အခန်း (၁၀၆၇-၁၀၆၈)
Vol. 107 Ch. 1067-1068
အခန်း (၁၀၆၇) အဆင့်သတ်မှတ်ချက် ဇယားရဲ့ နံပါတ်တစ်၊ ရွှင်ကော်ကျူး
ရွှင်အဘိုးအို ပေါ်လာတာကြောင့် ကျိုးပုဖန်တို့တစ်စု လန့်သွားကြပါတယ်။
သူတို့ ဒီမှာနေလာတာ ဒီလောက်နှစ်တွေကြာတာတောင် အနားမှာ အဘိုးအိုတစ်ယောက် ရှိနေတာကို ဘာလို့ သတိမထားမိခဲ့ကြတာလဲ။
ဒါပေမဲ့ နောက်ဆက်တွဲမှာတော့ သူတို့ရဲ့ မျက်နှာထားတွေက ပိုပြီး ထိတ်လန့်သွားကြပါတယ်။
သူတို့ ရွှင်အဘိုးအိုရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို မှတ်မိသွားကြလို့ပါ။
အတိတ်တုန်းက တာအိုဂိုဏ်းကြီး သုံးခုက တာအိုသုံးထောင်ဂိုဏ်းကို ကိုင်တွယ်ဖို့ လုပ်ခဲ့စဉ်မှာ ဒီအဘိုးအို ပေါ်လာခဲ့လို့သာ အစီအစဉ်တွေ ရပ်တန့်သွားခဲ့ရတာပါ။
ရလဒ်အနေနဲ့ သူတို့ ခရမ်းရောင်နေမင်းဂိုဏ်းက ကျင့်ကြံသူတွေဟာ အပြစ်တင်ခံရတဲ့ ဆိတ်ကလေးတွေ ဖြစ်သွားခဲ့ပြီး အရာအားလုံးကို တာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ လိုက်လာတဲ့ မသေမျိုးဘုရင်တွေထဲမှာလည်း တောရိုင်းကျောင်း နဲ့ နီးစပ်သူတွေ အများကြီး ပါပါတယ်။
သူတို့ဟာ ချက်ချင်းပဲ ရွှင်အဘိုးအိုရှေ့ကို လာပြီး အရိုအသေပေးကြပြီးနောက် စိတ်မသက်မသာနဲ့ ဘေးမှာ သွားရပ်နေကြပါတယ်။
အဲဒီလေးယောက်အပြင် နံ့သာတိုင်ဂိုဏ်း နဲ့ နတ်ရိုသေဂိုဏ်း က မသေမျိုးဘုရင် အချို့လည်း တိတ်တဆိတ် ထိတ်လန့်နေကြပါတယ်။
ဒီနေ့ အခြေအနေက ဂိုဏ်းချုပ်ကြီးတွေကြားမှာ စစ်ပွဲကြီး ဖြစ်တော့မယ့်အတိုင်း ခံစားနေရလို့ပါ။
အိုယန်ရွှမ်ကျိရဲ့ မျက်နှာထား ပျက်သွားပြီး ကုရှီမသေမျိုးဘုရင်၊ လုံကျွင်းတို့နဲ့ အကြည့်ချင်း ဖလှယ်လိုက်ကြပါတယ်။
အားလုံးရဲ့ မျက်ဝန်းထဲမှာ သံသယတွေ ရှိနေကြပါတယ်။
ဒါပေမဲ့ မကြာခင်မှာပဲ အဲဒီသံသယတွေက ပျောက်ကွယ်သွားပါတယ်။
အခုလက်ရှိမှာ လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူ ဂိုဏ်းချုပ်ကြီး နှစ်ယောက် ရှိနေတာပါ။
အဲဒီထဲက တစ်ယောက်က အဆင့်သတ်မှတ်ချက်ဇယားရဲ့ နံပါတ်တစ် လီချန်စန်း ဖြစ်ပါတယ်။
ဒီနေ့ ရွှင်အဘိုးအိုကိုယ်တိုင် ထွက်လာရင်တောင် ဒီတာအိုသုံးထောင်ဂိုဏ်းကို ကာကွယ်နိုင်မှာ မဟုတ်တော့ပါဘူး။
"ရွှင်အဘိုး... ဂါရဝပြုပါတယ်"
လီချန်စန်းက လက်အုပ်ချီ နှုတ်ဆက်လိုက်ပါတယ်။
"ဒီလူက ငါ့ကို ဆင်းလာပြီး လက်ဖက်ရည်သောက်ဖို့ ပြောနေတာလား"
လုချင်းရှုက မနေနိုင်ဘဲ ရယ်လိုက်တယ်
"သူက မင်းပြောတဲ့ ကျုန်းကျိုးနိုင်ငံ တောရိုင်းကျောင်းရဲ့ ဂိုဏ်းချုပ် ရွှင်ကော်ကျူး လား"
ရွှင်ကော်ကျူး
ဒါက ရွှင်အဘိုးအိုရဲ့ နာမည်ရင်းလား
အရိပ်ထဲမှာတော့ ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ အံ့ဩရိပ်တစ်ခု ဖြတ်ပြေးသွားပါတယ်။
အနီးအနားက မသေမျိုးဘုရင်တွေလည်း ရွှင်အဘိုးအိုရဲ့ နာမည်ရင်းကို ပထမဆုံးအကြိမ် ကြားဖူးကြတာမို့ မျက်နှာထားတွေက ထူးဆန်းနေကြပါတယ်။
ဒီနာမည်က ရိုးရှင်းလွန်းလှပါတယ်။
"လီချန်စန်း... မင်းက ငါ့နာမည်ကို နေရာတကာ လျှောက်ပြောနေတာ ဘာရည်ရွယ်ချက်လဲ"
ရွှင်အဘိုးအိုက အေးအေးဆေးဆေး မေးလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ လီတောက်ယဲ့တို့တစ်စုဟာ ဂိုဏ်းတံခါးရှေ့ကို ထွက်လာကြပြီး ကောင်းကင်ယံက လူပုံရိပ်တွေကို တည်တည်ငြိမ်ငြိမ် ကြည့်နေကြပါတယ်။
လီချန်စန်းတို့ ရောက်လာမှာကို သူတို့ ကြိုတင်သိနေသလိုမျိုးပါပဲ။
အကြီးအကျယ် တုန်လှုပ်မနေဘဲ လေးနက်တဲ့ မျက်နှာထားတွေသာ ရှိနေကြပါတယ်။
"ရွှင်အဘိုးရဲ့ နာမည်ကို ကျွန်တော်လည်း ရံဖန်ရံခါပဲ ထုတ်ပြောမိတာပါ၊ တကူးတက လျှောက်ပြောနေတာ မဟုတ်ပါဘူး"
လီချန်စန်းက ပြုံးပြီး ပြောလိုက်ပါတယ်။
"စကားတွေ အများကြီး မပြောတော့ဘူး မင်းဘေးက လူကို ဆင်းလာပြီး လက်ဖက်ရည်သောက်ခိုင်းလိုက်၊ ဒီကောင်လေး စကားပြောတာက အရမ်း ထောင်လွှားတာပဲ၊ ငါ့အကြိုက်ပဲ"
ရွှင်အဘိုးအိုက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
"ဘာသောက်ရမှာလဲ မင်းက ငါ့ကိုလည်း ဒီသာမန်လူတွေ သောက်နေတဲ့ ညစ်ပတ်တဲ့အရာတွေကို သောက်ခိုင်းမလို့လား မင်းက ငါ့ကိုလည်း သူတို့လို ခြင်ကောင်တွေလို့ ထင်နေတာလား "
လုချင်းရှုက ကျိုးပုဖန်တို့ကို လက်ညှိုးထိုးပြရင်း ရယ်မောလိုက်ပါတယ်။
လူတိုင်းရဲ့ အကြည့်တွေက ကျိုးပုဖန်ဆီ ကျရောက်သွားပါတယ်။
"ဘာလဲ အဆင်ြ ၁ လွတ်လပ်သောမသေမျိုး ဆိုရင် ခြင်ကောင် မဟုတ်တော့ဘူးလား "
ရွှင်အဘိုးအိုက မျက်ခုံးတစ်ချက် ပင့်လိုက်ပါတယ်။
ဘုရင်ကျန့်က မျက်နှာထား ထူးဆန်းသွားပြီး မနေနိုင်ဘဲ အသံလှိုင်းနဲ့ သတိပေးလိုက်တယ်
"ရွှင်အဘိုး... ဒီနှစ်ယောက်လုံးက အဆင့် ၁ လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူတွေဗျ လီချန်စန်းကလည်း အဆင့်သတ်မှတ်ချက်ဇယား နံပါတ်တစ် ဒီနေ့တော့... ရှေ့တက်ပြီး အံတုမနေပါနဲ့ဦး၊ ကျုံးကျိုးနိုင်ငံအတွက် ဘေးဒုက္ခတွေ ဖိတ်ခေါ်မိသလို ဖြစ်နေပါဦးမယ်"
ရွှင်အဘိုးအိုက သူ့ကို ဂရုမစိုက်ဘဲ လုချင်းရှုကိုသာ ပြုံးစိစိနဲ့ ကြည့်နေပါတယ်။
အိုယန်ရွှမ်ကျိ သုံးယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး စိတ်ထဲမှာ ထူးဆန်းနေကြပါတယ်။
ရွှင်အဘိုးအိုက ကျုံးကျိုးမှာ ဘယ်သူနဲ့မှ မယှဉ်နိုင်တဲ့ ဝါရင့်ပုဂ္ဂိုလ်၊ ရှေးအကျဆုံး ဂိုဏ်းချုပ်ကြီး ဖြစ်ပေမဲ့ သူ့ရဲ့ အစွမ်းက... အဆင့်တူ ဓားကျင့်ကြံသူတွေကို ယှဉ်နိုင်ပါ့မလား
ဒါ့အပြင် အခုအခြေအနေက ဓားကျင့်ကြံသူ ဂိုဏ်းချုပ်ကြီး နှစ်ယောက် ပူးပေါင်းထားတာပါ။
ကျုံးကျိုးရဲ့ တောင်ဘက်စွန်းကနေ ပေတုရဲ့ မြောက်ဘက်အထိ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘဲ တိုက်ခိုက်နိုင်တဲ့ အင်အားမျိုးပါ။
နတ်ရိုသေဂိုဏ်းနဲ့ နံ့သာတိုင်ဂိုဏ်းက ကျင့်ကြံသူတွေကတော့ ကျုံးကျိုးဘက်က ရပ်တည်ကြသူတွေ ဖြစ်တာကြောင့် နတ်ဘုရားလမ်းစဉ်ဂိုဏ်းရဲ့ ဖြစ်ရပ်ကို ကြည့်ပြီး မိမိတို့ဆီလည်း လာဦးမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ လိုက်လာကြတာပါ။
ဒါပေမဲ့ တောရိုင်းကျောင်းရဲ့ အရှင်သခင်က သူတို့နဲ့ အရင် ထိပ်တိုက်တွေ့လိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။
လုချင်းရှုရဲ့ မျက်နှာက မှောင်မိုက်သွားပြီး ရွှင်အဘိုးအိုဆီကို လက်ညှိုးတစ်ချက် ထိုးလိုက်ပါတယ်။
ကြောက်မက်ဖွယ်ကောင်းတဲ့ မသေမျိုးစွမ်းအား တွေက ဓားအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရွှင်အဘိုးအိုဆီကို ပစ်လွှတ်လိုက်ပါတယ်။
"ဒီနည်းလမ်းဟောင်းကြီးပဲလား"
ရွှင်အဘိုးအိုက ယင်ကောင် မောင်းထုတ်သလိုမျိုး လက်ကို ခပ်ဖွဖွ ဝေ့ယမ်းလိုက်ရာ အဆင့်တူ လွတ်လပ်သောမသေမျိုးကိုတောင် ဒဏ်ရာအကြီးအကျယ် ရစေနိုင်တဲ့ အဲဒီဓားအလင်းတန်းဟာ ချက်ချင်း ပျောက်ကွယ်သွားပါတယ်။
"ဟင် "
လုချင်းရှု မယုံနိုင်ဖြစ်သွားပါတယ်။
နောက်တစ်စက္ကန့်မှာတော့ ကြောက်မက်ဖွယ်ကောင်းတဲ့ ဓားနယ်ပယ် ဟာ လှိုင်းလုံးကြီးတွေလို လိမ့်ဆင်းလာပြီး ရွှင်အဘိုးအိုကို လွှမ်းခြုံဖို့ ကြိုးစားပါတယ်။
"ဓားနယ်ပယ်ဆိုတာနဲ့တင် အနိုင်မရနိုင်ဘူး ထင်နေတာလား "
ရွှင်အဘိုးအိုရဲ့ ကိုယ်ပေါ်မှာ ရုတ်တရက် ခပ်မှိန်မှိန် မသေမျိုးအငွေ့အသက် တစ်ခု ပေါ်လာပါတယ်။
လုချင်းရှုရဲ့ ဓားနယ်ပယ်ဟာ အဲဒီ အငွေ့အသက်ကြောင့် တားဆီးခံလိုက်ရရုံတင်မကဘဲ ပြန်လျှံထွက်လာတဲ့ ရေတွေလိုမျိုး သူ့ဆီကိုပဲ ပြန်ပြီး လိမ့်ဆင်းသွားပါတော့တယ်။
လုချင်းရှုက ညည်းတွားသံတစ်ချက် ထွက်သွားပြီး ကိုယ်ဟန်ချက် ပျက်သွားကာ မျက်နှာမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ပေါ်လာပါတယ်။
လူတိုင်း မှင်တက်သွားကြပါတယ်။
ရိုးရှင်းတဲ့ တိုက်ကွက် နှစ်ကွက် သုံးကွက်လောက်မှာတင် သူတို့ဟာ အရမ်း ကြောက်စရာကောင်းတဲ့ သတင်းစကားတစ်ခုကို ရလိုက်ပါတယ်။
အဆင့် ၁ လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူကို ရင်ဆိုင်ရာမှာ တောရိုင်းကျောင်းက ဒီအဘိုးအိုက အေးအေးဆေးဆေး ရှိနေရုံတင်မကဘဲ အစွမ်းကုန် မထုတ်ရသေးဘဲနဲ့တောင် အသာစီး ရနေတာလား
ဖန့်ချန်ရဲ့ မျက်လုံးထဲမှာ စိတ်ဝင်စားရိပ်တွေ ပေါ်လာပါတယ်။
ရှေးဟောင်းနတ်ဘုရားလမ်းစဉ် ထဲမှာ နတ်တံခါးတွေက သောင်းနဲ့ချီ ရှိပြီး အဲဒီလမ်းစဉ်ကို ဆုံးအောင်လျှောက်နိုင်တဲ့ နတ်မျိုးစေ့ တိုင်းဟာ အခြေခံအားဖြင့် နတ်အသိ တစ်ခုကို နားလည်သဘောပေါက်နိုင်ကြပါတယ်။
ဒါဟာ နတ်မျိုးစေ့တွေက သာမန်ကျင့်ကြံသူတွေထက် အဆပေါင်းများစွာ သာလွန်ရတဲ့ အချက်တွေထဲက တစ်ခုပါ။
ဒီနတ်အသိကို အားကိုးပြီး ကျင့်ကြံခြင်းလမ်းမှာ အခက်အခဲများစွာကို ဖြေရှင်းနိုင်ပါတယ်။
ရန်သူကို တိုက်ခိုက်ရာမှာပဲဖြစ်ဖြစ်၊ အတတ်ပညာပိုင်းမှာပဲဖြစ်ဖြစ် ဒါက အရမ်း အသုံးဝင်ပါတယ်။
ရွှင်အဘိုးအို ငယ်ငယ်တုန်းက ရခဲ့တဲ့ နတ်အသိက ဘယ်လိုမျိုးလဲဆိုတာပဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
"ရွှင်အဘိုးက တကယ့် ပါရမီရှင်ကြီးပါပဲ"
လီချန်စန်းက ရုတ်တရက် လက်အုပ်ချီ အရိုအသေပေးလိုက်တယ်
"ရွှင်အဘိုး အဆင့် ၂ လွတ်လပ်သောမသေမျိုး အဆင့်ကို တက်လှမ်းနိုင်တဲ့အတွက် ဂုဏ်ယူပါတယ်အဆင့်သတ်မှတ်ချက်ဇယားရဲ့ နံပါတ်တစ်ဆိုတာနဲ့ တကယ့်ကို ထိုက်တန်ပါတယ်"
ဘာ...
အဆင့် ၂ လွတ်လပ်သောမသေမျိုး
လူတိုင်း မှင်တက်သွားကြပါတယ်။
တစ်ယောက်ယောက်က မနေနိုင်ဘဲ ကောင်းကင်လျှိုဝှက်မှန် ကို ထုတ်ကြည့်လိုက်တဲ့အခါ နေရာတိုင်းက အဆင့်သတ်မှတ်ချက်ဇယားတွေ စတင် ပြောင်းလဲနေတာကို တွေ့လိုက်ရပါတယ်။
လီချန်စန်းရဲ့ နာမည်က အောက်ကို ရောက်သွားပြီး ထိပ်ဆုံးမှာ ရေးထားတာကတော့
"တောရိုင်းကျောင်း"
အရင်ကတော့ လူတိုင်းက အဆင့်သတ်မှတ်ချက်ဇယားမှာ အစဉ်လိုက် မရှိဘူးလို့ ထင်ခဲ့ကြပေမဲ့ အခုတော့ အမှန်တရားကို သူတို့ သိသွားကြပါပြီ။
အခု တောရိုင်းကျောင်း ဆိုတဲ့ နာမည်က လီချန်စန်းရဲ့ အထက်မှာ ရှိနေတာက ရွှင်အဘိုးအိုရဲ့ အစွမ်းဟာ လီချန်စန်းကို ကျော်လွန်သွားပြီး အဆင့်သတ်မှတ်ချက်ဇယားရဲ့ အသိအမှတ်ပြုမှုကို ရသွားပြီဆိုတာ သက်သေပါပဲ။
ရုတ်တရက် တောရိုင်းကျောင်း ဆိုတဲ့ စာလုံးနှစ်လုံးက ပြောင်းလဲသွားပြီး နာမည်သုံးလုံး ဖြစ်လာပါတယ် ရွှင်ကော်ကျူး
ကျုံးကျိုးနိုင်ငံက ကျင့်ကြံသူတွေ ဒါကို မြင်တဲ့အခါ အမျိုးမျိုး တွေးတောနေကြပေမဲ့ ကျုံးကျိုးဘုရင့်မိသားစုကတော့ ဝမ်းသာလွန်းလို့ မျက်ရည်တွေ ကျပြီး အော်ဟစ်အောင်ပွဲခံနေကြပါတယ်။
မင်္ဂလာပွဲတွေမှာပဲ တီးခတ်လေ့ရှိတဲ့ ခေါင်းလောင်းသံတွေ၊ စည်သံတွေ တစ်နိုင်ငံလုံးမှာ ဆူညံသွားပါတယ်။
တာအိုသုံးထောင်ဂိုဏ်းဆီကို လာနေတဲ့ ကျောက်ကျောင်လုံတို့တစ်စုလည်း ဒီသတင်းကြီးကို ရရှိလိုက်ပါတယ်။
အဆင့်သတ်မှတ်ချက်ဇယားက အပြောင်းအလဲကို ကိုယ်တိုင်မြင်လိုက်ရတဲ့အခါ အားလုံး စိတ်ဓာတ်တွေ တက်ကြွသွားပြီး မျက်နှာမှာ ပျော်ရွှင်ရိပ်တွေ ပေါ်လာပါတယ်။
"ကျောင်းအုပ်ကြီး အဆင့်တက်သွားပြီပဲ ကျောင်းအုပ်ကြီးက ဆရာဖန့်ကို အရမ်းဂရုစိုက်တာဆိုတော့ တာအိုသုံးထောင်ဂိုဏ်းလည်း ဘေးကင်းသွားနိုင်တယ်"
ကျောက်ကျောင်လုံက စိတ်လှုပ်ရှားစွာ ပြောပါတယ်။
...
"တောရိုင်းကျောင်းက အဲဒီလူရဲ့ အဆင့်က... လီချန်စန်းကို ကျော်သွားပြီလား အဖေ... သူ အဆင့် ၂ လွတ်လပ်သောမသေမျိုး ကို ရောက်သွားတာ ဖြစ်နိုင်မလား "
ရွှီချင်းဆုန်းက ကောင်းကင်လျှိုဝှက်မှန်ကို သိမ်းလိုက်ပြီး ထိတ်လန့်တုန်လှုပ်နေပါတယ်။
ရွှီစစ်ကျိုရဲ့ အကြည့်ကလည်း လေးနက်နေတယ်
"မှားဖို့ မရှိပါဘူး"
ရွှီချင်းဆုန်းက သွားကြိတ်ပြီး
"ဘာလို့ သူက အဆင့် ၂ ကို ရောက်သွားရတာလဲ၊ ငါတို့ဂိုဏ်းက ဘိုးဘေး မဟုတ်ဘဲနဲ့ ဒီလူက ဖန့်ချန်ဘက်က အရမ်းရပ်တည်တာ သူ အစွမ်းထက်လေ ဖန့်ချန်က ပိုပြီး ထောင်လွှားလေ ဖြစ်မှာပဲ တစ်နေ့နေ့မှာ သူနဲ့ တစ်ယောက်ချင်း သေတာရှင်တာ တိုက်ခိုက်ခွင့်ရဖို့ မျှော်လင့်ပါတယ် အဲဒီတုန်းက အရှက်ခွဲခံရတဲ့ ရန်ကြွေးကို ငါ သေချာပေါက် ပြန်ဆပ်ရမယ်"
ရွှီစစ်ကျိုရဲ့ မျက်ဝန်းနက်ပိုင်းမှာ သတိမထားမိနိုင်တဲ့ လှောင်ပြောင်ရိပ်တစ်ခု ဖြတ်ပြေးသွားပြီးနောက် ပြောလိုက်တယ်
"ဒီတစ်ခါ အခွင့်အရေး ရှိနိုင်ပါတယ်၊ အဖေ မင်းအတွက် စဉ်းစားပေးပါ့မယ်"
...
"အဆင့် ၂ ဖြစ်တော့ရော ဘာဖြစ်လဲ လီချန်စန်း... မင်းနဲ့ငါ ပူးပေါင်းရင် ဒီလူကို မနိုင်စရာ အကြောင်းမရှိဘူး၊ မဟုတ်ရင်လည်း..."
လုချင်းရှုက ရက်စက်တဲ့ မျက်နှာထားနဲ့ ပြောရင်း နောက်ဆုံးမှာ တစ်ခုခုကို သတိရသွားပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်ကာ ရွှင်အဘိုးအိုကို ရန်လိုတဲ့ အကြည့်နဲ့ စိုက်ကြည့်နေပါတယ်။
"လုချင်းရှု... ငါ့အမြင်မှာတော့ မင်း ဒီလက်ဖက်ရည်ခွက်ကို... သောက်ရလိမ့်မယ် ထင်တယ်"
လီချန်စန်းက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် တိုးတိုးလေး ပြောလိုက်ပါတော့တယ်။
အခန်း (၁၀၆၈) စီနီယာ... လက်ဖက်ရည် သောက်ပါဦး
လူတိုင်း တိတ်ဆိတ်သွားကြပါတယ်။
သူတို့နှစ်ယောက်နဲ့အတူ လိုက်ပါလာတဲ့ ဓားကျင့်ကြံသူတွေထဲမှာ အချို့က ခွန်လွန်ဓားဂိုဏ်းက ဖြစ်ပေမဲ့ အများစုကတော့... ချောင်ဖုန်းနယ်မြေက လာကြသူတွေပါ။
လီချန်စန်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ သူတို့ရဲ့ အကြည့်တွေက အနည်တွေ ထိုင်နေတဲ့ အဲဒီလက်ဖက်ရည်ခွက်တွေဆီကို မလွဲမသွေ ရောက်ရှိသွားပါတယ်။
လုချင်းရှုကို ဒီလို အနည်တွေပါတဲ့ လက်ဖက်ရည်မျိုး သောက်ခိုင်းမလို့လား
လူတိုင်းရဲ့ မျက်နှာထားတွေ ထူးဆန်းနေပါတယ်။
လုချင်းရှုသာ ဒီနေ့ တကယ် သောက်လိုက်ရရင် သူ့ရဲ့ ဓားနှလုံးသား တစ်ခုလုံး ပျက်စီးသွားနိုင်သလို နောက်ထပ် အဆင့်တက်လှမ်းနိုင်ဖို့ အခွင့်အရေးလည်း ဆုံးရှုံးသွားနိုင်ပါတယ်။
"လီချန်စန်း... မင်း ဘာသဘောလဲ"
လုချင်းရှုက အေးစက်စက် မေးလိုက်ပြီး သူ့မျက်ဝန်းတွေကလည်း စိမ့်ဝင်နေပါတယ်။
လီချန်စန်းက ဘာမှ ပြန်မပြောဘဲ ရွှင်အဘိုးအိုရဲ့ လက်မောင်းဆီကိုပဲ တစ်ချက် ကြည့်လိုက်ပါတယ်။
လုချင်းရှုရဲ့ အကြည့်က လိုက်ပါသွားပြီး ကြည့်လိုက်တဲ့အခါ မျက်လုံးထဲမှာ ထိတ်လန့်ရိပ်တွေ ချက်ချင်း ဖြတ်ပြေးသွားပါတယ်။
အဲဒီ လက်နက်
ဒါက ချောင်ဖုန်းနယ်မြေမှာ မရှိတော့ဘဲ ဒီနေရာကို ပြန်ရောက်နေတာလား
ခဏချင်းမှာတင် လုချင်းရှုက ဖြစ်နိုင်ခြေ အမျိုးမျိုးကို စဉ်းစားလိုက်ပါတယ်။
အဖြစ်နိုင်ဆုံးကတော့ ဖူယွမ်ကျူး ပါပဲ
ဒီဝိညာဥ်လက်နက်ကို ဖူယွမ်ကျူးက ပြန်သယ်လာပေးတာ ဖြစ်နိုင်ပါတယ်။
အဆင့် ၂ လွတ်လပ်သောမသေမျိုးရယ်၊ ဝိညာဥ်လက်နက် တစ်ခုရယ် ပေါင်းလိုက်ရင်...
အဆင့်တူ ဓားကျင့်ကြံသူတစ်ယောက်နဲ့ ထိပ်တိုက်တွေ့ရင်တောင် အသာစီးရဖို့ မသေချာပါဘူး။
မူလဓား က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ဓားနယ်ပယ်က ဘယ်လောက်ပဲ ကောင်းကင်ကို အံတုနိုင်ပါစေ၊ ဝိညာဥ်လက်နက်နဲ့ ယှဉ်ရင်တော့ ၅၀-၅၀ လောက်ပဲ ရှိပါလိမ့်မယ်။
"ဆင်းလာပြီး လက်ဖက်ရည် မသောက်သေးဘူးလား ငါ့လို အရိုးရင့်ကြီးက ကိုယ်တိုင်ကိုယ်ကျ လာဖိတ်မှ ဖြစ်မှာလား"
ရွှင်အဘိုးအိုက ရယ်ပြီး ပြောလိုက်ပါတယ်။
လုချင်းရှုရဲ့ မျက်နှာက အမျိုးမျိုး ပြောင်းလဲနေပြီး ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် အေးစက်စက် ရယ်မောလိုက်တယ်
"သိပ်ပြီး ထောင်လွှားမနေနဲ့ဦး၊ ငါ့ဆရာ့ရဲ့ အစွမ်းနဲ့ဆိုရင် မင်းကို လက်သန်းတစ်ချောင်းတည်းနဲ့တင် ဖိသတ်လို့ ရတယ်"
သူ့ရဲ့ ဆရာ
အိုယန်ရွှမ်ကျိတို့တစ်စု စိတ်ထဲမှာ အေးစိမ့်သွားပြီး လီချန်စန်းနဲ့ လုချင်းရှုကို ကြောင်ကြည့်နေကြပါတယ်။
ဒီနှစ်ယောက်ရဲ့ နောက်ကွယ်မှာ ပိုပြီး အစွမ်းထက်တဲ့ ဓားကျင့်ကြံသူ ရှိနေသေးတာလား ဒါ ဘယ်လိုမှ မဖြစ်နိုင်တာ...
သူတို့လည်း ချောင်ဖုန်းနယ်မြေအကြောင်း ကြားဖူးကြပေမဲ့ သွားကြည့်ဖို့ အခွင့်အရေး မရခဲ့ပါဘူး။
ဒါပေမဲ့ ရသမျှ သတင်းတွေအရဆိုရင် ချောင်ဖုန်းနယ်မြေက ဓားကျင့်ကြံသူတွေဟာ အခုလို ထောင်လွှားနေကြသူတွေ မဟုတ်ပါဘူး။
ပြောရရင်... အခြေအနေတောင် မကောင်းဘူးလို့ ကြားထားတာပါ။
"ဒါဆိုရင်လည်း မင်းဆရာကို ကိုယ်တိုင် လာခိုင်းလိုက်လေ သူ ဒီနေ့ ဒီကို ရောက်လာရင်တောင် တစ်ခွက် သောက်ပြီးမှ ပြန်ရလိမ့်မယ်"
ရွှင်အဘိုးအိုက အေးအေးဆေးဆေး ပြောလိုက်ပါတယ်။
"ရွှင်ကော်ကျူး... မင်း တော်တော် သတ္တိကောင်းတာပဲ"
လုချင်းရှုရဲ့ မျက်နှာက မှောင်မိုက်နေပါတယ်။
"ငါ့နာမည်ကို တိုက်ရိုက်ခေါ်တာကို ငါက အမုန်းဆုံးပဲ၊ အထူးသဖြင့် မင်းလို အဆင့်မရှိတဲ့ ကောင်မျိုးက ခေါ်တာကိုပေါ့"
ရွှင်အဘိုးအိုရဲ့ မျက်နှာက အေးစက်သွားပြီး လက်ကို ဝေ့ယမ်းကာ ဖမ်းလိုက်ရာ အနက်ရောင်အလင်းတစ်ခု လက်ခနဲ ပေါ်လာပြီး တည်ငြိမ်ခြင်းအလံ က ချက်ချင်း လွင့်ထွက်သွားပါတယ်။
လုချင်းရှုက ကြောက်မက်ဖွယ်ကောင်းတဲ့ မသေမျိုးစွမ်းအားတွေကို ထုတ်ဖော်ပြီး ဓားနဲ့ ဖြိုခွဲဖို့ ကြိုးစားပေမဲ့ ရလဒ်ကတော့ သူ့ရဲ့ တိုက်စစ်က လုံးဝ ဖိနှိပ်ခံလိုက်ရပါတယ်။
သူ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ တည်ငြိမ်ခြင်းအလံရဲ့ ပတ်ထားခြင်းကို ခံလိုက်ရပြီး ရွှင်အဘိုးအိုရှေ့မှာ ဒူးထောက်လျက်သား ဖြစ်နေပါပြီ။
သူ့မျက်နှာက ပြာနှမ်းသွားလိုက်၊ ဖြူဖျော့သွားလိုက်နဲ့ နောက်ဆုံးမှာတော့ နီရဲလာပါတယ်။
တစ်ဖက်လူက ဒီလောက်များပြားတဲ့ ခြင်ကောင်တွေရဲ့ ရှေ့မှာ သူ့ကို ဒီလိုမျိုး အရှက်ခွဲလိုက်တာလား
သူနဲ့အတူ လိုက်လာတဲ့ ဓားကျင့်ကြံသူတွေကလည်း ဓားတွေကို ထုတ်လိုက်ကြပြီး ရွှင်အဘိုးအိုကို စိုက်ကြည့်နေကြပါတယ်။
ဒါပေမဲ့ လီချန်စန်းဆီက အမိန့်မရဘဲ သူတို့လည်း ဝင်မတိုက်ရဲကြပါဘူး။
"ဒီပုဂ္ဂိုလ်ရဲ့ အစွမ်းကတော့..."
အနီးနားက မသေမျိုးဘုရင်တွေရဲ့ စိတ်ထဲမှာ အေးစိမ့်သွားပါတယ်။
သူတို့စိတ်ထဲမှာ ဘယ်လိုမှ မအောင်နိုင်ဘူးလို့ ထင်ထားတဲ့ အဆင့် ၁ လွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူကို တစ်ဖက်လူက အေးအေးဆေးဆေးပဲ ကိုင်တွယ်လိုက်တာပါ။
ဒီလို အစွမ်းမျိုးက သူတို့ရဲ့ စိတ်ကူးထက် ကျော်လွန်နေပါပြီ။
သူတို့ကိုယ်တိုင် လွတ်လပ်သောမသေမျိုး အဆင့်ကို ရောက်မှသာ ဒီအစွမ်းရဲ့ ကြီးမားပုံကို နားလည်နိုင်မှာ ဖြစ်ပါလိမ့်မယ်။
"မင်းတို့ထဲက တစ်ယောက်ယောက် လက်ဖက်ရည် ခပ်လာပြီး သူ့ကို တိုက်လိုက်စမ်း"
ရွှင်အဘိုးအိုက ကျိုးပုဖန်တို့ဘက်ကို တစ်ချက် ကြည့်လိုက်ပါတယ်။
ကျိုးပုဖန်က ချက်ချင်း တုံ့ပြန်လိုက်ပြီး သူတောင်းစား တာအိုဆရာကို ကြည့်ကာ
"စီနီယာ ပြောတာ မကြားဘူးလား"
"မင်း..."
သူတောင်းစား တာအိုဆရာက လှုပ်လည်း မလှုပ်ရဲ၊ ငြိမ်လည်း မနေရဲဘဲ ကျိုးပုဖန်ကိုသာ ရန်လိုတဲ့ အကြည့်နဲ့ စိုက်ကြည့်နေပါတယ်။
တစ်ဖက်လူက ဒီအမည်းစက်ကြီးကို သူ့ကို ပေးထမ်းခိုင်းတာပါ။
သူ ဒီမှာ အေးအေးဆေးဆေး လက်ဖက်ရည်ကြမ်းကို နှစ်ပေါင်းရာချီ သောက်ချင်သောက်ပါ့မယ်၊ ဂိုဏ်းချုပ်ကြီး တစ်ယောက်ကိုတော့ လက်ဖက်ရည် သွားမတိုက်ရဲပါဘူး။
ဒါက သေဖို့ သွားတာထက် ပိုဆိုးပါတယ်။
နောက်ပိုင်းမှာ သေတာထက် ပိုဆိုးတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်ပြီး အခုထက် အဆပေါင်း သောင်းနဲ့ချီ ပိုပြီး ကြောက်စရာကောင်းပါလိမ့်မယ်။
"မင်း ငါ့ကို အရှက်ခွဲရဲတာလား"
လုချင်းရှုက ဟိန်းဟောက်ပြီး မြေကြီးပေါ်ကနေ ထဖို့ ကြိုးစားပါတယ်။
ရွှင်အဘိုးအိုက သူ့ခြေထောက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး လုချင်းရှုရဲ့ ခေါင်းပေါ်မှာ တင်ထားလိုက်ရာ သူ မြေကြီးပေါ်မှာ ဒူးထောက်လျက်သားနဲ့ မလှုပ်နိုင်တော့ပါဘူး။
"မင်းကို အရှက်ခွဲတော့ ဘာဖြစ်လဲ မင်း ငါ့ကို ပြန်ကိုက်ကြည့်မလား ကိုက်လို့ မရဘူး မဟုတ်လား"
"ငါက ဒီနေ့ မင်းနောက်ကွယ်က လူကို မျက်နှာထောက်ထားလို့၊ မဟုတ်ရင် အရှက်ခွဲခံရတာတင် မကဘူး မင်း သေနေတာ ကြာပြီ"
ရွှင်အဘိုးအိုက ပြုံးပြီး ပြောလိုက်တယ်
"ဒီနေရာကို တကယ့် တောမြိုင်အရပ်လို့ ထင်နေတာလား မင်းတို့ လုပ်ချင်ရာလုပ်လို့ရပြီး ဘာတန်ဖိုးမှ ပေးစရာမလိုဘူး ထင်နေလား ငါက ဖူယွမ်ကျူး မဟုတ်ဘူး"
"သူက မင်းတို့ကို မထိရဲလို့ နတ်ဘုရားလမ်းစဉ်ဂိုဏ်းကို ပြောင်းရွှေ့သွားတာ၊ ဒါပေမဲ့ ငါ့ရဲ့ တောရိုင်းကျောင်းက ဒီနေရာမှာ အခြေချလာတာ နှစ်ပေါင်း မရေမတွက်နိုင်တော့ဘူး"
"တကယ်လို့ မင်းတို့က အသာစီးရလို့ အဆုံးအထိ တိုက်မယ်ဆိုရင်လည်း ငါက အဆုံးအထိ လိုက်ပေးနိုင်တာပဲ"
လုချင်းရှုဟာ သေခြင်းတရားရဲ့ အငွေ့အသက်က သူ့နားကို ရောက်လာတာကို ခံစားလိုက်ရပြီး နောက်ထပ် ဆဲဆိုမယ့် စကားလုံးတွေကို ချက်ချင်း မြိုချလိုက်ကာ ရွှင်အဘိုးအိုကို စိုက်ကြည့်ရင်း ဘာမှ မပြောတော့ပါဘူး။
"လီချန်စန်း... မင်းက ငါ့ကို ဒီနေ့ တမင်တကာ ခေါ်လာတာ ငါ အရှက်ကွဲတာကို ကြည့်ချင်လို့ မဟုတ်လား ဟုတ်တယ်မလား ဒီကိစ္စကို ချောင်ဖုန်းနယ်မြေ ပြန်ရောက်ရင် ငါ့ဆရာ့ကို တိုင်ပြီး ရှင်းခိုင်းမယ်"
လုချင်းရှုက ဒေါသကို လီချန်စန်းဘက် လှည့်လိုက်ပါတယ်။
လူတိုင်း မှင်တက်သွားကြပါတယ်။
အိုယန်ရွှမ်ကျိလည်း စိတ်ထဲမှာ အေးစိမ့်သွားပါတယ်။
လီချန်စန်းက တာအိုသုံးထောင်ဂိုဏ်းကို ကိုင်တွယ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘဲ ဒီလူ အရှက်ကွဲဖို့ တမင် လုပ်ခဲ့တာလား
တကယ်လို့ တစ်ဖက်လူရဲ့ အထင်က မှန်နေမယ်ဆိုရင် ဒါက တကယ့်ကို ပြဿနာကြီးပါပဲ။
"မင်း လျှောက်ပြောနေတာပဲ၊ မင်းသာ နေရာတကာမှာ ထောင်လွှားပြီး မောက်မာမနေရင် ဒီလို ဖြစ်ပါ့မလား"
လီချန်စန်းက ပြောလိုက်ပြီးနောက် ရွှင်အဘိုးအိုကို လက်အုပ်ချီလိုက်တယ်
"အဘိုး... ကျွန်တော့်မျက်နှာကို ထောက်ပြီး သူ့ကို တစ်ခါလောက် ခွင့်လွှတ်ပေးလို့ ရမလား ဒီလက်ဖက်ရည်ကို သူ့ကိုယ်စား တခြားတစ်ယောက်ကို သောက်ခိုင်းရင် ဘယ်လိုလဲ"
လူတိုင်းက ဒါကို သာမန် တောင်းပန်စကားလို့ပဲ ထင်ကြပေမဲ့ အိုယန်ရွှမ်ကျိ တစ်ယောက်တည်းသာ ရင်တုန်သွားပြီး ကုရှီမသေမျိုးဘုရင်ရဲ့ နောက်ကွယ်ကို တိတ်တဆိတ် ဆုတ်ခွာပြီး ပုန်းနေလိုက်ပါတယ်။
"ငါက ဘာလို့ မင်းမျက်နှာကို ထောက်ရမှာလဲ ပိုင်ချင်းမင်က ဓားသင်္ချိုင်းလှေကားမှာ သေတာ မဟုတ်ဘူးလို့ ငါ ကြားထားတယ်"
ရွှင်အဘိုးအိုက ခပ်ဖွဖွ ရယ်လိုက်တယ်
"ဒါ့အပြင် မင်း ဖန့်ချန်ဆိုတဲ့ ကောင်လေးကို ခေါ်သွားပြီးတော့လည်း ပြည့်ပြည့်စုံစုံ ပြန်ခေါ်မလာခဲ့ဘူး၊ မင်းမျက်နှာက ငါ့ဆီမှာ တန်ဖိုး မရှိတော့ဘူး"
"ငါ အရင်ကတည်းက ပြောဖူးသားပဲ လီကျင်နျန် နဲ့ နှိုင်းယှဉ်ရင် မင်းက... အရမ်းကို တွက်ကပ်လွန်းတယ် ဘာမှ မယ်မယ်ရရ ဖြစ်လာမှာ မဟုတ်ဘူး"
လီချန်စန်းရဲ့ မျက်နှာထား ပျက်သွားပြီးနောက် ဘာမှ ထပ်မပြောတော့ဘဲ တိတ်ဆိတ်သွားပါတယ်။
ရှန့်ယွဲ့ဘုရင် ရဲ့ မျက်နှာက လှုပ်ခတ်သွားပြီး ရိုရိုသေသေ မေးလိုက်တယ်
"ရွှင်အဘိုး... ကျွန်တော့်သား ဘယ်လို သေသွားတာလဲ "
"ပိုင်ချင်းမင်က သနားစရာကောင်းအောင် သေခဲ့ရတာပါ အဆင့် ၃ လွတ်လပ်သောမသေမျိုး တစ်ယောက်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရတာ မသေခင်မှာ သူက ဓားသင်္ချိုင်းလှေကားရဲ့ အဆုံးမှာ အရမ်း အစွမ်းထက်တဲ့ ဓားကျမ်းကို နားလည်ခဲ့ပြီးသား၊ နှမြောစရာပဲ၊ နှမြောစရာပဲ"
ရှန်းယွဲ့ဘုရင်က ခပ်ဖွဖွ ခေါင်းငြိတ်လိုက်ပြီး လူအချို့ရဲ့ ဘေးကို ပြန်ဆုတ်သွားကာ ဘာမှ ထပ်မပြောတော့ပါဘူး။
သူ့ရဲ့ ရည်ရွယ်ချက်က ရိုးရှင်းပါတယ်၊ ပိုင်ချင်းမင် ဘယ်လို သေသွားလဲ ဆိုတာ သိချင်ရုံ သက်သက်ပါ။
"လက်ဖက်ရည်ရော"
ရွှင်အဘိုးအိုရဲ့ အကြည့်က ဝေ့ဝဲသွားပြီး ကျိုးပုဖန်တို့ဆီ ကျရောက်သွားပါတယ်
"ငါ့စကားကို နားထဲမှာ လေဝင်သလိုပဲ ထင်နေကြတာလား ဒီမှာ လက်ဖက်ရည်သောက်ရတာ အားမရသေးလို့ တောရိုင်းကျောင်းမှာ နှစ်ပေါင်း ထောင်ချီ သွားသောက်ချင်နေတာလား"
ကျိုးပုဖန်တို့ စိတ်ထဲမှာ တုန်လှုပ်သွားပါတယ်။
သူက သူတောင်းစား တာအိုဆရာကို ရက်စက်တဲ့ အကြည့်နဲ့ ကြည့်ပြီး အသံလှိုင်းနဲ့ ပြောလိုက်တယ်
"ဒီနေ့ ဒီလက်ဖက်ရည်ကို မင်း မတိုက်ရင် မင်း သေချာပေါက် သေရမယ်၊ တိုက်လိုက်ရင်တော့ အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ် "
သူတောင်းစား တာအိုဆရာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ဒေါသတွေ ထွက်နေပေမဲ့ ဘယ်သူ့ကိုမှ မပေါက်ကွဲရဲပါဘူး။
သူက အရှက်ရမှုကို အောင့်အည်းရင်း လက်ဖက်ရည်တစ်ခွက်ကို ငှဲ့လိုက်ပြီး တုန်တုန်ရင်ရင်နဲ့ ရွှင်အဘိုးအိုရှေ့ကို ရောက်လာပါတယ်။
ရွှင်အဘိုးအိုက မျက်ခုံးတစ်ချက် ပင့်လိုက်တယ်
"ငါကပဲ တိုက်ပေးရဦးမှာလား"
"..."
သူတောင်းစား တာအိုဆရာက လက်ဖက်ရည်ခွက်ကို လုချင်းရှုရဲ့ ပါးစပ်နားကို ကမ်းပေးလိုက်ပြီး တုန်ရီနေတဲ့ အသံနဲ့
"စီ... စီနီယာ... လက်ဖက်ရည် သောက်ပါဦး..."