← Chapters

ခင်ဗျားရဲ့အမြင်က အရှင်သခင်တစ်ပါး ဖြစ်ထိုက်ပါပေတယ်

Vol. 54 Ch. 809

ခင်ဗျားရဲ့အမြင်က အရှင်သခင်တစ်ပါး ဖြစ်ထိုက်ပါပေတယ်

Vol. 54 Ch. 809

"အရှင်တဲ့လား"

ဤဂုဏ်ပုဒ်ကြောင့် အိုင်းရင်း မျက်မှောင်ကြုတ်လျက် နားမလည်နိုင်ဖြစ်သွားလေသည်။ သူ့နောက်မှာ တခြားတစ်ယောက်ယောက်များ ရှိနေမလားဟု လှည့်ကြည့်လိုက်သော်လည်း ထိုနေရာတွင် သူတစ်ယောက်တည်းသာ ရှိနေပေသည်။

"မှတ်ပုံတင်ရုံးက အရာရှိမင်း... ကျွန်တော့်ကို အရှင်သခင်လို့ ခေါ်နေတာလား"

အိုင်းရင်းက သူ့ကိုယ်သူလက်ညှိုးထိုး၍ မေးလိုက်သည်။

"သေချာတာပေါ့ အရှင်"

မှတ်ပုံတင်ရုံး၏ အကြီးအကဲသည် အောက်ခြေမျိုးနွယ်စုများတွင် အထက်အရာရှိတစ်ဦးနှင့် တန်းတူရာထူးရှိသည်။ သာမန်အရှင်သခင်တစ်ပါးဆိုလျှင် သူသည် ဤမျှအထိ ရိုသေလေးစားပြမည်မဟုတ်ပေ။

ခရီးမထွက်ခင်က ဂလက်ဆီအရှင်သခင်အိုလောရင့်စ်သည် သူ့ကို ထပ်တလဲလဲ အလေးအနက် မှာကြားခဲ့သည်။ ပိုင်ဆိုင်မှုများကို ဆက်ခံမည့်သူက မည်သူပင်ဖြစ်ပါစေ အလွန်တရာရိုသေလေးစားစွာ ဆက်ဆံရမည်ဖြစ်ပြီး မိမိ၏ဖခင်အရင်းသဖွယ် ကိုးကွယ်လျှင်ပင် မလွန်ကြောင်း၊ အကယ်၍ အမှတ်တမဲ့ဖြင့် တစ်ဖက်လူကို ပြစ်မှားမိပါက ထိုသူသည် အဆင့်ငါးအာကာသယာဉ်တန်းကြီးနှင့်အတူ နှစ်သစ်ကူးဧည့်သည်အဖြစ် ရောက်လာနိုင်ခြေရှိကြောင်း မှာလိုက်လေသည်။

"ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ"

ထိုနေရာရှိ အရှင်သခင်များမှာ အိုင်းရင်းကိုပင် မမှတ်မိကြပေ။

အိုင်းရင်းမှာ အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးသည်ဖြစ်ရာ သူတို့ နောက်ဆုံးတွေ့ဆုံခဲ့ချိန်က အိုင်းရင်းကို မွေးပင်မမွေးသေးချေ။ ယခုမူ သူသည် အဆင့်နှစ်မျိုးနွယ်စုဆယ်ခုကို ရုတ်တရက်ကြီး မည်သို့ဝယ်နိုင်သွားရလေသလဲ။

အထူးသဖြင့် အိုင်းရင်း၏အဖေခမျာ သူ့သား ဤမျှချမ်းသာနေသည်ကို လုံးဝမသိခဲ့ပေ။ မျိုးနွယ်စုဆယ်ခု၏ တန်ဖိုးမှာ စကြာဝဠာဒင်္ဂါးတစ်ဘီလီယံနီးပါးရှိပြီး တစ်ဖက်လူက နှစ်ဆဈေးဖြင့်ပင် ဝယ်ယူခဲ့လေရာ စုစုပေါင်းနှစ်ဘီလီယံနီးပါး ရှိနေပေသည်။ ထိုပမာဏမှာ သူ့ကိုရောင်းစားလျှင်ပင် ရနိုင်မည့်တန်ဖိုးထက် များနေသေးသည်။

သူ့မောင်နှမများကို စိတ်အနှောင့်အယှက်အဖြစ်စေဆုံးကိစ္စမှာ အငယ်ဆုံးညီဖြစ်သော အိုင်းရင်းကို အစ်ကိုအစ်မများက ခြိမ်းခြောက်မှုတစ်ခု သို့မဟုတ် အရေးပါသူတစ်ဦးအဖြစ် ဘယ်တုန်းကမှ မမြင်ခဲ့ကြချေ။

ယခုတစ်ကြိမ် အိုင်းရင်း ပြဿနာမရှာခဲ့လျှင် သူတို့ထဲရှိ လူတချို့က ဤကဲ့သို့သော ညီတစ်ယောက်ရှိနေသည်ကိုပင် သိကြမည်မဟုတ်ပေ။

သို့သော် လူရာမဝင်သော ညီဖြစ်သူမှာ ယခုမူ အဆင့်နှစ်မျိုးနွယ်စုတစ်ခု၏ အရှင်သခင် ဖြစ်လာခဲ့လေပြီ။ အတိအကျပြောရလျှင် တစ်ခုမကပေ။ အိုင်ဇက်မျိုးနွယ်စု အပါအဝင် အနီးအနားရှိ မျိုးနွယ်စု တော်တော်များများမှာ သူ့အမည်ပေါက် ပိုင်ဆိုင်မှုများ ဖြစ်လာခဲ့လေပြီ။

ယခုဆိုလျှင် အိုင်းရင်း၏ အဆင့်အတန်းမှာ သူ့အဖေထက်ပင် ပိုမိုမြင့်မားနေပြီဖြစ်၏။

"ကျွန်တော်လည်း ဘာမှမသိရပါဘူး"

အိုင်းရင်းမှာ ခဏမျှမှင်တက်သွားသည်။ ဤအရာက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေလေပြီ။

"အမှားအယွင်းများ ဖြစ်နေမလား"

အိုင်းရင်းက ပခုံးတွန့်လိုက်သည်။

"အဆင့်နှစ်မျိုးနွယ်စုဆယ်ခုကိုဝယ်ဖို့ ကျွန်တော်က ငွေတွေဘယ်ကရမှာလဲ"

"အရှင် အမှားအယွင်းမရှိပါဘူး။ အရှင်အိုလောရင့်စ်ကိုယ်တိုင် ရှင်းပြထားတာပါ။ အရှင့်ရဲ့မိတ်ဆွေတစ်ယောက်က ဒီအဆင့်နှစ်မျိုးနွယ်စုဆယ်ခုကို အရှင့်အတွက် လက်ဆောင်အဖြစ် ဝယ်ပေးခဲ့တာတဲ့။ အရှင်မသိဘူးဆိုရင် အရှင့်မိတ်ဆွေကို မေးကြည့်သင့်တယ်"

"ငါ့မိတ်ဆွေလား"

အိုင်းရင်း၏ အကြည့်က ကျန်းမုန့်လောင်ထံသို့ အလိုအလျောက် ရောက်သွားသည်။

"အစ်ကိုကျန်း... ဒါတွေအားလုံးကို ကျွန်တော့်အတွက် လက်ဆောင်အဖြစ် ဝယ်ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်"

ဖခင်ဖြစ်သူရီနိုပင် ဤမျှချမ်းသာသော မိတ်ဆွေများမရှိသလို အိုင်းရင်း၏ယခင်သူငယ်ချင်းများထဲတွင်လည်း စကြာဝဠာဒင်္ဂါးသောင်းဂဏန်းခန့် ပိုင်ဆိုင်လျှင်ပင် အလွန်ဟန်ကျနေပြီဖြစ်၏။ ထို့ကြောင့် မကြာသေးခင်ကမှ သိကျွမ်းခဲ့သော ကျန်းမုန့်လောင်ကလွဲ၍ အခြားလူဖြစ်နိုင်စရာအကြောင်းမရှိပေ။

မျိုးနွယ်စုဆယ်ခုကို ဝယ်ယူရန်အတွက် ဘီလီယံနှင့်ချီသော ငွေများကို အလွယ်တကူ သုံးစွဲနိုင်သည့် ငွေကြေးအင်အားမျိုးကို အခြားမည်သူကများ ပိုင်ဆိုင်ထားနိုင်မည်နည်း။

"ဒီစကြဝဠာမျိုးနွယ်စုထဲကို ငါရောက်ခါတုန်းက မင်းက ငါ့ကို အများကြီးကူညီပေးခဲ့တယ်။ ဒါကြောင့် မင်းကို လက်ဆောင်သေးသေးလေးတစ်ခုပေးတာ သင့်တော်ပါတယ်"

ကျန်းမုန့်လောင်က မငြင်းဆန်ဘဲ ဝန်ခံလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူမှန်း မသိနိုင်လောက်အောင် အိုင်းရင်းက တုံးအမနေပေ။

"လက်ဆောင်သေးသေးလေးတဲ့လား။ ဒါကို သူက လက်ဆောင်သေးသေးလေးလို့ ခေါ်လိုက်တာလား။ အဆင့်နှစ်မျိုးနွယ်စုဆယ်ခုကိုတောင် လက်ဆောင်ပေးလိုက်တာကို"

အိုင်းရင်း၏ မောင်နှမများမှာ သွားရည်ကျလုမတတ် အားကျနေကြသည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်က နောက်ဆုံးတွင် ရီနို၏အရှင်သခင်ရာထူးကို ဆက်ခံခွင့်ရလျှင်ပင် ဤသို့သောပိုင်ဆိုင်မှုများမှာ အမွေရနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေလေပြီ။

"ငါ့မှာကျတော့ ဘာလို့ ဒီလိုသူငယ်ချင်းမျိုး မရှိရတာလဲ"

"သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကံကောင်းနေရတာလဲ"

"ဒီအပြင်လူက ဘယ်သူများလဲ"

သူတို့တွင် ဂြိုဟ်မျိုးနွယ်စုအချို့၌ ပိုင်ဆိုင်မှုများ ရှိနိုင်သော်လည်း အမှန်တကယ် ပိုင်ဆိုင်ခွင့်မရှိပေ။ ရီနိုက ပေးသနားထားသော စီမံခန့်ခွဲခွင့်နှင့် အကျိုးအမြတ်ခံစားခွင့်များသာ ရှိသည်။

ယခုမူ ဤမျိုးနွယ်စုပိုင်ဆိုင်မှုအားလုံးကို အိုင်းရင်း၏ အမည်ပေါက်သို့ လွှဲပြောင်းပေးရတော့မည်ဖြစ်လေရာ သူတို့လည်း ထိုအခွင့်အရေးများကို ချက်ချင်းလက်လွှတ်ရမည်ဖြစ်ပြီး အိုင်းရင်းကသာ အိုင်ဇက်မျိုးနွယ်စု၏ အပြည့်အဝပိုင်စိုးသူအရှင်သခင် ဖြစ်လာတော့မည်။

အကယ်၍ သူတို့သာ ဤမျိုးနွယ်စုအတွင်း ဆက်လက်နေထိုင်မည်ဆိုပါက အိုင်းရင်းသည် သူတို့၏ညီဖြစ်နေလျှင်ပင် သူ့ကို အရှင်သခင်ဟု ရိုသေစွာ ခေါ်ဝေါ်ကြရမည်ဖြစ်၏။

"ဒီလိုပျော်ရွှင်မှုမျိုးက အရမ်းရုတ်တရက်ဆန်လွန်းတယ်"

အိုင်းရင်းသည် သူကိုယ်သူ ကံကောင်းသည်ဟု တစ်ခါမှမတွေးခဲ့ဖူးပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူ့ခေါင်းထက်မှ အလင်းတန်းများပင် ဖြာထွက်လာသလို ခံစားနေရသည်။ ဤကဲ့သို့သော သူငယ်ချင်းမျိုး ရဖို့အတွက် အတိတ်ဘဝတုန်းက ဂလက်ဆီကြီးကိုများ ကယ်တင်ခဲ့ဖူးလေသလား။

"အစ်ကိုကျန်း ဒါက... အစ်ကို အရမ်း လက်ဖွာလွန်းနေပြီ"

ဤမျှတန်ဖိုးကြီးမားသော လက်ဆောင်ကို လက်ခံရန် အိုင်းရင်း တုံ့ဆိုင်းနေဆဲပင်။

ဒါက လက်ဆောင်သေးသေးလေးတဲ့လား။

ကျန်းမုန့်လောင်သည် သူ့ထက် ဘီလီယံနှင့်ချီ၍ သာလွန်နေရုံသာမက အဆမတန် ချမ်းသာကြွယ်ဝလွန်းသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

"လက်ဖွာတာ မဟုတ်ပါဘူး။ ဒါက ဘာများ အသုံးကြမ်းစရာရှိလို့လဲ"

ကျန်းမုန့်လောင်က ရယ်မောလိုက်၏။

"ဒီပမာဏကိုပြန်ရှာဖို့ ငါ့အတွက် စက္ကန့်ပိုင်းပဲကြာတယ်။ ငါတို့ရဲ့ ခင်မင်ရင်းနှီးမှုနဲ့ ယှဉ်လိုက်ရင် ဒါက ဘာမှမပြောပလောက်ပါဘူး"

မှတ်ပုံတင်အရာရှိ၏ အာရုံက ကျန်းမုန့်လောင်ထံသို့ ရောက်သွားသည်။ မျိုးနွယ်စု ဆယ်ခုကို ဝယ်ယူခဲ့သော ဤပုဂ္ဂိုလ်ကို မျက်ခြည်မပြတ်စောင့်ကြည့်ရန် ဂလက်ဆီအရှင်သခင်က သူတို့ကို အထူးမှာကြားထားသည်။

သို့သော် ဤလူက ဤမျှငယ်ရွယ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ သူ့သက်ရှိအမှတ်အသားအရ အသက်သုံးဆယ်ပင် မပြည့်သေးချေ။ အမြင့်ဆုံးအဆင့်ရှိသော မျိုးနွယ်စုတစ်ခုခုကလား။ သို့တည်းမဟုတ် ထိပ်တန်းမိသားစုတစ်ခုခုကလားဆိုသည်ကိုမူ မသေချာပေ။

"အရှင် မှတ်ပုံတင်တဲ့လုပ်ငန်းစဉ်ကို အခု စလိုက်ရတော့မလား"

"သြော်... ကောင်းပါပြီ"

မှတ်ပုံတင်လုပ်ငန်းစဉ်မှာ ရှင်းလင်းလွယ်ကူလှသည်။ အရှင်သခင်ဆယ်ပါးက ပိုင်ဆိုင်မှုလွှဲပြောင်းရန် တောင်းဆိုခြင်းဖြင့် စတင်သည်။ အိုင်းရင်းက လက်ခံရရှိကြောင်း အတည်ပြုသည်။ ထို့နောက် ငွေပေးချေမှုကို အပြီးသတ်သည်။ လုပ်ငန်းစဉ်တစ်ခုလုံးပြီးဆုံးရန် နာရီဝက်ပင် မကြာလိုက်ချေ။

မှတ်ပုံတင်ခြင်း အတည်ပြုပြီးသွားသည်နှင့် အိုင်းရင်းသည် အိုင်ဇက်မျိုးနွယ်စု၏ပိုင်ရှင် တရားဝင်ဖြစ်လာခဲ့ပြီး အခြားသော ဝန်းရံနေသည့် မျိုးနွယ်စုကိုးခုကလည်း သူ့ထံသို့ နှစ်စဉ် အခွန်အခများ ပေးဆောင်ရမည်ဖြစ်၏။ ဤပိုင်ဆိုင်မှုများမှတဆင့် သူသည် နှစ်စဉ် ဂလက်ဆီငွေကြေးဘီလီယံရာဂဏန်းခန့် ဝင်ငွေရရှိနိုင်မည်ဖြစ်၏။

"အရှင်သခင်တစ်ပါးဖြစ်ရတဲ့ ခံစားချက်က ဘယ်လိုနေလဲ"

ကျန်းမုန့်လောင်က ပြုံးစစဖြင့် မေးလိုက်သည်။

"မဆိုးပါဘူး"

အိုင်းရင်းမှာ သူ့ရာထူးအသစ်ကို အပြည့်အဝ လက်ခံနိုင်ခြင်း မရှိသေးသည်မှာ သေချာလှသည်။

"နှစ်တိုင်းဝင်လာမယ့် ဂလက်ဆီငွေကြေးဘီလီယံရာဂဏန်းလောက်ရှိတဲ့ ငွေတွေကို ဘာလုပ်ရမှန်းတောင် သိမှာမဟုတ်ဘူး"

"ဂလက်ဆီငွေကြေးဘီလီယံရာဂဏန်းလောက်လေးကိုများ"

ကျန်းမုန့်လောင်က မျက်ခုံးပင့်လိုက်သည်။

"အဲဒါကို စကြာဝဠာဒင်္ဂါးနဲ့တွက်ကြည့်ရင် ရာဂဏန်းလောက်ပဲ ရှိတာ။ သိပ်များတာမှ မဟုတ်တာ"

ကျန်းမုန့်လောင်၏အကြည့်က မှတ်ပုံတင်အရာရှိထံသို့ ကျရောက်သွားသည်။

"အိုင်းရင်း... မင်း ဂလက်ဆီအရှင်သခင် ဖြစ်ချင်လား။ မင်းကစားဖို့အတွက် နဂါးငွေ့တန်းဂလက်ဆီကြီးတစ်ခုလုံးကို ငါ ဝယ်ပေးဖို့ ကြိုးစားကြည့်မယ်လေ"

အိုင်းရင်း၏ခြေထောက်များမှာ ချက်ချင်းဆိုသလို ညွှတ်ကျသွားသည်။

ဘုရားရေ... သူက အိုင်ဇက်မျိုးနွယ်စု တစ်ခုတည်းကိုတောင် ဘာလုပ်ရမှန်းမသိဖြစ်နေတာပါဆို.. အဆပေါင်းရာချီပြီးကြီးမားတဲ့ နဂါးငွေ့တန်းဂလက်ဆီကြီးကိုသာ ပေးလိုက်ရင် ညဘက်တွေတောင် ကောင်းကောင်းအိပ်ပျော်နိုင်မှာ မဟုတ်တော့ဘူး...

ဘာတွေဖြစ်ကုန်တာလဲ။ မျိုးနွယ်စုတွေကို အလွယ်တကူဝယ်ယူတာက ကစားစရာတစ်ခုလိုများ ဖြစ်နေပြီလား...

"အရှင်တို့... အရှင်သခင်ဆီပြန်ပြီး အစီရင်ခံဖို့ ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး"

မှတ်ပုံတင်အရာရှိက ရိုသေစွာ ပြောလိုက်သည်။

"အချိန်ရရင် အလည်အပတ်လာဖို့ အမြဲကြိုဆိုနေပါတယ်လို့ အရှင်သခင်က အထူးမှာကြားလိုက်ပါတယ်။ အရှင်တို့ကို ဧည့်ခံဖို့အတွက် သူက အမြဲအချိန်ပေးထားမှာပါ"

"အရှင်သခင်ဆီကို သေချာပေါက်လာလည်ပါ့မယ်လို့ ကျွန်တော့်ကိုယ်စား ပြောပေးပါ"

နဂါးငွေ့တန်းဂလက်ဆီ၏ ပင်မဂြိုဟ်မှလာသော ယာဉ်ပျံကြီး ထွက်ခွာသွားသောအခါ အိုင်းရင်းနှင့် ကျန်းမုန့်လောင်တို့မှာ အားလုံး၏ အာရုံစိုက်ရာဗဟိုချက် ဖြစ်သွားလေသည်။

"လူကြီးမင်း... ကျွန်တော့်ကို မေးခွင့်ပြုပါ"

ရီနိုက ကျန်းမုန့်လောင်နားသို့ ချဉ်းကပ်လာသည်။ သူ့သားဖြစ်သူက ဤမျှအဆင့်အတန်းရှိသူတစ်ဦးနှင့် ဘယ်အချိန်ကတည်းက သိကျွမ်းနေခဲ့သည်ကို သူ လုံးဝမသိခဲ့ကြောင်း သဘောပေါက်သွားသည်။

ဘယ်လောက်တောင် အကျိုးအမြတ်များလိုက်လေသလဲ။ ချမ်းသာကြွယ်ဝမှုများကို ယူဆောင်လာပေးရုံသာမက သူတို့၏မျိုးနွယ်စုအရွယ်အစားကိုလည်း ဆယ်ဆကျော် ချဲ့ထွင်နိုင်ခဲ့သည်။ ဤသည်မှာ ကြီးကျယ်ခမ်းနားလှသော မိတ်ဆွေဖွဲ့ခြင်းမျိုးပင်။

"သြောါ... ကျွန်တော့်ကိုယ်ကျွန်တော် မိတ်ဆက်ပါရစေ။ ကျွန်တော်က အိုင်းရင်းရဲ့သူငယ်ချင်းပါ။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက မှောင်ခိုဆိုင်မှာ ပြဿနာရှာခဲ့တာ ကျွန်တော်ပါပဲ"

ရီနို၏ကျောပြင်ထက်တွင် ချွေးသီးချွေးပေါက်များ ကျလာလေသည်။ အိုင်းရင်းအား ကျန်းမုန့်လောင်ကိုဖမ်းဆီးပြီး စီဘော့စ်ကော်ပိုရေးရှင်းထံသို့ အပ်နှံရန် သူ အကြံပြုခဲ့ကြောင်း ပြန်အမှတ်ရလိုက်မိသည်။

မှတ်ပုံတင်အရာရှိ၏ အမူအရာအရ ဂလက်ဆီအရှင်သခင်ပင် သူ့ကိုသတိထားပြီး ဆက်ဆံနေရပါက ကျန်းမုန့်လောင်နှင့် ထိပ်တိုက်တွေ့ခြင်းကား ကိုယ့်သေတွင်းကိုယ်တူးခြင်းပင် ဖြစ်ပေလိမ့်မည်။

"လူကြီးမင်းကလည်း နောက်နေပြန်ပါပြီ။ လူကြီးမင်းက တရားမျှတမှုကို ဖော်ဆောင်ပေးခဲ့တာပါ"

ရီနိုက လေးနက်စွာ ကြေညာလိုက်သည်။

"သူတို့စက်ရုံကထွက်တဲ့ သလင်းကျောက် အစစ်ပမာဏက ကြေညာထားတဲ့ ပမာဏထက် အများကြီးနည်းနေတာ။ သူတို့က သေချာပေါက် မှောင်ခိုဆိုင်ပါပဲ။ ကျွန်တော်တောင် သူတို့ကိုစစ်ဆေးဖို့ စီစဉ်နေတာ"

ကျန်းမုန့်လောင်ခမျာ မျက်လုံးပြူးသွားလေသည်။

"ဝိုး... ဒီလိုအမြင်မျိုးနဲ့ဆိုတော့ ခင်ဗျားက အရှင်သခင်တစ်ပါး ဖြစ်ထိုက်ပါပေတယ်"

All Chapters