အခန်း (၁၀၇၉-၁၀၈၀)
Vol. 108 Ch. 1079-1080
အခန်း (၁၀၇၉) ကောင်းကင်ဓားရုံး
ဒီလွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူဟာ ထိတ်လန့်တုန်လှုပ်သွားရပါတယ်၊ အခုလိုအချိန်မျိုးမှာ ဓားကျင့်ကြံသူကို ရန်မူရဲတဲ့လူ ရှိသေးတာလား ပြီးတော့ တစ်ယောက်တည်းမဟုတ်ဘဲ သုံးယောက်တောင်လား
အဖြစ်အပျက်က ရုတ်တရက်ဆန်လွန်းတာကြောင့် သူဟာ ကြိုတင်ပြင်ဆင်မှု မရှိခဲ့ဘဲ ဓားကိုထုတ်ဖို့ ကြိုးစားတိုင်း တစ်ဖက်လူတွေရဲ့ ထိုးနှက်မှုကြောင့် ပြန်ဆုတ်နေခဲ့ရပါတယ်။
နှစ်ဖက်စလုံးရဲ့ တိုက်ခိုက်မှုဟာ လျှပ်စီးလက်သလို ခဏချင်းအတွင်းမှာတင် ပြီးဆုံးသွားတာပါ။
ရှီလုံ၊ ထိုက်ယင်နဂါးဘုရင်၊ ပန်ဆန်း တို့ တစ်ယောက်ချင်းစီဟာ သူတို့ရဲ့ အပြင်းထန်ဆုံး လူသတ်ကွက်တွေကို သုံးပြီး တစ်ကွက်ချင်းစီက အသက်ကို ရည်ရွယ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလူရဲ့ နည်းလမ်းတွေက လီချန်စန်းထက် တစ်ဆင့်နိမ့်တာကြောင့်၊ စက္ကန့်ပိုင်းအတွင်းမှာတင် သူ့ရဲ့ ခန္ဓာကိုယ်ဟာ အပေါက်အပြဲတွေနဲ့ ဒဏ်ရာဗရပွ ဖြစ်သွားပါတော့တယ်။
ရှီလုံတို့ သုံးယောက်စလုံးမှာလည်း ဒဏ်ရာအနည်းငယ် ရခဲ့ပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အထိတော့ မပြင်းထန်ပါဘူး။
"ငါ မကျေနပ်ဘူး..."
ဒီလွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူဟာ အော်ဟစ်ပြီး သောင်းတာအိုမျှော်စင်ရဲ့ အာရုံစိုက်မှုကို ရအောင် ကြိုးစားပါသေးတယ်၊ ဘာလို့လဲဆိုတော့ ဒီနေရာက သောင်းတာအိုမျှော်စင်နဲ့ သိပ်မဝေးလို့ပါ။
ဗုန်း... ဗုန်း... ဗုန်း...
ရေတွက်လို့မရတဲ့ လူသတ်ကွက်တွေက သူ့အပေါ် ကျရောက်လာပြီး ခဏချင်းအတွင်းမှာတင် သူဟာ သွေးမြူတိမ်အဖြစ် ပြောင်းလဲသွားကာ ဘာမှမကျန်တော့အောင် ပျောက်ကွယ်သွားပါတော့တယ်။
"သခင်လေး... ဒီလူကို ရင်ဆိုင်ရတာ လက်တွန့်လို့ မရတာကြောင့် သူ့ဆီက သိုလှောင်လက်စွပ်ကိုတော့ မကယ်တင်နိုင်ခဲ့ဘူး"
ရှီလုံက အဝေးက ဖန့်ချန်ကို ကြည့်ပြီး တိုးတိုးလေး ပြောပါတယ်။
"ကိစ္စမရှိဘူး၊ သူ့ကို အရင်ခေါ်သွားကြစို့"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိတ်ပြပြီး အရိပ်ထဲကို တိုးဝင် ပျောက်ကွယ်သွားပါတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှီလုံတို့လည်း ပျောက်ကွယ်သွားကြပါတော့တယ်။
...
...
ယင်လောက၊ ဖူထူနယ်မြေ၊ ကျန်းကွမ်မြို့။
ချင်းမုဘိုးဘေးနဲ့ ဟုန်ချင်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အံ့ဩမှင်သက်နေကြပြီး ဖန့်ချန်ကို ကြည့်နေတဲ့ သူတို့ရဲ့ ဦးနှောက်တွေက အလုပ်မလုပ်နိုင်တော့သလိုပါပဲ။
ရှီလုံတို့ တိုက်ခိုက်လိုက်တဲ့ ခဏမှာတင် ဖန့်ချန်က သူတို့ကို မရဏလမ်း ထဲ ခေါ်ဆောင်သွားခဲ့တာကြောင့် တိုက်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်ကနေ လွတ်မြောက်ခဲ့တာပါ။
ဒါ့အပြင် သူတို့ကို လူ့လောကနဲ့ အဆက်အသွယ် ဖြတ်တောက်ပေးလိုက်တာကြောင့် ယွင်တိန့်ဆရာကြီးဆီက ကျောက်စိမ်းပြား ပျက်စီးသွားရင်တောင် သူတို့အပေါ် ဘာသက်ရောက်မှုမှ မရှိတော့ပါဘူး။
"ညီလေး... ဒီနေရာက..."
ချင်းမုဘိုးဘေး၏ မျက်နှာထား ထူးဆန်းနေသည်။
"စီနီယာ... ဒီနေရာက ယင်လောကပါ"
ဖန့်ချန်က ပြုံးကာ ပြောပါတယ်။
ယင်လောက
သူတို့နှစ်ယောက်စလုံး စိတ်လှုပ်ရှားသွားကြပါတယ်၊ ဒီနေရာကို ရောက်တော့မှ သူတို့ ဘာလို့ ဒီလောက် သက်သောင့်သက်သာ ဖြစ်နေရလဲဆိုတာ သဘောပေါက်သွားကြတာပါ။
အခု သူတို့က ဝိညာဉ်ပူးကပ်ခံထားရတဲ့ အခြေအနေဆိုတော့ လူ့လောကရဲ့ ဝိညာဉ်စွမ်းအားတွေက သူတို့အတွက် အကျိုးမရှိတော့ပါဘူး၊ အခု ယင်လောကထဲက ကံတရားစွမ်းအင် တွေကို ရှူရှိုက်လိုက်တိုင်းမှာ သူတို့ အတော်လေး နေလို့ကောင်းနေကြတာပါ။
"စီနီယာ... အရင်တုန်းက စီနီယာတို့ နတ်မိစ္ဆာပင်လယ်မှာ ပျောက်သွားတာက လီချန်စန်းနဲ့ ပတ်သက်နေတာလား "
ဖန့်ချန်က မေးလိုက်ပါတယ်။
ချင်းမုဘိုးဘေးက ခေါင်းငြိတ်လိုက်ပြီး သူ့မျက်လုံးထဲမှာ ဒေါသရိပ်တွေ ဖြတ်ပြေးသွားတယ်
"ဒီကောင်ရဲ့ လက်ချက်ပဲ"
"ဆရာယွမ်ဟယ် နတ်မိစ္ဆာပင်လယ်မှာ ပေါ်လာတယ်လို့ ကြားလို့ ငါတို့တွေ အတူတူ သွားခဲ့ကြတာ၊ မထင်မှတ်ဘဲ ငါတို့ကို စောင့်နေတာက လီချန်စန်း ဖြစ်နေတယ်"
ဟုန်ချင်းက မျက်နှာပျက်ပျက်နဲ့ ပြောပါတယ်။
"ငါတို့ကို လီချန်စန်း ဖမ်းသွားပြီးနောက် ဒီနေရာကို ပို့လိုက်တာ၊ မကြာခင်မှာပဲ စက္ကူရုပ်အဖြစ် အသွင်ပြောင်းခံလိုက်ရတယ် သူတို့က ငါတို့ဆီကနေ တာအိုသုံးထောင်ဂိုဏ်းရဲ့ အမွေအနှစ်တွေကို မေးမြန်းဖို့ ကြိုးစားကြတယ်၊ ဒါပေမဲ့..."
ချင်းမုဘိုးဘေးက လှောင်ရယ်လိုက်တယ်
"ငါတို့ဆီမှာ ဘာအမွေအနှစ် ရှိမှာလဲ သူတို့ မျက်စိထဲ မဝင်တဲ့ အရာတွေလောက်ပဲ ရှိတာပါ"
ဖန့်ချန် စဉ်းစားနေမိပါတယ်။
လီဝူဝမ့်တို့ရဲ့ ရည်ရွယ်ချက်က ဒီယင်လောကနဲ့ ပတ်သက်နေဖို့ များပါတယ်၊ ဖြစ်နိုင်တာက သူတို့ဟာ ဖန့်ချန်ဆီက ငရဲမင်းအမိန့်ပြား ကို ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ဒီလူတွေက ဖူထူနယ်မြေထဲမှာ နယ်နိမိတ်တံတိုင်းကို ဖျက်ဆီးပြီး ငရဲမင်းနန်းတော်ထဲ ဝင်ဖို့ ကြိုးစားနေတဲ့အုပ်စုနဲ့ ပတ်သက်မှု ရှိ၊ မရှိ ဆိုတာကိုတော့ မသိရသေးပါဘူး။
"ညီလေး... ဒီနေရာက ယင်လောကဆိုရင်၊ မင်းက..."
ချင်းမုဘိုးဘေး၏ မျက်နှာထား ရုတ်တရက် ပျက်သွားသည်။
"နှစ်ယောက်စလုံး စိတ်ချပါ၊ ကျွန်တော် မသေသေးပါဘူး၊ ဒါက ယင်လောကသွားခြင်းအတတ် ပါ"
ဖန့်ချန်က ဆိုပါတယ်။
"မသေသေးရင် တော်သေးတာပေါ့"
ချင်းမုဘိုးဘေး စိတ်အေးသွားပါတယ်။
အဲဒီနောက် ရှီလုံတို့ သုံးယောက်ဟာ အစဉ်လိုက် ပေါ်လာပြီး အဲဒီလွတ်လပ်သောမသေမျိုး ဓားကျင့်ကြံသူရဲ့ ဝိညာဉ်ကို ခေါ်လာကြတာကြောင့် သူတို့နှစ်ယောက်ရဲ့ သံသယတွေ ပြေလည်သွားပါတော့တယ်။
ချင်းမုဘိုးဘေး၏ မျက်လုံးထဲမှာ အံ့ဩတုန်လှုပ်မှုတွေ ဖြတ်ပြေးသွားတယ်၊ အဲဒီဓားကျင့်ကြံသူကို သတ်ခဲ့တဲ့လူတွေက သူ့ညီလေး ခေါ်ထားတဲ့ ကျွမ်းကျင်သူတွေ ဖြစ်နေတာလား
သူ့ညီလေးက ဘယ်အချိန်ကတည်းက ဒီလိုကျွမ်းကျင်သူတွေကို စိတ်ကြိုက် ခိုင်းစေနိုင်တဲ့အထိ ဖြစ်လာတာလဲဆိုတာ သူ စဉ်းစားလို့တောင် မရပါဘူး။
"ဒါဆိုရင်... ဒီနေရာက အရာအားလုံးက တာအိုသုံးထောင်ဂိုဏ်းရဲ့ တကယ့် အမွေအနှစ်တွေပေါ့ "
ချင်းမုဘိုးဘေးဟာ စိတ်လှုပ်ရှားစွာနဲ့ ရင်ခုန်သွားပါတယ်။
"သခင်လေး... ဒီကောင်ကို ဆုံးမပြီးပါပြီ၊ အခု ဘာမေးမေး ဖြေပါလိမ့်မယ်"
ရှီလုံက ဓားကျင့်ကြံသူရဲ့ ဝိညာဉ်ကို တစ်ချက်ကြည့်ပြီး ပြုံးကာ ပြောပါတယ်။
"မင်းနာမည် ဘယ်သူလဲ"
ဖန့်ချန်က ပြုံးကာ မေးပါတယ်။
"ကျူယွင်ဝေ"
ကျူယွင်ဝေက ထုံထိုင်းနေပေမဲ့ ဖန့်ချန်ရဲ့ မျက်နှာကို မြင်လိုက်ရတဲ့အခါမှာတော့ အံ့ဩသွားပါတယ်။
"မင်း ငါ့ကို သိတာလား"
ဖန့်ချန်က ရယ်လိုက်ပါတယ်။
ကျူယွင်ဝေက စက္ကန့်အနည်းငယ် ငြိမ်နေပါတယ်၊ထိုက်ယင်နဂါးဘုရင်က ဒါကို မြင်တော့ အေးစက်စွာ လှောင်လိုက်တယ်
"ကြည့်ရတာ ခုနက ဆုံးမတာ နည်းနေသေးပုံပဲ"
ကျူယွင်ဝေ တစ်ကိုယ်လုံး တုန်သွားပြီး ချက်ချင်း ပြောပါတယ်
"ကျုပ် မင်းကို သိပါတယ် လီချန်စန်းက မင်းကို ရှာဖို့အတွက် မင်းရဲ့ ပုံတူကားချပ်ကို ဓားကျင့်ကြံသူအားလုံးဆီ ပေးထားပြီးသား ပြီးတော့ ဒီစက္ကူရုပ် နှစ်ရုပ်ကလည်း လီချန်စန်းက ကျုပ်ကို ပေးပြီး မင်းကို ငါးမျှားဖို့ ခိုင်းထားတာပါ"
ချင်းမုဘိုးဘေးနဲ့ ဟုန်ချင်းတို့ဟာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မျက်နှာထား ထူးဆန်းနေကြပါတယ်။
အခုတော့ ဖန့်ချန်က ငါးစာကို လာဟပ်လိုက်တာ မှန်ပေမဲ့၊ ဟပ်လိုက်တာက အရမ်းမြန်လွန်းတဲ့အပြင် ငါးစာ၊ ငါးမျှားချိတ်နဲ့ ငါးမျှားတဲ့လူကိုပါ တစ်ခါတည်း ဝါးမြိုလိုက်တာပဲ မဟုတ်လား...
"အင်း"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိတ်တယ်
"မင်းတို့ ငါ့ကို ရှာနေတာ တကယ်က ဘာအတွက်လဲ"
ကျူယွင်ဝေက အလျင်အမြန် ပြောတယ်
"ကျုပ် ရှာတာ မဟုတ်ပါဘူး လီချန်စန်းနဲ့ သူ့ရဲ့အဖေ လီဝူဝမ့် တို့က မင်းဆီမှာ ရှိနေတဲ့ ထူးခြားသူ တစ်ယောက် ချန်ထားခဲ့တဲ့ အမွေအနှစ်ကို ရှာချင်နေတာပါ"
ဒီနေရာမှာ ကျူယွင်ဝေက ရှီလုံတို့ကို တစ်ချက်ကြည့်လိုက်ပြီး၊ ဒီနေရာက ဒဏ္ဍာရီထဲက ယင်လောက ဖြစ်နေတာကို တွေးမိကာ တစ်ခုခုကို သဘောပေါက်သွားသလို သူ့မျက်နှာ ပြာနှမ်းသွားပါတယ်။
"အင်း"
ဖန့်ချန်က ပြုံးလိုက်တယ်
"ဒီကိစ္စကို ခဏထားဦး၊ ချောင်ဖုန်းနယ်မြေမှာ ရှိတဲ့ မင်းတို့ ဓားကျင့်ကြံသူတွေရဲ့ အင်အားက ဘယ်လောက်ရှိလဲဆိုတာ ပြောပြစမ်း လီဝူဝမ့် အပြင် နောက်ထပ် အဆင့် (၃) ဓားကျင့်ကြံသူက ဘယ်သူလဲ"
"မင်းတို့ထဲမှာ အဆင့် (၂) ဓားကျင့်ကြံသူ ရှိသေးလား အဆင့် (၁) တွေက ဘယ်သူတွေလဲ၊ ပုံမှန်ဆိုရင် ဘယ်မှာ နေကြလဲ"
"သေချာ စဉ်းစားပြီးမှ ပြောနော်၊ ငါ့ဆီမှာ ဓားကျင့်ကြံသူက မင်းတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး၊ တကယ်လို့ မင်းတို့ပြောတာတွေ မကိုက်ညီရင်တော့ ဒုက္ခပိုရောက်လိမ့်မယ်"
"ကျုပ်... သိရသလောက်တော့ မင်းကလည်း ဓားကျင့်ကြံသူ တစ်ယောက်ပဲလေ၊ ဘာလို့ ငါတို့ကို ဒီလောက်အထိ နှိပ်စက်နေရတာလဲ..."
ကျူယွင်ဝေ၏ မျက်နှာထားမှာ အလွန်ဆိုးရွားနေသည်။
တစ်ဖက်လူက ဒါတွေကို မေးနေတာက သူတို့ကို လုပ်ကြံဖို့ဆိုတာ သိသာနေတာပဲလေ။
ဒီလူရဲ့ နတ်ဘုရားလို နည်းလမ်းတွေနဲ့ဆိုရင် အဆင့် (၃) နှစ်ယောက်ကလွဲရင် ကျန်တဲ့လူတွေ ဘယ်သူ ခံနိုင်မှာလဲ
ရှီလုံက ဘာမှမပြောဘဲ ကျူယွင်ဝေကို အောက်ကို ပြန်ခေါ်သွားပါတယ်။
တစ်နာရီလောက် ကြာမှ ပြန်ပေါ်လာပါတယ်။
ကျူယွင်ဝေရဲ့ ဝိညာဉ်ဟာ ပိုပြီးတော့တောင် ပါးလွှာသွားပြီး စိတ်ဓာတ်တွေ အကုန် ကျဆင်းနေပါပြီ။
ဒီတစ်ခါမှာတော့ ဖန့်ချန်ရဲ့ မေးခွန်းတိုင်းကို သူ အကုန် ဖြေပါတော့တယ်။
အဲဒီအတွင်းမှာ ဖန့်ချန်ဟာ ပန်ဆန်းကို ခိုင်းပြီးရွှယ်ရှန်းတို့ကိုလည်း ခေါ်လာခိုင်းကာ သူတို့ပြောတာတွေကို တစ်ခုချင်းစီ တိုက်စစ်ကြည့်ပါတယ်။
ကံမကောင်းတာက ရွှယ်ရှန်းဟာ လွတ်လပ်သောမသေမျိုး မဟုတ်တာကြောင့် ကျူယွင်ဝေလောက် အများကြီး မသိပါဘူး၊ ဒါကြောင့် အချက်အလက်တချို့ရဲ့ အမှန်အမှားကိုတော့ နောက်ပိုင်းမှ ကိုယ်တိုင် သွားစစ်ရမှာပါ။
ကျူယွင်ဝေရဲ့ ပါးစပ်ကနေ လီဝူဝမ့်တို့ ပိုင်ဆိုင်ထားတဲ့ အင်အားကို ဖန့်ချန် အတော်အတန် သိလိုက်ရပါတယ်။
အဆင့် (၃) ဓားကျင့်ကြံသူ ၂ ယောက်။
အဆင့် (၂) ဓားကျင့်ကြံသူ - ၅ ယောက်တောင် ရှိနေတာပါ။
ယန်ဟောက်ရန်တို့ ခန့်မှန်းသလို အဆင့် (၂) မရှိတာ မဟုတ်ပါဘူး။
ဒါပေမဲ့ ဒီ ၅ ယောက်စလုံးက လုံယွမ်၊ စစ်ဝေ နဲ့ မင်ဟူ တို့မှာ ပုန်းအောင်းပြီး အခွင့်အရေးကို စောင့်နေကြတာ ဖြစ်ပါတယ်။
အဆင့် (၁) ဓားကျင့်ကြံသူ ၂၇ ယောက်။
ဒီထဲမှာ လီချန်စန်းရဲ့ အစွမ်းက နံပါတ် (၁) ပါ။
ဓားသခင်္ျိုင်းနန်းတော်ရဲ့ နန်းတော်သခင် ကျူယွင်ချန်း ဟာလည်း ၂၇ ယောက်ထဲက တစ်ယောက်ဖြစ်ပြီး လီချန်စန်းရဲ့ အောက်မှာ ရှိကာ ကျူယွင်ဝေရဲ့ အစ်ကိုကြီးလည်း ဖြစ်ပါတယ်။
ဒီဓားကျင့်ကြံသူတွေဟာ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက တိတ်တဆိတ် ပေါင်းစည်းပြီး ပုံသဏ္ဍာန်မရှိတဲ့ ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့ကြပါတယ်၊ အဲဒါကတော့ ကောင်းကင်ဓားရုံး ပါပဲ။
လီဝူဝမ့်နဲ့ နောက်ထပ် အဆင့် (၃) ဓားကျင့်ကြံသူဟာ ကောင်းကင်ဓားရုံးရဲ့ ရုံးချုပ်မှူး နဲ့ ဒု-ရုံးချုပ်မှူးတွေ ဖြစ်ကြပြီး လောကမှာရှိတဲ့ ဓားကျင့်ကြံသူအားလုံးကို အမိန့်ပေးနိုင်ကြပါတယ်ဗျာ။
အခန်း (၁၀၈၀) နတ်မီးလျှံချိုင့်ဝှမ်း
"မင်းတို့ နောက်ထပ် ဘာတွေလုပ်ဖို့ ရှိသေးလဲဝိညာဉ်နတ်ဘုရားဂိုဏ်းအတွက် ကြေးစားလုပ်ပေးတာအပြင်၊ လီဝူဝမ့်နဲ့ မင်းရဲ့ဆရာမှာ ဘာအစီအစဉ်တွေ ရှိသေးလဲ"
ဖန့်ချန်က အေးဆေးစွာ မေးလိုက်ပါတယ်။
ကျူယွင်ဝေက လေသံတိုးတိုးနဲ့ ဖြေတယ်
"နောက်ထပ် တစ်နှစ်လောက်ကြာရင်၊ အပြင်မှာ ပျံ့နှံ့နေတဲ့ ဓားကျမ်းတွေကို ပြန်သိမ်းပြီးတာနဲ့ ချောင်ဖုန်းနယ်မြေမှာ ဂိုဏ်းထောင်မှာပါ ကောင်းကင်ဓားရုံးကို နောက်ကွယ်ကနေ ရှေ့တန်းကို ထုတ်လာတော့မှာပါ"
သူ ခဏနားပြီးမှ
"အဲဒီအချိန်ကျရင် ချောင်ဖုန်းနယ်မြေမှာ မျိုးနွယ်ကြီးတွေ ရှိတော့မှာ မဟုတ်ဘူး ဂိုဏ်းကြီးလေးဂိုဏ်းနဲ့ ကျိုရှန်းတောင် သန့်စင်သောနယ်မြေပဲ ရှိတော့မှာ"
"မင်းတို့က ချွီမျိုးနွယ်နဲ့ တုမျိုးနွယ်ကိုပါ ဆက်ပြီး လုပ်ကြံဦးမှာလား "
ဖန့်ချန်၏ အကြည့်များ လှုပ်ခတ်သွားသည်။
"ဟုတ်တယ် မျိုးနွယ်ကြီးလေးခုလုံးကို ဖယ်ရှားပြီး အစားထိုးနိုင်မှသာ ငါတို့ဓားကျင့်ကြံသူတွေအတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေ လုံလုံလောက်လောက် ရှိမှာပါ "
ကျူယွင်ဝေက ဆက်ပြောတယ်
"ကျုပ်တို့လို လွတ်လပ်သောမသေမျိုးတွေက သက်တမ်းက သာမန်လူရဲ့ ထက်ဝက်ပဲရှိတာသက်တမ်းတိုးဖို့အတွက် မသေမျိုးကျောက်တုံးတွေကို ပိုပြီး လိုအပ်တယ်"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိတ်ပြီး
"သောင်းတာအိုမျှော်စင် အကြောင်း ပြောပြစမ်း"
"သောင်းတာအိုမျှော်စင်..."
ကျူယွင်ဝေက စက္ကန့်အနည်းငယ် ငြိမ်သက်သွားပြီးမှ
"သောင်းတာအိုမျှော်စင် မျှော်စင်သခင်ရဲ့ အစွမ်းက လီဝူဝမ့်နဲ့ ကျုပ်ဆရာထက် မနိမ့်ပါဘူး"
"ကျုပ်ဆရာ ကိုယ်တိုင်ပြောတာ ကြားဖူးတယ် သူက အဆင့် (၃) ဓားကျင့်ကြံသူ ဖြစ်ပေမဲ့ သောင်းတာအိုမျှော်စင်သခင်နဲ့ ရင်ဆိုင်ရရင် အနိုင်ရဖို့ အခွင့်အရေး လေးပုံတစ်ပုံတောင် မရှိဘူးတဲ့"
"အဲဒီမျှော်စင်သခင်က... တာအိုဂိုဏ်းရဲ့ တားမြစ်ထားတဲ့ ပညာတစ်ခုခုကို တတ်မြောက်ထားပုံပဲ အဲဒီအတတ်က အရမ်းအစွမ်းထက်ပြီး ဓားကျင့်ကြံသူတွေရဲ့ လမ်းစဉ်ထက် မနိမ့်ဘူးလို့ သိရတယ်"
ဖန့်ချန်ကတော့ ဒီသောင်းတာအိုမျှော်စင်သခင်ဟာ အပြာရောင်မိုးကြိုးအတတ် ကို တတ်မြောက်ထားတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။
သူဟာ မိုးကြိုးနတ်သားရဲ ရဲ့ အသိအမှတ်ပြုမှုကို ရထားတာပဲလေ။
တော်သေးတာက ဒီအတတ်ဟာ တိုက်ခိုက်ရေးမှာ အလွန်ပြင်းထန်ပေမဲ့၊ ယင်သားရဲ ရဲ့ အမွေအနှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ပြင်းထန်မှုမှာ သာပေမဲ့ လျှို့ဝှက်နက်နဲမှု မှာတော့ လျော့နည်းပါတယ်။
အပြာရောင် မိုးကြိုးအတတ်က လိုက်လံစုံစမ်းလို့ ရပေမဲ့၊ ရိပ်ခြေဗုဒ္ဓအတတ် နဲ့ အရေခွံဆုပ်ခွာခြင်းအတတ် တွေကတော့ ကာကွယ်ရ ခက်ခဲလွန်းတာပါ။
နာရီဝက်လောက် ကြာတဲ့အခါမှာတော့ ကျူယွင်ဝေဟာ သူသိသမျှ သောင်းတာအိုမျှော်စင်ရဲ့ အကြောင်းတွေကို တစ်ခုမကျန် ပြောပြခဲ့ပါတယ်။
သောင်းတာအိုမျှော်စင်ရဲ့ အင်အားနဲ့ အခြေခံက မျိုးနွယ်ကြီးလေးခုထက် သိသိသာသာ သာလွန်နေပြီး ဂိုဏ်းကြီးသုံးခုထဲမှာလည်း ထိပ်ဆုံးကပါ။
လျှို့ဝှက်ဆန်းကြယ်တဲ့ မျှော်စင်သခင်ဟာ အဆင့် (၃) လွတ်လပ်သောမသေမျိုး ဖြစ်ပြီး အဆင့်တူ ဓားကျင့်ကြံသူထက် အစွမ်းပိုထက်ပါတယ်။
ယွင်တိန့်ဆရာကြီးလို အဆင့် (၂) လွတ်လပ်သောမသေမျိုးတွေကလည်း (၇) ယောက်အထိ ရှိနေတာပါ။
အဆင့် (၁) လွတ်လပ်သောမသေမျိုးတွေကတော့ သောင်းတာအိုမျှော်စင်က တိုက်ရိုက်ဆင်းသက်လာသူတွေနဲ့ လက်အောက်ခံတွေ အပါအဝင် ၁၅၀ ဝန်းကျင်လောက် ရှိပါတယ်။
ဒီထဲက ငါးပုံတစ်ပုံကတော့ သောင်းတာအိုမျှော်စင်မှာ အမြဲတမ်း အခြေစိုက်နေပြီး ကျန်တဲ့လူတွေကတော့ အပြင်မှာ ရှိတဲ့ သောင်းတာအိုမျှော်စင်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို စောင့်ကြပ်နေကြတာပါ။
"ဒီနေရာမှာ ရှိတဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ စီစဉ်ထားမှုတွေကို ပြောပြဦး"
ဖန့်ချန်က ပြုံးကာ မေးလိုက်ပါတယ်။
ကျူယွင်ဝေက ခဏတာ မှင်သက်သွားပြီး မျက်နှာပျက်ပျက်နဲ့ ပြောတယ်
"ကျုပ်က ကောင်းကင်ဓားရုံးက ကျင့်ကြံသူပါ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ မဟုတ်ဘူး သူတို့ရဲ့ စီစဉ်ထားမှုတွေကို ကျုပ် အများကြီး မသိပါဘူး"
"မင်းတို့က ခွဲလို့မရတဲ့ ပူးပေါင်းဆောင်ရွက်သူတွေ မဟုတ်ဘူးလား ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ ပံ့ပိုးမှုသာ မရှိရင် လီဝူဝမ့်နဲ့ မင်းရဲ့ဆရာက ပါရမီ ဘယ်လောက်ကောင်းကောင်း အဆင့် (၂) မှာတင် ရပ်နေမှာ မဟုတ်လား"
ဖန့်ချန်က ပြုံးကာ ပြောပါတယ်။
"အမှန်အတိုင်း ပြောရရင်..."
ကျူယွင်ဝေက သက်ပြင်းချလိုက်တယ်
"အစကတည်းက ကျုပ်တို့က ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေကို မျက်စိထဲ မထည့်ခဲ့ပါဘူး ချောင်ဖုန်းနယ်မြေမှာ ဓားကျင့်ကြံသူတွေရဲ့ အခြေအနေကို ပြောင်းလဲဖို့သာ မဟုတ်ရင် ရုံးချုပ်မှူးနဲ့ ဒု-ရုံးချုပ်မှူးတို့က သူတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူး"
"ကျုပ်တို့ရဲ့ ပူးပေါင်းမှုက သူတို့ပေးတဲ့ သတ်ရမယ့်လူစာရင်းကို လက်ခံတာမှာတင် ရပ်သွားတာပါ အလုပ်ပြီးရင် လိုအပ်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ကျုပ်တို့ ရတယ်"
"ဥပမာ မသေမျိုးကျောက်တုံးတွေနဲ့ သွေးဝိညာဉ်နတ်ဆေး တွေပေါ့ ဒါကလွဲလို့ ကျုပ်တို့နဲ့ သူတို့ကြားမှာ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှု မရှိပါဘူး"
"မင်းပြောတာ အမှန်လို့ပဲ ငါ သတ်မှတ်လိုက်မယ်"
ဖန့်ချန်က ခပ်ဖွဖွ ခေါင်းငြိတ်တယ်
"ဒီတစ်ခေါက် ယွင်တိန့်ဆရာကြီး ပေးလိုက်တဲ့ စာရင်းထဲမှာ ဘယ်သူတွေ ပါလဲ"
ကျူယွင်ဝေ၏ မျက်နှာထား ပြောင်းလဲသွားသည်။
လီချန်စန်းသာ လီဝူဝမ့်ရဲ့ မွေးစားသား မဟုတ်ရင် ဒီကောင်က သူ့ကို သစ္စာဖောက်လိုက်ပြီလို့ သူ တကယ် သံသယဝင်မိမှာပါ။
သောင်းတာအိုမျှော်စင်ထဲက ကိစ္စတွေကို ဒီရှေ့ကလူက ဘယ်လိုလုပ် သိနေရတာလဲ
"ဒီစာရင်းက နောက်ထပ် ထွက်လာမယ့် သွေးဝိညာဉ်နတ်ဆေး ပံ့ပိုးမှုတွေနဲ့ သက်ဆိုင်နေတာ တကယ်လို့ အလုပ်မအောင်မြင်ရင် ကောင်းကင်ဓားရုံးက အကြီးအကျယ် ဆုံးရှုံးသွားလိမ့်မယ်"
ကျူယွင်ဝေက လေးနက်စွာ ပြောတယ်
"မင်းလည်း ဓားကျင့်ကြံသူပဲ ဘာလို့ ငါတို့နဲ့ တစ်ဖက်တည်း မရပ်တည်နိုင်ရတာလဲ "
"တကယ်လို့ မင်းတို့သာ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ မပေါင်းခဲ့ဘူးဆိုရင် မင်းတို့လုပ်မယ့်ကိစ္စတွေကို ငါ တစ်ဖက်တစ်လမ်းက ကူညီပေးမိမှာပါ"
ဖန့်ချန်က ပြုံးကာ ပြောပါတယ်။
"မင်းနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ရန်ငြိုးရှိလို့လား"
ကျူယွင်ဝေက အံ့ဩသွားပြီးမှ သဘောပေါက်သွားတဲ့ အရိပ်အယောင်တွေ မျက်လုံးထဲမှာ ဖြတ်ပြေးသွားပါတယ်။
ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လုပ်ရပ်တွေအရ ရန်သူတွေ အများကြီးရှိမှာ သေချာပါတယ်။
ဒါပေမဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ နည်းလမ်းတွေက လျှို့ဝှက်နက်နဲပြီး သူတပါးလက်နဲ့ သတ်ခိုင်း တတ်တာကြောင့် လူအများစုက သူတို့ကို ရန်ငြိုးမဖွဲ့မိကြတာပါ။
အခုတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီရှေ့ကလူကိုလည်း အလားတူ နည်းလမ်းနဲ့ ရန်စမိပုံရပါတယ်၊ ဒါကြောင့်လည်း သူက ဝိညာဉ်နတ်ဘုရားဂိုဏ်း ကိစ္စတွေကို ဒီလောက်အထိ အာရုံစိုက်နေတာပေါ့။
ဒီလိုတွေးမိတော့ ကျူယွင်ဝေက အကြံရသွားပြီး တိုးတိုးလေး ပြောတယ်
"မင်း ကောင်းကင်ဓားရုံးကို ဝင်လိုက်ပါ လောလောဆယ် ဝိညာဉ်နတ်ဘုရားဂိုဏ်းကို အယောင်ဆောင် ပူးပေါင်းထားကြစို့ ငါတို့ ကောင်းကင်ဓားရုံးရဲ့ အခြေခံ ခိုင်မာသွားတဲ့အခါ သူတို့နဲ့ ဆက်ပြီး မပူးပေါင်းတော့ဘူး"
"အဲဒီအချိန်ကျရင် ရုံးချုပ်မှူးနဲ့ ဒု-ရုံးချုပ်မှူးတို့က မင်းရဲ့ရန်သူကို ရှင်းပေးဖို့ သေချာပေါက် ကူညီကြမှာပါ မင်းနဲ့ ရန်ငြိုးရှိတဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူက ဘယ်သူလဲဆိုတာ ပြောပြရုံပါပဲ"
သူက ဖန့်ချန်ကို ပြန်ပြီး သိမ်းသွင်းဖို့ ကြိုးစားနေတာပါ၊ တကယ်လို့ အောင်မြင်ရင် ကောင်းကင်ဓားရုံးအတွက် အင်အားကြီးတစ်ခု တိုးလာမှာပဲလေ
"ငါ တစ်ခါက ကျိန်ဆိုခဲ့ဖူးတယ် ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေကို အကုန် သတ်ပစ်မယ် ဒီအမှောင်ထဲက ကြွက်အုပ်ကို ဘယ်နေရာမှာမှ ပုန်းစရာမရှိအောင် လုပ်ပစ်မယ်လို့"
ဖန့်ချန်က ပြုံးကာ ပြောတယ်
"မင်းပြောတဲ့ ရုံးချုပ်မှူးတို့က ငါ့ကို ကူညီမှာ မဟုတ်ဘူး ထင်တယ်"
"သတ်... ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူတွေကို အကုန်သတ်မယ် ဟုတ်လား "
ကျူယွင်ဝေ ကြောင်အသွားပြီးမှ ထူးဆန်းတဲ့ မျက်နှာထားနဲ့ ပြောတယ်
"မင်းကတော့ စိတ်ကူးယဉ်နေတာပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ဒီမှာ အမြစ်တွယ်နေတာ ကြာပြီ အင်အားက မင်း စိတ်ကူးထားတာထက် အများကြီး ပိုကြီးမားတယ်..."
"တိုက်အမြင့်ကြီးတွေကလည်း တစ်ရက်တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ဘူးလေ"
ဖန့်ချန်က အေးစက်စွာ ပြောတယ်
"စာရင်းအကြောင်း ပြောတော့"
ကျူယွင်ဝေ အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ သွားကို တင်းတင်းကြိတ်ကာ
"ငါ အဲဒီစာရင်းကို မပြောနိုင်ဘူး ငါတစ်ယောက်တည်း သေတာ ဘာဖြစ်လဲ ကောင်းကင်ဓားရုံးသာ ချောင်ဖုန်းမှာ အခြေစိုက်နိုင်မယ်ဆိုရင် အနည်းငယ် အနစ်နာခံရတာ ဘာမှမဟုတ်ဘူး"
ဖန့်ချန်က လက်တစ်ချက် မြှောက်လိုက်ရုံပါပဲ လူတိုင်းရှေ့မှာတင် ခဏလေးအတွင်းမှာပဲ ကျူယွင်ဝေကို စက္ကူရုပ်အဖြစ် ပြောင်းလဲပစ်လိုက်ပါတယ်။
ချင်းမုဘိုးဘေးနဲ့ ဟုန်ချင်းတို့ဟာ ဒါကို မြင်တဲ့အခါ နည်းနည်းတော့ ဝမ်းသာသွားကြပါတယ်။
စက္ကူရုပ်အသွင် ပြောင်းသွားပြီးနောက် ကျူယွင်ဝေရဲ့ လှုပ်ရှားမှုနဲ့ အတွေးတွေဟာ သူ့ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ပါဘူး။
သူဟာ ထိတ်လန့်တုန်လှုပ်ပြီး ဒေါသထွက်နေသလို ကြောက်ရွံ့မှုတွေလည်း ရှိနေပါတယ်။
"အခု ပြောလို့ ရပြီ"
ဖန့်ချန်က ဆိုပါတယ်။
ကျူယွင်ဝေဟာ မထိန်းချုပ်နိုင်တော့ဘဲ စာရင်းအကြောင်း အကုန်လုံးကို အန်ထုတ်လိုက်ပါတော့တယ်။
ဖန့်ချန် စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်တာနဲ့ ကျူယွင်ဝေရဲ့ စက္ကူရုပ် ခန္ဓာကိုယ်ဟာ ချက်ချင်း ပြာကျသွားပါတော့တယ်၊ မီးပွားလေးတစ်ခု စွဲသွားသလိုပါပဲ၊ ခဏချင်းမှာတင် ပြာပုံဖြစ်သွားပါတယ်။
ဖန့်ချန်ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးလေတွေ လှုပ်ခတ်သွားပြီး ကျူယွင်ဝေ သေဆုံးသွားတာကြောင့် ဝိညာဉ်စွမ်းအား အနည်းငယ် တုန်ခါသွားပါတယ်။
မလိုအပ်ဘဲနဲ့တော့ သူဟာ ဒီဝိညာဉ်ပူးကပ်ခြင်းအတတ်ကို မသက်ဆိုင်တဲ့လူတွေအပေါ် မသုံးချင်ပါဘူး။
ဘာလို့လဲဆိုတော့ ရှင်းလင်းတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်မှု အနည်းငယ် ရှိတတ်လို့ပါ။
"ချင်းမုစီနီယာ... စီနီယာတို့ လောလောဆယ် ဒီမှာပဲ ကျင့်ကြံနေကြပါ ကျင့်ကြံခြင်းအဆင့် နည်းနည်း မြင့်လာတဲ့အခါ ကျွန်တော် စီနီယာတို့ကို ငရဲပြည်ငယ် မှာ ရာထူးတစ်ခု စီစဉ်ပေးပါ့မယ်"
ဖန့်ချန်က ချင်းမုဘိုးဘေးတို့ကို ကြည့်ပြီး ပြောပါတယ်
"အခု ကျွန်တော့်မှာ လူလိုနေတာနဲ့ အတော်ပဲ စီနီယာတို့လည်း ဒီလိုပုံစံ ဖြစ်နေပြီဆိုတော့ ဒီမှာ နေတာက အကောင်းဆုံး ရွေးချယ်မှုပါပဲ"
နှစ်ယောက်စလုံးကလည်း ဖန့်ချန်ပြောတာ မှန်တယ်ဆိုတာ သိတာကြောင့် ခေါင်းငြိတ် လက်ခံလိုက်ကြပါတယ်။
ဒီမှာနေပြီး ဖန့်ချန်ကို ကူညီပေးနိုင်မယ်ဆိုရင် တာအိုသုံးထောင်ဂိုဏ်းအတွက် တာဝန်ကျေရာ ရောက်မှာပဲလေ။
...
...
သောင်းတာအိုမျှော်စင်မှာတော့ ချင်းမုဘိုးဘေးတို့ကို ကယ်ထုတ်ပြီးတဲ့နောက် ဒီကိစ္စက ပြီးဆုံးသွားပြီလို့ ထင်ရပါတယ်။
ဒါပေမဲ့ ဖန့်ချန်ဟာ သျှောင်နတ်နဂါးမလေး တို့ကိုပါ ကယ်ထုတ်ဖို့ အခွင့်အရေး ရှိ၊ မရှိ ကြည့်ချင်နေပါသေးတယ်။
ဒါက သျှောင်နတ်နဂါးမလေးနဲ့ လီကျင်းနျန် တို့မှာ ပတ်သက်မှု ရှိနေတာကြောင့်တင် မဟုတ်ဘဲ၊ အရင်က ဓားသင်္ချိုင်းလှေကား မှာ သူမက ဖန့်ချန်ကို ကာကွယ်ပေးခဲ့ဖူးတာကြောင့်လည်း ပါပါတယ်။
ဝိညာဉ်နတ်ဘုရားဂိုဏ်းကို အနည်းငယ် ထိခိုက်အောင် လုပ်နိုင်မယ်ဆိုရင်လည်း ရက်အနည်းငယ် ထပ်နေရတာ တန်ပါတယ်လေ။
သူဟာ ယွင်တိန့်ဆရာကြီးရဲ့ နယ်မြေထဲမှာ ရက်အနည်းငယ်ကြာ လှည့်လည်ကြည့်ရှုရင်း တစ်ဖက်လူရဲ့ ဆေးဖော်စပ်တဲ့ နေရာကို တဖြည်းဖြည်း ရှာတွေ့သွားပါတယ်။
နယ်မြေရဲ့ အနက်ပိုင်းမှာ နတ်မီးလျှံချိုင့်ဝှမ်း ဆိုတဲ့ နေရာတစ်ခု ရှိနေပြီး ဖန့်ချန်ဟာ အနားမကပ်ရသေးခင်မှာတင် ရင်ထဲအထိ ပူလောင်စေတဲ့ အပူလှိုင်းတွေဟာ ရိုက်ခတ်လာပါတော့တယ်။