အခန်း (၁၀၆၁-၁၀၆၂)
Vol. 107 Ch. 1061-1062
အခန်း (၁၀၆၁) ရွှမ်ကွမ်းဂိုဏ်း
ရွှင်အဘိုးအိုရဲ့ စကားတွေကြောင့် ဖန့်ချန်ဟာ မူလဝိညာဉ် ၁၀ ခု ခွဲထုတ်ဖို့ ကြိုးစားချင်တဲ့ စိတ်ကူးကို လက်လျှော့လိုက်ပါတယ်။
"ဒါဆိုရင် ၉ ခုပဲ ခွဲထုတ်တော့မယ်"
ဖန့်ချန်က ပြောပါတယ်။
"၉ ခုလား"
ရွှင်အဘိုးအိုက ထူးဆန်းတဲ့ မျက်နှာပေးနဲ့
"ငါ မင်းအတွက် တွက်ပြမယ် ဝိညာဉ်စုစည်းရည် တစ်ကျပ်သား ကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃၀၀ ပေးရတယ် ဒါက တောရိုင်းကျောင်းက မင်းကိုပေးတဲ့ အရင်းဈေးပဲ ရှိသေးတာ"
"ဝိညာဉ် ၁ ခု ခွဲရင် ၁ ကျပ်သား လိုတယ် ၂ ခုဆိုရင် ၃ ကျပ်သား၊ ၃ ခုဆိုရင် ၅ ကျပ်သား လိုတယ် ၄ ခုဆို ၇ ကျပ်သား၊ ၅ ခုဆို ၉ ကျပ်သား၊ ၆ ခုဆိုရင် ၁ ပိဿာ ၂ ကျပ်သား ၇ ခုဆိုရင် ၂ ပိဿာ၊ ၈ ခုဆိုရင် ၄ ပိဿာ၊ ၉ ခုဆိုရင်တော့ ၁၀ ပိဿာ တိတိ လိုတယ်"
"မင်းက ဝိညာဉ် ၉ ခု ခွဲထုတ်ဖို့ ရည်ရွယ်ထားတယ်ဆိုတော့ အနည်းဆုံး အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၃ သောင်းတော့ အခြေခံ လိုလိမ့်မယ် ဒါပေမဲ့ အခု ပြဿနာက တောရိုင်းကျောင်းမှာ ဝိညာဉ်စုစည်းရည် အရန်သင့်ရှိတာက ၂ ပိဿာတောင် မပြည့်ဘူး"
ရွှင်အဘိုးအိုက မျက်မှောင်ကြုတ်ရင်း
"ဝိညာဉ်စုစည်းရည် ဆိုတာ တည်ငြိမ်ပန်း ရဲ့ ပန်းဝတ်ရည်ပဲ တစ်ခါတစ်ရံမှာ နတ်ဘုရားအကြွင်းအကျန် နယ်မြေ တွေမှာ တွေ့ရတတ်သလို လူသူမရောက်တာ ကြာပြီဖြစ်တဲ့ နေရာအချို့မှာလည်း နည်းနည်းပါးပါး တွေ့နိုင်တယ်"
"ဥပမာ နတ်မိစ္ဆာပင်လယ် ထဲမှာ နှစ်ပေါင်းသောင်းနဲ့ချီ လူသူမနင်းသေးတဲ့ ကျွန်းတွေ အများကြီး ရှိတယ်၊ အဲဒီမှာ တည်ငြိမ်ပန်းတွေ ပေါက်နေဖို့ အခွင့်အရေး ရှိတာပဲ"
"ဒါတွေအပြင် ဝိညာဉ်စုစည်းရည် အများအပြားကိုတော့ ချောင်ဖုန်းမြေမှာ သွားဝယ်ရလိမ့်မယ် အဲဒီမှာ အရေအတွက် ပိုများပေမဲ့ ဈေးနှုန်းကတော့... တောရိုင်းကျောင်းက မင်းကို ပေးတဲ့ဈေးထက် ပိုကြီးလိမ့်မယ် တစ်ကျပ်သားကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၄၀၀ ဒါမှမဟုတ် ၅၀၀ လောက် ပေးရနိုင်တယ်"
"စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူ တော်တော်များများဟာ သူတို့ဘဝမှာ ဝိညာဉ်ခွဲဖြာဖို့ အခွင့်အရေး မရကြဘူး ပါရမီနဲ့ သက်တမ်း ကန့်သတ်ချက်တွေကြောင့်တင် မကဘူး၊ ဝိညာဉ်စုစည်းရည် ကလည်း အဓိက အဟန့်အတား တစ်ခုပဲ"
သူက ခေတ္တရပ်ပြီး
"လောလောဆယ် တောရိုင်းကျောင်းက တပည့်တချို့လည်း ဝိညာဉ်ခွဲဖို့ ပြင်နေကြတာဆိုတော့ မင်းကို အများဆုံး ၁ ပိဿာ ၂ ကျပ်သားပဲ ရောင်းပေးနိုင်မယ် မင်း တကယ်ပဲ ဝိညာဉ် ၉ ခု ခွဲထုတ်ချင်တယ်ဆိုရင် ကျန်တဲ့ လိုအပ်ချက်ကိုတော့ ကိုယ့်ဘာသာကိုယ် ရှာဖွေဖြည့်ဆည်းရလိမ့်မယ်"
ဖန့်ချန် စိတ်ထဲမှာ အံ့ဩသွားပါတယ်။
ဒီဈေးနှုန်းက တော်တော်ကြီးတာပဲ။
သာမန် ဝိညာဉ်ထွက်ခွာခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်မှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၀၀ လောက် ရှိရင်ပဲ သူဌေးလေးလို့ ခေါ်လို့ရနေပြီ။
သူတို့အတွက်ဆိုရင် ဝိညာဉ် ၂ ခု ခွဲထုတ်ဖို့တောင် သူတို့ပိုင်ဆိုင်သမျှ အကုန်ပုံအောရမယ့် အခြေအနေပါ။
ကံကောင်းတာက သူ့မှာတော့ ဒီအတွက် စိုးရိမ်စရာ မရှိပါဘူး။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၆ သောင်းကျော် ရှိနေတာကို ထားဦး၊ သူ့ဆီက အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၅၀ ကျော်ကတင် သူ့အတွက် ယုံကြည်မှုတစ်ခုပဲ။
အဆင့်မြင့် ဝိညာဉ်ကျောက်တုံးနဲ့ အလယ်အလတ်အဆင့်ကြားမှာ ပုံသေလဲလှယ်နှုန်း မရှိသလို၊ ဘယ်သူကမှလည်း အရည်အသွေးနိမ့်တဲ့ အလယ်အလတ်အဆင့် ကျောက်တုံးတွေနဲ့ လဲချင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ သူသာ လဲချင်တယ်ဆိုရင် တစ်ဖက်လူ လက်ခံနိုင်တဲ့ ဈေးနှုန်းဖြစ်တဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၁ တုံးကို အလယ်အလတ် ၁ သိန်းနဲ့ လဲမယ်ဆိုရင်တောင် ဖြစ်နိုင်ပါတယ်။
"ဝိညာဉ်စုစည်းရည် ကန့်သတ်ချက်အပြင်၊ ဒီခွဲထွက်လာတဲ့ ဝိညာဉ်တွေ ကျင့်ကြံဖို့အတွက်လည်း မင်းမှာ လုံလောက်တဲ့ အမွေအနှစ်ကျင့်စဉ် တွေ ရှိဖို့ လိုတယ်နော်"
ရွှင်အဘိုးအိုက ဆက်ပြောပါတယ်
"တကယ်လို့ အကုန်လုံးက ကျင့်စဉ်တစ်ခုတည်းကိုပဲ ကျင့်ကြံမယ်ဆိုရင် ပေါင်းစပ်ခြင်းအဆင့် ရောက်တဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးက သိပ်မကြီးမားလှဘူး"
"အကျိုးကျေးဇူး မကြီးဘူးလား"
ရွှင်အဘိုးအိုက ခေါင်းငြိတ်ရင်း
"မင်း ပုံမှန် ကျင့်ကြံနိုင်တာက ကျင့်စဉ် ၁ မျိုး ဒါမှမဟုတ် ၂ မျိုးပဲ ရှိတာပဲ အဲဒီထက် ပိုရင် ဘယ်မှာ အင်အား ရှိတော့မှာလဲ ဟိုနည်းနည်း ဒီနည်းနည်း လိုက်ကျင့်နေရင် နောက်ဆုံးမှာ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ဘူး"
"ဒါကြောင့် ဝိညာဉ်ခွဲပြီးတဲ့အခါ ခွဲထွက်လာတဲ့ ဝိညာဉ်တစ်ခုချင်းစီမှာ ကိုယ်ပိုင် ကျင့်စဉ်တွေ ရှိရမယ် အဲဒါမှ ပေါင်းစပ်တဲ့အခါ အကျိုးကျေးဇူး အများဆုံး ရမှာ တကယ်လို့ ကျင့်စဉ်တွေ အဲဒီလောက် မရှိဘူးဆိုရင်တော့ ဝိညာဉ်တွေ အများကြီး ခွဲထုတ်နေဖို့ မလိုပါဘူး"
"သတိပေးလမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရွှင်အဘိုး"
ဖန့်ချန်က စဉ်းစားဟန်နဲ့ ခေါင်းငြိတ်လိုက်ပါတယ်။
သူ့ရဲ့ ကျင့်ကြံခြင်းနည်းလမ်းဆိုလို့ အခုထိ တာအိုသုံးထောင်ကျင့်စဉ် တစ်ခုတည်းသာ ရှိပါသေးတယ်။
ဒါပေမဲ့... သူ တတ်မြောက်ထားတဲ့ နည်းဗျူဟာ တွေကတော့ နွားမွေးထက်တောင် များပါသေးတယ်။
ကောင်းကင်လှည့်စားခြင်းအတတ် တင်ပဲ နည်းလမ်းအမျိုးမျိုး ရှိနေတာပါ။
ရှစ်မျက်နှာအရပ် ဓားကျမ်း
မဟာကောင်းကင်ဘုံ ဆေးဖော်စပ်ခြင်းအတတ်
ပြီးတော့ လက်ထဲ မရောက်သေးတဲ့ ရွှမ်ယန် ခန္ဓာလေးပါးအတတ်
သူကတော့ ဝိညာဉ် ၉ ခု ခွဲထုတ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီလိုမှသာ ဒီအတတ်ပညာတွေကို ဝိညာဉ်တစ်ခုချင်းစီက အာရုံစိုက်ပြီး တစ်ခုချင်းစီ ကျင့်ကြံနိုင်မှာဖြစ်သလို၊ ပိုပြီး ခိုင်မာတဲ့ အခြေခံကို တည်ဆောက်နိုင်မှာပါ။
ရွှင်အဘိုးအိုက တစ်ခုခုကို သတိထားမိပုံရပြီး လက်တစ်ချက် ဝေ့ယမ်းလိုက်ရာ သူ့လက်ထဲမှာ ကျောက်စိမ်းပုလင်းတစ်လုံး ပေါ်လာပါတယ်။
"ထဲမှာ ဝိညာဉ်စုစည်းရည် ၁ ပိဿာ ၂ ကျပ်သား ပါတယ်၊ ယူသွားလိုက်တော့"
သူက အေးအေးဆေးဆေး ပြောပါတယ်။
ဖန့်ချန်က ဝိညာဉ်ကျောက်တုံးတွေ ထုတ်ပေးဖို့ ပြင်လိုက်ပေမဲ့ ရွှင်အဘိုးအိုက သက်ပြင်းတစ်ချက်ချကာ လက်ကာပြလိုက်ပြီး
"ထားလိုက်ပါတော့၊ မင်းရဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကို မယူတော့ဘူး ဒါကို လူကြီးက လူငယ်ကို ပေးတဲ့ လက်ဆောင်လို့ပဲ သဘောထားပြီး လက်ခံလိုက်ပါ"
"ကျေးဇူးတင်ပါတယ် ရွှင်အဘိုး"
ဖန့်ချန်က ငြင်းဆန်မနေတော့ဘဲ ဝိညာဉ်စုစည်းရည်ကို ပြုံးပြုံးလေး လက်ခံလိုက်ပါတယ်။
ခဏလောက် စကားစမြည် ပြောဆိုပြီးနောက်မှာတော့ သူ လှည့်ထွက်လာခဲ့ပါတယ်။
"ဒီကောင်လေးက ဝိညာဉ် ၉ ခု ခွဲထုတ်မလို့လား အဲဒါဆို ပေါင်းစပ်ခြင်းအဆင့်ကို တက်နိုင်ပါဦးမလား..."
ရွှင်အဘိုးအိုက တိုးတိုးလေး ရေရွတ်ရင်း ခေါင်းခါလိုက်ပါတယ်
"ဝိညာဉ် ၉ ခု ခွဲထုတ်ဖို့ဆိုတာ မလွယ်ဘူး ဒီကိစ္စက အောင်မြင်ချင်မှ အောင်မြင်မှာပါ"
...
ဝိညာဉ်စုစည်းရည်တွေကို စုဆောင်းရ လွယ်ကူစေဖို့အတွက် ဖန့်ချန်ဟာ ဝိညာဉ်ကျောက်တုံး အမြောက်အမြား အကုန်အကျခံပြီး မှန်လေး ကို လမ်းညွှန်ခိုင်းလိုက်ပါတယ်။
ရုတ်တရက်ကြီး အလုပ်မပင်ပန်းဘဲ အကျိုးအမြတ်များတဲ့ အလုပ် ရလိုက်တာကြောင့် မှန်လေးဟာ အင်မတန် စိတ်လှုပ်ရှားနေပါတယ်။
မှန်လေးရဲ့ လမ်းညွှန်မှုနဲ့အတူ ဖန့်ချန်ဟာ ဈေးတန်းတွေ၊ ဂိုဏ်းတွေ၊ တောင်တောတွေနဲ့ ကုန်သည်ကြီးများအသင်း အချို့ကို ရောက်ခဲ့ပါတယ်။
ဝိညာဉ်စုစည်းရည် ဆိုတာ မဟာဗျူဟာမြောက် အရန်ပစ္စည်း ဖြစ်တာကြောင့် မလွဲသာမရှောင်သာ အခြေအနေမျိုး မဟုတ်ရင် ဘယ်သူမှ ထုတ်မရောင်းကြပါဘူး၊ ကိုယ့်ဂိုဏ်းက တပည့်တွေကိုပဲ ဦးစားပေး ကြတာပါ။
ဒါကြောင့် တစ်ခါတလေ ကံကောင်းရင် ၁ ကျပ်သားလောက် ဝယ်ရတတ်ပြီး၊ များသောအားဖြင့်တော့ ၂ ပဲ၊ ၃ ပဲ စသဖြင့်ပဲ စုဆောင်းနေရတာပါ။
သာမန်ကျင့်ကြံသူတစ်ယောက်သာဆိုရင် ဝိညာဉ်စုစည်းရည် ၁၀ ပိဿာရဖို့ အနည်းဆုံး နှစ်ပေါင်း ၁၀၀ လောက် အချိန်ကုန်ရပါလိမ့်မယ်။
အချိန်အများစုကို ခရီးလမ်းမှာ ဖြုန်းတီးရမှာပါ။
ဒါပေမဲ့ ဖန့်ချန်မှာတော့ ဒီအတွက် စိုးရိမ်စရာ မရှိပါဘူး။
သူဟာ အဆက်မပြတ် ယင်လောကကူးသန်းခြင်း ကို သုံးပြီး နေရာအနှံ့ကို အမြန်ဆုံး ရောက်ရှိနိုင်ပါတယ်။
ယင်လောကကူးသန်းခြင်းနဲ့ သွားလို့မရတဲ့ နေရာတွေကိုမှ သူက ဓားပျံနဲ့ သွားတာပါ။
ဝိညာဉ်စုစည်းရည်တွေ ပိုများလာတာနဲ့အမျှ သူ့ရဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးတွေကလည်း ပိုပြီး ကုန်ဆုံးလာပါတယ်။
လအနည်းငယ် ကြာပြီးနောက်မှာတော့ ဖန့်ချန်ဟာ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုရဲ့ ရှေ့ကို ရောက်လာပါတယ်။
ဆိုင်းဘုတ်ပေါ်က ရွှမ်ကွမ်းဂိုဏ်း ဆိုတဲ့ စာလုံးကြီး ၃ လုံးကို ကြည့်ရင်း သူ့ရဲ့ ခံစားချက်တွေ ရှုပ်ထွေးနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မော်ယွန်နိုင်ငံမှာ သူဟာ ဝိညာဉ်သန္ဓေအဆင့် အလောင်းတစ်ခုကို တွေ့ခဲ့ဖူးပါတယ်။
အဲဒါက ရွှမ်ကွမ်းဂိုဏ်းက ကျင့်ကြံသူ တုဖေး ရဲ့ အလောင်းပါ။
ရွှမ်ကွမ်းဂိုဏ်းရဲ့ မဟာစီနီယာကြီးဟာ သွေးဝိညာဉ်ဂိုဏ်း က ကျင့်ကြံသူ ဖြစ်နေပြီး ကြောက်စရာကောင်းတဲ့ အစီအစဉ်တစ်ခုကို ကြံစည်နေတာကို တုဖေး သိသွားခဲ့ပါတယ်။
ဒါကြောင့် လိုက်လံသတ်ဖြတ်ခံရပြီး နောက်ဆုံးမှာ တိုင်းတစ်ပါးမှာ အသက်ပျောက်ခဲ့ရတာပါ။
ဖန့်ချန်မှာ ရွှမ်ကွမ်းဂိုဏ်းကို လာဖို့ အချိန်မအားလပ်ခဲ့ပါဘူး။
အခု ဝိညာဉ်စုစည်းရည် စုဆောင်းရင်းနဲ့မှ တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာကို ရောက်လာရတာပါ။
"ဒီမှာ တကယ်ပဲ ဝိညာဉ်စုစည်းရည် ၁ ပိဿာ ၂ ကျပ်သား ရှိတာ သေချာလား "
ဖန့်ချန် နည်းနည်းတော့ မသေချာသလို မေးလိုက်ပါတယ်။
"အစ်ကို ဒီလိုကိစ္စမျိုးမှာ ငါ ဘယ်တုန်းက မှားဖူးလို့လဲ ဒါပေမဲ့ တစ်ဖက်လူက ရောင်းမရောင်း ဆိုတာကိုတော့ ငါ မတတ်နိုင်ဘူး"
မှန်လေးက ပြန်ပြောပါတယ်။
"၁ ပိဿာ ၂ ကျပ်သား ဆိုတော့... စိတ်ဝိညာဉ်ထွက်ခွာခြင်း အထွတ်အထိပ် တစ်ယောက်ယောက်က ဝိညာဉ် ၆ ခု ခွဲထုတ်ပြီး ဝိညာဉ်ခွဲဖြာခြင်းအဆင့်ကို တက်ဖို့ ရည်ရွယ်ထားတာ ဖြစ်ရမယ်..."
ဖန့်ချန် အတွေးတွေ လှုပ်ရှားသွားပါတယ်။
အရင်တုန်းက သူနဲ့ ယွီလေး တို့ ခရီးသွားတုန်းက ရွှမ်ကွမ်းဂိုဏ်းက ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်၊ နာမည်က ပိုင်ရှို့ကျဲ ထင်ပါတယ်။
အဲဒီလူ ပြောတာကတော့ ရွှမ်ကွမ်းဂိုဏ်းရဲ့ မဟာစီနီယာကြီးဟာ စိတ်ဝိညာဉ်ထွက်ခွာခြင်းအဆင့်ကို ရောက်သွားပြီဖြစ်သလို၊ နတ်ဘီလူးဂိုဏ်း က အမျိုးသမီးကျင့်ကြံသူ တစ်ယောက်နဲ့လည်း အဖော်ပြု ခဲ့တယ် ဆိုတာပါပဲ။
တကယ်လို့ ဒီမှာ တစ်ယောက်ယောက်က ဝိညာဉ်ခွဲဖြာခြင်းအဆင့်ကို တက်ဖို့ ပြင်နေတာဆိုရင် အဲဒီ မဟာစီနီယာကြီးပဲ ဖြစ်ဖို့ များပါတယ်။
သွေးဝိညာဉ်နတ်ဘုရားဆေးလုံးတွေကို မြိုချမှသာ ကျင့်ကြံခြင်းအဆင့်က ဒီလောက် မြန်မြန်ဆန်ဆန် တက်လှမ်းနိုင်မှာပါ။
ကျင့်ကြံခြင်းဂိုဏ်းတစ်ခု ဖြစ်တာကြောင့် လူတစ်ယောက်က တောင်တံခါးရှေ့မှာ အကြာကြီး ရပ်နေတာကို သူတို့ သတိထားမိနေကြပါပြီ။
ဒါပေမဲ့ ရွှမ်ကွမ်းဂိုဏ်းရဲ့ ကင်းစောင့်ကျင့်ကြံသူတွေက အနားမကပ်ရဲကြပါဘူး။
ဘာလို့လဲဆိုတော့ ဖန့်ချန် ပေးနေတဲ့ အရှိန်အဝါက သူတို့အတွက် နက်နဲလွန်းနေလို့ပါ။
ခဏအကြာမှာတော့ လူရိပ်တစ်ခု လေထဲကနေ ဆင်းသက်လာပါတယ်။
အဲဒါက ဝိညာဉ်သန္ဓေအဆင့် အမျိုးသမီး ကျင့်ကြံသူတစ်ယောက်ပါ။
တောင်စောင့်တပည့်တွေက မြင်တာနဲ့ တစ်ပြိုင်နက် အရိုအသေ ပေးလိုက်ကြတယ်
"ဂါရဝပြုပါတယ် စီနီယာ ဟွေ့ရု"
တုဟွေ့ရု က ခေါင်းငြိတ်ပြလိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ အေးအေးဆေးဆေး မေးလိုက်ပါတယ်
"သူ ဒီမှာ ရှိနေတာ ဘယ်လောက် ကြာပြီလဲ"
"ခဏတော့ ရှိပါပြီ၊ ဒါပေမဲ့ ဂိုဏ်းထဲဝင်ဖို့လည်း မပြောဘူး လာတဲ့သူက ရန်သူလား မိတ်ဆွေလား မသိတာနဲ့ စီနီယာ့ဆီ သတင်းပို့လိုက်တာပါ"
"ကောင်းပြီ"
တုဟွေ့ရုက ခေါင်းငြိတ်လိုက်ပြီး ကျင့်ကြံသူတစ်စုကို ဦးဆောင်ကာ တောင်တံခါးကနေ ထွက်လာပါတယ်။ ဝေးဝေးကနေတင် ဖန့်ချန်ကို လက်အုပ်ချီ နှုတ်ဆက်လိုက်တယ်
"ရွှမ်ကွမ်းဂိုဏ်း စီနီယာ တုဟွေ့ရု ပါ၊ မိတ်ဆွေကို တွေ့ရတာ ဝမ်းသာပါတယ်"
သူမဟာ တစ်ဖက်လူရဲ့ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ပါဘူး၊ ဒါဟာ တစ်ဖက်လူက သူမထက် အဆင့်မြင့်နေတာကို ပြနေတာပါ။
"မင်းရဲ့ မျိုးရိုးကလည်း တု ပဲလား"
ဖန့်ချန်က တုဟွေ့ရုကို ကြည့်ပြီး မေးလိုက်ပါတယ်။
သူ့ရဲ့ မျက်လုံးသူငယ်အိမ်တွေ ဖြူဖတ်ဖြူလျော် ဖြစ်နေတာကို မြင်တော့ တုဟွေ့ရု စိတ်ထဲမှာ အံ့ဩသွားမိတယ်၊ သူက မျက်မမြင်လား
ဒါပေမဲ့ သူမက တစ်ဖက်လူရဲ့ စကားကို ပိုပြီး ဂရုစိုက်မိသွားပါတယ်။
"မိတ်ဆွေက တု မျိုးရိုးတူတဲ့ တခြား ရွှမ်ကွမ်းဂိုဏ်း ကျင့်ကြံသူကို တွေ့ဖူးလို့လား"
တုဟွေ့ရုရဲ့ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပါတော့တယ်။
အခန်း (၁၀၆၂) မင်းရဲ့ အသက်နဲ့လဲရမယ်
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိတ်လိုက်တယ်
"ကျွန်တော် ဝိညာဉ်သန္ဓေအဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်၊ နာမည်က တုဖေး တဲ့"
"တုဖေး စီနီယာလား"
ကျင့်ကြံသူအားလုံး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
တုဖေး ပျောက်ဆုံးနေတာ နှစ်အတော်ကြာပြီ ဖြစ်တဲ့အတွက် သူတို့အားလုံးက တုဖေး အပြင်မှာ သေဆုံးသွားပြီလို့ပဲ ထင်နေကြတာပါ။
တုဟွေ့ရုက စိတ်လှုပ်ရှားစွာနဲ့ ရှေ့ကို ခြေလှမ်းအနည်းငယ် တက်လာပြီး
"ကျွန်မအစ်ကို ဘယ်မှာလဲဆိုတာ သိပါသလား"
"ဒါကတော့... အတွင်းထဲဝင်ပြီးမှ ပြောကြတာပေါ့"
ဖန့်ချန်က ပြုံးလိုက်ပါတယ်။
တုဟွေ့ရုက အားနာတဲ့ဟန်နဲ့
"မိတ်ဆွေ ပြောတာ မှန်ပါတယ်၊ ကျွန်မဘက်က ယဉ်ကျေးမှု ပျက်ကွက်သွားပါတယ်"
ဖန့်ချန်ဟာ တုဟွေ့ရုနောက်ကို လိုက်ပြီး ရွှမ်ကွမ်းဂိုဏ်းရဲ့ ဧည့်ခန်းကို ရောက်သွားပါတယ်။
လက်ဖက်ရည်နဲ့ မုန့်တွေ စုံလင်သွားတဲ့အခါ တုဟွေ့ရုက မနေနိုင်ဘဲ ထပ်မေးပြန်ပါတယ်၊ တကယ်လို့ တုဖေးရဲ့ သတင်းအစအနသာ သိရမယ်ဆိုရင် သူမဘက်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၃ ထောင် ပေးဖို့ အသင့်ရှိကြောင်းလည်း ပြောပါတယ်။
"တုမိတ်ဆွေ... မင်း စိတ်ပျက်ရလိမ့်မယ် ထင်တယ်၊ တုဖေးမိတ်ဆွေက ကွယ်လွန်သွားပါပြီ ကျုပ် တွေ့ခဲ့တာကလည်း သူ့ရဲ့ အရိုးစုကိုပဲ တွေ့ခဲ့တာပါ"
ဖန့်ချန်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး တိုးတိုးလေး ပြောလိုက်ပါတယ်။
"ကွယ်လွန်သွားပြီ"
တုဟွေ့ရု ခဏလောက် မှင်တက်သွားပြီးမှ ခေါင်းကို အဆက်မပြတ် ခါယမ်းလိုက်တယ်
"ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ကျွန်မအစ်ကိုက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူပဲ သက်တမ်းလည်း အများကြီး ကျန်ပါသေးတယ်၊ ဘယ်လိုလုပ် အလွယ်တကူ ကွယ်လွန်သွားမှာလဲ"
ဖန့်ချန်က ဘာမှ ပြန်မပြောပါဘူး။
တုဟွေ့ရုရဲ့ မျက်နှာက တဖြည်းဖြည်း ညှိုးနွမ်းလာပြီး ဖန့်ချန်က အရိုးစုတစ်ခုနဲ့ ကျောက်ပြားတစ်ခုကို ထုတ်ပေးလိုက်တဲ့ အချိန်မှာတော့ ပိုဆိုးသွားပါတယ်။
တုဖေးက ကျောက်ပြားပေါ်မှာ သေတမ်းစာ ရေးထွင်းခဲ့တာပါ။
ဖန့်ချန်က နောင်တစ်ချိန်မှာ အရိုးစုကို ပြန်ပို့ပေးဖြစ်ရင် အကြောင်းရင်းကို ရှင်းပြလို့ လွယ်အောင် ကျောက်ပြားကိုပါ တူးယူပြီး ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။
တုဟွေ့ရုက အရိုးစုကို ခံစားချက်မဲ့စွာ ကြည့်လိုက်ပြီး ကျောက်ပြားပေါ်က လက်ရေးတွေကို ဖတ်ကြည့်တဲ့အခါမှာတော့ သူမရဲ့ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပါတယ်။
စိတ်ပျက်မှု၊ ဝမ်းနည်းမှု၊ ဒေါသထွက်မှု စတဲ့ ခံစားချက်မျိုးစုံ သူမရဲ့ မျက်လုံးထဲမှာ ရောပြွမ်းသွားပါတယ်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာ သူမက သက်ပြင်းတစ်ချက်ကို ပြင်းပြင်းရှူလိုက်ပြီး ဖန့်ချန်ကို အေးအေးစက်စက် ပြောလိုက်တယ်
"ဒါ ကျွန်မအစ်ကို မဟုတ်ဘူး၊ မင်း လူမှားနေပြီ ထင်တယ်၊ တခြားကိစ္စ မရှိရင် ပြန်လို့ ရပါပြီ"
ဖန့်ချန်က သူမကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်တယ်
"မင်းမှာ ပြောရခက်တဲ့ အခက်အခဲ တစ်ခုခု ရှိနေပုံပဲ တကယ်တော့ ကိစ္စမရှိပါဘူး၊ ကျုပ် ဒီနေ့ တုဖေးရဲ့ အရိုးစုကို လာပို့ကတည်းက ဒီနေရာမှာ ဘယ်လို အန္တရာယ်ပဲ ရှိရှိ မကြောက်ပါဘူး"
"ဒီကျောက်ပြားပေါ်က စာတွေက အကုန်လုံး အဓိပ္ပာယ်မရှိတဲ့ စာတွေပဲ ငါတို့ဂိုဏ်းရဲ့ မဟာစီနီယာကြီးက အခု စိတ်ဝိညာဉ်ထွက်ခွာခြင်း အထွတ်အထိပ်ကို ရောက်နေပြီ၊ သူက ရွှမ်ကွမ်းဂိုဏ်းရဲ့ နှစ်ပေါင်းတစ်ထောင်အတွင်း အတော်ဆုံး ကျင့်ကြံသူပဲ"
တုဟွေ့ရုက လေသံမာမာနဲ့
"ကျောက်ပြားပေါ်က အကြောင်းအရာတွေက မဟာစီနီယာကြီးကို သိက္ခာချဖို့ လုပ်ထားတာတွေချည်းပဲမင်း အခု ချက်ချင်း ထွက်မသွားရင် ခဏနေရင် ထွက်သွားလို့ ရမှာ မဟုတ်တော့ဘူး"
"မိန်းမ... ဧည့်သည်ကြီး ရောက်နေတယ်လို့ ကြားတယ် မင်းအစ်ကိုကိုလည်း သိတယ်ဆို"
ရုတ်တရက် သက်လတ်ပိုင်း အမျိုးသားတစ်ယောက်က ကျင့်ကြံသူတစ်စုကို ဦးဆောင်ပြီး ဧည့်ခန်းထဲ ဝင်လာပါတယ်။
သူက တုဟွေ့ရုနဲ့ ဖန့်ချန်ကို ပြုံးပြုံးလေး ကြည့်လိုက်ပါတယ်။
"ဒါ ကျွန်မရဲ့ ခင်ပွန်းပါ၊ ခုနက မင်းပြောတဲ့ ငါတို့ဂိုဏ်းရဲ့ မဟာစီနီယာကြီးက သူ့ရဲ့ ဖခင်ပဲ"
တုဟွေ့ရုက ဖန့်ချန်ကို မိတ်ဆက်ပေးလိုက်ပြီး ခင်ပွန်းဖြစ်သူကို လှည့်ပြုံးပြလိုက်တယ်
"အထင်လွဲတာပါ၊ ဒီမိတ်ဆွေက အရေးကြီးကိစ္စ ရှိလို့ အခုပဲ ထွက်သွားတော့မလို့ပါ"
အရိုးစုနဲ့ ကျောက်ပြားကို တုဟွေ့ရုက အမြန် သိမ်းလိုက်ပါပြီ။
သူမရဲ့ လုပ်ရပ်က ထင်ရှားလှပါတယ်။
လူအ မဟုတ်ရင် ဘယ်သူမဆို ဒီအခြေအနေကို ရိပ်မိမှာပါ။
"ထွက်သွားမလို့ ငါတို့ ရွှမ်ကွမ်းဂိုဏ်းရဲ့ ဧည့်ဝတ်ပြုမှုက ဒီလိုမျိုး မဟုတ်ဘူးလေ၊ ဒါသာ အပြင်ကို ပေါက်ကြားသွားရင် သူများတွေ ငါတို့ကို ဘယ်လို မြင်မလဲ"
အမျိုးသားက ရယ်မောရင်း
"အထင်လွဲတာပဲ ဖြစ်ဖြစ်၊ ရောက်လာမှတော့ ရက်အနည်းငယ်လောက် တည်းခိုသွားပါဦး၊ ငါတို့ သေသေချာချာ ဧည့်ခံပါရစေ"
သူက ဖန့်ချန်ကို နူးညံ့တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်
"မိတ်ဆွေက တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ဒီမှာ... မနေရဲတာမျိုး မဟုတ်ရင်ပေါ့လေ"
ဧည့်ခန်းအပြင်ဘက်မှာ ကျင့်ကြံသူတွေ ဝိုင်းထားတာကို တုဟွေ့ရု သတိထားမိသွားပြီး သူမရဲ့ မျက်လုံးထဲမှာ တုန်လှုပ်မှုတွေ ဖြတ်ပြေးသွားပါတယ်။
"ပွင့်ပွင့်လင်းလင်းပဲ ပြောကြစို့၊ ကျုပ် ဒီနေ့ လာတာက တုဖေးရဲ့ အရိုးစုကို ရွှမ်ကွမ်းဂိုဏ်းဆီ ပြန်ပို့ဖို့တင် မဟုတ်ဘူး၊ သူပြောခဲ့တဲ့ အဲဒီ မဟာစီနီယာကြီးနဲ့လည်း တွေ့ဖို့ ရည်ရွယ်ထားတာ"
ဖန့်ချန်က လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံ သောက်လိုက်တယ်
"ဒီလောက်ကြီး လူအင်အား သုံးနေဖို့ မလိုပါဘူး၊ ကျုပ်က တစ်ယောက်တည်းပါ"
"တုဖေးရဲ့ အရိုးစု"
အမျိုးသားရဲ့ နောက်က ကျင့်ကြံသူတွေ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
"ဒါဆိုရင်... တုဖေး ပျောက်ဆုံးနေတာ နှစ်အတော်ကြာတာက မင်းလက်ချက်နဲ့ သေသွားလို့ပေါ့"
အမျိုးသားက မျက်မှောင်ကြုတ်ပြီး တုဟွေ့ရုကို ဆွဲလိုက်တယ်
"မိန်းမ... မင်း တကယ်ပဲ မိုက်မဲတာပဲ၊ ဒီလို လူသတ်သမားကို ဂိုဏ်းထဲအထိ ဖိတ်ခေါ်လာရလား၊ မင်းဝမ်းထဲက သွေးသားလေးကို ထိခိုက်ရင် ဘယ်လိုလုပ်မလဲ "
ဖန့်ချန် သဘောပေါက်သွားပါတယ်။
တုဟွေ့ရုရဲ့ ဗိုက်ထဲမှာ သက်ရှိလေးတစ်ခု စုစည်းနေတာကို သူ တကယ်ပဲ မြင်လိုက်ရပါတယ်။
ဒါကြောင့်မို့လို့လည်း တုဟွေ့ရုရဲ့ တုံ့ပြန်မှုက ဒီလောက် ထူးဆန်းနေတာပါ။
"မင်းအဖေက သွေးဝိညာဉ်ဂိုဏ်းဝင် ကျင့်ကြံသူပဲ၊ အခု မင်းရဲ့ သဘောထားကို ကြည့်ရတာ မင်းလည်း သွေးဝိညာဉ်ဂိုဏ်းဝင်ပဲ ဖြစ်ရမယ် ဟုတ်တယ်မလား"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်တယ်
"သူ့ကို သွားခေါ်လိုက်ပါ ဆက်ပြောမယ့် စကားတွေက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဝင်ပါဖို့ အရည်အချင်း မရှိသေးဘူး"
အမျိုးသားရဲ့ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး ဖန့်ချန်ကို သတိကြီးစွာ စိုက်ကြည့်လိုက်ပါတယ်။
သူ့နောက်က ကျင့်ကြံသူတွေကတော့ ကြောင်တောင်တောင် ဖြစ်နေကြပါတယ်။
သူတို့တွေ သွေးဝိညာဉ်ဂိုဏ်း အကြောင်းကို သိကြပေမဲ့၊ ရွှမ်ကွမ်းဂိုဏ်းက သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်နေလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးကြပါဘူး။
"မင်းက ငါ့ကို တွေ့ချင်နေတာလား၊ ငါ လာခဲ့ပြီ"
လူရိပ်တစ်ခုဟာ ဧည့်ခန်းထဲကို ဖြည်းဖြည်းချင်း ဝင်လာပါတယ်။
အားလုံးက မြင်တာနဲ့ တစ်ပြိုင်နက် အရိုအသေ ပေးလိုက်ကြပါတယ်။
လာတဲ့သူက ကိုယ်လုံးကိုယ်ထည် တောင့်တင်းပြီး တည်ငြိမ်တဲ့ အရှိန်အဝါ ရှိပါတယ်။
ဆံပင်တွေ ဖြူနေပေမဲ့ စွမ်းအင်တွေ ပြည့်ဝနေပုံရတယ်၊ ဒါပေမဲ့ သူ့ရဲ့ အကြည့်ကတော့ အနည်းငယ် မှောင်မိုက်နေပါတယ်။
သူက ဖန့်ချန်ကို အေးစက်စက် ကြည့်လိုက်တယ်
"တုဖေးရဲ့ အရိုးစုက ဘယ်မှာလဲ ထုတ်ပြစမ်း"
"ကြည့်စရာ မလိုပါဘူး မင်းက တကယ်ပဲ စိတ်ဝိညာဉ်ထွက်ခွာခြင်း အထွတ်အထိပ်ပဲ၊ ဝိညာဉ်စုစည်းရည် လည်း အဆင်သင့် ပြင်ထားပြီးပြီ ထင်တယ်"
ဖန့်ချန်က ပြုံးလိုက်ပါတယ်။
"ဝိညာဉ်စုစည်းရည်"
ဒါကို ကြားလိုက်ရတဲ့အခါ ရွှမ်ကွမ်းဂိုဏ်း မဟာစီနီယာကြီးက မှင်တက်သွားပြီး ဖန့်ချန်ကို စူးစိုက်ကြည့်လိုက်တယ်
"မင်းက ဘယ်သူလဲ"
သူက တုဖေး တစ်စုံတစ်ခု ချန်ထားခဲ့လို့ ဒီလူ ရောက်လာတာလို့ ထင်ခဲ့တာပါ။
ဒါပေမဲ့ တစ်ဖက်လူက ဝိညာဉ်စုစည်းရည်အကြောင်း ပြောလာတဲ့အတွက် ဒီကိုလာတဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူးဆိုတာ သိလိုက်ရပါတယ်။
"အဖေ... သူနဲ့ စကားများမနေပါနဲ့တော့ သူက အဖေကို သွေးဝိညာဉ်ဂိုဏ်းဝင်လို့ စွပ်စွဲရဲတယ်ဆိုကတည်းက ဒီလူက ရန်သူပဲ"
အမျိုးသားက လေသံမာမာနဲ့
"ချက်ချင်းပဲ သတ်ပစ်လိုက်ပါ"
"ငါ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်ဘူး"
ရွှမ်ကွမ်းဂိုဏ်း မဟာစီနီယာကြီးရဲ့ အသံက အမျိုးသားရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။
အမျိုးသား မှင်တက်သွားပါတယ်။
သူ့အဖေက စိတ်ဝိညာဉ်ထွက်ခွာခြင်း အထွတ်အထိပ် ဖြစ်ပါလျက်နဲ့ တစ်ဖက်လူရဲ့ အဆင့်ကို မမြင်နိုင်ဘူးလား
"မင်းလက်ထဲက ဝိညာဉ်စုစည်းရည်ကို ကျုပ် ဝယ်ချင်တယ်၊ အဲဒါရရင် ကျုပ် ထွက်သွားမယ်၊ မင်း ဘယ်လို သဘောရလဲ"
ဖန့်ချန်က ပြုံးရင်း မေးပါတယ်။
"ငါ့ရဲ့ ဝိညာဉ်စုစည်းရည်ကို ဝယ်မလို့ ဒါဟာ ဝိညာဉ်ခွဲဖြာခြင်းအဆင့်ကို တက်ဖို့ အရေးကြီးဆုံး ပစ္စည်းဆိုတာ မင်း သိရဲ့လား "
ရွှမ်ကွမ်းဂိုဏ်း မဟာစီနီယာကြီး စိတ်ထဲမှာ သက်ပြင်းချလိုက်နိုင်ပါတယ်။
တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ဒါဆိုရင် သူဟာ ဝိညာဥ်သုတ်သင်ခြင်းဌာန က လူ မဟုတ်လောက်ပါဘူး။
ခဏလောက် ဟန်ဆောင်ပြီး အချိန်ဆွဲလိုက်ရင် ဒီကိစ္စကို ဖြေရှင်းလို့ ရနိုင်ပါတယ်။
"သိတာပေါ့၊ မသိရင် ဘာလို့ လာဝယ်မလဲ အခု ကျုပ်လက်ထဲမှာလည်း နည်းနည်း ရှိတယ်၊ နည်းနည်းပဲ လိုတော့တာ၊ ဒါရရင် အဆင့်တက်ဖို့ လုံလောက်ပြီ"
ဖန့်ချန်က ခေါင်းငြိတ်ရင်း ပြုံးလိုက်ပါတယ်။
တုဟွေ့ရုကတော့ ကြောင်တောင်တောင် ဖြစ်နေပါတယ်။
ဒီလူက တကယ်ပဲ ဘာအတွက် လာတာလဲ
သူ့အစ်ကိုရဲ့ အရိုးစုကို ပြန်ပို့တာက ကြုံလို့ပဲလား
"ဝိညာဉ်စုစည်းရည် က အရမ်း တန်ဖိုးကြီးတယ်၊ ငါ့လက်ထဲမှာလည်း အများကြီး မရှိဘူး တကယ်လို့ မိတ်ဆွေက အသည်းအသန် လိုအပ်နေတယ်ဆိုရင်တော့ နည်းနည်း ထုတ်ပေးလို့ ရပါတယ်၊ ဒါပေမဲ့ မိတ်ဆွေက ဘာနဲ့ ဝယ်မှာလဲ"
ရွှမ်ကွမ်းဂိုဏ်း မဟာစီနီယာကြီးက အေးအေးဆေးဆေး မေးလိုက်ပါတယ်။
"မင်းရဲ့ အသက်နဲ့ လဲရမယ်"
အားလုံး မြင်လိုက်ရတာကတော့ ဓားအလင်းတန်း တစ်ခု ဖြတ်ပြေးသွားတာပါပဲ။
ရွှမ်ကွမ်းဂိုဏ်း မဟာစီနီယာကြီးဟာ ဖန့်ချန်ရှေ့မှာ ဝုန်းခနဲ ဒူးထောက်ကျသွားပြီး သူ့ရဲ့ ခေါင်းက ဖြည်းဖြည်းချင်း ငိုက်ကျသွားပါတယ်။
သွေးတွေနဲ့အတူ ဖြူဖတ်ဖြူလျော် ဦးနှောက်အနှစ်တွေက တစ်စက်ချင်းစီ မြေပြင်ပေါ်ကို စီးကျလာပါတယ်။
ရှိနေတဲ့ ကျင့်ကြံသူအားလုံး ကျောက်ရုပ်တွေလို တောင့်ခဲသွားကြပါတယ်။
ဖန့်ချန်က ထရပ်ပြီး မဟာစီနီယာကြီးရဲ့ သိုလှောင်လက်စွပ်ကို ယူသွားတဲ့ အချိန်အထိ ဘယ်သူမှ တစ်ချက်တောင် မလှုပ်ရဲကြပါဘူးဗျာ။