တစ်ဆယ်ဘီလီယံဆိုတာ အဆင့်သုံးမျိုးနွယ်စုအရှင်သခင်တစ်ယောက်ရဲ့ စုစုပေါင်းပိုင်ဆိုင်မှုလောက်တောင် ရှိတယ်။ ကျွန်တော့်အဖေရဲ့အကောင့်တောင် အခုလောလောဆယ် အဆင့်၇ပဲ ရှိသေးတာ"

"ဒါဆို ကြယ်အဆင့်အသုံးပြုသူဆိုတာက ဘာလဲ"

"ဒါကတော့ အံ့သြစရာအကောင်းဆုံး အပိုင်းပဲ"

အိုင်းရင်းက ဆိုသည်။

"ကြယ်အဆင့်အသုံးပြုသူ ဖြစ်ဖို့အတွက် ပထမဆုံးအနေနဲ့ ခင်ဗျားက အဆင့်ငါးထက်မြင့်တဲ့ သက်ရှိအဆင့် ဖြစ်ရမယ်။ အဲ့ဒါမှ ကြယ်အဆင့်ကတ်ကို လျှောက်ထားဖို့ အရည်အချင်းပြည့်မီတာ"

ဤအချက်ကိုတော့ ကျန်းမုန့်လောင် သံသယမဖြစ်မိပေ။ သူ့မိဘများပင် အသက်ငါးဆယ်ကျော်မှာ အဆင့်ကိုးသက်ရှိများကို ကိုင်တွယ်နေပြီဆိုလျှင် နှစ်ပေါင်း ထောင်ချီနေထိုင်ခဲ့သော ဘိုးဘေးကျန်းခိုင်ဆိုလျှင် အလွန်အမင်းကြမ်းနေမည်မှာ သေချာပေါက်ပင်။

"တခြားလိုအပ်ချက်တွေကရော ဘာတွေလဲ"

"ခင်ဗျားမှာ အဆင့်ငါးမျိုးနွယ်စုတစ်ခုလုံးစာပိုင်ဆိုင်မှုတွေ ရှိရမယ်"

အိုင်းရင်းက ပြောလိုက်သည်။

"ဆိုလိုတာက ခင်ဗျားအနေနံ့ အဆင့်လေးမျိုးနွယ်စုရဲ့ အရှင်သခင် ဖြစ်နေတယ်ဆိုရင်တောင် ဘယ်လောက်ချမ်းသာချမ်းသာ ကြယ်ငါးပွင့်အဆင့်အကောင့်ကို လျှောက်လို့မရဘူး"

"ဒီသတ်မှတ်ချက်အရဆိုရင် ဒီကြယ်အဆင့်အကောင့်တစ်ခုရဲ့စမှတ်က အနည်းဆုံးတော့ စကြဝဠာဒင်္ဂါးတစ်ထရီလီယံကနေ စရမှာပေါ့"

ကျန်းမုန့်လောင်က ကျန်းခိုင်ချန်ထားခဲ့သော ပိုင်ဆိုင်မှုများမှာ "နည်းနည်းပါးပါး"မဟုတ်ပါဘဲ "ဘီလီယံပေါင်းများစွာ"ဖြစ်နေကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။

"စကြဝဠာမျိုးနွယ်စုရဲ့ သတ်မှတ်ချက်အရ ဒင်္ဂါးတစ်ဘီလီယံကျော်ရင် တစ်ယူနစ်လို့ သတ်မှတ်ပြီး တစ်ထရီလီယံဆိုရင် ကြယ်ယူနစ်လို့ ခေါ်တယ်။ ဒါကြောင့် စကြဝဠာဘဏ်မှာ ကြယ်တစ်ပြားစာ ပိုင်ဆိုင်မှုရှိလာရင် ကြယ်အဆင့်အသုံးပြုသူလို့ ခေါ်လို့ရတယ်"

"ဒါဆို ငါ့ဘိုးဘေးချန်ထားခဲ့တဲ့ အဆင့်ကိုးအကောင့်ဆိုတာ..."

ကျန်းမုန့်လောင်သည် သူ့ဘိုးဘေးချန်ထားခဲ့သော ပိုင်ဆိုင်မှုမှာ စကြဝဠာဒင်္ဂါးသန်းအနည်းငယ် သို့မဟုတ် သန်းဆယ်ဂဏန်းလောက်သာ ရှိမည်ဟု ခန့်မှန်းထားခဲ့ခြင်း ဖြစ်၏။

သို့သော် သူ့အမြင်က အလွန်ကျဉ်းမြောင်းနေသေးသည်မှာ ထင်ရှားလှသည်။

"ကြယ်အဆင့်အသုံးပြုသူတွေမှာလည်း သာမန်အဆင့်တွေလိုပဲ အဆတစ်ရာတိုးတိုင်း ကြယ်တစ်ပွင့်တိုးတာပဲ။ လောလောဆယ် စကြဝဠာဘဏ်မှာ အမြင့်ဆုံးအဆင့်က ကြယ်ငါးပွင့်ပဲ ရှိသေးတယ်။ အဓိပ္ပာယ်ကတော့ ခင်ဗျားဘိုးဘေးချန်ထားခဲ့တဲ့ ပိုင်ဆိုင်မှုက ကြယ်ငါးပွင့်အဆင့် သတ်မှတ်ချက်နဲ့ ယှဉ်ရင်တောင် နိမ့်မနေဘူးဆိုတဲ့သဘော"

"ဘုရားရေ..."

ကျန်းမုန့်လောင်မှာ အံ့သြလွန်း၍ ဘာမှပင် မပြောနိုင်တော့ပေ။

"ငါ့အစား လက်ကျန်ငွေလေးစစ်ပေးစမ်းပါ"

ကျန်းမုန့်လောင်က ပြုံးပြနေသော အဆင့်မြင့်ဉာဏ်ရည်တုကို ပြောလိုက်သည်။

"ခဏစောင့်ပေးပါ။ လက်ရှိ ခင်ဗျားရဲ့ကြယ်ငါးပွင့်အဆင့်အကောင့်ထဲမှာ ပိုင်ဆိုင်မှု ၁၇၃၆၇ကြယ်ရှိပြီး အကောင့်ထဲက ပိုင်ဆိုင်မှုတွေကလည်း အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်"

"သောက်ကျိုးနည်း..."

သူ့အကောင့်လက်ကျန်ငွေများမှာ အမြင့်ဆုံး ကြယ်ငါးပွင့်သတ်မှတ်ချက်ထက်ပင် ဂဏန်းသုံးလုံးလောက် ပိုနေကြောင်း ကျန်းမုန့်လောင် သတိထားမိလိုက်သည်။

နောက်ဆုံးဂဏန်းသုံးလုံးက ငါးစက္ကန့် သို့မဟုတ် ခြောက်စက္ကန့်ကြာတိုင်း တစ်ကြိမ်နှုန်းဖြင့် တိုးပွားနေပေသည်။

ဤအကောင့်သည် 'ကြယ်'ကို ယူနစ်အဖြစ် သုံးထားခြင်းဖြစ်လေရာ ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှုမှာ စက္ကန့်အနည်းငယ်တိုင်းတွင် ကြယ်တစ်ပြားတိုးနေချေသည် ဤသည်မှာ စက္ကန့်ပိုင်းအတွင်း အဆင့်ငါးမျိုးနွယ်စုတစ်ခုစာလောက် တိုးနေခြင်းသာ။

"အစ်ကိုကျန်း... ခင်ဗျားအကြောင်းတွေကို သိသွားပြီဆိုတော့ ကျွန်တော့်ကို နှုတ်ပိတ်ဖို့အတွက် သတ်ပစ်မှာတော့ မဟုတ်ဘူးမလား"

အိုင်းရင်း အမှန်တကယ် ကြောက်လန့်နေပြီ ဖြစ်၏။

စကြဝဠာမျိုးနွယ်စုထဲတွင် အလွန်ထက်မြက်သော ရှေ့နေများစွာရှိ၏။ မည်မျှဆိုးရွားသော အမှုဖြစ်ပါစေ သူတို့က ဟာကွက်များကို ရှာနိုင်ကြသည်။

အကယ်၍ ကျန်းမုန့်လောင်က ကိစ္စအများကြီး သိသွားသဖြင့် သူ့ကို နှုတ်ပိတ်ချင်ပါက သူ့အဖေက အပြစ်မပေးနိုင်လျှင်ပင် စကြဝဠာမဟာမိတ်၏ အမြင့်ဆုံးတရားရုံးအထိ ဆွဲတင်ခံရနိုင်သည်။ ကျန်းမုန့်လောင်သာ ပိုက်ဆံပေးနိုင်ပါက ထိပ်တန်းရှေ့နေများကိုပင် ငှားယူနိုင်သည် မဟုတ်ပါလော။

ဤနယ်ပယ်ထဲတွင် "ဥပဒေမဲ့ကျန်းစန်း"ဟု နာမည်ပြောင်ရထားသော ရှေ့နေတစ်ဦး ရှိသည်။ သူ့အနေနှင့် တရားခွင်တွင် သာမန်ကာလျှံကာ လျှောက်လဲပါက သူ့အဖေလည်း ထောင်ဒဏ်နှစ်သုံးရာခန့် ကျပေလိမ့်မည်။ သို့သော် သူ တကယ် အစွမ်းပြပြီဆိုလျှင်မူ သူ့အဖေရော သူ့အဖေဘက်က ရှေ့နေရော၊ မျိုးနွယ်စုတစ်ခုလုံးပါ ထောင်နန်းစံရပေလိမ့်မည်။

ကျန်းစန်းသာ အစွမ်းကုန်ကြိုးစားလိုက်လျှင် တရားခွင်တွင် ရှိနေသူအားလုံး ထောင်ထဲ ဝင်ရပေလိမ့်မည်။ စကြဝဠာမဟာမိတ်၏ အမြင့်ဆုံးတရားရုံးက တရားသူကြီးရော၊ ဘေးလူများလည်း အကုန်ပါသည်။

ဤသည်မှာ ငွေ၏ ဆွဲဆောင်မှုပင်။

သူသိထားသလောက်ဆိုလျှင် စကြဝဠာတစ်ခုလုံးတွင် ကြယ်အဆင့်အကောင့်ရှိသူများစွာ ရှိသော်ငြား ကြယ်သုံးပွင့်အထက်ဆိုလျှင် အယောက်တစ်သောင်းအောက်သာ ရှိသည်။

ကြယ်ငါးပွင့်အဆင့်ဆိုလျှင်မူ လက်ရှိတွင် လူသိရှင်ကြားလျှို့ဝှက်ချက်ဖြစ်သည့် စကြဝဠာမဟာမိတ်ဥက္ကဋ္ဌ၊ စကြဝဠာဘဏ် ညွှန်ကြားရေးမှူးနှင့် စကြဝဠာသိုင်းတာအိုအသင်းဥက္ကဋ္ဌတို့သာ ရှိသည်။

လျှို့ဝှက်ထားသော လူများကိုပါ ထည့်ပေါင်းလျှင်ပင် ဆယ်ယောက်ထက် မပိုနိုင်ပေ။

ကျန်းမုန့်လောင်၏ဘိုးဘေးမှာ ဘယ်လိုလူမျိုးလေလဲ။။ ဤနှစ်ပေါင်းနှစ်ထောင်သုံးထောင်အတွင်း ဓားပြတိုက်နေခဲ့လေသလား။ မဟုတ်ပါက ဤမျှများပြားသော ပိုက်ဆံများကို ရှာနိုင်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။

စီးပွားရေးလုပ်ငန်းလား။ ဘယ်လိုလုပ်ငန်းမျိုးပါလိမ့်။ ကျွန်တော့်ကိုလည်း အဲ့ဒီလုပ်ငန်းထဲ လမ်းညွှန်ပေးလို့ ရမလား...

"မကြောက်ပါနဲ့။ ငါတို့က ညီအစ်ကိုတွေလေ။ ငါက မင်းကို ဘာလို့ဒုက္ခပေးရမှာလဲ"

ကျန်းမုန့်လောင်လည်း အိုင်းရင်းတစ်ယောက် စိတ်ကူးယဉ်ပြီး ကြောက်နေသည်ဟု ထင်လိုက်သည်။

"ငါက စကြဝဠာမှာ အချမ်းသာဆုံးလူဖြစ်နေတာတော့ မဟုတ်ပါဘူးနော်"

"အချမ်းသာဆုံးမဟုတ်ရင်တောင် အဲ့ဒီအဆင့်နဲ့ တော်တော်နီးစပ်မှာပါ"

အိုင်းရင်းက ပြောလိုက်သည်။

"ဒီပိုက်ဆံတွေ ဘယ်ကလာလဲဆိုတာ အကောင့်ထဲမှာ စစ်ကြည့်ပါလား"

"ဟုတ်သားပဲ"

ကျန်းမုန့်လောင်က ချက်ချင်းပြောလိုက်သည်။

"ငါ့အကောင့်ထဲက လတ်တလောငွေလွှဲပြောင်းမှု အရင်းအမြစ်တွေကို စစ်ပေးပါ"

လေထဲတွင် မရေမတွက်နိုင်သော အချက်အလက်များဖြင့် ရုတ်ခြည်းပြည့်နှက်သွားသည်။

"ဟိုင်ရတ်ဆေးဝါးလုပ်ငန်းစု၊ ဒီစကြဝဠာနှစ်အတွက် ရှယ်ယာရှင်အမြတ်ဝေစု ၂၇၂.၂၈၂၇၁ကြယ်"

"ကျင်းကျောက်ကုန်တိုက်၊ ဒီစကြဝဠာနှစ်အတွက် ရှယ်ယာရှင်အမြတ်ဝေစု ၇၂၁.၂၃၀၄ကြယ်"

"အာကာသခုန်ကူးနည်းပညာကုမ္ပဏီ၊ ဒီစကြဝဠာနှစ်အတွက် ရှယ်ယာရှင်အမြတ်ဝေစု ၂၇၇၁.၁၈၂၆ကြယ်"

"စကြဝဠာသိုင်းကျောင်းတော်၊ ဒီစကြဝဠာနှစ်အတွက် ရှယ်ယာရှင်အမြတ်ဝေစု ၆၄၂.၂၈၂၂ကြယ်"

"စကြဝဠာဘဏ်၊ ဒီစကြဝဠာနှစ်အတွက် ရှယ်ယာရှင်အမြတ်ဝေစု ၈၂၇၂.၁ကြယ်"

...

"ဟိုင်ရတ်ဆေးဝါးလုပ်ငန်းစု... စကြဝဠာမှာ အကြီးဆုံးဇီဝဆေးဝါးကုမ္ပဏီကြီးပဲ"

"ကျင်းကျောက်ကုန်တိုက်... စကြဝဠာမှာ အကြီးဆုံးကုန်တိုက်လုပ်ငန်းစုကြီး"

"အာကာသခုန်ကူး... သူတို့က စကြဝဠာထဲက အာကာသခုန်ကူးတဲ့ နည်းပညာဆောက်လုပ်ရေးအားလုံးကို ကိုင်တွယ်နေတာ"

ဤကုမ္ပဏီနာမည်များက အဆင့်တစ်မျိုးနွယ်စုမှာပင် လူသိများလှသည်။ သူတို့က စကြဝဠာထဲရှိ လုပ်ငန်းနယ်ပယ်တိုင်းမှာ ထိပ်တန်းလုပ်ငန်းစုများ ဖြစ်ကြသည်။ အဆိုးဆုံးအပိုင်းမှာ စကြဝဠာဘဏ်မှာပင် ကျန်းမုန့်လောင်၏ဘိုးဘေးက ရှယ်ယာပိုင်ဆိုင်ထားခြင်းပင်။

"အစ်ကိုကျန်း... တစ်ခုလောက် မေးပါရစေ"

အိုင်းရင်းက မေးလိုက်သည်။

"ခင်ဗျားရဲ့ ဘိုးဘေးက မြစ်တွေမြေးတွေများ ထပ်လိုသေးလား။ လိုတယ်ဆိုရင် ကျွန်တော် လုပ်အားပေးချင်လို့ပါ"

All Chapters