← Chapters

ငါ ဆယ်ဆပေးမယ်

Vol. 54 Ch. 806

ငါ ဆယ်ဆပေးမယ်

Vol. 54 Ch. 806

"မင်းက ဘာကောင်မို့လို့လဲ"

လူတိုင်း၏ အကြည့်က အိုင်းရင်းဆီကတစ်ဆင့် ကျန်းမုန့်လောင်ဆီသို့ ရောက်သွားကြသည်။

"မင်းက ငါတို့ကို ဘယ်လိုတောင် ပြောရဲရတာလဲ"

"ဒါက ငါတို့မိသားစုကိစ္စ။ မင်းလိုလူ ဝင်ပါရမယ့် နေရာမဟုတ်ဘူး"

"မင်းက အိုင်းရင်းရဲ့အစေခံလား။ ထွက်သွားစမ်း။ ဒီနေရာမှာ မင်း ဝင်ပြောခွင့်မရှိဘူး"

"ငါ့ညီလေးရာ... မင်းရဲ့အစေခံက တော်တော်အလိုက်မသိတာပဲ"

"သူက ကျွန်တော့်အစေခံမဟုတ်ပါဘူး... သူက..."

အိုင်းရင်း၏စကား မဆုံးသေးခင်မှာပင် ကျန်းမုန့်လောင်က ဖြတ်ပြောလိုက်သည်။

"အိုင်းရင်း ဘယ်သူနဲ့ပေါင်းပြီး ပြဿနာရှာခဲ့တာလဲဆိုတာ မင်းတို့ သိချင်နေကြတာ မဟုတ်လား"

ကျန်းမုန့်လောင်က ခပ်ဖွဖွရယ်လိုက်သည်။

"အဝေးကြီးမှာ လိုက်ရှာမနေနဲ့။ စီဘော့စ်စက်ရုံရဲ့ ပစ္စည်းတွေအားလုံးကို အပြောင်သိမ်းသွားတာ ငါပဲ"

"မင်းလား"

မနေ့တုန်းက လောင်းကစားသမားများနှင့် အထက်တန်းလွှာများအကြား သတင်းတစ်ပုဒ် ပျံ့နှံ့နေခဲ့သည်။ စီဘော့စ်ကော်ပိုရေးရှင်း၏ ရုံးခွဲစက်ရုံတွင် အလွန်ငယ်ရွယ်လှသော စက္ခုစွမ်းအားရှင်တစ်ယောက် ပေါ်လာသည်ဟူသော သတင်းပင်။ သူသည် စွမ်းအင်သလင်းကျောက်များ ပါဝင်သော ကျောက်ရိုင်းတုံးများကို အမှားအယွင်းမရှိ ထိုးဖောက်မြင်နိုင်ရုံသာမက ထိုသလင်းကျောက်၏ အဆင့်အတန်းကိုပါ တိတိကျကျသိနိုင်ပေသည်။

သူသည် စီဘော့စ်အရောင်းပြခန်းတစ်ခုလုံးကိုသာမက ဂိုဒေါင်ထဲရှိ ပစ္စည်းများကိုပါ အပြောင်သိမ်းယူသွားပြီး စကြဝဠာငွေကြေးအမြောက်အမြားနှင့်အတူ အေးအေးလူလူ ထွက်ခွာသွားခဲ့သောကြောင့် ရာစုနှစ်ပေါင်းများစွာ သူတို့ စုဆောင်းထားသော ပစ္စည်းများမှာ တန်ဖိုးမရှိသလောက် ဖြစ်သွားခဲ့ရသည်။

နောက်ဆုံးမှာတော့ အရှင်သခင်မိသားစု၏ သားငယ် အိုင်းရင်းလည်း ထိုနေရာတွင် ပေါ်လာခဲ့ပြီး ထိုလူနှင့် ရင်းနှီးသော ဆက်ဆံရေးရှိပုံရသည်ဟု သတင်းထွက်နေချေသည်။

သို့သော် ကျန်းမုန့်လောင်ကို သေချာအကဲခတ်ကြည့်လိုက်ချိန်မှာတော့ ဘာမှမထူးခြားကြောင်း တွေ့လိုက်ရသည်။ ရုပ်ရည်အနည်းငယ်ကွဲပြားသည်ကလွဲလျှင် အခြားဘာမှထူးထူးခြားခြားဆွဲဆောင်မှုမရှိသလို အံ့ဩစရာကောင်းသော စွမ်းရည်များ ရှိနေလိမ့်မည်ဟုလည်း မထင်ရပေ။

"တကယ်ပဲ မင်းလား"

"မင်း စီဘော့စ်ကော်ပိုရေးရှင်းဆီကို မြန်မြန်သွားပြီး အဖမ်းမခံသေးဘူးလား။ သူတို့ရဲ့ နောက်ခံကို မင်းမသိလို့ထင်တယ်။ ငါတို့ဂလက်ဆီရဲ့ အရှင်သခင်တောင် သူတို့ကို အလေးထားရတာ။ သူတို့က အဆင့်လေး မျိုးနွယ်စုတွေက အရေးပါတဲ့ပုဂ္ဂိုလ်တွေနဲ့ ခင်မင်တယ်နော်။ သူတို့ကို ရန်စတယ်ဆိုတာက သေမင်းကို ဖိတ်ခေါ်နေသလိုပဲ"

"ငါတို့မျိုးနွယ်စုကိုတော့ ဒီကိစ္စထဲ ဆွဲမထည့်ပါနဲ့။ တုံးအတဲ့ ငါ့ညီက မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"

"အစောင့်တွေ"

သူတို့ထဲတွင် ဩဇာအာဏာအကြီးဆုံးဟု ထင်ရသော လူငယ်က အော်လိုက်လေသည်။

ချက်ချင်းပင် အဆင့်သုံးသက်တော်စောင့်တချို့ကလည်း အခန်းထဲသို့ ပြေးဝင်လာကြသည်။

"အိုင်းရင်း... မင်းကိုယ်တိုင် မလုပ်ဘူးဆိုရင် ငါကပဲ မင်းကိုယ်စား လုပ်ပေးလိုက်မယ်"

"လျှောက်မလုပ်ကြနဲ့"

အိုင်းရင်းက ဤလူတစ်သိုက်နှင့် ဆက်ဆံရေးမကောင်းသော်လည်း သူတို့က ညီအစ်ကိုအရင်းအချာများပင် မဟုတ်လော။ သွေးက ရေထက်ပျစ်သည်ဟု ဆိုကြသည်မဟုတ်လော။ အကယ်၍ သူတို့သာ ကျန်းမုန့်လောင်ကို ဒေါသထွက်အောင် လုပ်မိလျှင် ကျန်းမုန့်လောင်ဘက်က ဘာဆက်လုပ်မလဲဆိုသည်ကို သူ မခန့်မှန်းနိုင်ပေ။ သူ့မျက်နှာကို ငဲ့ညှာပါ့မလားဆိုသည်ကိုလည်း မသိပါချေ။

"ဖယ်စမ်း။ မဟုတ်ရင် မင်းကိုပါ တစ်ခါတည်း အပြတ်ရှင်းပစ်လိုက်မယ်"

"အဖေ့မှာ သားတွေ အများကြီးရှိတာပဲ။ မင်းတစ်ယောက် ရှိရှိမရှိရှိ ဘာမှထူးခြားသွားမှာမဟုတ်ဘူး"

"လမ်းဖယ်စမ်း"

"ရပါတယ် အိုင်းရင်းရာ... သူတို့က မင်းကို ညီအစ်ကိုတစ်ယောက်လို သဘောထားပုံမရဘူး"

ကျန်းမုန့်လောင်က အိုင်းရင်း၏ပုခုံးကို ပုတ်ရင်း ပြောလိုက်၏။ ရှေးခေတ်ဧကရာဇ်၏ သားတော်များ အိမ်ရှေ့စံမင်းသားနေရာကို လုကြသည့်နှယ်ပင်။ ဤကဲ့သို့သော မိသားစုထဲတွင် ညီအစ်ကိုသံယောဇဉ်အကြောင်း ပြောနေခြင်းမှာ စင်စစ်ရယ်စရာကောင်းလှသည်။

"ကောထန်... ဂြိုဟ်တွေကို ဝယ်လို့ရောင်းလို့ရတယ်ဆိုရင် မျိုးနွယ်စုတစ်ခုလုံးကိုရော ဝယ်လို့ရလား"

ကျန်းမုန့်လောင်က မေးလိုက်၏။

"ရပါတယ် ကျောင်းအုပ်ကြီး။ အဲဒီမျိုးနွယ်စုတွေရှိတဲ့ ဂြိုဟ်တွေအားလုံးကို ဝယ်လိုက်ရုံပါပဲ"

ကောထန်က ရှင်းပြလေသည်။

"ဒါကိုရော ဝယ်လို့ရတာပဲလား"

ကျန်းမုန့်လောင် ဆွံ့အသွားလေသည်။ စီးပွားရေးလုပ်ခြင်းမှာ အတင်းအကျပ် ဝယ်ယူခြင်းမျိုးတော့ မဖြစ်သင့်ပေ။ ကမ္ဘာမြေပေါ်တွင် ကျန်းမုန့်လောင်အနေနှင့် တစ်စုံတစ်ယောက်၏ကားကို သဘောကျတိုင်း ငွေမည်မျှရှိရှိ တစ်ဖက်လူကို အတင်းရောင်းခိုင်း၍ မရပေ။

အိုင်ဇက်မျိုးနွယ်စုမှာ ဂြိုဟ်ပေါင်းတစ်ထောင်နီးပါးရှိပြီး ဂြိုဟ်တစ်လုံးကို ပျမ်းမျှ စကြဝဠာဒင်္ဂါးငါးသောင်းနှင့် တွက်လျှင်ပင် မျိုးနွယ်စုတစ်ခုလုံးကိုဝယ်ဖို့ စကြဝဠာဒင်္ဂါးသန်းငါးဆယ်သာ လိုပေသည်။

သို့သော် ယခုမူ မျိုးနွယ်စု၏ပိုင်ရှင်က အိုင်းရင်း၏ အဖေဖြစ်နေချေသည်။

သူက ဘယ်လိုလုပ်ပြီး သူ့မျိုးနွယ်စုကို ရောင်းပါ့မလဲ...

"ကျောင်းအုပ်ကြီး... သူ့ကို တိုက်ရိုက်သွားမေးဖို့တော့ မဖြစ်နိုင်တာ အမှန်ပါပဲ။ ဒါပေမဲ့ တချို့အရာတွေက သူ သဘောမတူရင်တောင် လုပ်လို့ရတာတွေရှိပါတယ်။ အရင်တုန်းက ကျောင်းအုပ်ကြီးသုံးခဲ့တဲ့ နည်းလမ်းတွေကို မေ့သွားပြီလား"

"အရင်က ငါသုံးခဲ့တဲ့ နည်းလမ်းတွေလား"

ကျန်းမုန့်လောင် အံ့ဩသွားရသည်။

"တကယ်တော့ ဒါက ကုမ္ပဏီခွဲတစ်ခုကို ဝယ်တာနဲ့ ဆင်တူပါတယ်။ ပင်မကုမ္ပဏီနဲ့ တိုက်ရိုက်ဆွေးနွေးလိုက်ရုံပါပဲ။ အထက်ကနေ ဖိအားပေးလိုက်ရင် အားလုံးပြီးသွားမှာပါ"

"ဟုတ်သားပဲ"

ကျန်းမုန့်လောင် ချက်ချင်း သဘောပေါက်သွားသည်။ မျိုးနွယ်စုတစ်ခုကို ဝယ်ခြင်းမှာ ကုမ္ပဏီတစ်ခုကို ဝယ်ယူခြင်းနှင့် မခြား​ပေ။ အိုင်းရင်း၏အဖေက မရောင်းဘူးဆိုလျှင် ကျန်းမုန့်လောင်အနေနှင့် ဂလက်ဆီ၏အရှင်သခင်ဆီကို တိုက်ရိုက်သွားနိုင်သည်။

"ဒါပေမဲ့ ငါ့မှာ ဂလက်ဆီအရှင်သခင်ကို ဆက်သွယ်ရမယ့် လိပ်စာမရှိဘူးလေ"

ကျန်းမုန့်လောင်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်လေသည်။

"ကျောင်းအုပ်ကြီး... တကယ်တော့ ရှိပါတယ်။ ဘဏ်ငွေလွှဲအချက်အလက်တွေကို သိမ်းထားရင်း ကျန်းခိုင်က စကြဝဠာမဟာမိတ်အဖွဲ့မှာ ရှယ်ယာ၂၇ရာခိုင်နှုန်းပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာ ရှာတွေ့ခဲ့ပါတယ်"

"ဘာ...စကြဝဠာမဟာမိတ်အဖွဲ့တစ်ခုလုံးကို ငါ့မိသားစုပိုင်တာလား"

"စကြဝဠာမဟာမိတ်အဖွဲ့မှာ စကြဝဠာတစ်ခုလုံးက သက်ရှိတွေရဲ့ အချက်အလက်တွေ အကုန်ရှိပါတယ်။ လူတစ်ယောက်ရဲ့ ဆက်သွယ်ရန်လိပ်စာကိုရှာဖို့ ခက်လိမ့်မယ်လို့ ထင်နေတာလား"

"စိတ်ဝင်စားစရာပဲ"

ကျန်းမုန့်လောင်က အိုင်းရင်းကို ပြောလိုက်လေသည်။

"ခဏထိုင်နေဦးနော်။ ငါ အိမ်သာသွားပြီး ခဏနေရင် ပြန်လာခဲ့မယ်"

"သူ အခွင့်ကောင်းယူပြီး ထွက်ပြေးဖို့ကြံနေတာလား"

အိုင်းရင်း၏ ညီအစ်ကိုမောင်နှမများကတော့ စိုးရိမ်နေကြလေသည်။ ကျန်းမုန့်လောင်သာ ဤနေရာက ထွက်သွားလျှင် သူ့ကိုပြန်ခေါ်ရန် မလွယ်တော့ချေ။

"စိတ်မပူပါနဲ့။ အိမ်တစ်ခုလုံးကို ဝိုင်းထားခိုင်းပြီးပါပြီ။ သူ ဘယ်မှထွက်ပြေးလို့ မရပါဘူး"

အိုင်းရင်း၏အစ်ကိုအကြီးဆုံးက ပြောလိုက်သည်။

"သူ ဘာတွေလှည့်စားဦးမလဲဆိုတာ ကြည့်ချင်သေးတယ်"

"အိုင်းရင်း... မင်းလုပ်ခဲ့တဲ့ အမှားတွေကို သေချာပြန်သုံးသပ်တာ ပိုကောင်းမယ်"

...

ကျန်းမုန့်လောင်တွင် ဂလက်ဆီအရှင်သခင်ကို ဆက်သွယ်ရန် နည်းလမ်းအမျိုးမျိုး ရှိသော်လည်း အဆုံးမှာတော့ အထူးသီးသန့် ဆက်သွယ်ရေးလိုင်းကို ရှာတွေ့ခဲ့သည်။ ဂလက်ဆီအရှင်သခင်၏ နာမည်က အိုလောရင့်စ်ဖြစ်ပြီး ယခုအချိန်တွင် အသက်နှစ်သိန်းနီးပါးရှိပြီး အဆင့်ငါးသက်ရှိတစ်ယောက်လည်း ဖြစ်၏။

အိုလောရင့်စ်ကတော့ သူ့နန်းတော်ထဲမှာ ပြည်တွင်းစစ်ကိစ္စတချို့ကို ဖြေရှင်းနေသည်။

"အရှင်သခင်... အမည်မသိလူတစ်ယောက်က အရှင့်ကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်"

"လျစ်လျူရှုထားလိုက်"

အိုလောရင့်စ်သည် တစ်နေ့ကို ဤကဲ့သို့​အနှောင့်အယှက်ပေးသည့် ဖုန်းခေါ်ဆိုမှုပေါင်းများစွာကို လက်ခံရရှိနေသည်။ တစ်ခုချင်းစီကိုသာ ပြန်ဖြေနေမည်ဆိုလျှင် သူလည်း ဘာမှလုပ်နိုင်တော့မည် မဟုတ်ချေ။

"အရှင်... ဒါက အရှင့်ရဲ့အထူးသီးသန့် လိုင်းကပါ။ အရှင် ကြယ်မြို့တော်ရဲ့ မြို့တော်ဝန်နဲ့ဆက်သွယ်ဖို့ ဒါမှမဟုတ် သတင်းပို့တဲ့အခါသုံးတဲ့ လိုင်းပါ"

"ဘာ"

အခုမူ အိုလောရင့်စ်လည်း ဤဆက်သွယ်မှုကို လျစ်လျူရှုမထားရဲတော့ပေ။ ဤဆက်သွယ်မှုနည်းလမ်းကို သိထားသူများက အဆင့်အတန်းမြင့်မားသူများ ဖြစ်ရုံသာမက ကြယ်မြို့တော်ထဲက ပခြားဂလက်ဆီအရှင်သခင်များပင် ဤအထူးလိုင်းကို သုံးခွင့်မရကြချေ။

"ငါ့ကို ဖုန်းချိတ်ပေး"

အိုလောရင့်စ်၏ ရှေ့တည့်တည့်တွင် သုံးဖက်မြင်ပုံရိပ်တစ်ခု ပေါ်လာလေသည်။ ပေါ်လာသူမှာ အသားညိုညို၊ မျက်လုံးအနက်ရောင်နှင့် ဆံပင်အနက်ရောင်ရှိသည့် အလွန်ငယ်ရွယ်သော လူငယ်တစ်ယောက်ပင်။ ဤသည်မှာ သူ တစ်ခါမှမမြင်ဖူးသော မျိုးနွယ်စုတစ်ခုပင်။

"မစ္စတာအိုလောရင့်စ်... ရုတ်တရက်ကြီး အနှောင့်အယှက်ပေးမိတာ တောင်းပန်ပါတယ်"

"မင်းက ဘယ်သူလဲ။ ငါ့ရဲ့ဆက်သွယ်ရေးလိပ်စာကို ဘယ်လိုလုပ်ပြီးရတာလဲ"

အိုလောရင့်စ်က တိုက်ရိုက်မေးလိုက်လေသည်။

"ကျွန်တော့်ရဲ့အထောက်အထားကို သိဖို့မလိုပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ဒီနေ့ ကျွန်တော် ခင်ဗျားနဲ့ စီးပွားရေးတစ်ခု လုပ်ချင်လို့ပါ။ ခင်ဗျားရဲ့လက်အောက်မှာရှိတဲ့ အိုင်ဇက်မျိုးနွယ်စုကို ကျွန်တော် ဝယ်ချင်ပါတယ်"

"အိုင်ဇက်မျိုးနွယ်စု ဟုတ်လား"

အိုလောရင့်စ်ခမျာ ဆွံ့အသွားလေသည်။ လျှို့ဝှက်ဆန်းကြယ်လှသော ဤလူငယ်က သူ့လက်အောက်ရှိ မျိုးနွယ်စုတစ်ခုကို ဝယ်ရန်အတွက် သူ့ကို တကူးတကလာရှာလေခြင်းလား။

သို့သော် အိုလောရင့်စ်လည်း ချက်ချင်း သဘောပေါက်လိုက်သည်။ စကြဝဠာထဲတွင် ဂြိုဟ်များနှင့် မျိုးနွယ်စုများကို ရောင်းဝယ်ခြင်းမှာ သာမန်ကိစ္စတစ်ခုပင်။ အကယ်၍ ပိုင်ရှင်က မရောင်းချင်ဘူးဆိုလျှင် အထက်ကအုပ်ချုပ်သည့် မျိုးနွယ်စုဆီက ဖိအားပေးခိုင်းခြင်းမျိုးက အမြဲရှိနေကျပင်။

အိုလောရင့်စ်လည်း အိုင်ဇက်မျိုးနွယ်စု၏ အချက်အလက်များကို ချက်ချင်းယူကြည့်လိုက်၏။ အိုင်ဇက်မျိုးနွယ်စုမှာ အဆင့်တစ် ဂြိုဟ်ပေါင်း၁၁၂၇လုံးရှိပြီး ခန့်မှန်းတန်ဖိုးကတော့ စကြဝဠာဒင်္ဂါးသန်း၆၀နီးပါး ရှိ၏။

"မင်း ဘယ်လောက်ပေးမှာလဲ"

နဂါးငွေ့တန်းဂလက်စီနှယ် အဆင့်သုံးမျိုးနွယ်စု၏ လက်အောက်တွင် ဤကဲ့သို့သော အဆင့်နှစ်မျိုးနွယ်စုပေါင်း ရာနှင့်ချီ၍ရှိသည်။ ဈေးနှုန်းသာ သင့်တော်မည်ဆိုလျှင် အိုလောရင့်စ်အနေနှင့် ရောင်းဖို့ဝန်မလေးပေ။

ပုံမှန်အားဖြင့် မျိုးနွယ်စုတစ်ခုကို ရောင်းသည့်အခါ ဈေးကို နှစ်ဆခန့် တောင်းလေ့ရှိသည်။ အကြောင်းမှာ ထိုငွေ၏ အစိတ်အပိုင်းကို ထိုမျိုးနွယ်စု၏ အရှင်သခင်အား ပေးရသောကြောင့်ပင်။ တစ်ဖက်လူ၏ဂြိုဟ်များကို အတင်းအကျပ် လုယူ၍မရပေ။ စကြဝဠာမဟာမိတ်အဖွဲ့ကလည်း ဤကဲ့သို့သောဖြစ်ရပ်မျိုးကို ခွင့်ပြုမည်မဟုတ်။

သို့သော် ကမ်းလှမ်းလာသောဈေးကသာ သင့်တော်ပြီး ပိုများနေမည်ဆိုလျှင် ထိုအရှင်သခင်များက သူတို့၏မျိုးနွယ်စုကို ရောင်းဖို့ပင် လိုလိုလားလားရှိကြသည်။

"ကျွန်တော် ပေါက်ဈေးထက် ဆယ်ဆပေးမယ်"

ကျန်းမုန့်လောင်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။

"ခင်ဗျား သဘောတူမယ်ဆိုရင် ငွေကိုလည်း အခုချက်ချင်းလွှဲပေးမယ်။ တကယ်လို့ သဘောမတူဘူးဆိုရင်တော့ ကျွန်တော် အဆင့်ငါးမျိုးနွယ်စုရဲ့ အာကာသယာဉ်တန်းကို ခင်ဗျားဆီလွှတ်ပြီး ညှိနှိုင်းခိုင်းရလိမ့်မယ်"

All Chapters