← Chapters

တစ်ယွမ်အကြွေကိုတော့ သိမ်းထားလိုက်

Vol. 54 Ch. 807

တစ်ယွမ်အကြွေကိုတော့ သိမ်းထားလိုက်

Vol. 54 Ch. 807

"ခင်ဗျား... ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပါရစေ"

အိုလောရင့်စ်လည်း ကျန်းမုန့်လောင်ကို တရိုတသေ မေးလိုက်ချေသည်။

ဤသည်မှာ ဘယ်လိုအခြေအနေလေလဲ။ အဆင့်နှစ်မျိုးနွယ်စုတစ်ခုကို ဝယ်ရန် ပေါက်ဈေးထက် ဆယ်ဆပေးမည်တဲ့။ ထို့ပြင် သူ သဘောမတူလျှင် အဆင့်ငါးမျိုးနွယ်စု၏ အာကာသယာဉ်တန်းကို လွှတ်ပြီး ညှိနှိုင်းခိုင်းမတဲ့လား။

ဒါက တကယ်ပဲ ညှိနှိုင်းတာဟုတ်လို့လား။

ဤလေသံမျိုးနှင့်ဆိုလျှင် သူသည် အဆင့်ငါးမျိုးနွယ်စုက အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်များ ဖြစ်နေလေမလား။ အိုလောရင့်စ်သည် နဂါးငွေ့တန်းဂလက်ဆီ၏ အရှင်သခင်ဖြစ်သော်ငြား အဆင့်မြင့်မျိုးနွယ်စုများရှိ လူကြီးလူကောင်းများရှေ့တွင်မူ ဘာမှမပြောပလောက်ပေ။ တစ်ဖက်လူ၏ အထောက်အထားကို သေချာမသိပါဘဲ စကားကို ပေါ့ပေါ့ဆဆမပြောရဲတော့ချေ။

"ကျွန်တော့်ကို မစ္စတာကျန်းလို့ပဲ ခေါ်ပါ"

"မစ္စတာကျန်းက အဆင့်ငါးမျိုးနွယ်စုကလား"

"မဟုတ်ဘူး။ မဟုတ်ပါဘူး"

ကျန်းမုန့်လောင်၏ စကားပထမပိုင်းကြောင့် အိုလောရင့်စ် အနည်းငယ် စိတ်သက်သာရာ ရသွားသော်ငြား နောက်ပိုင်းစကားကြောင့် သေမတတ်ထိတ်လန့်သွားရသည်။

"ခင်ဗျားထင်တာ ပြောင်းပြန်ဖြစ်နေပြီ"

"ပြောင်းပြန် ဟုတ်လား"

အိုလောရင့်စ်ခမျာ နားလည်ရန်အတွက် စက္ကန့်အနည်းငယ် အချိန်ယူလိုက်ရသည်။

"အဆင့်ငါးမျိုးနွယ်စုက ခင်ဗျားပိုင်တာလား... နေပါဦး။ ခင်ဗျားက အဆင့်ငါး မျိုးနွယ်စုရဲ့ပိုင်ရှင်လား"

"အဲဒီလိုပြောလို့ရပါတယ်"

ကျန်းမုန့်လောင်က အဆင့်ငါးမျိုးနွယ်စု တစ်ခုခုကို တကယ်ပိုင်ဆိုင်ထားခြင်းမဟုတ်သော်လည်း သူ့ငွေကြေးဓနဖြင့်ဆိုလျှင် ထိုသို့သောမျိုးနွယ်စုများကို အစုလိုက်အပြုံလိုက် ဝယ်နိုင်သောကြောင့် အဆင့်ငါးမျိုးနွယ်စုပိုင်ရှင်ဟု ပြောလျှင်လည်း မမှားပါချေ။

"သက်သေပြဖို့ လိုသေးလား"

"မလို... မလိုပါဘူး"

အိုလောရင့်စ်က ချက်ချင်းပြန်ဖြေလိုက်၏။

တစ်ဖက်လူက သူ့အထူးသီးသန့်ဆက်သွယ်ရေးလိပ်စာကို ရထားကတည်းက သူ့စွမ်းဆောင်ရည်မှာ သာမန်မဟုတ်ကြောင်း သိသာနေချေပြီ။ စကြဝဠာမျိုးနွယ်စုများတွင် သတင်းအချက်အလက်လုံခြုံရေးက အလွန်မြင့်မားလှသည်။ မစ္စတာကျန်းအနေနှင့် ဤလိပ်စာကို ရနိုင်သည်ဆိုပါက သူသည် စကြဝဠာဆက်သွယ်ရေးကုမ္ပဏီ သို့မဟုတ် စကြဝဠာမဟာမိတ်အဖွဲ့ထဲတွင် နောက်ခံအင်အားရှိနေခြင်းမျိုးပင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် အဆင့်ငါးမျိုးနွယ်စုတစ်ခုကို ပိုင်ဆိုင်သည်ဆိုခြင်းမှာ အံ့ဩစရာမဟုတ်တော့ပေ။

အကယ်၍ သူသာ ကျန်းမုန့်လောင်ကို သက်သေပြခိုင်းမိလျှင် မကြာခင်မှာပင် အဆင့်ငါးမျိုးနွယ်စု၏ ဧရာမအာကာသယာဉ်တန်းကြီးက သူ့ဂြိုဟ်ဘေးသို့ ရောက်လာပြီး မိခင်ဂြိုဟ်ကို အချိန်မရွေးဖောက်ခွဲပစ်လိုက်လိမ့်မည်ဟု သေချာပေါက် ယုံကြည်နေပေသည်။

"ကဲ... ရောင်းမှာလား။ မရောင်းဘူးလား။ ကျွန်တော် လောနေတာမို့"

"ရောင်းပါ့မယ်။ သေချာပေါက်ရောင်းမှာပေါ့။ ခင်ဗျားလို ပုဂ္ဂိုလ်မျိုးက ကျွန်တော်တို့ဂလက်ဆီက မျိုးနွယ်စုကို စိတ်ဝင်စားတာဟာ ကျွန်တော်တို့အတွက်တော့ ဂုဏ်ယူစရာပါပဲ"

အိုလောရင့်စ်လည်း ချက်ချင်းမြှောက်ပင့်ခယလိုက်သည်။

"ကျေးဇူးပြုပြီး ခင်ဗျားရဲ့အချက်အလက်တွေကို ပေးပါ။ ကျွန်တော် မျိုးနွယ်စုပိုင်ဆိုင်ခွင့်ကို ခင်ဗျားနာမည်နဲ့ လွှဲပြောင်းပေးပါ့မယ်"

"မလိုပါဘူး။ ကျွန်တော်က ဒီမျိုးနွယ်စုကို ကျွန်တော့်အတွက် ဝယ်တာလို့ မပြောခဲ့မိပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"ကျွန်တော့်သူငယ်ချင်းရဲ့ အချက်အလက်တွေကို ပေးလိုက်မယ်။ အဲဒီလူရဲ့နာမည်နဲ့ပဲ ဂြိုဟ်ပိုင်ဆိုင်ခွင့်တွေကို ပြောင်းပေးလိုက်ပါ။ ပိုက်ဆံကိုတော့ ခင်ဗျားအကောင့်ထဲကို လွှဲပေးလိုက်ပြီ"

"အရှင်... အရှင့်အကောင့်ထဲကို ငွေလွှဲတစ်ခု ရောက်လာပါတယ်။ ကျေးဇူးပြုပြီး စစ်ဆေးပေးပါ"

အိုလောရင့်စ်လည်း သူ့ဘဏ်အကောင့်ကို ချက်ချင်းဖွင့်ကြည့်လိုက်သောအခါ စကြဝဠာဒင်္ဂါးသန်းခြောက်ရာ အမှန်တကယ် ရောက်နေကြောင်း တွေ့လိုက်ရသည်။ သူသည် ဂြိုဟ်တန်ဖိုး၏ဆယ်ဆကို တကယ်ပေးချေခဲ့သည်။

အိုင်ဇက်မျိုးနွယ်စု၏ အုပ်ချုပ်သူကို ခွဲတမ်းပေးပြီးလျှင်ပင် သူ့တွင် စကြဝဠာဒင်္ဂါးသန်းလေးရာလောက် ကျန်သေးသည်။

နဂါးငွေ့တန်းဂလက်ဆီ၏ အုပ်ချုပ်သူတစ်ယောက်အနေနှင့် သူ့စုစုပေါင်းပိုင်ဆိုင်မှုမှာ စကြဝဠာဒင်္ဂါးတစ်ဆယ်ဘီလီယံခန့် ရှိသော်ငြား ထိုအရာများမှာ ပုံသေပိုင်ဆိုင်မှုများပင်။ စကြဝဠာဘဏ်က အကောင့်အဆင့်များကို စုစုပေါင်းပိုင်ဆိုင်မှုအပေါ် မူတည်ပြီး သတ်မှတ်ခြင်းဖြစ်လေရာ အိုလောရင့်စ်သည် ကြယ်ကိုးပွင့်အဆင့်အကောင့်ရှိနေသော်လည်း တကယ့်လက်ငင်းငွေသားကတော့ တစ်ဘီလီယံပင် မပြည့်ချေ။

ထိုတစ်ဘီလီယံဆိုသည်မှာလည်း နှစ်ပေါင်းသိန်းနှင့်ချီ၍ စုဆောင်းခဲ့ရသည်။ ထို့ကြောင့် ဤသန်းလေးရာဟူသော ပမာဏက သူ့အတွက်တော့ စင်စစ်များပြားလှသော ပမာဏပင်။

"နေပါဦး"

အိုလောရင့်စ်က သူ့အကောင့်ထဲရှိ လက်ကျန်ငွေကိုကြည့်ရင်း တစ်ခုခုမှားနေသည်ကို သတိထားမိသွားသည်။ သန်းခြောက်ရာထပ်တိုးလာသည်ဆိုလျှင် သူ့လက်ကျန်ငွေပထမကိန်းဂဏန်းက ၁သာ ဖြစ်နေရမည်။ သို့သော် ယခုမူ သူ့အကောင့်၏ ရှေ့ဆုံးကိန်းဂဏန်းက ၆ဖြစ်နေချေသည်။

"တစ် နှစ် သုံး... ဒါက သန်း​ခြောက်ရာမဟုတ်ဘူး။ ၆ဘီလီယံကြီးတောင်လား"

အိုလောရင့်စ်၏ မျက်နှာကြွက်သားများ တလှုပ်လှုပ်ဖြစ်သွားသည်။

ဤသည်မှာ လျှို့ဝှက်နက်နဲလှသော ဤလူငယ်မှာ ၆ဘီလီယံထက်များသော ပိုင်ဆိုင်မှုများ ရှိနေကြောင်း ပြသနေရုံသာမက ၆ဘီလီယံထက် အဆပေါင်းများစွာ ပိုများသည်ကိုပါ ဖော်ပြနေချေသည်။ ငွေလွှဲသောအခါ သုညဘယ်နှလုံးပါလဲဆိုသည်ကိုပင် ဂရုမစိုက်ဘဲ လွှဲလိုက်ပြီးနောက်ပိုင်းမှာလည်း လက်ကျန်ငွေကို ပြန်မစစ်သည့် လူစားမျိုးကို မြင်ဖူးကြလေသလား။ ဆယ်ဆပိုပေးလိုက်မိသည်ကို သူကိုယ်တိုင်ပင် သတိထားမိဘူးတဲ့လား။

ဤသည်မှာ အဖြေတစ်ခုသာ ရှိသည်။ သူ့အကောင့်ထဲရှိ ၆ဘီလီယံဆိုသည်မှာ သူ့အတွက်တော့ အကြွေမျှသာ။

"သူက ကြယ်အဆင့်အကောင့်ပိုင်ရှင်လား"

အဆင့်ငါးမျိုးနွယ်စုတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်အတွက် စကြဝဠာဘဏ်မှာ ကြယ်အဆင့်အကောင့်ရှိတယ်ဆိုခြင်းမှာ အံ့ဩစရာတော့ မဟုတ်ပါချေ။

သို့သော် ငွေကို ဤမျှအထိ အရေးမပါသလို သဘောထားခြင်းမျိုးကတော့ နည်းနည်းလွန်လွန်းနေပြီ မဟုတ်လော။ အိုလောရင့်စ်ခမျာ မရေမရာမလုပ်ရဲတော့ပေ။ အကယ်၍ ဤငွေကို သာမန်နိုင်ငံသားတစ်ယောက်က လွှဲလိုက်သည်ဆိုလျှင် သူ့အနေနှင့် ပြန်မပေးဘဲနေမည်ဆိုသော်ငြား ကျန်းမုန့်လောင် လွှဲလိုက်သည်ဖြစ်ရာ သူ မည်သို့သိမ်းထားရဲမည်နည်း။

"မစ္စတာကျန်း... ခင်ဗျား... ခင်ဗျား ကျွန်တော့်ဆီကို ၆ဘီလီယံကြီးတောင် လွှဲလိုက်မိပြီ"

"ဟင်... တကယ်လား"

ကျန်းမုန့်လောင်က အံ့ဩသွားလေဟန်ပြုသည်။

"ဪ... ဆောရီး။ သုညတစ်လုံး ပိုသွားတယ်။ ကျွန်တော့်အကောင့်ထဲက ဂဏန်းတွေက ပြောင်းတောင်ပြောင်းမသွားတော့ သတိမထားမိလိုက်ဘူး။ နောက်တစ်ခါကျရင် သတိထားလိုက်ပါ့မယ်"

"ဒသမကိန်းတောင် မပြောင်းသွားဘူး ဟုတ်လား"

အိုလောရင့်စ် ဆွံ့အသွားလေသည်။ ကြယ်အဆင့်အသုံးပြုသူများက 'ကြယ်'ကို ယူနစ်အနေနှင့် သုံးသည်ဆိုလျှင်ပင် စကြဝဠာဘဏ်၏ အကောင့်မျက်နှာပြင်တွင် ဒသမကိန်းလေးလုံးအထိ ပြပေးထားသည်။

ကြယ်တစ်ပြားက စကြဝဠာဒင်္ဂါးတစ်ဆယ်ဘီလီယံနှင့် ညီမျှပြီး ဒသမနောက်ရှိ ဂဏန်း လေးလုံးကလည်း စကြဝဠာဒင်္ဂါးတစ်သန်းခန့် ရှိ၏။ သူက ယခု ၆ဘီလီယံပင် လွှဲလိုက်သည့်တိုင် ထိုဂဏန်းများက ပြောင်းမသွားဘူးဆိုခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။

သူသည် ကျန်းမုန့်လောင်ကို ကြွားလှချည်လားဟု စိတ်ထဲက လှောင်ပြောင်ချင်မိသည်။ သို့သော် စကြဝဠာဘဏ်၏ ကြယ်အဆင့်အသုံးပြုသူများအတွက် အမြန်စစ်ဆေးသောစနစ်မှာ စုစုပေါင်းဂဏန်းဆယ်လုံးသာ ပြပေးပြီး အနောက်ရှိဂဏန်းများကို မပြသကြောင်း သူ ရုတ်တရက်သတိရလိုက်သည်။ တစ်နည်းအားဖြင့်ပြောရလျှင် သူ့လက်ကျန်ငွေကို အပြည့်အစုံပြနိုင်ဖို့ဆိုလျှင် အရှေ့တွင် ဂဏန်း၆လုံးသာ ရှိရမည်ဖြစ်၏။ ထိုအရာကား စုငွေကြယ်ပေါင်းတစ်သိန်းပင်။

ဤသည်မှာ စနစ်ကို စတင်ရေးဆွဲခဲ့သည့် ပရိုဂရမ်မာ၏ အမှားတစ်ခုကြောင့် ဖြစ်ပေါ်လာ​သော ချို့ယွင်းချက်တစ်ခုပင်။ သို့သော် ကြယ်တစ်သိန်းထက် ကျော်လွန်သူမှာ အများကြီးမရှိသလို အသေးစိတ်လက်ကျန်ငွေကို စစ်ဆေးနိုင်သော လုပ်ဆောင်ချက်လည်း ရှိနေသောကြောင့် ဤအချက်ကို နှစ်ပေါင်းဘီလီယံပေါင်းများစွာအထိ မပြင်ဘဲ သည်အတိုင်းထားခဲ့ကြသည်။

ယခုလိုသာ တွက်ချက်မည်ဆိုလျှင် ကျန်းမုန့်လောင်၏အကောင့်မှာ ဒသမမတိုင်ခင် ဂဏန်းဆယ်လုံးလောက် အနည်းဆုံးရှိနေရပေမည်။ ထိုသို့ဆိုလျှင် ကြယ်ပေါင်းတစ်ဆယ်ဘီလီယံခန့် ဖြစ်နေလေမလား။ ဤသည်မှာ မည်မျှများပြားလှသည့် ကိန်းဂဏန်းလေလဲ။

ကြယ်တစ်ပြားက အဆင့်ငါးမျိုးနွယ်စုတစ်ခု၏ စုစုပေါင်းပိုင်ဆိုင်မှုနှင့် ညီမျှသည်။ ထိုသို့ဆိုလျှင် ကြယ်တစ်ဆယ်ဘီလီယံဆိုသည်မှာ အဆင့်ငါးမျိုးနွယ်စုပေါင်းတစ်ဆယ်ဘီလီယံပင်။

ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျား အဆင့်ငါး မျိုးနွယ်စုတစ်ခုရဲ့ ပိုင်ရှင်လို့ပဲ ပြောနေတာလား။ စကြဝဠာတစ်ခုလုံးက ခင်ဗျားရဲ့ပိုင်ဆိုင်မှုဖြစ်နေပြီ မဟုတ်ဘူးလား...

ကျန်းမုန့်လောင်၏စကားက အမှန်ပင်ဖြစ်စေ၊ အမှားပင်ဖြစ်စေ ဤသို့သော ထိပ်တန်းပုဂ္ဂိုလ်မျိုးက ဘာကြောင့်များ သူ၏ အဆင့်နှစ်မျိုးနွယ်စုလေးကို စိတ်ဝင်စားနေရသလဲဆိုသည်ကို သူ စဉ်းစားမရသော်လည်း စိတ်ထဲမှာတော့ သေမတတ်ထိတ်လန့်နေရချေပြီ။

"ကျွန်တော်... ပိုတဲ့ငွေတွေကို ပြန်လွှဲပေးပါ့မယ်။ ခင်ဗျားလိုလူတစ်ယောက်က ကျွန်တော်တို့မျိုးနွယ်စုကို စိတ်ဝင်စားတာ ကျွန်တော်တို့အတွက် ကံကောင်းခြင်းပါပဲ။ ဒါကြောင့် မူလဈေးဖြစ်တဲ့ သန်းခြောက်ဆယ်နဲ့ပဲ ထားလိုက်ကြရအောင်ပါ"

"မလိုပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်၏။

"အဲဒီအကြွေလေးတွေကို ပြန်မယူချင်တော့ဘူး။ ကျွန်တော့်အတွက် မြန်မြန်သာလုပ်ပေးစမ်းပါ။ ကျွန်တော် အချိန်မရှိဘူး။ တကယ်လို့ ခင်ဗျား အရမ်းအားနာတယ်ဆိုရင်တော့ ဘေးနားက တခြားအဆင့်နှစ် မျိုးနွယ်စုနှစ်ခုသုံးခုလောက်ကိုပါ လက်ဆောင်အနေနဲ့ ထည့်ပေးပြီး အဲဒီပိုင်ဆိုင်မှုတွေကိုပါ ကျွန်တော့်သူငယ်ချင်းနာမည်နဲ့ပဲ ပြောင်းပေးလိုက်ပါ"

"စိတ်ချပါ။ စကြဝဠာမဟာမိတ်အဖွဲ့က အလုပ်လုပ်တာ အရမ်းမြန်ပြီး ထိရောက်ပါတယ်။ မျိုးနွယ်စုပိုင်ရှင်တွေဘက်က တောင်းဆိုချက်တင်လိုက်တာနဲ့ ခင်ဗျားရဲ့ သူငယ်ချင်းဘက်က ပိုင်ဆိုင်မှုလွှဲပြောင်းတာကို သဘောတူလိုက်မယ်ဆိုရင် အားလုံး ပြီးပါပြီ။ အဆင့်နှစ်နဲ့အထက်ရှိတဲ့ မျိုးနွယ်စုတိုင်းမှာ စကြဝဠာမဟာမိတ်အဖွဲ့ရဲ့ ပိုင်ဆိုင်မှုလွှဲပြောင်းတဲ့နေရာတွေ ရှိတာမို့လို့ အရမ်းအဆင်ပြေပါတယ်"

"တကယ်လို့ သူတို့က သဘောမတူရင်ရော"

"ဟမ့်... ကျွန်တော်တို့ဂလက်ဆီထဲမှာတော့ ကျွန်တော့်ရဲ့စကားက အတည်ပါပဲ။ ပြီးတော့ ကျွန်တော်က ငွေပေးပြီး ဝယ်မှာပဲဥစ္စာ"

အိုလောရင့်စ်က နဂါးငွေ့တန်းဂလက်ဆီ၏ အုပ်ချုပ်သူပီပီ သူ့ဩဇာအာဏာကို ထုတ်ဖော်ပြသလိုက်သည်။

စကြဝဠာမျိုးနွယ်စုများထဲတွင် အများစုက သူတို့၏ပိုင်ဆိုင်မှုများကို ငွေသားအဖြစ် ပြောင်းလဲပြီး သိုင်းပညာအတွက် လိုအပ်သော သယံဇာတများကို ဝယ်ယူရန် စိတ်အားထက်သန်ကြသည်။ ဂြိုဟ်တစ်လုံးအတွက် ပေါက်ဈေးအတိုင်း ပေးမည်ဆိုပါက သူတို့ကလည်း ဝမ်းသာအားရရောင်းကြမှာ သေချာပေါက်ပင်။ အကြောင်းမှာ စကြဝဠာမဟာမိတ်အဖွဲ့ထဲတွင် စည်းမျဉ်းတစ်ခု ရှိသည်။ အဆင့်ငါးသက်ရှိအဆင့်ကို ကျော်လွန်သွားသော မည်သူမဆို စကြဝဠာမဟာမိတ်အဖွဲ့ဘက်က မျိုးနွယ်စုပိုင်ဆိုင်မှုများကို အလကားပေးအပ်ခြင်းပင်။

ဤစကြဝဠာကြီးထဲမှာတော့ သိုင်းပညာအစွမ်းအပေါ် မူတည်၍ လေးစားခံရသည်။ အဆင့်ခြောက်သက်ရှိ ဖြစ်သွားသည်နှင့် အဆင့်ငါးမျိုးနွယ်စုတစ်ခုကို ချက်ချင်းပိုင်ဆိုင်ခွင့်ရမည်။ သိုင်းပညာကို လိုက်စားရန် အလွန်များပြားသော သယံဇာတများကို လိုအပ်သောကြောင့် လူတိုင်းက ငွေကို အလွန်အမင်း လိုအပ်နေကြသည်။

"လိုအပ်ရင် သူတို့ကို ဈေးနှစ်ဆပေးလိုက်ပါ့မယ်။ သူတို့တွေက သူတို့ရဲ့မျိုးနွယ်စုတွေကို အားရဝမ်းသာတောင် ရောင်းကြမှာပါ"

"ဒါဆိုရင် သူတို့ကို အိုင်ဇက်မျိုးနွယ်စုရဲ့ မိခင်ဂြိုဟ်ဆီကို လာခိုင်းလိုက်ပါ။ ကျွန်တော့်သူငယ်ချင်းက အုပ်ချုပ်သူရဲ့ စံအိမ်တော်မှာ ရှိတယ်"

"ကောင်းပါပြီ။ ကျွန်တော် အဲဒီအရှင်သခင်တွေကို အခုချက်ချင်း အကြောင်းကြားလိုက်ပါ့မယ်"

All Chapters