သတ်ဖြတ်ခြင်းနှင့် ချေမှုန်းခြင်း
Vol. 8 Ch. 797
ကျိုးမျိုးနွယ်စုမှာ အနည်းငယ်မျှပင် ပြန်လည် မခုခံနိုင်ပေ။ တိုက်ခိုက်ရန် ထွက်လာကြသူများ၏ ပါးစပ်များထဲမှ သွေးများပန်းထွက်လာကြပြီး သူတို့မှာ နောက်သို့လွင့်စင်သွားကြသည်။ ထို့နောက် ပိုင်ရှောင်ချန်း၏ ကျောချမ်းစရာကောင်းသည့် စကားသံကြီး ပေါ်ထွက်လာတော့သည်။
" ဟုတ်တယ်။ ငါက ကိုယ်ရေးကိုယ်တာ ကိစ္စအတွက် လက်စားချေဖို့ လာတာပဲ။ ဒါပေမဲ့ ငါက လူသုံးယောက်ကိုပဲ သတ်ချင်တာ။ အေး တခြားတစ်ယောက်က ငါ့ကိုလာတားရင်တော့ ငါကသတ်ပေးရမှာပဲ "
ပိုင်ရှောင်ချန်းမှာ ကျိုးမျိုးနွယ်စု၏ အခြားအဖွဲ့ဝင်များ သေသေရှင်ရှင် ဂရုမစိုက်ပေ။ သို့သော် သူသတ်မည်ဟု တေးထားသည်မှာ ကြာမြင့်လှပြီဖြစ်သည့် လူနှစ်ယောက်ရှိသည်။ တစ်ယောက်မှာ ကျိုးဝူတောက် ဖြစ်ပြီး နောက်တစ်ယောက်မှာ မြောင်လင်းအာ၏ အဘိုးဖြစ်သည်။ ယခုတွင် ထိုစာရင်းထဲသို့ နောက်ထပ်တစ်ယောက် ဝင်လာပြီဖြစ်သည်၊ အမွေဆက်ခံသူပင်။
ပိုင်ရှောင်ချန်းမှာ တစ်ခဏလေးပင် ရပ်တန့်မနေပဲ လျှပ်စီးလက်သည့်အလား အမြန်နှုန်းဖြင့် အမွေဆက်ခံသူထံသို့ ပျံသန်းသွားတော့သည်။
ထိုအမွေဆက်ခံသူ၏ မျက်နှာမှာ ဖြူဆုတ်နေပြီး သူသည် ကောင်းကင်မြို့စားစေတီတော်ဆီသို့ အလျင်အမြန် ပြေးနေတော့သည်။ ထိုဆီသို့ ရောက်ခါနီးလေးတွင် ပိုင်ရှောင်ချန်းမှာ သူ၏ရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာပြီး လက်သီးချက်တစ်ချက် ထုတ်လွှတ်လိုက်လေသည်။
ထိုလက်သီးချက်ထဲတွင် ပိုင်ရှောင်ချန်း၏ ဒေါသနှင့် ရူးသွပ်မှုများအားလုံး ရောပြွမ်းနေသည်။ ထိုလက်သီးချက်ကြီးမှာ လေထုကိုထိုးခွင်းသွားကာ
အမွေဆက်ခံသူထံမှ စူးရှသော အော်ဟစ်သံတစ်သံ ပေါ်ထွက်လာတော့သည်။ သူသည် ဤကမ္ဘာမြေတွင် သူ့အတွက် နေထိုင်စရာနေရာမရှိတော့သည့်အလား အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသည်ဟု ခံစားလိုက်ရသည်။
ဤနေရာသည် သူဘေးကင်းစွာနေထိုင်နိုင်ရမည့် သူ၏မျိုးနွယ်စုဖြစ်နေပါသော်လည်း အလွန်တရာကြီးမားလှသော အန္တရာယ်ကြီးက သူ့ဆီသို့ ကျရောက်လာပြီဖြစ်သည်။
" အဖေရေ။ ကယ်ပါဦးဗျ "
သူက ကမူးရှူးထိုး အော်ဟစ်နေ၏။
ထိုအချိန်တွင် မျက်စိကျိန်းစရာ ကောင်းသော အလင်းတန်းတစ်တန်း ကောင်းကင်မြို့စားစေတီတော်ထဲမှ ပျံထွက်လာပြီး ကြောက်မက်ဖွယ် ကောင်းသည့် အေးစက်စက်စကားသံတစ်သံ ထွက်ပေါ်လာသည်။
" ပိုင်ဟောက်။ မင်းငါ့သားကိုသတ်ရဲရင် မင်းရဲ့ ဝိညာဥ်ကျေးကျွန်ကို အခုချက်ချင်း သတ်ပစ်မယ် "
ကောင်းကင်မြို့စား စေတီတော်ထဲတွင် ထိုင်နေသည့်လူမှာ သာမန်အရပ်အမြင့်နှင့် ရုပ်ရည်ကိုပိုင်ဆိုင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်သည်။ သူသည် နတ်တစ်ပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်သော်လည်း ထိုအဆင့်ရှိ လူများထဲတွင် စွမ်းအားကြီးသည်ဟု မဆိုနိုင်ပေ။ သို့သော် သူ၏ကောင်းကင်မြို့စားစေတီတော်နှင့် ဆိုပါက နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်နှင့် အကြမ်းဖြင်းအားဖြင့် တူညီသော တိုက်ပွဲစွမ်းရည်ကို ထုတ်ဖော်နိုင်စွမ်းရှိသည်။
ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ သူ၏မျိုးနွယ်စုကို တိုက်ခိုက်ကာ သူတို့၏ ဒိုင်းကာကိုဖျက်ဆီးခဲ့သည့်တိုင်အောင် သူသည် ကောင်းကင်မြို့စားစေတီတော်ထဲတွင် စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေခဲ့သည်။
ယခုတွင်မူ သူသည် တွေဝေတုံ့ဆိုင်းနေပြီး ပိုင်ရှောင်ချန်းကို မဟုတ်ပဲ သူ၏အလောင်း တပ်သားများကို ကြောက်လန့်နေသည်။ အထူးသဖြင့် ငွေရောင်ချပ်ဝတ်တန်ဆာနှင့် တပ်သားမှာ ကြောက်စရာအကောင်းဆုံးဖြစ်နေသည်။
တချိန်ထဲမှာပင် သူသည် အချို့အရာများနှင့်ပတ်သတ်၍ ယုံကြည်ချက်ပြင်းထန်နေသည်။ ပိုင်ရှောင်ချန်း ဤနေရာအထိ ရောက်လာရသည်မှာ သူ၏ဝိညာဥ်ကျေးကျွန်က သူ့အတွက်အလွန်အရေးပါသည်ဆိုသည့်အချက်ကို ဖော်ပြနေသည်။ ထို့ကြောင့် ကျိုးဝူတောက်သည် ပိုင်ရှောင်ချန်းမှာ သူ၏သားကို သတ်လိမ့်မည်မဟုတ်ဟု တထစ်ချယုံကြည်နေသည်။ သူသည် ဖိအားပေးရန်သာ ကြိုးစားနေခြင်း သို့မဟုတ် သူ၏ ဝိညာဥ်ကျေးကျွန်နှင့် အခြားအရာတစ်ခုခုအားလဲလှယ်နိုင်မည့် အခြေအနေမျိုးကို ဖန်တီးနေခြင်း ဖြစ်မည်ဟု ကျိုးဝူတောက်က တွက်ထားသည်။ မည်သို့ပင် ဆိုစေကာမူ စစ်ဆေးရေးအရာရှိမှာ သူ့သားအား သတ်မည်မဟုတ်ဟု သူက တွေးထားသည်။
ကျိုးဝူတောက်မှာ ကောင်းကင်မြို့စား တစ်ယောက်ဖြစ်ပြီး ဤမြို့မှာ ဗဟိုဧကရာဇ်မြို့ မဟုတ်ပါလော။ စစ်ဆေးရေးအရာရှိသည် မဟာကောင်းကင်သခင်၏ လက်အောက်တွင် ရှိနေဆဲဖြစ်၍ သူသည် အရူးတစ်ယောက်လို ကြမ်းရမ်းနေပါသော်လည်း ဆင်ခြင်တုံတရား မရှိတော့သည်အထိတော့ မဖြစ်သေးပေ။
" ငါ အချိန်နည်းနည်းလောက် ထပ်ဆွဲဖို့ပဲ လိုတာ "
သူက ထိုသို့တွေးလိုက်ပြီး သတင်းပို့ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်ပြီး အကူအညီတောင်းသည့် သတင်းတစ်ခု ပေးပို့ရန် ပြင်လိုက်သည်။
သို့သော် ကျိုးဝူတောက်မှာ သူ့ကိုယ်သူထိုသို့ အပိုင်တွက်ထားစဥ် ပိုင်ရှောင်ချန်း၏ မျက်ဝန်းများမှာ ယခင်ကထက် ပို၍ နီမြန်းသွားသည်။ ကောင်းကင်မြို့စားစေတီတော်ထံမှ အောက်သို့ ပစ်လွှတ်လိုက်သည့် အလင်းတန်းကို လျစ်လျှူရှုလိုက်ပြီး သူ၏လက်သီးချက်ကို ယခင်ကထက်ပင်ပို၍ လျင်မြန်သည့်အရှိန်ဖြင့် ရှေ့သို့စေလွှတ်လိုက်တော့သည်။
၎င်းမှာ အသွားထက်သော လေပြင်းတစ်ချက်အလား လေဟုန်ခွင်း၍ ထွက်ပြေးနေသည့် အမွေဆက်ခံသူ၏ နောက်ကျောပေါ်သို့ တည့်မတ်စွာ ကျရောက်သွားတော့သည်။
ထိုအမွေဆက်ခံသူမှာ ယင်ယန်ဝိညာဥ် အလယ်ပိုင်းအဆင့်ရှိသော ကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသည်ဖြစ်ပြီး ပိုင်ရှောင်ချန်း၏ အတိုက်အခိုက်စွမ်းရည်များမှာ နတ်တစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် တူညီနေသည် မဟုတ်ပါလော။ ဤ အမွေဆက်ခံသူမှာ မည်သည့်နည်းဖြင့် ထိုလက်သီးချက်ကို ခုခံနိုင်ပါလိမ့်မည်နည်း။ လေထုထဲတွင် ကျယ်လောင်သော ထစ်ချုန်းသံများ ပြည့်နှက်သွားပြီးနောက် သူ၏ပါးစပ်မှ ယခင်ကထက် များစွာကျယ်လောင်သည့် အော်ဟစ်သံတစ်သံ ထွက်လာတော့သည်။
သို့သော် ထိုအော်ဟစ်သံမှာ သိပ်မကြာလိုက်ပေ။ လက်သီးချက်၏ ပေါက်ကွဲ စွမ်းအားကြောင့် သူက အသားစနှင့် သွေးစများအသွင် ပြောင်းလဲသွားရတော့သည်။
သူ၏ ယင်ယန်ဝိညာဥ်ပင်လျှင် ထွက်မပြေးနိုင်ပဲ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားလေ၏။ အမွေဆက်ခံသူမှာ ခန္ဓာရော ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားရသည်။ သူ၏ အရိုးများပင် မကျန်ရစ်ခဲ့ပေ။
ကောင်းကင်မြို့စားစေတီတော်မှ အလင်းတန်းကိုမူ ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားက ရှေ့သို့လှမ်းလာပြီး ပိုင်ရှောင်ချန်းအစား ခံပေးလိုက်သည်။
" ပိုင်ဟောက် "
ကျိုးဝူတောက်မှာ ယမ်းပုံမီးကျအော်ဟစ်လိုက်ပြီး မတ်တတ်ထရပ်လိုက်တော့သည်။
" မင်း.... မင်းမလို့ ငါ့ကလေးတစ်ယောက်ကို သတ်ရဲတယ် "
ပိုင်ဟောက်မှာ ဤကဲ့သို့ပြတ်သားလှပြီး ဆုံးဖြတ်ချက်ခိုင်မာနေလိမ့်မည်ဟု သူ လုံးဝမတွေးထားမိပေ။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည့် အခြား ကျိုးမျိုးနွယ်စုဝင်များမှာလည်း အသားများတုန်ရီနေကြတော့သည်။ သူ၏ မကြာသေးမီက စကားလုံးများကြောင့် လူများစွာမှာ သူ့အား တားဆီးမည့်အကြံများကို စွန်လွှတ်လိုက်ကြပြီဖြစ်သော်လည်း ယခုတွင်မူ သူတို့အားလုံးမှာ အလွန့်အလွန် ထိတ်လန့်နေကြတော့သည်။
သူတို့သာ မဟုတ်ပေ။ အလောင်းတပ်သားများ ဝန်းရံထားသည့် စက်ဝန်း၏အလွန်တွင် လူအုပ်ကြီးရောက်နေပြီဖြစ်ပြီး သူတို့မှာ ယခုလေးတင်ဖြစ်ပျက်သွားခဲ့သည့် မြင်ကွင်းကို မြင်လိုက်ကြသောအခါ မှင်တက်သွားကြတော့သည်။
ကောင်းကင်မြို့စား တစ်ယောက်၏ သားတစ်ယောက်ကို ဤကဲ့သို့သတ်ဖြတ်လိုက်ခြင်းမှာ သူ၏နက်ရှိုင်းလှသော မုန်းတီးမှုများကို အတိုင်းသားဖော်ပြနေသည်။
" ကြည့်ရတာ ဗဟိုဧကရာဇ်မြို့ကို ငါရောက်လာကထဲက ငါသတ်တဲ့လူအရေအတွက်က မလုံလောက်သေးဘူးထင်တယ် "
ပိုင်ရှောင်ချန်းက ရက်စက်ကြမ်းကြုတ်ဖွယ်လေသံဖြင့် ဆိုလိုက်သည်။
" ကောင်းပြီလေ။ ခင်ဗျားနဲ့ ခင်ဗျားရဲ့မိတ်ဆွေတွေက ကိုယ်တိုင်ကိုယ်ကျ ကျုပ်ကိုတိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတော့လည်း ကျုပ်က ခင်ဗျားရဲ့ သားတင်မကဘူး ခင်ဗျားတို့အကုန်လုံးကိုပါ သတ်ပေးရတာပေါ့ "
သူ၏ ထိုစကားသံများမှာ လေထဲတွင် ပဲ့တင်ထပ်နေစဥ် သူသည် ကောင်းကင်မြို့စားစေတီတော်ဆီသို့ လှစ်ခနဲပြေးသွားတော့သည်။
ထိုအနီးသို့ ရောက်လာသောအခါ စေတီတော်ထံမှ အလင်းတန်းများစွာ သူ့ဆီသို့ ကျဆင်းလာသည်။ ထို့နောက် တပြိုက်နက်ထဲမှာပင် စေတီတော်၏ ဘေးဖက်မှာ တုန်ရီသွားပြီး သဲသဲကွဲကွဲ မမြင်ရသော ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ထိုပုံရိပ်ကြီးမှာ ကောင်းကင်မြို့စားစေတီတော်၏ အံ့ဖွယ်စွမ်းရည်တစ်ခုဖြစ်သည့် မှော်ကိုယ်ပွားတစ်ခုဖြစ်သည်။ ၎င်းမှာ ပိုင်ရှောင်ချန်းအား တိုက်ခိုက်တော့မည့်အလား သူ့ထံသို့ ချက်ချင်းပင် ပြေးလာတော့သည်။
ထိုအချိန်တွင် ငွေရောင်ချပ်ဝတ်တန်ဆာနှင့် အလောင်းတပ်သားအပါအဝင် ကျန်အလောင်းတပ်သားများမှာ လူစုခွဲသွားကြပြီး မြောင်လင်းအာ၏ အဘိုးဖြစ်သူအား အဆောက်အဦများထဲတွင် လိုက်ရှာနေတော့သည်။
ပိုင်ရှောင်ချန်းမှာ သူတို့အားထိုသို့ ပြုမူရန် အမိန့်ပေးလိုက်သည်မှာ သိသာပေသည်။ ဤတိုက်ပွဲအတွက် သူ့အလောင်းတပ်သားများ၏ အကူအညီကို မလိုအပ်ပေ။ အမှန်တွင် သူသည် လွန်ခဲ့သောလအတွင်း သူမျိုသိပ်ခဲ့ရသည့် ဒေါသများ၊ ရူးသွပ်မှုများနှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေခဲ့ရခြင်းများကို ဖြေဖျောက်ရန် အခွင့်အရေးတစ်ခု လိုချင်နေသည်။
မျက်စိကျိန်းစရာကောင်းသည့် အလင်းတန်းများစွာ ပိုင်ရှောင်ချန်းအပေါ်သို့ ကျရောက်လာသောအခါ တဂျုန်းဂျုန်းမြည်သံများ ပေါ်ထွက်လာသော်လည်း သူက မျက်တောင်ပင်မခတ်ပေ။ ထို့နောက် ပို၍ပင် အရှိန်မြှင့်တင်လိုက်ပြီး မှော်ကိုယ်ပွားထံသို့ အလျင်မြန်ဆုံး ပြေးသွားတော့သည်။ ၎င်း၏အနီးသို့ ရောက်သွားသောအခါတွင် သူသည် ညာလက်ကိုဆန့်ထုတ်လိုက်သည်။
ထိုအခါ လေထုကြီးမှာ ပေါက်ကွဲသွားပြီး အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားသည်။ ကျိုးဝူတောက်၏ မှော်ကိုယ်ပွားမှာမူ အေးစက်စက် နှာမှုတ်လိုက်ပြီး မန္တန်လက်ကွက်တစ်ခုဖော်၍ ပုံရိပ်ယောင် စပါးအုံးမြွေများကို ဆင့်ခေါ်ကာ ပိုင်ရှောင်ချန်းအား တိုက်ခိုက်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ အမူအရာလုံးဝ မပြောင်းလဲပေ။ သူသည် ညာလက်ကိုဆုပ်လိုက်သောအခါ အနက်ရောင်လေပွေတစ်ခုနှင့်အတူ ကြောက်မက်ဖွယ် ဆွဲငင်အားတစ်ခုလည်း ပေါ်ပေါက်လာသည်။ ထိုနေရာတစ်ဝိုက်ရှိ စွမ်းအင်အားလုံးမှာ ထိုလေပွေထဲသို့ စုပ်ယူခံနေရသကဲ့သို့ ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်း၏ အငွေ့အသက်ပင် သူရှိနေသေးသည်ဟု မထင်ရတော့သည်အထိ ပျောက်ကွယ်သွားသည်။ သို့သော် ထိုအချိန်တွင် သူ၏နောက်ဘက်တွင် လွှမ်းမိုးမှုအပြည့်ရှိသော ပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
၎င်းမှာ ထာဝရဧကရာဇ်လက်သီးပင်ဖြစ်သည်။
၎င်းမှာ သခင်မလေးဟုန်ချိန်ကိုပင် အံ့အားသင့်သွားစေခဲ့သည့် တိုက်ကွက်တစ်ခုဖြစ်ပြီး နတ်အဆင့်စွမ်းအား နီးပါးရှိသည်။
ကြီးမားလှသော အင်အားပမာဏကြီးတစ်ခု ပိုင်ရှောင်ချန်း၏ ပတ်ပတ်လည်တွင် စုဝေးနေသည်။ အလင်းရောင်အားလုံးမှာ ထိုလေပွေထဲသို့ စုပ်ယူခံလိုက်ရသဖြင့် သူရှိရာနေရာတွင် ညအချိန်သို့ ရောက်သွားသည့်အလား ပြောင်းလဲသွားသည်။
ကျိုးဝူတောက်၏ မသဲကွဲသော ပုံရိပ်ကြီးမှာ အန္တရာယ်ကြီးတစ်ခုကို ခံစားလိုက်ရပြီး အော်ဟစ်ကာ တပြိုင်နက်ထဲမှာပင် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး စပါးအုံးမြွေ အားလုံးကို ပြန်၍စုဝေးကာ မီတာသုံးရာ အကျယ်ရှိသော အကာအကွယ် အစီအရင်တစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။
သို့သော် ထိုအကာအကွယ် အစီအရင်မှာ ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးနှင့် ယှဥ်လိုက်ပါက စစ်ပွဲသုံး ရထားလုံးကြီးကို ရင်ဆိုင်နေရသည့် ဓားခုတ်ကောင်လေး တစ်ကောင်အလား ဖြစ်နေတော့သည်။
အုန်း
စပါးအုံးမြွေ အစီအရင်မှာ အစိတ်စိတ်အမြွှာမြွှာ စုတ်ပြဲသွားပြီး သွေးစသွေးနများနှင့် အရိုးများအသွင်ပြောင်းလဲသွားပြီးနောက် လျင်မြန်စွာပင် ပြာပုံဘဝရောက်သွားကြသည်။
ထာဝရဧကရာဇ်လက်သီး၏ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော ဖျက်ဆီးနိုင်စွမ်းအားကြောင့် ကျိုးဝူတောက်၏ ကိုယ်ပွားမှာ အသိစိတ်ပျောက်လုမတတ် တုန်လှုပ်သွားရတော့သည်။
ထိုမျှလောက်နှင့် မပြီးသေး။ ည၏ အမှောင်ထုမှာ ထိုနေရာတွင် ပို၍အားကောင်းလာပြီး ကောင်းကင်မြို့စားစေတီတော်မှာ တုန်ရီစပြုလာသည်။ အတွင်းထဲတွင် ကျိုးဝူတောက်မှာ သွေးတစ်ပွက်အန်လာပြီး ဖြူဆုတ်နေသောမျက်နှာကြီးဖြင့် ရှိသမျှအင်အားအကုန်ထုတ်ကာ စေတီတော်၏ စွမ်းအားများဖြင့် ပြန်၍တိုက်ခိုက်နေတော့သည်။
" နှစ်ဆတင်ဖို့ အချိန်ကျပြီ "
ပိုင်ရှောင်ချန်းက အရောင်လက်နေသော မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် လက်သီးဆုပ်ကာ ထာဝရဧကရာဇ်လက်သီးကို နောက်ထပ်တစ်ကြိမ် ထုတ်လွှတ်လိုက်ပြန်သည်။ ယခုတွင်မူ စွမ်းအားပမာဏမှာ နှစ်ဆဖြစ်သည်။
ထိုနေရာတစ်ခွင် အမှောင်ထုကြီး လွှမ်းမိုးသွားပြီး ဧရာမအနက်ရောင် လက်သီးကြီးတစ်လုံးအသွင်ပြောင်းသွားသဖြင့် မြင်ရသူတိုင်းမှာ မှင်တက်ကုန်ကြသည်။ ထို့နောက် ထိုလက်သီးချက်ကြီးမှာ ကောင်းကင်မြို့စားစေတီတော်ထံ တိုးဝင်သွားတော့သည်။
ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြင်းထန်စွာ ခါယမ်းနေကြပြီး ဗဟိုဧကရာဇ်တစ်မြို့လုံး တုန်ရီသွားရသည်။
အနည်းငယ်ကြာပြီးနောက် ထာဝရဧကရာဇ်လက်သီး ပျောက်ကွယ်သွားပြီး ကောင်းကင်မြို့စားစေတီတော်မှာ တည်တံ့နေဆဲ။
ပိုင်ရှောင်ချန်းမှာမူ ရေခဲတမျှ အေးစက်သော အမူအရာဖြင့် ၎င်း၏ အပြင်ဘက်ရှိ လေထဲတွင် ရစ်ဝဲနေသည်။
စေတီတော်အတွင်းရှိ ကျိုးဝူတောက်မှာ သွေးများထပ်အန်လာပြီး ရုပ်ရည်သွင်ပြင်မှာ သိသိသာသာ ရင့်ရော်သွားသော်လည်း ရူးသွပ်စွာ ရယ်မောနေဆဲ။
" မင်းဆီမှာ နတ်အဆင့်လက်သီးချက်ရှိတော့ ဘာဖြစ်လဲ။ ဒါက ကောင်းကင်မြို့စားစေတီ... "
သို့သော် သူ၏စကားပင် မဆုံးချိန်တွင် အက်ကွဲသံများထွက်လာတော့သည်။ ထိုအခါ သူ မျက်နှာပျက်သွားရပြီး သူ၏အောက်တည့်တည့်တွင် အက်ကွဲကြောင်းတစ်ခုကို မြင်လိုက်ရသောအခါ မျက်နှာမှာ ဖြူဆုတ်သွားတော့သည်။
" မဖြစ်နိုင်ဘူး။ ဒါ လုံးဝ မဖြစ်နိုင်ဘူး "
ကျိုးဝူတောက်မှာ သူ၏အသိစိတ်ကို မိုးကြိုးပစ်ခံလိုက်သည့်အလား ခံစားနေရပြီး သူ၏မျက်နှာပေါ်တွင် ကြောက်ရွံ့မှုအတိ ဖုံးလွှမ်းနေတော့သည်။
ထို့နောက် အက်ကွဲသံများ ထပ်မံထွက်ပေါ်လာတော့သည်။ အက်ကွဲကြောင်းများ စေတီတော်အနှံ့ ပျံ့နှံ့သွားပြီး အသက်ရှူကြိမ်အနည်းငယ်အတွင်း ၎င်းမှာ ပြိုလဲသွားတော့သည်။