အခန်း (၁၀၈၃-၁၀၈၄)
Vol. 109 Ch. 1083-1084
အခန်း (၁၀၈၃) လုံယွမ် နဂါးအိုကြီး
ဖန့်ချန်က ဖြစ်ကြောင်းကုန်စင်ကို အကျဉ်းချုံးပြောပြလိုက်ပေမဲ့ အချို့နေရာတွေမှာတော့ ခပ်ဝါးဝါးပဲ ပြောခဲ့တာကြောင့် လုံကျင်ယောင်တို့အုပ်စုဟာ အမျိုးမျိုး ခန့်မှန်းနေကြပါတယ်။
သူတို့ကို အံ့ဩဆုံးဖြစ်စေတာကတော့ သောင်းတာအိုမျှော်စင်သခင်ဟာ ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာပါပဲ။
"မင်းရဲ့ကျင့်ကြံခြင်းအဆင့်နဲ့... ငါတို့ကို သောင်းတာအိုမျှော်စင်လက်ထဲကနေ ဘယ်လိုများ ကယ်ထုတ်နိုင်ခဲ့တာလဲ..."
စုန်းမိသားစုက အဆင့် (၂) လွတ်လပ်သောမသေမျိုးတစ်ယောက်က မေးလိုက်ပါတယ်။
"စီနီယာ ဒါတွေကို သိဖို့မလိုပါဘူး"
ဖန့်ချန်က ထိုသူကို တစ်ချက်ကြည့်လိုက်ပြီး
"စီနီယာတို့ကို ကယ်တာက ကြုံလို့ပါ ကျွန်တော် တကယ်ကယ်ချင်တာက သျှောင်အဘွားကိုပါ"
လူတိုင်းရဲ့ မျက်နှာထားတွေက ထူးဆန်းသွားကြပါတယ်။
လုံကျင်ချွန်းရဲ့ မျက်လုံးထဲမှာတော့ စိတ်လှုပ်ရှားမှုတွေ ဖြတ်ပြေးသွားပါတယ်။
ဒါဟာ ဓားသခင်္ျိုင်းလှေကား တုန်းက သူ့ရဲ့အဒေါ်ဖြစ်သူဟာ ဒီလူငယ်လေးဘက်ကနေ ရပ်တည်ပေးခဲ့လို့ အခုလို ကောင်းကျိုးပြန်ခံစားရတာပဲလို့ သူတွေးမိလိုက်ပါတယ်။
သျှောင်နတ်နဂါးမလေးဟာ ကြည်နူးစွာနဲ့ ကြည့်နေပါတယ်။
သူမရဲ့ရင်ထဲမှာ သံသယတွေ အများကြီး ရှိနေပေမဲ့လည်း ဖန့်ချန် ကယ်ထုတ်ရတဲ့ အကြောင်းရင်းကို သိပြီးနောက်မှာတော့ ဆက်ပြီး မမေးမြန်းချင်တော့ပါဘူး။
"ကလေး... ဒီနေရာက လုံယွမ် လား၊ ဒါမှမဟုတ် မင်ဟူ လား၊ စစ်ဝေ လား "
စကားပြောနေရင်း သူမက လက်ကို ခပ်ဖွဖွဝေ့ယမ်းလိုက်ပြီး ထိုဗူးသီးကို ဖန့်ချန်ရှေ့သို့ ပို့ပေးလိုက်ပါတယ်။
ဒီဗူးသီးဟာ လူအရှင်တွေကို ထည့်ထားနိုင်ရုံတင်မကဘဲ ဟန်ဆွေနတ်မီးလျှံရဲ့ လောင်ကျွမ်းမှုအောက်မှာတောင် ဘာဒဏ်ရာမှမရတာကို ကြည့်ရင် အတော်လေး အဖိုးတန်တာ သိသာပါတယ်။
ဖန့်ချန်က ဗူးသီးကို သိမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ ခေါင်းခါလိုက်ပါတယ်
"ဒီနေရာက မြေဝက်ဝံ ကြယ် မဟုတ်ပါဘူး"
"မြေဝက်ဝံကြယ် မဟုတ်ဘူးလား"
လူတိုင်း စိတ်လှုပ်ရှားသွားကြပါတယ်။
လုံမျိုးနွယ်ဖြစ်စေ၊ စုန်းမျိုးနွယ်ဖြစ်စေ တည်နေရာ ကူးပြောင်းခြင်း အစီရင် အများအပြားကို ပိုင်ဆိုင်ထားကြပေမဲ့ အဲဒီအစီရင်တွေရဲ့ တစ်ဖက်ခြမ်းကမြေဝက်ဝံကြယ်နဲ့ ယှဉ်ရင် အလွန်ဝေးကွာလှတဲ့ ခေါင်ဖျားအရပ်တွေသာ ဖြစ်ကြပါတယ်။
"ဘာပဲဖြစ်ဖြစ် ညီလေးက ဒီနေ့ ငါတို့ကို အသေခံပြီး ကယ်ထုတ်ပေးခဲ့တာကြောင့် ငါတို့ ဆေးလုံးအဖြစ် အဖော်စပ်ခံရမယ့် ဘဝကနေ လွတ်မြောက်ခဲ့ရပြီ၊ ဒီကျေးဇူးကို ငါတို့ မှတ်ထားပါ့မယ်"
"ဒါပေမဲ့ ငါတို့ အဖမ်းမခံရခင်ကတည်းက ကိုယ်ပေါ်က ပီဖူသဲ တွေကို အသိမ်းခံလိုက်ရတာကြောင့် လောလောဆယ် ကျေးဇူးဆပ်ဖို့ ဘာပစ္စည်းမှ မရှိသေးဘူး ဖြစ်နေတယ်"
စုန်းမျိုးနွယ် လွတ်လပ်သောမသေမျိုးတွေက လက်အုပ်ချီ နှုတ်ဆက်ကြပါတယ်။
"ရှင်တို့ စုန်းမိသားစုမှာ ချောင်ဖုန်းနယ်မြေထဲက နေရာအနှံ့မှာ အစီအစဉ်တွေ အများကြီးရှိနေတာပဲဘာမှမပေးနိုင်ရင်လည်း သူ့ကို ကိုယ်တိုင်သွားယူခိုင်းလိုက်ပေါ့"
သျှောင်နတ်နဂါးမလေးက အေးဆေးစွာ ဆိုပါတယ်။
စုန်းမျိုးနွယ် လွတ်လပ်သောမသေမျိုးတွေက တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး မျက်နှာပျက်သွားကြပါတယ်။
အဲဒီအစီအစဉ်တွေက ဒီလိုအခြေအနေမျိုးအတွက် ပြင်ဆင်ထားတာဖြစ်ပြီး စုန်းမိသားစု နောင်တစ်ချိန် ပြန်လည် ထိုင်မသိမ်းနိုင်ဖို့ ချန်ထားခဲ့တဲ့ မျှော်လင့်ချက်လေးတွေပါ။
တကယ်လို့ ဒီအတိုင်း ပေးလိုက်ရရင် နောင်မှာ စုန်းမိသားစုက ဘယ်လိုလုပ် ပြန်လည် ထိုင်မသိမ်းနိုင်တော့မှာလဲ
"စုန်းမောက်ထျန်း... မင်း ဘယ်လိုပြောမလဲ"
သျှောင်နတ်နဂါးမလေးက စုန်းမိသားစုရဲ့ အဆင့် (၂) လွတ်လပ်သောမသေမျိုးကို လှမ်းကြည့်လိုက်ပါတယ်။
စုန်းမောက်ထျန်းက ခဏလောက် စဉ်းစားပြီးနောက် နှုတ်ခမ်းလေး လှုပ်ရုံနဲ့ ဖန့်ချန်ဆီကို စိတ်ချင်းဆက် စကားအချို့ ပြောလိုက်ပါတယ်။
"ညီလေး... အစီရင်ကို ဖွင့်တဲ့နည်းလမ်းကို ငါ သင်ပေးလိုက်ပြီ၊ အဲဒီမှာ စုန်းမိသားစု စုဆောင်းထားတဲ့ ဝိညာဉ်ပစ္စည်း အချို့ရှိတယ်၊ မင်း စိတ်ကြိုက် ယူသုံးနိုင်တယ်"
စုန်းမောက်ထျန်းက ဆိုပါတယ်။
"စီနီယာ့ကို ကျေးဇူးတင်ပါတယ်"
ဖန့်ချန်က လက်အုပ်ချီ ဂါရဝပြုလိုက်ပါတယ်။
ဒါကတော့ မထင်မှတ်ထားတဲ့ ဝမ်းသာစရာပါပဲ။
စုန်းမိသားစုရဲ့ အခြေခံအင်အားနဲ့ အထူးပြင်ဆင်ထားတဲ့ အရန်အစီအစဉ်ဆိုရင် အထဲမှာ ပစ္စည်းတွေ နည်းမှာမဟုတ်တာ သေချာပါတယ်။
သျှောင်နတ်နဂါးမလေးက ပြုံးလိုက်ပြီး ဟင်းလင်းပြင်ထဲကို လက်နဲ့ လှမ်းဖမ်းလိုက်တဲ့အခါ ရွှေဓာတ်စွမ်းအားတွေနဲ့ စုစည်းထားတဲ့ တံဆိပ်ပြားတစ်ခု ဖြစ်ပေါ်လာပြီး ဖန့်ချန်ဆီကို ပစ်ပေးလိုက်ပါတယ်။
"လုံယွမ် နဂါးအိုကြီးက ငါ့ကို ကျေးဇူးကြွေး တစ်ခု တင်ဖူးတယ်၊ သူ့ရဲ့ စိတ်ဓာတ်ကို ငါသိသလောက်တော့ မင်း အခက်အခဲတွေ့ရင် ဒီတံဆိပ်ကိုယူပြီး သူ့ကိုသွားရှာလို့ရတယ် သူ မင်းကို တစ်ကြိမ် ကူညီလိမ့်မယ်"
"လုံယွမ် နဂါးအိုကြီးလား "
စုန်းမျိုးနွယ် လွတ်လပ်သောမသေမျိုးတွေတင် အံ့ဩသွားတာမဟုတ်ဘဲ လုံကျင်ယောင်တို့အုပ်စုပါ မှင်သက်သွားကြပါတယ်။
ဒီနဂါးအိုကြီးရဲ့ နောက်ခံက မရိုးရှင်းပါဘူး၊ သူဟာ နှစ်ပေါင်းဘယ်လောက်တောင် အသက်ရှင်ခဲ့လဲဆိုတာ မသိရသလို မလှုပ်ရှားတာလည်း ကြာလှပါပြီ၊ ဘယ်သူမှလည်း သူ့ရဲ့အစွမ်းကို မသိကြပါဘူး။
လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ရာတုန်းက နဂါးအိုကြီး တစ်ကြိမ်တည်း လှုပ်ရှားခဲ့တာနဲ့တင် အဆင့် (၃) လွတ်လပ်သောမသေမျိုး နှစ်ယောက်ကို အလဲထိုးခဲ့တယ်ဆိုတာပဲ သိကြပါတယ်။
"အဒေါ်... အဲဒီနဂါးအိုကြီးနဲ့ ရင်းနှီးတယ်ဆိုရင် ကျုပ်တို့ လုံမျိုးနွယ်အတွက် တရားမျှတမှု ရှာပေးဖို့ သူ့ကို သွားတောင်းဆိုလို့ မရဘူးလား "
လုံကျင်ချွန်းက တိုးတိုးလေး မေးပါတယ်။
စုန်းမျိုးနွယ် လွတ်လပ်သောမသေမျိုးတွေကလည်း အလေးအနက် စဉ်းစားနေတဲ့ပုံနဲ့ သျှောင်နတ်နဂါးမလေးကို ကြည့်နေကြပါတယ်။
သျှောင်နတ်နဂါးမလေးက အေးဆေးစွာနဲ့
"နဂါးအိုကြီးက မိစ္ဆာကျင့်ကြံသူ တစ်ယောက်ပဲ၊ ဒီလောက်နှစ်တွေအကြာကြီး မလှုပ်ရှားတာက သူ့ရဲ့ မိုးကြိုးဘေးဒုက္ခ နီးကပ်နေလို့ပဲ သူ့ကို အဆင့် (၃) ဓားကျင့်ကြံသူ နှစ်ယောက်နဲ့ သောင်းတာအိုမျှော်စင်ကလူကို ရင်ဆိုင်ခိုင်းဖို့ဆိုတာ စိတ်ကူးယဉ်နေတာပဲ ဖြစ်လိမ့်မယ်"
သူမ ခဏရပ်လိုက်ပြီး ဖန့်ချန်ကို ကြည့်ကာ
"ကလေး... လုံဝူက အခုထိ သူတို့လက်ထဲမှာပဲလား"
"သူတို့ ဘေးကင်းပါတယ်"
ဖန့်ချန်က ဆိုပါတယ်။
သျှောင်နတ်နဂါးမလေးရဲ့ မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး ခပ်ဖွဖွ ခေါင်းငြိတ်လိုက်ပါတယ်
"ငါ နောက်ပိုင်းမှာ အဆင့် (၃) ကို တက်လှမ်းဖို့ ကြိုးစားကြည့်မယ်၊ တကယ်လို့ အောင်မြင်သွားခဲ့ရင် အဲဒီအချိန်ကျမှ မင်းရဲ့ဗူးသီးကိုသုံးပြီး ငါတို့ကို ချောင်ဖုန်းနယ်မြေဆီ တစ်ခေါက် ပြန်ခေါ်သွားပေးလို့ ရမလား "
"အဖွားက အဆင့်တူ ဓားကျင့်ကြံသူကို ယှဉ်နိုင်ဖို့ အာမခံချက် ရှိလို့လား "
ဖန့်ချန်ရဲ့ အကြည့်တွေက လှုပ်ခတ်သွားပါတယ်။
သျှောင်နတ်နဂါးမလေးရဲ့ မျက်လုံးထဲမှာ မာန်မာနတွေ ဖြတ်ပြေးသွားပါတယ်
"ဓားကျင့်ကြံသူတွေက အားကောင်းတယ်ဆိုပေမဲ့ နဂါးသွေးမျိုးနွယ်စု တွေကလည်း မညံ့ပါဘူး ငါတို့ဆီမှာ စစ်မှန်သောနဂါးသွေး ရှိနေသရွေ့ ငါတို့ရဲ့ တန်ခိုးစွမ်းအားတွေက ဓားကျင့်ကြံသူတွေကို မယှဉ်နိုင်စရာ အကြောင်းမရှိဘူး"
"အဒေါ်... အဆင့် (၃) ကို တက်လှမ်းဖို့ အာမခံချက် ရှိလို့လား ဒါပေမဲ့ ကျုပ်တို့မှာ အခု မသေမျိုးကျောက်တုံး တစ်တုံးတောင် မရှိဘူးလေ..."
လုံကျင်ချွန်းတို့အုပ်စုဟာ အံ့ဩဝမ်းသာ ဖြစ်နေကြပါတယ်။
"ဒီနေရာက ဝိညာဉ်စွမ်းအား မညံ့တာကို ကြည့်ရင် မသေမျိုးကျောက်တုံး တွေ ရှိနိုင်ပါတယ်"
သျှောင်နတ်နဂါးမလေးက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပါတယ်။
စုန်းမျိုးနွယ် လွတ်လပ်သောမသေမျိုးတွေကတော့ ရင်ထဲကနေ မနာလိုဖြစ်နေကြပါတယ်။
လုံမျိုးနွယ်မှာ သျှောင်နတ်နဂါးမလေး ရှိနေသေးပေမဲ့ စုန်းမျိုးနွယ်မှာတော့ သျှောင်နတ်နဂါးမလေးနဲ့ နီးစပ်တဲ့အစွမ်းရှိသူ တစ်ယောက်မှ မရှိတော့ပါဘူး။
နာရီဝက်ခန့် ကြာပြီးနောက်မှာတော့ ဖန့်ချန်ဟာ နှုတ်ဆက်ပြီး ထွက်ခွာခဲ့ကာ ဝါးချွမ်းမြစ်ထဲကို လှမ်းဝင်သွားပါတယ်။
လွတ်လပ်သောမသေမျိုးအားလုံးဟာ ဝါးချွမ်းမြစ်ကို မမြင်ရပါဘူး၊ ဖန့်ချန်ဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ကွယ်သွားတာကိုပဲ မြင်လိုက်ရပါတယ်။
သူတို့ရဲ့ အစွမ်းထက်တဲ့ စိတ်အာရုံတွေနဲ့တောင် ဘာသဲလွန်စမှ ရှာမရသလို ဖန့်ချန်က ဘယ်လို ကိုယ်ယောင်ဖျောက်အတတ်ကို သုံးသွားလဲဆိုတာလည်း လုံးဝ မသိကြပါဘူး
တစ်ဖက်လူက သူတို့ကို သောင်းတာအိုမျှော်စင်ထဲကနေ ဘယ်လိုနည်းလမ်းနဲ့ ကယ်ထုတ်ခဲ့သလဲဆိုတာကို သူတို့ တဖြည်းဖြည်း နားလည်လာကြပါတယ်။
"ဒီကလေးက ကျင့်ကြံခြင်းအဆင့် မမြင့်ပေမဲ့ သူ့ရဲ့ နည်းလမ်းတွေကတော့ အတော်လေးကို ထူးဆန်းတာပဲ၊ သူက ဘယ်ကလဲ"
စုန်းမောက်ထျန်းက တစ်ယောက်တည်း ရေရွတ်နေသလိုနဲ့ သူ့မျက်လုံးတွေက သျှောင်နတ်နဂါးမလေးဆီကို ခဏခဏ ရောက်နေပါတယ်။
"သူ့ရဲ့ ဇာတိဌာနေမှာ ထူးခြားသူ နှစ်ယောက် ထွက်ဖူးတယ်"
သျှောင်နတ်နဂါးမလေးက အေးဆေးစွာ ဆိုပါတယ်။
"ဒါကြောင့်ကိုး..."
စုန်းမောက်ထျန်းတို့အုပ်စု တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
လုံမျိုးနွယ် လက်အောက်ခံ နယ်မြေထဲမှာ ထူးခြားသူတွေ ထွက်ဖူးတယ်ဆိုတာ သူတို့ လုံးဝ မသိခဲ့ပါဘူး။
ထူးခြားသူ ဖြစ်လာနိုင်တဲ့သူဟာ သာမန်လူ မဟုတ်တာ သေချာပါတယ်။
အနည်းဆုံးတော့ သူတို့လို လွတ်လပ်သောမသေမျိုးတွေ၊ နောက်ဆုံး စုန်းမိသားစုက တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ အဆင့် (၃) လွတ်လပ်သောမသေမျိုးတောင်မှ ထူးခြားသူ လမ်းစဉ်အကြောင်းကို အနည်းငယ်သာ သိကြပြီး ထူးခြားသူ ဖြစ်လာနိုင်ဖို့ အခွင့်အရေးလည်း မရှိကြပါဘူး။
...
...
ယင်လောကငယ် ။
ဖန့်ချန်ဟာ အဓိကနေရာမှာ ထိုင်နေပြီး ဘယ်ညာ နှစ်ဖက်စလုံးမှာ ဌာနအသီးသီးက ယင်အရှင် တွေ ထိုင်နေကြပါတယ်။
ယင်စစ်သည်ဌာနရဲ့ ယာယီယင်ရှင် ချိုးကျင် ။
ညကင်းလှည့်အရှင် ကျင်ရွှေ။
နေကင်းလှည့်အရှင် တုယွန်းရွှီ။
ယင်ချောင်စီ ယင်အရှင် ချီထျန်းရန်။
ဘယ်ဘက် အကောက်ခွန်အရာရှိ လျိုရွှမ်။
ညာဘက် အကောက်ခွန်အရာရှိ ကျန်းကောင်း။
တရားသူကြီးဌာန အကြီးကဲ ကျန်းယွီရှုးနဲ့ တရားသူကြီး ဆယ်ပါး။
သံသရာဌာန အရှင် ယိုဖန့်။
အပြင် လမ်းလျှောက်ယင်ဌာန ယာယီအရှင် ရှန်ထူချန်းနဲ့ ဝိညာဉ်ဖမ်းဌာန ယင်အရှင် ။
နန်းတော်အပြင်ဘက်မှာလည်း ဌာနအသီးသီးက အဓိကအရာရှိတွေ ရပ်နေကြပါတယ်။
ဥပမာ မဟာရှမင်းဆက်ရဲ့ စစ်ရေးဝန်ကြီးဟောင်း ရဲ့တုန်းမင် လို လူမျိုးတွေပေါ့။
ပိုင်ချင်းမင်နဲ့ ပိုင်လင်ယွဲ့တို့လည်း အခုအချိန်မှာ လူအုပ်ထဲမှာ ရှိနေကြပါတယ်။
ရှေ့ကလူက တည်ငြိမ်နေပြီး နောက်တစ်ယောက်ကတော့ စိတ်လှုပ်ရှားနေတဲ့ ပုံစံပါ။
သူတို့နှစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က မမြင့်ပါဘူး၊ ဒီနေ့လို အခမ်းအနားမျိုးမှာဆိုရင် သူတို့ဆီက အငွေ့အသက်တွေက အတော်လေး အားနည်းတယ်လို့တောင် ပြောလို့ရပါတယ်။
ဒါပေမဲ့ ဘေးပတ်ဝန်းကျင်ကလူတွေက သူတို့နှစ်ယောက်ကို အထင်မသေးရဲကြပါဘူး။
ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ဟာ ကျန်းယွီရှုးတို့လိုပဲ ထို ဖန့်လူကြီးမင်းရဲ့ တကယ့် လူယုံတော်တွေ ဖြစ်တယ်ဆိုတာ အားလုံး သိနေကြလို့ပါပဲ။
ကျန်းယွီရှုးဟာ သာမန်လူသားဘဝနဲ့ တရားသူကြီးဌာနရဲ့ အရှင်ရာထူးကို ရရှိခဲ့တာဟာ အဖက်ဖက်ကို တုန်လှုပ်သွားစေခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ ဒါဟာ ယင်လောကမှာ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ စည်းကမ်းတွေကို ချိုးဖျက်လိုက်တာ ဖြစ်လို့ပါ။
ဒီလို အရေးပါတဲ့ ရာထူးတွေကို ရှန်ထူချန်းတို့လိုလူတွေက မထိန်းချုပ်နိုင်တော့တာ သိသာပါတယ်။
အဲဒီလိုဆိုရင် သူတို့အတွက်လည်း ရာထူးကြီးကြီး ရနိုင်ဖို့ အခွင့်အရေး ရှိလာပြီပေါ့
နန်းတော်ထဲမှာတော့ ကျင်ရွှေတို့အုပ်စုဟာ ရင်တထိတ်ထိတ် ဖြစ်နေကြပါတယ်။
ဒီ ဖန့်လူကြီးမင်းက လူအားလုံးကို ရုတ်တရက် ခေါ်လိုက်တာ ဘာကိစ္စတွေ ခိုင်းစရာ ရှိလို့လဲဆိုတာ မသိကြလို့ပါပဲ။
အခန်း (၁၀၈၄) ဝိညာဥ်သုတ်သင်ခြင်း ဟု အမည်တွင်စေ
လူတိုင်းက စကားတစ်လုံးမှ မဟရဲကြဘဲ တစ်ယောက်ကိုတစ်ယောက် အကဲခတ်နေကြပြီး၊ ဘယ်ကောင်ကများ စည်းကမ်းဖောက်ပြန်ပြန်လုပ်မိလို့လဲဆိုတာ စိတ်ထဲကနေ ခန့်မှန်းနေကြပါတယ်။
"ချီအရှင်... ယင်ချောင်စီက ဒီရက်ပိုင်း ဘာတွေလုပ်နေလဲ"
ဖန့်ချန်က ရုတ်တရက် မေးလိုက်ပါတယ်။
ချီထျန်းရန်က ကြားတာနဲ့ ရိုသေကိုင်းညွတ်စွာ မတ်တပ်ရပ်ပြီး ဂါရဝပြုလိုက်တယ်
"ဖန့်လူကြီးမင်း... ယင်စစ်သည်ဌာနဟာ ဒီရက်ပိုင်းအတွင်း မြို့ပေါင်း လေးထောင် သုံးရာ နှစ်ဆယ့်ခုနစ်မြို့ကို လွှဲပြောင်းရယူပြီးပါပြီ ရှန်ထူအရှင်က အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပေးလို့သာ အခုလို ချောချောမွေ့မွေ့ ဖြစ်သွားတာပါ"
"နှေးလွန်းတယ် ယင်လောကမှာ မှတ်တမ်းတင်ထားတဲ့ မြို့စုစုပေါင်းက ဘယ်လောက်လဲ"
ဖန့်ချန်က တုယွန်းရွှီကို တစ်ချက်ကြည့်လိုက်ပါတယ်။
တုယွန်းရွှီက တိုးတိုးလေး ပြောပါတယ်
"သုံးသိန်းခြောက်သောင်းကျော်ပါ"
ချီထျန်းရန် မှင်သက်သွားပြီး ခါးသီးစွာ ပြုံးလိုက်တယ်
"ယင်စစ်သည်ဌာနမှာ ခဏတဖြုတ်အတွင်း... ဒီလောက်အထိ များပြားတဲ့ လူအင်အား မရှိသေးလို့ပါ"
"လူအင်အားမရှိရင် နေရာအနှံ့ကနေ ရွေးချယ်ပြီး ဖြည့်စွက် ငါကြည့်ရသလောက်တော့ တချို့ လွင့်မျောနေတဲ့ ဝိညာဉ်တွေက အစွမ်းမမြင့်ပေမဲ့ နည်းလမ်းနဲ့ အရည်အချင်းကတော့ မညံ့ပါဘူး ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းနဲ့ အနိမ့်အမြင့်ကို ခွဲခြားလို့ မရဘူး"
ဖန့်ချန်က ဆိုပါတယ်။
လူတိုင်း မှင်သက်သွားကြပြီး ကျန်းယွီရှုးဆီကို အကြည့်လေးတွေ ပို့လိုက်ကြပါတယ်။
ဒီနေ့ အစည်းအဝေးရဲ့ အဓိကအကြောင်းအရာက ဘာလဲဆိုတာ သူတို့ အနည်းငယ် သဘောပေါက်သွားကြပါပြီ။
"လက်အောက်ခံ အရာရှိ နားလည်ပါပြီ"
ချီထျန်းရန်က ရိုသေစွာ ဆိုပါတယ်။
"မင်းတို့ မြို့ကြီးတွေအားလုံးကို အမြန်ဆုံး ထိန်းချုပ်ဖို့ လိုတယ် ပြီးတော့ အဲဒီမြို့တွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ လူ့လောက နေရာတွေမှာလည်း မြို့စောင့်နတ်ကျောင်း တွေ ဖွင့်ရမယ်"
ဖန့်ချန်က အေးဆေးစွာ ပြောပါတယ်
"လူ့လောကက ကိစ္စတွေဟာ ယင်လောကနဲ့ လုံးဝမပတ်သက်ဘဲ မနေပါဘူး"
"ဒါကတော့... နေကင်းလှည့်အဖွဲ့နဲ့ ညကင်းလှည့်အဖွဲ့ကလွဲရင် ကျန်တဲ့သူတွေက လူ့လောကကို ထွက်သွားလို့ မရကြဘူး..."
ချီထျန်းရန်က တိုးတိုးလေး ပြောပါတယ်။
"ဒါကလည်း ဒီနေ့ အစည်းအဝေးမှာ ပြောမယ့် အချက်ပဲ"
ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး ကျင်ရွှေနဲ့ တုယွန်းရွှီကို တစ်ချက်ကြည့်ကာ
"နောက်ဆိုရင် မင်းတို့ နှစ်ယောက်က ယင်စစ်သည်ဌာန နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်"
"ဒါက..."
ချိုးကျင် ကြောင်သွားပြီး မျက်နှာထားက ထူးဆန်းသွားပါတယ်။
ဒီလိုဆိုရင် ယင်စစ်သည်ဌာနဟာ စစ်စစ်ပေါက်ပေါက် ယင်စစ်သည်ဌာန ဖြစ်သွားပြီး နေကင်းလှည့်၊ ညကင်းလှည့်အဖွဲ့တွေနဲ့ ဘာမှမဆိုင်တော့ဘူးပေါ့
ဒါက သူ့အတွက်တော့ မကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး၊ အနည်းဆုံးတော့ ကိုယ့်ထက် ရာထူးတူ အရာရှိနှစ်ယောက်ကို ရင်ဆိုင်နေစရာ မလိုတော့ဘဲ ယင်စစ်သည်ဌာနမှာ သူကပဲ အာဏာအပြည့်အဝ ရှိတော့မှာ ဖြစ်လို့ပါ။
ချီထျန်းရန် မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် ပြောပါတယ်
"ဒါက သိပ်ကောင်းတာပဲ ဒီနှစ်ယောက်ရဲ့ အကူအညီသာ ရမယ်ဆိုရင် ဌာနရဲ့ နောက်ပိုင်း လှုပ်ရှားမှုတွေက ပိုပြီးတော့ သွက်လက်လာမှာပါ"
"မြို့စောင့်နတ်ကျောင်းတွေ ဖွင့်မယ့်ကိစ္စက... လူ့လောကက အောက်ဆင်းသူ တွေနဲ့ ပူးပေါင်းရမှာလား"
ရှန်ထူချန်းက ရုတ်တရက် မေးလိုက်ပါတယ်။
"ဒါကတော့ သေချာတာပေါ့"
ဖန့်ချန်က ခေါင်းငြိတ်လိုက်ပါတယ်။
ရှန်ထူချန်းက ချီထျန်းရန်ကို ကြည့်ပြီး ပြုံးပြပါတယ်
"ချီအရှင်... လိုအပ်တာရှိရင် ကျုပ်ရဲ့ ဇောင်ယင်းဌာနက ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်"
"ကောင်းပါပြီ၊ ကောင်းပါပြီ"
ချီထျန်းရန်က ပြုံးပြီး ခေါင်းငြိတ်ပါတယ်။
"ဖန့်လူကြီးမင်း... ကျုပ်တို့ ဝိညာဉ်ဖမ်းဌာန ကရော..."
ဝိညာဉ်ဖမ်းဌာနကလူက ခဏလောက် ဝေခွဲမရ ဖြစ်နေပါတယ်။
ဝိညာဉ်ဖမ်းဌာနရဲ့ တာဝန်က လူ့လောကကို သွားပြီး ဝိညာဉ်တွေကို ဝမ်ချွမ်းမြစ်ထဲကို ခေါ်ဆောင်လာဖို့ပါ၊ ဝမ်ချွမ်းမြစ်ရှေ့ ရောက်သွားရင်တော့ မြစ်ကူးနိုင်မနိုင်က သူတို့နဲ့ မဆိုင်တော့ပါဘူး။
ဒါပေမဲ့ အခု ဝိညာဉ်ဖမ်းဌာန လက်အောက်က အရာရှိတွေဟာ လူ့လောကကို သွားခွင့် အာဏာတွေ ဆုံးရှုံးနေတာ ကြာလှပြီ ဖြစ်လို့ နေ့တိုင်း အလုပ်မရှိ အလုပ်ရှာ လုပ်နေရသလိုပါပဲ။
တစ်ခါတလေ ယင်မိစ္ဆာ တွေ ပေါ်လာမှသာ ယင်စစ်သည်ဌာနနဲ့ ပူးပေါင်းပြီး လိုက်နှိမ်နင်းပေးရတာပါ။
"ဝိညာဉ်ဖမ်းဌာန ကိစ္စက မလောပါနဲ့ဦး၊ အရင်ဆုံး နေရာအနှံ့မှာ ဌာနခွဲတွေကို အရင်ဖွင့်ထားလိုက်"
ဖန့်ချန်က ဆိုပါတယ်။
ဝိညာဉ်ဖမ်းဌာန အရှင်က ရင်ထဲမှာ သက်ပြင်းချလိုက်ပြီး ခေါင်းငြိတ်ကာ ဘာမှ ထပ်မပြောတော့ပါဘူး။
အရင်တုန်းက တရားသူကြီးဌာနက အာဏာအကြီးဆုံးဖြစ်ပြီး ယင်စစ်သည်ဌာနက ဒုတိယပါ။
အခုတော့ ယင်ချောင်စီက အာဏာအကြီးဆုံး ဖြစ်လာပြီး ဇောင်ယင်းဌာနက ဒုတိယ ဖြစ်သွားပါပြီ။
ဝိညာဉ်ဖမ်းဌာနရဲ့ အခြေအနေကတော့ အရင်ကထက် နည်းနည်းလေး ပိုကောင်းလာတာကလွဲရင် ထူးထူးခြားခြား ပြောင်းလဲမှု မရှိပါဘူး။
"ငါ ဒီရက်ပိုင်း လူ့လောကမှာ သွားလာရင်း သတင်းတစ်ခု ကြားခဲ့တယ်"
ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး လူတိုင်းကို ကြည့်ကာ
"အားလုံးပဲ နားထောင်ချင်ကြလား"
လူ့လောကမှာ သွားလာတယ်
လူတိုင်း စိတ်ထဲမှာ ခေါင်းငြိမ့်လိုက်ကြပါတယ်။
သတင်းတွေအတိုင်းပဲ ဒီလူကြီးမင်းက အောက် ဆင်းသက်လာတာ သေချာပါတယ်။
"ဖန့်လူကြီးမင်း ပြောပါ ကျုပ်တို့တွေ သေသေချာချာ နားထောင်ပါ့မယ်"
ချီထျန်းရန်က လက်အုပ်ချီ ဆိုပါတယ်။
"ငါကြားတာကတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်း မှာ လွတ်လပ်သောမသေမျိုး အစွမ်းထက်သူတွေ အများကြီး ရှိတယ်၊ သူတို့က ဖူထူနယ်မြေ ကနေတစ်ဆင့် ယင်လောကကို တိုက်ခိုက်ဖို့ ကြိုးစားနေကြတယ်တဲ့"
ဖန့်ချန်က ပြုံးလိုက်ပြီး
"မင်းတို့ရော ဒီအကြောင်း ကြားဖူးကြလား"
လူတိုင်း ထိတ်လန့်သွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
တကယ်တော့ နေကင်းလှည့်အဖွဲ့နဲ့ ညကင်းလှည့်အဖွဲ့ကလွဲရင် ကျန်တဲ့သူတွေက လူ့လောကက ကိစ္စအတော်များများကို မသိကြပါဘူး၊ ဒါမှမဟုတ် စိတ်မဝင်စားကြတာပါ။
ဘယ်လောက်ပဲ အစွမ်းထက်တဲ့ လွတ်လပ်သောမသေမျိုး ဖြစ်ပါစေ၊ သူတို့ရဲ့ သက်တမ်းက ယင်လောက က လူတွေကို မမီပါဘူး။
နှစ်ပေါင်း ထောင်ချီ ကုန်ဆုံးသွားရင် အဲဒီလွတ်လပ်သောမသေမျိုးတွေ သေကုန်ကြပေမဲ့ သူတို့ကတော့ ယင်လောကမှာ ကောင်းကောင်းမွန်မွန် အသက်ရှင်နေနိုင်ပါသေးတယ်။
ဒါပေမဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်လို့တော့ ဒီနေ့ ရောက်နေတဲ့ ယင်အရှင်တွေက အနည်းငယ် သိကြပါတယ်။
ဘာလို့လဲဆိုတော့ ဝိညာဉ်နတ်ဘုရားဂိုဏ်းဟာ အရင်တုန်းက ယင်လောကမှာလည်း အတော်လေး အရှိန်အဝါ ကြီးခဲ့လို့ပါ။
"ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေက ဖူထူကနေတစ်ဆင့် အောက်ဆင်းသူ လုပ်ကြမယ် ဟုတ်လား"
အခုထိ စကားမပြောသေးတဲ့ ယိုဖန့် အရှင်က အကြည့်တွေ လှုပ်ခတ်သွားပြီး မျက်နှာထားက ပိုပြီး အုံ့မှိုင်းသွားပါတယ်
"သူတို့ ဘာလုပ်ချင်နေတာလဲ "
"ဘာလုပ်ချင်ရမှာလဲ တကယ်လို့ ဖူထူကနေ ယင်လောကထဲကို တိုက်ဝင်လာနိုင်ရင် သူတို့က အစားထိုး နေရာယူချင်တာပေါ့"
ရှန်ထူချန်းက နှာခေါင်းရှုံ့လိုက်ပြီး မတ်တပ်ရပ်ကာ လက်အုပ်ချီလိုက်ပါတယ်
"ဖန့်လူကြီးမင်း... ကျုပ်တို့ ဘယ်လို တုံ့ပြန်ရမလဲ"
အစားထိုး နေရာယူချင်တယ်
ဒီမှာရှိတဲ့ ယင်အရှင်တွေအားလုံးရဲ့ မျက်နှာထားတွေ ချက်ချင်း ပြောင်းလဲသွားပါတယ်။
လူ့လောကက ကျင့်ကြံသူတွေက ယင်လောကကိုတောင် လောဘတက်နေကြတာလား
ဒီလောက်နှစ်တွေအကြာကြီးမှာ ယင်လောကဟာ လူ့လောကက ကိစ္စတွေကို ဝင်ရောက်စွက်ဖက်တာ အလွန်နည်းပါးပါတယ်၊ ဒါမှမဟုတ် လုံးဝကို မစွက်ဖက်တာပါ။
တစ်ခါတလေမှသာ အောက်ဆင်းသူတွေကို ခိုင်းစေတာမျိုးပဲ ရှိတာပါ။
လူ့လောကက ကျင့်ကြံသူတွေနဲ့ ရန်ငြိုးအကြီးအကျယ် မရှိခဲ့သလို၊ အရင်တုန်းက ယင်လောကမှာဆိုရင် ရာထူးရှိသူတွေဟာ အောက်ဆင်းသူတွေကြားက ကိစ္စတွေကို ဝင်မစွက်ဖက်ရဘူးဆိုတဲ့ မရေးထားတဲ့ စည်းကမ်းတောင် ရှိခဲ့ပါတယ်။
ဒါတောင်မှ လူ့လောကက ကျင့်ကြံသူတွေက ယင်လောကကို မျက်စိကျနေကြတာလား သူတို့က လူကောင်းပကတိအတိုင်း မနေကြဘဲ ယင်လောကမှာ လာပြီး ပြဿနာရှာချင်ကြတာလား
"နောက်ပိုင်းမှာ လူအချို့ကို စောင့်ကြည့်ဖို့အတွက် နေကင်းလှည့်အဖွဲ့နဲ့ ညကင်းလှည့်အဖွဲ့ကို ငါ လိုအပ်တယ်"
ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပါတယ်။
လူအချို့ကို စောင့်ကြည့်ဖို့
ကျင်ရွှေနဲ့ တုယွန်းရွှီတို့က တိတ်တဆိတ် ခေါင်းငြိတ်လိုက်ကြပါတယ်။ ဒါက မခက်ပါဘူး။
လူ့လောကက ကျင့်ကြံသူတွေထဲမှာ ယင်ယန်မျက်လုံး လိုမျိုး ထူးခြားတဲ့ မျက်လုံးပညာရှိသူ အချို့ကလွဲရင် ကျန်တဲ့သူတွေက ယင်လောကက ဝိညာဉ်တွေကို မမြင်နိုင်ကြပါဘူး၊ စောင့်ကြည့်ဖို့ဆိုတာ သူတို့အတွက် အလွန်လွယ်ကူပါတယ်။
"ဝိညာဉ်နတ်ဘုရားဂိုဏ်းက ပိုအားကောင်းလာလေလေ၊ အခုလက်ရှိ ယင်လောကအတွက် ပိုအန္တရာယ်ရှိလေလေပဲ၊ မင်းတို့လည်း သိတဲ့အတိုင်း မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေကို လူ့လောကနဲ့ သွားယှဉ်ရင် မပြောပလောက်ပါဘူး"
ဖန့်ချန်က ပြုံးပြီး ပြောပါတယ်။
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပါတယ်။
ဝန်မခံချင်ပေမဲ့ ဒါက အမှန်တရားပါပဲ။
ကံကောင်းတာက ယင်လောကက လူ့လောကနဲ့ မတူဘဲ ငရဲမင်း ရဲ့ စည်းကမ်းတွေ ရှိနေတာကြောင့် လူ့လောကက ကျင့်ကြံသူတွေ ဒီနေရာကို အမှန်တကယ် လွှမ်းမိုးဖို့ဆိုတာ မလွယ်ကူပါဘူး။
"ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ လုပ်ရပ်အချို့ကိုလည်း မင်းတို့ ကြားဖူးကြမှာပါ နောက်ပိုင်းမှာ နေကင်းလှည့်အဖွဲ့နဲ့ ညကင်းလှည့်အဖွဲ့က အဓိကအားဖြင့် အဲဒီဘက်ကို စုံစမ်းရမယ် ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေရဲ့ နောက်ကွယ်က အစီအစဉ်တွေကိုသာ အချိန်မီ သိနိုင်မယ်ဆိုရင် သူတို့ရဲ့ အင်အားကို တဖြည်းဖြည်း ချည့်နဲ့သွားအောင် လုပ်နိုင်လိမ့်မယ်"
ဖန့်ချန်က ဆိုပါတယ်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ဘာကြောင့် ယင်လောကထဲမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းရဲ့ အောက်ဆင်းသူတွေကို အကြီးအကျယ် နှိမ်နင်းပြီး ယင်လောကထဲကနေ အကုန်မောင်းထုတ်ခဲ့လဲဆိုတာကို သူတို့ တဖြည်းဖြည်း နားလည်လာကြပါတယ်။
"ဒီကိစ္စက မလွယ်ဘူး အချိန်တိုအတွင်းမှာတော့ ရလဒ်ကောင်းကောင်း မမြင်ရနိုင်ဘူး ဒါပေမဲ့ မင်းတို့သာ အငြိုးအတေးတွေကို ဘေးဖယ်ထားပြီး လက်တွဲလုပ်ဆောင်ကြမယ်ဆိုရင် ငါတို့ရဲ့ အားသာချက်တွေနဲ့ ဝိညာဉ်နတ်ဘုရားဂိုဏ်းကို ခေါင်းကိုက်သွားအောင် လုပ်လို့ရပါတယ်"
ဖန့်ချန်က ခပ်ဖွဖွ ပြုံးလိုက်ပြီး
"ငါ နောက်ထပ် ဌာနတစ်ခု ထပ်ဖွင့်ဖို့ စိတ်ကူးထားတယ် အဲဒီအမည်က ဝိညာဉ်သုတ်သင်ခြင်း ပဲ နောက်ဆိုရင် ဒီဌာနက ယင်ဝိညာဉ်တွေဟာ လူ့လောကကို သွားပြီး ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်လို့ ရလိမ့်မယ်"
လူတိုင်း မှင်သက်သွားကြပါတယ်။
ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူတွေနဲ့ တိုက်ခိုက်မယ်
သူတို့လို ယင်ဝိညာဉ်တွေက ယင်လောကမှာတော့ ပုံသဏ္ဌာန်ရှိတယ်ဆိုပေမဲ့ လူ့လောကကို သွားရင်... အရိပ်အယောင်မရှိတဲ့ အရာတွေ ဖြစ်သွားမှာပါ။
လူ့လောကက ကျင့်ကြံသူတွေကို ဘယ်လိုလုပ် သွားတိုက်ခိုက်နိုင်မှာလဲ
ရှန်ထူချန်းက အကြည့်တွေ လှုပ်ခတ်သွားပြီး ထူးဆန်းတဲ့ မျက်နှာထားနဲ့ ဆိုပါတယ်
"ရှေးဟောင်းကာလတုန်းက... ယင်လောကက ဝိညာဉ်တွေဟာ လူ့လောကက ကိစ္စတွေကို အမှန်တကယ် လွှမ်းမိုးနိုင်ခဲ့တယ်လို့ သတင်းစကားတွေ ရှိခဲ့ဖူးတယ် အဲဒီတုန်းက ကျုပ်တို့လိုလူတွေဟာ လူ့လောကက ကျင့်ကြံသူတွေနဲ့အတူ လူ့လောကမှာတင် ထိုင်ပြီး တရားဆွေးနွေးနိုင်ခဲ့ကြတယ်တဲ့"
လူတိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရင်ထဲမှာ အံ့ဩတုန်လှုပ်သွားကြပေမဲ့ မျက်လုံးတွေကတော့ အကြောင်းပြချက်မရှိဘဲ တောက်ပလာပါတော့တယ်။