အခန်း (၁၀၅၇-၁၀၅၈)
Vol. 106 Ch. 1057-1058
အခန်း (၁၀၅၇) ကံဆိုးခြင်းကပ်ဘေး
သတင်းကောင်း
ဖန့်ချန် အနည်းငယ် ကြောင်သွားပြီး ရွှင်အဘိုးအိုကို သေသေချာချာ အကဲခတ်လိုက်တဲ့အခါ သူ့ရဲ့ အရှိန်အဝါက တကယ်ပဲ သာမန်မဟုတ်တော့တာကို တွေ့လိုက်ရပါတယ်။
"အဖိုးကြီးက အဆင့် ၂ ကို တက်သွားတာလားအလားအလာ ရှိသားပဲ"
တည်ငြိမ်ခြင်းအလံ က ဖန့်ချန်ရဲ့ လက်မောင်းထဲကနေ ချက်ချင်း ထွက်လာပြီး ရွှင်အဘိုးအိုရဲ့ ဘေးမှာ လှည့်ပတ်ကြည့်ရှုကာ ဝေဖန်လေတော့တယ်
"ဒီတစ်ခါ ချုပ်နှောင်လေလွင့်မြေကို သွားတာ အဆင့် ၃ လွတ်လပ်သောမသေမျိုး တစ်ယောက်လက်ထဲမှာ ငါ အသေခံရတော့မလို့ ကံကောင်းလို့ ဒီကောင်လေးမှာ နည်းလမ်းရှိလို့ပေါ့ ဒါပေမဲ့ ငါ့ရဲ့ မသေမျိုးစွမ်းအား တွေ အကုန်လုံး ကုန်သွားပြီ မင်း ငါ့ကို ပြန်ဖြည့်ပေးရမယ်"
ရွှင်အဘိုးအိုက စကားတစ်ခွန်းမှ မပြောဘဲ လက်ညှိုးနဲ့ တစ်ချက်တောက်လိုက်ရာ အဖြူရောင် အလင်းစက်လေးတစ်ခုဟာ အလံပေါ် ကျရောက်သွားပါတယ်။
အလံဟာ မိုးခေါင်ရေရှားနေတုန်း မိုးရေစက်လေး ရလိုက်သလိုမျိုး သာယာစွာ အော်ဟစ်လိုက်ပြီး အပြင်ဘက်ကို ပျံသန်းသွားပါတော့တယ်
"ငါ ဆက်အိပ်တော့မယ်၊ အရေးမကြီးရင် ငါ့ကို မနှိုးနဲ့ဦး"
ဖန့်ချန် ပြုံးလိုက်မိပါတယ်။
ဒီအတောအတွင်းမှာ အလံဟာ ကျောက်ယွင်လူနဲ့ တွေ့တုန်းက တစ်ခါပဲ နိုးလာခဲ့တာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာတော့ အိပ်နေတာ များပါတယ်။
အိပ်စက်ခြင်းကပဲ သူ့ဘဝရဲ့ အရေးကြီးဆုံး အလုပ်တစ်ခုလိုပါပဲ။
"သူ တည်ရှိလာခဲ့တဲ့ သက်တမ်းက အတော်လေး ကြာနေပြီလေ ပြောရရင် လူသားတွေဆိုရင် အသက် ရှစ်ဆယ်၊ ကိုးဆယ် အရွယ်လို ဖြစ်နေပြီ ကံကောင်းရင်တော့ သင်းချိုင်းထဲ ခြေတစ်ဖက် နစ်နေပြီပေါ့၊ ကံမကောင်းရင်တော့ အထဲမှာ အိပ်နေတာ ကြာလှပြီ"
ရွှင်အဘိုးအိုက ရယ်ပြီး
"မသေမျိုးစွမ်းအားရဲ့ ထောက်ပံ့မှုသာ မရှိရင် သူ့ရဲ့ ဝိညာဉ်အသိက ပျောက်ကွယ်သွားပြီး သာမန် ကောင်းကင်အဆင့် ရတနာတစ်ခုပဲ ဖြစ်သွားမှာ အိပ်စက်ခြင်းကပဲ အဲဒီလို ဖြစ်စဉ်ကို နှေးကွေးစေနိုင်တယ်"
"ဝိညာဉ်ရတနာ မှာလည်း သက်တမ်း ရှိတာလား"
ဖန့်ချန် အနည်းငယ် အံ့ဩသွားပါတယ်။
သူက တည်ငြိမ်ခြင်းအလံဟာ မသေမျိုးစွမ်းအား မလုံလောက်လို့ ဒီလောက် အိပ်ချင်နေတာလို့ ထင်ထားတာပါ။
"လောကမှာ ဝိညာဉ်အသိ ရှိတဲ့အရာ မှန်သမျှ သက်တမ်း ရှိကြတာချည်းပဲ၊ အတိုအရှည်ပဲ ကွာတာ"
ရွှင်အဘိုးအိုက ပြောပြီးနောက်
"မင်း ဒီတစ်ခါ ချုပ်နှောင်လေလွင့်မြေကို သွားတော့ ဘာတွေဖြစ်ခဲ့လဲ နတ်ဘုရားလမ်းစဉ်ဂိုဏ်း တစ်ဂိုဏ်းလုံး ဘာလို့ ရွှေ့ပြောင်းသွားရတာလဲ၊ နောက်ကနေ ခွေးရူးလိုက်နေသလိုမျိုးပဲ"
ဖန့်ချန်က စကားလုံးတွေကို အနည်းငယ် စီစဉ်လိုက်ပြီး ဖြစ်ပျက်ခဲ့တာတွေကို အကျဉ်းချုပ် ရှင်းပြလိုက်ပါတယ်။
ရွှင်အဘိုးအိုဟာ နားထောင်ပြီးနောက် လှုပ်ကုလားထိုင်ပေါ်ကနေ ထထိုင်လိုက်ပြီး သူ့ရဲ့ မျက်နှာထားက တည်ကြည်သွားပါတယ်
"ဒါဆိုရင် သွေးဝိညာဉ်ဂိုဏ်းက ဒီနယ်မြေမှာ... အသာစီး ရသွားပြီပေါ့ "
"ဟုတ်ပါတယ်၊ အဆင့် ၃ ဓားကျင့်ကြံသူရဲ့ အကူအညီနဲ့ဆိုရင် ဒီနယ်မြေက အဆင့် ၃ လွတ်လပ်သောမသေမျိုးတွေ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး"
ဖန့်ချန် ခေါင်းငြိတ်လိုက်ပါတယ်။
"ဒါကြောင့်လည်း ဖူယွမ်ကျူးက ပြေးတာပေါ့ သူက ဝိညာဥ်သုတ်သင်ဌာနရဲ့ အကြီးအကဲ ဖြစ်နေတာဆိုတော့ ဒီနှစ်တွေထဲမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ ကိစ္စတွေကို အများကြီး နှောင့်ယှက်ခဲ့တာလေ မပြေးရင် သူ့ကို စောင့်ကြိုနေမှာက တစ်မျိုးနွယ်လုံး အသတ်ခံရမယ့် ဘေးပဲ"
ရွှင်အဘိုးအိုက ခေါင်းခါလိုက်ပါတယ်။
ဖန့်ချန် သဘောပေါက်သွားပါတယ်။
ရှေ့က လူကြီးက ဝိညာဥ်သုတ်သင်ဌာနရဲ့ အကြောင်းကို တကယ် သိနေတာပဲ။
ဖူယွမ်ကျူးရဲ့ အဆင့်အတန်းကလည်း သူ ခန့်မှန်းထားတဲ့အတိုင်း ဝိညာဥ်သုတ်သင်ဌာနရဲ့ ဂိုဏ်းချုပ် ဖြစ်နေတာပါပဲ။
"ရွှင်အဘိုး၊ အဘိုး အဆင့် ၂ ကို တက်သွားတာလား"
ဖန့်ချန်က မေးပါတယ်။
"အင်း၊ မင်းပေးတဲ့ မသေမျိုးကျောက်တုံး နဲ့ ငါ အရင်က ပြင်ဆင်ထားတာတွေ ပေါင်းလိုက်တော့ ဒီတစ်ခါ တက်လှမ်းရတာ တော်တော်လေး ချောမွေ့ပါတယ်"
ရွှင်အဘိုးအိုက ပြုံးပြီး ခေါင်းငြိတ်တယ်
"တည်ငြိမ်ခြင်းအလံနဲ့သာ ပေါင်းလိုက်ရင် အဆင့် ၂ ဓားကျင့်ကြံသူနဲ့ ဆိုရင်တောင် ငါ ယှဉ်တိုက်နိုင်တယ် ဒါပေမဲ့ အဆင့် ၃ သာ ထွက်လာရင်တော့ ငါလည်း ပြေးရမှာပဲ"
"အဆင့် ၂ ဓားကျင့်ကြံသူ ရှိတယ်လို့တော့ မကြားမိပါဘူး၊ ဒီတစ်ခါ လာမှာက လီချန်စန်းနဲ့ လုချင်းရှူးပဲ နှစ်ယောက်လုံးက အဆင့် ၁ တွေပါ ကျွန်တော်ကတာအိုသုံးထောင်ဂိုဏ်း က တပည့်တွေကို တောရိုင်းကျောင်းမှာ ခဏလောက် အခြေချပေးထားမလို့"
ဖန့်ချန်က ပြောပါတယ်။
"မင်းက ငါ့ကို စောင့်ရှောက်ပေးဖို့ ပြောချင်တာမလား အဲဒါ ပြဿနာ မရှိပါဘူး သူတို့တွေ တောရိုင်းကျောင်းကို ပြောင်းလာစရာ မလိုပါဘူး ငါပဲ ဟိုဘက်ကို ခဏ သွားနေပေးမယ်"
ရွှင်အဘိုးအိုက ခပ်အေးအေး ပြုံးပြီး ပြောပါတယ်။
"ကျေးဇူးတင်ပါတယ် ရွှင်အဘိုး"
ဖန့်ချန် စဉ်းစားကြည့်တော့ ဒါကလည်း နည်းလမ်းကောင်းတစ်ခုပါပဲ။
တောရိုင်းကျောင်းဟာ ဒီနှစ်တွေထဲမှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ ကိစ္စတွေကို ဝင်မပါခဲ့ဘူး။
သူတို့ရဲ့ စရိုက်အရ ရွှင်အဘိုးအို အဆင့် ၂ တက်သွားပြီး ဝိညာဉ်ရတနာလည်း ရှိတယ်ဆိုတာ သိရင် မဖြစ်မနေ အခြေအနေမျိုး မဟုတ်ရင် ရန်ငြိုးဖွဲ့မှာ မဟုတ်ပါဘူး။
"မင်းက စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် အထွတ်ထိပ် ရောက်နေပြီလား ဝိညာဉ်ခွဲဖြာခြင်းအဆင့် အတွက် ပြင်ဆင်သင့်ပြီ အခုကစပြီး တခြားကိစ္စတွေကို ဝင်မပါနဲ့ဦး ကိုယ့်ရဲ့ ကျင့်ကြံခြင်းကပဲ အရေးအကြီးဆုံးပဲ မင်း လွတ်လပ်သောမသေမျိုး ဖြစ်သွားတဲ့နေ့ကျရင် ထုတ်သုံးလို့ရတဲ့ ဝှက်ဖဲတွေ ပိုများလာမှာ"
ရွှင်အဘိုးအိုရဲ့ မျက်လုံးတွေက ရုတ်တရက် လင်းလက်သွားပါတယ်။
ဖန့်ချန် ခပ်တိုးတိုး ခေါင်းငြိတ်လိုက်တယ်
"တကယ်ပဲ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် အထွတ်ထိပ် ရောက်နေပါပြီ ဒါပေမဲ့... ဒုတိယမြောက် ကပ်ဘေးက ခုထိ မရောက်လာသေးဘူး"
"မင်းရဲ့ ပထမဆုံး ကပ်ဘေးက ဘာလဲ "
ရွှင်အဘိုးအိုက မေးပါတယ်။
"မိစ္ဆာကပ်ဘေး ပါ"
ဖန့်ချန်က ပြောပါတယ်။
ဒီတစ်ခါကော မိစ္ဆာကပ်ဘေးနဲ့ ထပ်တွေ့ဦးမလား မသိပါဘူး။
အဲဒီ မိစ္ဆာသခင် ဆိုတာ တကယ် ရှိနေနိုင်ပြီး မိစ္ဆာသန္ဓေသား နဲ့လည်း ပတ်သက်မှု ရှိနိုင်တယ်လို့ သူ အမြဲ ထင်နေခဲ့တာပါ။
"မိစ္ဆာကပ်ဘေး..."
ရွှင်အဘိုးအိုက ခေါင်းငြိတ်ပြီး
"ကပ်ဘေးသုံးပါးနဲ့ ဘေးဒုက္ခကိုးပါး ထဲမှာ တကယ်တော့ အကြောက်စရာအကောင်းဆုံးက မိစ္ဆာကပ်ဘေးပဲ မင်းရဲ့ ပထမဆုံး ကပ်ဘေးက ကျော်ဖြတ်ပြီးပြီဆိုတော့ နောက်ပိုင်းတွေက အများကြီး ပိုလွယ်သွားလိမ့်မယ်"
"ကပ်ဘေးတွေက ထပ်မလာနိုင်ဘူးလား"
ဖန့်ချန် အနည်းငယ် အံ့ဩသွားပါတယ်။
"ပြောရခက်တယ်၊ ဒါပေမဲ့ ငါ့သက်တမ်းတစ်လျှောက်မှာတော့ ထပ်တူကျတဲ့ ကပ်ဘေးမျိုး မတွေ့ဖူးသေးဘူး"
ရွှင်အဘိုးအိုက ရယ်ပြီး
"ကောင်းကင်ကြီးကလည်း လူတွေကို လမ်းစတော့ ပေးရမှာပေါ့ လမ်းအားလုံးကို ပိတ်ထားလို့မှ မရတာ ဟုတ်တယ်မလား "
ဖန့်ချန် တစ်ခုခုကို တွေးတောနေမိပြီး ခဏလောက် ထပ်ပြောပြီးနောက်မှာတော့ နှုတ်ဆက်ပြီး ထွက်လာခဲ့ပါတယ်။
ရွှင်အဘိုးအိုက လှုပ်ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ကြည့်နေပါတယ်။
အကြည့်ကို ပြန်ရုပ်သိမ်းတော့မယ့်အချိန်မှာပဲ ဖန့်ချန်ဟာ ခန်းမအပြင်ဘက်မှာ အရှိန်မထိန်းနိုင်ဘဲ မှောက်ရက်လဲကျသွားတာကို မြင်လိုက်ရပါတယ်။
"ဟင်း... ကံဆိုးခြင်းကပ်ဘေး ကိုး"
ရွှင်အဘိုးအိုက ပြုံးလိုက်ပါတယ်။
ဒီကပ်ဘေးက ကြီးရင်ကြီးမယ်၊ သေးရင် သေးမယ်။
ကံကောင်းရင်တော့ ဘာရောဂါဝေဒနာမှ မရှိဘဲ ဒီအတိုင်း ကျော်ဖြတ်သွားနိုင်တယ်။
ဒါပေမဲ့ ကံဆိုးခြင်းကပ်ဘေး ဆိုမှတော့... ကံက ဘယ်လောက်အထိ ကောင်းနိုင်မှာလဲ
......
......
တောရိုင်းကျောင်းက ထွက်လာတဲ့အခါ ဖန့်ချန်ရဲ့ မျက်နှာက တည်ကြည်နေပါတယ်။
သူက ရှီလုံကို ယင်လောကကို အရင်ပြန်ခိုင်းလိုက်ပြီး သူကိုယ်တိုင်ကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၅၀၀ ကို ထုတ်ပြီး တာအိုသုံးထောင်နယ်မြေ ကို အရင်သွားဖို့ ပြင်လိုက်ပါတယ်။
ဒုတိယမြောက် ကပ်ဘေးက ရောက်လာပါပြီ၊ ကြည့်ရတာ ကံဆိုးခြင်းကပ်ဘေးပါပဲ။
ဒီလိုအချိန်မျိုးမှာ အပြင်မှာ သွားလာနေတာက ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ တွန်းပို့နေတာနဲ့ အတူတူပါပဲ။
ဒါပေမဲ့... သူ ဘယ်လိုပဲ ကြိုးစားကြိုးစား ဘာထူးခြားမှုမှ မရှိပါဘူး။
မျက်ခုံးကြားက ကျောက်စိမ်းလုံးလေးက စွမ်းအားတွေ ကုန်ခမ်းသွားသလိုပါပဲ။
"ဒါက ဘာလို့လဲ ကပ်ဘေး ရောက်လာရင် လူကို ဒီနေရာကနေ ထွက်သွားခွင့် မပေးတော့တာလား"
ဖန့်ချန်ရဲ့ မျက်နှာထား ပြောင်းလဲသွားပါတယ်။
မသိစိတ်ကနေ ကောင်းကင်ကို မော့ကြည့်လိုက်မိပါတယ်။
ကပ်ဘေးသုံးပါးနဲ့ ဘေူဒုက္ခကိုးပါး ဆိုတာ ကောင်းကင်ဘုံက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ဖြစ်နိုင်တယ်လို့ သူ သံသယဝင်မိပါတယ်။
ကုသိုလ် လိုမျိုးပါပဲ။
ကုသိုလ်က ကောင်းကင်ဘုံကပေးတဲ့ ဆုလာဘ်ဆိုရင်၊ ကပ်ဘေးကတော့ ကောင်းကင်ဘုံကပေးတဲ့ စမ်းသပ်မှုလား
"တာအိုသုံးထောင်နယ်မြေကို သွားလို့မရရင် ယင်လောကကို သွားမယ်"
ခဏအကြာမှာတော့...
ဖန့်ချန်ဟာ ကြောင်တောင်တောင် ဖြစ်သွားပါတယ်။
မရဏလမ်းကိုလည်း ဖွင့်လို့မရသလို ယင်လောကထဲကိုလည်း သူ ဝင်လို့မရတော့ပါဘူး။
အခုအချိန်မှာ ကံဆိုးခြင်းကပ်ဘေးကို ရှောင်လွှဲဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။
ကောင်းကင်လှည့်စားခြင်းအတတ် - အရေခွံဆုပ်ခွာခြင်း ပါပဲ။
ကိုယ့်ရဲ့ ကံကြမ္မာအကျိုးအကြောင်း ကို ခွာထုတ်လိုက်တာက ကံဆိုးခြင်းကပ်ဘေးကို တခြားဆီ လွှဲပြောင်းပေးလိုက်တာနဲ့ အတူတူပါပဲ။
ကောင်းကင်လှည့်စားခြင်းအတတ်ဟာ ကောင်းကင်ဘုံရဲ့ နိယာမတွေကို ကျော်လွန်နေတာပါ။
ဒါမှမဟုတ် ကောင်းကင်ဘုံနဲ့ အဆင့်အတန်းတူတဲ့ တည်ရှိမှုတစ်ခုက ဖန်တီးထားတဲ့ အတတ်ပညာ ဖြစ်နိုင်ပါတယ်။
ဒါကြောင့်လည်း ကောင်းကင်ဘုံရဲ့ စက်ဆုပ်ခြင်းကို ခံရတာပေါ့။
ဒါပေမဲ့... မဖြစ်မနေ အခြေအနေမျိုး မဟုတ်ရင် ဖန့်ချန်က ဒီအတတ်ကို ကိုယ့်ကိုယ်ကိုယ် အသုံးမပြုချင်ပါဘူး။
အကျိုးအကြောင်းတွေကို စိတ်ကြိုက် ဖယ်ရှားလိုက်ရင် တစ်ချို့သော ကံကြမ္မာတွေကို ပြောင်းလဲသွားစေနိုင်တယ်လို့ သူ ခံစားနေရလို့ပါ။
ကျင့်ကြံသူတွေအတွက် ကံကြမ္မာအကျိုးအကြောင်း ဆိုတာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်သလို၊ ဒီလောကကြီးနဲ့ ဆက်နွှယ်နေတဲ့ သက်သေအထောက်အထားတစ်ခုလည်း ဖြစ်ပါတယ်။
ခဏလောက် စဉ်းစားပြီးနောက် ဖန့်ချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လမ်းကြောင်းတစ်ခုကို ရွေးကာ ပျံသန်းသွားပါတယ်။
သူက အမြန်ဆုံး အရှိန်နဲ့ ကျင့်ကြံသူတွေ မရှိတဲ့ နေရာတစ်ခုကို ရှာပြီး တောတောင်ထဲမှာ ဂူတစ်ခု ဖောက်လိုက်ပါတယ်။
အဲဒီမှာ ခဏလောက် ပုန်းနေပြီး ဒီကံဆိုးခြင်းကပ်ဘေးကို ကျော်ဖြတ်ဖို့ ပြင်ဆင်လိုက်တာပါ။
ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ ဂူက ပြိုကျသွားပြီး ဖန့်ချန်ဟာ မြေအောက်မှာ ပိသွားပါတယ်။
ကံကောင်းတာက ဒါက ပြဿနာအသေးအမွှားလေးပါ၊ သူ ပြန်ထွက်လာပြီးနောက် သစ်ခြောက်တွေနဲ့ သစ်လုံးအိမ်လေး တစ်လုံး ဆောက်လိုက်ပါတယ်။
နောက်ထပ် ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ မိုးသက်လေပြင်းတွေ ကျလာပြီး လျှပ်စီးတစ်ခုက သစ်လုံးအိမ်ပေါ်ကို တည့်တည့်ပစ်ချလိုက်တာကြောင့် အိမ်လေးဟာ မီးဟုန်းဟုန်း တောက်သွားပါတော့တယ်။
ဖန့်ချန်ဟာ ဒဏ်ရာမရဘဲ အိမ်ထဲက ထွက်လာပြီး ဝိညာဉ်စွမ်းအား အကာအကွယ်ကို ထုတ်ကာ မိုးဒဏ်လေဒဏ်ကို ကာကွယ်လိုက်ပါတယ်။
ဒါပေမဲ့ ဘာလို့လဲ မသိဘူး၊ အကာအကွယ်ကို ဖောက်ပြီး အေးစိမ့်တဲ့ လေတစ်ခုက သူ့လည်ပင်းကို လာပွတ်သွားသလို ခံစားလိုက်ရပါတယ်။
ဖန့်ချန် နှာချေလိုက်ပါတယ်။
အဲဒီနောက် ဒုတိယအကြိမ်၊ တတိယအကြိမ်... သူ့ရဲ့ ကိုယ်အပူချိန်ကလည်း စတင် မြင့်တက်လာပါတော့တယ်။
ကြည့်ရတာ... ဖျားနေတာလား
အခန်း (၁၀၅၈) ဆက်တိုက်ဆိုသလို ကံဆိုးခြင်းများ
ရက်အနည်းငယ် ကြာတဲ့အခါမှာတော့ ဖန့်ချန်ရဲ့ တစ်ကိုယ်လုံးဟာ ပြုတ်ထားတဲ့ ပုစွန်တစ်ကောင်လို နီမြန်းနေပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံဟာ အဆင့် ၆ ဓားခန္ဓာကိုယ် ပိုင်ရှင်ဖြစ်ပါလျက်နဲ့ အခုလို သာမန်ဖျားနာမှုလေးတစ်ခုကြောင့် ဒီလိုပုံစံ ဖြစ်သွားတာကို ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။
အခုဖြစ်နေတဲ့ ရောဂါဟာ လူ့လောကမှာ မရှိတဲ့ စွမ်းအားတစ်ခု ဝင်နှောင့်ယှက်နေတာ သိသာပါတယ်။
ဒီစွမ်းအားရှေ့မှာ ဖန့်ချန်ဟာ သာမန်လူတစ်ယောက်လို ဖြစ်သွားပြီး ကျင့်ကြံသူတစ်ယောက်မှာ ရှိသင့်တဲ့ စွမ်းရည်တွေ အကုန်လုံး ဆုံးရှုံးသွားခဲ့ရပါတယ်။
"ရေငတ်တယ်၊ ရင်တုန်တယ်၊ လည်ချောင်းနာတယ်... ရောဂါကပ်ဘေး အတိုင်းပါပဲလား"
ဖန့်ချန် အနည်းငယ် သက်ပြင်းချမိပါတယ်။
ကံဆိုးခြင်းကပ်ဘေးက ရောဂါကပ်ဘေးထက် ပိုပြီး ပြင်းထန်တာ သိသာပါတယ်။
ဘာလို့လဲဆိုတော့ ကံဆိုးခြင်းကြောင့် အခု သူဟာ ရောဂါကပ်ဘေးရဲ့ ဒဏ်ကိုပါ တစ်ပြိုင်တည်း ခံစားနေရလို့ပါ။
ကံကောင်းတာက ဒီအနီးအနားမှာ သာမန်တောရိုင်းတိရစ္ဆာန်တွေကလွဲရင် မိစ္ဆာသားရဲတွေ ရှိမနေတာပါပဲ။
မိစ္ဆာသားရဲတွေနေနေသာသာ ကျင့်ကြံသူတွေ၊ သာမန်လူသားတွေတောင် မိုင်ပေါင်း ဆယ်ဂဏန်းအတွင်းမှာ ရှာမတွေ့နိုင်ပါဘူး။
တကယ်လို့ ကံဆိုးခြင်းကပ်ဘေးက ဒီလောက်ပဲဆိုရင်တော့ အံကြိတ်ခံလိုက်ရင် ကျော်ဖြတ်နိုင်မှာပါ။
ဒါက ပြဿနာ သိပ်မကြီးပါဘူး။
"ကံဆိုးခြင်းကပ်ဘေး ကျော်သွားတာနဲ့ တာအိုသုံးထောင်နယ်မြေကို သွားပြီး ဝိညာဉ်ခွဲဖြာခြင်းအဆင့်ကို လေ့လာရမယ် အလယ်အလတ်အဆင့် သုံးဆင့်လုံးက အထက်အဆင့် သုံးဆင့်အတွက် အခြေခံ တည်ဆောက်ပေးရတာဆိုတော့ ဒီတစ်ခါ ဝိညာဉ်ခွဲဖြာခြင်းကို ပေါ့ပေါ့တန်တန် လုပ်လို့မဖြစ်ဘူး"
ဖန့်ချန်ရဲ့ စိတ်ထဲမှာ အတွေးတွေ ရှုပ်ထွေးနေပါတယ်။
ဒီလိုနဲ့ နောက်ထပ် ရက်အနည်းငယ်လောက် အံကြိတ်ခံလိုက်တဲ့အခါ သူ့ရဲ့ အခြေအနေက တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသလို ခံစားရပါတယ်။
ဒါက ရောဂါပျောက်သွားတာလား၊ ဒါမှမဟုတ် ကံဆိုးခြင်းကပ်ဘေး ပြီးသွားတာလားဆိုတာ သူ မသေချာသေးပါဘူး။
ဒါကို စမ်းသပ်ဖို့အတွက် ဖန့်ချန်က သစ်ခြောက်တစ်ကိုင်းကို ကောက်ကိုင်ပြီး အနားမှာ ပျံနေတဲ့ ငှက်တစ်ကောင်ဆီ လှမ်းပစ်လိုက်ပါတယ်။
သစ်ကိုင်းဟာ လျှပ်စီးလို အရှိန်နဲ့ ပြေးထွက်သွားပေမဲ့ ငှက်နဲ့ တစ်လံလောက်အကွာကနေ လွဲပြီး ပျံသွားပါတယ်။
ငှက်ကတော့ ခေါင်းငုံ့ပြီး သူ့အမွေးတွေကို သူ အေးအေးဆေးဆေး ပြင်နေဆဲပါပဲ၊ ဘာမှ သတိထားမိပုံ မရပါဘူး။
ဒါကို မြင်လိုက်ရတော့မှ ဖန့်ချန်ဟာ သူ့ရဲ့ ကံဆိုးခြင်းကပ်ဘေး မပြီးသေးဘူးဆိုတာ သေချာသွားပါတယ်။
ငှက်တစ်ကောင်ကို ပစ်တာတောင် ဒီလောက် ခက်ခဲနေပြီး မိုင်ပေါင်း သောင်းခြောက်ထောင်လောက် လွဲနေတာဆိုတော့၊ တကယ်လို့ ဒီလိုအချိန်မျိုးမှာ ရန်သူသာ ရှာတွေ့သွားရင် ကျီးလျန် လို ကောင်မျိုးကတောင် သူ့ကို အလွယ်တကူ အနိုင်ယူသွားနိုင်ပါတယ်။
အဲဒီအချိန်မှာပဲ အရှေ့ဘက်ဆီကနေ အနက်ရောင် မြူခိုးတွေ လိမ့်တက်လာပြီး ဖန့်ချန်နဲ့ မလှမ်းမကမ်းက တောင်ထိပ်ပေါ် ကျရောက်သွားကာ အနက်ရောင် ဝတ်စုံဝတ် အလယ်အလတ်အရွယ် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပါတယ်။
အဲဒီနောက် အနောက်ဘက်ကနေ ခရမ်းရောင် မြူခိုးတွေ လိမ့်တက်လာပြီး ခရမ်းရောင် ဝတ်စုံဝတ် အလယ်အလတ်အရွယ် လူတစ်ယောက် ပေါ်လာပြန်ပါတယ်။
"ဒီနေရာက လူသူကင်းမဲ့တော့ မင်းနဲ့ ငါ အသေအလဲ တိုက်ခိုက်ဖို့ နေ့ကောင်းရက်သာပဲ"
အနက်ရောင်ဝတ်စုံနဲ့လူက အေးစက်စွာ ပြောပါတယ်။
ခရမ်းရောင်ဝတ်စုံနဲ့လူက ခပ်ဖွဖွ ရယ်လိုက်ပြီး
"ငါ ဒီနေ့ကို စောင့်နေတာ ဆယ်စုနှစ်ချီနေပြီ၊ ဒီနေ့တော့ မင်း ငါ့ဓားအောက်မှာ သေရမှာပဲ"
ခဏချင်းမှာပဲ နှစ်ဦးနှစ်ဖက်လုံးက အတတ်ပညာတွေ ထုတ်သုံးပြီး အစွမ်းကုန် တိုက်ခိုက်ကြပါတော့တယ်။
ပျံသန်းနေတဲ့ ဓားတွေဟာ လေထဲမှာ တိုက်မိနေကြပြီး ဓာတ်ကြီးငါးပါး စွမ်းအားတွေကလည်း ပတ်ဝန်းကျင်မှာ ဟုန်းဟုန်းတောက်နေပါတယ်။
တိုက်ပွဲရဲ့ နောက်ဆက်တွဲ စွမ်းအားတွေဟာ ဖန့်ချန်ရဲ့ ခေါင်းပေါ်ကို တောက်လျှောက် ကျရောက်နေပါတယ်။
ကံကောင်းတာက ဒီနှစ်ယောက်ရဲ့ ကျင့်ကြံခြင်းက အခြေခံတည်ဆောက်ခြင်းအဆင့် ပဲ ရှိတာကြောင့် နောက်ဆက်တွဲ ရိုက်ခတ်မှုတွေက ဖန့်ချန်ရဲ့ ဝိညာဉ်စွမ်းအား အကာအကွယ်ကို မဖောက်နိုင်ပါဘူး။
သူတို့နှစ်ယောက်ဟာ သုံးရက်သုံးည တိုင်တိုင် တိုက်ခိုက်ကြပြီး အားကုန်သွားတော့မှပဲ ရပ်လိုက်ကြပါတယ်။
ဒီသုံးရက်သုံးညလုံးမှာ ဖန့်ချန်ဟာ တိုက်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနေရတာပါ။
သူတို့နှစ်ယောက် ရပ်လိုက်တော့မှပဲ ဒီတောင်ကုန်းပေါ်မှာ တခြားလူတစ်ယောက် ရှိနေတာကို သတိထားမိသွားကြပါတယ်။
"မင်းက ဘယ်သူလဲ ဘာလို့ ငါတို့ တိုက်တာကို ချောင်းကြည့်နေရတာလဲ "
"ငါတို့နှစ်ယောက်ကြားက ရန်ငြိုးကို ခဏထားလိုက်ပါဦး၊ ဒီလူက ငါတို့ကို ချောင်းကြည့်နေတာဆိုတော့ သူ့ရည်ရွယ်ချက်က မရိုးသားဘူး ဖြစ်နိုင်တယ်"
သူတို့နှစ်ယောက် စကားပြောပြီး ဝိညာဉ်စွမ်းအား အနည်းငယ် ပြန်ဖြည့်ကာ ဖန့်ချန်ဆီ လမ်းလျှောက်လာကြပါတယ်။
သူတို့ရဲ့ အကြည့်တွေက သံသယတွေနဲ့ ပြည့်နေပါတယ်။
"နှစ်ယောက်လုံး... ဒီတောင်ကို ကျုပ် အရင်ရောက်တာပါ"
ဖန့်ချန်က မိုးကြိုးပစ်လို့ မီးလောင်နေတဲ့ သစ်လုံးအိမ်ကို ညွှန်ပြလိုက်ပါတယ်။
သူတို့နှစ်ယောက် ကြည့်လိုက်တဲ့အခါ မျက်နှာပျက်သွားကြပါတယ်။
"အရင်ရောက်တော့ ဘာဖြစ်လဲ ငါတို့ ရောက်လာတာကို မြင်လျက်နဲ့ ဘာလို့ စကားတစ်ခွန်းမှ မပြောတာလဲ ဒီမှာ ပုန်းနေတာ ဘာရည်ရွယ်ချက် ရှိလဲ "
ခရမ်းရောင်ဝတ်စုံနဲ့လူက မျက်မှောင်ကြုတ်ပြီး မေးပါတယ်။
"ကျုပ်က ဘာလို့ စကားပြောရမှာလဲ ကျုပ် ခင်ဗျားတို့ မျက်စိရှေ့မှာပဲ ရှိနေတာလေ၊ ခင်ဗျားတို့ကပဲ မျက်စိကန်းနေသလိုမျိုး ကျုပ်ကို မမြင်ကြတာ"
ဖန့်ချန်က ပြောပါတယ်။
"ပါးစပ်သန်လှချည်လား"
အနက်ရောင်ဝတ်စုံနဲ့လူက ဒေါသထွက်သွားပြီး ဒီလူမသိသူမသိ ကောင်လေးကို သတ်ပစ်ဖို့ လက်ရွယ်လိုက်ပါတယ်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကောင်းကင်မှာ တိမ်တွေ ပြောင်းလဲသွားပြီး မိုးခြိမ်းသံတွေ ဟိန်းထွက်လာတာကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ယောက်စလုံး ကြောင်တောင်တောင်နဲ့ မော့ကြည့်လိုက်မိပါတယ်။
လူရိပ်တစ်ခုဟာ အလျင်အမြန် ပျံသန်းနေပြီး ကောင်းကင်ကနေ တစ်ခါတစ်ရံ မိုးကြိုးတွေ ပစ်ချနေပါတယ်။
အဲဒီလူကတော့ အခက်အခဲတွေကြားကနေ လွတ်အောင် ရှောင်နေရပါတယ်။
"ဒါက ငါ့ကို သေစေချင်နေတာပဲ"
ဖန့်ချန်ရဲ့ မျက်နှာ ပျက်သွားပါတယ်။
ကံဆိုးခြင်းကပ်ဘေးက ဒီလိုမျိုး ကစားနေမယ်ဆိုရင်တော့ သူ ကောင်းကင်လှည့်စားခြင်းအတတ် ကို မသုံးလို့ မရတော့ပါဘူး။
ကောင်းကင်မှာ ရှိနေတဲ့လူက ကပ်ဘေး ကို ရင်ဆိုင်နေရတဲ့ ကျင့်ကြံသူဆိုတာ ထင်ရှားပါတယ်။
မိုးကြိုးတွေရဲ့ အရှိန်အဝါကို ကြည့်ရတာ တာအိုပေါင်းစပ်ခြင်းအဆင့် ဒါမှမဟုတ် ဘေးဒုက္ခရင်ဆိုင်ခြင်းအဆင့် ဖြစ်ရပါမယ်။
တကယ်လို့ ဒီလို မိုးကြိုးကပ်ဘေးမျိုး သူ့အပေါ် ကျလာရင် လက်ရှိ သူ့အခြေအနေနဲ့ဆိုရင် လုံးဝ တောင့်ခံနိုင်မှာ မဟုတ်ပါဘူး။
နေဦး
ဖန့်ချန်ရဲ့ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပါတယ်။ ဒီလူရိပ်ကို သူ အရမ်း ရင်းနှီးနေတယ်
"ဆရာ "
ဖန့်ချန် ဝုန်းခနဲ ထရပ်လိုက်ပါတယ်။
ကပ်ဘေး ရင်ဆိုင်နေရသူက တခြားသူမဟုတ်ဘဲ ဝမ်ကျိလုံ ပါပဲ။
"ဆရာ"
အခြေခံတည်ဆောက်ခြင်းအဆင့် နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ဖန့်ချန်ကို သံသယတွေနဲ့ ကြည့်လိုက်ကြပါတယ်။
ခဏအကြာမှာတော့ သူတို့က ရယ်မောလိုက်ကြပါတယ်။
"လူကို လိမ်ချင်နေတာလား ငါတို့နှစ်ယောက်ကို ခြောက်လှန့်နိုင်မယ် ထင်နေတာလား ဒီလို ကြီးမြတ်တဲ့ ပုဂ္ဂိုလ်က မင်းလို တောသားလေးရဲ့ ဆရာ ဖြစ်နိုင်ပါ့မလား"
သူတို့နှစ်ယောက်က နှာခေါင်းရှုံ့လိုက်ကြပြီး ဝမ်ကျိလုံကိုတော့ လေးစားကြောက်ရွံ့တဲ့ အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။
မိုးကြိုးကပ်ဘေး ဆိုတာ သူတို့အတွက်တော့ လက်လှမ်းမမီနိုင်တဲ့ အရာတစ်ခုပါ၊ သူတို့လို လူမျိုးတွေက ကပ်ဘေးရင်ဆိုင်ဖို့ အရည်အချင်းတောင် မရှိကြပါဘူး။
ဖန့်ချန်ရဲ့ အသံကို ကြားသွားတာကြောင့် ဖြစ်နိုင်ပါတယ်၊ ဝမ်ကျိလုံက အောက်ကို ငုံ့ကြည့်လိုက်တဲ့အခါ အံ့ဩတကြီး ဖြစ်သွားပါတယ်
"ဟေ့ကောင်လေး... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ"
တစ်ဖက်လူက ချောင်ဖုန်းမြေမှာ ရှိနေရမှာ မဟုတ်ဘူးလား ဘယ်အချိန်က ပြန်လာတာလဲ ပြီးတော့ ဘာလို့ ဒီလို တောကန္တာရထဲ ရောက်နေတာလဲ
ဒီလိုတွေးမိတော့ ဝမ်ကျိလုံက မျက်နှာပျက်သွားပြီး ဒေါသတကြီး အော်ပါတယ်
"ငါ မင်းတို့ကို မှာထားတယ်လေ ငါ ကပ်ဘေးရင်ဆိုင်နေတဲ့အချိန် လာမရှာကြနဲ့လို့ ဒီကောင်းကင်ကပ်ဘေးက ရင်ဆိုင်ရတာ မလွယ်ဘူးကွ"
ပြောပြီးတာနဲ့ ဝမ်ကျိလုံဟာ ဒီနေရာကနေ ဝေးရာကို အမြန်ဆုံး ပျံသန်းသွားပါတယ်။
ဒါပေမဲ့ သူ့ကို ပစ်မှတ်ထားနေတဲ့ ကောင်းကင်ကပ်ဘေးဟာ အတင်းအကြပ်ဆိုသလို ဖန့်ချန်ရဲ့ အနားကို ကျရောက်လာပါတယ်။
ပေတစ်ရာကျော် မြင့်တဲ့ တောင်ကုန်းကြီးဟာ တစ်ခဏချင်းမှာတင် ဗလာကျင်းသွားပြီး မြေပြင်မှာ အဆုံးမရှိတဲ့ ကျင်းကြီးတစ်ခု ဖြစ်ကျန်ရစ်ခဲ့ပါတယ်။
အခြေခံတည်ဆောက်ခြင်းအဆင့် နှစ်ယောက်ဟာ မျက်နှာတွေ ပြာနှမ်းကုန်ပါတယ်။
မိုးကြိုးကပ်ဘေး ကျတဲ့နေရာက သူတို့နဲ့ ဝေးသေးတယ်ဆိုပေမဲ့ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်တဲ့ အဲဒီ ကြောက်မက်ဖွယ် အရှိန်အဝါက သူတို့ကို တုန်လှုပ်စေပါတယ်။
ပိုပြီး ကြောက်ဖို့ကောင်းတာက အခုနက ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး ပြောသွားတဲ့ စကားပါ၊ ဒီတောသားလေးက တကယ်ပဲ သူ့ရဲ့ တပည့်လား
ဒါကို တွေးမိတော့ သူတို့နှစ်ယောက် ခြေထောက်တွေ တုန်ယင်လာပြီး ဖန့်ချန်ကို ဘာပြောရမှန်း မသိဘဲ ထိတ်လန့်စွာ ကြည့်နေကြပါတယ်။
ဝမ်ကျိလုံလည်း ကောင်းကင်ကပ်ဘေးက ထူးဆန်းနေတာကို သတိထားမိသွားပါတယ်။
သူ ဖန့်ချန်ကို သေသေချာချာ ကြည့်လိုက်ပြီးနောက် အံ့ဩတကြီး ပြောလိုက်ပါတယ်
"ဟေ့ကောင်လေး... မင်း ဒုတိယမြောက် ကပ်ဘေး ရောက်နေတာလား "
"ဟုတ်ပါတယ် ဆရာ... ကံဆိုးခြင်းကပ်ဘေးပါ"
ဖန့်ချန်က ခါးသီးစွာ ပြုံးရင်း ခေါင်းငြိတ်လိုက်ပါတယ်။
ကံဆိုးခြင်းကပ်ဘေးသာ မဟုတ်ရင် ကပ်ဘေးရင်ဆိုင်နေရတဲ့ ဝမ်ကျိလုံနဲ့ သူ တွေ့ဆုံမှာ မဟုတ်ပါဘူး။
ဝမ်ကျိလုံ ဘာမှ ထပ်မပြောရဲတော့ဘဲ အမြန်ဆုံး အရှိန်နဲ့ ထွက်ပြေးပါတော့တယ်။
သူ့နောက်ကနေ လိုက်နေတဲ့ ကောင်းကင်ကပ်ဘေးဟာလည်း ဖန့်ချန်ရဲ့ အနားမှာ ဆက်မနေနိုင်တော့ဘဲ ဝမ်ကျိလုံနောက်ကို မကျေမနပ်နဲ့ လိုက်သွားပါတော့တယ်။
"စီနီယာ... ကျွန်တော်တို့ မှားသွားပါတယ်၊ စီနီယာ ဒီမှာ တိတ်တဆိတ် ကျင့်ကြံနေမှန်း မသိခဲ့လို့ပါ၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ "
အခြေခံတည်ဆောက်ခြင်းအဆင့် နှစ်ယောက်ဟာ တုန်တုန်ရင်ရင် တောင်းပန်နေကြပါတယ်။
ဒုတိယမြောက် ကပ်ဘေး...
သူတို့ သိထားသလောက်ဆိုရင် ပထမကပ်ဘေးက ရွှေအမြုတေအဆင့် ဖြစ်ပြီး ဒုတိယကပ်ဘေးက စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ဖြစ်ပါတယ်။
အခုရှေ့က လူက ဒဏ္ဍာရီထဲက စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် အင်အားကြီး ပုဂ္ဂိုလ်ကြီးပေါ့
ဖန့်ချန်က သူတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ပါတယ်။
သူ စကားမပြောရသေးခင်မှာတင် ဟင်းလင်းပြင်ထဲမှာ အလင်းရောင်တစ်ခု လက်သွားပြီး လူတစ်ယောက်ဟာ လေထဲကနေ ပေါ်လာကာ လက်ခြေတွေ ယမ်းပြီး အောက်ကို ပြုတ်ကျလာပါတယ်။
ဝုန်း
အောက်မှာ ကျင်းကြီးတစ်ခု ဖြစ်သွားပြီး ဖန့်ချန်က ကျင်းနံရံကို အားပြုပြီး ထရပ်လိုက်ပါတယ်။
ခုနက အခြေခံတည်ဆောက်ခြင်းအဆင့် နှစ်ယောက်ကတော့ အပေါ်က ပြုတ်ကျလာတဲ့ လူရဲ့ ဖိမိမှုကြောင့် ဝိညာဉ်ပါ ပျောက်ပြီး ပြာဖြစ်သွားကြပါပြီ။
အဓိက တရားခံကတော့ ကျင်းရဲ့ အလယ်မှာ လဲလျောင်းနေပါတယ်။
"ဟေ့ကောင်လေး... ဒီနေရာက ဘယ်နေရာလဲ"
အဲဒီလူက ရုတ်တရက် ထထိုင်လိုက်ပြီး ဖန့်ချန်ကို လှမ်းဖမ်းလိုက်ပါတယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားကြောင့် ဖန့်ချန်ဟာ ဘာမှ ပြန်မခုခံနိုင်ဘဲ တစ်ဖက်လူရဲ့ ရှေ့ကို ပါသွားပါတယ်။
ဖန့်ချန်ရဲ့ စိတ်ထဲမှာတော့ တည်ငြိမ်နေဆဲပါပဲ၊ သူက ရိုရိုသေသေပဲ ပြောလိုက်ပါတယ်
"စီနီယာ... ဒီနေရာက မြေဝက်ဝံကြယ် ပါ"
သူဟာ ချောင်ဖုန်းမြေက ကျင့်ကြံသူတွေရဲ့ ပါးစပ်ကနေ ဒီအမည်ကို ကြားဖူးခဲ့တာပါ။